← Chapters

အစီအရင်၏ အနှောင့်အယှက်

Vol. 63 Ch. 870

အစီအရင်၏ အနှောင့်အယှက်

Vol. 63 Ch. 870

လီကျင်းထောင်၏ လှုပ်ရှားမှုက ကျောက်ကျင်းယွီ၏ မျှော်လင့်ထားမှုထက် များစွာကျော်လွန်သွားခဲ့သည်။ သူတို့လေးယောက်ထဲတွင် တစ်လျှောက်လုံး အနည်းဆုံး အာရုံစိုက်ခဲ့မိသူမှာ လီကျင်းထောင်ပင် ဖြစ်သည်။ သူ၏အမြင်တွင် အပြင်ဘက်နတ်ဘုရားတိုက်ကြီးမှ ယခုမှ ပြန်ရောက်လာသည့် လီလော့ကပင်လျှင် လီကျင်းထောင်ထက် များစွာပို၍ ခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု ထင်ခဲ့မိသည်။

မည်သို့ပင်ဆိုစေ လီကျင်းထောင်၏ အစွမ်းအစမရှိသော မျိုးဆက်တစ်ဦးဆိုသည့် နာမည်က လူတိုင်း၏ နှလုံးသားထဲတွင် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီးဖြစ်သည်။

"ငါ့ရဲ့ မဟာကျားတံဆိပ်တော်ကိုတောင် တားဆီးနိုင်တဲ့ စွမ်းအား မင်းဆီမှာ ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ"

ကျောက်ကျင်းယွီက မသေချာမရေရာသော မျက်နှာထားဖြင့် သူ့ကို ကြည့်လိုက်သည်။ သူ့ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။ ထိုတိုက်ခိုက်မှုတွင် သူ အနည်းငယ်မျှပင် လက်တွန့်ခဲ့ခြင်းမရှိပေ။

ထိုတိုက်ခိုက်မှုသည် နာမည်ကြီး တံခွန်ကိုင် တျန့်ဖုန်းရှန်ကိုပင် အချိန်အတိုင်းအတာတစ်ခုအထိ လှုပ်ရှား၍မရအောင် လုပ်နိုင်စွမ်းရှိသော်လည်း ယခုတော့ လီကျင်းထောင်က လုံးဝကို ကာကွယ်ပိတ်ဆို့နိုင်ခဲ့သည်။

"တိုက်ခိုက်ရေးစွမ်းရည်တွေကြောင့် နာမည်ကြီးတဲ့ နဂါးစွယ်ကလန်ကနေ အခုလို ကာကွယ်ရေးမှာ ကျွမ်းကျင်တဲ့ လူထူးလူဆန်းတစ်ယောက် ထွက်လာလိမ့်မယ်လို့ ဘယ်သူ မျှော်လင့်ထားမှာလဲ"

"နင် မျှော်လင့်မထားတာတွေ အများကြီး ရှိသေးတယ်! နင့်လူတွေနဲ့အတူ ထွက်သွားလိုက်စမ်းပါ။ ဒီမှာ နင်နဲ့ ကစားနေဖို့ အချိန်မရှိဘူး" ဟု လီဖုန်းယီက လှောင်ပြောင်လိုက်သည်။

ထိုအခိုက်တွင် ကျောက်ကျင်းယွီ၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်မှုတစ်ခု ဖြတ်ပြေးသွားသည်။

"လီလော့ကို သူ့လက်တစ်ဖက်ဖြတ်ပြီး ငါ့ဆီပေးခိုင်းလိုက်၊ အဲဒါဆိုရင် ငါ ချက်ချင်း ထွက်သွားပေးမယ်။"

သူ့စကားများကို ကြားသောအခါ လီဖုန်းယီ၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူမ၏ လှပသောမျက်နှာလေးမှာ အေးစက်သွားပြီး… "နင့်ရဲ့ ခွေးခေါင်းကိုပဲ ဖြတ်ပစ်လိုက်မယ်!" ဟု အော်ဟစ်လိုက်သည်။

ယင်းနောက်၊ သူမသည် ကျောက်စိမ်းကဲ့သို့သော လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး စွမ်းအင်များက မုန်တိုင်းတစ်ခုသဖွယ် တိုက်ခတ်လာကာ စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ကျောက်ကျင်းယွီ၏ မျက်နှာဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။

"ဟမ့်!"

