ကျောတစ်ခင်းစာအတွက် ဗီလာတစ်လုံး
Vol. 29 Ch. 289
“ ဘာလို့ဆို သူတို့တွေ နိုင်ငံထဲမှာ မရှိကြလို့ပဲ ….”
“ မင်းရဲ့ ဖုန်းဆင်းကဒ်က နိုင်ငံခြားအထိ ခေါ်လို့ရတဲ့ ဝန်ဆောင်မှုမျိုး ရှိပုံမရဘူး ….”
ချန်ယွီ့၏ စကားနှစ်ခွန်းက [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ ဦးနှောက်အတွေးလှိုင်းများကို ခေတ္တခဏ ပြတ်တောက်သွားစေခဲ့သည်။
သူ့မိဘတွေရဲ့ ဖုန်းက ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတာ နိုင်ငံထဲ ရှိမနေလို့ပေါ့ …
အချိန်ကို ရေတွက်ကြည့်မယ်ဆိုရင် သူ့မိဘတွေက ဒီနှစ်ထဲမှာ အသက်ငါးဆယ်ကျော်နေပြီလေ …
အသက်ကြီးတဲ့ လူနှစ်ယောက်က ဘာကိစ္စ အကြောင်းပြချက် မရှိ နိုင်ငံခြား သွားရမှာလဲ …
တကယ်လို့ သူမှတ်မိသာ မှန်မယ်ဆိုရင် သူ့မိဘတွေက အလယ်တန်းပညာရေးအထိပဲ သင်ခဲ့ရတာပါ ….
ကျောင်းပြီးတာနဲ့ ချက်ချင်းပဲ ပေါင်မုန့် စက်ရုံမှာ အလုပ်ဝင်လုပ်ပြီး နိုင်ငံခြားဘာသာစကား တစ်ခုခု တတ်မြောက်တယ်ရယ်လို့လည်း မကြားမိပါဘူး …
ဧကန္တ … ခရီးသွားအုပ်စုနဲ့ နိုင်ငံခြားသွားပြီး အပန်းဖြေနေတာများလား …
အဲ့တာဆိုရင်တော့ ဖြစ်နိုင်ချေရှိတယ် ။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများက အသက်ငါးဆယ်ကျော်ပြီး အနားယူရမယ့် အရွယ်ကို ရောက်နေလေပြီ။
“ ငါ နောက်တစ်လ စောင့်လိုက်မယ် ….”
“ ဘာပဲဆိုဆို ဒီလောက်နှစ်တွေအကြာကြီး သူတောင်းစား ဖြစ်လာခဲ့တာ တစ်လလေးလောက်နဲ့ ဘာမှ ဖြစ်မသွားပါဘူး ….”
သူ့မိဘများကို မကြာခင် တွေ့နိုင်တော့မည် ဖြစ်ကြောင်း သေချာသွားတော့ မြက်ခင်းပင် လဲလျောင်းပစ်လိုက်ပြီး လွတ်လပ်သည့် လေထု အငွေ့အသက်ကို အားပါးတရ ရှူရှိုက်နေတော့သည်။
“ ဒေါက်တာချန် … ငါ့ မိဘတွေက ဘယ်နိုင်ငံကို ခရီးထွက်သွားခဲ့တာလဲတဲ့ …..”
စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မရှိသဖြင့် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မျက်နှာထက်တွင် တစ်ခါမျှ မရှိခဲ့ဖူးသည့် အပြုံးပန်းများ ဝေဆာလို့နေသည်။
သူက အရင်ဆုံး သူ့မိဘများ ဘယ်နိုင်ငံကို ခရီးသွားနေလဲနှင့် ဒီနှစ်တွေထဲ သူတို့၏ အခြေအနေများကို မေးမြန်းသည်။
ဘာတစ်ခုမျှ မသိထားသည့် အခြေအနေနှင့် သူ ပြန်မသွားချင်ပေ။
“ အမေရိကန် … ၊ ဒါပေမယ့် အလည်အပတ်ခရီးတော့ မဟုတ်ဘူး … ဆေးသွားကုတာ ….”
“ ဟမ် ….”
