အခန်း (၄၃၈-၄၃၉)
Vol. 41 Ch. 438-439
အခန်း ၄၃၈ - အတ္တကင်းစင်သော ဓားနက်
မိုချန်းကောင်းကင်ဘုံအရှင်သည် ပြင်းထန်စွာ အော်ဟစ်ပြီးနောက် အပြင်ဘက်၌ ရပ်စောင့်နေလေသည်။
သူမ၏ ယုံကြည်မှုမှာ သူမ၏ နောက်ခံဖြစ်သော တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ လာခြင်းဖြစ်၏။
သူမ၏ အစီအစဉ်အရ ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံမှ ကောင်းကင်ဘုံနေရာယူအဆင့်ယန်နတ်ဘုရားတစ်ဦးဦး မကြာမီ ထွက်လာပြီး သူမနှင့် ညှိနှိုင်းပေလိမ့်မည်။
သူမအနေဖြင့် မည်မျှအထိ လျော်ကြေးထုတ်ယူနိုင်မလဲဆိုသည်မှာ သူမ၏ စကားပြောစွမ်းရည်အပေါ်၌သာ လုံးဝ မူတည်နေ၏။
တစ်ချိန်တည်းမှာပင် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံအတွင်း၌ ကျင့်ကြံသူများစွာမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီး အခြေအနေကို ဆွေးနွေးနေကြသည်။
"စီနီယာအစ်ကို သွေးဝတ်စုံက... မိုနာကို သတ်လိုက်တာလား.."
"တစ္ဆေစိုးမိုးကောင်းကင်ဘုံက မိုနာကိုလား.."
"စီနီယာအစ်ကို သွေးဝတ်စုံက တကယ်ပဲ အစွမ်းထက်တာပဲ.."
"မိုနာဆိုတာ တစ္ဆေစိုးမိုးကောင်းကင်ဘုံရဲ့ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်လေ.. စီနီယာအစ်ကို နှင်းခဲဓားနဲ့တောင် အကြိမ်ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပြီး နှစ်ယောက်စလုံး အပြန်အလှန် နိုင်ဖူးကြတာ.."
"ဒါဆို စီနီယာအစ်ကိုသွေးဝတ်စုံက မိုနာကိုတောင် သတ်နိုင်ခဲ့တယ်ဆိုရင် သူ့ရဲ့အစွမ်းက စီနီယာအစ်ကို နှင်းခဲဓားထက် သာနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ.. ကောလာဟလတွေက အမှန်ပဲဖြစ်ရမယ်.. ဘိုးဘေးက တကယ်ပဲ စီနီယာအစ်ကို သွေးဝတ်စုံကို တစ်ယောက်နဲ့ ယှဉ်ခိုင်းဖို့ ကြံစည်နေတာပဲ.."
အချို့သော ကျင့်ကြံသူများမှာ ထိုစကား၏ ဆိုလိုရင်းကို နားလည်သွားကြပြီး လေးနက်သော မျက်နှာပေးများ ဖြစ်သွားကြ၏။
၎င်းမှာ ကောင်းသောကိစ္စလား၊ ဆိုးသောကိစ္စလား ဆိုသည်ကိုတော့ သူတို့ မသိကြပေ။
ဝန်ခံရလျှင် သူတို့သည် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၌ ဓားနက်ကို အနိုင်ယူနိုင်မည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ပေါ်ထွက်လာရန်တော့ မျှော်လင့်နေကြလေသည်။
ကျင့်ကြံသူအားလုံးသည် ထင်ကြေးအမျိုးမျိုးပေးရင်းမှ ကောင်းကင်ယံသို့ မော့ကြည့်နေကြပြီး အခြေအနေများ မည်သို့ဖြစ်လာမည်ကို သိချင်နေကြ၏။
ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်သခင် တစ်ဦးသည် သူတို့၏ တံခါးဝသို့ လာရောက်ရန်မှာ မကြာခဏ ဖြစ်လေ့ရှိသော ကိစ္စမဟုတ်ပေ။
နှစ်ပေါင်း တစ်သောင်းမှာ တစ်ကြိမ်ခန့်သာ ဖြစ်နိုင်လေသည်။
ထို့ပြင် ထိုသို့ဖြစ်လာလျှင်ပင် များသောအားဖြင့် မဟူရာချောက်ကမ်းပါး၏ အခြားနယ်မြေများ၌သာ ဖြစ်လေ့ရှိပြီး ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၌ ဖြစ်လေ့မရှိပေ။
ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သော အသံကြီးတစ်ခုမှာ ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားလေသည်။
"ဘယ်လို လမ်းဘေးခွေးက ငါ့အိမ်ရှေ့မှာ လာဟောင်နေတာလဲ.."
ထိုအသံနှင့်အတူ ရွှေရောင်လက်ဝါးကြီးတစ်ခုသည် ကောင်းကင်အပြင်ဘက်၌ ပေါ်လာ၏။
ထိုကြီးမားလှသော လက်ဝါးကြီးမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပုံရပြီး မြင့်မြတ်လှသော နတ်ဘုရားအရှိန်အဝါများ ထွက်ပေါ်နေလေသည်။
ထိုလက်ဝါးကြီး ပေါ်လာသည့်အချိန်တွင် မိုချန်း ကောင်းကင်ဘုံအရှင်သည် ထိတ်လန့်မှုကို ခံစားလိုက်ရ၏။
"ဒါက... မူလသဘောတရားနယ်ပယ်လား.."
သူမ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားလေသည်။
သူမသည် လျော်ကြေးအချို့ တောင်းဆိုရန်သာ လာခဲ့ခြင်းဖြစ်သော်လည်း ဤမျှ ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းသော မူလသဘောတရားနယ်ပယ် ကျင့်ကြံသူတစ်ဦးကို မည်သို့ ဆွပေးလိုက်မိသနည်း။
"စီနီယာ.. စီနီယာက ကျွန်မကို တိုက်ခိုက်မယ်ဆိုရင် တစ္ဆေစိုးမိုးကောင်းကင်ဘုံနဲ့ မဟူရာချောက်ကမ်းပါးကြားမှာ စစ်ပွဲဖြစ်အောင် ဖန်တီးချင်တာလား.."
မိုချန်း ကောင်းကင်ဘုံအရှင်က ကြောက်လန့်တကြား တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။
ထိုကြောက်မက်ဖွယ်ကောင်းသော လက်ဝါးကြီးက သူမအား လုံးဝကို အားကိုးရာမဲ့သလို ခံစားရစေလေသည်။
သူမအနေဖြင့် ထွက်ပြေးရန်ပင် မဖြစ်နိုင်တော့ကြောင်း ခံစားနေရ၏။
အဆိုးဆုံးမှာ သူမသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားနေရခြင်းပင် ။ သူမ တကယ်ကို ကြောက်လန့်နေပြီ ဖြစ်၏။
"ငါ အခု စိတ်အခြေအနေ မကောင်းဘူး.. အဲဒါကြောင့် စိတ်ထွက်ပေါက်တစ်ခု လိုနေတာ.. နင်က အချိန်ကိုက် ရောက်လာတာပဲ.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ အသံမှာ နတ်ဘုရားတစ်ဦးကဲ့သို့ ပဲ့တင်ထပ်လာလေသည်။
သွေးပုံဖော် အလင်းပွင့်ဆေးလုံးထဲမှ သူ၏ ဝေစုကို အဖယ်ရှားခံလိုက်ရသဖြင့် သူသည် စိတ်အခြေအနေ မကောင်းဖြစ်နေခြင်းပင်။
ယခုအခါ ဤကဲ့သို့သော မလောက်လေးမလောက်စား လူငယ်လေးတစ်ဦးသည် သူ၏ တံခါးဝသို့ ရောက်လာသဖြင့် သူမမှာ သူ၏ ဒေါသကို ဖြေဖျောက်ရန်အတွက် အကောင်းဆုံးနေရာ ဖြစ်လာလေသည်။
သူမသည် တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ ယန်နတ်ဘုရား တစ်ဦးဖြစ်သော်လည်း ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက မည်သည့်အချိန်တွင် ကြောက်ဖူးသနည်း။
သူ စကားပြောပြီးသည်နှင့် ကြီးမားလှသော ရွှေရောင်လက်ဝါးကြီးမှာ မိုချန်း ကောင်းကင်ဘုံအရှင်ထံသို့ ကျဆင်းလာလေသည်။
"မလုပ်ပါနဲ့.."
မိုချန်း ကောင်းကင်ဘုံအရှင်သည် သူမထံသို့ ကျဆင်းလာသော ကြီးမားလှသော အန္တရာယ်ကို ခံစားလိုက်ရ၏။
သူမသည် သူမ၏ ကြယ်တာရာခန္ဓာကိုယ် ကို အသက်သွင်းလိုက်ရာ ကြယ်တာရာနယ်ပယ် ရှိ ကြယ်များမှာ တောက်ပလာလေသည်။
သူမ ထွက်ပြေးရန် ကြိုးစားလိုက်ခြင်းပင်။
သို့သော်...
သူမ၏ ကြယ်တာရာခန္ဓာကိုယ်အား အသုံးမပြုနိုင်ဘဲ သူမ၏ ခန္ဓာကိုယ်အတွင်း၌ပင် ပိတ်ဆို့ခံလိုက်ရလေသည်။
အပြင်သို့ ကြည့်လိုက်ရာ ရွှေရောင်လက်ဝါးကြီးက သူမကို တစ်နေရာတည်း၌ ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရ၏။
ကျယ်ပြောလှသော ကြယ်တာရာနယ်ပယ်အတွင်းမှာပင် ကြီးမားလှသော ရွှေရောင်လက်ဝါးကြီးတစ်ခုမှာ မည်သည့်နေရာမှန်းမသိ ပေါ်လာပြီး သူမ၏ အလင်းရောင်များ ကျရောက်နေသော ကြယ်များကို မြဲမြံစွာ ဆုပ်ကိုင်ထားလေသည်။
"နင် မလုပ်နိုင်ပါဘူး..."
မိုချန်း ကောင်းကင်ဘုံအရှင်၏ အသံမှာ နာကျင်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ဖြင့် ပြည့်နှက်နေလေသည်။ သူမသည် အရူးတစ်ယောက်နှင့် တွေ့ဆုံခဲ့မိကြောင်း သိလိုက်ရပြီ ဖြစ်၏။
သူမသည် ကောင်းကင်ဘုံနေရာယူအဆင့်ယန်နတ်ဘုရား သက်သက်သာဖြစ်ပြီး သူမနှင့် မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား တို့အကြား ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်လေသည်။
"မိန်းမတွေ နားပူနားဆာလုပ်တဲ့အသံကို ငါ မကြားချင်ဘူး.. အဲဒါက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်.."
