အခန်း (၆၁၀-၆၁၂)
Vol. 41 Ch. 610-612
အခန်း (၆၁၀) - ဂူစံအိမ် ငှားရမ်းခြင်း (၁)
ပျော်ပွဲရွှင်ပွဲများ ပြီးမြောက်သွားပြီးနောက် စုယွီသည် သူ၏ မြေအောက်ခန်းအတွင်းသို့ ဆင်းသက်လာခဲ့သည်။ သူသည် အစိမ်းရောင်သစ်သား လက်စွပ်အတွင်းမှ လေလံပွဲ၌ ရရှိခဲ့သော ကြေးဝါအပိုင်းအစကို ထုတ်ယူလိုက်ပြီး ချီသန့်စင်အိုးကို ဆင့်ခေါ်လိုက်၏။ ချီသန့်စင်အိုး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် စူးရှ တောက်ပသော နတ်အလင်းတန်းများ ဖြာထွက်လာကာ ပြင်းထန်သော ဆွဲငင်အား တစ်ခု ဖြစ်ပေါ်လာသည်။ ထိုကြေးဝါအပိုင်းအစမှာ ချီသန့်စင်အိုး၏ အတားအဆီးများကြားသို့ ချက်ချင်းပင် စုပ်ယူခြင်း ခံလိုက်ရတော့၏။
“ဝုန်း...”
ပြင်းထန်လှသော တာအိုစွမ်းအားများမှာ ချီသန့်စင်အိုးအတွင်းမှ ရုတ်ခြည်း ပေါက်ကွဲထွက်လာသည်။ ကြေးဝါအပိုင်းအစကို ဝါးမြိုပြီးနောက် ချီသန့်စင်အိုး၏ စွမ်းအင်လှိုင်းများမှာ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် တိုးပွားလာခဲ့၏။ တစ်နေ့ဝက်ခန့် ကြာအောင် စွမ်းအင်များ ပြင်းထန်စွာ လှုပ်ခတ်နေပြီးမှသာ ချီသန့်စင်အိုး၏ အခြေအနေမှာ ပြန်လည် တည်ငြိမ်သွားသည်။
သို့သော်လည်း ယခုအခါ၌မူ ချီသန့်စင်အိုးမှ ထွက်ပေါ်နေသော စွမ်းအားမှာ စုယွီကိုပင် အနည်းငယ် ဖိအားပေးနိုင်သည့်အထိ အားကောင်းနေခဲ့ပြီ ဖြစ်၏။ချီသန့်စင်အိုး၏ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသည်။ အိုးအတွင်းမှ ဖြာထွက်နေသော နတ်အလင်းတန်းများကြားတွင် စုယွီသည် အင်မော်တယ် နတ်ဘုရား တစ်ပါး၏ ပုံရိပ်ကို ဝိုးတဝါး မြင်တွေ့လိုက်ရသလိုပင်။
ထိုပုံရိပ်ကို ခေတ္တမျှ မြင်လိုက်ရခြင်းမှာပင် စုယွီ၏ ဝိညာဉ်ကို ထိတ်လန့်ဖွယ်ရာ အင်အားစုတစ်ခုနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ တုန်လှုပ်သွားစေ၏။သူသည် ရှေ့ဆက်၍ မကြည့်ဝံ့တော့ဘဲ မျက်လွှာကို အမြန် ချလိုက်ရတော့သည်။ ထိုကြေးဝါ အပိုင်းအစလေးကို ပေါင်းစပ်ပြီးနောက်တွင်မူ ချီသန့်စင်အိုးမှ ထွက်ပေါ်နေသော စွမ်းအင် လှိုင်းများမှာ အလယ်အလတ်တန်းစား မှော်ရတနာ တစ်ခု၏ အဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။
စုယွီ ပထမဦးဆုံး ပိုင်ဆိုင်ခွင့် ရရှိလိုက်သော အလယ်အလတ်တန်းစား မှော်ရတနာမှာ ဤလျှို့ဝှက်ဆန်းကြယ်သော အိုးပင် ဖြစ်သည်။ ဤကြေးဝါအိုး၏ နောက်ခံသမိုင်းကြောင်းမှာ မည်မျှအထိ နက်ရှိုင်းမည်ကို စုယွီပင်လျှင် ခန့်မှန်းရ ခက်ခဲနေသဖြင့် တိတ်ဆိတ်စွာသာ နေလိုက်၏။
ပျက်စီးသွားပြီးမှ ပြန်လည် ပြုပြင်၍ ရနိုင်သည့် အစွမ်း... ပြန်လည် ပြုပြင်ပြီးသည့်တိုင် ဤမျှကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားနိုင်ခြင်းမှာ အမှန်တကယ်ပင် နားလည်ရ ခက်ခဲလှသည်။ ဤအရာသည် သာမန် မှော်ရတနာများထက် များစွာ သာလွန်သော တာအိုရတနာ သို့မဟုတ် ဒဏ္ဍာရီလာ အင်မော်တယ် နတ်ရတနာ တစ်ခုများ ဖြစ်နေလေမလား။
စုယွီသည် ချီသန့်စင်အိုးကို အသုံးပြုကာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုပ်ယူစေပြီး ဝိညာဉ်အရည်များအဖြစ် ပြောင်းလဲစေလိုက်၏။လဝက်ခန့် ကြာပြီးနောက်တွင် အိုးအတွင်း၌ ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် တစ်စက်ကို စုစည်းနိုင်ခဲ့ကြောင်း တွေ့လိုက်ရသဖြင့် စုယွီမှာ များစွာ အံ့သြသွားရသည်။ ၎င်းမှာ ချီသန့်စင်အိုး၏ အကန့်အသတ် မဟုတ်သေးချေ။
သို့ရာတွင် ထို ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် တစ်စက် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် စုယွီသည် ထိုအရည်အတွင်းမှ ထူးခြားလှသော အင်မော်တယ် အငွေ့အသက်များကို အာရုံခံမိလိုက်၏။ ၎င်းမှာ သာမန် ဝိညာဉ်အရည်များထက် များစွာ သာလွန် ထူးကဲလှသော ထူးဆန်းသည့် စွမ်းအားတစ်ခုနှင့် ပြည့်နှက်နေသလိုပင်။
စုယွီသည် ထိုဝိညာဉ်အရည်၏ ကွဲပြားချက်ကို ဂရုတစိုက် စူးစမ်းလိုက်ရာ ထိုစွမ်းအားမှာ တာအိုစွမ်းအား မဟုတ်ဘဲ ဝိညာဉ်စွမ်းအင်ထက် သာလွန်သော စွမ်းအား တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ ဤအချက်ကို သိလိုက်ရသောအခါ စုယွီ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
“ချီသန့်စင်အိုးက ဒီလောက်အထိ တိုးတက်သွားတာလား...”
