အခွင့်အရေးများမှ ဆုလာဘ်များ ရယူခြင်း
Vol. 63 Ch. 879
လီလော့ သူ့အရှေ့ရှိ မြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေစဉ်၊ လီလင်းကျင်း၏ အသံက အဝေးမှ ထွက်ပေါ်လာသည်။
"ဒါက မီးဝိညာဉ် မျောက်ဝံတွေရဲ့ အထွတ်အမြတ်ထားရာ မြေဆီလွင်ပြင်ပဲ… မျောက်ဘုရင်တစ်ပါး ပေါ်ထွန်းလာတိုင်း သူတို့ ဒီနေရာမှာ စုဝေးကြတယ်… မျောက်ဘုရင်က မမှည့်သေးတဲ့ သန္ဓေသား သစ်သီးကို ရေကန်ထဲ မထည့်ခင် ရေကန်ထဲက ရေကို တစ်ငုံ သောက်သုံးရတယ်…အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ၊ သစ်သီးအများစုက ရေကန်ထဲက ရေရဲ့ ဝါးမြိုတာကို ခံလိုက်ရတယ်။ ရွေးချယ်ခံရတဲ့ သစ်သီး အနည်းငယ်သာ မီးရေရဲ့ အကူအညီနဲ့ ပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားတာ။"
"တစ်ချိန်တည်းမှာပဲ၊ မျောက်ဘုရင် ပေါ်ထွန်းလာတိုင်း မျောက်အုပ်ကြီးက အောင်ပွဲခံကြပြီး မှည့်နေတဲ့ သစ်သီးတစ်လုံးကို သူတို့အချင်းချင်း ဝေမျှစားသုံးကြတယ်… ဒါက မီးဝိညာဉ် မျောက်ဝံတွေရဲ့ လျှို့ဝှက်စခန်းပဲ…. မီးဝိညာဉ် မျောက်ဘုရင်ကို ဖမ်းဆီးပြီး သူ့ရဲ့ အရိုးထဲအထိ စိမ့်ဝင်သွားအောင် အကြောက်တရား သွင်းပေးနိုင်မှသာ ဒီနေရာကို ရှာတွေ့နိုင်တာ… သူ တကယ်ကို ကြောက်လန့်သွားပြီး ထွက်ပြေးစရာ မြေမရှိတော့တဲ့အခါ ဒီကိုပဲ ထွက်ပြေးလာလိမ့်မယ်…."
ဤအရာက လီလော့ကို တကယ်ပဲ အံ့အားသင့် မှင်သက်သွားစေသည်။ အရာရာက တကယ်ကို ဆန်းကြယ်သော နည်းလမ်းများဖြင့် အလုပ်လုပ်နေကြသည်။ ဤမီးတောင်ကြီး၏ နက်ရှိုင်းသော အတွင်းပိုင်း၌ ဤမျှ အံ့မခန်းကောင်းမွန်သော နေရာတစ်ခု ရှိနေလိမ့်မည်ဟု ဘယ်သူက မျှော်လင့်ထားမည်နည်း? ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးထံမှ မပြည့်စုံသော မှတ်ဉာဏ်များကိုသာ လီလင်းကျင်း မရရှိခဲ့ပါက၊ သူတို့အနေနှင့် ဤကဲ့သို့သော လျှို့ဝှက်ချက်များကို ဘယ်သောအခါမျှ သိရှိနိုင်မည် မဟုတ်ပေ။
"ညှို့ငင်ဖမ်းစားနိုင်တဲ့ မီးရေကန်ကို မြေအောက်စမ်းရေနဲ့ မီးတောင်ကလာတဲ့ အနှစ်သာရတွေ ပေါင်းစပ်ပြီး ဖွဲ့စည်းထားတာ …ဒီကန်ထဲက ရေက လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန်မာစေတဲ့ မှော်ဆန်တဲ့ အာနိသင် ရှိတယ် … လက်ရှိမှာ မင်းရဲ့ ဖန်သားနတ်ဆိုးအဆင့်ကျင့်ကြံမှုက တစ်ဝက်ပဲ ပြီးပြည့်စုံသေးတယ်… မီးရေရဲ့ အကူအညီနဲ့ဆိုရင်၊ မင်း အဲဒါကို အပြည့်အဝ ပြီးပြည့်စုံအောင် လုပ်နိုင်ဖို့ အခွင့်အလမ်း အရမ်းများတယ်"
သူမ၏ စကားကို ကြားသောအခါ၊ လီလော့၏ မျက်လုံးထဲတွင် ပြင်းပြသော မီးတောက်တစ်ခု လင်းလက်လာသည်။ ၎င်းမှာ သူ လက်လွတ်မခံနိုင်သော အခွင့်အရေးတစ်ခုဖြစ်သည်။
"ဝမ်းကွဲမောင်လေး လီလော့…ဒါက ငါ့ရဲ့ တောင်းပန်မှုပါ… ဒီလောက်ဆို မင်း နည်းနည်း ပိုပြီး စိတ်သက်သာရာ ရသွားပြီလား?"
