အခန်း (၆၀၄-၆၀၆)
Vol. 41 Ch. 604-606
အခန်း (၆၀၄) - မူလဝိညာဉ် အဆင့်သို့ တက်လှမ်းခြင်း၊ သက်တမ်း နှစ်ထောင် (၁)
တာအိုစွမ်းအားများ တစ်ရစ်ပြီးတစ်ရစ် ပေါ်ထွက်လာ၏။ အခင်းအကျင်း ဟင်းလင်းပြင် တစ်ခုလုံး၌ ထူးဆန်းသော ဖြစ်စဉ်များ ပြည့်နှက်သွားပြီး ဟင်းလင်းပြင်ပြင်ကြီးမှာ အဆက်မပြတ် လှိုင်းဂယက်များ ထနေတော့သည်။ ထိုအခိုက်အတန့်၌ ကြီးမားလှသော ကောင်းကင်ဘုံ၏ စွမ်းအားတော်ကြီး စုဝေးလာချေပြီ။ ကောင်းကင်တာအို ကိုယ်တိုင် ဆင်းသက်လာတော့မည့်အလား ပေတကား။ ဤလှုပ်ရှားမှုများကြောင့် ပဉ္စမအဆင့် ရတနာဖြစ်သော အာရုံလှည့်စားမှု ကျောက်တုံးဝိညာဉ်မှာ ဦးရေပြားများပင် ထုံကျင်သွားရသည်။ သို့ဖြစ်သော်ငြားလည်း ရွေးချယ်စရာ မရှိ။ မိမိ၏ စွမ်းအားအပြည့်ကို ထုတ်နုတ်ကာ အခင်းအကျင်း ဟင်းလင်းပြင်ကို တည်ငြိမ်အောင် ထိန်းထားရတော့၏။ စုယွီ၏ ကျင့်ကြံခြင်း အဆင့်ချိုးဖြတ်မည့် လက္ခဏာများကို အစွမ်းကုန် ဖိနှိပ်ထားရသည်။
အကြောင်းမူကား သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် မူလဝိညာဉ်အဆင့်သို့ တက်လှမ်းခြင်းဆိုလျှင် ဤအာရုံလှည့်စားမှု ကျောက်တုံးက အလွယ်တကူ ဖိနှိပ် ဖုံးကွယ်ထားနိုင်ပေမည်။ သို့သော် စုယွီ၏ အဆင့်ချိုးဖြတ်မှုကကြီးမားလွန်းလှ၏။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး စသည့် သဘာဝ ဓာတ်ကြီးငါးပါး၏ စွမ်းအားများ အားလုံးကို ထွက်ပေါ်လာစေသည်။ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများပင် ပါဝင်နေသေး၏။ မျက်လှည့်တာအို စသည်တို့မှာ အလှဆင်ထားသည့် အရာများမျှသာ ဖြစ်ချေတော့သည်။
ဖြစ်စဉ်များက ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် အာရုံလှည့်စားမှု ကျောက်တုံးသည် မူလဝိညာဉ်အဆင့်မှ ဝိညာဉ်ခွဲထွက်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နေသော ကျင့်ကြံသူ တစ်ယောက်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် စုယွီ၏ အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်ဖြစ်စဉ်များကို ဖိနှိပ်ရန် အလွန်တရာ ခက်ခဲနေကြောင်း ၎င်း သိရှိလိုက်ရ၏။
'ဒီကောင်လေးက သိပ်ကို လွန်ကျူးလွန်းနေပြီ... ရှေးဟောင်းခေတ်က ကောင်းကင် အင်မော်တယ် နယ်မြေရဲ့ ကောင်းကင်ဂုဏ်ဆောင် သားတော်ထက်တောင် ပိုပြီး လွန်ကျူးနေသေးတယ်... ကောင်းကင်ကို ခုတ်ဖြတ်ခဲ့တဲ့ တာအိုသားတော်လို ခေတ်သစ်ကို ဖန်တီးနိုင်တဲ့ ပုဂ္ဂိုလ်တွေကလွဲရင် ဘယ်သူကများ သူ့ကို ယှဉ်နိုင်မှာလဲ'
အာရုံလှည့်စားမှု ကျောက်တုံးမှာ အံ့ဩခြင်း၊ စိတ်လှုပ်ရှားခြင်းများ ရောယှက်နေပြီး စုယွီ၏ အဆင့်ချိုးဖြတ်နေမှုကို ကြည့်ရင်း ၎င်း၏ အိုမင်းသော မျက်နှာကြီးမှာ ဝင်းလက် တောက်ပနေသည်။
ယခင်က စုယွီ၏ ပါရမီ မဆိုးလှကြောင်းကိုသာ သိရှိခဲ့သော်လည်း မည်မျှအထိ အစွမ်းထက်သနည်း ဆိုတာကိုတော့ မသိခဲ့ချေ။ သို့သော် ယခုအခါ စုယွီသည် ၎င်း၏ မျက်စိအောက်တွင်ပင် အဆင့်ချိုးဖြတ်နေလေပြီ။ ဤတစ်ကြိမ်တွင်တော့ အာရုံလှည့်စားမှု ကျောက်တုံးသည် စုယွီ၏ အလားအလာများကို အမှန်တကယ် မြင်တွေ့လိုက်ရ၏။
အကယ်၍ နောင်အနာဂတ်တွင် စုယွီ၏ နောက်သို့ လိုက်ပါသွားမည်ဆိုပါက ဘဝသည် ယခင်ကထက် သေချာပေါက် ပိုမို သက်တောင့်သက်သာ ရှိလာလိမ့်မည်။
သို့ဖြစ်သော်ငြားလည်း..
'သူ အဆင့်ချိုးဖြတ်တဲ့ လက္ခဏာတွေကို အပြင်လူတွေ မသိအောင် ဖိနှိပ်ထားပေးဖို့ ငါ့ကို ခိုင်းထားတယ်... သူက လူအ ဟန်ဆောင်ပြီး ရန်သူကို လှည့်စားဖို့ ကြံစည်နေတာလား... ဒါမှမဟုတ် တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံဖို့ စီစဉ်နေတာလား...'
