အခန်း (၆၀၁-၆၀၃)
Vol. 41 Ch. 601-603
အခန်း (၆၀၁) - အဆင့်ချိုးဖြတ်ခြင်း (၁)
ဤတစ်ကြိမ် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့၏ စစ်ပွဲကြီးသည် ယေဘုယျအားဖြင့် အကြီးအကျယ် အောင်ပွဲခံနိုင်ခဲ့သည်။ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသော ကျင့်ကြံသူများမှလွဲ၍ ကျန်ရှိနေသူ အားလုံးနီးပါးမှာ အကျိုးအမြတ်များကို ကိုယ်စီ ခွဲဝေ ရရှိခဲ့ကြပြီးကြီးမားလှသော ဆုလာဘ်များကို ပိုင်ဆိုင်နိုင်ခဲ့ကြ၏။
ဤကာလအတွင်း စုဆောင်းရရှိခဲ့သော အကျိုးအမြတ်များနှင့်ဆိုလျှင် လာမည့် ဆယ်စုနှစ်အတွင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကျော် ရှာဖွေနိုင်မည်ဟု စုယွီ ယုံကြည်ချက် အပြည့်ရှိနေပါသည်။ ဤအရင်းအမြစ်များအပြင် သူ၏ ကျင့်ကြံခြင်းကလည်း မူလဝိညာဉ် အဆင့်သို့ တက်လှမ်းသွားမည် ဆိုပါက ကျန်ရှိနေသေးသော ကုန်ကြမ်းပစ္စည်းများကို စုဆောင်းရန် များစွာ ပိုမို လွယ်ကူသွားလိမ့်မည်။
ထို့အပြင် ဤတစ်ကြိမ်တွင် သူသည် မူလဝိညာဉ် သစ်သီးပင် တစ်ပင်ကိုပါ ရှာဖွေတွေ့ရှိခဲ့သည် မဟုတ်ပါလော။ ရွှေအမြုတေ အဆင့် တာအိုဆရာ တစ်ဦးမှနေ၍ မူလဝိညာဉ် အဆင့် အရှင်သခင် တစ်ပါး ဖြစ်လာစေရန် ဖြတ်လမ်းတစ်ခုကို သူ အောင်မြင်စွာ ရယူနိုင်ခဲ့ချေပြီ။ ဤအရာနှင့်သာဆိုလျှင် သူ လုပ်ဆောင်နိုင်စွမ်းရှိသော အရာများစွာ ရှိလာတော့မည် ဖြစ်သည်။ ဥပမာအားဖြင့် သူသည် ပင်လယ်ပြင် ဒေသတွင် သူ၏ အာဏာစက်ကို ဆက်လက် ချဲ့ထွင်နိုင်၏။
ပိုးစာပင် နယ်မြေမှ ကောင်းယွမ်ယွမ်နှင့် လက်ရှိ ဟွမ်လင်း ကျွန်းကို အုပ်ချုပ်နေသော တာအိုဆရာ နဂါးနက်တို့ကို မူလဝိညာဉ် အဆင့်သို့ ရောက်ရှိလာစေရန် သူ ပြုစုပျိုးထောင်ပေးနိုင်စွမ်း ရှိလာပေမည်။ ထို့အပြင် လက်ရှိ သူ၏ လက်အောက်ငယ်သားများ ဖြစ်ကြသော လင်းချင်းရှား၊ လင်းပင်းနှင့် ယန်ယွီမင် တို့သည်လည်း မူလဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်မည့် အလားအလာ ရှိသူများ ဖြစ်လာကြတော့မည်။
သူသာ မူလဝိညာဉ် ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်မည် ဆိုပါက သူတို့အားလုံး မူလဝိညာဉ် အဆင့်သို့ အဆင့်တက်လှမ်းနိုင်မည့် အခွင့်အရေးမှာ လုံးဝ နည်းပါးနေမည် မဟုတ်ဘဲ အနည်းဆုံး ငါးဆယ် သို့မဟုတ် ခြောက်ဆယ် ရာခိုင်နှုန်းခန့်အထိ ရှိလာလိမ့်မည်။ စုယွီ၏ ကျင့်ကြံခြင်းမှာ တည်ငြိမ်စွာ တိုးတက်နေပြီး နှစ်ထောင်ချီသော သက်တမ်းကိုပါ ပိုင်ဆိုင်ထားရာ.. သူ၏ ရည်မှန်းချက် ပန်းတိုင်များကို အကောင်အထည်ဖော်ရန်နှင့် နောက်ထပ် အရင်းအမြစ်များကို ရှာဖွေ စုဆောင်းရန်အတွက် လုံလောက်သော အချိန်များစွာ ရှိနေသည်။ သူ့ထံတွင် အချိန်တွေ အလျှံအပယ် ရှိနေ၏။
'နေရာရွှေ့ပြောင်း အခင်းအကျင်းကြီးကိုသာ အောင်မြင်စွာ တည်ဆောက်ပြီးသွားရင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ အလယ်ဗဟိုကနေ အရင်းအမြစ်တွေကို စုဆောင်းပြီး တာ့ယွဲ့ နယ်နိမိတ်ရဲ့ အင်အားကိုလည်း ငါ မြှင့်တင်ပေးလို့ ရပြီပဲ...'
စုယွီသည် ဤတစ်ကြိမ် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခ အကြောင်းကို စဉ်းစားတွေးတော လိုက်မိသည်။ လူသားမျိုးနွယ်စုက ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးကို ကျူးကျော် ဝင်ရောက်နိုင်ခဲ့သော်ငြားလည်း မိစ္ဆာမျိုးနွယ်စု၏ ဆုံးရှုံးမှုမှာကြီးကြီးမားမား မရှိခဲ့ဘဲ သေဆုံးသွားသူ အများစုမှာလည်း အမြောက်စာများသာ ဖြစ်ကြ၏။ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုမှာလည်းကြီးမားသော အထိနာမှု မရှိခဲ့ဘဲ အားလုံး လုံခြုံစွာ ဆုတ်ခွာ ထွက်ပြေးသွားနိုင်ခဲ့ကြသည်။
'ဒါက ပထမဆုံး အကြိမ်ပဲ ရှိသေးတယ်... နောင်တစ်ချိန်ကျရင် ဒီရွှမ်လိပ် ပင်လယ်မျိုးနွယ်စုက ပြဿနာ လာရှာရင် ဘယ်လိုလုပ်မလဲ... ပြီးတော့ ဒီ ပင်လယ်မျိုးနွယ်စု ရှိနေသရွေ့ ငါ့ရဲ့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးကို အမြဲတမ်း ပုန်းကွယ်ခိုင်းထားရတော့မှာလား...'