"ကိစ္စမရှိပါဘူး အစ်မ… ဒီလို အခွင့်အရေးမျိုး နောက်တစ်ကြိမ် ကြုံလာတဲ့အခါ ကျွန်တော့်ကို သတိရပေးသရွေ့၊ အစ်မ အချိန်မရွေး ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်လို့ရပါတယ်…"
လီလင်းကျင်းမှာ လီလော့၏အလွန် တိုက်ရိုက်ကျလွန်းသော တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။
"မင်း ကျေနပ်တယ်ဆိုရင်၊ အချိန်ရှိတုန်း ကြိုးစားလိုက်ပါ… မင်း ဒီမှာ ပြီးသွားတာနဲ့ ငါတို့ အမြန်ပြန်သွားဖို့ လိုလိမ့်မယ်…”
လီလော့က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး လျှပ်တစ်ပြက်အတွင်း ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန်၏ ဘေးဘက်သို့ ပျံသန်းသွားသည်။ထို့နောက် လက်ကိုဆန့်ထုတ်ကာ ရေကန်ပေါ်တွင် လွင့်မျောနေသော သစ်သီးနှစ်လုံးကို အလွယ်တကူ သိမ်းယူလိုက်ပြီး၊ အိတ်ဆောင်စက်လုံးထဲတွင် လုံခြုံစွာ သိမ်းဆည်းလိုက်သည်။
သစ်သီးများကို ရရှိသွားသဖြင့်၊ လီလော့ နောက်ဆုံးတွင် သက်ပြင်း ချနိုင်ခဲ့သည်။ တာဝန် ပြီးမြောက်သွားပြီဖြစ်ပြီး၊ ဦးလေးပေါင်၏ ပြဿနာကိုလည်း နောက်ဆုံးတွင် ဖြေရှင်းနိုင်တော့မည်ဖြစ်သည်။
နောက်တစ်ခဏတွင် သူ့ရဲ့ တောက်လောင်နေသော အကြည့်များင ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန်ဆီသို့ ရောက်ရှိသွားသည်။ အခြေအနေများကို ကြည့်ရသလောက်၊ ခန္ဓာကိုယ်အားကောင်းအောင် ကျင့်ကြံလိုလျှင် သူကိုယ်တိုင် ရေကန်ထဲသို့ ဝင်ရောက်ရန် လိုအပ်ပုံရသည်။
လီလော့က ခေတ္တမျှ စဉ်းစားပြီးနောက် လက်ကောက်ဝတ်ရှိ အနီရင့်ရောင် လက်ကောက်ကို ဖွဖွလေး ပုတ်လိုက်သည်။ ထို့နောက်၊ အဝတ်အစားများနှင့်အတူ လက်ကောက်ကိုပါ ချွတ်လိုက်ပြီး ရေကန်ဘေးတွင် ထားလိုက်သည်။ လီလင်းကျင်းကို စောင့်ကြည့်ပေးရန် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေကို သူက သတိပေးနေခြင်းဖြစ်သည်။
ယခုအချိန်အထိ သူမသည် ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ ပျက်စီးယိုယွင်းမှုစွမ်းအားအောက်တွင် ရှိနေပုံမပေါ်သော်လည်း၊ လီလော့ကတော့ သတိထားစောင့်ကြည့်မှုကို ထိန်းသိမ်းထားဆဲပင်။
မည်သို့ပင်ဆိုစေ၊ ဤဝမ်းကွဲအစ်မသည် ကောက်ကျစ်သူဖြစ်သည်။ သူ ကျင့်ကြံနေစဉ်အတွင်း သူ့အပေါ်သို့ ရုတ်တရက် တိုက်ခိုက်မှုတစ်ခု ဖြစ်လာပါက အသင့်ဖြစ်နေရန် လိုအပ်သည်။
လီလော့ လက်ကောက်ကို ချထားလိုက်သောအခါ၊ လီလင်းကျင်းအဖြစ် ပြောင်းလဲထားသော အနက်ရောင်ပိုးကောင်ကလည်း ၎င်းကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း၊ သူမ ဘာမှမပြောဘဲ အကွာအဝေးတစ်ခု ရရှိစေရန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရုံသာ လုပ်လိုက်သည်။
သူမက လီလော့ကို သူ မသိလိုက်ဘဲ အသုံးချခဲ့မိကြောင်း သူမကိုယ်တိုင်လည်း နားလည်ထားသည်။ ၎င်းမှာ သူမ၏ ရှင်သန်မှုအတွက် ဖြစ်သော်ငြားလည်း၊ ဤကြိုတင်ဖြစ်စဉ်ကို သူမ ဖန်တီးခဲ့ပြီးဖြစ်ရာ လီလော့အနေဖြင့် သူမကို အပြည့်အဝ ယုံကြည်နိုင်စရာ အကြောင်းမရှိတော့ပေ။
