← Chapters

သုံးရောင်ခြယ်ဖန်သား

Vol. 63 Ch. 880

သုံးရောင်ခြယ်ဖန်သား

Vol. 63 Ch. 880

မီးတောင်၏ နက်ရှိုင်းသော အတွင်းပိုင်းတွင် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ရက်တိတိ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

လီလော့တယောက် ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန်ထဲတွင် တင်ပျဉ်ခွေကာ တိတ်ဆိတ်စွာ ထိုင်နေသည်။ ပဟေဠိဆန်သော မီးနှင့် ရေခဲစွမ်းအင်များကို စုပ်ယူခြင်းဖြင့် ခန္ဓာကိုယ်ကို ဆက်လက်ကျင့်ကြံနေခဲ့သည်။ ၎င်း၏ အကျိုးသက်ရောက်မှုများမှာ သိသာထင်ရှားလှသည်။

ဤအခိုက်အတန့်တွင်၊ သူ့ ခန္ဓာကိုယ်ပတ်လည်ရှိ ရွှေရောင်တောက်ပမှုများ စတင်လျော့ပါးသွားပြီး၊ ကြည်လင်တောက်ပသော အလင်းရောင်တစ်ခု အစားထိုး ဝင်ရောက်လာသည်။

ထိုအလင်းရောင်မှာ သူ့အရေပြားကို အလင်းဖောက်ထွင်းမြင်နိုင်လုနီးပါး ဖြစ်သွားစေသည့် မှေးမှိန်သော တောက်ပမှုတစ်ခုဖြစ်ပြီး၊ အောက်ဘက်ရှိ သွေးကြောများကိုပင် မြင်တွေ့နိုင်သည်။ သူ့ရဲ့ သွေးများနှင့် ကြွက်သားများမှလည်း ဖော်ပြ၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသော အငွေ့အသက်တစ်ခု စတင်ထွက်ပေါ်နေပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင်တောက်ပမှုမှာ တောက်ပစွာ စတင်ပြောင်းလဲလာပြီး၊ ယင်းက ဖန်သားနတ်ဆိုးအဆင့်သို့ လီလော့ အပြည့်အဝ ခြေချတော့မည်ဖြစ်ကြောင်း အချက်ပြနေခြင်းပင်။

ဤလုပ်ငန်းစဉ်သည် အချိန်သိပ်မကြာခဲ့ပေ။

နောက်ဆုံး ရွှေရောင်အလင်းတန်းလေး ပျောက်ကွယ်သွားသောအခါ၊ သွယ်လျပြီး သန်မာသော ခန္ဓာကိုယ်မှာ ပြင်းထန်စွာ စတင်တုန်ခါလာသည်။ လောကသဘာဝစွမ်းအင်များသည သူ့ခန္ဓာကိုယ်အတွင်းသို့ စဉ်ဆက်မပြတ် စီးဝင်လာပြီး၊ ရေကန်ထဲတွင် သူထိုင်နေသည့်နေရာပတ်လည်၌ ရေဝဲတစ်ခု ဖြစ်ပေါ်လာသည်။ ရေဝဲနှင့်အတူ၊ ရေကန်ထဲမှ မီးရေစွမ်းအင်များက လီလော့၏ ခန္ဓာကိုယ်ပေါ်သို့ အရိုင်းအစိုင်းဆန်သော လှိုင်းလုံးကြီးများအဖြစ် ရိုက်ခတ်လာသည်။

ဤအခိုက်အတန့်တွင်၊ သူ့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပဲ့တင်သံစွမ်းအင်များ အလျင်အမြန် မြင့်တက်လာသည်။

ရွှေရောင်တောက်ပမှုသည်လည်း သက်တန့်ရောင်စဉ်များကဲ့သို့ ပြောင်းလဲသွားလေသည်။

နောက်ဆုံးတွင် လီလော့က ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပြီး ဖန်သားနတ်ဆိုးအဆင့်သို့ အပြည့်အဝ ခြေချနိုင်ခဲ့ပြီဖြစ်သည်။

သို့သော်လည်း၊ ကျင့်ကြံမှုမှာ မပြီးဆုံးသေးပေ။ ဖန်သားနတ်ဆိုးအဆင့်မှာ နောက်ဆုံးရည်မှန်းချက် မဟုတ်သဖြင့် ရေကန်ထဲမှ မီးရေစွမ်းအင်များကို လီလော့ ဆက်လက်စုပ်ယူနေခဲ့သည်။ အဓိကရည်မှန်းချက်မှာ ဂန္ထဝင်လာ သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့်သို့ ရောက်ရှိရန်ဖြစ်သည်။