စုယွီသည် ဤအချက်ကို ယုံကြည်ရန် ခက်ခဲနေသော်လည်း ဝိညာဉ်စွမ်းအင်ထက် သာလွန်သော ထိုစွမ်းအားမှာ မည်သည့်အရာ ဖြစ်သည်ကိုမူ သူ လုံးဝ နားမလည်နိုင်ခဲ့ပါချေ။ ထို့နောက် စုယွီသည် ထိုဝိညာဉ်အရည်၏ အရည်အသွေးကို ဆက်လက်၍ မြှင့်တင်ရန် ကြိုးပမ်းလိုက်၏။
ခြောက်လခန့် ကြာပြီးနောက်တွင် ချီသန့်စင်အိုးအတွင်းရှိ ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည်မှာ ပဉ္စမအဆင့် ထိပ်တန်း ဝိညာဉ်အရည် တစ်စက်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ သာမန် ပဉ္စမအဆင့် ထိပ်တန်း ဝိညာဉ်အရည်များနှင့် မတူဘဲ ဤအရည် တစ်စက်မှာ ဖော်ပြ၍ မရနိုင်သော အင်မော်တယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
၎င်းကို မသောက်သုံးရသေးမီမှာပင် အဆမတန် ထူးကဲလှကြောင်း သိသာနေသည်။ သို့သော်လည်း ထို ပဉ္စမအဆင့် ထိပ်တန်း ဝိညာဉ်အရည်ကို ဖန်တီးပြီးနောက်တွင်မူ စုယွီသည် စတုတ္ထအဆင့် ထိပ်တန်း ဝိညာဉ်အရည်များကိုသာ ဆက်လက် စုစည်းစေလိုက်တော့၏။ အဘယ်ကြောင့်ဆိုသော် သူနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် နှစ်ဦးစလုံးမှာ စတုတ္ထအဆင့် ဝိညာဉ်အရည်ကိုသာ စုပ်ယူ ကျင့်ကြံနိုင်သောကြောင့် ဖြစ်သည်။ သူ၏ လက်ရှိ ခန္ဓာကိုယ်မှာ ပဉ္စမအဆင့် ဝိညာဉ်အရည်၏ စွမ်းအားကို တောင့်ခံနိုင်စွမ်း မရှိသေးချေ။
တစ်လခန့် ကြာပြီးနောက်...
စုယွီသည် ချီသန့်စင်အိုးအတွင်းမှ အင်မော်တယ် အငွေ့အသက်များ ပါဝင်သော စတုတ္ထအဆင့် ထိပ်တန်း ဝိညာဉ်အရည် တစ်စက်ကို ထုတ်ယူလိုက်၏။သူသည် ထိုအရည်ကို ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ရှေ့သို့ ကမ်းပေးလိုက်ရင်း မှာကြားလိုက်သည်။
“ဒါကို ကျင့်ကြံကြည့်စမ်း... အရင် ဝိညာဉ်အရည်တွေနဲ့ ဘာကွာခြားလဲဆိုတာ သိရအောင်...”
ဝိညာဉ်အရည် တစ်စက် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကြွက်ဘုရင်၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ ထိုအရည်မှ ထွက်ပေါ်နေသော ထူးခြားသည့် ရနံ့ကို အငမ်းမရ ရှူရှိုက်လိုက်တော့၏။၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှာ ရူးသွပ်စွာ တုန်ခါနေသလို ခံစားလိုက်ရကာ ရင်တွင်း နက်နဲရာမှ ဖော်ပြ၍ မရနိုင်သော ဆာလောင်မှုတစ်ခုက ဝိညာဉ်အထိ ထိုးဖောက်လာသည်။
ကြွက်ဘုရင်မှာ စကားတစ်ခွန်းမျှပင် မဆိုနိုင်တော့ဘဲ ထို စတုတ္ထအဆင့် ထိပ်တန်း ဝိညာဉ်အရည်ကို မဆိုင်းမတွပင် မြိုချလိုက်တော့၏။
“ကျွိ...”
မှော်ရတနာ နန်းတော်အတွင်း၌ ကြွက်ဘုရင်မှာ မိမိ၏ ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ မူလ ရုပ်သွင်ကို ထုတ်ဖော်လိုက်ရသည်။ ခန္ဓာကိုယ် တစ်ခုလုံးတွင် လျှပ်စီးတန်းများ တဖျပ်ဖျပ် လက်လာကာ မိုးကြိုးစွမ်းအားများမှာလည်း ဟုန်းခနဲ ပေါ်ထွက်လာချေပြီ။
ထူးကဲလှသော စွမ်းအားတစ်ခုမှာ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို အားသစ်လောင်းပေးနေသဖြင့် တစ်ကိုယ်လုံး အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားချက်နှင့်အတူ ကောင်းကင်ယံသို့ မော့ကြည့်ကာ အားရပါးရ အော်ဟစ်လိုက်တော့၏။
“သခင်... ကျွန်တော်တော့ ပျံတက်တော့မယ် ထင်တယ်...”
ကြွက်ဘုရင်ကို စမ်းသပ်ပစ္စည်းအဖြစ် အသုံးပြုပြီးနောက်တွင်မူ စုယွီသည် စိတ်အေးသွားရကာ ဝိညာဉ်အရည်အသစ်ကို စတင် စုပ်ယူလိုက်တော့သည်။ စတုတ္ထအဆင့် ထိပ်တန်း ဝိညာဉ်အရည် တစ်စက်ကို မျိုချလိုက်သည်နှင့်တစ်ပြိုင်နက်ကြီးမားလှသော ဝိညာဉ်စွမ်းအားများမှာ ခန္ဓာကိုယ် တစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားကာ ထူးဆန်းသော စွမ်းအားတစ်ခုမှာ အစိတ်အပိုင်း တိုင်းသို့ စိမ့်ဝင်သွားချေပြီ။
စုယွီ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှာလည်း အနည်းငယ် ဆာလောင်မှုကို ခံစားလိုက်ရပြီး ထိုစွမ်းအားကို အငမ်းမရ စုပ်ယူနေကြ၏။သူသည် ထိုဝိညာဉ်အရည်၏ စွမ်းအားကို ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် ကျင့်စဉ်၊ ဓာတ်ကြီး ငါးပါး ကျင့်စဉ်နှင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်များဖြင့် အဆင့်ဆင့် ကျင့်ကြံလိုက်ရာ ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် ကျင့်စဉ်တွင် သိသာထင်ရှားသော ရလဒ်များကို ရရှိခဲ့သည်။
ကျင့်ကြံခြင်း အရှိန်အဟုန်မှာ မိမိ ရရှိထားသော အရှိန်ထက် အပြည့်အဝ (၂၀) ရာခိုင်နှုန်းခန့်အထိ တိုးပွားလာခဲ့ချေပြီ။
နောက်တစ်ခုမှာ ဓာတ်ကြီး ငါးပါး ကျင့်စဉ် ဖြစ်ပြီး ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ကျင့်ကြံခြင်း အရှိန်မှာ (၁၀) ရာခိုင်နှုန်းခန့်အထိ တိုးတက်လာခဲ့၏ ။ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်အပေါ်တွင်မူ သက်ရောက်မှုမှာ အနည်းငယ်သာ ရှိခဲ့သည်။
