← Chapters

ခြေတစ်ချက်ကန်ခြင်း

Vol. 63 Ch. 871

ခြေတစ်ချက်ကန်ခြင်း

Vol. 63 Ch. 871

ကျောက်ကျင်းယွီ၏ လှည့်ကွက်များက အခြေအနေကို ကြီးမားစွာ ပြောင်းလဲသွားစေခဲ့သည်။

ပေါင်းစည်းစွမ်းအင်နှင့် ကြီးမားသော စွမ်းအင်များ ပျောက်ကွယ်သွားခြင်းက လီဖုန်းယီတို့အဖွဲ့ကို စိတ်မသက်မသာ ဖြစ်စေရုံသာမက၊ တံခွန်အဖွဲ့ဝင်များ၏ စိတ်ဓာတ်ကိုပါ ဆိုးရွားစွာ ကျဆင်းသွားစေခဲ့သည်။

အရေးအကြီးဆုံးမှာ၊ ကျောက်ကျင်းယွီသည် အစီအရင်၏ အနှောင့်အယှက်မှ ရှောင်လွှဲရန် အခြားနည်းလမ်းတစ်ခုကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူသည် အနက်ရောင်ကျားရုပ်သေးများကို အသုံးပြု၍ ကိုယ်ပိုင်စွမ်းအားကို ကောင်းကင်ပုလဲအဆင့်အထိ ကြီးမားစွာ မြှင့်တင်နိုင်ခဲ့သည်။ ဤအရာက လက်ရှိအခြေအနေတွင် သူ့ကို ရှင်းလင်းစွာ အသာစီးရစေရန် လုံလောက်နေပြီဖြစ်သည်။ လီဖုန်းယီနှင့် ကျန်သူများ၏ စိုးရိမ်နေသော မျက်နှာထားများနှင့် ဆန့်ကျင်ဘက်အနေဖြင့်၊ လီလော့ကမူ တည်ငြိမ်နေဆဲဖြစ်သည်။

ကျောက်ကျင်းယွီက တံခွန်အဖွဲ့ဝင်များနှင့် ဆက်သွယ်မှုကို ဖြတ်တောက်ရန် အစီအရင်ကို ဖွင့်လှစ်ပြီး ပေါင်းစည်းစွမ်းအင်ကို ဖျက်သိမ်းလိုက်သည့် အချိန်မှာပင်၊ လီလော့က လက်ကောက်အတွင်းရှိ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေနှင့် အဆက်အသွယ် ရရှိနေခဲ့ပြီဖြစ်သည်။

ဒါက သူ့ကို အနည်းငယ် စိတ်အေးသွားစေသည်။ ပေါင်းစည်းစွမ်းအင် အနှောင့်အယှက်ခံလိုက်ရသော်လည်း သူသည် ဝံပုလွေ၏ စွမ်းအားကို ငှားရမ်းသုံးစွဲနိုင်သေးသည်။

ဒါက စွမ်းအားငှားရမ်းတဲ့ နေရာ ပြောင်းသွားတာလောက်ပါပဲ…

ထို့ကြောင့် လက်ရှိအခြေအနေက လီလော့အတွက် သေချာပေါက် ဆိုးရွားနေခြင်းမျိုး မဟုတ်နိုင်ပေ။

"လီလော့၊ ဒါကို နောက်ဆုံးအကြိမ်အနေနဲ့ ငါပြောမယ်။ မင်းရဲ့လက်ကို ကိုယ်တိုင်ဖြတ်လိုက်၊ အဲဒါဆိုရင် မင်းကို ငါလွှတ်ပေးမယ်" ဟု ကျောက်ကျင်းယွီက မဲ့ပြုံးတစ်ခုဖြင့် သူတို့ကို အေးအေးဆေးဆေး စိုက်ကြည့်ကာ လီလော့ကို ပြောလိုက်သည်။

တုံ့ပြန်သည့်အနေဖြင့် လီလော့က သိမ်မွေ့သော အပြုံးတစ်ခုကို ပြသကာ….