ကျောက်ကျင်းယွီက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ပါးစပ်ကိုဟလိုက်ရာ စွမ်းအင်ရောင်ခြည်တစ်ခု ပစ်ထွက်လာပြီး လီဖုန်းယီ၏ တိုက်ခိုက်မှုကို လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။

သူ့မျက်နှာအမူအရာ အနည်းငယ်မျှပင် မပြောင်းလဲဘဲ၊ သူတို့လေးယောက်ကို စိုက်ကြည့်ကာ…. "မင်းတို့တွေက ငါ့ကို တကယ် အံ့အားသင့်စေခဲ့တာပဲ။ ဒါပေမယ့် ငါက ဒီကို ဘာပြင်ဆင်မှုမှမပါဘဲ လာခဲ့တယ်လို့ မင်းတို့ ထင်နေတာလား?" ဟု ပြောလိုက်သည်။

သူ့စကားကို လီလော့ကြားလိုက်သည်နှင့် အကြည့်များ လေးနက်သွားပြီး ခန္ဓာကိုယ်တွင်း၌ ကြီးမားလှသော ပဲ့တင်သံစွမ်းအင်လှိုင်းများ ရိုက်ခတ်လာသည်။ သူသည် နောက်တစ်ကြိမ် အပြည့်အဝ သတိဝီရိယရှိနေပြီဖြစ်သည်။

တစ်လျှောက်လုံးတွင် လီလော့က သူ့အား အရူးတစ်ယောက်ဟု ခေါ်ခဲ့သော်လည်း၊ ကျောက်ကျင်းယွီကို အနည်းငယ်မျှ အထင်မသေးခဲ့ပေ။ မည်သို့ပင်ဆိုစေ ထိုသူသည် ကျောက်ကောင်းကင်ဧကရာဇ်ကလန်၏ လက်ရှိမျိုးဆက်တွင် ဒုတိယအသန်မာဆုံးသူ ဖြစ်သည်။ သူသည် ဆင်တူသော အင်အားစုကိုသာ ခေါ်ဆောင်လာပြီး ဖြတ်တောက်ခံရသော သူ့လက်မောင်းကို လိုချင်နေဆဲဖြစ်ရာ၊ သူ့တွင် ဖုံးကွယ်ထားသော ဝှက်ဖဲတစ်ခု ရှိနေရမည်ဖြစ်သည်။

ထိုအချိန်တွင် ကျောက်ကျင်းယွီက သူ့လက်ဖဝါးထဲမှ အစီအရင်အလံတစ်ခုကို ထုတ်ပြလိုက်သည်။ ထိုအလံတစ်ဝိုက်တွင် စီးဆင်းနေသော အလင်းတန်းများရှိပြီး အထူးအက္ခရာသင်္ကေတများကို ဖြစ်ပေါ်စေခဲ့သည်။

နောက်တစ်ခဏတွင် လေထုထဲသို့ ထူးဆန်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။

ကျောက်ကျင်းယွီက လက်ဖဝါးကို လှုပ်ခါလိုက်ရာ အစီအရင်အလံသည် လေထဲသို့ ပျံတက်သွားပြီး မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ရွှီး!

အလင်းတန်းတစ်ခု အထက်သို့ ပျံတက်သွားပြီး ထိုအချိန်မှာပင်၊ လီလော့နှင့် ကျန်သူများက အဝေးတစ်နေရာမှ လေထဲသို့ အမြင့်သို့ ပစ်ထွက်သွားသော အလင်းတန်းများစွာကိုလည်း သတိပြုမိလိုက်သည်။ သူတို့ရောက်ရှိနေသောနေရာကို ဤအလင်းတန်းများက ဝန်းရံထားသကဲ့သို့ ဖြစ်နေ၏။

"ဒါ အစီအရင်တစ်ခုပဲ၊ နောက်ဆုတ်!"

