အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
အခန်း (၆၁၃) - အကြီးအကဲအဖြစ် ရာထူးတိုးခြင်းနှင့် စောင့်ကြပ်ရေး တာဝန် (၂)
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် တစ်ခုလုံးတွင် သတင်းများက တောမီးပမာ ဟုန်းဟုန်းတောက်နေချေပြီ။
“မင်းတို့ ကြားပြီးပြီလား... ယွီလုံ နန်းတော်က ပါရမီရှင် တာအို သားတော် တစ်ပါးကို ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက သတ်ဖြတ်လိုက်လို့တဲ့... အခုတော့ ယွီလုံ နန်းတော်နဲ့ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက လူတွေ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ် ထဲမှာ သွေးချောင်းစီးအောင် တိုက်ခိုက်နေကြပြီ...”
“အို... အံ့သြစရာပဲ... စောစောက ယွီလုံ နန်းတော်က လူတွေဆီမှာ ပြင်းထန်လှတဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေ မြင်ခဲ့ရတာ ဒါကြောင့်ကိုး... အခုမှ အကြောင်းစုံ သိရတော့တယ်...”
“မိစ္ဆာမျိုးနွယ်စုတွေကို တိုက်ထုတ်ပြီးခါစမှာတင် လူသား အချင်းချင်း ပြန်ပြီး တိုက်ခိုက်နေကြတာလား... ယွီလုံ နန်းတော်က လူအင်အား အမြောက်အမြား ထပ်ရောက်လာတာ ကြည့်ရရင်တော့ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက လူတွေကို အပြီးတိုင် ချေမှုန်းဖို့ ကြံစည်နေတာ ထင်တယ်...”
“ဟိုမှာ ကြည့်စမ်း... ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက လူတွေလည်း ရောက်လာကြပြီဟ...”
တစ်နေ့ဝက်အတွင်းမှာပင် အင်အားကြီး ဂိုဏ်းနှစ်ခုမှ ကျင့်ကြံသူများမှာ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်သို့ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြကာ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ် ဆီသို့ အပြေးအလွှား ဦးတည်သွားကြသည်။ စုယွီသည် ထိုသတင်းကို ကြားသိရသောအခါ များစွာ အံ့အားသင့်သွားရ၏။ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး နှစ်ခုမှာ စစ်ပွဲကြီး ဆင်နွှဲတော့မည် ဆိုပါက ဤသတင်းသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကြီး တစ်ခုလုံးကို လှုပ်ခါသွားစေတော့မည်မှာ အမှန်ပင် ဖြစ်၏။
လအနည်းငယ် ကုန်လွန်သွားပြီးနောက်။
မြေကမ္ဘာအင်မော်တယ် နန်းတော်... တာ့ယွီ တောင်ထွတ်။
တာအိုဆရာ ထျန်းယွီ နှင့် ဟွမ်ကျူး တို့ အပါအဝင် မြေကမ္ဘာအင်မော်တယ် နန်းတော်မှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများမှာ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ် မှ ပြန်လည် ဆုတ်ခွာလာခဲ့ကြလေပြီ။ စုယွီသည်လည်း ထိုသတင်းကို ကြားသည်နှင့် တာ့ယွီ တောင်ထွတ်သို့ ချက်ချင်း ပြန်လာခဲ့တော့၏။
ခြံစည်းရိုးခတ်ထားသော ခြံဝင်းငယ်လေး အတွင်း၌ စုယွီသည် ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီ အတွက် ဝိညာဉ် လက်ဖက်ရည်ကို နှပ်ပေးရင်း ယွီလုံ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းတို့၏ ပဋိပက္ခ အကြောင်းကို နားထောင်နေမိသည်။
တာအိုဆရာ ထျန်းယွီက မျက်မှောင်ကြုတ်လျက် ဆိုလာ၏။
“ဒီကိစ္စက တစ်ခုခုတော့ မှားနေပြီ... ယွီလုံ နန်းတော်နဲ့ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ကြားက ရန်ပွဲက အရမ်း မြန်ဆန်လွန်းတယ်... အစက ယွီလုံ နန်းတော်ရဲ့ တာအို သားတော် တစ်ယောက် အသတ်ခံရတယ်... အဲဒီနောက်မှာ ယွီလုံ နန်းတော်ကလည်း ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက မူလဝိညာဉ် အဆင့်နှောင်းပိုင်း အကြီးအကဲ တစ်ယောက်ကို ချောင်းမြောင်း သတ်ပစ်လိုက်တယ်...”
“ဒါကြောင့် အချင်းချင်း ညှိနှိုင်းဖို့တောင် မကြိုးစားဘဲ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ် ထဲမှာ တိုက်ရိုက် တိုက်ခိုက်ကြတဲ့အထိ ဖြစ်သွားတာပဲ... အခုတော့ လူစုခွဲသွားကြပြီ ဆိုပေမယ့် ဒီကိစ္စက ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး... ဒီဂိုဏ်းကြီး နှစ်ခုက နောက်ထပ် တစ်ခါ တိုက်ပွဲ ထပ်ဖြစ်ကြဦးမှာ သေချာတယ်...”
စုယွီသည် ယွီလုံ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့၏ ကိစ္စကို များစွာ စိတ်ဝင်စားခြင်း မရှိသော်လည်း ဆရာဖြစ်သူ၏ အပြောကြောင့် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကာ မေးမြန်းလိုက်၏။
“ဆရာ... တစ်စုံတစ်ယောက်က သူတို့ နှစ်ဖက်ကြားမှာ သွေးထိုးပေးနေတယ်လို့ သံသယ ရှိနေတာလား...”