“ မင်းပြောတော့ဖြင့် ငါ့အဖေရဲ့ ကင်ဆာကို ဆေးခန်းတစ်ခုက ကုသပေးနိုင်မယ်ဆို ….” [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က ရှော့ခ်ရစွာဖြင့် မေးမြန်းလိုက်၏။
“ သူတို့က ဆေးကုဖို့အတွက်နဲ့ အမေရိကားအထိ ဘာလို့ သွားနေမှာလဲ ….”
“ ငါပြောခဲ့တာ ဟုတ်တယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် ပြည်တွင်းဆေးခန်းတစ်ခုက သူ့ကို ကုပေးနိုင်တယ်လို့တော့ မပြောခဲ့မိပါဘူး ….”
“ နိုင်ငံခြားက ဆေးခန်းတစ်ခုလား ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ခေါင်းကုတ်ရင်း ရှုပ်ထွေးသွားခဲ့၏။
ဒီနှစ်ထဲ ကမ္ဘာကြီးက အများကြီးကို ပြောင်းလဲသွားခဲ့တော့တာပဲ …
အရင်တုန်းကတော့ ကြည့်ရှုသူတွေ ထင်ထားတာ အသက်ကြီးတဲ့ တိုင်ရင်းဆေး သမားတော်ကြီး တစ်ဦးက သူ့အဖေရဲ့ ရောဂါကို ကုသပေးနိုင်မယ်ပေါ့ …
အဲ့တာက အတော်လေး ယုတ္တိရှိတယ် …
ဘာပဲဆိုဆို ဆေးခန်းတွေမှာက အဆင့်မြင့်တဲ့ စစ်ဆေးရေး ကိရိယာတွေ ပိုင်ဆိုင်တာ မဟုတ်ဘူးလေ …
တိုင်ရင်းဆေးတစ်မျိုးတည်းကပဲ အဆင့်မြင့်တဲ့ ဆေးကိရိယာတွေ မရှိဘဲ ကင်ဆာကို ကုသပေးနိုင်မှာကိုး ….
“ ဘာလို့ မဖြစ်နိုင်မှာ ….”
“ ဒါပေမယ့် ဒီဆေးခန်းကလည်း ဆေးခန်းတစ်ခုတော့ မဟုတ်ဘူး …” ချန်ယွီ့ ပခုံးတွန့်ပြလိုက်ပြီး “ သူ့ကို ဆေးခန်းလို့ခေါ်တာက နာမည်ကြောင့်ပဲ …..”
“ တကယ့်နာမည်က Mayo Clinic Health System …”
“ မင်းအဖေက ကင်ဆာကို အဲ့မှာသွားကုနေတာ …..”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် အံ့အားတကြီး ဖြစ်သွားခဲ့သည်။
တစ်ခုခု မှားယွင်းနေသည်ကို သူ ခံစားလိုက်ရ၏။
“ ဒါဆို ဆေးရုံမဟုတ်ဘူးလား … နာမည်က ဘာလို့ အဲ့လောက်တောင် ထူးဆန်းနေရတာ ….”
ဆေးခန်းဆိုလည်း ဆေးခန်းပေါ့ … ဆေးရုံဆိုလည်း ဆေးရုံပေါ့ … ဘာကို ဆေးခန်း ကျန်းမာရေးစနစ်တုန်းဟ ….
“ အောင်မယ်လေး ဘုရားရေ … အစ်ကိုကြီး …. မင်းရဲ့ မိဘတွေက သာမန်လူမဟုတ်ဘူးပဲ ….”
“ ဟားဟား … ငါ ရယ်သေတော့မယ် … ဆိုတော့ အဲ့ဒီ ဆေးခန်းကိုး …. သူတို့က ကင်ဆာကုတဲ့နေရာမှာတော့ တကယ်တော်တယ် ….”
“ အစ်ကိုကြီး … မနက်ဖြန် ငါမင်းကို လာကြိုပေးမယ် … ငါ့အိမ်မှာ တစ်လလောက် လာနေပါလား …. နောက်တော့မှပဲ အန်ကယ်နဲ့ အန်တီကို နေထိုင်စားသောက်စားရိတ် နည်းနည်းလေးပဲ တောင်းမှာပါ ….”
“ ညီကို … ကံတရားက မင်းကို တကယ်ကြီး ကျီစယ်နေတာပဲ ….”
