အစစ်အမှန်နတ်ဆိုး ပေါ်လာခြင်း
Vol. 63 Ch. 872
လူ့အရေပြား အစစ်အမှန်နတ်ဆိုး ပေါ်လာမှုကြောင့် လက်ရှိအခြေအနေက နောက်တစ်မျိုး ပြောင်းလဲသွားပြန်သည်။ ထိုသတ္တဝါကို ဤနေရာတွင် တွေ့လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။
အစီအရင်၏ အကျိုးသက်ရောက်မှုကြောင့် နှစ်ဖက်စလုံး သူတို့၏ ပေါင်းစည်းစွမ်းအင်ကို ယာယီ ဆုံးရှုံးထားကြသည်။ လက်ရှိတွင် ရှိနေသော လူသောင်းချီမှာ ပြန့်ကျဲနေသော သဲများကဲ့သို့ အားနည်းနေကြသည်။ထို့ကြောင့် သူတို့သည် အစစ်အမှန်နတ်ဆိုး သတ်ဖြတ်ရန် အသင့်ဖြစ်နေသော ဆူဖြိုးသောဝက်ကြီးများကဲ့သို့ပင် ဖြစ်နေကြသည်။
ဤသည်က စောစောက တပ်ခွဲလေးခုမှ အဖွဲ့ဝင်များ ဖြစ်ပျက်သွားခဲ့သလိုမျိုးပင်ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရာနှင့်ချီသော လူများ သုတ်သင်ခံလိုက်ရသည်မှာ တကယ်ကို အလွန်ဆိုးရွားသော ဆုံးရှုံးမှုပင်ဖြစ်သည်။
ဤအချိန်တွင် ကျောက်ကျင်းယွီ၏ မျက်လုံးများတွင်လည်း ထိတ်လန့်မှုများ ပေါ်လာသည်။ ဤသို့ပြောင်းလဲသွားမည့် အခြေအနေက သူ့စိတ်ကူးထက် ကျော်လွန်နေခဲ့သည်။ မည်သို့ပင်ဆိုစေ၊ ကြက်သွေးရောင်မီးတောက်တောင်တန်းတွင် ညစ်ညမ်းသောလေထု အနည်းငယ်သာ ရှိသောကြောင့်၊ ကမ္ဘာခြားသက်ရှိများ ဤနေရာသို့ လာလေ့လာထ မရှိပေ။
အစစ်အမှန်နတ်ဆိုးတစ်ကောင် ယခုလို ဝင်ရောက်လာလိမ့်မည်ဟု ဘယ်သူက သိမည်နည်း။
"အစ်ကိုယွီ၊ အစီအရင်ကို ရပ်တန့်လိုက်ပါ။ မြန်မြန်!"
ကျားတပ်မ၏ တပ်ခွဲမှူးသုံးယောက်က ဖြူရော်နေသော မျက်နှာများဖြင့် အလျင်စလို အော်ဟစ်လိုက်ကြသည်။
အစီအရင်၏ အနှောင့်အယှက်ကို ရပ်တန့်လိုက်ပြီး ပေါင်းစည်းစွမ်းအင် အခြေအနေထဲသို့ ဝင်ရောက်နိုင်မှသာ အစစ်အမှန်နတ်ဆိုးကို ရင်ဆိုင်ရန် အခွင့်အရေးရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့သည် ကြမ်းတမ်းသော ခြင်္သေ့တစ်ကောင်ကို ရင်ဆိုင်ရန် ကြိုးစားနေသည့် အားနည်းသော ယုန်ငယ်လေးများသာ ဖြစ်သွားပေမည်။
သူတို့၏ အော်ဟစ်သံများကို ကြားသောအခါ ကျောက်ကျင်းယွီမှာ အံ့အားသင့်မှုမှ သတိဝင်လာခဲ့သည်။ သူက လက်ဖဝါးများကို အမြန်ပူးကပ်လိုက်ပြီး အစီအရင်ကို စတင် ပိတ်ပစ်လိုက်သည်။
သို့သော်လည်း ဤအရာက အချိန်အနည်းငယ် လိုအပ်သည်။ ဤအချိန်အတွင်း၊ သူတို့၏ တပ်ခွဲဝင်များ ပိုမိုများပြားစွာ အစစ်အမှန်နတ်ဆိုး၏ သတ်ဖြတ်ခြင်းခံရသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ၎င်း၏ စူးရှသော ရယ်မောသံများနှင့်အတူ အဖွဲ့ဝင်များ ပိုမိုများပြားစွာ အရှင်လတ်လတ် အရေခွံခွာခံလိုက်ရသည်။