တာအိုဆရာ ထျန်းယွီသည် အတန်ကြာ စဉ်းစားနေပြီးမှ ဝိညာဉ် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ကာ စကားဆက်သည်။
“မင်း တောအုပ်ထဲက ထွက်သွားပြီး မကြာခင်မှာပဲ တစ်စုံတစ်ယောက်က ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သေးတယ်... ကံကောင်းတာက ငါ့ရဲ့ ဒဏ်ရာတွေက အရင်လို မဟုတ်တော့ဘူး... ဝိညာဉ်ခွဲထွက် အဆင့်က မဟုတ်ရင် ငါ့ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး... တိုက်ခိုက်တဲ့လူက အရေးနိမ့်လို့ ဆုတ်ခွာသွားပေမယ့် သူ့ရဲ့ ကျင့်စဉ်နဲ့ အင်အားက ငါတို့ တာ့ချန် လောကက လူ မဟုတ်သလိုပဲ...”
ထိုအခါ၊ စုယွီမှာ လန့်ဖျပ်သွားကာ မေးလိုက်မိ၏။
“ကျွန်တော်တို့ တာ့ချန် လောကက မဟုတ်ရင် သူက ဘယ်သူဖြစ်မလဲ ဆရာ...”
တာအိုဆရာ ထျန်းယွီက သူ၏ အတွေးများကို ဂရုတစိုက် ဖော်ပြလာသည်။
“ငါလည်း သေချာတော့ မပြောနိုင်ဘူး... တောရိုင်းနယ်မြေ က လူဖြစ်နိုင်သလို... ဒါမှမဟုတ် စိမ်းပြာငရဲ အင်မော်တယ် နန်းတော် ကလည်း ဖြစ်နိုင်တယ်...”
စုယွီ တစ်စုံတစ်ရာ ပြန်မပြောမီမှာပင် ထျန်းယွီက ဆက်၍ ဆိုပြန်၏။
“ငါ့ကို လုပ်ကြံဖို့ ကြိုးစားတာတင် မဟုတ်ဘူး... တခြား အင်အားစုတွေဆီမှာလည်း ဒီလို ဖြစ်ရပ်မျိုးတွေ ကြုံနေရတယ်လို့ ကြားတယ်... ဒါပေမဲ့ ယွီလုံ နန်းတော်နဲ့ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ကြားက ပြဿနာက အကြီးမားဆုံး ဖြစ်နေလို့ တခြား ပဋိပက္ခတွေကို ဖုံးကွယ်ထားသလို ဖြစ်နေတာပဲ...”
သူက စုယွီကို လှမ်းကြည့်ကာ သတိပေးသည်။
“မင်း အပြင်သွားရင် သတိထားဦး... ဒီတစ်ခါ မိစ္ဆာမျိုးနွယ်စုတွေကို တိုက်ထုတ်ဖို့ လူသားတွေ လက်တွဲခဲ့ကြတယ် ဆိုပေမယ့် အချင်းချင်း ဆက်ဆံရေးက ကောင်းလှတယ်လို့ မပြောနိုင်ဘူး... တောအုပ်ထဲက ရတဲ့ ရတနာတွေကြောင့် အရင်းအမြစ် ခွဲဝေမှု ကိစ္စတွေမှာ တာ့ချန် လောကကြီးက ပိုပြီး ရှုပ်ထွေးလာနိုင်တယ်... တချို့ အင်အားစုတွေက အခွင့်အရေး မရခဲ့ရင် သူများ ရထားတာကို ကိုယ့်အပိုင် လုပ်ဖို့ ကြိုးစားကြမှာပဲ...”
“ဝုန်း...”
ထိုစဉ်မှာပင် တာအိုဆရာ ထျန်းယွီ နှင့် စုယွီ တို့မှာ ယွဲ့လန် တောင်ထွတ် ဘက်ဆီသို့ အာရုံရောက်သွားကြသည်။
ထိုအရပ်ရှိ အခင်းအကျင်းကြီးမှာ နိုးထလာခဲ့ပြီး လှုပ်ရှားမှုများကို ဖုံးကွယ်ထားသော်ငြားလည်း တစ်စုံတစ်ယောက်က ရွှေအမြုတေ အဆင့်ကို ကျော်လွန်၍ မူလဝိညာဉ် အဆင့်သို့ အဆင့်တက်လှမ်းရန် ကြိုးပမ်းနေသည့် အရှိန်အဝါကို သူတို့ ခံစားလိုက်ရ၏။
စုယွီသည် ထိုလှုပ်ခတ်မှုကို ခံစားမိသည်နှင့် ဝမ်းသာအားရ ဆိုလိုက်၏။
“ဒါ ညီမငယ်လေး ချင်းချွမ် ပဲ... သူ အကြာကြီး ပြင်ဆင်နေခဲ့တာ... နောက်ဆုံးတော့ မူလဝိညာဉ် အဆင့်ကို တက်လှမ်းတော့မှာပဲ...”
တာအိုဆရာမ ချင်းချွမ်၏ အဆင့်ချိုးဖြတ်မှုမှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီးနောက် ယွဲ့လန် တောင်ထွတ် ပေါ်တွင် ပြန်လည် ငြိမ်သက် သွားသည်။ တစ်လခန့် အကြာတွင်တော့ တစ္ဆေဓား (ဂူကျန့်) တောင်ထွတ် ဘက်မှလည်း အလားတူ အရှိန်အဝါ တစ်ခု ထပ်မံ ထွက်ပေါ်လာကာ မူလဝိညာဉ် အဆင့်ဆီသို့ ဦးတည်နေပြန်၏။
အမျိုးသမီး နှစ်ဦးလုံး မူလဝိညာဉ် အဆင့်သို့ တက်လှမ်းနေသည်ကို မြင်သောအခါ တာအိုဆရာ ထျန်းယွီမှာ မနာလို ဖြစ်သွားကာ စုယွီကို ကြည့်၍ စိတ်မရှည်သလို အော်ဟစ်တော့သည်။
“သူတို့ နှစ်ယောက်လုံး မူလဝိညာဉ် အဆင့်ကို ရောက်ကုန်ပြီ... မင်းကရော ဘယ်တော့မှ အဆင့်တက်ဖို့ စိတ်ကူးရှိတာလဲ...”