လီလော့က အနောက်ဘက်သို့ ပျံသန်းသွားရင်း အသံနက်ကြီးဖြင့် အော်လိုက်သည်။ ဤအစီအရင်၏ အကျိုးသက်ရောက်မှုကို သူ မသိသေးသော်လည်း၊ သူတို့အတွက် အကျိုးရှိမည့်အရာ မဟုတ်သည်မှာ သေချာသည်။ ဤအကြောင်းကြောင့်ပင် ကျောက်ကျင်းယွီတို့အဖွဲ့က သူတို့ထက်စောပြီး ကြက်သွေးရောင်မီးတောင်တန်းသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ရမည်။

လီဖုန်းယီနှင့် အခြားသူများလည်း ဘာစကားမှမဆိုတော့ဘဲ အလျင်အမြန် နောက်ဆုတ်သွားကြသည်။

သို့သော်လည်း၊ ကျောက်ကျင်းယွီက အစီအရင်ကို ကြိုတင်၍ အချိန်ကြာမြင့်စွာကတည်းက နေရာချထားခဲ့ခြင်းဖြစ်သည်။ ယခု သူသည် နောက်ဆုံးနှင့် အဓိကအလံကိုသာ စိုက်ထူလိုက်ခြင်းဖြစ်သည်။ အစီအရင်က ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားသော အမြန်နှုန်းမှာ သူတို့လေးယောက် ထင်ထားသည်ထက် များစွာ ပိုမြန်နေခဲ့သည်။

တဖြည်းဖြည်းနှင့်၊ မှေးမှိန်သော အလင်းကန့်လန့်ကာတစ်ခုက ကောင်းကင်ယံတွင် မြစ်တစ်စင်းလို စီးဆင်းသွားပြီး အသက်ရှိုက်ကြိမ် အနည်းငယ်အကြာတွင် မီတာရာပေါင်းများစွာအတွင်းရှိ အရာအားလုံး အလင်းကန့်လန့်ကာဖြင့် လုံးဝ ဖုံးလွှမ်းသွားတော့သည်။

ထိုအချိန်မှာပင်၊ အဖွဲ့သည် အစီအရင်၏ အကျိုးသက်ရောက်မှုကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။

သူတို့၏ ပေါင်းစည်းစွမ်းအင် စွမ်းအားများက အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် စတင် ပျောက်ကွယ်သွားသည်။

ထိုအခါ သူတို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားသည်။

" ကြက်သွေးရောင်တိမ်တိုက်တံခွန်နဲ့ ငါ့ရဲ့ ဆက်သွယ်မှု အားနည်းလာတယ်!" ဟု လီဖုန်းယီက အံ့အားသင့်စွာ အော်လိုက်သည်။

"ဒီအစီအရင်က ငါတို့ကိုတံခွန်အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် ဖြတ်တောက်နေတာပဲ။ ဒါက ငါတို့ကို ပေါင်းစည်းစွမ်းအင် သုံးလို့မရအောင် လုပ်လိမ့်မယ်" ဟု တျန့်ဖုန်းရှန်က လေးနက်စွာ ပြောလိုက်သည်။

သူတို့လေးယောက်စလုံး မျက်နှာထား အလွန်ဆိုးရွားနေသည်။ အထူးသဖြင့် ထိုစွမ်းအင်ကို အသားကျနေပြီးနောက် စွမ်းအင်များ သူတို့ထံမှ ထွက်ခွာသွားသည်ကို ခံစားရခြင်းမှာ အလွန်တရာ စိတ်မသက်မသာဖြစ်စေသော ခံစားချက်တစ်ခုပင်ဖြစ်သည်။

"စိတ်မပူပါနဲ့…ဒီအဆက်အသွယ်ဖြတ်တောက်မှုက မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားမထားဘူး။ ကျောက်ကျင်းယွီနဲ့ သူ့အဖွဲ့လည်း ပေါင်းစည်းစွမ်းအင် အခြေအနေကို ဆုံးရှုံးရလိမ့်မယ်" ဟု လီလော့က ကျန်သူများကို သတိပေးလိုက်သည်။

