← Chapters

စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်မှုများ

Vol. 63 Ch. 873

စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်မှုများ

Vol. 63 Ch. 873

 

ဘန်း!

ရေတွက်မရနိုင်သော ပေါင်းစည်းစွမ်းအင်မန္တန်ရွတ်ဆိုသံများ လေထုထဲတွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ၊ အလွန်အားကောင်းသော ပဲ့တင်သံစွမ်းအင် လှိုင်းလုံးများက တောအုပ်အတွင်း၌ ကြမ်းတမ်းသော မုန်တိုင်းတစ်ခုကဲ့သို့ လှိုင်းလုံးများအသွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ကျောက်ကျင်းယွီ၏ဘက်တွင်လည်း၊ သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေသော လူ့အရေပြား အစစ်အမှန်နတ်ဆိုးမှာ ခြေလှမ်းများ ရပ်တန့်သွားသည်။အဘယ့်ကြောင့်ဆိုသော် ဒေါသနှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ အပြည့်ပါဝင်နေသည့် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးလေးခု ပေါ်ထွက်လာသောကြောင့်ပင်။

လူ့အရေပြား အစစ်အမှန်နတ်ဆိုးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ ၎င်း၏ ခန္ဓာကိုယ်မှ ဖြူဖျော့ဖျော့ လူ့အရေပြားအပိုင်းအစများ အကြိမ်ကြိမ် ကွာကျသွားပြီး ထူးဆန်းသော အနက်ရောင်မှော်အက္ခရာသင်္ကေတများက ၎င်းတို့ပတ်လည်တွင် စီးဆင်းနေသည်။

ဤအားဖြည့်မှုဖြင့်၊ လူ့အရေပြားများက ကြီးမားလှသော စွမ်းအားကို ပိုင်ဆိုင်သွားကြသည်။ ၎င်းတို့သည် တစ်ခုပြီးတစ်ခု ကွဲထွက်သွားပြီး ပေါင်းစည်းစွမ်းအင် အခြေအနေတွင်ရှိနေသော ကျောက်ကျင်းယွီနှင့်တပ်ခွဲမှူးများထံမှ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

မည်သို့ပင်ဆိုစေ၊ ယင်းသို့ပြုလုပ်ရန် ကြီးမားသော ပေးဆပ်မှုတစ်ခုကို ပြုလုပ်ခဲ့ရသည်။ လူ့အရေပြားများလည်း အပိုင်းပိုင်းအစစ ပြိုကွဲသွားပြီး အသုံးပြုခံလိုက်ရသည်။

ယင်းနှင့်အတူ၊ လူ့အရေပြား အစစ်အမှန်နတ်ဆိုးက အခြေအနေ ပြောင်းလဲသွားမှုကို နားလည်သွားပြီး ထွက်ပြေးရန် ကြိုးစားလေသည်။

"သေစမ်း!"

ကျောက်ကျင်းယွီက ၎င်းကို လွှတ်ပေးမည့် ရည်ရွယ်ချက် လုံးဝမရှိဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။သူတို့ဘက်၌ လူ့အရေပြား အစစ်အမှန်နတ်ဆိုး၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ တပ်ခွဲဝင်အများအပြားမှာ အရေပြားများ မရှိတော့ဘဲ နာကျင်မှုများဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေဆဲဖြစ်သည်။

"မြို့စားအဆင့် ကျင့်စဉ်….မဟာကျားတံဆိပ်တော် !"

ကျောက်ကျင်းယွီက မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ မြို့စားအဆင့် ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ထိုအခါ လေထဲတွင် ဧရာမ အနက်ရောင် ကျားလက်သည်းကြီးတစ်ခု ပေါ်လာပြီး လူ့အရေပြား အစစ်အမှန်နတ်ဆိုးထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။

တစ်ချိန်တည်းမှာပင်၊ တပ်ခွဲမှူးသုံးယောက်ကလည်း အလားတူပင် ဒေါသတကြီးဖြင့် သူတို့၏ တိုက်ခိုက်မှုများကို စတင်လိုက်ကြသည့်အတွက် ကြီးမားသော စွမ်းအင်များ ထွက်ပေါ်လာပြီး လူ့အရေပြား အစစ်အမှန်နတ်ဆိုးထံသို့ ပြင်းထန်စွာ ထိုးစိုက်သွားသည်။

ဝုန်း!