သို့သော်လည်း စုယွီသည် ထိုထူးခြားသော ဝိညာဉ်အရည်ကို ဆက်လက် ကျင့်ကြံနေစဉ်အတွင်း သူ၏ သက်တမ်းမှာလည်း တစ်စထက်တစ်စ တိုးပွားလာနေကြောင်း တွေ့ရှိလိုက်ရ၏။ များစွာ မဟုတ်သော်ငြားလည်း အလွန်ပင် တည်ငြိမ်လှသည်။
တစ်ချိန်တည်းမှာပင် သူ၏ တာအိုနယ်ပယ် အခြေခံမှာလည်း ထိုစွမ်းအားကို စုပ်ယူပြီး ဖြည်းညင်းစွာ သန်မာလာနေကြောင်း စုယွီ သတိပြုမိလိုက်၏။ ဤတွေ့ရှိချက် နှစ်ခုစလုံးမှာ စုယွီကို အလွန်ပင် အံ့အားသင့်သွားစေခဲ့သည်။
သူ၏ လက်ရှိ သက်တမ်းမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပင် ရှိနေပြီ ဖြစ်ပါလျက် ဤဝိညာဉ်အရည်က သူ၏ မူလ အသက်ဇစ်မြစ်ကိုပင် တိုးပွားစေနိုင်သည်လော။ အကယ်၍ သာမန် မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး သောက်သုံးမည်ဆိုပါက ၎င်းတို့၏ သက်တမ်းမှာ ပို၍ပင် တိုးပွားလာမည် မဟုတ်ပါလော။
ထို့အပြင် သူ၏ တာအိုနယ်ပယ် အခြေခံ သန်မာလာခြင်းမှာ စုယွီကို အတိုင်းထက်အလွန် ဝမ်းမြောက်သွားစေခဲ့သည်။ မူလဝိညာဉ်အဆင့် ကျင့်ကြံခြင်းတွင် မန္တန်စွမ်းအား တိုးပွားလာခြင်းအပြင် အရေးအကြီးဆုံး အချက်မှာ တာအိုနယ်ပယ်၏ အခြေခံကို ပျိုးထောင်ခြင်းပင် ဖြစ်သည်။
အချို့သော ကျင့်ကြံသူများမှာ တစ်သက်လုံး ကြိုးစားခဲ့သော်လည်း မူလဝိညာဉ်အဆင့် သက်တမ်း ကုန်ဆုံးသွားသည့်တိုင် သူတို့၏ တာအိုနယ်ပယ်မှာ မူလဝိညာဉ်အဆင့်သို့ စတင် ရောက်ရှိစဉ်ကအတိုင်းပင် ရှိနေတတ်ကြရာ တာအိုအခြေခံမှာ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိခဲ့ပါချေ။
အခန်း (၆၁၁) - ဂူစံအိမ် ငှားရမ်းခြင်း (၂)
ဤသည်မှာ သူ၏ အလားအလာသည် အခြေခံအားဖြင့် အဆုံးသတ်သို့ ရောက်ရှိသွားပြီဟု အဓိပ္ပာယ်ရ၏။
သို့သော် ပါရမီ အလားအလာများ ကုန်ဆုံးမသွားခဲ့လျှင် သူသည် မိမိ၏ တာအိုနယ်ပယ် အခြေခံကို အစပြုအဆင့်မှသည် အောင်မြင်မှု အသေးစား... ထို့နောက် အောင်မြင်မှု အကြီးစားနှင့် နောက်ဆုံးတွင် ပြီးပြည့်စုံသော တာအိုနယ်ပယ်အထိ တဖြည်းဖြည်း မြှင့်တင်နိုင်လိမ့်မည်။
မြေကမ္ဘာအင်မော်တယ် နန်းတော်၏ မှတ်တမ်းများအရ မူလဝိညာဉ်အဆင့်ရှိ အရှင်သခင် အများစုမှာ အစပြုအဆင့် တာအိုနယ်ပယ်ကိုသာ ပိုင်ဆိုင်ကြပြီး အကန့်အသတ် ရှိသော အလားအလာနှင့် သာမန်အဆင့် အင်အားသာ ရှိကြသည်။ တာအိုနယ်ပယ်၏ အောင်မြင်မှု အသေးစား အဆင့်ကို နားလည် သဘောပေါက်နိုင်သူများမှာမူ ထူးချွန်ပြောင်မြောက်လှသော ပါရမီရှင်များဟု သတ်မှတ်ခံကြရ၏။
တာအိုနယ်ပယ်၏ အောင်မြင်မှု အကြီးစား အဆင့်ကို နားလည်နိုင်သော မူလဝိညာဉ်အဆင့် အရှင်သခင်များမှာမူ ကမ္ဘာကျော် ပါရမီရှင်များ ဖြစ်ကြပြီး ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများ ဖြစ်နိုင်ခြေ ရှိသည်။ ပြီးပြည့်စုံသော တာအိုနယ်ပယ်နှင့် ပတ်သက်၍မူ.. မြေကမ္ဘာအင်မော်တယ် နန်းတော်၏ မှတ်တမ်းများတွင် မည်သူမျှ မကျင့်ကြံနိုင်ခဲ့ကြောင်း ဖော်ပြထားပြီး 'ကောင်းကင်၏ အရင်းအမြစ်ကို ဖမ်းဆုပ်ကာ ကြီးမြတ်သော လမ်းစဉ်ကို ဖော်ဆောင်ခြင်း' ဟူသော စာသားတစ်ကြောင်းသာ ကျန်ရစ်ခဲ့၏။
မန္တန်စွမ်းအားကို ကျင့်ကြံရန် လွယ်ကူသော်လည်း တာအိုနယ်ပယ်မှာမူ ထိုသို့ မဟုတ်ပါချေ။ ကျင့်ကြံခြင်း လောကအတွင်းရှိ တာအိုနယ်ပယ်ကို မြှင့်တင်ရန် အထောက်အကူပြုနိုင်သော ပစ္စည်းတိုင်းမှာ ကောင်းကင်နှင့် မြေကြီး၏ ရတနာများ ဖြစ်ကြပြီး ဂိုဏ်းအားလုံးနှင့် မူလဝိညာဉ်အဆင့် အရှင်သခင် အားလုံးက လိုချင်တပ်မက်နေကြသော အရာများ ဖြစ်သည်။ ဤအချက်များကို တွေးတောမိသောအခါ စုယွီ၏ မျက်ဝန်းများမှာ ပိုမို လေးနက် တည်ကြည်လာပြီး အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာခဲ့ချေပြီ။
ဤဝိညာဉ်အရည်မှာ အခြားသူများ၏ လက်ထဲသို့ လုံးဝ ကျရောက်သွား၍ မဖြစ်ပေ။ မဟုတ်သေး... ပို၍ တိကျအောင် ပြောရလျှင် ချီသန့်စင်အိုးက ဤကဲ့သို့သော ဝိညာဉ်အရည်ကို သန့်စင်ပေးနိုင်ကြောင်း အခြားသူများ လုံးဝ မသိစေရပါချေ။ ဝိညာဉ်အရည်သည် တာအိုနယ်ပယ်ကို မြှင့်တင်ပေးနိုင်သော်လည်း ၎င်းကို သူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်ကြောင်း အခြားသူများ မသိသရွေ့တော့ ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပါချေ။
*
နှစ်နှစ်ခန့် ကုန်လွန်သွားပြီးနောက်…
မြေကမ္ဘာအင်မော်တယ် နန်းတော်... တာ့ယွီ တောင်ထွတ်။
စုယွီသည် သူ၏ ကောင်းချီးပေးနယ်မြေသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို မှော်ရတနာအတွင်းမှ လွှတ်ပေးလိုက်၏။ ကြွက်ဘုရင်၏ အရှိန်အဝါမှာ စတုတ္ထအဆင့် အဆင့်နိမ့် ကျင့်ကြံခြင်းတွင် ရှိနေဆဲပင် ဖြစ်သည်။
သို့သော် လွန်ခဲ့သော နှစ်နှစ်အတွင်း ၎င်းသည် စတုတ္ထအဆင့် ထိပ်တန်း ဝိညာဉ်အရည် ဒါဇင်ပေါင်းများစွာကို မျိုချ သန့်စင်ခဲ့ပြီး ဖြစ်ရာ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုး အရှိန်အဝါမှာ နှစ်ဆမက တိုးပွားလာခဲ့ပြီး သွေးမျိုးဆက်စွမ်းအားမှာလည်း အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရချေပြီ။
“ကွတ်...”