စကားဆုံးသည်နှင့် ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ လက်ဝါးကြီးမှာ ဆုပ်ကိုင်လိုက်လေသည်။
ချက်ချင်းပင် မိုချန်း ကောင်းကင်ဘုံအရှင်၏ မပျက်စီးနိုင်သော ယန်နတ်ဘုရားခန္ဓာကိုယ်မှာ လက်ဝါးကြီးအတွင်း၌ ကြေမွသွားတော့၏။
ကြယ်တာရာနယ်ပယ်အတွင်း၌ ရွှေရောင်လက်ဝါးကြီးက ပို၍ တင်းကျပ်စွာ ညှစ်လိုက်ရာ မိုချန်း ကောင်းကင်ဘုံအရှင်၏ ကြယ်တာရာပုံရိပ်မှာ ချက်ချင်းပင် ပျက်စီးသွားပြီး ကောင်းကင်တစ်ခုလုံး၌ ကြယ်မှုန်များအဖြစ် လွင့်စင်သွားလေသည်။
ယန်နတ်ဘုရား တစ်ဦး၏ ကျဆုံးမှုမှာ လျင်မြန်လွန်းလှသဖြင့် မည်သူမျှ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံရှိ ကျင့်ကြံသူများနှင့် ယန်နတ်ဘုရားများ အားလုံးမှာ ကြောက်ရွံ့ထိတ်လန့်လျက် မှင်တက်နေကြလေသည်။
ကျိယွမ်သည် ကောင်းကင်ယံကို ကြည့်ကာ မျက်လုံးများကို မှေးထားလိုက်၏။ သူ၏ စိတ်ထဲ၌ လှုပ်ရှားမှုများ ဖြစ်ပေါ်လာလေသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ.. ငါ ပိုပြီး သန်မာလာလေလေ မူလသဘောတရားနယ်ပယ်က ပိုပြီး ကြောက်စရာကောင်းမှန်း သိလာလေလေပဲ.."
ကျိယွမ်သည် စိတ်ဝိညာဥ်လေးထောင်နှင့် ပေါင်းစပ်ထားသော်လည်း ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး ယခုပြုလုပ်ခဲ့သည်ကို သူ မလုပ်နိုင်သေးပေ။
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးသည် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံအတွင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း သူ၏ လက်ဝါးမှာ ကြယ်တာရာနယ်ပယ်၌ တစ်ပြိုင်နက် ပေါ်လာပြီး မိုချန်း ကောင်းကင်ဘုံအရှင်၏ ကြယ်တာရာပုံရိပ်ကိုပါ တိုက်ရိုက် ချေမွပစ်လိုက်ခြင်း ဖြစ်လေသည်။
ထိုသို့သော နည်းလမ်းများမှာ ကျိယွမ်၏ လက်ရှိစွမ်းရည်များထက် အများကြီး သာလွန်နေ၏။
"သာမန် မူလသဘောတရားနယ်ပယ် ကျင့်ကြံသူတွေတောင် ဒီလောက် သန်မာနေရင် ထိုက်ဟွမ်နန်းတော် က တစ်ယောက်က ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ.."
ကျိယွမ်က စဉ်းစားနေရင်း အရေးပေါ်လိုအပ်ချက်ကို ပိုမိုခံစားလာရလေသည်။
သူ၏ စကားကို ကြားသောအခါ အန်ရွှန်းလုက မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်၏။
"မူလသဘောတရားနယ်ပယ်က ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မပြောခင် ယန်နတ်ဘုရား နယ်ပယ်ကို အရင်ရောက်အောင် လုပ်ဦး.."
အန်ရွှန်းလုသည် နွားချိုမမ ပြောခဲ့သလိုပင် အတော်လေး စကားများသူ ဖြစ်ပြီး လျာစပ်သူဖြစ်လေသည်။
သို့သော် လက်ရှိတွင် ကျိယွမ်က သူမကို ပြန်ပြောရန် စိတ်မဝင်စားပေ။
သူမသည် တန်းတူညီမျှမှု ဆိုသည့် အယူအဆကိုပင် နားမလည်သူ ဖြစ်၏။ သူမနှင့် စကားပြောရသည်မှာ နွားကို စောင်းတီးပြနေရသလိုပင်။
သူသည် ခရမ်းရောင်ကံကြမ္မာ ရှောင်လုဘက်သို့ လှည့်လိုက်ရာ ပိုမို သက်တောင့်သက်သာ ရှိသွားလေသည်။
"ဘိုးဘေးက အဲဒီယန်နတ်ဘုရားကို သတ်လိုက်တာ ပြဿနာဖြစ်နိုင်မလား.."
ကျိယွမ်က မေးလိုက်၏။
မည်သို့ပင်ဖြစ်စေ တစ္ဆေစိုးမိုးကောင်းကင်ဘုံသည် ယန်နတ်ဘုရား တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။
အင်အားအရ ကြည့်လျှင် တစ္ဆေစိုးမိုးကောင်းကင်ဘုံသည် မဟူရာချောက်ကမ်းပါးထက် သိသိသာသာအားမနည်းပါ။
"ပြဿနာ မရှိနိုင်ပါဘူး.. ရှိခဲ့ရင်တောင် ကျွန်မတို့ကို ထိခိုက်မှာ မဟုတ်ဘူး.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ခန့်မှန်းလိုက်၏။
"ဘိုးဘေးက လှုပ်ရှားခဲ့တယ်ဆိုကတည်းက သူ့မှာ အကြောင်းပြချက် ရှိမှာပါ.. ဖြစ်နိုင်တာက မဟူရာချောက်ကမ်းပါးက တစ္ဆေစိုးမိုးကောင်းကင်ဘုံကို အကြီးအကျယ် တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်မှာ.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ ကျိုးကြောင်းပြချက်မှာ ကျိယွမ်အတွက် လက်ခံနိုင်စရာ ဖြစ်နေလေသည်။
မူလသဘောတရားနယ်ပယ် ကျင့်ကြံသူတစ်ဦး လှုပ်ရှားလျှင် မည်သည့်အခါမျှ အကြောင်းပြချက်မရှိဘဲ မလုပ်ပေ။
သို့သော် ထိုအချိန်တွင် ကျိယွမ်သည် သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တင်းကျပ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
အန်ရွှန်းလုနှင့် ခရမ်းရောင်ကံကြမ္မာ ရှောင်လုတို့၏ ပတ်ဝန်းကျင်၌ အချိန်မှာ ရပ်တန့်သွားပုံရလေသည်။
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး ရောက်လာပြီဖြစ်ကြောင်း သူ သိလိုက်၏။
မျှော်လင့်ထားသည့်အတိုင်းပင် ရင်းနှီးနေသော အသံမှာ ထပ်မံ ထွက်ပေါ်လာလေသည်။
"အကြောင်းပြချက် ဟုတ်လား.. ဘာအဓိပ္ပာယ်မရှိတာတွေလဲ.. ငါ အခုတလော စိတ်အခြေအနေ မကောင်းလို့လေ.. အဲဒီမိန်းမက ငါ့အိမ်ရှေ့မှာ လာအော်နေတာက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေလို့ပဲ.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ အသံမှာ တည်ငြိမ်နေလေသည်။
ထိုယန်နတ်ဘုရားကို သတ်လိုက်ခြင်းဖြင့် သူ၏ စိတ်ပျက်မှုများကို အတော်ပင် ပြေလျော့သွားစေပုံရ၏။
သို့သော် ကျိယွမ်ကတော့ ဆွံ့အသွားလေသည်။
ဒါက... စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုတစ်ခုလား။
သူ မေးလိုက်ချင်သည်မှာ "ခင်ဗျားက နှစ်ပေါင်း သန်းချီ၊ ဒါမှမဟုတ် သန်းပေါင်းများစွာ ကျင့်ကြံလာပြီးမှ နောက်ဆုံးမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကိုတောင် မထိန်းချုပ်နိုင်တော့တာလား" ဟူ၍ ဖြစ်၏။
"မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရားတွေက လောကီရေးရာတွေကို စိတ်မဝင်စားဘဲ တည်ငြိမ်အေးဆေးနေလိမ့်မယ်လို့ မင်ထင်နေတာလား.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ အသံမှာ အနည်းငယ် မြင့်တက်လာလေသည်။
"ငါတို့ ကျင့်ကြံသူတွေက မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းပြီး ကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်နေတာတွေက လွတ်လပ်မှုနဲ့ ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့အတွက်ပဲလေ.. တကယ်လို့ ငါတို့ကိုယ်ငါတို့ ခံစားချက်မရှိတဲ့ လမ်းစဉ်တစ်ခုလိုမျိုး ပြောင်းလဲပစ်လိုက်မယ်ဆိုရင် အဲဒါက အရမ်း ပျင်းစရာကောင်းမနေဘူးလား.."
ကျိယွမ်က ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ရာ သူ၏ စကားများမှာ မှန်ကန်နေကြောင်း တွေ့လိုက်ရ၏။
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်က ဘာလဲ။
ကြီးမားသော လွတ်လပ်မှုနှင့် ပျော်ရွှင်မှုကို ရရှိရန်အတွက် မဟုတ်ပါလား။
အကယ်၍ ကျင့်ကြံသူတစ်ဦးက သူ၏ စိတ်ခံစားချက်များကိုပင် မဖော်ပြနိုင်ဘဲ အမြဲတမ်း ဖိနှိပ်ထားရမည်ဆိုလျှင် အလွန်ပင် မွန်းကြပ်စရာ ကောင်းနေပေလိမ့်မည်။
"ငါ အဲဒီမိန်းမကို သတ်လိုက်တာက မဟူရာချောက်ကမ်းပါးအတွက်တော့ သေးငယ်တဲ့ ကိစ္စပဲ.. ဒါပေမဲ့ မင်းအတွက်တော့ အချိန်အနည်းငယ်လောက် ပုန်းနေဖို့ ငါ အကြံပေးချင်တယ်.."
"တစ္ဆေစိုးမိုးကောင်းကင်ဘုံက ကျင့်ကြံသူတွေက နည်းနည်းတော့ ရူးနေကြတယ်.. သူတို့က လက်စားချေဖို့ ကြိုးစားကြမှာဖြစ်လို့ မင်းက သူတို့ရဲ့ ပစ်မှတ် ဖြစ်လာနိုင်တယ်.."
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ.."
ကျိယွမ်က ထိုအကြံပေးချက်ကို မှတ်သားထားလိုက်၏။
သူ ထိုစကားကို နားထောင်မလား၊ မနားထောင်ဘူးလား ဆိုသည်မှာမူ သူ၏ စိတ်အခြေအနေအပေါ်၌သာ မူတည်လေသည်။
ထို့နောက် ဟင်းလင်းပြင်ပုံပျက်နေမှုများ ပျောက်ကွယ်သွားပြီး ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ အရှိန်အဝါများ မှေးမှိန်သွားသည်နှင့် အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
အန်ရွှန်းလုက ကျိယွမ်ကို စိတ်အနှောင့်အယှက်ဖြစ်သော အမူအရာဖြင့် ကြည့်လိုက်၏။
"နင် အားလား.."