စွမ်းအင်ပေါက်ကွဲမှု၏ ကြီးမားလှသော တုန်ခါမှုလှိုင်းများအောက်တွင် တောအုပ်တစ်ခုလုံး စတင်တုန်ခါသွားခဲ့သည်။

ကျောက်ကျင်းယွီနှင့် သူ့တပ်ခွဲက လူ့အရေပြား အစစ်အမှန်နတ်ဆိုးကို တိုက်ခိုက်နေစဉ်၊ လီလော့နှင့် အခြားသုံးဦးကလည်း မျက်လုံးနီ အစစ်အမှန်နတ်ဆိုးကို အတူတကွ ရင်ဆိုင်တိုက်ခိုက်နေကြသည်။

သူတို့လေးဦးစလုံး ပေါင်းစည်းစွမ်းအင်ကို အသက်သွင်းလိုက်ပြီး မျက်လုံးနီ အစစ်အမှန်နတ်ဆိုး၏ လွတ်မြောက်ရာလမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့လိုက်သည်။ နောက်တစ်ခဏတွင် ပြင်းထန်ပြီး ရက်စက်သော တိုက်ခိုက်မှုများ ရန်သူထံသို့ အရိုင်းအစိုင်းဆန်စွာ ပျံသန်းသွားလေသည်။

မျက်လုံးနီ အစစ်အမှန်နတ်ဆိုးကလည်း သူတို့လေးဦး၏ ဒေါသတကြီး ဗုံးကြဲတိုက်ခိုက်မှုများကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော သွေးအလင်းတန်း ရောင်ခြည်များ စဉ်ဆက်မပြတ် ပစ်ထွက်လာသည်။ သို့သော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏စွမ်းအားမှာ စတင်အားနည်းလာသည်။ အဆုံးတွင်၊ ၎င်းသည် ပေါင်းစပ်တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ပေါက်ကွဲအားပြင်းသည့် စွမ်းအင်များကြောင့် လုံးဝ လွှမ်းမိုးခံလိုက်ရတော့သည်။

တံခွန်လေးခုမှ အဖွဲ့ဝင်များက မျက်လုံးနီ အစစ်အမှန်နတ်ဆိုး သူတို့ရှေ့တွင် သေဆုံးသွားသည်ကို မြင်သောအခါ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။ ဤအချိန်ရောက်မှသာ သူတို့ရင်ထဲက အကြောက်တရားများ လျော့ကျသွားလေသည်။

သိသာထင်ရှားစွာပင်၊ သူတို့ ယခုလေးတင် မြင်တွေ့ခဲ့ရသော ကြောက်မက်ဖွယ် မြင်ကွင်းများက တကယ်ကို ပြင်းထန်စွာ ထိတ်လန့်သွားစေခဲ့သည်။ ပေါင်းစည်းစွမ်းအင်၏ အကူအညီမပါဘဲ အစစ်အမှန်နတ်ဆိုးတကောင်၏ ရှေ့တွင် သူတို့ လုံးဝ အကူအညီမဲ့နေခဲ့ကြသည်။

လီဖုန်းယီ၊ လီကျင်းထောင်နှင့် တျန့်ဖုန်းရှန်တို့၏ နှလုံးသားများ ထူးခြားစွာ မြန်ဆန်စွာ ခုန်နေကြသည်။ သူတို့ဘက်တွင် ကြီးမားသော အသေအပျောက်များ မရှိခဲ့သည်မှာ ကံကောင်းခြင်းပင်ဖြစ်သည်။ ထိုသို့မဟုတ်ပါက၊ သူတို့ ပြန်ရောက်သောအခါ သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ တံခွန်အဖွဲ့ဝင်များကို စောင့်ရှောက်ရန်မှာ တံခွန်ကိုင်များဖြစ်ကြသည် သူတို့၏ တာဝန်ပင်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ညီလေးသုံး… ဒီနေ့ မင်းရဲ့ ကြိုးစားအားထုတ်မှုတွေက ငါတို့ကို ကယ်တင်ပေးခဲ့တာပဲ" ဟု လီကျင်းထောင်က နဖူးပေါ်က ချွေးအေးများကို သုတ်ကာ ပြောလိုက်သည်။