'ကိုယ့်စွမ်းအားကို ကိုယ်တိုင် မြှင့်တင်တာက အခြေခံ အုတ်မြစ်ဆိုပေမယ့်... အားလပ်ချိန်လေးတွေမှာ တခြားလူတွေကို ပြုစုပျိုးထောင် ပေးတာကလည်း ဆိုးတဲ့ အကြံအစည်တော့ မဟုတ်ဘူး... မူလဝိညာဉ် အဆင့်ကို မရောက်နိုင်သေးဘူး ဆိုရင်တောင် ဆက်ပြီး ကြိုးစားရမှာပဲ... ငါသာ အသက်ရှည်ရှည် နေနိုင်သရွေ့ ဝိညာဉ်ခွဲထွက် အဆင့်က အစွမ်းထက် ပုဂ္ဂိုလ်ကြီး တချို့ကိုတောင် ပြုစုပျိုးထောင် ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်...'
ထိုအကြောင်းများကို တွေးတောမိသည်နှင့် စုယွီ၏ ရင်တွင်း၌ ရည်မှန်းချက်ကြီးမားမှုတို့ တဟုန်းဟုန်း တောက်လောင်လာတော့သည်။ ယခုအခါ သူ၏ရှေ့မှောက်တွင် အပြာနုရောင် ဂါဝန်လေးကို ဆင်မြန်းထားပြီး နတ်မိမယ်လေး တစ်ပါးအလား လှပကျက်သရေ ရှိနေသော လင်းချင်းရှားကို ကြည့်ရင်း စုယွီ၏ မျက်ဝန်းများထဲတွင် ကျေနပ် အားရမှုများ ပြည့်နှက်သွား၏။ ပထမအချက်အနေဖြင့် လင်းချင်းရှားသည် အလွန်တရာ လိမ္မာပြောဆိုလွယ်ပါ၏။ ဒုတိယအချက်အနေဖြင့် သူမသည် ယွင်ရှောင် ဆေးလုံး စံအိမ်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်စွမ်း ရှိသူ ဖြစ်သည်။ တတိယအချက်မှာမူ လင်းချင်းရှားသည် အမှန်တကယ်ပင် ပါရမီ ထူးကဲလွန်းလှ၏။ သူ၏ အဆုံးအစမဲ့သော အရင်းအမြစ် ထောက်ပံ့မှုများအောက်တွင် လင်းချင်းရှား၏ ကျင့်ကြံခြင်း အဆင့်မှာ ရွှေအမြုတေ အဆင့် (၆) သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်ကာ အလွန်တရာ လျင်မြန်စွာ တိုးတက်နေချေပြီ။
သေချာသည်ပေါ့။ ထိုနည်းတူစွာပင် လင်းပင်းနှင့် ယန်ယွီမင် တို့သည်လည်း အလွန် တော်ကြ၏။ လင်းပင်းသည် ရွှေအမြုတေ အဆင့် (၄) သို့ ရောက်ရှိနေပြီဖြစ်ကာ ယန်ယွီမင်မှာမူ ရွှေအမြုတေ အဆင့် (၃) တွင် ရှိနေလေပြီ။ မှန်ကန်သော ပြုစုပျိုးထောင်မှုများသာ ရရှိမည်ဆိုပါက သူတို့အားလုံး မူလဝိညာဉ် အဆင့်သို့ အဆင့်တက်လှမ်းနိုင်မည့် အခွင့်အရေးများ ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။
စုယွီသည် အတွေးကမ္ဘာထဲမှ အသိစိတ် ပြန်လည် ဝင်ရောက်လာခဲ့ပြီး လင်းချင်းရှား တင်ပြလာသော ဝမ်ပေါင် ကုန်သွယ်ရေး အသင်း၏ သတင်းကို နားထောင်လိုက်သည်။ သူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားကာ ခပ်ဟဟ ရယ်လိုက်ပြီး ပြောလိုက်၏။
“အန်းပေါ်ယီကို ဟင်းလင်းပြင် ကျောက်တုံးနဲ့ ပတ်သက်တဲ့ သတင်း ပြောလိုက်... သူ ကိုယ်တိုင် လာခဲ့ပါလို့”
လင်းချင်းရှားသည် သူမ၏ အရှင်သခင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမအပေါ် ကြည့်ရှုနေသော အရှင်သခင်၏ အကြည့်များမှာ အနည်းငယ် ပြောင်းလဲသွားသကဲ့သို့ ခံစားရသဖြင့် သူမ၏ ရင်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။ သို့သော် သူမက ရိုသေကျိုးနွံစွာဖြင့် ချက်ချင်း ပြန်လည် ဖြေကြားလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်သခင်... သူ့လူတွေကို ပြန်လွှတ်ပြီး သူ ကိုယ်တိုင် လာခဲ့ဖို့ အကြောင်းကြားခိုင်းလိုက်ပါ့မယ်”
အချိန် အနည်းငယ် ကုန်လွန်သွားပြီးနောက်.. အန်းပေါ်ယီသည် ယွင်ရှောင် ဆေးလုံး စံအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ကာ စုယွီကို မျက်နှာချင်းဆိုင် လာရောက် တွေ့ဆုံသည်။ သူ၏ မျက်နှာပေါ်တွင် မကျေမနပ် ဖြစ်မှု အရိပ်အယောင်လေး တစ်ခုကိုမျှ မပြသဝံ့ရုံသာမက စုယွီအား အလွန်တရာ ရိုသေကျိုးနွံစွာဖြင့် ဦးညွှတ်လိုက်ပြီး နှုတ်ဆက်လိုက်တော့၏။
“အရှင်သခင်ကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ”
စုယွီက ကျောက်စားပွဲ၏ မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ထိုင်ပါ... ခင်ဗျားတို့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်းမှာ ဟင်းလင်းပြင် ကျောက်တုံး ရှိလား”
အန်းပေါ်ယီသည် ခိုင်းသည့်အတိုင်း ဝင်ထိုင်လိုက်သော်ငြားလည်း ထိုင်ခုံ၏ တစ်ဝက်ခန့်ကိုသာ တင်ပါးလွှဲ ထိုင်ရဲ၏။ ထို့နောက် သူက ကပျာကယာ ပြန်လည် ဖြေကြားလိုက်၏။
“မရှိပါဘူး... မရှိပါဘူး အရှင်သခင်ကြီး... ကျွန်တော်တို့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်းမှာ ဟင်းလင်းပြင် ကျောက်တုံး မရှိပါဘူး ခင်ဗျာ... ဒါပေမဲ့ မကြာသေးခင်ကမှ သတင်းတစ်ခု ရထားပါတယ်... ကျန်းယွမ် ကုန်သွယ်ရေး အသင်းက ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးထဲကနေ ပစ္စည်းတစ်ခုခု ရလာခဲ့တယ်တဲ့... အဲဒီအထဲမှာ ဟင်းလင်းပြင် ကျောက်တုံး တစ်ပိုင်း ပါဝင်နေတယ်လို့ သိရပါတယ်”