"မင်းက ဒီလောက် အလိုလိုက်ရခက်တဲ့ လူတစ်ယောက်ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါဆိုရင်လည်း နဂါးစွယ်ငါးချောင်းကိုထားခဲ့ပြီး ဒီကနေ ထွက်သွားလိုက်တော့" ဟု ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကျောက်ကျင်းယွီ၏အကြည့်များ လုံးဝ အေးစက်သွားသည်။ စကားထပ်ပြောနေရန်ပင် မကြိုးစားတော့ဘဲ ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်သံစွမ်းအင်များ အတားအဆီးမရှိ ထွက်ပေါ်လာသည်။ စွမ်းအင်၏ ပြင်းအားမှာ ယခင်ကလောက် မပြင်းထန်သော်လည်း ကောင်းကင်ပုလဲအဆင့်၏ စွမ်းအားဖြစ်နေဆဲပင်။ ဤအရာက လီဖုန်းယီ၊ တျန့်ဖုန်းရှန်နှင့် ကျန်သူများကို ဖိအားအောက်တွင် တုန်လှုပ်သွားစေရန် လုံလောက်သည်။

ခြေထောက်ကို မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်သောအခါ အောက်ဘက်ရှိ မြေပြင် အက်ကွဲသွားသည်။ ထို့နောက် သူသည် လျှပ်စီးတန်းသဖွယ် လီလော့ထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။

"ညီလေးသုံး၊ သူ့ကို တားဖို့ အစ်ကို ကူညီမယ်!" ဟု လီကျင်းထောင်က အော်ပြောလိုက်သည်။

ကျောက်ကျင်းယွီ ပြေးဝင်လာသည်ကို မြင်သည်နှင့် မျက်နှာထား လေးနက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ကျောက်ကျင်းယွီက ယခုအခါ ကောင်းကင်ပုလဲအဆင့်တွင် ရှိနေပြီး၊ လီလော့ကမူ နတ်ဆိုးခန္ဓာအဆင့်တွင်သာ ရှိသေးသည်။ သူတို့၏ စွမ်းအားကွာဟချက်က အရမ်းကြီးမားလွန်းသည်။ သူတို့သာ အခုချက်ချင်း ထိပ်တိုက်တွေ့ပါက လီလော့မှာ အလွန်ကြီးမားသော အားနည်းချက်ဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့် လီကျင်းထောင်က နာမည်ကြီး ခုခံရေးတိုက်ကွက်ဖြင့် ဦးစွာ ဝင်ရောက်ကူညီပေးချင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း၊ လီကျင်းထောင် လှုပ်ရှားလိုက်သည်နှင့် ကျောက်ကျင်းယွီ၏ အနောက်ဘက်မှ လူရိပ်သုံးခု ရှေ့သို့ ပျံသန်းလာသည်။ ပထမဆုံးလူက လီကျင်းထောင်ကို တိုက်ရိုက်ရည်ရွယ်၍ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။

ယင်းကို ရင်ဆိုင်ရန် လီကျင်းထောင်မှာ အရှိန်လျှော့ကာ ၎င်းကို ကာကွယ်ရန် ပဲ့တင်သံစွမ်းအင်ကို ထုတ်ယူသုံးစွဲရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ကျောက်ကောင်းကင်ဧကရာဇ်ကလန်မှ အခြားသော တပ်ခွဲမှူးနှစ်ယောက်သည်လည်း ဤအချိန်တွင် လီဖုန်းယီနှင့် တျန့်ဖုန်းရှန်တို့ထံသို့ သွားရောက်တိုက်ခိုက်ကြသည်။ သိသာထင်ရှားစွာပင်၊ သူတို့သည် ကျောက်ကျင်းယွီက လီလော့ကို အဆုံးသတ်ရန် အချိန်လုံလောက်စွာရသည်အထိ ထိုသူများကို တားဆီးထားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ထိုအချိန်မှာပင်၊ ကျောက်ကျင်းယွီက လီလော့၏အရှေ့တွင် မည်သည့်အတားအဆီးမျှမရှိဘဲ ပေါ်လာခဲ့သည်။