“ သူက ဝရမ်းပြေး မဟုတ်ဘူးကွ … ငယ်ငယ်တုန်းက အိမ်ကနေ ထွက်ပြေးသွားတဲ့ သခင်လေးပဲ ….”
“ ဒီဆေးခန်းက သာမန်ဆေးခန်းမဟုတ်ဘူး …”
“ တကယ်လို့ မင်းအိမ်က ပထမတန်းစားမြို့မှာ အိမ်မပိုင်ထားဘူး… ၊ ချမ်းသာတဲ့ ဆွေမျိုးတွေလည်း မရှိဘူးဆိုရင် အနာဂတ်ကျ ဟိုးအမြင့်ကို တက်နိုင်ချေ ငါးဆယ်ရာခိုင်နှုန်း ရှိတယ် ….”
ကွန်းမန့်ခန်းအတွင်း များပြားလှသည့် ကွန်းမန့်တို့ တစ်ဟုန်ထိုး တက်လာသည်။ လူအများအပြားမှာလည်း ဗိုက်နာသည်အထိ ရယ်မောနေမိခဲ့ကြ၏။
ရဲအရာရှိများပင် မရယ်မောဘဲ မနေနိုင်ကြချေ။
ကွန်းမန့်ခန်းထဲရှိ ကွန်းမန့်များက [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]ကို သူ့မိဘများ ဘယ်သွားခဲ့လဲဆိုတာ နားလည်အောင် ရှင်းမပြနိုင်ခဲ့ချေ။ ထိုအစား သူ့ကို ပိုလို့ပင် ခေါင်းရှုပ်သွားခဲ့စေသည်။
“ ငါ့ကို မစနောက်ကြပါနဲ့ ကျေးဇူးပြုပြီး … ငါ ဒီ ဆယ့်နှစ်နှစ်လုံး ပြေးလွှားနေခဲ့တာ အပြင်ကမ္ဘာမှာ ဘာတွေဖြစ်နေလဲလည်း မသိလို့ပါ ….”
“ ဖုန်းရပြီးလို့ လူ့အဖွဲ့အစည်းအကြောင်း နည်းနည်းပါးပါး နားလည်တာတောင် မကြာသေးဘူး ….”
လူတိုင်းက သူ့ကို စနောက်နေသည်ဟု ယူဆကာ အလေးအနက် မထားခဲ့ပေ။ သူ ရှုပ်ထွေးနေကြောင်းကို ကြည့်ရှုသူများထံ အမှန်အတိုင်းပဲ ပြောပြလိုက်၏
“ ကောင်းပြီ ….” ချန်ယွီ့ လည်ချောင်းရှင်း၍ “ လူနာ .. ငါ မင်းကို ရှင်းပြပေးမယ် ….”
“ Mayo Clinic ဆိုတာ အမေရိကားမှာ ရှိတဲ့ ကြီးမားကျယ်ပြန့်တဲ့ ဆေးကုစင်တာကြီးတစ်ခုလို့ မြင်ယောင်ကြည့်လိုက် ….”
“ ကမ္ဘာ့နံပါတ်တစ် ဆေးရုံဆိုလည်း မမှားဘူး …”
“ ဒီလောက်ဆို နားလည်နိုင်ပြီမလား ….”
“ အာ ……”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် မသိစိတ်အလျောက် ခေါင်းညိတ်ရင်း မေးမြန်းလိုက်၏။ “ ကမ္ဘာ့နံပါတ်တစ် ဆေးရုံဆိုမှတော့ ဆေးကုသစရိတ်က အတော်လေး ဈေးကြီးမယ်မလား ဒေါက်တာချန် …”
“ နည်းနည်းတော့ ဈေးကြီးတာပေါ့ ….”
ချန်ယွီ့ ခါးသက်သည့် အပြုံးဖြင့် ဆိုလိုက်သည်။
“ နည်းနည်းမဟုတ်ဘူးကွ … အများကြီး ကြီးတာ ….”
“ Mayo Clinic က အမြတ်မယူတဲ့ ဆေးရုံဆိုပေမယ့် ဒေါ်လာတောင်းတယ် … အမေရိကန် နိုင်ငံသားတွေကတော့ သူတို့မှာ ကျန်းမာရေးအာမခံရှိတော့ ဈေးမကြီးဘူး ပြောလို့ရတယ် … ဒါပေမယ့် နိုင်ငံခြားသားတွေအတွက်ကတော့ ဆေးကုသစရိတ်က အီစိမ့်နေမှာ ….”