လီဖုန်းယီနှင့် ကျန်နှစ်ယောက်က ကျောက်ကျင်းယွီ၏ ဘက်သို့ လှမ်းကြည့်လိုက်ရာ သေချာပေါက် သူတို့ဘက်တွင်လည်း တဟုန်ထိုးတက်နေသော စွမ်းအင်များ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ထင်ရှားသည်မှာ၊ ဤအရာက ပေါင်းစည်းစွမ်းအင်ကို တန်ပြန်ရန် ဖန်တီးထားသော အထူးအစီအရင်တစ်ခုဖြစ်သည်။ ကျောက်ကျင်းယွီတို့အဖွဲ့လည်း ၎င်း၏ သက်ရောက်မှုများကို ရှောင်လွှဲ၍ မရနိုင်ပေ။ ဤအချိန်တွင်၊ လီဖုန်းယီနှင့် အခြားနှစ်ယောက်က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

နှစ်ဘက်စလုံး ထိခိုက်သွားခြင်းက တော်သေးသည်ဟု ဆိုရမည်။ အဆိုးဆုံးအခြေအနေ၌ သူတို့အားလုံး တူညီသော စတင်သည့်မျဉ်းပေါ်သို့ ပြန်ရောက်သွားရုံသာဖြစ်သည်။ သူတို့ အမှန်တကယ် ကြောက်ရွံ့ခဲ့သည်မှာ ကျောက်ကျင်းယွီက ဆက်သုံးနိုင်နေစဉ် သူတို့ဘက်က ပေါင်းစည်းစွမ်းအင် ဆုံးရှုံးသွားမည်ကိုပင်ဖြစ်သည်။ ၎င်းသည် သူတို့၏ စွမ်းအားကွာဟချက်ကို မယုံနိုင်လောက်အောင် ကြီးမားသွားစေလိမ့်မည်။

ထိုအခြေအနေမျိုးဆိုလျှင် ကျောက်ကျင့်ယွီကို သူတို့ တိုက်ခိုက်နိုင်ရန် နည်းလမ်းရှိမည်မဟုတ်ပေ။

လီလော့က အစီအရင်၏ အနှောင့်အယှက်မှ မလွတ်မြောက်နိုင်ကြောင်း သတိပြုမိသည်နှင့်၊ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပေါင်းစည်းစွမ်းအင်မှ စွမ်းအင်များ ခန်းခြောက်သွားချိန်၌ သူ့ကို ဆွဲဆောင့်သွားသကဲ့သို့ ခံစားရသော မသက်မသာခံစားချက်ကို ဖြေရှင်းရန် အာရုံစိုက်လိုက်သည်။ ထိုအချိန်မှာပင် သူ့မျက်လုံးများ အနည်းငယ် လင်းလက်သွားသည်။

ဤစွမ်းအင်ပျောက်ကွယ်မှုနှုန်းအရ ပေါင်းစည်းစွမ်းအင်မှာ မကြာမီ ပျောက်ကွယ်သွားပြီး တစ်ကိုယ်တော် စွမ်းအားသို့သာ ပြန်ရောက်သွားမည်ဖြစ်သည်။ ကျန်ရှိနေသော တိုက်ပွဲများအတွက် သူကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးရတော့မည်။

ကံကောင်းစွာဖြင့်၊ သူသည် အဆင့်တစ်ဝက် ဖန်သားနတ်ဆိုးအဆင့်သို့ ရောက်ရှိပြီးဖြစ်နေသည်။ ယင်းက သူ့ရဲ့ စွမ်းအားကို များစွာတိုးတက်စေခဲ့ပြီး ကျောက်ကျင်းယွီကလို အင်အားကြီးမားသည့် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့် ပြိုင်ဘက်ကို ရင်ဆိုင်ရလျှင်ပင် သူ သိပ်ပြီး နောက်ကောက်ကျကျန်နေခဲ့မည် မဟုတ်ပေ။