“နောက်တစ်နှစ်လောက် နေရင်တော့ ကျန်းယွမ် ကုန်သွယ်ရေး အသင်းက လေလံပွဲ တစ်ခု ကျင်းပဖို့ ရှိပါတယ် ခင်ဗျာ... ဒါပေမဲ့ အဲဒီ လေလံပွဲက ဒီမှောင်ခိုဈေးထဲမှာ လုပ်မှာ မဟုတ်ပါဘူး... ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးနဲ့ ပိုနီးပြီး ယွီလုံ နန်းတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ဟွမ်ယွီ အင်မော်တယ် မြို့တော်မှာ ကျင်းပမှာပါ... ကံဆိုးတာက အဲဒီမြို့လေးက နေရာရွှေ့ပြောင်း အခင်းအကျင်း မရှိတဲ့ မြို့ငယ်လေး တစ်ခု ဖြစ်နေတာပါပဲ”
ထိုစကားများကို ကြားလိုက်ရသောအခါ စုယွီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အန်းပေါ်ယီကို စူးစိုက်ကြည့်လိုက်သည်။ နေရာရွှေ့ပြောင်း အခင်းအကျင်း မရှိဘူး ဆိုသည်မှာ လေလံပွဲတွင် ပါဝင်ဆင်နွှဲပြီးနောက် မိမိ ဝယ်ယူထားသော ပစ္စည်းများကို အပြင်သို့ မည်သို့မည်ပုံ ဘေးကင်းစွာ သယ်ထုတ်ရမည်ကို အထူး ဂရုပြု စဉ်းစားရမည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်၏။ ဤလေလံပွဲကြီးကား လုံးဝ ရိုးရှင်းသော ကိစ္စရပ်တစ်ခု ဖြစ်လာမည် မဟုတ်ချေ။ ဤသတင်းကို ကြားသိလိုက်ရသော်ငြားလည်း စုယွီ၏ မျက်နှာပေါ်တွင် မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာဘဲ အန်းပေါ်ယီကိုသာ စိုက်ကြည့်ကာ မေးလိုက်သည်။
“ခင်ဗျား ဆေးလုံး စံအိမ်ကို လာဆက်သွယ်တာ ဒီလောက် အသေးအမွှား ကိစ္စလေးအတွက် သက်သက်တော့ မဟုတ်လောက်ဘူး မလား”
ထိုအခါ.. အန်းပေါ်ယီ၏ မျက်နှာပေါ်တွင် ဖားယားလိုသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး စုယွီကို သတိကြီးစွာ အကဲခတ်ကြည့်ရင်း ပြောလိုက်၏။
“ကျွန်တော်တို့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်းက ယွင်ရှောင် ဆေးလုံး စံအိမ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လုပ်ချင်လို့ပါ ခင်ဗျာ... အရှင်သခင်ကြီး အနေနဲ့ နှစ်စဉ်နှစ်တိုင်း တတိယအဆင့် အဆင့်မြင့် ဆေးလုံး တချို့ကို ကျွန်တော်တို့ အသင်းဆီ ခွဲဝေ ပေးနိုင်မလားလို့ လာမေးတာပါ”
ထိုတောင်းဆိုချက်ကို ကြားလိုက်ရချိန်တွင် စုယွီက တိုက်ရိုက် ငြင်းပယ်ခြင်း မပြုဘဲ မျက်မှောင်အနည်းငယ် တွန့်ချိုးကာ သေချာစွာ စဉ်းစား တွေးတောနေမိသည်။ လတ်တလော အချိန်၌ ယွင်ရှောင် ဆေးလုံး စံအိမ်သည် မှောင်ခိုဈေးကွက် တစ်ခုလုံးတွင် တတိယအဆင့် အဆင့်မြင့် ဆေးလုံး ပမာဏ အများဆုံး ပိုင်ဆိုင်ထားရာ အင်အားစု အများအပြား၏ အာရုံစိုက်ခြင်းကို ခံနေရလေပြီ။ ထိုကဲ့သို့သော ဆေးလုံးများမှာ ဖောက်သည်များကို ဆွဲဆောင်ရန်အတွက် အလွန်တရာ အကောင်းဆုံးသော အရင်းအမြစ်များပင် ဖြစ်ချေ၏။ အထူးသဖြင့် ပြီးခဲ့သော ဝမ်ပေါင် ကုန်သွယ်ရေး အသင်း၏ လေလံပွဲကြီးတွင် အဆင့်မြင့် ဆေးလုံး စုစုပေါင်း တစ်သောင်းတိတိကို ရောင်းချခဲ့ပြီးနောက်ပိုင်း ပို၍ပင် ဆိုးရွားလာခဲ့သည်။
ထိုဆေးလုံးများ၏ မူလ ဇာစ်မြစ်ကို ဝမ်ပေါင် ကုန်သွယ်ရေး အသင်းက နှုတ်ပိတ်နေခဲ့သော်ငြားလည်း မှောင်ခိုဈေးကွက် အတွင်း၌ ယွင်ရှောင် ဆေးလုံး စံအိမ်မှ ဖြစ်ကြောင်းကိုသာ အများဆုံး ကောလာဟလ ထွက်ပေါ်နေခဲ့၏။ ယွင်ရှောင် ဆေးလုံး စံအိမ်၏ကြီးမားလှသော နာမည်ဂုဏ်သတင်းသည် ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး ဆယ်ခု၏ အာရုံစိုက်မှုကိုပင် ဆွဲဆောင်နေပြီ ဖြစ်တန်ကောင်း၏။ ခေတ္တမျှ စဉ်းစား တွေးတောပြီးနောက် စုယွီက မေးလိုက်သည်။
“ခင်ဗျားတို့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်းဘက်က ဘာတွေ ပြန်ပေးနိုင်မှာလဲ... ဝိညာဉ်ကျောက်တုံး တွေချည်းပဲ သက်သက်ဆိုရင်တော့ မပြောနဲ့တော့နော်”
အန်းပေါ်ယီက လျင်မြန်စွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။
“အရှင်သခင်ကြီး အနေနဲ့ နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို စုဆောင်းနေရတယ် မဟုတ်လား ခင်ဗျာ... အရှင်သခင်ကြီးကသာ တတိယအဆင့် အဆင့်မြင့် ဆေးလုံးတွေ အားလုံးကို ကျွန်တော်တို့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်းဆီ လွှဲပြောင်းပေးမယ်ဆိုရင် နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ အားလုံးကို ကျွန်တော်တို့ဘက်က အပြည့်အဝ တာဝန်ယူပေးပါ့မယ်”
အခန်း (၆၀၂) - အဆင့်ချိုးဖြတ်ခြင်း (၂)
“နှစ်ပေါင်း (၅၀) အတွင်း ဟင်းလင်းပြင် သတ္တုရိုင်းတွေ အပါအဝင် အရှင်သခင်ကြီး လိုအပ်တဲ့ ပစ္စည်းအားလုံးကို စုဆောင်းပေးနိုင်မယ်လို့ ကျွန်တော် အာမခံပါတယ်”
“ဟွန့်...”