ဤအကြောင်းကို တွေးမိသောအခါ အာရုံလှည့်စားမှု ကျောက်တုံးမှာ အနည်းငယ် တွေဝေသွားရ၏။ ၎င်းအနေဖြင့် လောကကြီး တစ်ခုလုံးက သိရှိလာအောင် ကျော်ကြားချင်သော်လည်း ၎င်းလိုက်ပါရမည့် အရှင်သခင်က ဤမျှ တိတ်တိတ်ဆိတ်ဆိတ် နေမည်ဆိုပါက မည်သည့်အချိန်ကျမှ နာမည်ကျော်ကြား လာပါမည်နည်း။
အတန်ကြာ စဉ်းစားပြီးနောက် အာရုံလှည့်စားမှု ကျောက်တုံးသည် အနည်းငယ် သဘောပေါက်သွား၏။
'ထားလိုက်ပါတော့... တိတ်တိတ်ဆိတ်ဆိတ် နေတာကလည်း မဆိုးပါဘူးလေ... အဲဒီလိုနည်းနဲ့ဆိုရင် ပြဿနာတွေ အန္တရာယ်တွေကို ရှောင်လွှဲနိုင်မယ်... တည်တည်ငြိမ်ငြိမ်နဲ့ကြီးထွားလာပြီး အနာဂတ်မှာ ပိုပြီး အစွမ်းထက်လာမယ်ဆိုရင် ငါလည်း နာမည်ကျော်ကြားလာနိုင်သေးတာပဲ... လောနေဖို့ မလိုပါဘူးလေ'
စုယွီ၏ အဆင့်ချိုးဖြတ်မှုကို သိရှိနေသော အခြား သတ္တဝါသုံးကောင်လည်း ရှိနေသေး၏။ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးသည် ရေကန်၏ အောက်ခြေမှ တွားသွား၍ ထွက်လာခဲ့သည်။ လောကမုန်တိုင်း၏ အလယ်ဗဟိုတွင် ရှိနေသော အရှင်သခင်ကို ကြည့်ရင်း ၎င်း၏ မျက်လုံးများမှာ အံ့ဩထိတ်လန့်လျက် ရှိနေတော့သည်။
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်မှာလည်း ကြောက်ရွံ့တုန်လှုပ်နေခဲ့၏။ သူသည် လေအေးများကို တစ်ချက် ရှူသွင်းလိုက်ပြီး စုယွီကို စိုက်ကြည့်ကာ
“ရွှီး... အရှင်သခင်... အရှင်သခင်က စတုတ္ထအဆင့်ကို ချိုးဖြတ်တော့မလို့လား... မဟုတ်သေးဘူး... မူလဝိညာဉ် အဆင့်ကို ချိုးဖြတ်တော့မလို့လား”
ထိုက်ရွှီသည် ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ရပ်နေ၏။ ၎င်း၏ မျက်လုံးများတွင် လေးနက်သော အရောင်များ ကိန်းအောင်းနေပြီး ၎င်းနှင့် အရှင်သခင်တို့ကြားရှိ အင်အား ကွာဟချက်ကို အဆက်မပြတ် နှိုင်းယှဉ်နေမိသည်။
'ငါ့အရှင်သခင်ကို ယှဉ်နိုင်ဖို့ အခွင့်အရေး ရဖို့ဆိုရင်တောင်... ဆယ်ဆလောက် ပိုစားမှ ရမယ်ထင်တယ်'
ထိုက်ရွှီသည် ထိတ်လန့်တကြား အသက်ရှူမှားသွားရသည်။ ယင်းမှာ ရရှိရန် အလွန်ခက်ခဲလှ၏။ ဆယ်ဆ ပိုစားရန်ဆိုသည်မှာ လုံးဝ လွယ်ကူသော ကိစ္စ မဟုတ်ချေ။
အခင်းအကျင်း အတွင်းရှိ ထိုသတ္တဝါ သုံးကောင်၏ အာရုံစိုက်မှုသည် ထိတ်လန့်ဖွယ် ကောင်းသော ဖြစ်စဉ်များကြောင့် တစ်ခုပြီးတစ်ခု ဖမ်းစားခံလိုက်ရသည်။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေတော့၏။ သို့ဖြစ်သော်ငြားလည်း ဝိညာဉ်နယ်မြေ၏ အပြင်ဘက် တာ့ယွီ တောင်ထွတ်ပေါ်တွင်မူ အရာအားလုံးက အေးချမ်း ငြိမ်သက်လျက် ရှိနေသည်။
စုယွီ၏ အဆင့်ချိုးဖြတ်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အာရုံလှည့်စားမှု ကျောက်တုံးက တာ့ယွီ တောင်ထွတ်မှ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူနေခြင်းမှလွဲ၍ အခြားသော ဖြစ်စဉ်များ အားလုံးကို ဖယ်ရှား ဖုံးကွယ်ထားခဲ့သဖြင့် အနည်းငယ်မျှသော ဆူညံသံကိုပင် မထွက်ပေါ်စေခဲ့ချေ။ ဤသည်ကပင် စုယွီသည် အဆင့်ချိုးဖြတ်ရန်အတွက် ဤနေရာသို့ ပြန်လာခဲ့ခြင်း၏ အကြောင်းရင်း ဖြစ်၏။ တစ်ဖက်တွင် ပိုမို ဘေးကင်းလုံခြုံလှ၏။ အခြားတစ်ဖက်တွင်မူ သူ၏ ကျင့်ကြံခြင်း အင်အားကို ဖုံးကွယ်ထားနိုင်သည်။ ထိုသို့မဟုတ်ဘဲ အရှင်သခင် ဆယ်ပါး မြို့တော်၏ မှောင်ခိုဈေးကွက် အတွင်း၌သာ အဆင့်ချိုးဖြတ်ရန် ရွေးချယ်ခဲ့မည်ဆိုလျှင် သူ၏ အဆင့်ချိုးဖြတ်မှု ဆူညံသံက မြို့တော် တစ်ခုလုံးရှိ ကျင့်ကြံသူများကို သေချာပေါက် တပ်လှန့်မိသကဲ့သို့ ဖြစ်သွားလိမ့်မည်။
ထိုသို့ဆိုလျှင် ဝိညာဉ်ခွဲထွက်အဆင့်မှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကပင် သူ့အပေါ် အာရုံကျလာနိုင်၏။ သူ ဘေးကင်းကင်းနှင့် အဆင့်ချိုးဖြတ်နိုင်မည်လား ဆိုသည်မှာ အမည်မသိ အရာတစ်ခု ဖြစ်လာလိမ့်မည်။ ယခုအချိန်တွင်မူ မည်မျှ အံ့ဩဖွယ် ကောင်းလိုက်သနည်း။ မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ အကာအကွယ်နှင့် အာရုံလှည့်စားမှု ကျောက်တုံး၏ ဖုံးကွယ်မှုတို့ကြောင့် အာရုံလှည့်စားမှု ကျောက်တုံးသည် ၎င်း၏ အလုပ်ကို ကောင်းစွာ မလုပ်ဘဲ ဆူညံသံများ ထွက်ပေါ်သွားစေခဲ့လျှင်တောင်မှ အလွန်ဆုံး သူ၏ အင်အား တချို့သာ ပေါက်ကြားသွားမည် ဖြစ်ပြီး အသက်အန္တရာယ်တော့ ကျရောက်လာမည် မဟုတ်ပေ။
ဝိညာဉ်နယ်မြေ အတွင်း၌ကား။
“ဟူး... ဟူး... ဟူး…”
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားလှိုင်းများ တစ်ခုပြီးတစ်ခု ဆင်းသက်လာခဲ့သည်။ ဗဟိုချက်ရှိ သေးငယ်သော ပုံရိပ်လေးဆီသို့ ဒေါသတကြီး လှိမ့်ဝင်လာကြရာ အဆုံးအစမဲ့သော မုန်တိုင်းလှိုင်းတံပိုးကြီး တစ်ခုက ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ ပင်လယ်ပြင်ရှိ သန္တာကျောက်တန်း ငယ်လေး တစ်ခုကို အပိုင်းပိုင်း အစစ ဆွဲဖြဲရန် ကြိုးစားနေသည့်အလား ပေတကား။
ဟင်းလင်းပြင်၊ အချိန်နှင့် မျက်လှည့်တာအိုတို့ အပါအဝင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ အားလုံးသည် ဤအခိုက်အတန့်တွင် စုယွီ၏ ပင်မ ခန္ဓာကိုယ်ကို ရိုက်ခတ်နေတော့သည်။
'အင်း...'