"ဘာဖြစ်လို့လဲ.."
ကျိယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"စီနီယာအစ်ကိုကြီး ဓားနက်က နင့်ကို တွေ့ချင်နေတယ်.."
အန်ရွှန်းလုက မကျေမနပ်ဖြင့် ပြန်ပြောလေသည်။
"ဪ.. ဒါဆို သူ့ကို ဒီကိုပဲ လာခဲ့ခိုင်းလိုက်လေ.. ငါ အခု အရမ်းအလုပ်ရှုပ်နေတာ.. ဘိုးဘေးသွေးအတတ်ပညာ ကို လေ့ကျင့်ဖို့ အာရုံစိုက်နေရတယ်.. ဘာပဲဖြစ်ဖြစ် ငါက တစ္ဆေစိုးမိုးကောင်းကင်ဘုံကို ဒေါသထွက်အောင် လုပ်ထားမိတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ စွမ်းအားကို မြှင့်တင်ရဦးမယ်လေ.."
ကျိယွမ်က သဘာဝကျကျ ပြောလိုက်၏။
အန်ရွှန်းလုမှာ ဆွံ့အသွားလေသည်။
သူက တကယ်ပဲ ကျင့်ကြံပြီး တစ္ဆေစိုးမိုးကောင်းကင်ဘုံက ယန်နတ်ဘုရားတွေကို အနိုင်ယူနိုင်တဲ့အထိ စွမ်းအားတွေကို အချိန်တိုအတွင်း မြှင့်တင်နိုင်မှာတဲ့လား။
သို့သော် ကျိယွမ်က သူမအား ငြင်းခုံရန် အချိန်မပေးဘဲ ခရမ်းရောင်ကံကြမ္မာ ရှောင်လုနှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
အန်ရွှန်းလုသည် ဒေါသတကြီးဖြင့် ရပ်ကျန်ခဲ့၏။
"သူက ဘယ်လိုတောင် စီနီယာအစ်ကိုကြီး ဓားနက်ကို ငြင်းရဲရတာလဲ.. တခြားလူတွေဆိုရင် သူ့ကို တွေ့ခွင့်ရဖို့တောင် မဖြစ်နိုင်လောက်အောင် ခက်ခဲတာလေ.."
အခြားရွေးချယ်စရာ မရှိသဖြင့် အန်ရွှန်းလုသည် အခြေအနေကို ဓားနက်အား တင်ပြရန်အတွက် မဟူရာချောက်ကမ်းပါးသို့ ပြန်သွားခဲ့လေသည်။
.............
မဟူရာချောက်ကမ်းပါး၌ ဖြစ်၏။
အဆုံးမဲ့သော ပင်လယ်နက် အလယ်၌ ဓားနက်သည် ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းကဲ့သို့ ကြော့ရှင်းစွာ ရပ်နေလေသည်။
သူက ဓားကို တစ်ချက်တည်း ဆွဲထုတ်လိုက်ရုံဖြင့် ကောင်းကင်နှင့် မြေကြီးမှာ တုန်ခါသွား၏။
အသက်ရှုကြိမ် ဒါဇင်အနည်းငယ်အကြာတွင် ပင်လယ်နက်မှာ နောက်ဆုံး၌ ပြန်လည် တည်ငြိမ်သွားလေသည်။
ဓားနက်ကို ကြည့်နေသော မူလသဘောတရား ယန်နတ်ဘုရား တစ်ဦးက သူ၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုနှင့် ချီးကျူးမှုများ ပေါ်လာလေသည်။
"ဓားနက်.. မင်းရဲ့ အစွမ်းက ဆက်ပြီး တိုးတက်နေတာပဲ.. ငါသာ ငါ့ရဲ့ မူလသဘောတရား စွမ်းအားတွေကို အသုံးမပြုဘူးဆိုရင် အသက်ရှုကြိမ် တစ်ရာအတွင်းမှာ မင်းကို အနိုင်ယူဖို့ ခဲယဉ်းလိမ့်မယ်.."
၎င်းမှာ စစ်မှန်သောအသိအမှတ်ပြုမှုတစ်ခု ဖြစ်လေသည်။ ဓားနက်သည် ကောင်းကင်ဘုံနေရာယူအဆင့်ယန်နတ်ဘုရား သက်သက်သာ ရှိသေးသည် မဟုတ်ပါလား။
မူလသဘောတရား ယန်နတ်ဘုရားအနေဖြင့် သူ၏ စွမ်းအားများကို အသုံးမပြုဘဲ အနိုင်ယူရန်အတွက် အသက်ရှုကြိမ် တစ်ရာ လိုအပ်သည်ဆိုခြင်းမှာ ဓားနက် မည်မျှအထိ ခရီးရောက်နေပြီလဲဆိုသည်ကို ဖော်ပြနေခြင်းပင်။
အမှန်စင်စစ် ယန်နတ်ဘုရားသည် ဓားနက်က သူ၏ အစွမ်းကို ထိမ်ချန်ထားသည်ဟုပင် သံသယဝင်နေမိ၏။
"ဒါက မလုံလောက်သေးပါဘူး.."
ဓားနက်က တည်ငြိမ်စွာ ပြောလိုက်သည်။
"မဟူရာချောက်ကမ်းပါးအတွင်းက ကွဲပြားမှုတွေက ပိုပြီး ကျယ်ပြန့်လာနေပြီ.. ငါ့ရဲ့ အစွမ်းကို မြန်မြန် မြှင့်တင်ဖို့ လိုအပ်တယ်.. မဟုတ်ရင် လင်းယာအသွင်ကူးပြောင်းခြင်း စတင်တဲ့အခါ မဟူရာချောက်ကမ်းပါးက ကပ်ဘေးနဲ့ ကြုံတွေ့ရလိမ့်မယ်.."
မူလသဘောတရား ယန်နတ်ဘုရား၏ မျက်နှာမှာ ပြောင်းလဲသွား၏။
"ဓားနက်.. မင်း အတော်လေး ကြိုးစားနေတာပဲ.."
လင်းယာအသွင်ကူးပြောင်းခြင်း နှင့် ပတ်သက်၍မူ မူလသဘောတရား ယန်နတ်ဘုရားအနေဖြင့် သူ ဝင်ရောက်စွက်ဖက်၍ မရနိုင်ကြောင်း သိပါ၏။ ကွာခြားချက်မှာ ကြီးမားလွန်းလှလေသည်။
"ငါက မဟူရာချောက်နက်ဘိုးဘေးနဲ့ သွေးချင်း တော်စပ်တာလေ.. မဟူရာချောက်ကမ်းပါးက ငါ့အိမ်ပဲ.. အဲဒါကို ကာကွယ်ဖို့နဲ့ ငါ့ရဲ့ ရဲဘော်တွေကို စောင့်ရှောက်ဖို့က ငါ့ရဲ့ တာဝန်ပဲ.."
ဓားနက်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
မူလသဘောတရား ယန်နတ်ဘုရားသည် သူ့ကို အလွန်ပင် လေးစားမိသွားလေသည်။ ဓားနက်သည် လုံးဝ စိတ်ရင်းမှန်ဖြင့် ပြောနေခြင်းဖြစ်ကြောင်း သူ သိ၏။
မဟူရာချောက်ကမ်းပါးမှ သတ္တဝါများသည် သူတို့၏ သွေးမျိုးဆက်များကြောင့် အတ္တကြီးပြီး သွေးဆာတတ်ကြသည်မှာ အားလုံး သိထားကြ၏။
သို့သော် ဓားနက်မှာမူ မဟူရာချောက်နက်ဘိုးဘေးနှင့် သွေးချင်း တော်စပ်သော်လည်း သူတော်စင်တစ်ဦးကဲ့သို့ စင်ကြယ်နေလေသည်။
ဓားနက်အနေဖြင့် မူလသဘောတရားနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် သူသည် မဟူရာချောက်ကမ်းပါး၏ စစ်မှန်သောခေါင်းဆောင် ဖြစ်လာမှာ အသေအချာပင်။
မဟူရာချောက်ကမ်းပါးအတွင်း နှစ်ရှည်လများ ဖြစ်ပွားနေသော ကွဲပြားမှုများမှာ နောက်ဆုံးတွင် အဆုံးသတ်သွားပေလိမ့်မည်။
ထိုအချိန်တွင် ဓားနက်သည် သူ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြား မှတစ်ဆင့် သတင်းစကားတစ်ခု လက်ခံရရှိလိုက်လေသည်။
သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲမသွားပါ။
"စီနီယာအစ်ကို.. ကျွန်တော့်မှာ လုပ်စရာကိစ္စအချို့ ရှိနေလို့.. ကျွန်တော့်ကို ခွင့်ပြုပါဦး.."
ထိုစကားများနှင့်အတူ ဓားနက်သည် ပျောက်ကွယ်သွားတော့၏။
ခဏအကြာတွင် သူသည် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၌ ပြန်လည် ပေါ်လာလေသည်။
အခန်းအတွင်း၌ ကျိယွမ်သည် သက်သောင့်သက်သာဖြင့် လဲလျောင်းနေပြီး အပြင်ဘက်ရှိ ဓားနက်၏ ပုံရိပ်ကို လှမ်းကြည့်နေ၏။
သူက သဘောကျသလို ရယ်မောကာ စကားစလိုက်သည်။
"မင်း ငါ့ကို တွေ့ချင်တယ်ဆိုရင်လည်း ဒီနေ့လိုမျိုး အစောကြီး လာခဲ့သင့်တာပေါ့.. သနားစရာကောင်းတဲ့ အန်ရွှန်းလုခမျာ သူမရဲ့ ကြီးမားလှတဲ့... ဝန်ထုပ်ဝန်ပိုးတွေနဲ့အတူ အသွားအပြန် လုပ်နေရတာ.."
ဓားနက်၏ မျက်နှာကတော့ တည်ငြိမ်နေပြီး မည်သည့်စိတ်ခံစားချက်မှ မပေါ်ပေ။
"သွေးဝတ်စုံ.. ဒါက မဟူရာချောက်ကမ်းပါးက အကြီးအကဲ ရှစ်ဦး ဖော်စပ်ထားတဲ့ သွေးပုံဖော် အလင်းပွင့်ဆေးလုံး ပဲ.."
သူက ဆက်ပြောလိုက်သည်။
"အရင်ကတော့ အဲဒီဆေးလုံးရဲ့ လေးပုံတစ်ပုံက တတိယနဲ့ ဆဋ္ဌမမြောက် အကြီးအကဲတွေက မင်းအတွက် သတ်မှတ်ပေးထားတာ.. ဒါပေမဲ့ ပထမမြောက် အကြီးအကဲက ငါ့အတွက် ယူလိုက်တယ်.. အခုတော့ ငါ အဲဒီဝေစုကို မင်းကို ပြန်ပေးတာ.."