စုယွီသည် စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း တည်ဆောက်ခြင်း လျှို့ဝှက်ချက်များကို ဆရာဖြစ်သူထံမှ သင်ယူနေရင်း ခပ်အေးအေးပင် ပြန်ဖြေလိုက်၏။
“မကြာတော့ပါဘူး ဆရာ... မကြာတော့ပါဘူး... ကျွန်တော်က ပါရမီ သာမန် ဝိညာဉ်အမြစ်ပဲ ရှိတာဆိုတော့ နောက်ထပ် နှစ် (၁၀၀) လောက်တော့ လိုဦးမှာပေါ့... ဟုတ်တယ် မဟုတ်လား...”
တာအိုဆရာ ထျန်းယွီမှာ စိတ်တိုလွန်းသဖြင့် မုတ်ဆိတ်မွေးများပင် ထောင်ထွက်လာကာ စုယွီကို ရိုက်နှက်ချင်စိတ် ပေါက်သွားတော့၏။ ကံကောင်းထောက်မစွာဖြင့် စုယွီသည် စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း အသစ်တစ်ခုကို အောင်မြင်စွာ တည်ဆောက်ပြနိုင်ခဲ့သဖြင့် အရိုက်မခံရဘဲ လွတ်မြောက်သွားခဲ့လေသည်။
သူ၏ တပည့်မှာ မူလဝိညာဉ် အဆင့်သို့ မရောက်သေးသော်လည်း ရွှေအမြုတေ အဆင့်ဖြင့်ပင် စတုတ္ထအဆင့် ဆေးဆရာ၊ လက်ဖွဲ့ ဆရာ နှင့် အခင်းအကျင်း ဆရာ ဖြစ်နေခြင်းက အခြားသော ပါရမီရှင်များထက် လုံးဝ နိမ့်ကျမနေခဲ့ပါချေ။
'ဒီလောက်ဆိုရင်လည်း တော်ရုံတန်ရုံတော့ ဟုတ်နေပါပြီလေ...'
တာအိုဆရာ ထျန်းယွီ၏ မျက်နှာတွင် ကျေနပ်ဂုဏ်ယူသည့် အပြုံးတို့ ပေါ်ထွက်နေသော်လည်း နှုတ်မှမူ စုယွီမှာ 'အတော်အသင့် ရှိသော တပည့်' မျှသာ ဖြစ်ကြောင်း ဆိုနေဆဲပင်။
ဤကောင်လေးကို မောက်မာခွင့် ပေးလိုက်၍ မဖြစ်ပေ... သို့မဟုတ်ပါက မူလဝိညာဉ် အဆင့်သို့ ရောက်ရန် နှစ်ပေါင်း (၂၀၀) လောက် အချိန်ဆွဲနေလိမ့်မည်။
ခြောက်လခန့် ကုန်လွန်သွားပြီးနောက်..
လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့၏ မူလဝိညာဉ် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မှုအတွက် ဂုဏ်ပြုပွဲ ကျင်းပပြီးနောက် စုယွီသည် တာ့ယွီ တောင်ထွတ်သို့ ပြန်ရောက်လာခဲ့လေသည်။
ထိုအခါ တာအိုဆရာ ထျန်းယွီက သူ့ကို ခြံဝင်းငယ်လေး အတွင်းသို့ ခေါ်ယူလိုက်တော့၏။
အခန်း (၆၁၄) - အကြီးအကဲအဖြစ် ရာထူးတိုးခြင်းနှင့် စောင့်ကြပ်ရေး တာဝန် (၃)
စုယွီကို အံ့အားသင့်သွားစေသည့် အချက်မှာ သူ၏ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီ၏ ဘေးတွင် သူ၏ တူမငယ်ဖြစ်သူ ပါရမီရှင် တာအိုသမီးတော် ဖန်ရှောင်ကိုပါ မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
တာအိုဆရာ ထျန်းယွီသည် စုယွီကို အနားသို့ ခေါ်ယူလိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ဆိုလာသည်။ “လတ်တလောမှာ ယွီလုံ နန်းတော်နဲ့ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းကြားမှာ ပဋိပက္ခတွေ ပြင်းထန်နေတယ်... အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြတာက ငါတို့ စံအိမ်တော်ရဲ့ နယ်မြေထဲက အင်မော်တယ် မြို့တော်တချို့ကိုပါ ထိခိုက်လာစေတယ်...”
သူသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ရင်း စကားဆက်သည်။ “ဒါကြောင့် စံအိမ်တော် သခင်ကြီးက မင်းနဲ့ ဖန်ရှောင်ကို ဟေးယွီ အင်မော်တယ် မြို့တော်ဆီ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်... အဲဒီမြို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျင့်ကြံခြင်း မြို့နယ်တွေ၊ ဈေးကွက်တွေနဲ့ အရင်းအမြစ် နယ်မြေတွေကို အခြေအနေ ပိုပြီး မဆိုးရွားလာအောင် သွားပြီး ထိန်းသိမ်း စောင့်ရှောက်ရမယ်...”
ခေတ္တမျှ ရပ်နားပြီးနောက် တာအိုဆရာ ထျန်းယွီသည် စုယွီကို စိုက်ကြည့်ကာ ဆိုပြန်၏။
“မင်းက စတုတ္ထအဆင့် ဆေးဆရာ၊ လက်ဖွဲ့ဆရာနဲ့ အခင်းအကျင်းဆရာ ဖြစ်နေပြီ... မင်းရဲ့ ကျင့်ကြံခြင်းက မူလဝိညာဉ် အဆင့်ကို မရောက်သေးပေမယ့် မင်းရဲ့ အရည်အချင်းတွေက အရှင်သခင် တစ်ပါးနဲ့ တန်းတူပဲ... ဒါကြောင့် ငါတို့ ဂိုဏ်းက မင်းကို ‘အတွင်းနန်းတော် အကြီးအကဲ’ ရာထူး တိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ...”