လီဖုန်းယီကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်သည်။ လီလော့သည် အစောပိုင်းက အရေးကြီးသော အချိန်တွင် မျက်လုံးနီ အစစ်အမှန်နတ်ဆိုးကို တားဆီးခဲ့ပြီး၊ အစီအရင်၏ သက်ရောက်မှုများ ပျောက်ကွယ်သွားသည်အထိ အချိန်အလုံအလောက် ရရှိအောင် သူတို့ကို ကူညီပေးခဲ့သည်။ ထိုသို့မဟုတ်ပါက၊ သူတို့၏ တံခွန်လေးခုစလုံး သေချာပေါက် သတ်ဖြတ်ခံရမည်ဖြစ်ပြီး ကျောက်ကျင်းယွီတို့လို သနားစရာအခြေအနေမျိုးတွင် ကျန်ရစ်နေခဲ့မည်ဖြစ်သည်။

ဒီတစ်ကြိမ်တွင်မူ အနည်းငယ် မာနကြီးသော တျန့်ဖုန်းရှန် ကပင် လက်သီးဆုပ်ကာ လီလော့ကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

လီလော့က ခေါင်းယမ်း၍…

"ဒါက ငါ လုပ်ရမယ့်အလုပ်ပါ။ ဘာပဲဖြစ်ဖြစ် ငါတို့က ကလန် တစ်ခုတည်းကပဲလေ…."

ဤတစ်ကြိမ်တွင် သူ တကယ်ကို ကံကောင်းသည်ဟု ခံစားနေရသည်။ 'အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ'ဟူသည့် ဝှက်ဖဲတစ်ခု ရှိနေခြင်းက တကယ်ကို ကံကောင်းခြင်းပင်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူလည်း အချိန်မီ ကူညီပေးနိုင်ခဲ့မည် မဟုတ်ပေ။

"မောင်လေး…စောစောက အစစ်အမှန်နတ်ဆိုးကို တိုက်ခိုက်ဖို့ ဘယ်လိုလုပ်ပြီး စွမ်းအားတွေ ရုတ်တရက် ထွက်လာတာလဲ? နင် ပေါင်းစည်းစွမ်းအင် အခြေအနေမှာ မရှိသေးဘူးလေ၊ ဟုတ်တယ်မလား?"

လီဖုန်းယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ထိုအမေးကို ကြားသောအခါ လီလော့က ပြုံးလိုက်ပြီး….

"အဲဒါက တကယ်တော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်စွမ်းအား မဟုတ်ပါဘူး။အဲဒါက အထူး ပြင်ပအကူအညီ တစ်မျိုးပါ။"

သူတို့သုံးယောက်စလုံး ဤစကားကို ကြားသောအခါ အံ့အားသင့်သွားကြသည်။ သို့သော် သူတို့ ဆက်မမေးကြတော့ပေ။ ၎င်းမှာ နောက်ဆုံးတွင် လီလော့၏ ဖုံးကွယ်ထားသော ဝှက်ဖဲတစ်ခုဖြစ်ရာ၊ သူတို့ ဆက်လက်မေးမြန်းနေရန် မလိုအပ်တော့ပေ။

နောက်တစ်ခဏတွင် လီလော့က စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။

"အဲဒီ အစစ်အမှန်နတ်ဆိုး နှစ်ကောင်က ငါတို့နောက်ကနေ ကြက်သွေးရောင်မီးတောင်တန်းထဲအထိ လိုက်လာမယ်လို့ ဘယ်သူထင်မှာလဲ…တကယ်ကို ထူးဆန်းတာပဲ…”

ကျန်သုံးယောက်ကလည်း လေးနက်စွာ ခေါင်းညိတ်ကြသည်။ ဤဆက်တိုက်ဖြစ်ရပ်များတွင် တစ်ခုခု ထူးဆန်းနေသည်မှာ ထင်ရှားသည်။ ပုံမှန်အခြေအနေများအောက်တွင်၊ အစစ်အမှန်နတ်ဆိုးများသည် ဤကဲ့သို့ ညစ်ညမ်းသောလေထု မရှိသလောက်နည်းပါးသည့် ဒေသတစ်ခုသို့ လာရောက်လေ့ မရှိပေ။ သို့သော်လည်း ယနေ့တွင် ၎င်းတို့ထဲမှ နှစ်ကောင်က ဤနေရာတွင် ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။