လီလော့ ရေကန်ထဲသို့ ခြေချလိုက်သောအခါ၊ ပထမတွင် နာကျင်ပြီး ပူလောင်သော ခံစားချက်ကိုဉီးစွာခံစားလိုက်ရသည်။ တရှဲရှဲ မြည်ဟည်းကာ လောင်ကျွမ်းနေသော အပူရှိန်ကြောင့် အပူဒဏ်ကို အခိုက်အတန့်အနည်းငယ် အကြာခံစားရပြီးနောက် ပူလောင်မှုကို သက်သာစေသော အေးစက်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။
ဤခံစားချက်နှစ်ခုက တစ်လှည့်စီ အဆက်မပြတ် ဖြစ်ပေါ်နေပြီး၊ လီလော့ကို ရေခဲနှင့် မီးတောက်များဖြင့် ညှို့ငင်ဖမ်းစားစွာ ပုံသွင်းနေသည့် ခံစားချက်တစ်ခုကို ပေးစွမ်းသည်။ ၎င်းမှာ ထူးဆန်းစွာ သက်သောင့်သက်သာရှိသော အတွေ့အကြုံတစ်ခုဖြစ်သည်။
ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန်ထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်စဉ်၊ သူ၏ နဂါးငွေ့တန်း နတ်ဆိုးကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး ပဟေဠိဆန်သော စွမ်းအင်များကို စတင် စုပ်ယူလေတော့သည်။
ဤအခိုက်အတန့်တွင်၊ သူ့ ခန္ဓာကိုယ်မှ ဖန်သားပုံစံများစီးဆင်းနေသော ရွှေရောင်အလင်းတန်းတစ်ခု စတင် ထွက်ပေါ်လာသည်။ ရေကန်ထဲမှ စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက် စီးဝင်လာသည်နှင့်အမျှ၊ ထိုပုံစံများ ပို၍ ထင်ရှားလာပြီး စတင်လင်းလက်လာသည်။
စွမ်းအင်များကို ပိုမိုတပ်မက်နေသောကြောင့် ခန္ဓာကိုယ်အတွင်းရှိ ပျော်ရွှင်မှုကို လီလော့ ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။ သံသယဖြစ်စရာမလိုဘဲ၊ ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန်က သူ့ခန္ဓာကိုယ်ကို အံ့မခန်း အားဖြည့်မှုတစ်ခု ပေးစွမ်းခဲ့သည်။
သူသည် ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန်ထံမှ စွမ်းအင်များကို စိတ်အားထက်သန်စွာ စုပ်ယူနေရင်း ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်သည်။
ခပ်လှမ်းလှမ်း တစ်နေရာမှနေ၍ လီလင်းကျင်းက လီလော့၏ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်နေသော အပြောင်းအလဲများကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ဖန်သားပုံစံများ အရေပြားပေါ်တွင် စတင်ပေါ်လာပြီး၊ ၎င်းမှာ လီလော့ ပိုင်ဆိုင်ထားသော အခြေခံအုတ်မြစ်၏ လက္ခဏာတစ်ခုဖြစ်သည်။
မူလကောင်းကင် နတ်ဘုရားတိုက်ကြီးတွင်၊ ဖန်သားနတ်ဆိုးအဆင့်သည် လူတစ်ဦးချင်းစီ၏ ပါရမီ မည်မျှရှိကြောင်းကို တိုင်းတာသည့် စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ လီလင်းကျင်း နတ်ဆိုးခန္ဓာအဆင့်တွင် ရှိနေစဉ်က၊ သူမလည်း ဖန်သားနတ်ဆိုးအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ဖန်သားနတ်ဆိုးအဆင့် အတွင်းရှိ စွမ်းအား ကွာခြားချက်များကို သူမ သိထားသည်။
လီလော့၏ ခန္ဓာကိုယ် စွမ်းအားဖြင့်ဆိုလျှင် သူသည် ဖန်သားနတ်ဆိုးအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သို့သော်လည်း သူ ထိုသို့ မလုပ်ခဲ့ပေ။ သူသည် ဖန်သားနတ်ဆိုးအဆင့်၏ အမြင့်ဆုံးအဆင့်ဖြစ်သော သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့် ကို ပစ်မှတ်ထားနေခြင်း ဖြစ်ရမည်။