“ဒီတစ်ခါ ဟေးယွီ အင်မော်တယ် မြို့တော်ကို သွားတဲ့အခါမှာ မင်းက အကြီးအကဲ တစ်ယောက် အနေနဲ့ သွားရမှာ ဖြစ်ပြီး အဲဒီက မငြိမ်မသက်မှုတွေကို နှိမ်နင်းရလိမ့်မယ်...”
စုယွီသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း များစွာတော့ ထိတ်လန့်မသွားခဲ့ပါချေ။ သူ၏ ကျင့်ကြံခြင်းက မူလဝိညာဉ် အဆင့်ဟု လူသိရှင်ကြား မပြသထားသော်ငြားလည်း သူ၏ ကျွမ်းကျင်မှု ပညာရပ်များမှာ အရှင်သခင် တစ်ပါး၏ အဆင့်အတန်းနှင့် ထိုက်တန်နေခဲ့ပြီ ဖြစ်သည် မဟုတ်ပါလော။
မြေကမ္ဘာအင်မော်တယ် နန်းတော်ကဲ့သို့သော ထိပ်တန်းဂိုဏ်းကြီးတွင် အတွင်းနန်းတော် အကြီးအကဲ ရာထူးကို ရယူရန် သူသည် အပြည့်အဝ အရည်အချင်း ပြည့်မီနေခဲ့ချေပြီ။ ယခုအချိန်မှာ အင်မော်တယ် ဂိုဏ်းတော်အတွက် သူ ပြန်လည် အလုပ်အကျွေး ပြုရမည့် အချိန်ပင် ဖြစ်သည်။
ဤစံအိမ်တော်ကြီးတွင် အတွင်းနန်းတော် တပည့်ဘဝသည် အလွတ်လပ်ဆုံး အချိန်ကာလ ဖြစ်သည်။ နေ့စဉ် တာဝန်များမှလွဲ၍ ကျင့်ကြံရန် အချိန်များစွာ ရရှိပြီး တာဝန် အမျိုးမျိုးကို ထမ်းဆောင်ခြင်းဖြင့် ရရှိလာသော စွမ်းဆောင်ရည် ရမှတ်များကို အရင်းအမြစ်များဖြင့် လဲလှယ်နိုင်သည်။
ဤစနစ်မှာ ဂိုဏ်းဝင် တပည့်များနှင့် ပါရမီရှင်များကြီးထွားလာရန်အတွက် အထောက်အကူ ပြုသော်လည်း မူလဝိညာဉ် အဆင့်သို့ ရောက်ရှိသွားချိန် သို့မဟုတ် အကြီးအကဲ ဖြစ်လာချိန်တွင်တော့ အတိတ်က ရရှိခဲ့သော အကျိုးကျေးဇူးများအတွက် ဂိုဏ်းကို ပြန်လည် ပေးဆပ်ရတော့မည်။
ဟေးယွီ အင်မော်တယ် မြို့တော်ကို သွားရောက် စောင့်ကြပ်ရမည့် တာဝန်မှာ ပုံမှန် ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း အသစ်တက်လာသော တာအိုသမီးတော် ဖန်ရှောင်နှင့်အတူ သွားရမည် ဆိုခြင်းက စုယွီကို အနည်းငယ် ခေါင်းခဲသွားစေသည်။ သူမက အမျိုးသမီး ဖြစ်နေ၍ မဟုတ်ဘဲ သူမ၏ ဂိုဏ်းအတွင်းမှ အဆင့်အတန်းကြောင့်ပင် ဖြစ်၏။စုယွီအတွက်မူ ထိုအဆင့်အတန်းသည် ပြဿနာများကို ဖိတ်ခေါ်နေသည့် သံလိုက် တစ်ခုကဲ့သို့ပင်။
သို့သော်ငြားလည်း သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပါချေ။ စံအိမ်တော် သခင်ကြီး ကိုယ်တိုင် အမိန့်ချမှတ်ထားခြင်း ဖြစ်ရာ ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီ ပင်လျှင် ငြင်းပယ်ရန် မဖြစ်နိုင်ပေ။ စုယွီသည် ဆရာဖြစ်သူထံမှ အကြီးအကဲ ကိုယ်စားပြု တံဆိပ်ပြားကို လက်ခံရယူလိုက်ပြီးနောက် အကြီးအကဲ ဝတ်စုံကို လဲလှယ် ဝတ်ဆင်ကာ ဤတာဝန်ကို လက်ခံလိုက်တော့၏။
“ဆရာ... ကျွန်တော်နဲ့အတူ ထိုက်ရွှီ ရော ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကိုပါ ခေါ်သွားဖို့ ပြင်ဆင်ထားပါတယ်...” စုယွီက ပြောလိုက်သည်။
သူသည် ကိစ္စရပ်များ ခန်းမဆောင်သို့ သွားရောက်ကာ ထောင်နှင့်ချီသော သားရဲယဉ်ပါး လက်ဖွဲ့များကို ရယူလိုက်ပြီး ကောင်းကင်မိုးကြိုး ကြွက်များထံသို့ ခွဲဝေ ပေးလိုက်တော့၏။
ထိုအချိန်ကျလျှင် သူသည် ကြွက်အုပ်စုကို ဟေးယွီ အင်မော်တယ် မြို့တော်၏ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ဖြန့်ကျက် သွားစေမည် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပျက်လာခဲ့မည် ဆိုပါက သူသည် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုမှတစ်ဆင့် အမြန်ဆုံး သိရှိနိုင်မည် မဟုတ်ပါလော။ ဒါက လက်တွေ့ အသုံးချနိုင်မည့် ထောက်လှမ်းရေး ကွန်ရက်ကြီး တစ်ခုပါပင်။
မထွက်ခွာမီမှာပင် စုယွီသည် ဆရာဖြစ်သူထံမှ စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း တစ်စုံကိုပါ အရယူနိုင်ခဲ့သေးရာ ဆရာဖြစ်သူ၏ အရင်းအမြစ်များမှာ ကုန်ခမ်းလုနီးပါးပင် ဖြစ်သွားခဲ့ရ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် အစားထိုး အနေဖြင့် ရှေးဟောင်း ကြေးဝါဆီမီးခွက်နှင့် အဆင့်နိမ့် မိစ္ဆာရတနာ ဖြစ်သော လော့ရှီလော့ ဓားသွား တို့ကို ချန်ထားရစ်ခဲ့သည်။ သို့မဟုတ်ပါက နောင်အနာဂတ်တွင် ဆရာဖြစ်သူထံမှ ပစ္စည်းထပ်တောင်းရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။
'ဒီလိုဆိုရင်တော့ တစ်ခုခု ဖြစ်လာခဲ့ရင်တောင် ဘေးကင်းဖို့အတွက် စိတ်ချရပြီပဲ...'