စုယွီက ထိုသူ့အား မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်၏။
“ခင်ဗျားတို့ ဝမ်ပေါင် ကုန်သွယ်ရေးအသင်းက အရည်အချင်း မပြည့်မီသေးဘူး”
အန်းပေါ်ယီ၏ မျက်နှာထားက သိသိသာသာ ပြောင်းလဲသွားတော့သည်။ စုယွီက စကားဆက်လိုက်၏။
“တစ်နှစ်ကို အဆင့်မြင့် တတိယအဆင့် ဆေးလုံး အရေအတွက် (၁၀၀၀) ပေးမယ်... နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ လဲလှယ်ရမယ်”
ထို့နောက် သူက အနည်းငယ် စဉ်းစားလိုက်ပြီး ဝမ်ပေါင် ကုန်သွယ်ရေးအသင်းအား ဈေးလျှော့ပေးလိုက်သည်။
“ဈေးကွက်ပေါက်ဈေးရဲ့ (၉၀) ရာခိုင်နှုန်းနဲ့ တွက်ပေးမယ်... ခင်ဗျားတို့ ကုန်သွယ်ရေးအသင်းက ဆေးလုံး ဘယ်လောက်များများ ရနိုင်မလဲ ဆိုတာကတော့ ခင်ဗျားတို့ ပစ္စည်း ဘယ်လောက် ရှာပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”
အန်းပေါ်ယီမှာ အလွန်တရာ ဝမ်းသာအားရ ဖြစ်သွား၏။ သူက နေရာမှ မတ်တတ်ထရပ်ကာ စုယွီအား အရိုအသေပေးလိုက်သည်။
“အရှင်သခင်ကြီးကို ကျေးဇူးတင်ပါတယ်... စိတ်မပူပါနဲ့... ဝမ်ပေါင် ကုန်သွယ်ရေးအသင်းနဲ့ တခြား မိသားစုတွေ ပူးပေါင်းပြီး ကုန်ကြမ်းတွေ စုဆောင်းရတာ သိပ်ပြီး ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး”
စုယွီသည် ထိုဧည့်သည်အား လင်းချင်းရှားကို လိုက်ပို့ခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာမူ တိတ်ဆိတ်စွာဖြင့် စဉ်းစားတွေးတော နေတော့သည်။ ယွင်ရှောင် ဆေးလုံးစံအိမ်၏ အုတ်မြစ်မှာ အလွန်တရာ တိမ်ကောလွန်းနေသေး၏။ အုတ်မြစ် လုံးဝ မရှိသေးဟု ဆိုလျှင်ပင် ရနိုင်၏။ ဤအတိုင်းသာ ဆက်သွားနေမည် ဆိုပါက ယွင်ရှောင် ဆေးလုံးစံအိမ်သည် အနာဂတ်တွင် တစ်စုံတစ်ရာ နေရာရလာစေရန် များစွာ ခက်ခဲရုန်းကန် ရလိမ့်မည်။
'လက်ရှိ အချိန်မှာ ငါက တစ်နှစ်ကို တတိယအဆင့် ဆေးလုံးမီးဖို (၁၀၀၀) ကျော်လောက် ဖော်စပ်နိုင်တယ်... ဆေးလုံး (၅၀၀၀) ကနေ (၆၀၀၀) လောက်အထိ ထုတ်လုပ်ဖို့က ဘာပြဿနာမှ မရှိဘူး...' စုယွီက ရင်တွင်း၌ တွက်ဆကြည့်လိုက်သည်။ 'ဆေးလုံးစံအိမ်ရဲ့ တစ်နှစ်စာ အရောင်းအဝယ်က ဆေးလုံး (၁၀၀၀) ကနေ (၂၀၀၀) ကြားမှာပဲ ရှိတာ... ဝမ်ပေါင် ကုန်သွယ်ရေးအသင်းကို (၁၀၀၀) ပေးလိုက်မယ် ဆိုရင်တောင် ငါ့ဆီမှာ တစ်ဝက်လောက် ကျန်နေဦးမှာပဲ...'
'ဒီကျန်နေတဲ့ တစ်ဝက်ကို သိုလှောင်ထားဖို့ မလိုတော့ဘူး ထင်တယ်... ဆေးလုံးစံအိမ်အတွက် တခြား ကုန်သွယ်ရေး အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အချိန်တန်ပြီ... ဒီလို နည်းလမ်းနဲ့ဆိုရင် ငါကိုယ်တိုင် အရင်းအမြစ်တွေ လိုက်ရှာဖို့ ပူပန်နေစရာ မလိုတော့ဘူး...'