သူတို့၏ နာကျင်စွာ အော်ဟစ်သံများ တောအုပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားချေပြီ။
ကျောက်ကောင်းကင်ဧကရာဇ်ကလန်မှ တပ်ခွဲလေးခု၏ အလွန်ဆိုးရွားသော မြင်ကွင်း ဖြစ်ပွားလာသောအခါ၊ လီလော့နှင့် ကျန်သူများ၏ မျက်နှာထားများလည်း လုံးဝ ပြောင်းလဲသွားကြသည်။ သူတို့အားလုံး ထိတ်လန့်နေသော အကြည့်များဖြင့် အနိဠာရုံမြင်ကွင်းကို စိုက်ကြည့်နေကြသည်။ အခုမှသာ အစစ်အမှန်နတ်ဆိုးတစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ လက်တွေ့ ခံစားလိုက်ရပြီဖြစ်သည်။
ယခင်က အစစ်အမှန်နတ်ဆိုးများကို သတ်ဖြတ်ရန် အတူတကွ လုပ်ဆောင်ခဲ့ကြစဉ်က ပေါင်းစည်းစွမ်းအင်၏ အကူအညီ ရှိခဲ့သည်။ ယခုမူ သူတို့၏ စွမ်းအားကို ဆုံးရှုံးထားပြီဖြစ်ရာ၊ ဤခြိမ်းခြောက်မှုကို တွန်းလှန်ရန် မည်သည့်နည်းလမ်းမျှ မရှိတော့ပေ။
"နောက်ဆုတ်! အစီအရင်ရဲ့ နယ်ပယ်ထဲကနေ ထွက်သွားကြ!"
အာရုံကြောများကို တည်ငြိမ်စေရန် အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် လီလော့က ပြတ်သားစွာ အော်ပြောလိုက်သည်။
ထိုအော်ဟစ်သံက သူတို့၏ နောက်တွင် ရပ်နေသော တံခွန်အဖွဲ့ဝင်များ၏ နားထဲသို့လည်း ရောက်ရှိသွားသည်။ အကြောက်တရားကို ခံစားနေရပြီဖြစ်သောကြောင့် သူတို့သည် စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ အလျင်စလို ထွက်ပြေးကြသည်။
ပေါင်းစည်းစွမ်းအင်ကို အသက်သွင်းပြီး မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက် အစီအရင်၏ နယ်ပယ်ထဲမှ ထွက်သွားရန်မှာ သူတို့အတွက် အလွန်အရေးကြီးသည်။ လီလော့နှင့် အခြားသုံးဦးတို့သည်လည်း အလျင်အမြန် နောက်ဆုတ်သွားကြသည်။
တစ်ချိန်တည်းမှာပင်၊ သူတို့၏ မျက်လုံးများက ပတ်ဝန်းကျင်ကို စစ်ဆေးအကဲခတ်နေပြ သတိဝီရိယကြီးစွာ ရှိနေကြသည်။ အစောပိုင်းက ရှိသည့်သောနယ်မြေများတွင် ပျောက်ဆုံးသွားသော အစစ်အမှန်နတ်ဆိုး နှစ်ကောင် ရှိခဲ့သည်။ ယခု လူ့အရေပြား အစစ်အမှန်နတ်ဆိုး ပေါ်လာပြီဖြစ်ရာ၊ အခြားအစစ်အမှန်နတ်ဆိုးသည်လည်း အရိပ်များထဲတွင် ပုန်းအောင်းနေနိုင်ပေသည်။
တစ်ချိန်တည်းမှာပင်၊ ဒုတိယ အစစ်အမှန်နတ်ဆိုးနှင့် ပတ်သက်သည့် အချက်အလက်များ လီလော့၏ စိတ်ထဲတွင် ဖြတ်ခနဲပေါ်လာခဲ့သည်။
မျက်လုံးနီ အစစ်အမှန်နတ်ဆိုး….