ထို့အပြင်၊ သူတို့သည် မှောင်မိုက်ထဲတွင် လျှို့ဝှက်စွာ ပုန်းအောင်းနေခဲ့ကြပြီး၊ ကျောက်ကျင်းယွီက အစီအရင်ကို အသက်သွင်းကာ ပေါင်းစည်းစွမ်းအင်ကို ဖျက်သိမ်းလိုက်မည့်အချိန်ကို စောင့်ဆိုင်းပြီးမှ သတ်ဖြတ်ရန် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။

"ကံကောင်းလို့၊ ငါတို့ သူတို့ကို ရှင်းပစ်နိုင်ခဲ့တယ်" ဟု လီဖုန်းယီက သက်ပြင်းချကာ ပြောလိုက်သည်။

"သန္ဓေသား သစ်သီးကို ယူပြီး ဒီနေရာကနေ အမြန်ထွက်သွားကြရအောင်။ ဒီအမှောင်နယ်မြေက ငါ့ကိ စိတ်မသက်မသာ ဖြစ်စေတယ်"

သူမအဖို့ အမှောင်နယ်မြေထဲသို့ လာရောက်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း၊ ဤတစ်ကြိမ်သာ သူမကို ဤမျှလောက် အနှောင့်အယှက်ဖြစ်စေခဲ့ခြင်းဖြစ်သည်။

ဤအချိန်တွင်၊ ကျောက်ကျင်းယွီ၏ ဘက်သို့ လှမ်းကြည့်လိုက်တော့ လူ့အရေပြား အစစ်အမှန်နတ်ဆိုးလည်း သတ်ဖြတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သက်ပြင်းမချနိုင်သေးပေ။ ထိုအစား၊ မျက်နှာထား ပို၍ လေးနက်သွားသည်။

"ညီလေးသုံး၊ ဘာတွေ စိတ်ပူနေတာလဲ?”

လီလော့၏မျက်နှာအရိပ်အကဲပြောင်းလဲမှုကို သတိပြုမိသောအခါ လီကျင်းထောင်က မေးလိုက်သည်။

လီလော့က ခေတ္တမျှ စဉ်းစားပြီးနောက်….

"အစစ်အမှန်နတ်ဆိုး နှစ်ကောင်ကို သတ်ပစ်လိုက်ပြီဆိုပေမယ့်၊ ကျွန်တော် အရင်က ပြောခဲ့ဖူးတဲ့ ပဟေဠိဆန်တဲ့ အစစ်အမှန်နတ်ဆိုးကို အစ်ကိုတို့ မှတ်မိသေးလား... 'ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး'လေ… ဒီအစစ်အမှန်နတ်ဆိုး နှစ်ကောင်က အဲဒီ ပဟေဠိဆန်တဲ့ အစစ်အမှန်နတ်ဆိုးကြောင့် တောင်တန်းထဲကို ဝင်လာတာများ ဖြစ်နိုင်မလား…”

ထိုသုံးသပ်ချက်ကို ကြားသောအခါ လီဖုန်းယီနှင့် တျန့်ဖုန်းရှန်တို့၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ အမှန်ပင် သူတို့သည် ပဟေဠိဆန်သော အစစ်အမှန်နတ်ဆိုးအကြောင်းကို မေ့နေခဲ့ကြသည်။

"ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက တကယ်ပဲ ရှိတာလား? ဘာပဲဖြစ်ဖြစ် အနောက်ဘက်ဒေသက မြို့စားအဆင့်တွေကို အချိန်မှန် နယ်မြေစူးစမ်းဖို့ စေလွှတ်လေ့ရှိပြီး သူတို့က အဲဒီအစစ်အမှန်နတ်ဆိုးကို တစ်ခါမှ သတိမထားမိခဲ့ဘူးလေ" ဟု လီဖုန်းယီက အတင်းပြုံးလျက် ပြောလိုက်သည်။

ဤအခိုက်အတန့်တွင် လီလင်းကျင်း၏ မျက်နှာက လီလော့၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ သူလည်း အပြည့်အဝ မသေချာပေ။

မည်သို့ပင်ဆိုစေ သူသည် ဤပဟေဠိဆန်သော အစစ်အမှန်နတ်ဆိုးကို ယခုအချိန်အထိ မမြင်ဖူးသေးပေ။