ပါရမီရှင်များထဲတွင် အထူးချွန်ဆုံးသော ပါရမီရှင်များသာလျှင် ထိုအဆင့်သို့ ရောက်ရှိနိုင်သည်။ ရှားပါးသော အခွင့်အရေးများ၏ အကူအညီ လိုအပ်ရုံသာမက၊ လူတစ်ဦးချင်းစီ၏ အခြေခံအုတ်မြစ်မှာလည်း ထူးခြားပြောင်မြောက်နေရန် လိုအပ်သည်။
မည်သို့ပင်ဆိုစေ၊ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လီလော့အတွက် ပြဿနာရှိမည်မဟုတ်ပေ။
"သူက အရင်တုန်းက ငါ့ထက်တောင် ပိုပြီး ပါရမီရှိတာပဲ" ဟု လီလင်းကျင်း တွေးလိုက်မိသည်။ သူမ လက်ရှိ ဝင်ရောက်နေသော အနက်ရောင် ပိုးကောင်ခန္ဓာကိုယ်ကြီးကို သူမ ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ထိန်းချုပ်၍မရသော ရွံရှာမှု အရိပ်အယောင်တစ်ခု ရှိနေသော်လည်း၊ နောက်ဆုံးတွင် ထိုအရိပ်အယောင်များကို ဖိနှိပ်ထားလိုက်သည်။
သူမသည် ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ ခန္ဓာကိုယ်ကို သဘောမကျပေ။ သို့သော်၊ သူမ ရှင်သန်ရန်နှင့် သူမ၏ ပါရမီကို ပြန်လည်ရယူရန်အတွက် ဤသို့လုပ်ရန် လိုအပ်သည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြင့်ဆိုလျှင် ၎င်းမှာ ယာယီသာဖြစ်သဖြင့် ဤပုံပန်းသဏ္ဌာန်အတွက် သူမ သိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေမည်မဟုတ်ပေ။
လီလော့ သူမကို စံအိမ်ဟောင်းသို့ ပြန်လည်ခေါ်ဆောင်သွားသည်နှင့်တပြိုင်နက်၊ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမ ခံစားခဲ့ရသမျှ ဒုက္ခများအားလုံးက နောက်ဆုံးတွင် အကျိုးကျေးဇူး ပြန်လည်ရရှိပေလိမ့်မည်။
လီလော့ ကျင့်ကြံခြင်းတွင် အပြည့်အဝ နစ်မြုပ်နေစဉ်၊ အချိန်တစ်ရက်တာလုံးလုံး ကုန်ဆုံးသွားခဲ့သည်။
ထူထပ်သော တောအုပ်အတွင်းရှိ အနက်ရောင် မြူခိုးများ ဤအချိန်အတွင်း ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ လီဖုန်းယီ၊ ကျောက်ကျင်းယွီ နှင့် ကျန်သူများလည်း တဖြည်းဖြည်း သတိပြန်လည်လာကြသည်။
သူတို့ ပထမဆုံး နိုးထလာချိန်တွင် ပတ်ဝန်းကျင်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
"ငါတို့ အသက်ရှင်နေသေးတာလား?"
လီဖုန်းယီက လီကျင်းထောင် နှင့် တိန့်ဖုန်းရှန် တို့ကို လှမ်းကြည့်ရင်း မေးလိုက်သည်။
ထိုနှစ်ယောက်စလုံးမှာလည်း သူမ နည်းတူ ဇဝေဇဝါ ဖြစ်နေကြသည်။ အနက်ရောင်မြူခိုးများ ဝင်ရောက်လာချိန်တွင် သူတို့၏ ကာကွယ်မှုများ လုံးဝ အသုံးမဝင်ခဲ့ပေ။ ထို့နောက် သူတို့၏ အသိစိတ် ပျောက်ဆုံးသွားပြီး အာရုံချောက်ချားဖွယ် အိပ်မက်ထဲသို့ နက်ရှိုင်းစွာ ကျဆင်းသွားခဲ့သည်။
နောက်ဆုံးတွင် သူတို့ နိုးထလာသောအခါ ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားသလို ခံစားခဲ့ရသည်။
"ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက ဘယ်မှာလဲ?"
တျန့်ဖုန်းရှန်က ပတ်ဝန်းကျင်ကို သတိကြီးစွာ အကဲခတ်ရင်း မေးလိုက်သည်။ သို့သော်လည်း၊ ရန်သူ၏ အရိပ်အယောင် လုံးဝ မရှိတော့ပေ။
”ငါ့မောင်လေး?!"