သူသည် ကြီးမားလှသော ဓားနီကြီးကို အသုံးပြုကာ မြေပြင်ဆီသို့ ပိုင်းချလိုက်ရာ၊မြေပြင်ပေါ်တွင် လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။

"လီလော့၊ မင်းရဲ့ လက်တစ်ဖက်ကို လိုချင်တယ်လို့ ငါပြောထားပြီးသား… ဒီနေ့ ဘယ်သူမှ ငါ့ကို တားလို့မရဘူး!"

ကျောက်ကျင်းယွီက ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် ပြောလိုက်စဉ်၊ ကြီးမားသော ပဲ့တင်သံစွမ်းအင်များ ထွက်ပေါ်လာပြီး ရက်စက်သော ကျားတစ်ကောင်၏ ပုံရိပ်က သူ့အနောက်တွင် ပေါ်လာသည်။

ရွှစ်!

သူ ဓားကို လွှဲခုတ်လိုက်သောအခါ၊ နတ်ဆိုးစွမ်းအင်များ အပြည့်ပါဝင်နေသော အနီရင့်ရောင် ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ယင်းက သူသည် စွမ်းအားများကို အနည်းငယ်မျှ ချန်မထားဘဲ တကယ်ကို ပြင်းထန်ကြမ်းတမ်းစွာ ပိုင်းချလိုက်ခြင်းဖြစ်သည်။

နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့် တစ်ယောက်၏ စွမ်းအားကပင် ဤဓားအလင်းတန်း၏ ပြင်းထန်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

”မောင်လေး နောက်ဆုတ်!"

လီဖုန်းယီက သူ့ကို သတိပေးလိုက်သော်လည်း၊ လီလော့ကတော့ လုံးဝ နောက်မဆုတ်ပေ။ သူ့ မျက်လုံးထဲတွင် ဓားအလင်းတန်းက ပိုပိုကြီးလာသော်လည်း၊ ချောမောသောမျက်နှာမှာ လှိုင်းမရှိသော ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်နေသည်။

ဓားအလင်းတန်း နီးကပ်လာသောအခါ၊ သူက ရှေ့သို့ကိုင်းလိုက်ပြီး ခြေဖဝါးက အောက်ရှိမြေပြင်ကို နင်းခြေလိုက်သည်။ ထို့နောက် ခြေထောက်ကို လွှဲကာ အားပြင်းသော ကန်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

"မင်းက သေချင်နေတာပဲ!"

လီလော့က ဓားအလင်းတန်းကို တိုက်ရိုက် ကန်လိုက်သည်ကို မြင်သောအခါ ကျောက်ကျင်းယွီက ရက်စက်စွာ ရယ်မောလိုက်သည်။ ဓားအလင်းတန်း ဆက်လက်လွင့်စင်လာပြီး လီလော့၏ ခြေထောက်တစ်ဖက်ကို ဖြတ်တောက်ပစ်တော့မည့်ဆဲဆဲတွင်…..

နောက်တစ်ခဏတွင် ဓားအလင်းတန်းက ကန်ချက်နှင့် ထိပ်တိုက်တွေ့သွားသည်။

သို့သော်၊ ၎င်းတို့နှစ်ခု ထိတွေ့သွားသောအခါ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။

ဝုန်း!