စုယွီ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဝဝတုတ်တုတ် ငှက်ကြီး ထိုက်ရွှီ၏ အော်မြည်သံမှာ လေထုအတွင်း ပျံ့လွင့်သွားပြီး ဧရာမ အရိပ်ကြီးတစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာတော့၏။
စုယွီသည် ထိုက်ရွှီနှင့် ပင်လယ်လွှမ်းမိုး ရှေးဟောင်းလိပ်ကြီးတို့အတွက် ဝိညာဉ်အရည်အချို့ ထားရစ်ခဲ့ပြီးနောက် အာရုံလှည့်စားမှု ကျောက်တုံးကို အသုံးပြုကာ ဝိညာဉ်အရည်များကို ဆက်လက် စုစည်းစေရန် ချီသန့်စင်အိုးကို ချန်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ သဘာဝ ဝိညာဉ်စွမ်းအင်မှာ အလွန်ပင် သိပ်သည်းလှသောကြောင့် ဖြစ်သည်။ ဤနေရာတွင် ဝိညာဉ်အရည် စုစည်းခြင်းမှာ ပြင်ပထက် များစွာ ပိုမို မြန်ဆန်လိမ့်မည်။
စုယွီသည် လော့ချန်ယွီနှင့် တာအိုဆရာမ ချင်းချွမ်တို့၏ အခြေအနေကို သိရှိရန်အတွက် ယွဲ့လန် တောင်ထွတ်နှင့် ဓားချောက်ကမ်းပါး တောင်ထွတ်တို့သို့ သွားရောက် စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးစလုံးမှာ မူလဝိညာဉ်အဆင့်သို့ တက်လှမ်းရန်အတွက် တံခါးပိတ် ကျင့်ကြံနေဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။ သူသည် ၎င်းတို့အား အနှောင့်အယှက် မပေးဘဲ ဂိုဏ်းအတွင်းမှ ထွက်ခွာလာခဲ့တော့၏။
*
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်။
စုယွီသည် သိုင်းကျမ်းဆောင်အတွင်းမှ သတင်းအချက်အလက် မှတ်တမ်းတစ်ခုကို ဝယ်ယူခဲ့ရာ ထိုမှတ်တမ်းတွင် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ပတ်ဝန်းကျင်ရှိ အင်အားစု အားလုံး၏ နယ်မြေများနှင့် ပိုင်ရှင်မဲ့ ရှေးဟောင်း ဂူစံအိမ် လျှို့ဝှက်ချက်များ ပါဝင်သည်။ သူသည် နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် လိုအပ်သော ကုန်ကြမ်းများ၏ ငါးပုံလေးပုံခန့်ကို စုဆောင်းပြီး ဖြစ်ရာ ကျန်ရှိသော ပစ္စည်းများကို စုဆောင်းရန်အတွက် လုံလောက်သော အရင်းအမြစ်များ ရှိနေပြီ ဖြစ်၏။သို့သော် ကုန်ကြမ်းများ အသင့်ရှိနေသော်လည်း ထိုအခင်းအကျင်းကို တည်ဆောက်ရန်အတွက် ဘေးကင်းလုံခြုံသော နေရာတစ်ခု သူ လိုအပ်သည်။
“ပန်းဂိုဏ်း ... တာအိုခုန်ဂိုဏ်း ... လင်းလန် ကောင်းကင်ဂိတ် ...”
ဤအင်အားစု အမည်များကို ကြည့်ရင်း စုယွီမှာ ခေါင်းပင် မူးနောက်သွားရသည်။ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ပတ်ဝန်းကျင်မှာတင် စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ပါရှိသော ဂူစံအိမ် လျှို့ဝှက်နယ်မြေ ပိုင်ဆိုင်ထားသည့် အင်အားစုပေါင်း (၂၀) ကျော် ရှိနေချေပြီ။
ဂိုဏ်းအင်အားစုများ ရှိသကဲ့သို့ ကျင့်ကြံခြင်း မိသားစု အင်အားစုများလည်း ရှိကြသည်။ တတိယအဆင့် ဝိညာဉ်သွေးကြော ပါရှိသော ဂူစံအိမ်များမှာမူ (၁၀၀) ကျော်ပင် ရှိနေ၏။ ရုတ်တရက် စုယွီ၏ အကြည့်မှာ ရင်းနှီးနေသော အမည်တစ်ခုပေါ်တွင် ရပ်တန့်သွားသည်။ ၎င်းမှာ 'ဇီယွီဂိုဏ်း' ပင် ဖြစ်တော့၏။
“ဇီယွီဂိုဏ်းရဲ့ တတိယအဆင့် ဂူစံအိမ်ကို ငှားရမ်းမည် ... တစ်နှစ်လျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်း ... လက်ရှိတွင် ပိုင်ဟွာဂိုဏ်းက ထိန်းချုပ်ထားသည် ...” ဤသတင်းကို ကြည့်ရင်း စုယွီက တွေးတောလိုက်မိသည်။
'ဇီယွီဂိုဏ်း ... ဒါ လင်းချင်းရှားတို့ အရင်က နေခဲ့တဲ့ ဂိုဏ်းပဲ ...'
ဇီယွီဂိုဏ်းမှာ အတိတ်ကာလက ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ခဲ့ရသည်။ လင်းချင်းရှား၊ လင်းပင်းနှင့် ယန်ယွီမင်တို့မှာ အရှင်လတ်လတ် ဖမ်းဆီးခံခဲ့ရပြီး အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခိုဈေးကွက်သို့ ရောင်းချခံခဲ့ရကာ ကျွန်ကုန်သည်များ၏ လက်အောက်တွင် ရှိနေခဲ့ပြီးမှ စုယွီက သူတို့ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက စုယွီသည် လင်းချင်းရှားအား ကူညီ၍ ကတ်ကေးစား ချေလိုသလားဟု မေးမြန်းခဲ့ဖူးသော်လည်း ထိုအချိန်က ရုပ်သေးရုပ်လေး တစ်ခုပမာ ဖြစ်နေသော လင်းချင်းရှားက ငြင်းပယ်ခဲ့၏။
သို့သော် ယခုအခါတွင်မူ..
လင်းချင်းရှားတို့၏ အတိတ်က နာကျင်စရာ မှတ်ဉာဏ်များကို စုယွီက သူ၏ စိတ်အာရုံ လှည့်စားခြင်း မန္တန်ဖြင့် ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်ရာ ထိုမှတ်ဉာဏ်များ မရှိတော့ဘဲ ထိုသုံးဦးမှာ နောက်ဆုံးတွင် 'အသစ်တစ်ဖန် ပြန်လည် မွေးဖွား' လာနိုင်ခဲ့ကြချေပြီ။
“ဇီယွီဂိုဏ်းကို ပိုင်ဟွာဂိုဏ်းက ဖျက်ဆီးပစ်ခဲ့တာလား ...”
စုယွီ၏ အကြည့်မှာ လေးနက်သွားတော့၏။
ပိုင်ဟွာဂိုဏ်းက ဇီယွီဂိုဏ်း၏ ဂူစံအိမ်ကို ငှားရမ်းရန် ကြံစည်နေခြင်းကို ကြည့်ပြီး သူသည် ခဏမျှသာ စဉ်းစားကာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ ဤဂူစံအိမ်ကိုပင် သူ ရွေးချယ်လိုက်တော့မည်။
တစ်လခန့် ကြာပြီးနောက်..
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ အရှေ့ဘက် မိုင်ပေါင်း တစ်သိန်းခန့် အကွာအဝေးရှိ ခရမ်းရောင် သစ်ရွက်များဖြင့် ဖုံးလွှမ်းနေသော တောင်တန်းကြီး တစ်ခုတွင် စုယွီနှင့် ပိုင်ဟွာဂိုဏ်းမှ ရွှေအမြုတေအဆင့်ရှိ အမျိုးသမီး တစ်ဦးတို့သည် ဇီယွီ တောင်ထွတ်ပေါ်သို့ လမ်းလျှောက် တက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် အဖိုးတန် ကျောက်စိမ်းကဲ့သို့ ခရမ်းရောင် သန်းနေသော ဝိညာဉ်ဝါးပင်များမှာ ဇီယွီ တောင်ထွတ် တစ်ခုလုံးကို လွှမ်းခြုံထား၏။
အစိမ်းနုရောင် ဂါဝန်ကို ဝတ်ဆင်ထားသော လှပလှသည့် ထိုအမျိုးသမီးထံမှ ထူးခြားသော ပန်းရနံ့များ ထွက်ပေါ်နေပြီး သူမ၏ ကောက်ကြောင်း အလှမှာလည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
“တစ်နှစ်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းဆိုတာ မများပါဘူး ...” လှပသော အမျိုးသမီးက တောင်ပေါ်သို့ တက်ရင်း စကားဆက်လိုက်သည်။ “ဒီအထဲမှာ ဇီယွီဂိုဏ်းရဲ့ ဂူစံအိမ်သာမက ပတ်ဝန်းကျင်က ဝိညာဉ်နယ်မြေနဲ့ ဝိညာဉ်အပင်တွေ အားလုံး ပါဝင်ပါတယ် ... အကယ်လို့ ဒီဝိညာဉ်ဝါးပင်တွေကိုသာ ကောင်းကောင်း စီမံနိုင်မယ်ဆိုရင် တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်အထိ အကျိုးအမြတ် ရနိုင်မှာပါ ...”