လီဖုန်းယီ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။ လီလော့ ပျောက်ဆုံးနေကြောင်း သူမ သတိပြုမိသွားပြီး စတင် ထိတ်လန့်လာတော့သည်။
ကံကောင်းစွာဖြင့်၊ သူတို့ရှေ့တွင် လွင့်မျောနေသော ကျောက်စိမ်းပြားကို လီကျင်းထောင် သတိပြုမိသွားသောကြောင့် သူ တည်ငြိမ်နေခဲ့သည်။ လှမ်းယူပြီး ဖတ်လိုက်သည့်အခါမှသာ အနည်းငယ် သက်သောင့်သက်သာ ဖြစ်သွားသည်။
"စိတ်မပူပါနဲ့၊ ညီလေးသုံးက သန္ဓေသား သစ်သီးကို ရှာဖို့ တောင်တန်းရဲ့ အတွင်းပိုင်းကို သွားတယ်… ဒါက သူ ချန်ထားခဲ့တာပဲ၊ ပြီးတော့ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးလည်း ရှင်းလင်းခံလိုက်ရပြီ ထင်တယ်?" ဟု မသေချာမရေရာသော အမူအရာဖြင့် လီကျင်းထောင်က ပြောရင်း ကျောက်စိမ်းပြားကို လီဖုန်းယီထံ ကမ်းပေးလိုက်သည်။
လီဖုန်းယီက အလျင်စလို ဆွဲယူကာ ဖတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက်…
"ဘာတွေဖြစ်သွားတာလဲ? ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက တကယ်ပဲ ပျောက်သွားပြီလား.. ဒါကို ငါတို့ ယုံလို့ရပါ့မလား…"
မေးခွန်းများ ဆက်တိုက်မေးနေခြင်းက သူမ၏ နှလုံးသားထဲရှိ ဇဝေဇဝါဖြစ်နေမှုကို ပေါ်လွင်စေသည်။
တျန့်ဖုန်းရှန်လည်း ကျောက်စိမ်းပြားကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒီပဲ့တင်သံစွမ်းအင်က သေချာပေါက် ညီလေးသုံးဆီကပဲ"
လီကျင်းထောင်က ခေါင်းကုတ်ရင်း ပြန်ဖြေသည်။ ကျောက်စိမ်းပြားမှ ထွက်ပေါ်လာသော ရင်းနှီးသည့် ပဲ့တင်သံစွမ်းအင်ကို သူ မှတ်မိသည်။
"ညီလေးသုံးက ဉာဏ်ကောင်းတယ်…ဒီစကားတွေက အစစ်အမှန်ဖြစ်မယ်လို့ ငါ ထင်တယ်… သူက ငါတို့ကို ဒီမှာ နှစ်ရက်စောင့်ဖို့ ပြောထားမှတော့..ခဏလောက်စောင့် ကြည့်ကြမလား?"