အသက်တစ်ရှိုက်စာ အချိန်တောင် မကြာလိုက်ခင်မှာပဲ ကွဲအက်သွားတဲ့ အသံကို ကြားလိုက်ရတယ်။

ကျောက်ကျင်းယွီ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာမှာ အေးခဲသွားပြီး ထိုခဏ၌ မျက်လုံးအိမ်များ ကျယ်လာသည်။နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသော ဓားအလင်းတန်းက လီလော့၏ ကန်ချက်ကြောင့် အပိုင်းပိုင်းအစစ ကွဲကြေသွားသည်ကို သူ ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။

ဓားအလင်းတန်း ပြိုကျသွားသောအခါ၊ ပြင်းထန်သော စွမ်းအင်များ ရစ်ပတ်ထားသည့် လီလော့၏ ခြေထောက်က ကျောက်ကျင်းယွီ၏ မျက်နှာကို အရိုးများကျိုးကြေသွားလောက်သည့် ပြင်းထန်သော တိုက်ခိုက်မှုဖြင့် တည့်တည့် ကန်ချလိုက်လေသည်။

ဘန်း!

တိုးညှင်းပြီး လုံးထွေးနေသော အသံတစ်ခု လေထဲတွင် မြည်ဟည်းသွား၏။

ကျောက်ကျင်းယွီ၏ မျက်နှာမှာ ဤအခိုက်အတန့်တွင် ပြိုဆင်းသွားသကဲ့သို့ဖြစ်ပြီး မျက်နှာအစိတ်အပိုင်းများ လိမ်ကောက်သွားသလိုပင်ထင်လိုက်ရသည်။သူသည် အစောပိုင်းက ရှေ့သို့ ပြေးဝင်လာသည့် အမြန်နှုန်းထက် ပိုမြန်သောနှုန်းဖြင့် နောက်သို့ လွင့်စင်သွားပြီး မီတာရာပေါင်းများစွာ မြေပြင်ပေါ်တွင် သနားစရာကောင်းလောက်အောင် လိမ့်ထွက်သွားသည်။

ခဏတာမျှ စစ်မြေပြင်ရှိ လေထုမှာ အေးခဲသွားလေသည်။

လီဖုန်းယီ၊ လီကျင်းထောင်၊ တျန့်ဖုန်းရှန် သို့မဟုတ် ကျောက်ကောင်းကင်ဧကရာဇ်ကလန်မှ တပ်ခွဲမှူးသုံးယောက် ဖြစ်စေ၊ သူတို့အားလုံး အံ့အားသင့်ကာ မှင်သက်သွားကြသည်။ သူတို့ကို ဝန်းရံထားသော ပဲ့တင်သံစွမ်းအင်များပင် အနည်းငယ် မှေးမှိန်သွားခဲ့သည်။

လီလော့၏ ကန်ချက်က ကျောက်ကျင်းယွီကို အသက်ရှင်လျက် ရှိမရှိ မသိရသည့် အခြေအနေသို့ ရောက်သွားစေသည်ကို သူတို့ မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

ဘာတွေ ဖြစ်သွားတာလဲ?!

ကျောက်ကျင်းယွီသည် ရုပ်သေးရုပ်များ၏ အကူအညီဖြင့် ကောင်းကင်ပုလဲအဆင့်သို့ အားဖြည့်ထားခဲ့သည်။

သူက ခြေတစ်ချက်ကန်ခံရုံနဲ့ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုးကို ရောက်သွားရတာလဲ?

ဘာဖြစ်သွားခဲ့တာလဲ?!

ရှုပ်ထွေးနေသော လေထုကြားတွင်၊ ကျောက်ကောင်းကင်ဧကရာဇ်ကလန်မှ တပ်ခွဲမှူးသုံးယောက်က သူတို့၏ ပဲ့တင်သံစွမ်းအင်များကို ထိန်းချုပ်လိုက်ပြီး လဲကျနေသော ကျောက်ကျင်းယွီကို ကူညီရန် အမြန်ပြေးသွားကြသည်။

ထိုအချိန်တွင်၊ ကျောက်ကျင်းယွီ၏ မျက်နှာပေါ်ရှိ သွေးများနှင့် အသားများမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသကဲ့သို့ လုံးဝ ပျော့ဖတ်ဖြစ်နေသည်။ သူ့ကို သူတို့ ထူပေးလိုက်သောအခါ အမြင်အာရုံ တဖြည်းဖြည်း ပြန်လည်မကောင်းမွန်လာမီ သွေးနှစ်ပွက်ခန့် အန်ချလိုက်သေးသည်။

"မ-မဖြစ်နိုင်ဘူး!"