“တခြားသော အရင်းအမြစ်တွေကိုပါ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်ဆိုရင် တစ်နှစ်ကို အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်လောက် မြတ်ဦးမှာပါ ... ခင်ဗျားအတွက် လုံးဝ ရှုံးစရာ အကြောင်း မရှိပါဘူး ...”
ချီယင်း ဟု အမည်ရသော အမျိုးသားတစ်ဦး၏ ရုပ်သွင်ကို ယူထားသည့် စုယွီက တည်ငြိမ်စွာ မေးလိုက်၏။
“ဒါဆို ပိုင်ဟွာဂိုဏ်းက ဘာဖြစ်လို့ ဒီနေရာကို ငှားချင်ရတာလဲ ...”
လှပသော အမျိုးသမီးက ခပ်ဟဟ ရယ်လိုက်ပြီး ပြန်ဖြေသည်။
“အကွာအဝေးက နည်းနည်း ဝေးလွန်းလို့ စီမံခန့်ခွဲရတာ ခက်ခဲလို့ပါ ... ပြီးတော့ ဒီလို ဂူစံအိမ်မျိုးကို ထိန်းသိမ်းဖို့ဆိုရင် လူအင်အားလည်း အတော်များများ လိုအပ်ပါတယ် ... ကိုယ့်ဘာသာ စိတ်ရှုပ်ခံနေမယ့်အစား ငှားရမ်းလိုက်တာက ပိုပြီး အဆင်ပြေလို့ပါ ...”
စုယွီသည် ထိုအမျိုးသမီးနှင့်အတူ ဇီယွီဂိုဏ်း တစ်ခုလုံးကို လှည့်လည် ကြည့်ရှုလိုက်၏။ယခင် ဇီယွီဂိုဏ်းက တည်ဆောက်ခဲ့သော အဆောက်အအုံများမှာ အကောင်းအတိုင်း ရှိနေဆဲ ဖြစ်ပြီး ပျက်စီးသွားသော အရာများကိုလည်း ပြန်လည် ပြုပြင်ထားကြောင်း တွေ့ရသည်။ တစ်ခုတည်းသော ပြဿနာမှာ တောင်တံခါးဝရှိ အခင်းအကျင်းကြီးမှာ အတိတ်က ပိုင်ဟွာဂိုဏ်းက ဇီယွီဂိုဏ်းကို တိုက်ခိုက် ဖျက်ဆီးစဉ်က ပျက်စီးသွားခဲ့သဖြင့် အနည်းငယ် ချို့ယွင်းနေခြင်းပင် ဖြစ်၏။
ပတ်ဝန်းကျင်မှာ အလွန်ပင် ကောင်းမွန်လှသည်။ တစ်သီးတခြား မြင့်မားစွာ တည်ရှိနေသော ဇီယွီ တောင်ထွတ်ပေါ်မှ ကြည့်လျှင် မြူခိုးများ လွှမ်းခြုံနေသော ခရမ်းရောင် တောင်တန်းကြီး တစ်ခုလုံးကို ရှင်းလင်းစွာ မြင်တွေ့ရပြီး တိမ်တိုက်များကြားရှိ နတ်ဘုံနတ်နန်း တစ်ခုနှင့်ပင် တူနေတော့၏။
“ကောင်းပြီ ... ကျွန်တော် ငှားမယ် ... ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေ တစ်ခု ရှိတယ် ... ငှားရမ်းခ သက်တမ်းက အနည်းဆုံး နှစ် (၁၀၀) ဖြစ်ရမယ် ...” ဟု စုယွီက ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လှပသော အမျိုးသမီးမှာ ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာသွားတော့၏။
နှစ်ပေါင်း (၁၀၀) တောင်ပါလား။ ယင်းမှာ ငှားရမ်းခ ဝိညာဉ်ကျောက်တုံး ရှစ်သန်း တိတိ ဖြစ်သည်။ ဤကဲ့သို့သော လူချမ်းသာကြီး ဘယ်ကနေ ရောက်လာပါလိမ့်။
အတန်ကြာ ညှိနှိုင်းပြီးနောက်တွင် အာမခံကြေးအဖြစ် ငါးနှစ်စာ ငှားရမ်းခကို ကြိုတင် ပေးချေရန်နှင့် ထို့နောက် ငါးနှစ်စာ ငှားရမ်းခကို ထပ်မံ ပေးဆောင်ရန် သဘောတူလိုက်ကြသည်။ ငှားရမ်းခ သက်တမ်းမှာ နှစ်ပေါင်း (၁၀၀) ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် ငှားရမ်းခ ပေးဆောင်ရမည် ဖြစ်သည်။
စုယွီသည် ထိုအမျိုးသမီးထံသို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သိန်းကို ကမ်းပေးလိုက်ရာ သူမမှာ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားတော့၏။
ပိုင်ဟွာဂိုဏ်း ။
မင်းတို့ နောက်ထပ် ဘယ်နှစ်နှစ်လောက် ငှားရမ်းခ ကောက်နိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။
ပိုင်ဟွာဂိုဏ်းသည် အင်အား မသေးလှဘဲ မူလဝိညာဉ်အဆင့် အရှင်သခင် တစ်ပါး ပိုင်ဆိုင်ထားသော်လည်း အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ပတ်ဝန်းကျင်ရှိ အမျိုးသမီး ကျင့်ကြံသူများသာ ရှိသော ဂိုဏ်းအဖြစ် ကျော်ကြားလှသည်။ ထို့အပြင် ဂိုဏ်းအတွင်း၌ အမျိုးသမီးများသာ အဓိက ဖြစ်ကြ၏။အမျိုးသား ကျင့်ကြံသူများကိုမူ အိမ်မွေးတိရစ္ဆာန်များကဲ့သို့သာ ဆက်ဆံကြပြီး အကယ်၍ ပိုင်ဟွာဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူများတွင် ကလေးမွေးဖွားလာခဲ့လျှင် သားဖြစ်သူများကို အဝေးသို့ ပို့ဆောင်ကာ သမီးဖြစ်သူများကိုသာ ဂိုဏ်းအတွင်း ထားရှိကြသည်။
လှပသော အမျိုးသမီးသည် ပိုင်ဟွာဂိုဏ်းသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ဂိုဏ်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေပြီး အဆင့်မြင့် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း တွေ့လိုက်ရသဖြင့် တစ်စုံတစ်ခုကို ရှာဖွေနေကြပုံ ရသည်။ စုံစမ်းကြည့်လိုက်သောအခါ မကြာသေးမီကပင် ဂိုဏ်း၏ ဘဏ္ဍာတိုက် ဖောက်ထွင်းခံခဲ့ရပြီး ရှိသမျှ ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံး အားလုံးမှာ ပျောက်ဆုံးသွားခဲ့ကြောင်း သိလိုက်ရသဖြင့် သူမမှာ အံ့အားသင့်သွားရတော့၏။
ထိုသတင်းကို ကြားလိုက်ရချိန်တွင် သူမ၏ ခေါင်းထဲ၌ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားပြီး အော်ဟစ်လိုက်တော့၏။
“ဘာ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဘယ်သူ လုပ်တာလဲ ...”