၎င်းတွင် အနီရင့်ရောင် မျက်လုံးများရှိပြီး လူများ၏ မျက်လုံးအိမ်များကို စားသုံးရသည်ကို နှစ်သက်သည်။
သူတို့လေးယောက် အလျင်အမြန် နောက်ဆုတ်သွားကြသည့် အခိုက်အတန့်တွင် နှစ်ဖက်စလုံး အသက်လုပြေးနေရသဖြင့် အလုပ်များနေကြသည်။ သူတို့ အချင်းချင်း အာရုံစိုက်ရန် အချိန်မရှိကြပေ။ မည်သို့ပင်ဆိုစေ၊ သူတို့ တကယ်တမ်း ကြောက်ရွံ့နေသည်မှာ ထူးဆန်းပြီး ဆန်းကြယ်သော ကမ္ဘာခြားသက်ရှိများ ပင်ဖြစ်သည်။ သူတို့၏ ပေါင်းစည်းစွမ်းအင်ကို မကြာမီ ပြန်လည်မရရှိပါက၊ သောင်းနှင့်ချီသော အသက်များ ဆုံးရှုံးရပေလိမ့်မည်။
ဝှစ်!
လီလော့နှင့် ကျန်သူများ အလျင်အမြန် နောက်ဆုတ်နေစဉ်မှာပင်၊ သူတို့၏ အထက်ကောင်းကင်ယံတွင် အနက်ရောင်လူရိပ်တစ်ခု ပျံသန်းသွားသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ ၎င်းသည် အနီရောင်အလင်းဟု ထင်ရသောအရာဖြင့် ဖုံးလွှမ်းထားသော မြေပြင်ကို ဖြတ်ကျော်ပျံသန်းသွားသည်။
ခေါင်းဆောင်လေးယောက်စလုံး ထိုအရာကို မျက်မှောင်ကြုတ်၍လှည့်ကြည့်လိုက်ကြသည်။ ထိုစဉ် ထူးဆန်းသော ပုံရိပ်တစ်ခုက အရှေ့ရှိ သစ်ပင်ကြီးတစ်ပင်၏ ထိပ်တွင် ဆင်းသက်လာသည်။ ၎င်းသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် နူးညံ့ပြီး နွေးထွေးသော အပြုံးတစ်ခု ရှိနေသည်။ သို့သော်လည်း၊ ၎င်း၏ မျက်လုံးများတွင် သူငယ်အိမ် မရှိပေ။ ယင်းအစား၊ ကြောက်မက်ဖွယ်ကောင်းသော တောက်ပသည့် အနီရောင်အလင်းကို မြင်တွေ့နိုင်သည်။
မျက်လုံးနီ အစစ်အမှန်နတ်ဆိုး!
မျက်လုံးနီ အစစ်အမှန်နတ်ဆိုးက လီလော့နှင့် အခြားသုံးဦးထံသို့ တိုက်ရိုက် မလာခဲ့ပေ။ ယင်းအစား၊ ၎င်းသည် အနည်းငယ် ပိုဝေးသော နေရာတွင်ရှိနေသည့် တံခွန်လေးခုမှ အဖွဲ့ဝင်များကို စတင်အမဲလိုက်လေတော့သည်။
တံခွန်လေးခုမှ တံခွန်အဖွဲ့ဝင် အရေအတွက် အလွန်များပြားသော်လည်း၊ မျက်လုံးနီ အစစ်အမှန်နတ်ဆိုးသာ သူတို့အနီးသို့ ရောက်သွားသည်နှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲတစ်ခု ဖြစ်သွားမည်မှာ သေချာသည်။
ကံမကောင်းစွာဖြင့်၊ မျက်လုံးနီ အစစ်အမှန်နတ်ဆိုးက တစ္ဆေတစ်ကောင်ကဲ့သို့ မြန်ဆန်လှသည်။ လျှပ်တစ်ပြက်အတွင်း၊ တံခွန်လေးခု၏ အထက်ကောင်းကင်ယံတွင် ပေါ်လာပြီး သွေးကဲ့သို့ နီရဲသော အလင်းတန်းများက ၎င်း၏ မျက်လုံးများထဲတွင် စုစည်းလာပြီး လေဆာရောင်ခြည်များကဲ့သို့ ပစ်လွှတ်နေသည်။
သွေးအလင်းတန်းများက လေထုကို ထိုးဖောက်သွားပြီး လေနှင့်အတူ ကခုန်ကာ အောက်ဘက်ရှိ တံခွန်အဖွဲ့ဝင် အများအပြားကို ဆုတ်ဖြဲသွားခဲ့သည်။