စုယွီ၏ စိတ်အာရုံထဲတွင်တော့ သူသည် ပုစဉ်းရင်ကွဲ ကျင့်စဉ်ကို လည်ပတ်နေကာ မိမိ၏ စိတ်ကို ငြိမ်းချမ်းစေပြီး တစ်ကိုယ်လုံးမှာ မူလဝိညာဉ် အဆင့်ချိုးဖြတ်မှု၏ ကပ်ဘေးကို ရင်ဆိုင်ရန်အတွက် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေလေပြီ။ ပထမဆုံး ကပ်ဘေးကတော့ ခန္ဓာကိုယ် ကပ်ဘေးပင် ဖြစ်၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ လှိမ့်ဆင်းလာမှုနှင့်အတူ ရွှေအမြုတေ အဆင့်မှ သာမန် အစစ်အမှန် လူသားများ၏ ခန္ဓာကိုယ်များဆိုလျှင် စောစောစီးစီးကပင် ကြေမွသွားလောက်ချေပြီ။ သို့သော် စုယွီ၏ ခန္ဓာကိုယ်မှာ စတုတ္ထအဆင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားပြီး ဖြစ်လေရာ။ သူသည် မယိမ်းမယိုင် တောင့်ခံထားနိုင်သေး၏။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သန်းနှင့်ချီသော ခန္ဓာကိုယ် သန့်စင်ခြင်း အမှတ်အသားများ နိုးကြားလာခဲ့ပြီး မူလဝိညာဉ် အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော ကြီးမားလှသည့် ရုပ်ခန္ဓာ စွမ်းအားက ပြင်ပမှ ကောင်းကင်နှင့် မြေကြီး စွမ်းအားများကို သူ၏ ခန္ဓာကိုယ်အတွက် အပြည့်အဝ ကာကွယ်ပေးနေသည်။ သို့ဖြစ်သော်ငြားလည်း မူလဝိညာဉ် အဆင့်၏ ကပ်ဘေးအောက်တွင် စုယွီသည် ညည်းတွားသံ အနည်းငယ် ထွက်ပေါ်သွားသည်ကို မတားဆီးနိုင်ခဲ့ဘဲ သူ၏ အရေပြားပေါ်တွင် အက်ကွဲကြောင်း အသေးစားလေးများ ဖြစ်ပေါ်လာတော့၏။ အရေပြားများ စုတ်ပြဲသွားလိုက်၊ ချက်ချင်း ပြန်လည် သက်သာလာလိုက်၊ ထို့နောက် ထပ်မံ စုတ်ပြဲသွားပြီး ပြန်လည် ပြုပြင်လိုက်နှင့်။ ဤသံသရာက ဆက်လက် လည်ပတ်နေသည်။
သို့သော် စုယွီက ဂရုမစိုက်ချေ။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ဆင်းသက်လာသည့် အခိုက်အတန့်တွင် သူသည် ကောင်းကင်ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင်ခြင်းကို အပြည့်အဝ လည်ပတ်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီး တာအို၏ စွမ်းအားများကို စုပ်ယူကာ ကောင်းကင်ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင်ခြင်းကို လေ့ကျင့်နေခဲ့၏။ စတုတ္ထအလွှာ ခန္ဓာကိုယ် သန့်စင်ခြင်း တာအိုကို စုစည်းနေခြင်းပင်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားက ဝိညာဉ်အရည်များထက်ပင် ပိုမို အားကောင်းလှရာ စတုတ္ထအလွှာ ခန္ဓာကိုယ် သန့်စင်ခြင်း တာအိုကို စုစည်းရသည်မှာ အလွန် ချောမွေ့နေတော့သည်။ ခန္ဓာကိုယ် သန့်စင်ခြင်း တာအို ပုံစံတစ်ခုပြီး တစ်ခု သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်လာသည်ကို ကြည့်ရင်း စုယွီသည် စိတ်လှုပ်ရှားမှု အရိပ်အယောင်များကိုပင် ခံစားလိုက်ရသည်။
'ရပ်မသွားနဲ့...'
သူ၏ မူလဝိညာဉ် အဆင့်ချိုးဖြတ်မှု၏ ဤကပ်ဘေး ကာလအတွင်း စုယွီသည် ခန္ဓာကိုယ် သန့်စင်ခြင်းတွင် နစ်မြုပ်နေဆဲ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်ရှိ သက်စောင့်စွမ်းအင်၊ ရွှေအမြုတေ စသည်တို့မှာ ကောင်းကင်နှင့် မြေကြီး တာအို စွမ်းအားများ၏ ရိုက်ခတ်မှုအောက်တွင် တဖြည်းဖြည်း အသွင်ပြောင်းလဲနေကြပြီ ဖြစ်ပေ၏။
အခန်း (၆၀၅) - မူလဝိညာဉ် ဖွဲ့တည်ခြင်း၊ သက်တမ်း နှစ်ထောင် (၂)
လဝက်ခန့် အချိန်ကုန်လွန်သွားပြီးနောက်တွင်မူ ကောင်းကင်နှင့် မြေကြီး တာအို၏ စွမ်းအားများ တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။
ခန္ဓာကိုယ် ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လေပြီ။
“ဝုန်း...”
ကောင်းကင်နှင့် မြေကြီး တာအိုစွမ်းအားများ လျော့ကျသွားသည်နှင့် တစ်ပြိုင်နက် မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလှသော ကောင်းကင်ဘုံ၏ စွမ်းအားတော်ကြီး ရုတ်တရက် ဆင်းသက်လာသည်။ စုယွီ၏ ဝိညာဉ်တစ်ခုလုံး တုန်ခါသွား၏။ အင်အားတစ်ရပ်က သူ၏ ဝိညာဉ်နှင့် အသိစိတ်ပင်လယ်ကို ရိုက်ခွဲ ဖျက်ဆီးပစ်တော့မည့်အလား သူ၏ စိတ်အာရုံထဲတွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။
သို့သော်ငြားလည်း...
ထိုနာကျင်မှုက သာမန်မျှသာ ဖြစ်၏။
စူးခနဲ နာကျင်သွားပြီးနောက်တွင် အေးမြသော ခံစားမှု တစ်ခုက သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ စိတ်အာရုံနှင့် ဝိညာဉ်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားတော့သည်။
ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်၏ လည်ပတ်မှုအောက်တွင် စုယွီ၏ ဝိညာဉ်သည် ထိုအေးမြသော စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူ သန့်စင်နေတော့၏။ ထိုစွမ်းအား၏ အကူအညီဖြင့် စုယွီ၏ ဝိညာဉ်သည် မှန်းဆ၍မရနိုင်သော အမြန်နှုန်းဖြင့်ကြီးထွားလာခဲ့၏။
ဒုတိယအဆင့်ဖြစ်သော နတ်ဘုရား ဝိညာဉ် ကပ်ဘေးကိုလည်း စုယွီက အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို စုပ်ယူ သန့်စင်နေရင်းဖြင့် စုယွီက ရင်တွင်း၌ ကြိတ်၍ နောက်ပြောင်နေမိ၏။
'ဒီလိုမျိုး တစ်နေ့ တစ်ခါလောက် ဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ...'
အခြားသူများမှာ မူလဝိညာဉ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မကြိုးစားဝံ့မီ ကပ်ဘေးများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ရန်အတွက် နှစ်ပေါင်း ရာချီ၍ပင် ပြင်ဆင်ကြရ၏။ သို့သော် စုယွီကမူ ဤကဲ့သို့သော အခွင့်အရေးမျိုး နေ့တိုင်း ရရှိရန်ပင် ဆန္ဒပြုနေ၏။ အကယ်၍ ကောင်းကင်တာအိုသာ သူ၏ အတွေးများကို သိရှိသွားမည် ဆိုပါက သူ့ခေါင်းထဲတွင် ဘာတွေ တွေးနေသနည်းဟု ကျိန်ဆဲမိမည်မှာ သေချာလှ၏။ အခြားသူများက ကပ်ဘေးများကို ဖြတ်ကျော်ရန် ကြိုးစားနေချိန်တွင် သူကတော့ အရင်းအမြစ်များကို စုဆောင်းနေခြင်းပင် ဖြစ်တော့သည်။
ဆယ်ရက်ခန့် ဝိညာဉ်ကို လေ့ကျင့်ပြီးနောက်တွင် တတိယအဆင့်သို့ ရောက်ရှိသွားသည်။ ၎င်းက အခြား ကျင့်ကြံသူများအတွက် အခက်ခဲဆုံး အဆင့်ဖြစ်သည့် ရွှေအမြုတေ၏ အချုပ်အနှောင်များကို ချိုးဖျက်ခြင်း၊ ဝိညာဉ်နှင့် ချီစွမ်းအင်တို့ကို တစ်သားတည်း ပေါင်းစပ်ခြင်း၊ အမြုတေကို ချိုးဖျက်၍ ဝိညာဉ်ငယ်ကို ဖွဲ့တည်ခြင်း အဆင့်ပင် ဖြစ်၏။
သို့သော် စုယွီအတွက်မူ ၎င်းက အလွယ်ကူဆုံး အဆင့်တစ်ခုသာ ဖြစ်နေသည်။
သဘာဝအလျောက်ပင် စုယွီ၏ ဝိညာဉ်စွမ်းအားသည် တန်ထျန်းအတွင်းရှိ ရွှေအမြုတေထဲသို့ ပေါင်းစည်းသွားကာ အလွယ်တကူပင် တစ်သားတည်း ဖြစ်သွားတော့၏။ သူ၏ စိတ်ဆန္ဒအရ အက်ကွဲသံ တစ်သံ ထွက်ပေါ်လာသည်။ အတွင်းအမြုတေမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာသည်နှင့်အမျှ မျက်လုံးမပွင့်သေးသော ကလေး လက်သီးဆုပ်ခန့် အရွယ်အစားရှိသည့် မူလဝိညာဉ်လေး တစ်ခုသည် ရွှေအမြုတေ၏ အချုပ်အနှောင်များမှ ရုန်းထွက်ကာ ပေါ်ထွက်လာတော့သည်။
ထိုဖြစ်စဉ်က အနည်းငယ်မျှ ချို့ယွင်းချက် မရှိဘဲ အံ့ဩဖွယ်ကောင်းလောက်အောင် ချောမွေ့နေခဲ့၏။ ၎င်းက သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး စုယွီ ကိုယ်တိုင်ပင် ပူပန်နေရန် မလိုအပ်ခဲ့ချေ။ ရွှေအမြုတေ အက်ကွဲသွားပြီး အထဲမှ သန့်စင်ထားသော မူလဝိညာဉ်လေး မွေးဖွားလာခဲ့ပြီ ဖြစ်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်... ခန္ဓာကိုယ် အတွင်းအပြင် ပြောင်းလဲသွားသည်ကို သူ တစ်ဖန် ပြန်လည် ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးကြီးမြတ် မြင့်မားသွားသကဲ့သို့ ခံစားရပြီး သူ့ပတ်ဝန်းကျင်ရှိ လောကကြီးကပင် အနည်းငယ် ပြောင်းလဲသွားသယောင် ရှိနေတော့သည်။
သူ၏ စိတ်အာရုံများက ပတ်ဝန်းကျင် လောကကြီးထဲသို့ ပျံ့နှံ့သွားပြီး အရောင်အသွေး စုံလင်လှသော အလင်းစက်လေးများ လွင့်မျောနေသည်ကို မြင်တွေ့လိုက်ရ၏။ တချို့နေရာများတွင် သိပ်သည်းနေပြီး တချို့နေရာများတွင်တော့ မှေးမှိန်နေသည်။
'ဒါက သဘာဝ ဝိညာဉ်စွမ်းအင်ရဲ့ စွမ်းအားတွေလား...'