ငှားရမ်းခ ဝိညာဉ်ကျောက်တုံး ရှစ်သိန်း ရရှိခဲ့သဖြင့် ပျော်ရွှင်နေသော သူမ၏ စိတ်အာရုံမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ချောက်နက်ထဲသို့ ကျဆင်းသွားရသည်။
သူမသည် ဂိုဏ်းချုပ်ကို ရှာဖွေရန်နှင့် တရားခံကို ဖမ်းဆီးရန်အတွက် ကပျာကယာ ထွက်ခွာသွားတော့၏။
ထိုအချိန်တွင်... 'တရားခံ' ဖြစ်သူ စုယွီမှာမူ ဇီယွီ တောင်ထွတ်ပေါ်တွင် အခင်းအကျင်းများကို စီစဉ်ရင်း စိတ်ကျေနပ်နေသည်။
သူသည် ပိုင်ဟွာဂိုဏ်း၏ ဘဏ္ဍာတိုက်ကို ရှင်းလင်းခဲ့သော်လည်း အဆင့်နိမ့် မှော်ရတနာများ နှင့် အခြားသော အဖိုးတန် ပစ္စည်းများကိုမူ ရှာမတွေ့ခဲ့ပါချေ။ သို့သော်လည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသန်းကျော်နှင့်အတူ များပြားလှသော ကုန်ကြမ်းပစ္စည်းများနှင့် ရတနာများကိုမူ ရရှိခဲ့သည်။
ထို့အပြင် မူလဝိညာဉ်အဆင့် ကျင့်စဉ် အချို့ကိုလည်း ရှာတွေ့ခဲ့သေး၏။ စုယွီကို အံ့အားအသင့်စေဆုံး အချက်မှာ ပိုင်ဟွာဂိုဏ်းသည် နှစ်ကိုယ်တူ ကျင့်ကြံခြင်း ပညာရပ်များကို အဓိက ကျင့်ကြံကြခြင်းပင် ဖြစ်သည်။ သူသည် 'ဓာတ် တစ်သားတည်း ဖြစ်တည်ခြင်း ပညာရပ်' ဟု ခေါ်သော မူလဝိညာဉ်အဆင့် (၉) အထိ ရောက်ရှိနိုင်သည့် ကျင့်စဉ်တစ်ခုကိုပင် ရှာတွေ့ခဲ့သေး၏။ ဤကျင့်စဉ်မှာ အဖော် အမျိုးမျိုးနှင့် ကျင့်ကြံလေလေ ပိုမို ကောင်းမွန်သော ရလဒ်များ ရရှိလေလေ ဖြစ်သည်။
ပိုင်ဟွာဂိုဏ်းတွင် မြင်တွေ့ခဲ့ရသော ဖရိုဖရဲ ဖြစ်ရပ်များကို ပြန်လည် တွေးတောမိလိုက်ရာ စုယွီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ထွက်ပေါ်လာ၏။ သူသည် ထိုအတွေးများကို ခေါင်းထဲမှ မောင်းထုတ်လိုက်ပြီး သူ၏ ခြေရင်းရှိ ဇီယွီ တောင်ထွတ်ကိုသာ အာရုံစိုက်လိုက်တော့သည်။
'ငါ့ဘာသာ ငါ စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း တစ်ခုကို တည်ဆောက်နိုင်မလား ကြည့်ကြတာပေါ့ ...'
ဤဂူစံအိမ်ကို ရရှိပြီးနောက်တွင်မူ သူသည် နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် လျှို့ဝှက် စခန်းတစ်ခု တည်ဆောက်ရန် စီစဉ်နိုင်ပြီ ဖြစ်သည်။
‘ငှားရမ်းထားတာ ဖြစ်လို့ စိတ်ပူနေသလား ။ နှစ်ပေါင်း (၁၀၀) တောင် ငှားထားတာပဲ မဟုတ်လား ။
အချက်အလက်တွေအရ ဒါက အမှန်တရား ဖြစ်ပေမယ့် ... အကယ်လို့ ပိုင်ဟွာဂိုဏ်းက နှစ်ပေါင်း (၁၀၀) အထိ မရှင်သန်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ ... ဟုတ်တယ် မဟုတ်လား ။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်း လောကဆိုတာ အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာပဲ ... တစ်စုံတစ်ယောက်က သူတို့ကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်မယ် ဆိုရင်တောင် အံ့သြစရာ မရှိပါဘူး’
ထိုအချိန်ကျလျှင်တော့ ဤဇီယွီ တောင်ထွတ်ကြီးက သူ၏ အပိုင် ဖြစ်သွားရုံသာမက ပိုင်ဟွာဂိုဏ်း လက်ရှိ ပိုင်ဆိုင်ထားသော စတုတ္ထအဆင့် လျှို့ဝှက်နယ်မြေမှာလည်း သူ၏ အပိုင် ဖြစ်လာနိုင်ပေ၏။
အခန်း (၆၁၂) - အကြီးအကဲအဖြစ် ရာထူးတိုးခြင်းနှင့် စောင့်ကြပ်ရေး တာဝန် (၁)
စတုတ္ထအဆင့် အဆင့်နိမ့် တောင်တံခါး အခင်းအကျင်း၏ အမွေအနှစ်ကို စုယွီသည် လွန်ခဲ့သော အချိန်များစွာကပင် တာအိုဆရာ ထျန်းယွီ ထံမှ ရရှိထားခဲ့ခြင်း ဖြစ်၏။ တာအိုဆရာ ထျန်းယွီက ထိုအခင်းအကျင်းကို တည်ဆောက်ပုံကိုလည်း သူသည် အကြိမ်အနည်းငယ်မျှ မြင်တွေ့ဖူးသည်။ သူကိုယ်တိုင် လက်တွေ့ မပြုလုပ်ဖူးသေးသော်ငြားလည်း အကြိမ်အနည်းငယ်မျှ ကြိုးပမ်းကြည့်မည် ဆိုပါက ဧကန်မလွဲ ကျွမ်းကျင်သွားမည်မှာ အမှန်ပင် ဖြစ်တော့၏။
စုယွီသည် ဇီယွီ တောင်ထွတ်၏ ထိပ်ဖျားတွင် ရပ်နေရင်း ဝိညာဉ်သွေးကြော၏ မြေမျက်နှာထားကို အာရုံခံကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ တောင်ထိပ်များမှာ စက်ဝိုင်းပုံစံ ဝန်းရံထားကြပြီး ၎င်းတို့၏ အလယ်တွင် တောင်တစ်လုံးမှာ ထီးထီးမားမား မြင့်မားစွာ ရပ်တည်နေသည်။
သူ စိတ်ထဲမှ တွေးတောလိုက်မိသည်။ 'တောင်တံခါး အခင်းအကျင်းကို ကောင်းကင်ကြယ်တာရာ သုံးဆယ့်ခြောက်လုံး အခင်းအကျင်း အဖြစ် တည်ဆောက်လို့ ရတယ်... ဝိညာဉ်သွေးကြော တစ်ခုလုံးရဲ့ စွမ်းအင်တွေကို ဇီယွီ တောင်ထွတ်ပေါ် စုစည်းလိုက်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတွေ အပိုသုံးစရာ မလိုဘဲ အခင်းအကျင်းကို လည်ပတ်စေနိုင်မှာပဲ...'
'ဇီယွီ တောင်ထွတ်ပေါ်မှာ ကောင်းကင်ကြယ်တာရာတွေရဲ့ စွမ်းအားကို စုစည်းဖို့ အခင်းအကျင်း တစ်ခု တည်ဆောက်မယ်... ပြီးတော့ တတိယအဆင့် ထိပ်တန်း အခင်းအကျင်း (၁၈၀) လောက်ကိုပါ တောင်ပေါ်မှာ ထပ်ဆင့် စီရင်ထားလိုက်ရင် အခင်းအကျင်းကို နှိုးဆော်ဖို့ စွမ်းအင် ပြတ်တောက်မှာကို စိတ်ပူစရာ မလိုတော့ဘူး... ငါ့ဆရာဆီကနေ စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း အလံတချို့ကိုလည်း တောင်းကြည့်ရဦးမယ်...'