လီလော့က အရှေ့ရှိ အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။ထိုနေရာသည် တံခွန်လေးခုမှ အဖွဲ့ဝင်များ ရှိနေသောနေရာဖြစ်သည်။ ယခု ပေါင်းစည်းစွမ်းအင် အခြေအနေ ပျောက်ကွယ်သွားပြီဖြစ်ရာ၊ ထိုအကာအကွယ်မရှိဘဲ သူတို့လည်း စိတ်မသက်မသာ ဖြစ်နေကြသည်။ သူတို့အားလုံး မြေနတ်ဆိုးအဆင့်သာရှိသော မူလအစသို့ ပြန်ရောက်သွားကြပြီဖြစ်သည်။

ဤသည်က ပုံမှန်အခြေအနေမျိုးဆိုလျှင် အဆင်ပြေနိုင်ပေလိမ့်မည်။ သို့သော်လည်း လက်ရှိတွင် သူတို့တွေ အမှောင်နယ်မြေ၏ အတွင်းပိုင်း၌ ပိတ်မိနေကြပြီး ဤနေရာရှိ ညစ်ညမ်းသောလေထုမှာ ပါးလွှာနေသော်လည်း သူတို့ကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေဆဲပင်။

တံခွန်လေးခုမှ ဒုခေါင်းဆောင်များက ရုတ်ရုတ်သဲသဲဖြစ်မှုများကို ဖိနှိပ်ရန်နှင့် တံခွန်အဖွဲ့ဝင်များကို ထိန်းချုပ်ထားနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။

သူတို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် ကျောက်ကောင်းကင်ဧကရာဇ်ကလန်မှ တပ်ခွဲလေးခုမှာ များစွာပို၍ တည်ငြိမ်အေးဆေးနေကြသည်။ဤသို့ဖြစ်လာမည်ကို သူတို့ ကြိုသိထားခဲ့သည်မှာ သိသာထင်ရှားနေသည်။

ထိုအချိန်တွင် ကျောက်ကျင်းယွီက အသံကျယ်ကြီးဖြင့် ရယ်မောကာ အော်ပြောလိုက်သည်။

"ဘာဖြစ်သွားတာလဲ? ပေါင်းစည်းစွမ်းအင် မရှိဘဲနဲ့ အသားမကျနိုင်ဘူး ဖြစ်နေပြီလား? ပြင်ပစွမ်းအားကို အားကိုးရင်း မင်းတို့တွေ လမ်းမပျောက်သွားအောင်လို့ ငါက ကူညီပေးနေတာပါ။"

လီဖုန်းယီက အေးစက်စွာဖြင့်….

"နင်တို့လည်း ပေါင်းစည်းစွမ်းအင်ကို သုံးလို့ မရပါဘူး။"

ထိုအခါ ကျောက်ကျင်းယွီ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာကာ ပြန်ဖြေလိုက်သည်၊

"ဒီအစီအရင်ကို တည်ဆောက်ဖို့ ငါဒီလောက် အားထုတ်ခဲ့တာက နှစ်ဘက်စလုံး မျှသွားဖို့သက်သက်ပဲလို့ မင်း တကယ်ထင်နေတာလား?"

ထိုစကားများကို လီလော့နှင့် အခြားသူများ ကြားသောအခါ၊ သူတို့၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

ကျောက်ကျင်းယွီက ဘာကိုဆိုလိုတာလဲ?

ဤအစီအရင်၏ အကျိုးသက်ရောက်မှုမှာ လူများကို အဆက်အသွယ်ဖြတ်တောက်ရန်ဖြစ်သည်။ ကျောက်ကျင်းယွီနှင့် သူ့လူများလည်း ဤအရာကြောင့် ထိခိုက်ခဲ့ရသည်။

သူ့လက်ထဲမှာ အခြားဘာလှည့်ကွက်များ ရှိနေသေးတာလဲ?