တိုက်ဆိုင်စွာပင်၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ဝင်များက ၎င်းထဲတွင် ပထမဆုံး ဖမ်းမိခံရသူများ ဖြစ်သွားသည်။
နီးကပ်လာသော သွေးအလင်းတန်းကို ကြောက်ရွံ့စွာ ကြည့်နေစဉ် ကျောက်ယန်ကျီ၊ မုဘီ နှင့် လီရှီတို့၏ မျက်နှာများ ဖြူရော်သွားကြသည်။ သူတို့သည် တိုက်ခိုက်မှုများဖြင့် ၎င်းကို ပြန်လည်တွန်းလှန်ရန် ကြိုးစားကြသော်လည်း၊ သူတို့၏ သေးနုပ်သော ပဲ့တင်သံစွမ်းအင် ပါဝင်သည့် တိုက်ခိုက်မှုများမှာ သွေးအလင်းတန်းကြောင့် ချက်ချင်း ပြိုကွဲသွားသည်။
"အား!"
အစိမ်းရောင်နယ်သာတံခွန်မှ အချို့သော အဖွဲ့ဝင်များ ကြောက်လန့်တကြား လဲကျသွားပြီး မျှော်လင့်ချက်မဲ့စွာ အော်ဟစ်နေကြ၏ယ
"ရပ်လိုက်စမ်း၊ ခွေးကောင်!"
လီဖုန်းယီက အနောက်ဘက်မှနေ၍ မျက်လုံးများ နီရဲလာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော်လည်း မျက်လုံးနီ အစစ်အမှန်နတ်ဆိုးက သူမကို လုံးဝ အာရုံမစိုက်ပေ။ သွေးအလင်းတန်း ကျဆင်းလာသောအခါ၊ ၎င်း ဖြတ်သန်းသွားတိုင်း ရေတွက်၍မရနိုင်သော ခေါင်းများ လိမ်ချိုးခံရပြီး သူတို့၏ မျက်လုံးများ ထုတ်ယူခံလိုက်ရသည်။ ဤသွေးထွက်သံယို မြင်ကွင်း ဖြစ်ပွားလာသည်ကို ကြည့်ရင်း ကျောက်ကျင့်ယွီနှင့် ကျန်သူများမှာ အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့မှုတို့ကြောင့် တုန်ယင်နေကြသည်။
ဘန်း!
ရုတ်တရက်ဆိုသလို လေထုထဲမှ မိုးကြိုးသွားတစ်ခု အော်မြည်လျက် ဖြတ်သန်းသွားသည်။ ၎င်း၏အထဲတွင် မှေးမှိန်သော နဂါးစွယ်တစ်ခုကို မြင်တွေ့နိုင်သည်။ ထိုအရာက သာမန်မျက်စိဖြင့် မလိုက်နိုင်သော အမြန်နှုန်းဖြင့် ရွေ့လျားသွားကာ၊ မိုးကြိုးသွားက လေထုကို ခွဲထွက်သွားပြီး သွေးအလင်းတန်းနှင့် တိုက်ရိုက် ဝင်တိုက်သွားသည်။
မိုးကြိုးသွား ပေါက်ကွဲသွားသောအခါ လေထဲတွင် မိုးချုန်းသံတစ်ခု ပဲ့တင်ထပ်သွားသည်။ တိုက်မိမှုမှ ထွက်ပေါ်လာသော ကြမ်းတမ်းသည့် စွမ်းအင်ကြောင့် ကျောက်ကျင့်ယွီနှင့် ကျန်သူများ လွင့်စင်သွားကြသည်။ သို့သော်လည်း၊ သူတို့သည် မြေပြင်ပေါ်တွင် လိမ့်သွားသော်လည်း ဤအရာကို ဂရုမစိုက်ကြပေ။
ယင်းအစား၊ သူတို့၏ ခေါင်းများ ရှိနေသေးကြောင်း သေချာစေရန် ကိုယ်ပိုင် လည်ပင်းများကို အလျင်စလို စမ်းသပ်ကြည့်လိုက်ပြီးမှ သက်ပြင်းချလိုက်ကြသည်။