စုယွီသည် သူ၏ အကြံအစည်များကို တစ်ခုချင်း တိုးညှင်းစွာ ရေရွတ်လိုက်ရင်း မျက်နှာတွင် ပေါ့ပါးသော အပြုံးတစ်ခု ထွက်ပေါ်လာ၏။ “ဒီလိုနည်းနဲ့ဆိုရင် မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်က ကျူးကျော်လာချေဦးတော့... ငါ့ကို အရင်ဆုံး လာပြီး ဂါရဝပြုရလိမ့်မယ်...”
ဇီယွီဂိုဏ်း၏ ဝိညာဉ်သွေးကြောမှာ အနည်းငယ် လိုအပ်ချက် ရှိနေသေး၏။ အကယ်၍သာ စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ဖြစ်ခဲ့မည်ဆိုပါက များစွာ ပိုမို ကောင်းမွန်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် ဝိညာဉ်သွေးကြော၏ စွမ်းအားက အခင်းအကျင်းကို ထောက်ပံ့ရန် မလုံလောက်မှာကို စိုးရိမ်နေစရာ လိုမည် မဟုတ်ချေ။ ထိုသို့ တွေးမိသည်နှင့် စုယွီသည် ပိုင်ဟွာဂိုဏ်းကို အမှတ်ရသွားပြန်သည်။
ပိုင်ဟွာဂိုဏ်းက ပိုင်ဆိုင်ထားသော စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ပါရှိသည့် ဂူစံအိမ်မှာ သူ့အတွက် အတော်လေး ဆွဲဆောင်မှု ရှိနေသည် မဟုတ်ပါလော။
သူ စိတ်ထဲမှ ရည်မှန်းချက်တစ်ခု ထားလိုက်သည်။ 'ပန်းတိုင်လေး တစ်ခုလောက် သတ်မှတ်ထားရမယ်... နောက်နှစ်ပေါင်း (၁၀၀) အတွင်းမှာ ငါ့ရဲ့ အသိုက်အမြုံကို ပိုင်ဟွာဂိုဏ်းရဲ့ စတုတ္ထအဆင့် ဂူစံအိမ်ဆီ ပြောင်းရွှေ့ပစ်မယ်...' စုယွီသည် ဇီယွီဂိုဏ်း၏ ဝိညာဉ်သွေးကြောများကို သေချာစွာ စူးစမ်းလေ့လာပြီးနောက် အခင်းအကျင်း အခြေခံများ တည်ဆောက်ရန်အတွက် ကုန်ကြမ်းများကို စတင် ထုတ်ယူလိုက်တော့၏။
သူသည် အခင်းအကျင်း အခြေခံများကို ကိုယ်တိုင် စတင် သန့်စင်လိုက်ပြီးနောက် ဇီယွီဂိုဏ်း၏ မူလ တောင်တံခါး အခင်းအကျင်းကို စတင် ပြုပြင် ပြောင်းလဲတော့သည်။ ဇီယွီဂိုဏ်း၏ နေအိမ်ကို အသွင်ပြောင်းနေစဉ်မှာပင် စုယွီသည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခိုဈေးကွက်ရှိ ယွင်ရှောင် ဆေးလုံး စံအိမ်ကိုလည်း မျက်ခြေမပြတ် ထိန်းသိမ်းထားရ၏။
ကံကောင်းထောက်မစွာဖြင့် မူလဝိညာဉ် အဆင့်သို့ တက်လှမ်းလာပြီးနောက် သူသည် အချိန် တာအိုကို အတိုင်းအတာတစ်ခုအထိ နားလည် သဘောပေါက်လာခဲ့ပြီ ဖြစ်၏။ အချိန် တာအို၏ စွမ်းအားဖြင့် သူသည် တစ်နေ့တာ အချိန်၏ သုံးပုံတစ်ပုံခန့်ကို ဆေးဖော်စပ်ခြင်းနှင့် အခင်းအကျင်း အခြေခံများ တည်ဆောက်ခြင်းတို့တွင် အသုံးပြုနိုင်သည်။
သူ၏ ကျင့်ကြံခြင်းနှင့် အင်အား တိုးတက်လာသည်နှင့်အမျှ တတိယအဆင့် ဆေးလုံးများကို သန့်စင်သည့် အရှိန်မှာလည်း မြန်ဆန်လာခဲ့ချေပြီ။ ထိပ်တန်း တတိယအဆင့် ဆေးလုံး တစ်ဖိုကို ဖော်စပ်ရန်အတွက် တစ်နာရီပင် မကြာတော့ချေ။ တစ်နေ့အတွင်းမှာပင် ယွင်ရှောင် ဆေးလုံး စံအိမ်နှင့် တိလင် ကုန်သွယ်ရေး အသင်း အပါအဝင် ကုန်သွယ်ရေး အဖွဲ့အစည်း ငါးခုအတွက် လိုအပ်သော ဆေးလုံးများကို အလွယ်တကူ ထုတ်လုပ်ပေးနိုင်သည်။
*
အချိန်ကား မြားတစ်စင်းအလား ကုန်လွန်သွားခဲ့ချေပြီ။
နောက်ထပ် နှစ်နှစ်ခန့် အချိန်ကာလ ကုန်ဆုံးသွားခဲ့သည်။
နေ့စဉ်နေ့တိုင်း သူသည် ပုံမှန် ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် အခင်းအကျင်း တည်ဆောက်ခြင်း တို့တွင်သာ နစ်မြုပ်နေခဲ့၏။ အလုပ်များကြားတွင် ဟိုမှသည် ကူးချည်သန်းချည် လုပ်နေရသော်လည်း မှောင်ခိုဈေးသို့ ဆေးလုံးများ သွားရောက် ပေးပို့ခြင်းမှ လွဲ၍ စုယွီသည် ဇီယွီ တောင်ထွတ်ပေါ်မှာသာ အချိန်အများစုကို ကုန်လွန်စေခဲ့သည်။
ယနေ့တွင်မူ စုယွီသည် အခင်းအကျင်း အခြေခံ၏ တည်နေရာကို နောက်တစ်ကြိမ် ပြန်လည် ညှိနှိုင်းပြီးနောက် လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်ကာ သူ၏ နတ်ဘုရား အာရုံကို လှုပ်ရှားစေလိုက်သည်။
“ဝုန်း...”