အတိတ်ကာလများဆီက ယွင်ရှောင် ဆေးလုံးစံအိမ်ကို စတင် တည်ထောင်ခါစ အချိန်ဖြစ်၍ သူသည် အရာရာကို သတိကြီးစွာ ထားခဲ့ရ၏။ ထင်ပေါ်ကျော်ကြားလွန်းခြင်းမှာ သင့်တော်သော အပြုအမူ မဟုတ်ခဲ့ပေ။ သို့သော် ယခုအခါတွင်မူ ယွင်ရှောင် ဆေးလုံးစံအိမ်သည် မှောင်ခိုဈေးကွက်အတွင်း၌ အခိုင်အမာ ခြေကုပ်ရယူနိုင်ခဲ့ချေပြီ။ ဆေးလုံးစံအိမ် အနေဖြင့် ဝမ်ပေါင် ကုန်သွယ်ရေးအသင်း တစ်ခုတည်းနှင့်သာ ဆက်ဆံရေး တည်ဆောက်ထား၍ မရတော့ဘဲ အခြားသော စီးပွားရေး အဖွဲ့အစည်းများနှင့်ပါ အဆက်အသွယ် ပြုလုပ်ရတော့မည်။
ထိုသို့ ပြုလုပ်ခြင်းက ယွင်ရှောင် ဆေးလုံးစံအိမ်၏ အရောင်းအဝယ်နှင့် အကျိုးအမြတ်ကို ထိခိုက်စေနိုင်သော်ငြားလည်း သူ၏ လက်တွေ့ ရရှိလာမည့် အမြတ်အစွန်းများမှာ ပိုမိုကြီးမားလာလိမ့်မည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မူလဝိညာဉ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် နီးကပ်နေပြီ ဖြစ်သည့်အပြင် မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ ကျောထောက်နောက်ခံ ပြုမှုပါ ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် ယွင်ရှောင် ဆေးလုံးစံအိမ်သည် အရင်ကကဲ့သို့ ရှေးရိုးစွဲနေရန် မလိုအပ်တော့ဘဲ မှောင်ခိုဈေးကွက် အတွင်း၌ ပွင့်လင်းမြင်သာစွာ ရပ်တည်နိုင်ပြီ ဖြစ်၏။
အစစအရာရာ သေချာစွာ တွေးတောပြီးနောက် စုယွီက အရှေ့ဘက်မြို့တော်ရှိ အင်အားအကြီးဆုံး ကုန်သွယ်ရေး အသင်းများကို ဆက်သွယ်ရန် လင်းချင်းရှားအား ချက်ချင်း ညွှန်ကြားလိုက်၏။ ပူးပေါင်းဆောင်ရွက်မှုများ အတွက် ဆွေးနွေးရန် ဆေးလုံးစံအိမ်သို့ ဖိတ်ခေါ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ သေချာသည်ပေါ့... စုယွီ ကိုယ်တိုင် လူလုံးထွက်ပြရန်တော့ အစီအစဉ် မရှိပေ။ ဤကိစ္စရပ်အားလုံးကို လင်းချင်းရှားက အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိ၏။ သာမန် တတိယအဆင့် ဆေးလုံး ထောင်ဂဏန်းလောက် ဆိုလျှင်ကြီးကြီးမားမား ကိစ္စရပ်တစ်ခု မဟုတ်သော်ငြားလည်း တစ်နှစ်လျှင် အဆင့်မြင့် တတိယအဆင့် ဆေးလုံး ထောင်ပေါင်းများစွာ ဆိုလျှင်တော့ အရှေ့ဘက်မြို့တော်ရှိ အင်အားကြီး ကုန်သွယ်ရေး အသင်းများ၏ အာရုံစိုက်မှုကို ရရှိရန် လုံလောက်နေချေပြီ။
သေချာစွာ စဉ်းစားချင့်ချိန်ပြီးနောက် လင်းချင်းရှားသည် အဓိက ပစ်မှတ်များကို ရွေးချယ်လိုက်၏။ မြေကမ္ဘာ အင်မော်တယ် နယ်မြေမှ တိလင် ကုန်သွယ်ရေးအသင်း... လျိုဟော့ခန်းမမှ မင်ဘုရင် ကုန်သွယ်ရေးအသင်း... အရှင်သခင် ဆယ်ပါး မြို့တော်မှ ဒေသခံ စီးပွားရေးအဖွဲ့အစည်း ဖြစ်သော ရှောင်ကျွင်း ကုန်သွယ်ရေးအသင်းနှင့် ယွီလုံနန်းတော်မှ ပိုင်ယွီလုံ ကုန်သွယ်ရေးအသင်း တို့ပင် ဖြစ်တော့သည်။ ဤအဖွဲ့အစည်းများသည် တစ်နှစ်လျှင် အဆင့်မြင့် တတိယအဆင့် ဆေးလုံး ရာဂဏန်းမှ ထောင်ဂဏန်းအထိ အနည်းနှင့်အများ ဆိုသလို ခွဲဝေ ရယူနိုင်စွမ်း ရှိကြ၏။
သို့သော် တိလင် ကုန်သွယ်ရေးအသင်းမှ ဆိုင်ရှင်နှင့် ဆွေးနွေး ညှိနှိုင်းနေစဉ် ဝဝဖိုင့်ဖိုင့် ဆိုင်ရှင်က ရုတ်တရက် မေးခွန်းထုတ်လာခဲ့သည်။
“မသိလို့ မေးရဦးမယ်... မင်းတို့ စံအိမ်မှာ ရောင်းချဖို့ စတုတ္ထအဆင့် အဆင့်မြင့် ဆေးလုံးတွေများ ရှိနေမလား”
လင်းချင်းရှားမှာ အံ့အားသင့် သွားရ၏။ ထို့နောက် သူမက ခေါင်းခါယမ်းလိုက်သည်။
“မရှိပါဘူး... နောင်တစ်ချိန် ကျွန်မတို့ဆီမှာ ရှိလာခဲ့မယ် ဆိုရင် ဆိုင်ရှင်ဖန်ကို ဆက်သွယ်လိုက်ပါ့မယ်”
ဝဝဖိုင့်ဖိုင့် ဆိုင်ရှင်က တဟားဟား ရယ်လိုက်၏။
“ကောင်းပြီ... ကောင်းပြီ... စိတ်မပူပါနဲ့... မင်းတို့ စံအိမ်က လိုအပ်နေတဲ့ ကုန်ကြမ်းပစ္စည်းတွေကို ငါတို့ တိလင် ကုန်သွယ်ရေးအသင်းက အစွမ်းကုန် ရှာဖွေပေးပါ့မယ်”
ရက်အနည်းငယ် အတွင်းမှာပင် အဆင့်မြင့် တတိယအဆင့် ဆေးလုံးများ၏ လမ်းစဖွင့်ပေးမှုနှင့်အတူ ယွင်ရှောင် ဆေးလုံးစံအိမ်သည် အရှေ့ဘက်မြို့တော်ရှိ ထိပ်သီး ကုန်သွယ်ရေး အသင်းများနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့ချေပြီ။ အရင်ကကဲ့သို့ တံခါးပိတ်၍ လူရှောင်နေခြင်းမျိုး မရှိတော့ပေ။ ဤအခြေအနေက အင်အားကြီး ကုန်သွယ်ရေး အသင်းများကို အံ့အားသင့်စေခဲ့သော်လည်း တစ်ဖက်တွင်လည်း အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေခဲ့၏။