စကားပြောနေရင်း ဓားနက်က ကျိယွမ်အား ဆေးပုလင်းတစ်လုံး ကမ်းပေးလိုက်၏။
ကျိယွမ်က ထိုပုလင်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
ဓားနက်က အခြေအနေကို အသေးစိတ် ရှင်းပြလေသည်။
"မင်းက အတော်လေး ရက်ရောတာပဲ.."
ကျိယွမ်သည် လူများကို ချီးကျူးလေ့ရှိသူ မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ ချီးကျူးလိုက်မိ၏။
ဓားနက်သည် သွေးပုံဖော် အလင်းပွင့်ဆေးလုံးကို သူ့အား စိတ်ရင်းမှန်ဖြင့် ပေးနေခြင်းဖြစ်ပြီး မျက်နှာလိုမျက်နှာရ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သူ သိလိုက်ရသည်။
၎င်းမှာ ပထမမြောက် အကြီးအကဲက လူဆိုးလုပ်ပြီး ဓားနက်က သူ့အပေါ် ကျေးဇူးတင်လာအောင် လူကောင်းလုပ်နေသည့် အခြေအနေမျိုးလည်း မဟုတ်ပေ။
"ပထမမြောက် အကြီးအကဲရဲ့ လုပ်ဆောင်ချက်တွေက မဟူရာချောက်ကမ်းပါးရဲ့ အကျိုးအတွက်ပဲ.. မင်းဘက်က ဘာမှ ဆုံးရှုံးမှု မရှိတဲ့အတွက် ဒါကို ဒီအတိုင်းပဲ ထားလိုက်မယ်လို့ ငါ မျှော်လင့်ပါတယ်.."
ဓားနက်က ထပ်လောင်းပြောကြား၏။
"လင်းယာအသွင်ကူးပြောင်းခြင်း နီးကပ်နေပြီ.. မင်း အမြန်ဆုံး အောင်မြင်မှုရပြီး မင်းနေရာကို ခိုင်မြဲအောင် လုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်.."
"ဘယ်သူမှ ငါ့ကို လာမနှောင့်ယှက်သရွေ့ ငါလည်း သူတို့ကို သွားမနှောင့်ယှက်ပါဘူး.."
ကျိယွမ်က ပျင်းရိစွာ ပြန်ပြောလိုက်၏။
"ငါ ဒီသွေးပုံဖော် အလင်းပွင့်ဆေးလုံးကို ယူထားလိုက်မယ်၊ ပြီးတော့ ဒီကျေးဇူးကိုလည်း မှတ်ထားမယ်.. ငါ သန်မာလာတဲ့အခါ မင်းရဲ့နောက်ကွယ်ကနေ ငါ ရှိနေပေးမှာပါ.."
ဓားနက်က အသာအယာ ပြုံးလိုက်သော်လည်း မည်သည့်စကားမှ ပြန်မပြောပါ။
ကျိယွမ်က မိုနာကို သတ်လိုက်သည်ကို သူ ကြားသိခဲ့ရသော်လည်း သူသည် ကျိယွမ်အား စစ်မှန်သော ပြိုင်ဘက်တစ်ဦးအဖြစ် မယူဆသေးပေ။
သူ၏ ပြိုင်ဘက်များမှာ သူနှင့် ရွယ်တူများ မဟုတ်သလို သာမန် မူလသဘောတရား ကျင့်ကြံသူများလည်း မဟုတ်ပေ။
သူ၏ ရန်သူများမှာ ယန်နတ်ဘုရား နယ်ပယ်၏ အဆင့်မြင့်ဆုံး အမှန်တရားများကို ကျွမ်းကျင်ပိုင်နိုင်ထားသူများသာ ဖြစ်လေသည်။
"သွေးပုံဖော် အလင်းပွင့်ဆေးလုံးကို မူလသဘောတရားနံရံ ရှေ့မှာ သောက်လိုက်ပါ.. အဲဒါက ပိုပြီး ထိရောက်လိမ့်မယ်.."
ဓားနက်သည် နောက်ဆုံး အကြံပေးချက်ကို ပေးပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။
..........
အခန်း ၄၃၉ - ဆယ့်တစ်လွှာနှင့် မဟာမူလသဘောတရားနယ်ပယ်၏ အဆင့်အတန်းများ
ဓားနက်မရှိတော့သည်နှင့် ကျိယွမ်၏ အကြည့်မှာ ကြွေပုလင်းလေးပေါ်သို့ ကျရောက်သွားသည်။
[သွေးပုံဖော် အလင်းပွင့်ဆေးလုံး။ သောက်သုံးလိုက်ပါက ထိုးထွင်းသိမြင်မှုအား ခေတ္တမြှင့်တင်ပေးနိုင်ပြီး သွေးမျိုးဆက်ကို အားကောင်းစေနိုင်သည်။ ချို့ယွင်းချက်အချို့ရှိ၏။ ၎င်းတို့ကို ပြုပြင်လိုက်ပါက... အာနိသင်ကို သုံးဆအထိ တိုးပွားစေနိုင်မည်။]
ဤအချက်အလက်ကို မြင်သောအခါ ကျိယွမ်၏ မျက်နှာအမူအယာက လေးနက်သွား၏။
"ဒါက ပစ္စည်းကောင်းပဲ။ ငါ့ဦးနှောက်က အခုတလော သိပ်အလုပ်မလုပ်သလို ဖြစ်နေတာနဲ့ အတော်ပဲ။ နွားချိုမမနဲ့ စကားများတာတောင် ငါ မနိုင်ဘူးဖြစ်နေတာ။"
"ငါ မူလသဘောတရားဆွေးနွေးပွဲညီလာခံ ကို ရောက်တဲ့အခါ ဒီဆေးလုံးကို သောက်လိုက်ရင် ငါ သေချာပေါက် ပိုပြီး ဉာဏ်ကောင်းလာမှာပဲ။"
သူ၏ ထိုးထွင်းသိမြင်မှုကို မြှင့်တင်ပြီး သွေးမျိုးဆက်ကို အားကောင်းစေကာ စိတ်ကို ခေတ္တထက်မြက်စေခြင်းမှာ အမှန်တကယ်ပင် ကောင်းသောကိစ္စဖြစ်၏။
"ဒါပေမဲ့... ဒီဆေးလုံးကို ပိုပြီး ကောင်းအောင် လုပ်လို့ရသေးတယ်..."
ဆေးလုံးကို ကြည့်နေရင်းမှ ကျိယွမ်သည် သူ၏ စိတ်ဝိညာဥ်များ ထဲမှ တစ်ခုကို ဆေးဖော်စပ်ရန်အတွက် လွှဲပြောင်းပေးလိုက်ရန် ဆုံးဖြတ်လိုက်လေသည်။
ထို့နောက် သူ၏ အကြည့်မှာ မိုနာထံမှ သူကောက်ယူခဲ့သော ဝိညာဉ်တစ်သောင်းတံခွန် ပေါ်သို့ ကျရောက်သွား၏။
"ဒီတံခွန်က သဘာဝတရားကို ဆန့်ကျင်နေတာပဲ၊ ဒါပေမဲ့... သူ့ရဲ့ အယူအဆကတော့ အတော်လေး ဆန်းသစ်တယ်။"
ကျိယွမ်သည် ထိုတံခွန်ကို လေ့လာလိုက်ရာ ၎င်း၏အတွင်း၌ များစွာသောအရာများကို မြင်တွေ့လိုက်ရ၏။
ဝိညာဉ်တံခွန်သည် တံခွန်အားကောင်းစေရန် သက်ရှိသတ္တဝါများ၏ ဝိညာဉ်များကို စုဆောင်းရန် လိုအပ်လေသည်။ တံခွန်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်၏။
"ငါသာ အဲဒီလိုမျိုး တစ်ခုခုကို ဖော်စပ်လိုက်ပြီး... လူသားဧကရာဇ်တံခွန် လို့ ခေါ်ရင် ဘယ်လိုနေမလဲ.."
ကျိယွမ်က ဆန်းသစ်စွာ တွေးခေါ်လိုက်သည်။
မကြာသေးမီက သူသည် ဖန်ဆင်းရှင်ရတနာတစ်ခုကို ဖော်စပ်ရန် စဉ်းစားနေခဲ့ခြင်း ဖြစ်၏။
ကျိယွမ်သည် ဖန်ဆင်းရှင်ရတနာများအကြောင်းကို အချိန်အတော်ကြာအောင် လေ့လာထားခဲ့ပြီးလေပြီ။
ထိုရတနာများကို အမျိုးအစားများစွာ ခွဲခြားထား၏။ အသုံးချမှုအမျိုးအစားနှင့် တိုက်ခိုက်ရေးအမျိုးအစားဟူ၍ ဖြစ်သည်။
မူလသဘောတရားတံခါး၊ မူလသဘောတရားနံရံ၊မိုလိုရေတွင်း နှင့် ဗုဒ္ဓတိုင်းပြည် ကဲ့သို့သော အရာများမှာ အသုံးချမှုအမျိုးအစားထဲ၌ ပါဝင်လေသည်။
သို့သော် တိုက်ခိုက်ရေးအမျိုးအစား ဖန်ဆင်းရှင်ရတနာများမှာမူ အလွန်ပင် ရှားပါးလှ၏။
တိုက်ခိုက်ရေးအမျိုးအစား ရတနာ အများအပြားမှာ လူလုပ်ပြုပြင်ထားခြင်း သို့မဟုတ် သန့်စင်ထားခြင်းများ ဖြစ်သည်။
ကောင်းကင်ဘုံနေရာယူအဆင့် ယန်နတ်ဘုရားတစ်ဦးအတွက် တိုက်ခိုက်ရေးအမျိုးအစား ဖန်ဆင်းရှင်ရတနာ တစ်ခု ပိုင်ဆိုင်ထားခြင်းက သူ၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်လေသည်။
သို့သော် ကျိယွမ်သည် စိတ်ကူးကြည့်ရုံသာ ဖြစ်၏။
တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာ တစ်ခုကို ပြုပြင်ရန် သို့မဟုတ် သန့်စင်ရန်မှာ ရိုးရှင်းသော ကိစ္စမဟုတ်ပေ။
၎င်းမှာ မဟာမူလသဘောတရားအဆင့် ပညာရှင်တစ်ဦး ဖြစ်ရန် လိုအပ်သလို ကြီးမားသော ကံတရားနှင့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများလည်း လိုအပ်လေသည်။
"အခုလောလောဆယ်တော့ ငါ့ရဲ့ ကျင့်စဉ်ကို မြှင့်တင်ဖို့ ဘိုးဘေးသွေးအတတ်ပညာ ကိုပဲ ဆက်ပြီး လေ့ကျင့်သင့်တယ်။"
မူလသဘောတရားဆွေးနွေးပွဲညီလာခံက စတင်တော့မည်ဖြစ်သဖြင့် ကျိယွမ်အနေဖြင့် သူ၏ စွမ်းအားကို အရေးပေါ် မြှင့်တင်ရန် လိုအပ်နေခြင်း ဖြစ်၏။
အကယ်၍ သူသည် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိဘဲ အစွမ်းထက်သော ရန်သူနှင့် တွေ့ဆုံခဲ့လျှင် ကြီးမားသော ပြဿနာနှင့် ကြုံတွေ့ရပေလိမ့်မည်။
ဤသို့တွေးကာ ကျိယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်ကံကြမ္မာ ရှောင်လုက သူ့အတွက် စုဆောင်းပေးထားသော ဘိုးဘေးသွေး ဝိညာဉ်ရေစင် မှာ ထွက်ပေါ်လာလေသည်။
၎င်းမှာ သွေးကဲ့သို့ တောက်ပသော အနီရောင်ရှိပြီး သံနံ့ခပ်သဲ့သဲ့ ထွက်ပေါ်နေ၏။
ကျိယွမ်၏နှာခေါင်းက အလိုလိုရှုံ့သွားတော့သည်။
"ဒါက ဘာလို့ ရာသီသွေးနဲ့ တူနေတာလဲ.."