လီဖုန်းယီ၏ အမူအရာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ငြိမ်သက်သွားသည်။
"ဒါဆို နှစ်ရက်စောင့်ကြတာပေါ့… သူ ပြန်မလာဘူးဆိုရင်တော့ ငါတို့ ချက်ချင်းထွက်ပြီး သူ့ကို ရှာကြမယ်…. အဲဒီလိုဆိုရင်၊ ဒီအမှောင်နယ်မြေကြီးကို လှန်ပစ်ရမယ်ဆိုရင်တောင် သူ့ကို ငါတို့ ရှာတွေ့အောင် ရှာရမယ်!"
တစ်ချိန်တည်းမှာပင်၊ ကျောက်ကျင်းယွီတို့အဖွဲ့သည်လည်း အသိစိတ်များ စတင်ပြန်လည်ရရှိလာကြသည်။
"မြန်မြန်လုပ်၊ ငါ့လက်မောင်းတွေကို ပြန်ရှာကြ…ပြီးရင် ဒီစောက်ကျိုးနည်းနေရာကနေ ငါတို့ ချက်ချင်း ထွက်သွားကြမယ်!"
ကျောက်ကျင်းယွီက ဖြူရော်နေသော မျက်နှာဖြင့် အော်ပြောလိုက်သည်။ အမိန့်သံကိုကြားသောအခါ အခြားသူများက ဖြတ်တောက်ခံရသော လက်မောင်းများကို ရှာဖွေရန် အလျင်စလို လူစုခွဲသွားကြသည်။
ကံမကောင်းစွာဖြင့်၊ အချိန်အနည်းငယ် ရှာဖွေပြီးနောက် မည်သူကမျှ ၎င်းတို့ကို မရှာတွေ့ခဲ့ပေ။ထိုအခါ ကျောက်ကျင်းယွီ၏ နှလုံးသားထဲ၌ အေးစိမ့်သွားသည်။ သူ့ လက်မောင်းများကို ပြန်လည်ရရှိနိုင်ပါက ပြန်လည်ဆက်သွယ်ကုသနိုင်ပြီး အခြေအနေများ ဤမျှလောက် ဆိုးရွားမည် မဟုတ်ပေ။ အကယ်၍ မရရှိနိုင်ပါက၊ဆေးဖက်ဝင်အပင်များနှင့် ဆေးဝါးများ၏ အကူအညီဖြင့် လက်မောင်းအသစ် နှစ်ဖက်ကို ပြန်လည်မွေးထုတ်ရမည်ဖြစ်သည်။ ၎င်းမှာ ပို၍ ဒုက္ခများမည်သာမက၊ လက်မောင်းသစ်များက မူလလက်မောင်းများလောက် သေချာပေါက် သန်မာမည် မဟုတ်ပေ။
ဒါက သူ့အတွက် တကယ်ကို ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားလိမ့်မည်။
"ကျက်သရေတုန်းလိုက်တာ!"