ဤကဲ့သို့သော အရောင်းအဝယ်များသည် တစ်နှစ်အတွင်း ဝိညာဉ်ကျောက်တုံး အများအပြား မြတ်စွန်းစေမည် မဟုတ်သော်ငြားလည်း အဆင့်မြင့် ဆေးလုံးများကဲ့သို့ အကောင်းဆုံးသော အရင်းအမြစ်များမှာ အပေါ်ယံ တန်ဖိုးတစ်ခုတည်းအတွက် မဟုတ်ပေ။ ဤပစ္စည်းများကို ပိုင်ဆိုင်ထားခြင်းက ကုန်သွယ်ရေး အသင်းတစ်ရပ်၏ နက်ရှိုင်းလှသော အင်အားကို ဖော်ပြနေခြင်းပင် ဖြစ်တော့သည်။ ရုတ်တရက် အသိတရား ဝင်လာကာ သူတို့နှင့် အရင်းအမြစ်များကို ခွဲဝေပေးနိုင်ခဲ့သော ယွင်ရှောင် ဆေးလုံးစံအိမ်အပေါ် အင်အားကြီး ကုန်သွယ်ရေး အသင်းများကလည်း စေတနာမှန်ဖြင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ရန် ရည်ရွယ်ထားကြ၏။ ထို့ကြောင့် နှစ်ဝက်ခန့် အကြာတွင် စုယွီသည် သူ လိုအပ်နေသော ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့သည်။ အင်အားကြီး ကုန်သွယ်ရေး အသင်းများနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ထားခြင်း၏ အကျိုးကျေးဇူးများမှာ သိသာထင်ရှားလွန်းလှ၏။
သို့သော် စုယွီ၏ စိတ်အာရုံမှာ ဆေးလုံးစံအိမ်ကို လည်ပတ်ရန်အတွက် မည်သည့်အခါကမျှ ရှိမနေခဲ့ချေ။ ဤအချိန်တွင် သူသည် အင်မော်တယ် ဂိုဏ်းတော်ဆီသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ တာ့ယွီ တောင်ထွတ်ဆီသို့ ပြန်လာခဲ့ပြီး အာရုံလှည့်စားမှု ကျောက်တုံးကို ဗဟိုပြုကာ တည်ဆောက်ထားသော အခင်းအကျင်းကြီးများဖြင့် ဖုံးလွှမ်းထားသည့် ကောင်းချီးပေး နယ်မြေ အတွင်းသို့ ဝင်ရောက်သွားတော့သည်။ အလွန်တရာ သိပ်သည်းလှသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် မြူခိုးများအဖြစ်သို့ပင် အသွင်ပြောင်းနေသယောင် ရှိ၏။ စုယွီက ချီသန့်စင်အိုးကို ဆင့်ခေါ်လိုက်ပြီး သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ စတုတ္ထအဆင့် အလယ်အလတ် ဝိညာဉ်အရည်များအဖြစ် သန့်စင်လိုက်သည်။
သူ ကိုယ်တိုင်မှာမူ ကောင်းချီးပေး နယ်မြေ၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။ ကောင်းချီးပေး နယ်မြေ၏ အစွန်းတစ်ဖက်တွင် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးမှာ အိပ်မောကျနေ၏။ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ဝိညာဉ်ရေကန် အတွင်းသို့ နစ်မြုပ်နေသည်။ ထိုအချိန်တွင် ကောင်းကင် မိုးကြိုးကြွက်ဘုရင်မှာမူ ခရမ်းရောင် ဝိညာဉ်ကျောက်စိမ်းတုံး တစ်တုံးပေါ်တွင် လှဲလျောင်းနေကာ စုယွီ ကျင့်ကြံနေသော အရပ်ဆီသို့ စူးစိုက် ကြည့်ရှုနေတော့သည်။ အခြား တစ်ဖက်တွင်မူ ဝဝတုတ်တုတ် ငှက်ကြီး ထိုက်ရွှီသည် ၎င်း၏ အမွေးအတောင်များကို သပ်ရပ်အောင် ပြုပြင်နေ၏။ ၎င်း၏ အကြည့်များက ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး အိပ်မောကျနေသော ရေကန်နက်ကြီးဆီသို့ တိတ်တဆိတ် ရောက်ရှိနေသည်။
စုယွီ ထောက်ပံ့ပေးထားသော အလျှံအပယ် များပြားလှသည့် အရင်းအမြစ်များနှင့်ဆိုလျှင် ကောင်းကင် မိုးကြိုးကြွက်ဘုရင်နှင့် ထိုက်ရွှီတို့၏ ကျင့်ကြံခြင်း အဆင့်များမှာ လျင်မြန်စွာ တိုးတက်လာခဲ့၏။ ကောင်းကင် မိုးကြိုးကြွက်ဘုရင်သည် တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏ သွေးမျိုးဆက်ဆက်ခံမှုနှင့် အဆင့်ချိုးဖြတ်ရန် အဟန့်အတားများကို ဆက်လက် သွေးပူ လေ့ကျင့်နေဆဲပင် ဖြစ်၏။ ထိုက်ရွှီ၏ ကျင့်ကြံခြင်းမှာ မကြာသေးမီကမှ တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ၎င်းက စတုတ္ထအဆင့်သို့ အဆင့်တက်လှမ်းနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိသော်ငြားလည်း အချိန် အနည်းငယ်တော့ လိုအပ်နေသေး၏။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ သွေးမျိုးဆက်ဆက်ခံမှုမှာ ကောင်းကင် မိုးကြိုးကြွက်ဘုရင်ထက် များစွာ ပိုမို အားကောင်းနေသောကြောင့်ပင် ဖြစ်သည်။
သို့သော်ငြားလည်း... ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး.. တာ့ယွီ တောင်ထွတ်ဆီသို့ ပြန်လည် ရောက်ရှိလာပြီးနောက်တွင် ထိုက်ရွှီ၏ ခေါင်းဆောင် နေရာမှာ လုံခြုံမှု ကင်းမဲ့လာခဲ့ချေပြီ။ ဤအချိန်ကာလ အတွင်း၌ ၎င်းသည် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးအား တိုက်ခိုက်ရန် သုံးကြိမ်တိုင်တိုင် စိန်ခေါ်ခဲ့ပြီး သုံးကြိမ်လုံး ဝိညာဉ်ရေကန်ထဲမှ အရှက်တကွဲ ထွက်ပြေးခဲ့ရသည် မဟုတ်ပါလော။ လိပ်ကြီး၏ အခွံက တကယ့်ကို မာကျောလွန်းလှ၏။ ထိုက်ရွှီ၏ ကျင့်ကြံခြင်း အဆင့်က ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးထက် ပိုမို မြင့်မားမနေခဲ့လျှင် ၎င်းအနေဖြင့် တိုက်ခိုက်ရန်ပင် အရည်အချင်း ပြည့်မီမည် မဟုတ်ချေ။
'ဒီနေ့က စပြီး ငါ ပိုပြီး ကြိုးစား ကျင့်ကြံရတော့မယ်... သခင်ကြီး ကျင့်ကြံတာ ပြီးသွားတာနဲ့ ငါ စားစရာ တစ်ခုခု သွားတောင်းရမယ်... ငါ များများ စားမှ ဖြစ်မယ်... ဒါမှ နောင်ကျရင် တိုက်ခိုက်ဖို့ အင်အားတွေ ရလာမှာ...'