စုယွီက ရင်တွင်း၌ တွေးတောလိုက်မိသည်။ ဤသည်က သဘာဝ ဝိညာဉ်စွမ်းအင်များ၏ အစစ်အမှန် လောကကြီးကို သူ ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်၏။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ ရေကန်နက်ကြီး၏ အစွန်းတစ်ဖက်တွင် တောက်ပနေသော ရေပြာရောင် အလင်းလုံးကြီး တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။
'ဒါ ပင်လယ်လွှမ်းမိုး ရှေးဟောင်းလိပ်ကြီးပဲ... သူ့ရဲ့ အလင်းရောင်က တကယ့်ကို စူးရှတောက်ပလွန်းတယ်... မျက်စိကျိန်းလောက်အောင်ကို လင်းထိန်နေတာပဲ... ရှေးဟောင်း ဝိညာဉ်သားရဲ သွေးမျိုးဆက် ဆက်ခံသူ ပီသပါပေတယ်...'
စုယွီက သူ့ဘာသာ တွေးလိုက်မိ၏။
ထို့နောက် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် ထုတ်လွှတ်နေသော အလင်းရောင်မှာ မှေးမှိန်သော ခရမ်းရောင် အလင်းဖြစ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် ပင်လယ်လွှမ်းမိုး ရှေးဟောင်းလိပ်ကြီးထက် ပိုမိုမြင့်မားသော ထိပ်တန်း တတိယအဆင့် ကျင့်ကြံသူ ဖြစ်သော်ငြားလည်း ၎င်း၏ အလင်းရောင်မှာ ပင်လယ်လွှမ်းမိုး ရှေးဟောင်းလိပ်ကြီးထက် များစွာ အားနည်းနေပြီး အဆင့်အတန်း တစ်ခုတည်းတွင် မရှိချေ။
ထိုက်ရွှီနှင့် မနီးမဝေးတွင်တော့ တောက်လောင်နေသော ခရမ်းပြာရောင် မီးတောက် တစ်ခု ရှိနေသည်။ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် ယှဉ်လိုက်ပါက ၎င်းက သိသိသာသာ ပိုမို တောက်ပနေ၏။ သို့သော် ပင်လယ်လွှမ်းမိုး ရှေးဟောင်းလိပ်ကြီးနှင့် နှိုင်းယှဉ်လိုက်လျှင်တော့ အဆင့်များစွာ နိမ့်ကျနေဆဲပင်။ မည်သို့ပင် ဆိုစေကာမူ ထိုက်ရွှီသည် ရှေးဟောင်းခေတ်မှ ကောင်းကင်ဖီးနစ် သွေးမျိုးဆက် တစ်စိတ်တစ်ပိုင်းကိုသာ နိုးထနိုင်ခဲ့ခြင်း ဖြစ်သည်။ နှစ်များစွာ အတွင်း သူ၏ သွေးမျိုးဆက်က များစွာ အားကောင်းလာခဲ့သော်ငြားလည်း ရှေးဟောင်း ကောင်းကင်ဖီးနစ် အဆင့်နှင့်မူ များစွာ ကွာဟနေသေး၏။
စုယွီ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် ချီစွမ်းအင်တို့ လုံးဝ အသွင်ပြောင်းသွားပြီး လောကကြီး တစ်ခုလုံး အေးချမ်းငြိမ်သက်သွားသည့် အချိန်ရောက်မှသာ သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်တော့သည်။ သူက လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ မွန်မြတ်လှသော ဝိညာဉ်ဆေးပင်ကြီး တစ်ပင်ကဲ့သို့ ထူးကဲသော ရနံ့သင်းသင်းလေး ပါဝင်နေသည့် သန့်စင်သော သက်စောင့်စွမ်းအင် အနှစ်သာရကို ခံစားလိုက်ရသကဲ့သို့ ရှိ၏။ ဤအချက်ကို သတိပြုမိပြီး သူ၏ အသွေးအသားထဲတွင် ကိန်းအောင်းနေသော သက်စောင့်စွမ်းအင်များကို ခံစားလိုက်ရကာ စုယွီက တွေးတောလိုက်မိသည်။
'ငါ့ရဲ့ ကိုယ်ပိုင် အသွေးအသားက ဒုတိယအဆင့် သက်တမ်းတိုး ဆေးလုံး တစ်လုံးစာလောက် တန်ဖိုးရှိနေလောက်ပြီ...'
အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိသူ တစ်ယောက်က စားသုံးလိုက်မည် ဆိုပါက သက်တမ်းကိုပင် တိုးစေနိုင်လောက်၏။ ယခင်က ရွှေအမြုတေ ရှိခဲ့ဖူးသော သူ၏ တန်ထျန်းအတွင်းသို့ ငုံ့ကြည့်လိုက်ရာ ယခုအခါတွင် မျက်လုံးမပွင့်သေးသော မူလဝိညာဉ်ငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။ မူလဝိညာဉ်ငယ်လေး၏ လက်သေးသေးလေးထဲတွင်တော့ ရွှေရောင် အပိုင်းအစလေး တစ်ခုကို ဆုပ်ကိုင်ထား၏။ ၎င်းမှာ ကြီးမားလှသော စွမ်းအားများ ပိုင်ဆိုင်ထားသည့် ရှေးဟောင်း ရှန်းစာသားများ ချန်ရစ်ထားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အပိုင်းအစလေးပင် ဖြစ်တော့သည်။
ဤရွှေရောင် အပိုင်းအစလေးမှလွဲ၍ ၎င်း၏ ပတ်ပတ်လည်တွင် မှော်ရတနာ အများအပြားလည်း ရှိနေသေး၏။ လပြာရောင် ဓားပျံ၊ ကောင်းကင်ရွှမ် ပုလဲလုံး၊ ချီသန့်စင်အိုး၊ ရေခဲအရိုး လှံရှည်၊ ငွေရောင် အပိုင်းအစ စသည်တို့ပင် ဖြစ်၏။ မူလဝိညာဉ်မှာ မျက်လုံး မပွင့်သေးသော်ငြားလည်း ဤရတနာများကို ပိုင်ဆိုင်ထားခြင်းကြောင့် ၎င်း၏ ကောင်းကင်စွမ်းအားမှာ အလွန်တရာ အားကောင်းလွန်းလှ၏။ မူလဝိညာဉ်အဆင့် (၃) မှ သာမန် အရှင်သခင် တစ်ပါးဆိုလျှင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ဟု စုယွီ ခံစားလိုက်ရသည်။
ဤမှော်ရတနာများအပြင် သူ၏ လက်ထဲတွင် အဆင့်နိမ့် မိစ္ဆာရတနာဖြစ်သော လော့ရှီလော့ ဓားသွား၊ သို့မဟုတ် မိစ္ဆာ အငွေ့အသက်များ ကျန်ရစ်နေသေးသည့် ဗုဒ္ဓဘာသာ ရတနာ ဖြစ်သော ရှေးဟောင်း ကြေးဝါဆီမီးခွက် ကဲ့သို့သော ပိုင်ရှင်မဲ့ ရတနာ အချို့လည်း ရှိနေသေး၏။ နေရာနှစ်ခုတွင် ပျက်စီးနေသော ကျိုးပဲ့နေသည့် မှော်ရတနာဖြစ်သည့် အနီရောင် နတ်ဘုရား လှံရှည်ကြီးလည်း ရှိနေသေးသည်။
'မှော်ရတနာတွေ... လော့ရှီလော့ ဓားသွားနဲ့ ရှေးဟောင်း ကြေးဝါဆီမီးခွက်ကို ငါ့ဆရာဆီ အပ်ပြီး အနီရောင် နတ်ဘုရား လှံရှည်ကြီးကို ပြင်ပေးဖို့ အကူအညီ တောင်းရမလားပဲ...'
စုယွီ တွေးလိုက်မိသည်။ အဆင့်နိမ့် မှော်ရတနာ တစ်ခုသည် အလွန်တန်ဖိုးကြီးမားလှပြီး သာမန် မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ဆိုလျှင် တစ်ခုမျှပင် ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ မြေကမ္ဘာ အင်မော်တယ် နယ်မြေ ကိစ္စရပ်များ ခန်းမတွင် အဆင့်နိမ့် မှော်ရတနာ တစ်ခုကို စွမ်းဆောင်ရည် ရမှတ် သန်းငါးဆယ်ကျော်ဖြင့် လဲလှယ်နိုင်၏။ ယင်းမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းငါးဆယ်ခန့်နှင့် ညီမျှသည်။ အကယ်၍ သာမန် မူလဝိညာဉ်အဆင့် အရှင်သခင် တစ်ပါးသည် ဤစွမ်းဆောင်ရည် ရမှတ်များကို စုဆောင်းချင်သည် ဆိုပါက ထိုရမှတ်များ ပြည့်မီရန်အတွက် အင်မော်တယ် ဂိုဏ်းတော်အတွက် ရာစုနှစ်ပေါင်းများစွာ အသက်စွန့်၍ ကြိုးပမ်းရလိမ့်မည်။
အာရုံလှည့်စားမှု ကျောက်တုံးမှာမူ တကယ်တော့ အလယ်အလတ်အဆင့် စိတ်အာရုံလှည့်စားခြင်း ရတနာ ဖြစ်၏။ အဆင့်နိမ့် မှော်ရတနာများသည် မူလဝိညာဉ် အဆင့်အတွက် သင့်လျော်ပြီး အလယ်အလတ်အဆင့် မှော်ရတနာများမှာ ဝိညာဉ်ခွဲထွက်အဆင့်အတွက် ဖြစ်ကာ အဆင့်မြင့် ရတနာများမှာ ဟင်းလင်းပြင်အဆင့် အတွက်သာ သင့်လျော်သည်။ မြေကမ္ဘာ အင်မော်တယ် နယ်မြေတွင် အခြား အလယ်အလတ်အဆင့် မှော်ရတနာများ ရှိမရှိကို စုယွီ မသိသော်ငြားလည်း အာရုံလှည့်စားမှု ကျောက်တုံးသည်ကား ရတနာဝိညာဉ်ပင် ကိန်းအောင်းနေသည့် သူ ပထမဆုံး မြင်ဖူးသော အလယ်အလတ်အဆင့် မှော်ရတနာ ဖြစ်၏။ ရတနာဝိညာဉ်မှာ အနည်းငယ် ထူးခြားလှ၏။ မှော်ရတနာ တိုင်းတွင် ရတနာဝိညာဉ် မပါရှိသည် ဖြစ်ရာ အလွန်တရာ ရှားပါးလှပါသည်။
အကယ်၍ အင်မော်တယ် တစ်သောင်း နန်းတော်ကဲ့သို့သော ဂိုဏ်းများက လှည့်စားမှု ပင်လယ် အပျက်အစီးထဲတွင် အာရုံလှည့်စားမှု ကျောက်တုံးဟူသော ရတနာ တစ်ပါး အမှန်တကယ် ရှိနေပြီး ရတနာဝိညာဉ်ကိုပါ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိခဲ့မည် ဆိုပါက... ယခင်က အာရုံလှည့်စားမှု ရွှံ့ညွန်တော အပြင်ဘက်ရှိ မိစ္ဆာမျိုးနွယ်စုနှင့် တိုက်ပွဲမှာ ဤမျှ ကပျာကယာ ပြီးဆုံးသွားခဲ့မည် မဟုတ်ချေ။ ထိုအချိန်က ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးနှင့် ဆင်တူသည့် ဧရာမ တိုက်ပွဲကြီးတစ်ရပ် သေချာပေါက် ဖြစ်ပွားလာနိုင်၏။ ဤသည်ကပင် ရတနာဝိညာဉ် ပါရှိသော အလယ်အလတ်အဆင့် မှော်ရတနာ တစ်ပါး၏ တန်ဖိုးပင် ဖြစ်တော့သည်။
အတွေးကမ္ဘာထဲမှ သတိပြန်ဝင်လာပြီးနောက်.. စုယွီသည် သူ၏ ချီ ၊ ဝိညာဉ်စွမ်းအားနှင့် ရုပ်ခန္ဓာ အင်အားတို့၏ ပြောင်းလဲမှုများကို စစ်ဆေးကြည့်လိုက်သည်။ မူလဝိညာဉ် အဆင့်ရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ်မှာ ရွှေအမြုတေ အဆင့်နှင့် နှိုင်းယှဉ်လျှင် အခြေခံကျသော အသွင်ပြောင်းလဲမှု တစ်ရပ်ကို အောင်မြင်သွားခဲ့ချေပြီ။ ချီစွမ်းအင်ကြိုး အမျှင်တိုင်းမှာ အသက်ဝင်နေသကဲ့သို့ ဖြစ်နေပြီး သက်စောင့်စွမ်းအင် အရိပ်အယောင်များ ပေါင်းထည့်ထားသယောင် ရှိ၏။ ၎င်းက ကောင်းကင်တာအို၏ စွမ်းအားများနှင့် ပိုမို ဆင်တူနေတော့၏။
သူ၏ ကိုယ်ပိုင် တာအိုနယ်ပယ်ကို ပုံဖော်ပြီးနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် စုယွီ၏ တာအိုနယ်ပယ်သည် အာရုံလှည့်စားမှု ကျောက်တုံး ဖန်တီးထားသော ကောင်းချီးပေးနယ်မြေ တစ်ခုလုံးသို့ ဖြာထွက်သွားသည်။ ၎င်းက ဓာတ်ကြီးငါးပါး၏ စွမ်းအားများ ပြည့်နှက်နေရုံသာမက ခန္ဓာကိုယ်၊ ဝိညာဉ်၊ ဟင်းလင်းပြင်နှင့် အချိန်တာအို စသည့် အစိတ်အပိုင်းများပါ ပါဝင်နေ၏။ ကိုယ်ပိုင် တာအိုနယ်ပယ်တွင် စွမ်းအားတစ်မျိုးတည်းသာ ပါဝင်သော အခြား သာမန် မူလဝိညာဉ်အဆင့် အရှင်သခင်များနှင့် နှိုင်းယှဉ်လိုက်ပါက စုယွီ၏ နယ်ပယ်သည် စကြဝဠာငယ်လေး တစ်ခုနှင့်ပင် တူနေတော့၏။ ၎င်းမှာ အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်လွန်းလှပြီး အလွန်တရာ အားကောင်းသော စွမ်းအားများကို ထုတ်လွှတ်နေကာ မူလဝိညာဉ် အဆင့်၏ အစောပိုင်း ကာလများကိုပင် များစွာ ကျော်လွန်နေချေပြီ။ မူလဝိညာဉ် အဆင့်သို့ အဆင့်တက်လှမ်းခါစသာ ရှိသေးသော်ငြားလည်း ဤတာအိုနယ်ပယ်သည် မူလဝိညာဉ်အဆင့် (အလယ်အလတ်) အရှင်သခင် တစ်ပါးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေလေပြီ။
'အုတ်မြစ်က တကယ်ကို ခိုင်မာလွန်းတယ်... ဒါပေမဲ့ ဒီလို ခိုင်မာတဲ့ တာအိုနယ်ပယ်နဲ့ဆိုရင် ကျင့်ကြံချိန်၊ အရင်းအမြစ်တွေ အပါအဝင် တိုးတက်ဖို့အတွက် ငါ ပေးဆပ်ရမယ့် တန်ဖိုးကတော့ သေချာပေါက်ကြီးမားနေမှာပဲ...'