လီလော့တို့ အချင်းချင်း ဆွေးနွေးနေကြစဉ်၊ ကျောက်ကျင်းယွီသည်လည်း တိုက်ပွဲကို အဆုံးသတ်လိုက်ပြီဖြစ်သည်။ သို့သော်လည်း သူ့ဘက်တွင် သွေးချောင်းစီးနေခဲ့သည်။ အရေပြားများ မရှိတော့ဘဲ သွေးထွက်နေသော တပ်ခွဲဝင်များ များလွန်းလှသည်။

အခြားတပ်ခွဲဝင်များက မနားတမ်း ကူညီပေးနေသော်လည်း၊ နာကျင်စွာ အော်ဟစ်သံများ လေထဲတွင် ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။

ကျောက်ကျင်းယွီသည် အကြောက်တရားကြောင့်လား၊ ဒေါသကြောင့်လား မသေချာဘဲ တစ်ကိုယ်လုံး တုန်ယင်နေသည်။ အဆုံးတွင်၊ သူသည် တဖက်လှည့်ကာ လီလော့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ငါ့ကို ဘာလို့ လာကြည့်နေတာလဲ? မင်းလုပ်ခဲ့တဲ့ အစီအရင်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့အရာသာ မရှိခဲ့ရင် ငါတို့ အစစ်အမှန်နတ်ဆိုး နှစ်ကောင်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံရမှာမဟုတ်ဘူး၊ အရူးကောင်ရဲ့" ဟု လီလော့က တည်ငြိမ်စွာ ပြောပက်လိုက်သည်။

ကျောက်ကျင်းယွီက နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း….

"လီလော့၊ မင်းက မိစ္ဆာပဲ! အဲဒီ အစစ်အမှန်နတ်ဆိုးတွေကို မင်း ဆွဲဆောင်လာတာ ဖြစ်ရမယ်!"

အမှောင်နယ်မြေသို့ သူရောက်ရှိလာကတည်းက၊ လီလော့နှင့် နီးကပ်လာတိုင်း အန္တရာယ်ရှိသော အခြေအနေများကို ပိုမို ကြုံတွေ့ရကြောင်း သူ ခံစားသိရှိနိုင်ခဲ့သည်။ အမှန်တကယ်တော့ သူသည် အစစ်အမှန်နတ်ဆိုး နှစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ထို့နောက် ကြက်သွေးမီးတောက်တောင်တန်းသို့ ဝင်ရောက်ပြီးနောက် အဆိုပါနှစ်ကောင်၏ ချုံခိုတိုက်ခိုက်ခြင်းကို နောက်တစ်ကြိမ် ခံရပြန်သည်။ ၎င်းမှာ အတိတ်အတွေ့အကြုံများအရ လုံးဝ စိတ်ကူးမယဉ်နိုင်သော ဆက်တိုက်ဖြစ်ရပ်များဖြစ်သည်။

ထို့ကြောင့် ဤအရာသည် လီလော့နှင့် ဆက်စပ်နေရမည်ဟု ကျောက်ကျင်းယွီက ယူဆခဲ့သည်။

လီလော့က ….

"ဒီကနေ မြန်မြန် ထွက်သွားဖို့ မင်းကို ငါ အကြံပေးမယ်။ ငါတို့ကို လာမနှောင့်ယှက်နဲ့တော့"

ကျောက်ကျင်းယွီနှင့် သူ ဆက်ပြီး အငြင်းပွားမနေချင်တော့ပေ။ သူသည် သန္ဓေသား သစ်သီးကို တတ်နိုင်သမျှ အမြန်ဆုံး ရယူပြီး ဤထူးဆန်းသော နေရာမှ ထွက်သွားချင်ရုံသာဖြစ်သည်။

ထိုစကားကို ကြားသောအခါ ကျောက်ကျင်းယွီ ဒေါသထွက်သွားသည်။ သူသည် လီလော့ကို ဓားတလက်လိုထက်ရှသောအကြည့်များဖြင့် စိုက်ကြည့်နေပြီး သူ့ကိုယ်သူ ထိန်းထားနိုင်ရန်ပင် ခဲယဉ်းနေသည်။

သို့သော်လည်း၊ ထိုအခိုက်အတန့်တွင် တောအုပ် အတွင်းပိုင်းမှ သိမ်မွေ့သော ညည်းသံတစ်ခု ထွက်ပေါ်လာသည်။

"ဟင်း... ဟင်း... ဟင်း..."