စုယွီသည် လိုအပ်ချက်များ ရှိမရှိ သေချာစွာ ပြန်လည် စဉ်းစားလိုက်၏။
အရာအားလုံး ပြည့်စုံပြီဟု ယူဆရသော အခါမှသာ သူနှင့် ဖန်ရှောင်တို့သည် မြေကမ္ဘာအင်မော်တယ် နန်းတော်ရှိ နေရာရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် ဟေးယွီ အင်မော်တယ် မြို့တော်ဆီသို့ ဦးတည် ထွက်ခွာခဲ့ကြတော့သည်။
ဟေးယွီ အင်မော်တယ် မြို့တော်သည် စံအိမ်တော်၏ နယ်မြေအတွင်းရှိ အင်မော်တယ် မြို့တော်ကြီး (၂၀) ကျော်အနက်မှ တစ်ခု ဖြစ်သည်။ စုယွီသည် ထိုမြို့နှင့် ပတ်သက်သော မှတ်တမ်းများကို ဖတ်ရှုဖူးသည့်အပြင် တစ်ခါကလည်း ရောက်ဖူးခဲ့သဖြင့် မစိမ်းလှပါချေ။
သူ၏ အစ်မ လော့ချန်ယွီ ပင်လျှင် ဟေးယွီ အင်မော်တယ် မြို့တော်၏ လက်အောက်ခံ မြို့နယ်တစ်ခုတွင် တာဝန်ထမ်းဆောင်ဖူး၏။
သို့သော် ဤတစ်ကြိမ်မှာမူ ယခင်ကနှင့် မတူတော့ချေ။ သူသည် ဤနေရာ၌ အနည်းဆုံး နှစ်ပေါင်း (၂၀) ခန့် ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းရမည် ဖြစ်ပြီး အလှပဂေး တာအိုသမီးတော်လေး တစ်ဦးကလည်း ဘေးမှ လိုက်ပါလာခဲ့သည် မဟုတ်ပါလော။
တာအိုသမီးတော် ဆိုသည်မှာလည်း ချောမောလှပသော နတ်မိမယ်လေး တစ်ပါး ဖြစ်သကဲ့သို့ ပြဿနာအိုး တစ်ခုလည်း ဖြစ်သည်။
စုယွီသည် ရင်တွင်းမှသာ ဆုတောင်းနေမိတော့၏။
'ဘယ်လို ပြဿနာမှ ရောက်မလာပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပဲ…’
အခန်း (၆၁၅) ကြမ်းတမ်းပြီး ပွင့်လင်းလွန်းသည့် ဦးလေးငယ် (၁)
“အပြင်နန်းတော် အကြီးအကဲ ကျန်းဝမ်နဲ့တကွ အပြင်နန်းတော် တပည့်များက တာအိုသမီးတော်နဲ့ အကြီးအကဲစုကို ဂါရဝပြုကြပါတယ်...”
ဟေးယွီ အင်မော်တယ် မြို့တော်၏ အလယ်ဗဟို... ခမ်းနားထည်ဝါလှသော မြေကမ္ဘာ အင်မော်တယ် နယ်မြေကြီး၏ ရှေ့မှောက်တွင် အသက် (၄၀) (၅၀) အရွယ်ခန့်ရှိပြီး ခန့်ညားထည်ဝါသော ဝတ်စုံကို ဆင်မြန်းထားသည့် အရပ် ခုနစ်ပေကျော်မြင့်သော အမျိုးသားကြီးတစ်ဦးက ရိုသေကျိုးနွံစွာ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
သူ၏ နောက်ကွယ်တွင်မူ ရွှေအမြုတေ အဆင့်ရှိသည့် အပြင်နန်းတော် တပည့်ပေါင်း (၁၀၀) နီးပါးကလည်း တန်းစီ၍ ရပ်နေကြ၏။
“တာအိုသမီးတော်နဲ့ အကြီးအကဲစုကို ဂါရဝပြုပါတယ် ခင်ဗျာ...”