သူ့အသံမှာ အက်ကွဲနေပြီး၊ ပြင်းထန်လွန်းသော နာကျင်မှုကြောင့် ခန္ဓာကိုယ်တခုလုံး တုန်ယင်နေကာ နှလုံးသားထဲတွင် ဒေါသနှင့် ရှက်ရွံ့မှုများပြည့်နှက်နေချေပြီ။

ရုပ်သေးများ၏ ပြင်ပအကူအညီဖြင့် စွမ်းအားကို မြှင့်တင်ပြီးနောက်တွင် လီလော့၏ ကန်ချက်တစ်ချက်က သူ့ကို ဤအခြေအနေသို့ ရောက်သွားစေသည်ဆိုသော အချက်ကို သူ ရှင်းလင်းစွာ လက်မခံနိုင်ပေ။

လီလော့၏ ကန်ချက်ထဲတွင် ပုန်းကွယ်နေသော စွမ်းအားက ပုံမှန်မဟုတ်သည်မှာ သေချာသည်။

လီလော့လို နတ်ဆိုးခန္ဓာအဆင့် ပြိုင်ဘက်တစ်ယောက်မှာ ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး!

"မ-မင်းရဲ့ ပေါင်းစည်းစွမ်းအင်က မပျက်ပြယ်သွားဘူးပဲ!" ဟု ကျောက်ကျင်းယွီက ခက်ခဲစွာ ပြောလိုက်သည်။

ဤသည်က သူစဉ်းစားနိုင်သည့် တစ်ခုတည်းသော ရှင်းပြချက်ပင်။ တစ်နည်းနည်းဖြင့်၊ လီလော့က အစီအရင်မှ အနှောင့်အယှက်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်မည်။

အနီးနားရှိ အခြားသူများလည်း လီလော့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

လီလော့က ခြေထောက်ကို ရုပ်သိမ်းလိုက်ရင်း ပြုံးကာ … "တကယ်ကို သက်တောင့်သက်သာရှိတဲ့ ကန်ချက်ပဲ" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျောက်ကျင်းယွီ၏ ဒေါသများ ပေါက်ကွဲထွက်လုမတတ် ဆူပွက်လာသည်။ သို့သော်လည်း လီလော့၏ လှောင်ပြောင်မှုကို နားထောင်ရင်း တကိုယ်လုံး တုန်ယင်ကာ ဒေါသကို မြိုသိပ်ထားရုံမှလွဲ၍ ဘာမှမလုပ်နိုင်ပေ။

ထိုကန်ချက်က သူ့ကို တကယ်ပဲ ထိတ်လန့်သွားစေခဲ့သည်။ အစပိုင်းတွင် အစီအရင်၏ အကူအညီဖြင့် သူတို့၏ စွမ်းအားကွာဟချက်ကို ချဲ့ထွင်ရန် သူ စီစဉ်ခဲ့သည်။ ယင်းအစား လီလော့ကို ကူညီရာရောက်သွားမည်ကို ဘယ်သူက သိမည်နည်း? လီလော့၏ ပေါင်းစည်းစွမ်းအင် လုံးဝ မပျောက်ကွယ်သွားဘူးဆိုလျှင်၊ ဤအစီအရင်သည် ရည်ရွယ်ထားသည့်အရာ၏ ဆန့်ကျင်ဘက်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေလော?