၎င်းသည် မိန်းကလေးငယ်တစ်ဦး၏ အသံနှင့် တူသည်။ စာသားများကို ရှင်းလင်းစွာ မကြားရသော်လည်း အသံမှာ ချိုမြိန်ပြီး နားထောင်ကောင်းကာ တောအုပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်ပြီး ရှိနေသူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။ ဤသို့ရုတ်တရက် ဖြစ်ပေါ်လာမှုက လူတိုင်းကို မှင်သက်သွားစေသည်။

ညည်းသံလေးမှာ လှပသော်လည်း မည်သူကမျှ ၎င်းကို သဘောမကျနိုင်ကြပေ။ သူတို့အားလုံး၏ နှလုံးသားထဲတွင် ရှင်းပြ၍မရသော ထူးဆန်းသည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်ကို သူတို့ ခံစားမိကြသည်။

ဤသို့သော နေရာမျိုးတွင် မိန်းကလေးတစ်ယောက် ညည်းနေသံကို ကြားရခြင်းမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုပင်ဖြစ်သည်။

လီလော့တို့ကတော့ အခြားသူများထက် ပိုမို မျက်နှာပျက်သွားကြသည်။ သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားသည်။ ဤအသံက ပဟေဠိဆန်သော ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးထံမှ လာခြင်းများ ဖြစ်နိုင်မလား?!

သူတို့၏ နားလည်မှုအရ၊ ဤတောအုပ်ထဲတွင် အခြားမည်သူမျှ မရှိသင့်ပေ။

ဒီအသံက ဘယ်ကလာတာလဲ?

"အသင့်ပြင်ထားကြ!"

သူတို့လေးဦးက ပေါင်းစည်းစွမ်းအင်ကို အသက်သွင်းရင်း အော်ပြောလိုက်ကြသည်။

ညည်းသံမှာ ပို၍ ပို၍ ရှင်းလင်းလာသည်။

အချိန်အနည်းငယ် အကြာတွင်၊ ညည်းသံ ရပ်တန့်သွားသည်။ လူတိုင်း ၎င်းကို ခံစားမိလိုက်ပုံရပြီး သူတို့ ဘေးဘက်သို့ လှမ်းကြည့်လိုက်ကြတော့ ထူထပ်သော တောအုပ်၏ ဘယ်ဘက်ခြမ်းမှ ခြေသံဖွဖွလေးများ ထွက်ပေါ်လာသည်။

တဖြည်းဖြည်းနှင့် သွယ်လျသော လူရိပ်တစ်ခု ရှင်းလင်းလာပြီး နောက်ဆုံးတွင်၊ တောအုပ်၏ အရိပ်များထဲမှ လူတယောက် ထွက်ပေါ်လာသည်။

ထိုလူရိပ် ပေါ်လာသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

သူမသည် သန့်ရှင်းပြီး လှပသောမျက်နှာလေးရှိသည့် အသားဖြူဖြူ မိန်းကလေးတစ်ဦးဖြစ်သည်။ သူမ၏ ဆံပင်အရှည်များက လေထဲတွင် လွင့်ခါနေပြီး လက်နောက်ပစ်ထားကာ လူအုပ်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် အနည်းငယ် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် သူမ၏ ဖြူဖွေးသော သွားလေးများပေါ်အောင် ပြုံးပြလိုက်သည်။ သူမသည် ပွင့်နေသော ပန်းလေးတစ်ပွင့်ကဲ့သို့ လှပသူဖြစ်ပေသည်။

သို့သော်လည်း၊ လီလော့ကတော့ ထိုသေးငယ်ပြီး ဖြူဖျော့သော မျက်နှာလေးကို စိုက်ကြည့်ရင်း ခြေဖဝါးမှစ၍ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ အေးစိမ့်သွားသော ခံစားချက်တစ်ခု ပြေးတက်သွားသည်ကို ခံစားလိုက်ရသည်။

ထိုမျက်နှာက...

လီလင်းကျင်းနဲ့ အတိအကျ တူနေတာပဲ!

All Chapters