"ကျားတပ်ခွဲနဲ့ ငါ့ရဲ့ ပေါင်းစည်းစွမ်းအင်က တကယ်ပဲ ထိခိုက်သွားတယ်… အဲဒါကို ဆက်ထိန်းထားလို့ မရတော့ဘူး…"

လီလော့တို့အဖွဲ့ထံမှ သံသယဖြစ်နေသော အကြည့်များကို မြင်သောအခါ ကျောက်ကျင်းယွီက အလွန်နှေးကွေးသော အရှိန်ဖြင့် စတင်ရှင်းပြလိုက်သည်။ ထို့နောက် သူက လက်ဖဝါးကို လေထဲသို့ ပစ်မြှောက်လိုက်ရာ အင်္ကျီလက်ထဲမှ အနက်ရောင်အလင်းတန်း ဆယ်ခု ပျံထွက်လာပြီး သူ့အနောက်တွင် ကျဆင်းသွားသည်။

လီလော့နှင့် အခြားသူများ လှမ်းကြည့်လိုက်သောအခါ ၎င်းတို့မှာ ကျားများနှင့်တူသော အနက်ရောင်ရုပ်သေးရုပ် ဆယ်နှင့်ချီဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုရုပ်သေးရုပ်များသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်နေပြီး ၎င်းတို့အပေါ်တွင် မှေးမှိန်သော မှော်အက္ခရာသင်္ကေတများ တောက်ပနေကာ သူတို့ပတ်ဝန်းကျင်ရှိ လောကသဘာဝစွမ်းအင်အားလုံးကို စုပ်ယူနေကြသည်။

"ဒါပေမယ့်၊ ငါ့ရဲ့စွမ်းအားကို တခြားနည်းလမ်းတွေနဲ့ တိုးမြှင့်လို့ ရပါသေးတယ်။ ပြီးတော့ ဒီနည်းလမ်းက အစီအရင်ရဲ့ အနှောင့်အယှက်ကို လုံးဝ ခံရမှာ မဟုတ်ဘူး။"

ကျောက်ကျင်းယွီ၏ ရယ်မောသံ တိတ်သွားသောအခါ၊ ဆယ်နှင့်ချီသော အနက်ရောင်ကျားရုပ်သေးရုပ်များထံမှ အလင်းတန်းများ ထွက်ပေါ်လာ၏။ အဆိုပါ အလင်းတန်းများက ကျောက်ကျင်းယွီ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး နောက်တစ်ခဏတွင် ကျောက်ကျင်းယွီ၏ ပဲ့တင်သံစွမ်းအင်များ အံ့မခန်းနှုန်းဖြင့် မြင့်တက်လာသည်ကို သတိပြုမိလိုက်ရာ လီဖုန်းယီ၏ မျက်နှာထား အလွန်တရာ ဆိုးရွားသွားတော့သည်။

ခဏအကြာတွင်၊ ကျောက်ကျင်းယွီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် နှောင်းပိုင်းနတ်ဆိုးအဆင့် မှ ကောင်းကင်ပုလဲအဆင့်သို့ မြင့်တက်သွားခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီဖုန်းယီ၊ တျန့်ဖုန်းရှန်နှင့် လီကျင်းထောင်တို့၏ နှလုံးသားများ လေးလံသွားခဲ့သည်။

ကျောက်ကျင့်ယွီ၏ တိုးပွားလာသော စွမ်းအားများက ပေါင်းစည်းစွမ်းအင်အခြေအနေတွင် ရှိစဉ်ကလောက် မများပြားသော်လည်း၊ လက်ရှိအခြေအနေ၌ သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာရန် လုံလောက်နေပြီဖြစ်သည်။

ဒါက ကျောက်ကျင်းယွီ ပြင်ဆင်ထားခဲ့တဲ့ အကောင်းဆုံးဝှက်ဖဲ ဖြစ်ရမယ်။

နှစ်ဘက်စလုံး အားနည်းသွားချိန်တွင် သူတဉီးတည်း၏ကိုယ်ပိုင်စွမ်းအားသာ မြင့်တက်လာခဲ့သည်။

ယင်းနှစ်ခုစလုံးကို ပေါင်းစပ်လိုက်ပါက၊ သူတို့၏ စွမ်းအားကွာဟချက်မှာ သိသာထင်ရှားစွာ ကျယ်ပြန့်သွားခဲ့ပြီဖြစ်သည်။

All Chapters