ထိုသို့ တွေးတောမိလိုက်သည်နှင့် ထိုက်ရွှီ၏ မျက်ဝန်းများထဲမှ ယခင်က ရှိခဲ့သော မောက်မာမှုနှင့် ပျင်းရိမှုများ ပျောက်ကွယ်သွားတော့သည်။
အခန်း (၆၀၃) - အဆင့်ချိုးဖြတ်ခြင်း (၃)
“ဝုန်း…”
ညနေဆည်းဆာ အချိန်သို့ တိုင်လာခဲ့လေပြီ။ ထိုအခါမှသာ စုယွီ၏ ခန္ဓာကိုယ်ဆီသို့ ရူးသွပ်စွာ တိုးဝင်စီးဆင်းနေသော ကောင်းကင်နှင့် မြေကြီး၏ သဘာဝဝိညာဉ်စွမ်းအင်များမှာ တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။ စုယွီက သူ၏ ကျွမ်းကျင်မှု မျက်နှာပြင်ကို မျှော်လင့်တကြီး စိုက်ကြည့်လိုက်သည်။
[ကျင့်စဉ် - ဓာတ်ကြီးငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် ၉၊ ကျွမ်းကျင်မှု ၉၉ ဒသမ ၆ ရာခိုင်နှုန်း)]
ဤကိန်းဂဏန်းကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
'မူလဝိညာဉ်အဆင့်... သိပ်မလိုတော့ဘူးပဲ...'
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က စုမိသားစုတွင် အလုပ်သင်တစ်ယောက်အဖြစ် ရှိနေစဉ်ကာလများ၌ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ရန်သာ ဖြစ်ခဲ့၏။ ယွင်ရှန်း ဈေးတန်းနှင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ရောက်ရှိလာချိန်တွင်လည်း ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိရန်သာ သူ မျှော်မှန်းခဲ့ဖူး၏။ သို့သော်ငြားလည်း ယခုအချိန်တွင်မူ။ အတိတ်က ရည်မှန်းချက်များကို ပြည့်မီအောင် အကောင်အထည် ဖော်နိုင်ခဲ့ရုံသာမက မူလဝိညာဉ်အဆင့်ဆီသို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် အခွင့်အရေးကိုပါ ပိုင်ဆိုင်ထားချေပြီ။ ထိုအဆင့်သို့သာ ရောက်ရှိသွားခဲ့ပါလျှင် သူ စုယွီသည် မူလဝိညာဉ် ဧကရာဇ် ဟူသော ဂုဏ်ပုဒ်ကို ထိုက်တန်စွာ ခံယူနိုင်တော့မည် ဖြစ်၏။
ရင်တွင်း၌ လှိုင်းတံပိုးများ အလိပ်လိုက် ထနေဆဲမှာပင် စုယွီက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်၏။ အဆင့်မြင့် ဆေးမီးဖိုကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ကောင်းကင်ဖီးနစ် သွေးမျိုးဆက်ဆက်ခံထားသော သားရဲအရိုးတချို့ကိုပါ ထုတ်ယူလိုက်သည်။ သူသည် စတုတ္ထအဆင့် အဆင့်နိမ့် သားရဲဆေးလုံး တစ်ဖိုကို ဖော်စပ်ရန် ပြင်ဆင်လိုက်ခြင်းပင်။ ဤကဲ့သို့သော ထူးခြားလှသည့် သားရဲဆေးလုံးမျိုးကို ဝဝတုတ်တုတ် ငှက်ကြီး ထိုက်ရွှီအား ကျွေးမွေးခြင်းက အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းစေလိမ့်မည်။ ထိုဆေးလုံးက ထိုက်ရွှီ၏ ကောင်းကင်ဖီးနစ် သွေးမျိုးဆက်ကို အနည်းငယ်မျှ မြှင့်တင်ပေးနိုင်မည် ဆိုလျှင်ပင် ထိုက်ရွှီ၏ အနာဂတ် ကန့်သတ်ချက်သည် စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်တွင် ရပ်တန့်နေမည် မဟုတ်တော့ဘဲ ဝိညာဉ်ခွဲထွက်အဆင့်ကိုပင် ကျော်လွန်သွားနိုင်စွမ်း ရှိ၏။
'ဒါပေမဲ့ ဒီအရာတွေက အနာဂတ်အတွက်ပဲလေ... လောလောဆယ်တော့ ဒီငှက်ဝကြီးကို နည်းနည်းချင်းစီ သေသေချာချာ ကျွေးမွေး ပြုစုပျိုးထောင်ရဦးမှာပဲ...'