စုယွီက တွေးတောလိုက်မိ၏။ သူ၏ တာအိုနယ်ပယ် အတွင်းရှိ အင်အား အမျိုးမျိုးကို ခံစားနေရင်း နောက်ဆုံးတွင်တော့ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကိုသာ ဦးစားပေးရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကိုသာ အဓိကထား ကျင့်ကြံနေခြင်း ဖြစ်ပြီး ၎င်းက အခြေခံ အကျဆုံး အရေးကြီးသည့် အရာပင် ဖြစ်၏။ ဟင်းလင်းပြင်နှင့် အချိန် သဘောတရားများမှာမူ သူ့အတွက် နက်နဲ ခက်ခဲလွန်းနေဆဲ ဖြစ်သည်။ အကယ်၍ သူက လောဘတကြီးနှင့် ယခုအချိန်တွင် ဟင်းလင်းပြင်နှင့် အချိန် နယ်ပယ်များကို အာရုံစိုက်နေမည် ဆိုပါက ၎င်းသည် မိမိကိုယ်ကို လှောင်ချိုင့်အတွင်း ပိတ်လှောင်ကာ သေတွင်းတူးနေသကဲ့သို့ပင် ဖြစ်သွားလိမ့်မည်။ ထိုအချိန်များ အားလုံးကို အသုံးချပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို တည်ငြိမ်စွာ မြှင့်တင်လိုက်ခြင်းက ပိုမို ကောင်းမွန်မည် မဟုတ်ပါလော။
သူက ကျွမ်းကျင်မှု မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။
[ကျင့်ကြံခြင်း အဆင့် - မူလဝိညာဉ် အဆင့် (၁)]
[သက်တမ်း - (၂၃၄)/(၂၀၀၉) နှစ်]
[ကျင့်စဉ် - ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ် အဆင့် (၁)၊ ကျွမ်းကျင်မှု ၀.၀၁ ရာခိုင်နှုန်း)၊ ကောင်းကင် အင်မော်တယ် ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် (အဆင့် (၄)၊ ကျွမ်းကျင်မှု ၂၄.၈၇ ရာခိုင်နှုန်း)၊ သွေးဝေလငါး လမင်းမြိုကျင့်စဉ် (အဆင့် (၄)၊ ကျွမ်းကျင်မှု ၃၀ ရာခိုင်နှုန်း)၊ အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ (ပြီးပြည့်စုံခြင်း)... ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (အဆင့် (၄)၊ ကျွမ်းကျင်မှု ၃၃ . ၁၃ ရာခိုင်နှုန်း)]
[မန္တန် - သစ်သားနွယ်ပင် မန္တန် (ပြီးပြည့်စုံခြင်း)... ယင်ယန် လွတ်မြောက်ခြင်း နည်းစနစ် (ပြီးပြည့်စုံခြင်း)၊ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ် (ပြီးပြည့်စုံခြင်း)၊ ပုစဉ်းပိုးတုံးလုံး အချိန်တာအို ကျင့်စဉ် (အမြင့်ဆုံး အောင်မြင်မှု၊ ကျွမ်းကျင်မှု ၂၂ . ၁၇ ရာခိုင်နှုန်း)၊ ဟင်းလင်းပြင် ခွဲထွက်ခြင်း ဟင်းလင်းပြင်တာအိုကျင့်စဉ် (အစပြု၊ ကျွမ်းကျင်မှု ၂၀ . ၆၁ ရာခိုင်နှုန်း)]
ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်ရှိ သက်တမ်း ကိန်းဂဏန်းကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားတော့၏။
'သက်တမ်း နှစ်ထောင်တောင်ပါလား...'
သာမန် မူလဝိညာဉ် အဆင့်၏ အထွတ်အထိပ်နှင့် နှိုင်းယှဉ်လိုက်ပါက သက်တမ်းက နှစ်ဆပင် ဖြစ်နေချေပြီ။
အခန်း (၆၀၆) - လေလံပွဲ (၁)
ဤတစ်ကြိမ် မူလဝိညာဉ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သက်တမ်းမှာ နှစ်ပေါင်းငါးရာ နီးပါးခန့်အထိ တိုးလာခဲ့၏။ စုယွီ၏ လက်ရှိ အချိန် တာအိုနိယာမ နားလည်သဘောပေါက်မှုအရဆိုလျှင် ကျန်ရှိနေသေးသော သက်တမ်း နှစ်ပေါင်း တစ်ထောင့်ရှစ်ရာခန့်နှင့် ပေါင်းစပ်လိုက်ပါက သူသည် အနည်းဆုံး နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်အထိ အသက်ရှင်နေထိုင်နိုင်စွမ်း ရှိ၏။
'ဝိညာဉ်ခွဲထွက်အဆင့်က လက်ရှိ စံအိမ်တော် သခင်ကြီးတောင် ငါ့လောက် အသက်ရှည်ရှည် နေနိုင်မှာ မဟုတ်ဘူး...'
စုယွီက တီးတိုး ရေရွတ်လိုက်သည်။ အကြောင်းမူကား ဝိညာဉ်ခွဲထွက်အဆင့်၏ သက်တမ်းမှာ နှစ်ပေါင်း နှစ်ထောင်ဖြစ်ပြီး မူလဝိညာဉ်အဆင့်ထက် နှစ်ဆ ပိုမို များပြား၏။ သို့သော် ယခုအချိန်တွင်မူ သူသည် ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူများထက်ပင် သက်တမ်း ပိုမို ရှည်ကြာနေခဲ့ချေပြီ။
'နှစ်ပေါင်း ရာချီ ဒါမှမဟုတ် ထောင်ချီလောက် အသက်ရှင်ပြီးသွားရင် ငါလည်း စံအိမ်တော်ရဲ့ ဘိုးဘေးကြီးတစ်ပါး ဖြစ်လာနိုင်တာပဲ...'