နောက်တစ်ခဏတွင် သူတို့ အံ့အားသင့်စွာ မော့ကြည့်လိုက်ကြသည်။ သွေးအလင်းတန်းကို လုံးဝ မချိုးဖျက်မီ သူတို့၏ အထက်လေထုထဲတွင် မိုးကြိုးများ ဒေါသတကြီး လှုပ်ရှားနေသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ပေါင်းစည်းစွမ်းအင် ပိတ်ဆို့ခံထားသဖြင့် သူတို့ အတော်လေး အားနည်းနေကြသည်။ အစစ်အမှန်နတ်ဆိုးထံမှ တိုက်ခိုက်မှုကို ဘယ်သူကများ ပစ်ခတ်ပြီး ပြန်လည်တွန်းလှန်လိုက်နိုင်သနည်း။
အမှန်တော့ သူတို့တင်မကပေ။ လီဖုန်းယီ၊ လီကျင်းထောင် နှင့် တျန့်ဖုန်းရှန်တို့လည်း မှင်သက်သွားကြသည်။
နောက်တစ်ခဏတွင် သူတို့ ခေါင်းလှည့်ကြည့်လိုက်တော့ သူတို့ထက် တစ်လှမ်းအနောက်သို့ ရောက်နေသော လီလော့ကို မြင်လိုက်ရသည်။
သူ့လက်ထဲတွင် ကြီးမားသော ငွေရောင်လေးတစ်လက် ရှိနေပြီး၊ တိုက်ခိုက်မှု၏ နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် လေးကြိုးမှာ တုန်ခါနေဆဲဖြစ်သည်။ ကြမ်းတမ်းသော မိုးကြိုးစွမ်းအင် အငွေ့အသက်များ ၎င်းအပေါ်တွင် ကျန်ရစ်နေသည်။ ထင်ရှားသည်မှာ၊ ဤနေရာက ထိတ်လန့်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအင် စတင်ထွက်ပေါ်လာရာ နေရာပင်ဖြစ်သည်။
ထိုအခါ သူတို့သုံးဦး၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပေါ်လာသည်။
ပေါင်းစည်းစွမ်းအင်ကို ကန့်သတ်ထားပြီးနောက် လီလော့က ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားမျိုးရှိတဲ့ တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခဲ့တာလဲ…
"မြန်မြန် သွားကြ!"
လီလော့က သူတို့၏ အံ့အားသင့်နေသော အကြည့်များကို ဂရုမစိုက်ပေ။ ကျောက်ယန်ကျီနှင့် အခြားတံခွန် အဖွဲ့ဝင်များကို သူက တင်းမာစွာ အော်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သိမ်းငှက်မျက်လုံးလေးဖြင့် မျက်လုံးနီ အစစ်အမှန်နတ်ဆိုးကို ပစ်မှတ်လော့ခ်ချလိုက်လေသည်။ ကြီးမားသော ပဲ့တင်သံစွမ်းအင်များ ထွက်ပေါ်လာပြီး စီးဆင်းနေသောမိုးကြိုးနဂါးစွယ်၏ နောက်ထပ် မြှားတစ်စင်းက လေးထဲတွင် ပေါ်လာသည်။
ဤသည်က အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို အပြည့်အဝ ငှားရမ်းရန် သူက ဦးဆောင်လုပ်ဆောင်လိုက်ခြင်းပင်။
လီလော့၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသောအခါ မျက်လုံးနီ အစစ်အမှန်နတ်ဆိုးက ချက်ချင်း ရပ်တန့်သွားသည်။ လီလော့၏ လေးထံမှ ထွက်ပေါ်လာသော အန္တရာယ်ရှိသည့် ခံစားချက်ကို ၎င်း ခံစားနိုင်လိုက်သည်။ မှောင်မိုက်သော သွေးအလင်းတန်းများက ၎င်း၏ သူငယ်အိမ်များတွင် လှည့်ပတ်နေစဉ် အနီရင့်ရောင်မျက်လုံးများက လီလော့ထံသို့ တဖြည်းဖြည်း လှည့်လာသည်။
ဘန်း! ဘန်း!