ရွှေအမြုတေ အဆင့်ရှိ တပည့်များအားလုံးက ညီညာဖျဉ်းဖျစွာပင် ဦးညွှတ်လိုက်ကြတော့သည်။ အပြင်နန်းတော်မှ လူများအပြင် မြို့တော်စောင့်ကြပ်ရေး တာဝန်ကို ယူထားရသော အတွင်းနန်းတော် တပည့် (၁၀) ဦးလည်း ထိုနေရာ၌ ရှိနေကြသည်။
ဤနေရာသို့ ရောက်ရှိလာသည်နှင့် ထိုခရီးဦးကြိုပြုမှုကို မြင်တွေ့လိုက်ရသောအခါ စုယွီသည် ဖန်ရှောင်၏ နောက်သို့ ခပ်အေးအေးပင် တစ်လှမ်း ဆုတ်လိုက်ကာ တိုးညှင်းစွာ ကပ်ပြောလိုက်၏။
“တူမလေး... ဦးလေးက အခင်းအကျင်း ကိစ္စတွေကိုပဲ တာဝန်ယူဖို့ လိုက်လာတာ... သူတို့က မင်းကို လာကြိုကြတာဆိုတော့ ကျန်တာတွေကို မင်းပဲ ကိုင်တွယ်လိုက်တော့နော်...”
ဆက်ဆံရေးနှင့် အပြောင်းအလဲ ကိစ္စရပ်များ အားလုံးကို စုယွီသည် ဖန်ရှောင်ကိုသာ စီမံခန့်ခွဲခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာမူ စကားတစ်ခွန်းမျှ မဆိုဘဲ အေးဆေးစွာသာ လိုက်ပါလာခဲ့သည်။
လဝက်ခန့် ကုန်လွန်သွားပြီးနောက်..
စုယွီသည် ဟေးယွီ အင်မော်တယ် မြို့တော်၏ အခြေအနေ အရပ်ရပ်ကို အကြမ်းဖျင်းအားဖြင့် သဘောပေါက် နားလည်သွားခဲ့ချေပြီ။
မြို့တော်၏ အပြင်နန်းတော်ကို မူလဝိညာဉ် အဆင့်ရှိ အကြီးအကဲ သုံးဦးကကြီးကြပ်နေပြီး သူတို့၏ လက်အောက်တွင် မြို့တော် ကင်းလှည့်ရန်အတွက် တာဝန်ခံများ၊ တပည့်များနှင့် အခြားသော အမှုထမ်းပေါင်း တစ်သောင်းနီးပါး ရှိနေ၏။
ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူများကိုပါ ထည့်တွက်မည်ဆိုလျှင် ဟေးယွီ အင်မော်တယ် မြို့တော်တွင် ကျင့်ကြံသူပေါင်း သုံးသန်းကျော် ရှိနေသည် မဟုတ်ပါလော။ ဤမျှကြီးမားလှသော မြို့တော်ကြီးကို အပြင်နန်းတော်၏ အင်အားမျှဖြင့် ထိန်းချုပ်ရန်မှာ လုံးဝ လွယ်ကူသော ကိစ္စမဟုတ်ပါချေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဟေးယွီ အင်မော်တယ် မြို့တော်၏ စနစ်များမှာ အလွန်တရာ ခိုင်မာ အားကောင်းနေခဲ့ပြီး မြို့တစ်ပြင်လုံးတွင်လည်း အခင်းအကျင်းများကို အနှံ့အပြား ချမှတ်ထားသည်။ စုယွီက အကြမ်းဖျင်း စစ်ဆေးကြည့်ရာတွင် မည်သည့် ဟာကွက်မျှ ရှာမတွေ့ခဲ့ပါချေ။
တစ်လခန့် ကြာပြီးနောက်၊ ဟေးယွီ မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ ပင်မ ခန်းမဆောင်ကြီး အတွင်း။
ဖန်ရှောင်၊ စုယွီ၊ အပြင်နန်းတော်မှ မူလဝိညာဉ် အဆင့်ရှိ အကြီးအကဲ သုံးဦးနှင့် အတွင်းနန်းတော် တပည့် (၁၀) ဦးတို့သည် အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပရန် စုဝေးခဲ့ကြသည်။
အပြင်နန်းတော်မှ မူလဝိညာဉ် အဆင့်ရှိ အကြီးအကဲ သုံးဦးမှာ ကျန်းဝမ်၊ ချန်ကျိုးတောက်နှင့် ပိုင်ချွမ် တို့ ဖြစ်ကြ၏။ သူတို့သည် မူလဝိညာဉ် အဆင့် (၄) ၊ (၃) နှင့် (၁) အသီးသီးတွင် ရှိနေကြသည်။ ဖန်ရှောင်မှာမူ လက်ရှိတွင် ရွှေအမြုတေ အဆင့် (၈) ၌ ရှိနေပြီး စုယွီမှာမူ ရွှေအမြုတေ အဆင့် (၅) ရှိသော ကျင့်ကြံခြင်း အဆင့်ကိုသာ အများသိအောင် ပြသထားလေသည်။
အဓိက တောင်ထွတ် သုံးခုမှ လာကြသော အခြား အတွင်းနန်းတော် တပည့် (၁၀) ဦးမှာမူ ရွှေအမြုတေ အဆင့် (၈) နှင့် (၉) ကြားတွင် ရှိနေကြသည်။
ခန်းမ၏ အရှေ့ဘက် အမြင့်ဆုံး နေရာရှိ ထိုင်ခုံနှစ်လုံးတွင် ဖန်ရှောင်နှင့် စုယွီတို့က နေရာယူထားကြ၏။မူလဝိညာဉ် အဆင့်ရှိ အကြီးအကဲ သုံးဦးမှာ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြပြီး ကျန်ရှိသော အတွင်းနန်းတော် တပည့်များမှာ နောက်ဘက်တွင် နေရာယူထားကြသည်။
ဘယ်ဘက် ဒုတိယ နေရာတွင် ထိုင်နေသော မူလဝိညာဉ် အဆင့်ရှိ အကြီးအကဲ ပိုင်ချွမ်၏ မျက်နှာတွင် စိုးရိမ်မှု အရိပ်အယောင်များ ပေါ်ထွက်နေပြီး သူ၏ မျက်ဝန်းများမှ အေးစက်သော အလင်းတန်းများ ဖြာထွက်နေကာ ဆိုလာသည်။
“တာအိုသမီးတော်နဲ့ အကြီးအကဲစု... ဒီမြို့တော်ရဲ့ လျှို့ဝှက် အန္တရာယ်က အတွင်းပိုင်းက မဟုတ်ဘဲ အပြင်ဘက်က လာနေတာပါ... ယွီလုံ နန်းတော် က အင်အားစု တော်တော်များများက ဒီနေရာမှာ ပြဿနာ ရှာချင်နေကြတယ်... သူတို့က ဟေးယွီ အင်မော်တယ် မြို့တော်အတွင်းမှာ မငြိမ်မသက်မှုတွေနဲ့ ဖရိုဖရဲ ဖြစ်ရပ်တွေ ဖြစ်လာအောင် သွေးထိုးပေးနေကြတာပါ...”