“ ဘာပဲဆိုဆို သူတို့က ဆေးရုံတွေရဲ့ စံချိန်စံနှုန်းနဲ့ ဂိုက်လိုင်းတွေကို ချမှတ်ပေးခဲ့တဲ့ လူတွေပဲလေ ….”
“ ကင်ဆာရောဂါ ရှိနေတဲ့ ငါ့အမျိုးတစ်ယောက်ဆို ယွမ်သုံးသိန်း ယူသွားပြီး Mayo Clinic မှာ ဆေးသွားကုတာ စစ်ဆေးခ တစ်ခုတည်းတင် သူ ယူသွားတဲ့ ငွေတွေ အကုန်ပြောင်သွားပါတယ်ဆို ….”
“ အဲ့တာ ပုံမှန်ပါပဲ …. ကမ္ဘာ့နံပါတ်တစ် ဆေးရုံကြီးဆိုမှတော့ ဈေးကြီးမှာ ထုံးစံပဲလေ … ဒါပေမယ့် အဲ့ဒီက နည်းပညာနဲ့ သုတေသနတွေကလည်း အကောင်းဆုံးပဲ ….”
“ ဟိုမှာက ကတ်စတန်မာတွေကို ဘုရားသခင်လိုပဲ ဆက်ဆံကြတာကွ … လိုတာတွေ အကုန်လုံး ဖြေရှင်းပေးတယ် ….”
“ အင်း … ကိုယ့်မှာ ငွေသာ အလုံအလောက် ရှိမယ်ဆိုရင်ပေါ့ ….”
“ Mayo Clinic မှာလည်း အပ်စိုက်သမားတော် မရှိဘူးလို့ ပြောမရဘူးလေ ….”
“ သူတို့တွေက အဆင့်သတ်မှတ်ချက် အတုတွေ ဖန်တီးပြီး နာမည်ကြီးအောင်လုပ်ရင်း မားကတ်တင်း ချဲ့ထွင်နေတာပဲ … ငါကတော့ တိုင်းရင်းဆေးဆရာဝန်တွေကိုပဲ ယုံကြည်တယ် …”
“ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့မယ် … မင်းမှာ ငွေရှိသရွေ့ လက်ရှိ လူသားတွေ လုပ်နိုင်တဲ့ ဆေးဝါးကုသမှုတွေ အကုန်လုံးကို ငွေပေးဝယ်လို့ရတယ်ကွာ ….”
အမေရိကန်သို့ ရောက်နေကြသည့် ကြည့်ရှုသူများနှင့် ဆေးဝါးနယ်ပယ်တွင် အလုပ်လုပ်ကိုင်နေကြသူများက Mayo Clinic ၏ မူလအစနှင့် ၎င်း၏ ဝိသေသလက္ခဏာရပ်များအကြောင်း အသေးစိတ် ရှင်းပြနေကြသည်။
“ ဘယ်လို ….” [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် အံ့အားသင့်သွားခဲ့ပြီး “ ဒါက ဆေးခန်းပေါ့ ဟုတ်လား ….”
“ အင်း … တကယ်လည်း ပုဂ္ဂလိက ဆေးခန်းတစ်ခု ဟုတ်ခဲ့တယ် ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်သည်။
“ ဒါကြောင့်မို့လည်း လူတော်တော်များများက သူတို့ နှုတ်ကျိုးနေကြတဲ့ အရင် နာမည်အဟောင်းပဲ ဆက်ခေါ်နေကြတာလေ ….”
“ ဒေါက်တာချန် …” [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က ဆက်ပြီး မေးလာခဲ့သည်။ “ ကြည့်ရှုသူတွေ အများကြီးက ဒီရဲ့ ဆေးခန်းအကြောင်း ပြောပြထားတာ မြင်တယ် … ဒီဆေးရုံရဲ့ ကုသမှုတွေက အတော်လေး ဈေးကြီးတယ်မလား …..”