ဤသို့ဖြင့်၊ နောက်ထပ် ဆယ့်နှစ်နာရီ ကုန်လွန်သွားခဲ့ပြန်သည်။

မီးရေစွမ်းအင်များ ပိုမို သိပ်သည်းလာသည်နှင့်အမျှ၊ လီလော့၏ ခန္ဓာကိုယ်တစ်ဝက်မှာ မီးတောက်များဖြင့် ဖုံးလွှမ်းနေပြီး အခြားတစ်ဝက်မှာ ရေများဖြင့် ရစ်ပတ်ထားခြင်း ခံရသည်။

မီးနှင့် ရေ စွမ်းအင်တို့၏ အကြိမ်ကြိမ် သန့်စင်မှုအောက်တွင်၊ ဖန်သားအရေပြားသည်လည်း တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်။ ၎င်းမှာ အလွန်အမင်း ပူပြင်းသော မီးဖိုတစ်ခုထဲတွင် ထည့်ထားပြီး တဖြည်းဖြည်း ပုံသွင်းခံနေရသည့် ဖန်ခွက်တစ်ခွက်နှင့် တူလှသည်။

အသိသာအထင်ရှားဆုံးမှာ၊ ကြည်လင်တောက်ပနေမှုအတွင်း၌ ပဟေဠိဆန်သော အရောင်အသွေးတစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းသည် သာမန်အရောင်တစ်ခု မဟုတ်သဖြင့် ထိုတောက်ပမှုကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသည်။ဤသည်မှာ ဖန်သားခန္ဓာကိုယ်ကို အလွန်သန်မာသော အဆင့်အထိ ပုံသွင်းပြီးနောက် ဖြစ်ပေါ်လာသည့် အလင်းယိုင်မှု တစ်မျိုးဖြစ်သည်။

ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မူလအရောင်နှင့် ပေါင်းစပ်လိုက်သောအခါ၊ ယခုအခါ လီလော့၏ ခန္ဓာကိုယ်မှ မတူညီသော အလင်းရောင် နှစ်မျိုး ထွက်ပေါ်နေပြီဖြစ်သည်။ ဤအရာက မူလကောင်းကင် နတ်ဘုရားတိုက်ကြီးရှိ အတော်ဆုံး ပါရမီရှင်များအတွက်ပင် အလွန်ရှားပါးသော မြင်ကွင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။

သို့သော်လည်း သူ ဤနေရာတွင် ရပ်တန့်မသွားခဲ့ပေ။ ဤမျှနှင့် သူ့အတွက် မလုံလောက်သေးပေ။ သူသည် ရေကန်ထဲမှ မီးရေစွမ်းအင်များဖြင့် ခန္ဓာကိုယ်ကို ဆက်လက်ကျင့်ကြံနေခဲ့သည်။

"ငါ့ရဲ့ ဒီဝမ်းကွဲမောင်လေးက တကယ်ကို ရည်မှန်းချက်ကြီးတာပဲ" ဟု အဝေးမှ စောင့်ကြည့်နေရင်း လီလင်းကျင်းက မှတ်ချက်ချလိုက်သည်။

ပုံမှန်အားဖြင့်ပြောရလျှင်၊ ထိပ်တန်း ပါရမီရှင်အများစုမှာ ဖန်သားနတ်ဆိုးအဆင့်တွင် ရောင်ခြည်နှစ်ပါးကျင့်ကြံနိုင်ခဲ့ပြီဆိုပါက ပျော်ရွှင်ကျေနပ်နေကြမည်ဖြစ်သည်။ သို့သော် လီလော့က နောက်တစ်လှမ်း ထပ်သွားရန် ကြိုးစားနေဆဲပင်။

ဤအရာက ကိုယ်ပိုင် အခြေခံအုတ်မြစ်အပေါ် အလွန်ယုံကြည်မှုရှိကြောင်း ဖော်ပြနေသည်။ နတ်ဆိုးနန်းတော်အဆင့်တွင် ရှိနေစဉ်ကတည်းက အံ့မခန်းများပြားလှသော အဲ့မိုကွမ်းအလင်းတန်းများကို စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်ရမည်။

ဤအတွေးများ သူမ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသော်လည်း လီလင်းကျင်းက တိတ်တဆိတ် ဆက်လက်စောင့်ကြည့်နေခဲ့သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ၊ လီလော့၏ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ခြည်နှစ်ပါး တောက်ပမှုမှာ ပိုမို သိပ်သည်းလာပြီး ကြည်လင်လာသည်။ သို့သော်လည်း၊ တတိယမြောက် တောက်ပမှုက အကောင်အထည် ပေါ်မလာဘဲ၊ ခြေတစ်လှမ်း လိုနေသေးသကဲ့သို့ ဖြစ်နေသည်။

တစ်ခုခု လိုအပ်နေသေးပုံရတယ်…..