သို့သော် ကျိယွမ်က ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ ဘိုးဘေးသွေးများ ထပ်မံရှိနိုင်မည့် နေရာများကို ရှာဖွေရန် သူ၏ ကင်းထောက်စက်ရုပ်လေးများထံမှ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းအပေါ်၌သာ အာရုံစိုက်လိုက်လေသည်။
အကယ်၍ သူသည် ပုံမှန်အတိုင်း ကျင့်ကြံခဲ့မည်ဆိုလျှင် ကျိယွမ်အနေဖြင့် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရန် နှစ်ပေါင်း တစ်ရာခန့် ကြာလိမ့်မည်ဟု ခန့်မှန်းထား၏။
ထိုနှစ်ပေါင်းတစ်ရာမှာ ဆဋ္ဌမမြောက်ကောင်းကင်ဘုံ ၏ အခြေအနေများကို အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သည်။
အကယ်၍ သူသည် ပဉ္စမမြောက်ကောင်းကင်ဘုံ သို့မဟုတ် အချိန်စီးဆင်းမှု ပိုမြန်သော ကမ္ဘာတစ်ခု၌ ရှိနေခဲ့မည်ဆိုလျှင် နှစ်ပေါင်းတစ်ရာထက် ပို၍ပင် ကြာမြင့်သွားပေလိမ့်မည်။
"နှစ်ပေါင်းတစ်ရာဆိုတာက အရမ်း ကြာလွန်းတယ်။"
ကျိယွမ်က မိမိဘာသာ တွေးလိုက်၏။
"ငါက ငယ်သေးတာပဲလေ။"
သူသည် ဂိမ်းကမ္ဘာထဲ၌ အချိန်အတော်ကြာ ကုန်ဆုံးခဲ့သော်လည်း လက်တွေ့ဘဝတွင်မူ သူသည် အသက် နှစ်ဆယ်ကျော်သာ ရှိသေးလေသည်။
"ဘာပဲပြောပြော ငါက အားနည်းနေသေးတယ်။ ငါ့ရဲ့ ခုခံကာကွယ်နိုင်စွမ်းတွေကို မြှင့်တင်ဖို့ မြန်မြန်လုပ်ရမယ်။"
ကျိယွမ်က တိုးတိုးလေး သက်ပြင်းချလိုက်၏။
သူ၏ အကြည့်မှာ ဘိုးဘေးသွေး ဝိညာဉ်ရေစင် ဆီသို့ ပြန်လည် ကျရောက်သွားလေသည်။ မဟူရာနတ်ဆိုးဘိုးဘေးသွေး ကို ကျွမ်းကျင်ရန် လမ်းစဥ်မှာ ရှည်လျားပြီး ခက်ခဲလှသည်။
..........
တစ္ဆေစိုးမိုးကောင်းကင်ဘုံ ဘက်၌ ဖြစ်၏။
ထိုနေရာက မှောင်မိုက်ပြီး ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။
မူလသဘောတရားအဆင့် ပညာရှင်တစ်ဦး ပေါ်လာ၏။ သူ့၌ ခေါင်းသုံးလုံး ရှိလေသည်။ တစ်ခုမှာ လူအိုကြီးနှင့် တူပြီး၊ တစ်ခုမှာ အမျိုးသမီးတစ်ဦး၊ အခြားတစ်ခုမှာမူ ကလေးငယ်တစ်ဦးနှင့် တူ၏။
ဤပုံသဏ္ဌာန် သုံးမျိုးမှာ ထိုမူလသဘောတရား ပညာရှင်၏ လမ်းစဉ်နှင့် ဆက်စပ်နေခြင်း ဖြစ်သည်။
သူတို့သည် သီးခြားလူအမျိုးအစား တစ်မျိုးကို ပို၍ သတ်ဖြတ်လေလေ၊ ထိုဦးခေါင်းမှာ ထိုပုံသဏ္ဌာန်အဖြစ် ပို၍ ခိုင်မာလာလေလေ ဖြစ်သည်။
"ကောင်းကင်ဘုံအရှင်ကို ဂါရဝပြုပါတယ်.."
ရှိနေကြသော ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား များမှာ ခေါင်းညွှတ်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ လေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။
ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင် သည် ကြမ်းတမ်းသော မျက်လုံးများရှိပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူသည် ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား တစ်ဦးကို ဒေါသတကြီးသတ်ဖြတ်ခဲ့ဖူးပြီး သူ၏ ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်ကြောင့် လူသိများလေသည်။
တစ္ဆေစိုးမိုးကောင်းကင်ဘုံရှိ မူလသဘောတရားအဆင့် ပညာရှင်များကြားတွင် သူသည် အထွတ်အထိပ်၌ ရှိနေ၏။
ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား အများစုမှာ သူ၏ အကြည့်ကိုပင် တည့်တည့် ပြန်မကြည့်ရဲကြပေ။
ထိုအချိန်တွင် သူတို့၏ စိတ်ထဲ၌ ရှုပ်ထွေးနေကြလေသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ခဏလေးကပင် မဟူရာချောက်ကမ်းပါး မှ မဟာမူလသဘောတရားအဆင့် တစ်ဦးက သူတို့၏ ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား တစ်ဦးကို သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်၏။
၎င်းက ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရားများကို အလွန်ပင် စိုးရိမ်မကင်း ဖြစ်စေလေသည်။
သူတို့သည် သန်မာသော်လည်း မည်သူမျှ မဟာမူလသဘောတရားအဆင့် တစ်ဦးထံမှ မလွတ်မြောက်နိုင်ကြပေ။
၎င်းမှာ မဟူရာချောက်ကမ်းပါးက တစ္ဆေစိုးမိုးကောင်းကင်ဘုံကို စစ်ကြေညာတော့မည်ဟု ဆိုလိုခြင်းလား။
တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ မည်သည့် မဟာမူလသဘောတရားအဆင့်မျှ ထွက်ပေါ်မလာသဖြင့် ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်မှာ လက်ရှိတွင် အရာအားလုံးကို တာဝန်ယူနေရခြင်း ဖြစ်၏။
ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်အနေဖြင့် ဤအခြေအနေကို မည်သို့ တုံ့ပြန်မည်နည်းဟု သူတို့အားလုံး သိချင်နေကြလေသည်။
"တံခွန်သခင်က ပြောတယ်.. မူလသဘောတရားဆွေးနွေးပွဲညီလာခံ ပြီးတဲ့နောက်မှာ ငါတို့ မဟူရာချောက်ကမ်းပါးက အဖွဲ့အစည်းတချို့ကို စစ်တိုက်မယ်တဲ့.."
ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်က ကြမ်းတမ်းစွာ ပြောလိုက်၏။
ရှိနေကြသော ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရားများ၏ မျက်နှာများမှာ အံ့အားသင့်မှုကြောင့် တုန်လှုပ်သွားကြလေသည်။
ဤသတင်းက သူတို့အား လုံးဝကို အံ့အားသင့်စေ၏။
အဘယ်ကြောင့် တံခွန်သခင်က ရုတ်တရက် ဤမျှအထိ ရဲတင်းသွားရသနည်း။
မဟူရာချောက်ကမ်းပါးသည် တစ္ဆေစိုးမိုးကောင်းကင်ဘုံထက် စုစုပေါင်းအင်အား ပိုမိုကြီးမားကြောင်း အားလုံး သိထားကြလေသည်။
ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား တစ်ဦး သေဆုံးသွားရုံမျှဖြင့် စစ်ကြေညာခြင်းမှာ အလွန်ပင် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းဟု ထင်ရပေသည်။
ဤအင်အားကြီးအဖွဲ့အစည်းများအကြား ပဋိပက္ခများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း စစ်ကြေညာခြင်းမှာမူ ရှားပါးလှ၏။
ရှိနေကြသော ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရားများမှာ လူတုံးလူအ များ မဟုတ်ကြပေ။ ၎င်းမှာ ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးသော အကြောင်းအရာတစ်ခုခု ရှိနေသည်ကို သူတို့ ချက်ချင်းပင် ခံစားလိုက်ရလေသည်။
"အကြောင်းပြချက်ကတော့..."
ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်က မျက်လုံးများကို မှေးလိုက်၏။
"မူလသဘောတရားဆွေးနွေးပွဲညီလာခံ ပြီးသွားတာနဲ့ မင်းတို့ သိရမှာပါ.."
သူသည် စုဝေးနေသော ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရားများကို သနားကရုဏာနှင့် နောင်တတရားများ ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား အဆင့်ရှိသူများအတွက် သူတို့၏ ကျင့်စဉ်က သူတို့အား ကြယ်များနှင့် ကမ္ဘာများ ပျက်စီးခြင်းမှ ကင်းဝေးစေကာ ထာဝရအသက်ကို ပေးစွမ်းထားလေသည်။
ပြင်းထန်သော ရန်သူများ မရှိလျှင် သို့မဟုတ် မူလနတ်ဆိုး ဘေးဒုက္ခ နှင့် မကြုံတွေ့ရလျှင် သူတို့ သေဆုံးမည်ကို ကြောက်စရာ မလိုပေ။
ကံမကောင်းစွာဖြင့်... ယခုအခါ သူတို့သည် လင်းယာအသွင်ကူးပြောင်းခြင်း နှင့် ရင်ဆိုင်နေရခြင်း ဖြစ်၏။
တံခွန်သခင်က လင်းယာအသွင်ကူးပြောင်းခြင်း အကြောင်း ပြောသည်ကို ကြားသောအခါ ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်ပင်လျှင် တုန်လှုပ်သွားလေသည်။
ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား တစ်ဦးအနေဖြင့် ကောင်းကင်ဘုံလမ်းစဉ်များကို ဖျက်ဆီးနိုင်ပြီး ကမ္ဘာများကို ဝါးမြိုနိုင်လောက်အောင် သန်မာသော်လည်း နောက်ဆုံးတွင် သူတို့သည် နယ်ရုပ်များထက် ဘာမှမပိုကြောင်း မည်သူက ထင်ထားမိမည်နည်း။
"ဒါက..."