လက်ရှိအခြေအနေမှာ ကျောက်ကျင်းယွီတို့အဖွဲ့အတွက် အားနည်းချက်ဖြစ်သွားခဲ့ပြီဖြစ်သည်။

သူ ဤအကြပ်အတည်းတွင် ပိတ်မိနေစဉ်မှာပင်၊ ကျောက်ကောင်းကင်ဧကရာဇ်ကလန်မှ တပ်ခွဲအဖွဲ့ဝင်များရှိရာဘက်မှ ရုတ်တရက် စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။

ဤရုတ်တရက်ဖြစ်ပေါ်လာမှုက လီလော့တို့အဖွဲ့ကိုလည်း အငိုက်မိသွားစေသည်။

သူတို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

အမည်မသိ စွမ်းအားတစ်ခုက ဝင်ရောက်မွှေနှောက်သွားသကဲ့သို့ ခန္ဓာကိုယ်ရာပေါင်းများစွာ လေထဲသို့ လွင့်စင်သွားကြသည်။ သူတို့၏ မျက်နှာများမှာ နာကျင်မှုများဖြင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာများ ရရှိထားကြသည်။

သူတို့ ရုန်းကန်နေစဉ်မှာပင်၊ နောက်ထပ် ထိတ်လန့်ဖွယ်ရာ တစ်ခု ဖြစ်ပျက်သွားခဲ့သည်။

သူတို့၏ အရေပြားများ ခန္ဓာကိုယ်မှ စုတ်ပြဲကွာကျသွားခြင်းပင်။

နောက်တစ်ခဏတွင် လူ့အရေပြား ရာပေါင်းများစွာက လေထဲတွင် လွင့်မျောနေလေ၏။

ရာပေါင်းများစွာသော တပ်ခွဲဝင်များကတော့ လတ်ဆတ်သော သွေးများ ယိုစီးကျနေကာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်တွင် လူးလှိမ့်ကျန်ရစ်ခဲ့သည်။

"ဟီးဟီး။"

ထိုစဉ် အဝေးတစ်နေရာမှ ထူးဆန်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

မည်သူမျှ သတိမပြုမိခင်မှာပင်၊ ဖြူဖျော့ဖျော့ လူရိပ်တစ်ခု သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ပေါ်လာသည်။ ၎င်းက ရှိနေကြောင်း အသိပေးလိုက်သောအခါ၊ လေထဲတွင် တွဲလောင်းဖြစ်နေသော လူ့အရေပြား ရာပေါင်းများစွာက ၎င်းထံသို့ ပျံသန်းသွားပြီး ၎င်း၏ ခန္ဓာကိုယ်ကို တစ်လွှာပြီးတစ်လွှာ ဖုံးအုပ်သွားသည်။

ထိုအချိန်မှာပင်၊ ဤဖြူဖျော့ဖျော့လူရိပ်တွင် ဆံပင်မရှိကြောင်း အခြားသူများ သတိပြုမိလိုက်သည်။ ၎င်း၏ ဖြူရော်နေသော ခန္ဓာကိုယ်သည် လူ့အရေပြားအလွှာများဖြင့် ဖွဲ့စည်းထားခြင်းမှလွဲ၍ အခြားလူတစ်ယောက်နှင့် အတိအကျ တူညီနေသည်။

ရှိနေသူတိုင်း၏ နှလုံးသားထဲတွင် အေးစိမ့်သောလေတစ်ချက် တိုက်ခတ်သွားချေပြှ။

ဒါက အစစ်အမှန်နတ်ဆိုး ကမ္ဘာခြားသက်ရှိတစ်ကောင်ပဲ…

အထူးသဖြင့် လီလော့၊ လီဖုန်းယီနှင့် ကျန်သူများမှာ ပို၍ပင် အမူအရာ လေးနက်သွားကြသည်။

ဒါက 'လူ့အရေပြား အစစ်အမှန်နတ်ဆိုး'ပဲ!

ထိုသတ္တဝါမှယ လီလော့နှင့် ကျန်သူများ အစောပိုင်းက ရှင်းလင်းချင်ခဲ့သော်လည်း ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သော အစစ်အမှန်နတ်ဆိုး နှစ်ကောင်ထဲမှ တစ်ကောင်ဖြစ်သည်။

၎င်းသည် သူတို့နောက်မှ မီးတောက်နီတောင်တန်းထဲသို့ လျှို့ဝှက်စွာ လိုက်ပါလာခဲ့ပုံရသည်။

All Chapters