“ဟေးယွီ အင်မော်တယ် မြို့တော်ရဲ့ လက်အောက်မှာရှိတဲ့ တချို့ ကျင့်ကြံခြင်း မိသားစုတွေနဲ့ အင်အားစုတွေက ယွီလုံ နန်းတော်က အင်အားစုတွေနဲ့ လျှို့ဝှက် အဆက်အသွယ် ရှိနေကြတယ်... ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ အင်အားကို အသုံးချပြီး တခြား အင်အားစုတွေဆီက အရင်းအမြစ်တွေနဲ့ ဈေးကွက်တွေကို လုယူဖို့ ကြံစည်နေကြတာပါ...”
“ဒီကာလအတွင်းမှာပဲ အပြင်နန်းတော်ကနေ ပဋိပက္ခ ဖြစ်ပွားနေတဲ့ အမှုပေါင်း (၁၀၀) ကျော်ကို စုံစမ်း တွေ့ရှိခဲ့ရတယ်... အဲဒီအထဲမှာ အင်အားစု (၆) ခုကတော့ လုံးဝကို အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ... (၁၅) ခုကတော့ တိုက်ပွဲ ဖြစ်နေတုန်းပဲ... ကျန်တဲ့ အင်အားစုတွေကတော့ ပြဿနာ စတင်ဖို့ ပြင်ဆင်နေကြတုန်းပါပဲ...”
“ဒီအင်အားစုတွေထဲမှာ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူတွေ ပါဝင်နေတဲ့ အင်အားစု (၈) ခု ရှိနေတယ်... အကယ်လို့ ဒီမငြိမ်မသက်မှုတွေကိုသာ အချိန်မီ မတားဆီးနိုင်ရင် ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေ တစ်ခုလုံးကို ထိခိုက်လာနိုင်ပြီး... ပါဝင်ပတ်သက်နေတဲ့ မူလဝိညာဉ် အဆင့် ပုဂ္ဂိုလ်ကြီး အရေအတွက်ကလည်း (၂၀) ကျော်အထိ ရှိလာနိုင်ပါတယ်...”
ထိုအခါ.. ဖန်ရှောင်သည် အလွန်တရာ လှပကာ အေးဆေးတည်ငြိမ်သော မျက်နှာပေးဖြင့် မေးမြန်းလိုက်၏။“ကျွန်မတို့ရဲ့ အင်မော်တယ် မြို့တော် ဈေးကွက်တွေ ဒါမှမဟုတ် အရင်းအမြစ် နယ်မြေတွေမှာရော တစ်စုံတစ်ရာ ဖရိုဖရဲ ဖြစ်နေတဲ့ လက္ခဏာတွေ တွေ့ရသေးပါသလား...”
ပိုင်ချွမ်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါယမ်းပြလိုက်သည်။“အရင်ကတော့ ဈေးကွက်တစ်ခုကို ဓားပြကျင့်ကြံသူ တချို့က ဝင်ရောက် ဖျက်ဆီးခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒါကို မြန်မြန်ဆန်ဆန်ပဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်... လောလောဆယ်မှာတော့ ဒေသခံ အင်အားစုတွေရော ယွီလုံ နန်းတော်က လူတွေပါ ကျွန်တော်တို့ ဂိုဏ်းရဲ့ ဈေးကွက်တွေနဲ့ အရင်းအမြစ် နယ်မြေတွေဆီကိုတော့ လက်မဆန့်ရဲကြသေးပါဘူး...”