"တကယ်တမ်း ဘာတွေဖြစ်နေတာလဲ.."
ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရားများသည် ဇဝေဇဝါဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
သူတို့ထဲမှ မည်သူမျှ လင်းယာအသွင်ကူးပြောင်းခြင်း အကြောင်းကို မသိကြပေ။
ယေဘုယျအားဖြင့် မဟာမူလသဘောတရားအဆင့်ပညာရှင်များ သို့မဟုတ် ထူးခြားသောအဆင့်အတန်းရှိသူအချို့သာလျှင် ထိုအကြောင်းအရာများကို သိရှိကြလေသည်။
"မဟူရာချောက်ကမ်းပါးကို စစ်တိုက်တာက နှစ်ပေါင်း ထောင်ချီ၊ ဒါမှမဟုတ် သောင်းချီပြီး ကြာနိုင်တယ်.."
"မကြာသေးမီက မဟူရာချောက်ကမ်းပါးမှာ ထူးခြားတဲ့ ပါရမီရှင်အချို့ ပေါ်ထွက်လာတယ်.. အထူးသဖြင့် ဓားနက် လို့ခေါ်တဲ့ တစ်ယောက်နဲ့ သွေးဝတ်စုံ လို့ခေါ်တဲ့ နောက်တစ်ယောက်ပေါ့.."
ဓားနက်အကြောင်း ပြောသောအခါ ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်၏ မျက်နှာမှာပင် လေးနက်သွားလေသည်။
တံခွန်သခင် ကိုယ်တိုင်ကပင် ထိုသူကို သေချာပေါက် သတ်ရမည်ဟု အမိန့်ထုတ်ထားလေသည်။
ဓားနက်၏ ပါရမီမှာ ဒုတိယမရှိသော်လည်း ၎င်းတစ်ခုတည်းက ပြဿနာမဟုတ်ပေ။ ဆဋ္ဌမမြောက်ကောင်းကင်ဘုံ ၌ ပါရမီရှင်များမှာ ဘယ်သောအခါမှ မရှားပါးခဲ့ပေ။
သို့သော်... သူ၏ သွေးမျိုးဆက်မှာ ကြောက်စရာကောင်းလှ၏။
အထူးသဖြင့် မဟူရာချောက်ကမ်းပါး၏ ထိပ်တန်းသွေးမျိုးဆက်နှင့် ထူးခြားသော ပါရမီ ပေါင်းစပ်လိုက်လျှင် သူသည် မည်သူမျှ မတားဆီးနိုင်သော စွမ်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုသူသည် မူလသဘောတရား ကို ကျွမ်းကျင်သော မဟာမူလသဘောတရားအဆင့် တစ်ဦး ဖြစ်လာနိုင်ခြေရှိသည်ဟု တံခွန်သခင်က ခန့်မှန်းထားလေသည်။
၎င်းက ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်အား မနာလိုစိတ်များဖြင့် တောက်လောင်စေ၏။
ဆဋ္ဌမမြောက်ကောင်းကင်ဘုံ တစ်ခုလုံး၌ အမြင့်ဆုံးမူလသဘောတရားကို ကျွမ်းကျင်သော မဟာမူလသဘောတရားအဆင့် ပညာရှင် ဆယ်ဦးထက်ပင် မရှိပေ။
တစ္ဆေစိုးမိုးကောင်းကင်ဘုံ၌ မဟာမူလသဘောတရားအဆင့် ပညာရှင်များစွာ ရှိသော်လည်း တစ်ဦးမျှ အမြင့်ဆုံးမူလသဘောတရားကို မကျွမ်းကျင်ခဲ့ကြပေ။
"မူလသဘောတရားဆွေးနွေးပွဲညီလာခံ စတဲ့အခါ.. ဝူကုန်း.. မင်းရဲ့ တာဝန်က ဓားနက်ကို သတ်ဖို့ပဲ.."
ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်က အေးစက်စွာ ပြောလိုက်၏။
ရှိနေကြသော ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရားများမှာ ဤအချက်ကြောင့် အံ့အားသင့်သွားကြလေသည်။
မည်သို့ပင်ဖြစ်စေ ဝူကုန်း ကောင်းကင်ဘုံအရှင် သည် မဟာကောင်းကင်ဘုံနေရာယူအဆင့် ယန်နတ်ဘုရား တစ်ဦးဖြစ်ပြီး မူလသဘောတရားအဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့၏။
သူသည် မူလသဘောတရားအဆင့်သို့ ရောက်ရှိရန် အလားအလာ အလွန်ကောင်းသောကြောင့် မူလသဘောတရားဆွေးနွေးပွဲညီလာခံ ၌ ပါဝင်ခွင့်ရခြင်း ဖြစ်သည်။
ဓားနက်သည် ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိသည်မှာ မည်မျှကြာပြီနည်း။
နှစ်ပေါင်း သုံးထောင်ပင် ပြည့်ပြီလား။
ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား နယ်ပယ်၌ ၎င်းမှာ လူသစ်တစ်ဦးနှင့်သာ တူသော်လည်း သူ့ကို သတ်ရန် မဟာကောင်းကင်ဘုံနေရာယူအဆင့် ယန်နတ်ဘုရား တစ်ဦးကို စေလွှတ်ခြင်းမှာ အလွန်ပင် အလေးအနက်ထားခြင်း ဖြစ်လေသည်။
"နားလည်ပါပြီ။"
ဝူကုန်း ကောင်းကင်ဘုံအရှင်က တည်ငြိမ်စွာ ပြောလိုက်၏။ သူ၏ မျက်နှာမှာ မြူထုအလွှာတစ်ခု နောက်ကွယ်၌ ဖုံးကွယ်နေသဖြင့် သူ၏ အမူအရာကို မြင်တွေ့ရန် မဖြစ်နိုင်ပေ။
"သွေးဝတ်စုံနဲ့ ပတ်သက်လို့တော့..."
ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်က အခန်းထဲရှိ လူများကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"မင်းတို့ထဲက ဘယ်သူက ဒီအသေးအဖွဲ ကုသိုလ်ကို ယူချင်လဲ.."
ဓားနက်ကို သတ်ခြင်းက တစ္ဆေစိုးမိုးကောင်းကင်ဘုံအတွက် ကြီးမားသော ကုသိုလ်ဖြစ်ပြီး တံခွန်သခင် ကိုယ်တိုင်ကပင် ဆုချပေလိမ့်မည်။
သို့သော် သွေးဝတ်စုံမှာမူ အသေးအဖွဲ အောင်မြင်မှုတစ်ခုအဖြစ်သာ သတ်မှတ်ခံရလေသည်။
သွေးဝတ်စုံက သန်မာကောင်း သန်မာနိုင်သော်လည်း ဤကောင်းကင်ဘုံနေရာယူယန်နတ်ဘုရားများအတွက် ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရား အဆင့်သို့ မရောက်သေးသူ မည်သူမဆိုမှာ အရေးမပါသောသူများသာ ဖြစ်၏။
"ဒီလူကြီးကိုပဲ လုပ်ခွင့်ပေးပါ။"
ဝမ်းမြောက်ခြင်းကောင်းကင်ဘုံအရှင် က ပြုံးလျက် ရှေ့သို့ လှမ်းလာ၏။
"အသားက ဘယ်လောက်ပဲ သေးသေး အသားပါပဲ.."
"ကောင်းပြီ။"
ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်က ခေါင်းငြိမ့်ပြလိုက်လေသည်။
သူသည် မူလက သွေးဝတ်စုံကို သတ်ရန် ဒဏ္ဍာရီလာနယ်ပယ် ပညာရှင်အချို့ကို စေလွှတ်ရန် စဉ်းစားခဲ့သော်လည်း ၎င်းမှာ အန္တရာယ်များလွန်းလှသည်ဟု ထင်ရပေသည်။
"စိတ်ချရအောင် ငါ မင်းတို့ တစ်ယောက်ချင်းစီကို ဝိညာဉ်တစ်သောင်းတံခွန် ရဲ့ ကိုယ်ပွားတစ်ခုစီ ငှားပေးမယ်။ အဲဒါကို သုံးပြီး သူတို့နှစ်ယောက်လုံးကို ထူးဆန်းနယ်မြေ ထဲ ဆွဲခေါ်ပြီး အဲဒီမှာပဲ သတ်ပစ်လိုက်ကြ"
ခေါင်းသုံးလုံး ကောင်းကင်ဘုံအရှင်က အမိန့်ပေးလိုက်လေသည်။
ကောင်းကင်ဘုံနေရာယူယန်နတ်ဘုရားများ၏ လှုပ်ရှားမှုနှင့်အတူ ဝိညာဉ်တစ်သောင်းတံခွန်၏ ကိုယ်ပွားပါ ပါဝင်လာသဖြင့် ထိုပါရမီရှင် နှစ်ဦးကို ထူးဆန်းနယ်မြေအတွင်း၌ သတ်ရန်မှာ အလွန်ပင် လွယ်ကူသွားပေလိမ့်မည်။
တစ္ဆေစိုးမိုးကောင်းကင်ဘုံက ဤမျှအထိ လျင်မြန်စွာ လက်စားချေလိမ့်မည်၊ စစ်ကြေညာလိမ့်မည်ဟု မဟူရာချောက်ကမ်းပါးက ဘယ်သောအခါမှ ထင်မှတ်ထားမည်မဟုတ်ပေ။
.......
"ခက်ခဲတယ်.. ခက်ခဲတယ်.."
" ကောင်းကင်ဘုံကို တက်လှမ်းရသလိုပဲ ခက်ခဲတယ်.."
ကျိယွမ်က မိမိဘာသာ ရေရွတ်လိုက်၏။
ထို့နောက် သူက တစ်ခုခုကို ရုတ်တရက် သတိရသွားလေသည်။
"ဒီစကားပုံအဟောင်းတွေက ခေတ်နောက်ကျနေပြီ။ ကောင်းကင်ဘုံကို တက်လှမ်းရတာ အခုဆိုရင် အတော်လေး လွယ်ကူနေပြီ မဟုတ်လား.."