ထိုအဖြစ်ကို သတိပြုမိသောအခါ၊ လီလင်းကျင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လီလော့ကို အော်ပြောလိုက်သည်။

"ဝမ်းကွဲမောင်လေး လီလော့…ညှို့ငင်ဖမ်းစားနိုင်တဲ့ မီးရေကန်ထဲကို မှည့်နေတဲ့ သန္ဓေသား သစ်သီးတစ်လုံး ညှစ်ထည့်ကြည့်လိုက်"

သူမ၏ အသံကို လီလော့ ကြားနေရသည်။ တစ်ခုခု လိုအပ်နေသဖြင့် တတိယမြောက် ရောင်ခြည်က အကောင်အထည် ပေါ်မလာကြောင်းကို သူကိုယ်တိုင်လည်း ခံစားသိရှိနေသည်။ ထို့ကြောင့်၊ လီလင်းကျင်း၏ သတိပေးမှုအရ အိတ်ဆောင် စက်လုံးထဲမှ ရွှေရောင် သန္ဓေသား သစ်သီး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် လက်ဖဝါးများကြားတွင် ၎င်းကို အားကုန် ညှစ်ချေလိုက်သည်။

ဖောက်!

လက်ဖဝါးနှစ်ဖက် ပူးကပ်သွားသည်နှင့် သန္ဓေသား သစ်သီး ကြေမွသွားပြီး၊ သစ်သီး၏ ရွှေရောင်အရည်များ ရေကန်ထဲသို့ တိုက်ရိုက် ကျဆင်းသွားသည်။

သစ်သီးအရည်များ ရေကန်ထဲသို့ ကျဆင်းသွားသောအခါ၊ မီးရေများ စတင်သက်ဝင်လှုပ်ရှားလာသည်။ မီးရေစွမ်းအင်များက လီလော့၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော မြွေနှစ်ကောင်ကဲ့သို့ ဝန်းရံသွားပြီး၊ ခန္ဓာကိုယ် သန့်စင်မှု တကျော့ ပြန်လည်စတင်ခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင်မူ၊ ရေကန်ထဲမှ ထူထပ်သော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

၎င်းသည် ကျပ်သိပ်စွာ စုစည်းနေသော ပဟေဠိဆန်သည့် မှော်အက္ခရာများဖြင့် ပြည့်နှက်နေသည့် မှော်ဆန်သော အလင်းတန်းတစ်ခုဖြစ်သည်။

ထိုအလင်းတန်း သူ့ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် ရိုက်ခတ်လာသည်နှင့်အမျှ၊ သူ့အရေပြားမှ ထုတ်လွှတ်နေသော တောက်ပမှုမှာ ပိုမို ကြည်လင်လာပြီး သန့်စင်လာသည်။

ခန္ဓာကိုယ် ပုံသွင်းမှု အမှတ်တစ်ခုသို့ ရောက်ရှိသွားသောအခါ၊ လီလော့ မျှော်လင့်တောင့်တနေခဲ့သော အပြောင်းအလဲမှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဖန်သားခန္ဓာကိုယ်မှာ ဝိညာဉ်ခန္ဓာကိုယ်တစ်ခုနှင့် တူလှသည်။ ၎င်းထဲတွင် စီးဆင်းနေသော ပဲ့တင်သံစွမ်းအင်များကို အကြိမ်ကြိမ် သိပ်သည်းစေပြီးနောက်၊ ပဟေဠိဆန်သော တောက်ပသည့် အလင်းရောင်ခြည်တစ်ခု ပေါ်ထွက်လာသည်။

နောက်တစ်ခဏတွင်၊ လီလော့၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ မတူညီသော တောက်ပသည့် ရောင်ခြည်သုံးမျိုး သူ့ထံမှ ထွက်ပေါ်နေသည်ကို မြင်တွေ့နိုင်သည်။