စုယွီ၏ မျက်ဝန်းများ အရောင်လက်သွားကာ စဉ်းစားတွေးတော လိုက်မိသည်၊ ဤအရာက လုံးဝ ဖြစ်နိုင်ခြေ ရှိလှ၏။ မူလဝိညာဉ်အဆင့်နှင့် ဝိညာဉ်ခွဲထွက်အဆင့်တွင် ကျင့်ကြံအားထုတ်ရခြင်းမှာ အလွန်တရာ ခက်ခဲကြမ်းတမ်းလှ၏။ မူလဝိညာဉ်အဆင့်တွင် နှစ်ပေါင်း ရာချီ၍ ကျင့်ကြံနေရခြင်းမှာ ဆန်းကြယ်သော ကိစ္စရပ် တစ်ခု မဟုတ်ပေ။ ဝိညာဉ်ခွဲထွက်အဆင့်ကို ကျော်လွန်၍ ထိုက်ရွှီ တာအိုနတ်ဘုရား အဆင့်သို့ ရောက်ရှိရန်အတွက် အနည်းဆုံး နှစ်ပေါင်း ထောင်ချီ အချိန်ယူရလိမ့်မည်ဟု စုယွီက ခန့်မှန်းတွက်ဆထားသည်။
သုံးရက် ကုန်လွန်သွားပြီးနောက်.. ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို လေ့ကျင့်ပြီးနောက် ကျွမ်းကျင်မှု ပြောင်းလဲသွားသည်ကို စုယွီ စောင့်ကြည့်လိုက်ရာ ၀.၀၂ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း တွေ့ရှိလိုက်ရ၏။ ဤနှုန်းထားအတိုင်းသာ ဆိုပါက နှစ်ကုန်ပိုင်းလောက်တွင် သူသည် ကျွမ်းကျင်မှု နှစ် ဒသမ ငါး ရာခိုင်နှုန်းခန့်အထိ စုဆောင်းနိုင်လိမ့်မည်။
'ဒီတစ်ကြိမ် အဆင့်ချိုးဖြတ်မှုက ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်နဲ့ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်တို့ရဲ့ ကျွမ်းကျင်မှုကို တော်တော်လေး တိုးတက်သွားစေတာပဲ... ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်က မူလဝိညာဉ် ဒုတိယအဆင့်ကို ရောက်သွားပြီး ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကတော့ မူလဝိညာဉ် တတိယအဆင့်ကိုတောင် ရောက်ရှိသွားခဲ့ပြီ...'
ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်ရှုရင်း စုယွီ၏ ရင်တွင်း၌ လွန်စွာ ကျေနပ်အားရမှုတို့ ဖြစ်ပေါ်လာတော့သည်။ မူလဝိညာဉ် အဆင့်၏ ကပ်ဘေးက သူ့အတွက်ကြီးမားလှသော အသီးအပွင့်များကို သယ်ဆောင်လာပေးခဲ့သည် မဟုတ်ပါလော။ ကောင်းချီးပေးနယ်မြေ အတွင်း၌ တစ်လခန့် နေထိုင်ကာ သူ၏ မူလဝိညာဉ် အဆင့် ချီစွမ်းအင်များနှင့် တာအိုနယ်ပယ်ကို ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပြီးနောက် သူ၏ ကိုယ်ပိုင် စွမ်းအားများကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်လာခဲ့သည်။
ထိုအခါ စုယွီသည် မူလဝိညာဉ် အတွင်းရှိ ရှေးဟောင်း ရှန်းစာသား အပိုင်းအစလေးဖြင့် သူ၏ အရှိန်အဝါကို ဖုံးကွယ်လိုက်ပြီး ရွှေအမြုတေ ပဉ္စမအဆင့်သို့ ကျဆင်းသွားဟန် ဖန်တီးလိုက်တော့၏။ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်ရာ သူ၏ ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ခန့် ခုန်၍ တက်လှမ်းသွားခြင်းမှာ ယုတ္တိတန်လှ၏။
“အဘိုးဟွမ်... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဖွင့်မပြောပါနဲ့နော်...”
အာရုံလှည့်စားမှု ကျောက်တုံးအား သေချာစွာ မှာကြားပြီးနောက် စုယွီသည် သူ၏ သားရဲများ ဖြစ်ကြသော ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး၊ ထိုက်ရွှီနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် တို့အတွက် လုံလောက်သော အရင်းအမြစ်များကို ချန်ထားရစ်ခဲ့ကာ ကောင်းချီးပေးနယ်မြေ အတွင်းမှ ထွက်ခွာလာခဲ့သည်။
*
စံအိမ်တော် ကိစ္စရပ်များ ခန်းမဆောင်။
စုယွီသည် သူ၏ အဆင့်အတန်း ကိုယ်စားပြု သစ်သားပြားကို အရှေ့ရှိ ခန်းမဆောင် တပည့်ထံသို့ ကမ်းပေးလိုက်ရင်း တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
“ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း တစ်စုံနဲ့ လဲလှယ်မယ်...”
ဤကုန်ကြမ်းပစ္စည်းများမှာ အလွန်တရာ ရှားပါးလှပြီး လူသားမျိုးနွယ်စု၏ အမြုတေဖွဲ့တည်ခြင်း ဆေးလုံးနှင့်ပင် တန်ဖိုး ညီမျှ၏။ ကံကောင်းထောက်မစွာဖြင့် မြေကမ္ဘာ အင်မော်တယ် နယ်မြေသည် မကြာသေးမီကမှ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး တိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပြီး အရင်းအမြစ် အများအပြားကို သယ်ဆောင်လာနိုင်ခဲ့၏။ ထို့ကြောင့် စုယွီသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းကို အသုံးပြု၍ ကုန်ကြမ်းပစ္စည်း တစ်စုံကို အောင်မြင်စွာ လဲလှယ်နိုင်ခဲ့၏။ ထွက်ခွာလာခါနီးတွင် အသင့်ဖော်စပ်ပြီးသား ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး တစ်လုံးကို လဲလှယ်ရန် စွမ်းဆောင်ရည် ရမှတ် မည်မျှ လိုအပ်သနည်း ဟု စုယွီက မေးမြန်းလိုက်သေး၏။
“ရမှတ် တစ်သန်းပါ...”
စုယွီ၏ ရင်တွင်း၌ တိတ်တဆိတ် အံ့အားသင့်သွားရသည်။ တာ့ယွီ တောင်ထွတ်၏ ကောင်းချီးပေးနယ်မြေသို့ ပြန်လည်ရောက်ရှိပြီးနောက် သူသည် ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး တစ်ဖိုကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။ ပထမဆုံးအကြိမ် ဖော်စပ်ရခြင်း ဖြစ်သောကြောင့်လည်း ဖြစ်တန်ကောင်း၏။ ဆေးလုံး လေးလုံးသာ ထွက်ပေါ်လာခဲ့ပြီး အဆင့်မြင့် အရည်အသွေး တစ်လုံးနှင့် သာမန် အရည်အသွေး သုံးလုံးတို့ ဖြစ်ကြသည်။ စုယွီသည် အဆင့်မြင့် ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံးကို ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ထံသို့ ပေးအပ်လိုက်ပြီး အခြားသော ဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်အရည်များနှင့် အရင်းအမြစ် အများအပြားကိုပါ ပံ့ပိုးပေးကာ စတုတ္ထအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲ အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းစေလိုက်တော့သည်။
နောက်ထပ် တစ်လ ကုန်လွန်သွားပြန်၏။
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် စတုတ္ထအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲ အဆင့်သို့ အောင်မြင်စွာ အဆင့်တက်လှမ်းသွားခဲ့ချေပြီ။
ထိုစဉ်...