လီလော့အဖို့ ထိုသတ္တဝါနှင့်ယဉ်ကျေးနေရန် မလိုပေ။ လေးကြိုး တုန်ခါသွားပြီး စီးဆင်းနေသောမိုးကြိုးနဂါးစွယ် အများအပြား တစ်ပြိုင်နက် ပေါ်လာကာ မိုးကြိုးသွားများ လေထုကို ထိုးဖောက်သွားစဉ် စူးရှပြီး တူးခြစ်နေသော အနံ့တစ်ခုကို ချန်ရစ်ကာ မျက်လုံးနီ အစစ်အမှန်နတ်ဆိုးထံသို့ တိုက်ရိုက် ပျံသန်သွားသည့်အခါ သူတို့၏ အနောက်တွင် ပေါက်ကွဲသံများ မြည်ဟည်းသွားသည်။
သို့သော်လည်း၊ မျက်လုံးနီ အစစ်အမှန်နတ်ဆိုးက သွေးအလင်းတန်းများကို စဉ်ဆက်မပြတ် ပစ်ထုတ်ကာ မိုးကြိုးတိုက်ခိုက်မှုများကို ကာကွယ်လိုက်သည်။
ကံကောင်းစွာဖြင့်၊ လီလော့၏ အဆုံးမရှိသော ပစ်ခတ်မှုများက ၎င်းကို အလုပ်ရှုပ်သွားစေစဉ်အတွင်း တံခွန်လေးခုက ၎င်း၏ တိုက်ခိုက်မှုအကွာအဝေးမှ လွတ်မြောက်နိုင်ခဲ့ကြသည်။
သက်ပြင်းတစ်ချက်ချလိုက်ရင်း သူတို့အားလုံး လီလော့ကို ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ လီလော့၏ တိုက်ခိုက်မှုသာ မရှိလျှင် သူတို့အားလုံး သေဆုံး (သို့) ပြင်းထန်စွာ ဒဏ်ရာရသွားကြမည်ဖြစ်သည်။
အဝေးတစ်နေရာတွင်….
ကျောက်ကောင်းကင်ဧကရာဇ်ကလန်၏ တပ်ခွဲလေးခုထံမှ စူးရှသော အော်ဟစ်သံများကို သူတို့ ကြားနေရဆဲဖြစ်သည်။ ယင်းက သူတို့၏ ကျောရိုးတစ်လျှောက် ဆက်လက်၍ ကြက်သီးထစေသည်။
ပေါင်းစည်းစွမ်းအင် မရှိလျှင်၊ ဤအစစ်အမှန်နတ်ဆိုးများ၏ မျက်လုံးထဲတွင် သူတို့သည် ပုရွက်ဆိတ်လေးများကဲ့သို့သာ ဖြစ်နေသည်။ ဤအခြေအနေက အချိန်ကြာမြင့်စွာ မသွားခဲ့ခြင်းက ကံကောင်းသည်ဟု ဆိုရမည်။
ရုတ်တရက် အစီအရင်၏ အလင်းအလွှာများ အပိုင်းပိုင်းအစစ ကွဲအက်သွားသည်။ နောက်ဆုံးတွင် ကျောက်ကျင်းယွီက အစီအရင်ကို ပိတ်ပစ်လိုက်ပြီဖြစ်သည်။ ကံမကောင်းစွာဖြင့်၊ သူတို့ဘက်တွင် သွေးချောင်း စီးဆင်းနေပြီဖြစ်သည်။ ဤသည်က တကယ်ကို သနားစရာကောင်းသော မြင်ကွင်းပင်။
ကျောက်ကျင်းယွီ အစီအရင်၏ အနှောင့်အယှက်က အမှန်တကယ်ပင် သူ့အတွက် ကိုယ်အတတ်ကိုယ်စူးသလိုဖြစ်သွားခဲ့သည်။
သို့သော်လည်း၊ မည်သူကမျှ သူတို့ကို စာနာပေးရန် အချိန်မရှိကြပေ။ အစီအရင်၏ သက်ရောက်မှုများ ကုန်ဆုံးသွားသောအခါ တောအုပ်ထဲတွင် ဒေါသတကြီး အော်ဟစ်သံများစွာ ထွက်ပေါ်လာသည်။
"ပေါင်းစည်းစွမ်းအင်!"