ကျောက်ကျင်းယွီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤခရီးစဉ်တွင် ဤမျှ ကံဆိုးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် အစစ်အမှန်နတ်ဆိုး အများအပြားနှင့် ကြုံတွေ့ခဲ့ရရုံသာမက၊ လက်မောင်းများနှင့် အိတ်ဆောင် စက်လုံးကိုပါ ဆုံးရှုံးခဲ့ရသည်။
သူ လီလော့ နောက်သို့ လိုက်လာခဲ့ခြင်းကို ပြင်းပြင်းထန်ထန် နောင်တရနေချေပြီ။
တစ်ခုတည်းသော ကောင်းသောအချက်မှာ လီလော့ကို မည်သည့်နေရာတွင်မျှ မတွေ့ရခြင်းပင်ဖြစ်သည်။ ပဟေဠိဆန်သော အစစ်အမှန်နတ်ဆိုးက လီလော့ကို သတ်ဖြတ်လိုက်ပြီဟု သူ ယူဆထားပြီး ၎င်းမှာ သူ့အတွက် သတင်းကောင်းတစ်ခု ဖြစ်သည်။
"သွားကြစို့!"
နောက်ဆုံးတွင် ကျောက်ကျင့်ယွီက အံကြိတ်ကာ ပြတ်သားစွာ နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာတွင် သူ ဆက်ပြီး အချိန်မဖြုန်းချင်တော့ပေ။
ထိုအမိန့်ကို ကြားသောအခါ၊ အခြားသူများလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အစောပိုင်းက ပဟေဠိဆန်သော အစစ်အမှန်နတ်ဆိုးက သူတို့ကို တကယ်ပဲ အသေအလဲ ထိတ်လန့်သွားစေခဲ့သည်။ သူတို့ထဲမှ မည်သူမျှ အမှောင်နယ်မြေထဲတွင် ထပ်ပြီး မနေချင်ကြတော့ပေ။
ထို့ကြောင့် အလျင်စလို စတင်ထွက်ခွာကြပြီး သနားစရာကောင်းသော အခြေအနေဖြင့် နောက်ဆုတ်သွားကြလေသည်။
လီဖုန်းယီတို့ဘက်တွင်မူ၊ သူတို့ နောက်ဆုတ်သွားခြင်းနှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မျှ မပေးကြပေ။ မည်သို့ပင်ဆိုစေ၊ လီလော့ ဘာဖြစ်သွားသည်ကို သူတို့ မသေချာသေးပေ။ လက်ရှိအချိန်တွင် ကျောက်ကျင်းယွီတို့အဖွဲ့နှင့် ရောနှောပတ်သက်ရန် သူတို့ စိတ်ကူးမရှိကြပေ။
ကျောက်ကျင်းယွီတို့အဖွဲ့ နောက်ဆုတ်သွားပြီးနောက်၊ တောအုပ်မှာ ပြန်လည် တိတ်ဆိတ်သွားသည်။ လီဖုန်းယီနှင့် ကျန်သောသူများက စိုးရိမ်ပူပန်နေသော အမူအရာများဖြင့် တောင်တန်း၏ အတွင်းပိုင်းဆီသို့ လှမ်းကြည့်နေကြသည်။