ဟွမ်ယွီ အင်မော်တယ် မြို့တော်။
ဤမြို့တော်မှာ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးနှင့် နီးကပ်စွာ တည်ရှိနေသော အင်မော်တယ် မြို့ငယ်လေး တစ်ခု ဖြစ်၏။ ယွီလုံ နန်းတော်၏ အုပ်ချုပ်မှု နယ်မြေအတွင်း၌ တည်ရှိကာ အရှင်သခင် ဆယ်ပါး မြို့တော်၏ ဆယ်ပုံတစ်ပုံခန့်သာ ကျယ်ဝန်းသော်ငြားလည်း မြို့တော်အတွင်း၌ အလွန်တရာ စည်ကားသိုက်မြိုက်လျက် ရှိနေ၏။ ကျန်းယွမ် ကုန်သွယ်ရေးအသင်းသည် ဟွမ်ယွီ အင်မော်တယ် မြို့တော်တွင် လေလံပွဲ တစ်ခု ကျင်းပမည် ဟူသော သတင်းမှာ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးကို ဝင်ရောက် တိုက်ခိုက်နေကြသော လူသားမျိုးနွယ်စု ကျင့်ကြံသူ အဖွဲ့အစည်း အားလုံးထံသို့ ပျံ့နှံ့သွားခဲ့လေပြီ။
ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး အတွင်းရှိ မိစ္ဆာမျိုးနွယ်စုများမှာ စစ်ရှုံး၍ တောရိုင်းနယ်မြေများဆီသို့ ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်ရာ ကျန်ရှိနေသေးသော ကိစ္စရပ်များမှာ အဖွဲ့အစည်း အသီးသီးမှ မိမိတို့ ပိုင်ဆိုင်မည့် အရင်းအမြစ် နယ်မြေများကို ရှာဖွေ သိမ်းပိုက်ရန်နှင့် မိမိတို့၏ ကိုယ်ပိုင် အကျိုးအမြတ်များကို စုဆောင်းရန်သာ ရှိတော့၏။ အကျိုးအမြတ်များ ရရှိထားကြသော ကျင့်ကြံသူ အသီးသီးမှာ ကျန်းယွမ် ကုန်သွယ်ရေးအသင်း၏ ဤလေလံပွဲအပေါ် အနည်းနှင့်အများ စိတ်လှုပ်ရှား နေကြတော့၏။ ထို့ကြောင့် စုယွီက ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့်အတူ ဟွမ်ယွီ အင်မော်တယ် မြို့တော်သို့ ရောက်ရှိလာချိန်တွင် လမ်းမများထက်၌ အင်အားစု အသီးသီးမှ တပည့်များနှင့် ကျင့်ကြံသူများကို နေရာအနှံ့အပြားတွင် မြင်တွေ့နေရသည်။ မူလဝိညာဉ်အဆင့် အရှင်သခင် အချို့ပင် မြို့တော်အတွင်း၌ ပေါ်ထွက်လာကြသည်ကို တွေ့ရ၏။
ထိုသူများ၏ ပုံရိပ်များကို မြင်တွေ့လိုက်ရသောအခါ အထူးသဖြင့် ဤပုဂ္ဂိုလ်များ အားလုံးတွင် မိမိတို့ ကိုယ်ပိုင် ယဉ်ပါးအောင် မွေးမြူထားသော မိစ္ဆာသားရဲများ ရှိနိုင်မည်ဟု တွေးမိကာ စုယွီ၏ ရင်တွင်း၌ လှုပ်ရှားသွားရ၏။ သာမန် အရည်အသွေးရှိသော ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး သုံးလုံးကို အိတ်ကပ်ထဲ ထည့်ကာ သာမန် ရုပ်ရည်သွင်ပြင်ရှိသော အဘိုးအို တစ်ဦးအသွင် ဖန်တီး၍ လေလံပွဲ ကျင်းပမည့် ဧရာမ ကုန်သွယ်ရေး အဆောက်အအုံကြီးဆီသို့ ရောက်ရှိလာခဲ့သည်။ ကုန်သွယ်ရေး အဆောက်အအုံ အတွင်း၌ ရွှေအမြုတေအဆင့် (၉) ရှိသော တာဝန်ခံ တစ်ဦးကို ရှာဖွေတွေ့ရှိပြီးနောက် စုယွီက ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံးများ ပါဝင်သော ကျောက်စိမ်းပုလင်းကို ထိုတာဝန်ခံထံသို့ ကမ်းပေးလိုက်သည်။
“ဒီဆေးလုံးတွေကို လေလံပွဲအတွက် စာရင်းသွင်းပေးပါ...”
အစပိုင်းတွင် တာဝန်ခံသည် ရွှေအမြုတေအဆင့် (၅) မျှသာ ရှိသော အဘိုးအို၏ ကျင့်ကြံခြင်း အဆင့်ကို အနည်းငယ် အထင်သေးနေဟန် ရှိ၏။ သို့သော်ငြားလည်း သူက ကျောက်စိမ်းပုလင်းကို ဖွင့်ကာ အတွင်းရှိ ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး သုံးလုံးကို မြင်တွေ့လိုက်ရသောအခါ တာဝန်ခံ၏ မျက်နှာထားက သိသိသာသာ ပြောင်းလဲသွားပြီး အသံကျယ်ကြီးဖြင့်ပင် အော်ဟစ်မိမတတ် ဖြစ်သွားတော့၏။ ကံကောင်းထောက်မစွာဖြင့် သူက မိမိကိုယ်ကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့သည်။ အဘိုးအိုအား ကြည့်ရှုသော သူ၏ အကြည့်များ ပြောင်းလဲသွားကာ အလွန်တရာ ရိုသေကျိုးနွံစွာဖြင့် ဖိတ်ခေါ်လိုက်သည်။
“တာအိုမိတ်ဆွေ... ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါ...”
လွန်စွာ ရိုသေလေးစားမှုဖြင့် လေလံပွဲအတွက် စာရင်းသွင်းပြီးနောက်တွင် အဘိုးအိုသည် ကုန်သွယ်ရေး အဆောက်အအုံကြီး အတွင်းမှ ပေါ့ပါး လွတ်လပ်စွာဖြင့် ထွက်ခွာလာခဲ့ချေပြီ။
အချိန်ခဏ အကြာတွင်..
ဤအကြောင်းကို ကြားသိလိုက်ရသောအခါ ကျန်းယွမ် ကုန်သွယ်ရေးအသင်းမှ အရှင်သခင် အကြီးအကဲ တစ်ဦးမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
“ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး သုံးလုံးတောင် ဟုတ်လား... ငါ့ကို ပေးကြည့်စမ်း...”
တာဝန်ခံထံမှ ဆေးလုံးကို လက်ခံရယူပြီး အချိန်အတန်ကြာ စဉ်းစား တွေးတောနေသော်ငြားလည်း မည်သည့် မိသားစုမှ စတုတ္ထအဆင့် ဆေးဆရာက ဖော်စပ်ထားခြင်း ဖြစ်ကြောင်းကို ထိုအကြီးအကဲမှာ ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ချေ။
“ထားလိုက်ပါတော့... ဘယ်သူ့ဆီကပဲ ဖြစ်ဖြစ် ဒီ ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး သုံးလုံးရဲ့ တန်ဖိုးက နောက်ဆုံး လေလံပွဲမှာ ပါဝင်ဆင်နွှဲဖို့ လုံလောက်နေပြီပဲ... ငါ သေချာ စီစဉ်လိုက်မယ်...”
လေလံပွဲ စတင်ရန်အတွက် လဝက်ပင် မလိုတော့ချေ။
နောက်ရက်များတွင်..စုယွီသည် မြို့တော်အတွင်းရှိ တည်းခိုခန်း တစ်ခု၌ နေထိုင်နေသော်ငြားလည်း ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံးများ လေလံတင်မည့် အကြောင်းကို ကျင့်ကြံသူများ ဆွေးနွေးပြောဆိုနေကြသည်ကို မကြာခဏ ကြားသိနေရသည်။
ကျန်းယွမ် ကုန်သွယ်ရေးအသင်းသည် ထို ကောင်းကင်မိစ္ဆာ နတ်ဘုရား ဝိညာဉ်ဆေးလုံး သုံးလုံးအတွက် ရူးသွပ်မတတ် ကြော်ငြာလှုံ့ဆော်မှုများကို စတင် ပြုလုပ်နေခဲ့ချေပြီ။ လေလံပွဲရက် နီးကပ်လာသည်နှင့်အမျှ ဟွမ်ယွီ အင်မော်တယ် မြို့တော် အတွင်းရှိ ပတ်ဝန်းကျင် အခြေအနေမှာ သိသိသာသာ ပြောင်းလဲလာကာ ပိုမို၍ တင်းမာလာနေသည့် အခြေအနေကို စုယွီ စတင် ခံစားလာရတော့၏။
ဤ အင်မော်တယ် မြို့ငယ်လေးသည် အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ အကြီးအကဲများနှင့် တပည့်များကို ဖိနှိပ် ထိန်းချုပ်နိုင်ရန် လုံးဝ အင်အားမရှိခဲ့ချေ။ မြို့တော် အတွင်း၌ပင် လဝက် အတွင်းမှာတင် ပဋိပက္ခပေါင်း ရာချီ၍ ဖြစ်ပွားနေသည်ကို စုယွီ သတိထားမိခဲ့သည်။