ပြီးတော့ "ဝက်ပြေးတာ မမြင်ဖူးရင်တောင် ဝက်သားတော့ စားဖူးရမယ်" ဆိုသည့် စကားပုံကိုလည်း "ဝက်ပြေးတာ မမြင်ဖူးရင်တောင် ဝက်သားတော့ စားဖူးပြီးသားဖြစ်ရမယ်" ဟု ပြုပြင်သင့်လေသည်။
"ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အတူ မဟူရာနတ်ဆိုးဘိုးဘေးသွေး အချို့ရဲ့ အကူအညီကြောင့် နောက်ဆုံးမှာ ဘိုးဘေးသွေးအတတ်ပညာ ရဲ့ ဆယ့်တစ်ဆင့်မြောက်ကို ရောက်သွားပြီ။"
လွန်ခဲ့သော ကာလအတွင်း ကျိယွမ်သည် ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ အကြံပေးချက်ကို လိုက်နာကာ မဟူရာချောက်ကမ်းပါးအတွင်း၌သာ နေထိုင်ခဲ့လေသည်။
သို့သော် သူ၌ စိတ်ဝိညာဥ်များ များစွာ ရှိနေသဖြင့်...
မဟူရာနတ်ဆိုးဘိုးဘေးသွေးများ ရှိနိုင်မည့် နေရာများကို သူ၏ ကင်းထောက်စက်ရုပ်လေးများထံမှ အချက်အလက်များ စုဆောင်းပြီးနောက် ကျိယွမ်သည် သူ၏ စိတ်ဝိညာဉ်များကို ထိုသွေးများ စုဆောင်းရန်အတွက် စေလွှတ်ခဲ့လေသည်။
ယခုအခါ မဟူရာနတ်ဆိုးဘိုးဘေးသွေးများကို သောက်သုံးပြီးနောက် ကျိယွမ်သည် နောက်ဆုံး၌ ဘိုးဘေးသွေးအတတ်ပညာ၏ ဆယ့်တစ်ဆင့်မြောက်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
ကိုးဆင့်မြောက်မှာပင် သူ၏ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား စွမ်းအားမှာ မူလသဘောတရားအဆင့် နှင့် ယှဉ်နိုင်ခဲ့လေသည်။
ယခု ဆယ့်တစ်ဆင့်မြောက်တွင်မူ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ မြင့်တက်သွားပြီ ဖြစ်၏။
သို့သော် သူသည် မဟာမူလသဘောတရားအဆင့် နှင့် အလှမ်းဝေးနေသေးကြောင်းကိုတော့ မမေ့သေးပါ။
"ဒါပေမဲ့ အခု ငါသာ မဟာမူလသဘောတရားအဆင့် တစ်ယောက်ယောက်နဲ့ တွေ့ရင်တောင်... အနည်းဆုံးတော့ ငါ ထွက်ပြေးနိုင်မှာမယ် ထင်တာပဲ.."
ကျိယွမ် အလေးအနက်တွေးနေ၏။
မူလသဘောတရားအဆင့် နှင့် မဟာမူလသဘောတရားအဆင့် အကြား ကွာဟချက်မှာ အလွန်တရာကို ကြီးမားလှသည်။
အဆင့်မြင့်လေလေ အဆင့်ငယ်များအကြား ခြားနားချက်မှာ ပိုမိုကြီးမားလေလေ ဖြစ်ပြီး တစ်ခါတစ်ရံတွင် အောက်ခြေရှိ အဆင့်ကြီးများအကြား ခြားနားချက်ထက်ပင် ပိုမို ကြီးမားတတ်လေသည်။
"ငါ မူလသဘောတရား တစ်ခုခုကို ကျွမ်းကျင်ဖို့ လိုတယ်။ အဲဒါမရှိရင် ငါ ဘေးကင်းတယ်လို့ ခံစားရမှာ မဟုတ်ဘူး။"
သို့သော် သူ၏ အခြေခံမှာ အားနည်းနေသေးသည်က ပြဿနာပင်။
မည်သို့ပင်ဖြစ်စေ သူသည် ခရမ်းရောင်နန်းတော်အဆင့် သာ ရှိသေးသည် မဟုတ်ပါလား ။
သူ၏ လက်ရှိနယ်ပယ်မှာ မလုံလောက်သေးပေ။
သူသည် မူလသဘောတရားတစ်ခုကို ကျွမ်းကျင်နိုင်ခဲ့လျှင်ပင် ထိုက်ဟွမ်နန်းတော်မှ ထိုဝါရင့် မဟာမူလသဘောတရားအဆင့် ပညာရှင်များကို ယှဉ်နိုင်ရန် မလွယ်ကူးသေးပါ။
"ထိုက်ဟွမ်နန်းတော်က တစ်ယောက်နဲ့ တိုက်ရင်တော့ ငါ ရှုံးမှာပဲ၊ ဒါပေမဲ့ နွားချိုမမနဲ့ စကားများရင်တော့ ငါ နိုင်ပါသေးတယ်။"
ထိုသို့တွေးလိုက်သောအခါ ကျိယွမ်၏ စိတ်အခြေအနေမှာ အနည်းငယ်တက်ကြွလာသည်။
မူလသဘောတရားတစ်ခုကို ကျွမ်းကျင်ရန်ကတော့ အရေးတကြီးလိုအပ်နေလေပြီ။
သူ၏ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား စွမ်းအားကလည်း မဟာမူလသဘောတရားအဆင့်နှင့် ယှဉ်နိုင်လောက်သည့် အဆင့်သို့ ရောက်ရှိသွားမည် ။မူလသဘောတရားကိုလည်း ကျွမ်းကျင်သွားမည်ဆိုလျှင် သူသည် ထိုက်ဟွမ်နန်းတော်မှ မဟာမူလသဘောတရားအဆင့် ပညာရှင်နှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု ယူဆရ၏။
"အင်း..မဟာမူလသဘောတရားအဆင့်က တကယ်တမ်း ဘယ်လောက်အထိ သန်မာလဲဆိုတာ ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးကို မေးကြည့်ရမယ်။"
ယခုအချိန်အထိ သူသည် မဟာမူလသဘောတရားအဆင့်၏ စွမ်းအားနှင့် ပတ်သက်၍ ရှင်းလင်းသော နားလည်မှု မရှိသေးပေ။
ကံကောင်းစွာပင် ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးသည် ကျိယွမ်အား ဘိုးဘေးသွေးအတတ်ပညာ၏ ကိုးဆင့်မြောက်သို့ ရောက်သောအခါ သူ့အား လာရောက်ဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့ဖူးလေသည်။
"အဘိုးကြီးတိန့်.. ခင်ဗျား ရှိလား.."
ကျိယွမ်သည် သူ၏ အစီအရင်များ အားလုံးကို ပိတ်လိုက်ပြီး လေထဲသို့ လှမ်းခေါ်လိုက်၏။
သို့သော် တိတ်ဆိတ်နေလေသည်။
မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။
"အဘိုးကြီး တိန့်.. ကျွန်တော် ဘိုးဘေးသွေးအတတ်ပညာ ကိုးဆင့်မြောက်ကို ရောက်နေပြီ"
တုံ့ပြန်မှု မရှိသေးပေ။
"ဪ.. ခဏလေး.. အဘိုးကြီး တိန့် မဟုတ်ဘူး.. ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး ပဲ"
ရုတ်တရက် ကျိယွမ်သည် သူ မှားခေါ်မိကြောင်း သတိရသွားလေသည်။
သူ့ကိုခေါ်နေမှန်း မသိခြင်းဖြစ်လိမ့်မည်။
ခဏချင်းအတွင်းမှာပင် အချိန်နှင့် ဟင်းလင်းပြင်မှာ အေးခဲသွားပုံရပြီး ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ ခြောက်ခြားဖွယ်ရာ အသံမှာ ထွက်ပေါ်လာလေသည်။
"မင်းက အခု ဘာလိုချင်သေးတာလဲ.."
"ကျွန်တော် ကိုးဆင့်မြောက်ကို ရောက်ရင် ခင်ဗျားဆီ လာလို့ရတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အခု ကျွန်တော် ကိုးဆင့်မြောက်ကို ရောက်နေပြီလေ"
"ကိုးဆင့်... မြောက် ဟုတ်လား.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးသည် တံတွေးတစ်ချက် မျိုချလိုက်၏။
ပြီးခဲ့တဲ့ တစ်ခေါက်က... သူ ခုနစ်ဆင့်မြောက်မှာပဲ ရှိသေးတာ မဟုတ်လား။
ပြီးတော့ အဲဒါက တစ်နှစ်တောင် မပြည့်သေးဘူးလေ။
ထားတော့..သူ့ရဲ့သွေးမျိုးဆက်ကြောင့် ဒီလောက်က နားလည်ပေးလို့ ရနိုင်ပါတယ်။
"မင်း ဘာသိချင်တာလဲ.."
ဘိုးဘေး၏နှလုံးသားမှာ တုန်လှုပ်နေသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်လေသည်။
"ကျွန်တော် သိချင်တာက... မဟာမူလသဘောတရားအဆင့်က ဘယ်လောက်အထိ သန်မာလဲဆိုတာပဲ.. ဥပမာအားဖြင့်... ခင်ဗျားက မဟာမူလသဘောတရားအဆင့် ပညာရှင်တွေကြားမှာ ဘယ်အဆင့်လောက် ရှိလဲ.."
ကျိယွမ်က ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးကို စိုက်ကြည့်ရင်း အလေးအနက် မေးလိုက်၏။
"အဟမ်း.. အဟမ်း.. "
"နေဦး မင်းက ဒါကို ဘာလို့ မေးတာလဲတော့ မသိပေမဲ့ ဖြေပေးရမှာပေါ့.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက ခေါင်းကို မြှင့်လိုက်လေသည်။
"မဟာမူလသဘောတရားအဆင့် ပညာရှင်တွေကြားမှာ ငါက တတိယအဆင့်မှာ ရှိတယ်.."
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားလေသည်။
ဘိုးဘေးက ဒီလောက်သန်မာမည်ဟု သူမထင်ထားခဲ့ပေ။
"ထိပ်ဆုံး သုံးယောက်ထဲမှာလား။ အတော်လေး သန်မာတာပဲ။ စုစုပေါင်း အဆင့်က ဘယ်နှစ်ဆင့် ရှိတာလဲ.."
"အဆင့်က သုံးဆင့် ရှိတယ်.."
"အမ်..."
ကျိယွမ်၏ မျက်နှာက ရှုံ့မဲ့သွားတော့သည်။
လူသုံးယောက်ပြိုင်တဲ့ပွဲမှာ တတိယ ရတာနဲ့ ဘာထူးလဲ။ဒါကိုများ ခေါင်းကြီး မော့ထားသေးတယ် ။
"ဒါဆို ခင်ဗျားက ဘိတ်ချေးပေါ့။ ကြည့်ရတာ သိပ်ပြီး အထင်ကြီးစရာ မကောင်းဘူးပဲ.."
"ဘာကွ.. ငါ မင်းကို အလွယ်လေး ချေမွပစ်နိုင်တယ်.."