မျက်စိတစ်မှိတ် အတွင်းမှာပင်.. ဇီယွီဂိုဏ်း၏ ဝိညာဉ်သွေးကြော တစ်ခုလုံးမှာ စတင် တုန်ခါလာတော့၏။
မိုင်ပေါင်းများစွာ ကျယ်ဝန်းလှသော တောင်တံခါး အခင်းအကျင်းကြီးမှာ အောင်မြင်စွာ နိုးထလာခဲ့ချေပြီ။ တောင်တန်းကြီး တစ်ခုလုံးကို တိမ်တိုက်မြူခိုးများက အထပ်ထပ် အလွှာလွှာ ဖုံးလွှမ်းသွားတော့သည်။
တောင်ထိပ် (၃၆) လုံးမှာ အခင်းအကျင်း၏ အခြေခံများအဖြစ် တည်ရှိနေပြီး ဝိညာဉ်သွေးကြော၏ စွမ်းအားအားလုံးနီးပါးမှာ အလယ်ဗဟိုရှိ ဇီယွီ တောင်ထွတ်ပေါ်သို့ စုစည်းသွား၏။ ဇီယွီ တောင်ထွတ်၏ ထိပ်ဖျားတွင် ရပ်နေရင်း စုယွီသည် အခင်းအကျင်းကြီး နိုးထလာမှုနှင့်အတူ အရှိန်အဟုန်ပြင်းစွာ စုဝေးလာသော ဝိညာဉ်စွမ်းအင်များကို သိသိသာသာ ခံစားလိုက်ရသည်။
ဤအခင်းအကျင်းကြီး၏ လွှမ်းမိုးမှုအောက်တွင် အခြားသော နေရာများ၌ ဝိညာဉ်စွမ်းအင်များ သိသိသာသာ လျော့နည်းသွားသော်လည်း ဇီယွီ တောင်ထွတ်ပေါ်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာမူ စတုတ္ထအဆင့် ဝိညာဉ်သွေးကြော တစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်နေပြီ ဖြစ်၏။ အကယ်၍ ဂိုဏ်းတစ်ခုတွင် ကျင့်ကြံရန် လိုအပ်သော တပည့်များနှင့် အကြီးအကဲ အများအပြား ရှိနေမည်ဆိုလျှင် ဤကဲ့သို့ လုပ်ဆောင်၍ ရမည် မဟုတ်ချေ။
သို့သော် ယခုအခါတွင်မူ ဇီယွီဂိုဏ်း၏ နေအိမ် တစ်ခုလုံးတွင် စုယွီ တစ်ဦးတည်းသာ ရှိနေသည် မဟုတ်ပါလော။ နောင်အနာဂတ်တွင်လည်း လူဦးရေမှာ များစွာ ရှိလာမည် မဟုတ်ချေ။ ကျင့်ကြံရန်အတွက် ဇီယွီ တောင်ထွတ် တစ်ခုတည်း ရှိနေခြင်းမှာပင် လုံလောက်လှ၏။
စတုတ္ထအဆင့် အဆင့်နိမ့် တောင်တံခါး အခင်းအကျင်းနှင့် ကောင်းကင်ကြယ်တာရာ သုံးဆယ့်ခြောက်လုံး အခင်းအကျင်းတို့ လည်ပတ်နေသည်ကို ခံစားရင်း စုယွီမှာ ကျေနပ် အားရမှုတို့ ပြည့်နှက်သွားတော့၏။ အပြည့်အဝ နှစ်နှစ်တိတိ အချိန်ယူခဲ့ရပြီး အခင်းအကျင်းကို သောင်းနှင့်ချီသော အကြိမ်ရေများစွာ ပြုပြင် ပြောင်းလဲခဲ့ရကာ အခင်းအကျင်း အခြေခံများမှာလည်း ထောင်နှင့်ချီ၍ ပေါက်ကွဲခဲ့ရ၏။
နောက်ဆုံးတွင်တော့ သူသည် စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ချေပြီ။ ၎င်းမှာ အရှုပ်ထွေးဆုံးနှင့် အကြီးမားဆုံးသော တောင်တံခါး အခင်းအကျင်း အမျိုးအစားလည်း ဖြစ်၏။ ဤသည်မှာ အခင်းအကျင်းများကြားမှ အခင်းအကျင်း၊ သို့မဟုတ် ပေါင်းစပ် အခင်းအကျင်းကြီး တစ်ခုနှင့်ပင် တူနေတော့၏။ သာမန် စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်းများနှင့် နှိုင်းယှဉ်လျှင် အရှုပ်အထွေးနှင့် ခက်ခဲမှုမှာ အနည်းဆုံး အဆပေါင်း ရာချီ၍ ပိုမို မြင့်မားသည်။
'အခင်းအကျင်းကို တည်ဆောက်ပြီးပြီ... အခုတော့ နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် ကုန်ကြမ်းတွေ စုဆောင်းပြီးတာကိုပဲ စောင့်ဖို့ လိုတော့တယ်...' စုယွီက သူ၏ ရင်တွင်း၌ တွေးတောလိုက်မိသည်။ 'အခင်းအကျင်း ပညာရှင် ကိစ္စကတော့...'
သူသည် ကြယ်ခူး မျှော်စင်မှ ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင် တစ်ဦးကို အကူအညီ တောင်းနိုင်ကောင်း တောင်းနိုင်လိမ့်မည်။ မာရှီချင်းကို အကူအညီ တောင်းမည်ဆိုလျှင် ထိုက်တန်သော ဆုလာဘ် ပေးနိုင်သရွေ့ ကြယ်ခူး မျှော်စင်မှ ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင် တစ်ဦးကို ငှားရမ်းရန်မှာ ခက်ခဲမည် မဟုတ်ဟု သူ ယုံကြည်နေ၏။ ဘာပဲပြောပြော ကြယ်ခူး မျှော်စင်၏ အဓိက လုပ်ငန်းမှာ လူများအတွက် အခင်းအကျင်းများ တည်ဆောက်ပေးခြင်းပင် ဖြစ်သည် မဟုတ်ပါလော။
နောက်တစ်လတွင် စုယွီသည် မြေကမ္ဘာ အင်မော်တယ် နယ်မြေသို့ တစ်ခေါက် ပြန်သွားခဲ့ပြီး ကောင်းကင်မိုးကြိုး ကြွက် အကောင်ရေ နှစ်ထောင်ကို ယူဆောင်လာကာ ဇီယွီ တောင်ထွတ် နေအိမ်တွင် အခြေချပေးလိုက်သည်။ ကောင်းကင်မိုးကြိုး ကြွက်များ၏ အရေပြားမှာ ငါးထောင်နီးပါးခန့်အထိ တိုးပွားလာခဲ့ပြီ ဖြစ်ရာ အားနည်းသော အကောင်များကို မြေကမ္ဘာ အင်မော်တယ် နယ်မြေမှ မောင်းထုတ်လိုက်ခြင်းဖြင့် ၎င်းတို့အား ပြင်ပတွင် အခြေချခွင့် ပေးလိုက်လေ၏။
စုယွီက ဇီယွီ တောင်ထွတ်သို့ ရွှေ့ပြောင်းပေးလိုက်သော ကောင်းကင်မိုးကြိုး ကြွက်အုပ်စုထဲတွင် ဒုတိယအဆင့် ကောင်းကင်မိုးကြိုး ကြွက် အကောင်ရေ ခြောက်ရာကျော် ပါဝင်နေ၏။ ထို့အပြင် တတိယအဆင့် ကောင်းကင်မိုးကြိုး ကြွက် သုံးကောင်လည်း ပါဝင်နေသေးသည်။ ၎င်းတို့ အားလုံးမှာ တတိယအဆင့် အဆင့်နိမ့်များသာ ဖြစ်သော်လည်း စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကိုမူ သူနှင့်အတူ ထားရှိဆဲပင် ဖြစ်၏။ ဇီယွီ တောင်ထွတ် နေအိမ်တွင် အစောင့်အကြပ်များအဖြစ် ထိုကြွက်အုပ်စုကို ထားရှိခြင်းမှာ လုံလောက်လှသည်။
ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ရှိ မိစ္ဆာမျိုးနွယ်စုနှင့် စစ်ပွဲမှာ တဖြည်းဖြည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ မိစ္ဆာမျိုးနွယ်စုများမှာ တောရိုင်းနယ်မြေသို့ ဆုတ်ခွာသွားကြပြီး ယခင်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သော အန္တရာယ်ရှိ နယ်မြေများကိုလည်း လူသားမျိုးနွယ်စုများက ရှင်းလင်း ဖျက်ဆီးပစ်ခဲ့ကြလေပြီ။
သို့သော်လည်း ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ် တိုက်ပွဲ ပြီးဆုံးသွားသည့်တိုင် လူသားမျိုးနွယ်စု၏ အင်အားစု အသီးသီးကြားတွင် အတွင်းရေး အရင်းအမြစ်များအတွက် ပဋိပက္ခများ ပေါ်ပေါက်လာခဲ့၏။ နေ့စဉ်နေ့တိုင်းလိုလို တိုက်ပွဲကြီးများ ဖြစ်ပွားနေခဲ့၏။
ယနေ့တွင်မူ စုယွီသည် ဇီယွီဂိုဏ်း နေအိမ်မှနေ၍ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့ရာ နေရာရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် ယွီလုံ နန်းတော်မှ မူလဝိညာဉ် အရှင်သခင်များနှင့် တပည့်များစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့ထံမှ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး မြို့တော်မှတစ်ဆင့် ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ရှိရာ အရပ်ဆီသို့ ဦးတည်သွားကြတော့၏။