ထို့နောက် သူသည် ဟေးယွီ အင်မော်တယ် မြို့တော် နယ်နိမိတ်အတွင်းရှိ အခြားသော ပြဿနာ အမြောက်အမြားကိုပါ တင်ပြလာခဲ့ပြီး သူ၏ ကိုယ်ပိုင် စိုးရိမ်မှုများကိုလည်း ဖွင့်ဟလာ၏။
ကျင့်ကြံသူများကို မြို့ပြင်သို့ ထွက်ခွင့် မပြုခြင်းနှင့် ဈေးကွက်ကို ထိန်းချုပ်ခြင်း။
သည်ကိစ္စက အရေးအကြီးဆုံး အချက်ပင် ဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) အတွင်းမှာပင် ဖြစ်၏။ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေအတွင်းရှိ အင်အားစု အသီးသီး၏ စွမ်းအားများကြီးထွားလာသည်နှင့်အမျှ သူတို့၏ သားသမီး အများအပြားမှာလည်း မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ အပြင်နန်းတော်အတွင်းသို့ စိမ့်ဝင် ရောက်ရှိလာခဲ့ကြရာ ထိုအင်အားစုများမှာ ပိုမို ရဲတင်းလာကြပြီး ယုံကြည်ချက်များလည်း ရှိလာခဲ့ကြ၏။
ဟေးယွီ အင်မော်တယ် မြို့တော်မှ အမိန့်များ ထွက်ပေါ်လာသောအခါ သူတို့သည် အပေါ်ယံတွင်သာ နာခံဟန်ပြကြသော်လည်း နောက်ကွယ်တွင်မူ တစ်မျိုးတစ်ဖုံ လုပ်ဆောင်ကြသည်။ သို့မဟုတ်ပါကလည်း ထိုအမိန့်များကို လုံးဝ မရှိသကဲ့သို့ပင် သဘောထားကာ လုပ်ချင်ရာ လုပ်နေကြတော့၏။အဘယ်ကြောင့်ဆိုသော် သူတို့တွင် မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ အပြင်နန်းတော် သို့မဟုတ် အတွင်းနန်းတော်ထဲ၌ တပည့်များ သို့မဟုတ် အကြီးအကဲများပင် ရှိနေကြသောကြောင့်တည်း။
သူတို့၏ လုပ်ရပ်များမှာ ပုန်ကန်လိုသော သဘော ရှိနေသည့်တိုင် ဟေးယွီ အင်မော်တယ် မြို့တော်ဘက်မှ သေချာစွာ စုံစမ်း စစ်ဆေးရန်မှာ ခက်ခဲလှသည်။
ယခုတစ်ကြိမ် ယွီလုံ နန်းတော်တွင် မငြိမ်မသက်မှုများ ဖြစ်ပွားနေချိန်၌ အချို့သော အင်အားစုများက ရေနောက်တွင် ငါးမျှားကာ အိမ်နီးချင်း ဟေးယွီ အင်မော်တယ် မြို့တော်အတွင်း၌ ဖရိုဖရဲ ဖြစ်ရပ်များ ဖြစ်ပေါ်လာအောင် ဖန်တီးပြီး မိမိတို့အတွက် အကျိုးအမြတ် ရယူရန် ကြံစည်နေကြခြင်း ဖြစ်သည်။
ဤနေရာတွင် အမှန်တကယ် ပြဿနာ ရှာနေသူများမှာ ယွီလုံ နန်းတော်က အင်အားစုများ သက်သက်သာလော။ လုံးဝ မဟုတ်နိုင်ပါချေ။
အစောပိုင်းက အကြီးအကဲ ပိုင်ချွမ်သည် ဟေးယွီ အင်မော်တယ် မြို့တော်၏ ပတ်ဝန်းကျင်သို့ သွားရောက် ကင်းလှည့်နေခဲ့လေသည်။ သူသည် အတွင်းနန်းတော်မှ ရောက်ရှိလာသော တာအိုသမီးတော်နှင့် အကြီးအကဲ စုယွီတို့ကို ဂါရဝပြုရန်အတွက် မကြာသေးမီကမှ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခု အစည်းအဝေးတွင် သူသည် သူ အစိုးရိမ်ဆုံးသော ကိစ္စရပ်များကို ဖွင့်ဟ ပြောကြားလိုက်လေ၏။
အကယ်၍ အခြေအနေများက ဤအတိုင်းသာ ဆက်လက် ဖြစ်ပျက်နေမည်ဆိုပါက ဟေးယွီ အင်မော်တယ် မြို့တော်သည် ထိန်းချုပ်မှု လွတ်ထွက်သွားနိုင်သည့် အန္တရာယ် ရှိနေပြီး ပိုမိုကြီးမားသော မငြိမ်မသက်မှုများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
အကြီးအကဲ ချန်ကျိုးတောက်က မျက်မှောင်အနည်းငယ် တွန့်ချိုးလျက် ဆိုလာသည်။
“ဒီလောက်အထိတော့ မဆိုးရွားပါဘူး... အကြီးအကဲပိုင်... ခင်ဗျားက ချဲ့ကား ပြောနေတာပါ... ခင်ဗျား ပြောပုံအရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) အတွင်းမှာ ကျွန်တော်တို့က ဟေးယွီ အင်မော်တယ် မြို့တော်ကို ထိန်းချုပ်မှု လွတ်သွားသလို ဖြစ်နေပြီပေါ့... ဟုတ်လား...”
“တခြားသော အသေးအမွှား ပြဿနာတွေ ကတော့... ကျွန်တော် ထင်တာကတော့ ဒါတွေက ဒီနယ်မြေကို ထိန်းချုပ်ထားတဲ့ ကျွန်တော်တို့ရဲ့ အာဏာအပေါ် ဘာမှ ထိခိုက်မှု မရှိနိုင်တဲ့ အရေပြား ပွန်းပဲ့ဒဏ်ရာလေးတွေ ပါပဲ...”
ပိုင်ချွမ်က ခပ်ဖွဖွလေးသာ ပြုံးလိုက်ပြီး သူနှင့် ငြင်းခုံ မနေတော့ပါချေ။
“အင်း... အကြီးအကဲချန်... ခင်ဗျား ပြောတာလည်း ယုတ္တိတော့ ရှိပါတယ်လေ...”
ဖန်ရှောင်သည် ကျန်းဝမ် ဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။
“အကြီးအကဲကျန်း... အကြီးအကဲရဲ့ အမြင်ကရော ဘယ်လို ရှိမလဲ...”
ထိုအခါ၊ ကျန်းဝမ်က ခပ်ဟဟ ရယ်ရင်း ဆိုသည်။
“သူတို့ နှစ်ယောက်လုံး ပြောတာ မှန်ပါတယ်... အကြီးအကဲပိုင်ရဲ့ စိုးရိမ်မှုတွေက တည်ရှိနေသလို အကြီးအကဲချန်ရဲ့ စကားတွေကလည်း မမှားပါဘူး... တကယ့် အခြေအနေက ဘယ်လိုလဲ ဆိုတာကို တာအိုသမီးတော် အနေနဲ့ အပြင်က အခြေအနေကို ကိုယ်တိုင် စစ်ဆေးကြည့်ချင်တယ် ဆိုရင်တော့ ကျွန်တော် ကိုယ်တိုင် လိုက်ပြီး ပြသပေးနိုင်ပါတယ်…”