ဒေါသနကြီးပြောလိုက်သော်လည်း ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက အမှန်တကယ်ဒေါသထွက်နေပုံ မရပါ ။ သူ၏ စိတ်ရှည်မှုမှာ အံ့သြစရာကောင်းလောက်အောင်ပင်။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက မည်မျှဒေါသကြီးသည်ကို အားလုံးသိကြ၏။
သို့သော် ထိုစိတ်ရှည်မှူမှာ ကျိယွမ် တစ်ဦးတည်းအတွက်သာ ဖြစ်ပုံရသည်။
ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံရှိ အခြားမည်သူမျှ သူ့ကို ဤကဲ့သို့ စကားပြောရဲမည်မဟုတ်ပေ။
"တတိယအဆင့်ထဲမှာ ငါ့လိုမျိုး မူလနတ်ဆိုးဘေးဒုက္ခ သုံးကြိမ်ကို ကျော်ဖြတ်ထားပြီး အရန်ဖန်တီးမှုရတနာ တစ်ခု ပိုင်ဆိုင်ထားတဲ့သူတွေ ပါဝင်တယ်.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက ရှင်းပြလေသည်။
"မူလနတ်ဆိုး ဘေးဒုက္ခလား"
ကျိယွမ်သည် ဤအခေါ်အဝေါ်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
"မူလသဘောတရားအဆင့် ပညာရှင် တစ်ဦးဦးက သူတို့ရဲ့ စွမ်းအားကို ပိုပြီး မြှင့်တင်ချင်ရင် မူလနတ်ဆိုး ဘေးဒုက္ခကို ကျော်ဖြတ်ရမယ်.."
"ဒါက ကြောက်မက်ဖွယ်ကောင်းတဲ့ စမ်းသပ်မှုတစ်ခုပဲ.. တစ်စိတ်တစ်ပိုင်းက လူတစ်ယောက်ရဲ့ စိတ်အခြေအနေနဲ့ သက်ဆိုင်ပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး.. အဲဒါက ဖရိုဖရဲဖြစ်နေပြီး ဘာပုံစံမှ မရှိဘူး.."
"မူလနတ်ဆိုး ဘေးဒုက္ခနဲ့ ပတ်သက်လို့တော့.. ရှေးခေတ်တုန်းက ကျင့်ကြံသူတွေ ရင်ဆိုင်ခဲ့ရတဲ့ မိုးကြိုးဘေးဒုက္ခ ဒါမှမဟုတ် နှလုံးနတ်ဆိုးတွေလိုမျိုးလို့ မင်းမှတ်ယူနိုင်တယ်.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက မူလနတ်ဆိုး ဘေးဒုက္ခအကြောင်း ပြောသောအခါ သူ၏ မျက်လုံးများထဲ၌ လေးနက်သော အရိပ်အယောင်များ ပေါ်လာလေသည်။
မဟာမူလသဘောတရားအဆင့် ဖြစ်လာပြီးနောက် သူသည် မူလနတ်ဆိုး ဘေးဒုက္ခ သုံးကြိမ်ကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ကာ နောက်တစ်ကြိမ်ကို ကျော်ဖြတ်နိုင်ရန်အတွက်မူ သူ ယုံကြည်မှု မရှိသေးပေ။
အကယ်၍ သူ ကျော်ဖြတ်နိုင်ခဲ့လျှင်တောင် သူ သေဆုံးသွားနိုင်ခြေ ရှိလေသည်။
"ဒါဆို မဟာမူလသဘောတရားအဆင့် တစ်ယောက်ကို ဘယ်နှစ်ကြိမ် မူလနတ်ဆိုး ဘေးဒုက္ခ ကျော်ဖြတ်ထားလဲဆိုတဲ့အပေါ် မူတည်ပြီး အဆင့်သတ်မှတ်တာလား.."
"ဟုတ်တယ်၊ ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက ဆက်လက်ရှင်းပြ၏။
"ဥပမာအားဖြင့် ဖုန်လိုင် ကောင်းကင်ဘုံအရှင်ကို ကြည့်ပါ၊ သူက မူလနတ်ဆိုး ဘေးဒုက္ခ တစ်ကြိမ်ပဲ ကျော်ဖြတ်ထားသေးတာ။ ငါ့ရဲ့ ကျင့်စဉ်က သူ့ထက် ပိုမြင့်ပေမဲ့ ငါတို့ တိုက်ကြမယ်ဆိုရင် ငါ သူ့ကို အနာတောင် မဖြစ်အောင် မလုပ်နိုင်ဘူး.."
"ဘေးဒုက္ခကို ကျော်ဖြတ်ခြင်းက လူတစ်ယောက်ရဲ့ ကျင့်စဉ်ကို မြှင့်တင်ပေးနိုင်ပေမဲ့ အဲဒါက အဓိကအချက် မဟုတ်ဘူး.."
"အဓိကအချက်က လူတစ်ယောက်ရဲ့ ဖန်တီးမှုရတနာ အရည်အသွေးနဲ့ သူတို့ရဲ့ မူလသဘောတရား အဆင့်အတန်းအပေါ်မှာ မူတည်တယ်.."
ဖုန်လိုင် ကောင်းကင်ဘုံအရှင်သည် မဟူရာချောက်ကမ်းပါးမှ အသစ်တက်လာသော မဟာမူလသဘောတရားအဆင့် တစ်ဦး ဖြစ်လေသည်။
ကျိယွမ်က သေချာ နားထောင်နေ၏။
ဤအချက်အလက်မှာ အရေးကြီးလှသည်။
"ဒါပေမဲ့ ငါသာ တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာ တစ်ခု ပိုင်ဆိုင်ထားတဲ့ မဟာမူလသဘောတရားအဆင့် ဖြစ်မယ်ဆိုရင် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မယ်.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ အမူအရာမှာ ရှုပ်ထွေးသွားလေသည်။
"ဒါက ဒုတိယအဆင့် မဟာမူလသဘောတရားအဆင့် ပညာရှင်တွေကို ခွဲခြားထားတဲ့ အချက်ပဲ.. တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာတွေက အလွန်ကို ရှားပါးတယ်.."
တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာများကို များသောအားဖြင့် မူလသဘောတရားကို ကျွမ်းကျင်သော မဟာမူလသဘောတရားအဆင့် ပညာရှင်များက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် ကြီးမားသော ကံတရားနှင့်အတူ သန့်စင်ထားခြင်း ဖြစ်လေသည်။
လက်ရှိတွင် မဟူရာချောက်ကမ်းပါး၌ တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာ ပိုင်ဆိုင်ထားသော မဟာမူလသဘောတရားအဆင့် ပညာရှင် နှစ်ဦးသာ ရှိလေသည်။
"ပထမအဆင့်ကတော့ မင်းသိတဲ့အတိုင်းပဲ၊ မူလသဘောတရားကို ကျွမ်းကျင်ထားပြီး တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာ ပိုင်ဆိုင်ထားတဲ့သူတွေပေါ့.."
"သူတို့က... မဟာမူလသဘောတရားအဆင့် ပညာရှင်တွေကိုတောင် သတ်နိုင်ကြတယ်"
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ လေသံမှာ လေးနက်သွားလေသည်။
ယခုအခါ ကျိယွမ်သည်လည်း လေးနက်စွာ တွေးနေမိ၏။
"ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်.."
"မေးလေ.."
"တကယ်လို့ မူလသဘောတရားကို ကျွမ်းကျင်ထားတဲ့ မဟာမူလသဘောတရားအဆင့် တစ်ယောက်ယောက်က တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာ မရှိရင်ဖြစ်ဖြစ် .. ဒါမှမဟုတ် မဟာမူလသဘောတရားအဆင့် တစ်ယောက်ယောက်က ဘာဖန်တီးမှုရတနာမှ မရှိရင်ဖြစ်ဖြစ်ပေါ့"
"အဲဒီလိုဆိုရင် သူတို့က ဘယ်အဆင့်မှာ ရှိမလဲ.."
"မူလသဘောတရားကို ကျွမ်းကျင်ထားပေမဲ့ တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာ မရသေးတဲ့ မဟာမူလသဘောတရားအဆင့် တစ်ယောက်လား။ သူတို့မှာ သိက္ခာတောင် ရှိမှာ မဟုတ်ဘူး၊ သေလိုက်တာကမှ ပိုကောင်းဦးမယ်။ အဲဒီလိုလူမျိုး မရှိဘူး.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးမှာ ဆွံ့အသွားလေသည်။
တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာများမှာ ရှားပါးလှသော်လည်း မူလသဘောတရားကို ကျွမ်းကျင်သော မဟာမူလသဘောတရားအဆင့် ပညာရှင်များသည် များသောအားဖြင့် အင်အားကြီးအဖွဲ့အစည်းများ၏ ဘိုးဘေးများ ဖြစ်ကြလေသည်။
သူတို့အနေဖြင့် တိုက်ခိုက်ရေးအမျိုးအစား ဖန်တီးမှုရတနာ တစ်ခုကို မရနိုင်စရာ အကြောင်းမရှိပေ။
အရန်ဖန်တီးမှုရတနာများနှင့် ပတ်သက်၍မူ ပဉ္စမမြောက်ကောင်းကင်ဘုံနှင့် အထက်ရှိ အဖွဲ့အစည်းအချို့၌ပင် ရှိနေကြလေသည်။
မဟာမူလသဘောတရားအဆင့် တစ်ဦးအတွက် တစ်ခုရရန်မှာ အဘယ်ကြောင့် ခက်ခဲနေမည်နည်း။
"ဒါဆို မဟာမူလသဘောတရားအဆင့် ပညာရှင်တွေက အဲဒီလောက်အထိ အားနည်းတာလား.."
ကျိယွမ်၏ မျက်လုံးများ တောက်ပသွား၏။
"ဥပမာအားဖြင့် ကျွန်တော့်မှာ မဟာမူလသဘောတရားအဆင့် ရန်သူတစ်ယောက် ရှိတယ်ဆိုပါစို့။ အကယ်၍ ကျွန်တော်က သူ့ကို နေ့တိုင်း နှောင့်ယှက်တဲ့ အစီအစဉ်တစ်ခု ဆွဲလိုက်မယ်၊ ပြီးတော့ တိုက်ခိုက်မယ့်သူတွေကိုလည်း စုစည်းလိုက်မယ်ဆိုရင် သူ့ကို အရှက်ရပြီး သေသွားအောင် လုပ်လို့ရမလား.."
သူ၌ စိတ်ဝိညာဥ်များ များစွာ ရှိနေသဖြင့် အကယ်၍ သူသာ ထိုက်ဟွမ်နန်းတော်မှ ထိုသူကို သေအောင် စနောက်နိုင်ခဲ့လျှင် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။
"ထွက်သွားစမ်း..."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးမှာ လုံးဝကို ဆွံ့အသွားလေတော့သည်။
ဒီကောင်က ငါပြောတာတွေကိုရော နားလည်ရဲ့လား။
----------