ယခုဆို သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။

ဤအဆင့်ချိုးဖျက်မှု အသစ်နှင့်အတူ၊ လီလော့၏ အရေပြား မျက်နှာပြင်ပေါ်တွင် မှေးမှိန်ပြီး ရှေးကျသော အလင်းပုံစံများစွာ ပေါ်လာသည်။ ဤပုံစံများသည် သဘာဝအလျောက် ဖြစ်ပေါ်လာပုံရပြီး၊ ၎င်းတို့တွင် ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။

ထိုအချိန်မှာပင်၊ လီလော့၏ ခန္ဓာကိုယ်တွင်းရှိ ပဲ့တင်သံစွမ်းအင်များ နောက်တစ်ကြိမ် ထပ်မံ အားကောင်းလာသည်။

ဤအမှတ်တွင်၊ သူသည် နတ်ဆိုးခန္ဓာအဆင့်၏ တတိယမြောက်အဆင့်ဖြစ်သော ဖန်သားနတ်ဆိုးအဆင့်သို့ အမှန်တကယ် ခြေချနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင်၊ ၎င်းသည် ဖန်သားနတ်ဆိုးအဆင့်၏ အမြင့်ဆုံးအဆင့်ဖြစ်သော သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့် ပင်ဖြစ်သည်။

နောက်ဆုံးတွင် လီလော့ မျက်လုံး ဖွင့်လိုက်သည်။ သူ့ မျက်လုံးများထဲတွင်ပင် ရောင်ခြည်သုံးသွယ် တောက်ပမှုကို မြင်တွေ့နိုင်သည်မှာ တကယ်ကို အံ့မခန်းပင်ဖြစ်သည်။ ထို့နောက်၊ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ထိုအခါ အံ့အားသင့်မှုကို သူ မထိန်းချုပ်နိုင်တော့ပေ။

"ဆိုတော့..သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့်ကို ရောက်သွားတဲ့ ခံစားချက်က ဒါမျိုးကိုး" ဟု လီလော့က ကျေနပ်စွာ ပြောလိုက်သည်။

အရေပြားမျက်နှာပြင်ပေါ်တွင် အဖြူရောင် အလင်းတန်းတစ်ခု ရှိနေပြီး၊ သူ့ခန္ဓာကိုယ်ကလည်း ပတ်ဝန်းကျင်ရှိ လောကသဘာဝစွမ်းအင်များနှင့် အပြည့်အဝ ဟန်ချက်ညီနေသည်ဟု ခံစားလိုက်ရသည်။

မည်သည့် နတ်ဆိုးကျင့်စဉ်ကိုမျှ အသုံးမပြုထားဘဲ လောကသဘာဝစွမ်းအင် အမျှင်များ မွေးညင်းပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ စိမ့်ဝင်နေသည်။

သက်သောင့်သက်သာရှိသော ခံစားချက်များက သူ့ကို ထိန်းချုပ်၍မရအောင် ညည်းတွားချင်စိတ် ပေါက်သွားစေသည်။

သို့တိုင်အောင်၊ သူကိုယ်သူ ထိန်းချုပ်လိုက်သည်။

"သုံးရောင်ခြယ်ဖန်သားနတ်ဆိုးအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်… ဒါက မင်းရဲ့ အခြေခံအုတ်မြစ် တကယ်ကို ခိုင်မာပြီး မင်းရဲ့ အနာဂတ်က တောက်ပတယ်ဆိုတဲ့ လက္ခဏာပဲ"

ဤအခိုက်အတန့်တွင် လီလင်းကျင်း၏ အသံ ထွက်ပေါ်လာသည်။

သူမက အနီးသို့ ရောက်လာပြီး လီလော့၏ ခန္ဓာကိုယ်ကို မနာလိုဟန်ဖြင့် လေ့လာနေသည်။

သူသည် ပဲ့တင်သံသခင်အဆင့်ကတည်းက ကိုယ်ပိုင် အခြေခံအုတ်မြစ်ကို ကောင်းစွာ တည်ဆောက်ခဲ့ကြောင်း ထင်ရှားသည်။ ဤအရာသည် မူလကောင်းကင် နတ်ဘုရားတိုက်ကြီးရှိ ပါရမီရှင်များကြားတွင်ပင် လက်တစ်ဆုပ်စာခန့်သာ ရရှိနိုင်သော အရာဖြစ်သည်။