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို လှမ်းကြည့်ရင်း စုယွီ တစ်ချက် စဉ်းစားလိုက်သည်။ ထို့နောက် သားရဲကို စတုတ္ထအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်သည့် ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး ဖော်စပ်ရန်အတွက် အင်မော်တယ်ဂိုဏ်းမှ ကုန်ကြမ်းပစ္စည်းများကို အဖိုးအခ အနည်းငယ်ပေး၍ လဲလှယ်ယူရန် ဆုံးဖြတ်လိုက်၏။ အချိန်ကိုက်ပင် အင်မော်တယ်ဂိုဏ်းသည် ကောင်းကင်မိစ္ဆာ တောအုပ်ကြီးကို ချိုးဖျက် သိမ်းပိုက်နိုင်ခဲ့ပြီး မိစ္ဆာသားရဲများအတွက် အသုံးဝင်မည့် ဝိညာဉ်ဆေးပင် မြောက်မြားစွာကို ရရှိထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့ထံတွင် ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး အတွက် လိုအပ်သော ကုန်ကြမ်းများ အလျှံအပယ် ရှိနေ၏။
အကယ်၍သာ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၊ ထိုက်ရွှီနှင့် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးတို့ အားလုံး စတုတ္ထအဆင့်သို့ အဆင့်တက်လှမ်းသွားနိုင်ခဲ့မည် ဆိုပါက သူ၏ လက်အောက်ရှိ အင်အားစုမှာ လုံးဝကို အထင်သေး၍ ရနိုင်တော့မည် မဟုတ်ချေ။ လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေအတွင်း၌လည်း ပြုစုပျိုးထောင်ပေးရန် ထိုက်တန်သော အရည်အချင်းရှိသည့် ထိပ်တန်း တတိယအဆင့် မိစ္ဆာဘုရင် အနည်းငယ် ရှိနေသေးသည်ကို ထည့်မပြောလျှင်ပင် ဤအင်အားက လုံလောက်နေပြီ ဖြစ်၏။
ဆေးလုံး နှစ်ဖိုကို အောင်မြင်စွာ ဖော်စပ်ပြီးနောက် ထိုက်ရွှီ၊ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် တို့ကို ကျွေးမွေးလိုက်သည်။ ထို့နောက် စုယွီသည် ရုပ်သေးရုပ် ပြုလုပ်သည့် ကုန်ကြမ်းပစ္စည်း တစ်ခုကို ထုတ်ယူကာ ရုပ်သေးရုပ်များကို ဆက်လက် ဖန်တီးနေတော့၏။
စုယွီ တစ်ယောက် အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း အဘိုးဟွမ်က အံ့သြတကြီး ရေရွတ်လိုက်သည်။
“မင်းလို ရွှေအမြုတေအဆင့်နဲ့တင် ဆေးပညာရပ်ရော အဆောင်လက်ဖွဲ့ ပညာရပ်မှာပါ စတုတ္ထအဆင့်ကို ရောက်နေတဲ့ သတ္တဝါဆန်းမျိုးကို ကျုပ် တစ်ခါမှ မမြင်ဖူးဘူး...”
“အခု စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေးရုပ်တွေကိုတောင် ဖန်တီးနေပြီလား...”
“ဘုရားရေ... မင်းသာ စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရပ်ကိုပါ နားလည်သဘောပေါက်သွားပြီး မင်းဆရာဆီကနေ လက်နက်ဖန်တီးတဲ့ ပညာရပ်ကိုပါ နည်းနည်းလောက် သင်ယူလိုက်မယ် ဆိုရင်... မင်းရဲ့ ကျွမ်းကျင်မှု ပညာရပ် ငါးခုစလုံးက စတုတ္ထအဆင့်ကို ရောက်သွားတော့မှာပဲ မဟုတ်လား”
စုယွီက ထိုစကားများကို ဝင်ရောက် ဆွေးနွေးရန် ဆန္ဒမရှိချေ။ သူက ရုပ်သေးရုပ်များကိုသာ ဆက်လက် ဖန်တီးနေရင်း ညွှန်ကြားလိုက်၏။
“အဘိုးဟွမ်... မနက်ဖြန် ကျွန်တော် ကျင့်ကြံတဲ့အခါ နည်းနည်းပါးပါး ဆူညံသွားနိုင်တယ်... တခြားလူတွေ မသိရအောင် အတားအဆီး တစ်ခုလောက် လုပ်ပေးထားပါဦး... ဝိညာဉ်ခွဲထွက်အဆင့်က စံအိမ်တော် သခင်ကြီးတောင် မသိစေချင်လို့ပါ”
'ကျင့်ကြံတာက နည်းနည်းပါးပါး ဆူညံသွားမယ် ဟုတ်လား...' အဘိုးဟွမ်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။ “ဘယ်လောက်တောင်ကြီးကျယ်သွားနိုင်မှာမို့လို့လဲ”
နောက်တစ်နေ့ မွန်းလွဲပိုင်း အချိန်သို့ ရောက်သောအခါ.. စုယွီ၏ အရှိန်အဝါသည် အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ပါးလွှာသော အမြှေးပါးလေး တစ်ခုကို ထိုးဖောက်လိုက်သကဲ့သို့ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် အဘိုးဟွမ် ဖန်တီးထားသော အတားအဆီးများဖြင့် ခြားနားထားသည့် ကောင်းချီးပေး နယ်မြေအတွင်း၌ ကမ္ဘာလောကကြီး တစ်ခုလုံး ရုတ်ခြည်း ပြောင်းလဲသွားတော့၏။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များက ရူးသွပ် ရိုင်းစိုင်းသော မုန်တိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တစ်စုံတစ်ရာက ဆွဲဆုတ် ဖျက်ဆီးပစ်တော့မည့်အလား ဟင်းလင်းပြင် တစ်ခုလုံးသည်လည်း လိမ်ကောက် ပုံပျက်သွား၏။
မည်သည့် နေရာမှန်း မသိရသော အရပ်ဆီမှ စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကြီး တစ်ခု ရုတ်တရက် ဆင်းသက်လာခဲ့၏။ ဓာတ်ကြီးငါးပါး၏ စွမ်းအားများ... ဟင်းလင်းပြင်... အချိန်... စိတ်အာရုံ လှည့်စားမှု။ ထို ကြောက်မက်ဖွယ် ကောင်းကင်စွမ်းအားကြီးက ပဉ္စမအဆင့် ရတနာဝိညာဉ် တစ်ပါးဖြစ်သော အဘိုးဟွမ်ကိုပင် ကြောက်ရွံ့ တုန်လှုပ်သွားစေခဲ့သည်။
နယ်မြေအတွင်း၌ ကမောက်ကမ ပြောင်းလဲနေသော လောကကြီးကို ကြည့်ရင်း အဘိုးဟွမ်၏ ဇရာအရေးအကြောင်းတို့ ထင်ဟပ်နေသော မျက်နှာ ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်ထွက်လာပြီး အော်ဟစ်လိုက်တော့သည်။
“သောက်ကျိုးနည်း...”
“ဒါကို မင်းက နည်းနည်းပါးပါး ဆူညံတာလို့ ခေါ်သလား ဟေ”