“ ငါ့မိဘတွေက သာမန်လူတွေပါ … သူတို့မှာ အဲ့ကိုသွားပြီး ဆေးကုဖို့ ဘယ်နားက ပိုက်ဆံရှိနိုင်မှာလဲ …”
“ ငါ့အိမ်ဆိုတာကလည်း အစိုးရက ပေးထားတဲ့ လူမှုဖူလုံရေးအိမ် … ဘယ်လောက်မှ တန်တာ မဟုတ်ဘူး ….”
ဤမေးခွန်းကိုကြားတော့ ကွန်းမန့်ခန်းထဲ မေးခွန်းသင်္ကေတ အမြောက်အများ ထွက်ပေါ်လာသည်။
သူတို့တွေ အနောက်တိုင်းဆေးပညာနှင့် အရှေ့တိုင်းဆေးပညာ၊ မည်သူက ပိုပြီး အင်အားကြီးမားလဲဆိုတာကို ငြင်းခုန်ဖို့ အာရုံမရကြတော့ဘဲ ထိုအစား [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများက Mayo Clinic သို့ ဆေးသွားကုန်နိုင်မည့် ပိုက်ဆံအများကြီးကို မည်သို့ရခဲ့သလဲဆိုတာ စပြီး ဆွေးနွေးနေကြတော့သည်။
ကုတင်တစ်လုံးအတွက် ဗီလာတစ်လုံး ၊
ထိုစကားက Mayo Clinic သို့ သွားဖူးသူတိုင်း ပြောလေ့ရှိကြသည့် လက်သုံးစကားတစ်ခွန်းပင်။
အကယ်၍ တစ်စုံတစ်ယောက်က ကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး Mayo Clinic သို့ သွား၍ ဆေးကုသချင်သည်ဆိုပါက ပထမတန်းစား မြို့တစ်မြို့ရှိ ဗီလာတစ်လုံးကို အရင် ရောင်းသွားဖို့လိုသည်။ ထိုမှပဲ ဆေးခန်းတွင် ဆေးကုသနိုင်မည့် ကုတင်တစ်လုံးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သည်။
“ ဒါတွေ အကုန်လုံးက မင်းကြောင့်ပဲ ….”
“ မင်းက ကိုယ့်ကိုယ်ကို လူသတ်သမားဆိုပြီး ထင်ယောင်ထင်မှား ဖြစ်နေခဲ့တယ် ….” ချန်ယွီ့ လေးနက်စွာ ပြောဆိုလိုက်ပြီး “ မင်းရဲ့ ဆယ့်နှစ်နှစ်တာ ဝရမ်းပြေး ခရီးစဉ်ကို စတင်လိုက်ကတည်းက မင်းကိုယ်မင်း လူမကျ၊ တစ္ဆေမကျ ဘဝမျိုး ဖြစ်အောင် လုပ်ခဲ့တယ် …”
“ အရင် ဆယ့်နှစ်နှစ်က မင်းမိဘတွေရဲ့ ဘဝအနာဂတ်ကလည်း မင်းကြောင့်မို့ ပြောင်းလဲသွားခဲ့ရတယ် ….”
“ သာမန် အလုပ်သမားဘဝကနေ ဘီလီယမ်နာတွေ ဖြစ်တဲ့အထိ ….”
“ သူတို့ရဲ့ လက်ရှိ ပိုင်ဆိုင်မှုက ယွမ် နှစ်ဘီလီယမ်ကျော်တယ် ….”
“ နောင်ကျရင် အဲ့ထက်ပိုများလာဦးမယ့် အလားအလာတွေလည်း ရှိတယ် ….”
“ အဟွတ် အဟွတ် အဟွတ် …. “
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် မနားတမ်း ချောင်းဆိုးမိသွားခဲ့ပြီး ကိုယ့်တံတွေးကိုယ်နင်၍ သေလုမြောပါး ဖြစ်သွားခဲ့ရသည်။
သူ ဆယ့်နှစ်နှစ်ကျော် မမြင်တွေ့ခဲ့ရသည့် သူ၏ မိဘများက ယခု ဘီလီယမ်နာများ ဖြစ်နေသည်တဲ့လော ….။
ချန်ယွီ့ သူ့ကို လာနောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်…
ဆယ်နှစ်အတွင်း ဒီလောက်ထိ ကျိကျိတက် ချမ်းသာသွားရလောက်အောင် သူ့မိဘတွေက ဘယ်လိုအလုပ်မျိုးတွေ လုပ်လိုက်လို့လဲ …