လီလော့မှာ ပါးစပ်နားရွက်တပ်ချိတ်မတတ် ပြုံးရွှင်နေသည်။ ဤစူးစမ်းလေ့လာရေးခရီးစဉ်မှ ရရှိသော ဆုလာဘ်များက မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေခဲ့သည်။ သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့်သို့ ရောက်ရှိသွားသဖြင့် လီချင်းဖုန်း၊ လုချင်းမိန် နှင့် အခြားသော ပါရမီရှင်များကို အမှန်တကယ် အမီလိုက်နိုင်ခဲ့ပြီဖြစ်သည်။

ခန္ဓာကိုယ်ကို ဂရုတစိုက် ခံစားလိုက်ပြီး စွမ်းအားအသစ်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စတင်လုပ်ဆောင်လိုက်သည်။

ခဏအကြာတွင် စိတ်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ပဟေဠိဆန်သော အရောင်သုံးမျိုး ထုတ်လွှတ်နေသည့် အလင်းစက်ကွင်းတစ်ခု အရေပြားမျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာပြီး အဆိုပါ စက်ကွင်းသည် အလွန်ခိုင်မာသော ကာကွယ်မှုအလွှာတစ်ခုကို ဖြစ်ပေါ်စေသည်။ ၎င်းမှာ သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့်၏ သဘာဝစွမ်းရည်ဖြစ်သော 'သုံးရောင်ခြယ် စက်ကွင်းများ'ပင်ဖြစ်သည်။

ဤစက်ကွင်းသည် ခဏတာ အသိစိတ်ဆုံးရှုံးသွားလျှင်ပင် သူ့ကို အချိန်တိုင်း ကာကွယ်ပေးနိုင်သည်။ ၎င်းသည် လီလော့၏ ပဲ့တင်သံစွမ်းအင်များ မကုန်ခမ်းသရွေ့ အလိုအလျောက် အသက်ဝင်လာမည့် သဘာဝ ကာကွယ်ရေး ယန္တရားတစ်ခုဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤစက်ကွင်းသည် လီလော့၏ ရှင်သန်နိုင်စွမ်းကို ကြီးမားစွာ မြှင့်တင်ပေးမည်ဖြစ်သည်။

ထို့အပြင်၊ နောက်ထပ် လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိသေးသည်။

လီလော့က အရေပြားပေါ်ရှိ သိမ်မွေ့သော ပုံစံများကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ၎င်းတို့ထဲတွင် မျဉ်းသုံးကြောင်း ရှိနေသည်။ အရေပြားအောက်တွင် ဖုံးကွယ်နေသဖြင့် ၎င်းတို့ကို သတိပြုမိရန် အလွန်ခက်ခဲလှသည်။

၎င်းတို့မှာ 'သုံးရောင်ခြယ် ဝိညာဉ်အမှတ်အသားများ' ပင်ဖြစ်သည်။ ၎င်းတို့က လူတစ်ဦး၏ ခန္ဓာကိုယ်ကို ကြီးမားစွာ သန်မာစေနိုင်သည်။ တစ်ကြိမ် အသက်သွင်းလိုက်သည်နှင့် ဖန်သားနတ်ဆိုး ခန္ဓာကိုယ်မှာ အားဖြည့်ခံရမည်ဖြစ်ပြီး၊ တဟုန်ထိုးတက်လာသော စွမ်းအားများကို ခံစားရမည်ဖြစ်သည်။ ဤအရာက တိုက်ပွဲတွင် သူ့ကို သေချာပေါက် အသာစီးရစေမည်ဖြစ်သည်။

ဤလျှို့ဝှက်ကျင့်စဉ် နှစ်ခုနှင့်အတူ၊ လီလော့၏ စွမ်းအားသည် ပေါက်ကွဲအားပြင်းသော အဆင့်ချိုးဖျက်မှုတစ်ခုကို ရရှိသွားခဲ့ချေပြီ။

ထို့ကြောင့် ကျေနပ်သော အပြုံးတစ်ခုကို ပြသလိုက်သည်။ အမှောင်နယ်မြေသို့ လာရသော ဤခရီးစဉ်က၊ တံခွန်နှစ်ဆယ်၏ နဂါးခေါင်းဆောင် ဖြစ်လာရန် ပြင်ဆင်မှုအတွက် တကယ်ကို များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

[ TN/ လုံထိုအစား နဂါးခေါင်းဆောင်…သဟဇာတဖြစ်ခြင်းကြောင့်ဖြစ်ပေါ်လာသောစွမ်းအားများကို ပေါင်းစည်းစွမ်းအားအဖြစ် ပြောင်းလဲသုံးနှုန်းထားပါသည်]

All Chapters