← Chapters

တာဝန် ပြီးမြောက်ခြင်း

Vol. 63 Ch. 881

တာဝန် ပြီးမြောက်ခြင်း

Vol. 63 Ch. 881

လီလော့က ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန် ထဲမှ ကျေနပ်သော အမူအရာဖြင့် လျှောက်ထွက်လာသည်။ အနီရင့်ရောင် လက်ကောက်ကို လက်ကောက်ဝတ်တွင် ပြန်တပ်ပြီးနောက်၊ တဖက်လှည့်ကာ လီလင်းကျင်းကို ပိုမို နွေးထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ အဆင့်ချိုးဖျက်မှု လုပ်ဆောင်နေစဉ်အတွင်း သူမဘက်က မည်သည့်ပြဿနာမျှ မဖန်တီးခဲ့ပေ။ ယင်းအစား၊ သူ့ကို ကူညီရန် အကြံဉာဏ်များ ပေးခဲ့သည်။ထို့ကြောင့် သူမကို အနည်းငယ် ပို၍ ယုံကြည်လာခဲ့သည်။

သူ့အရှေ့ရှိ လီလင်းကျင်းသည် ဝိညာဉ်စား အစစ်အမှန်နတ်ဆို မဟုတ်ပုံရသည်။ ထိုသို့မဟုတ်ပါက၊ အစောပိုင်းက အဆင့်ချိုးဖျက်မှုကို အသုံးချကာ သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့မည်မှာ သေချာသည်။ မည်သို့ပင်ဆိုစေ၊ ဤသည်မှာ ရုတ်တရက် တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့သည်။

"အားလုံး အစ်မ လီလင်းကျင်းရဲ့ ကျေးဇူးကြောင့်ပါပဲ..”

လီလော့က ပြုံး၍ လက်နှစ်ဖက်ကို ဆုပ်ကာ ကျေးဇူးတင်စကား ပြောကြားလိုက်သည်။

ထို့နောက် ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန်ကို ကြည့်ရန် နောက်သို့ လှည့်လိုက်သည်။ အစောပိုင်းက ကျင့်ကြံမှုအပြီးတွင် ရေကန်ထဲရှိ ရေမှာ များစွာ ပိုမို ကြည်လင်သွားခဲ့သည်။ နှစ်များစွာအတွင်း သိုလှောင်ထားသော ရေကန်ထဲမှစွမ်းအင်အများစုကို သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့်သို့ ရောက်ရှိရန် စုပ်ယူခဲ့ပြီးဖြစ်သည်။

"ဒီရေကန်ထဲက ရေနည်းနည်းလောက် ယူသွားလို့ရမလား?"

လီလော့က ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။

ဤ ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန်သည် တကယ်ကို မှော်ဆန်သော အခွင့်အရေးတစ်ခုဖြစ်သည်။ အကျိုးကျေးဇူးအများစုကို သူ ခံစားခဲ့ရသော်လည်း၊ ကျန်ရှိနေသော ရေကန်ရေကို လီဖုန်းယီ၊ လီကျင်းထောင် နှင့် ကျန်သူများအတွက် ပြန်သယ်သွားနိုင်လျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။

ထို့အပြင်၊ အစောပိုင်းက ရေကန်ထဲသို့ သူ ညှစ်ထည့်ခဲ့သော သန္ဓေသား သစ်သီးကို သူ အပြည့်အဝ မစုပ်ယူရသေးပေ။ ၎င်းကို ဒီအတိုင်း ထားခဲ့ရမည်ဆိုလျှင် တကယ်ကို နှမြောစရာ ကောင်းပေလိမ့်မည်။ ဤအကြောင်းကို သူ တွေးမိသောအခါ၊ အိတ်ဆောင်စက်လုံးထဲမှ ကြီးမားသော စဉ့်အိုးကြီးတစ်လုံးကို ထုတ်ယူကာ ရေကန်ထဲမှရေများကို သိမ်းဆည်းရန် ကြိုးစားလိုက်သည်။

သို့သော်လည်း၊ မကြာမီမှာပင် စိတ်ပျက်သွားခဲ့ရသည်။ ညှို့ငင်ဖမ်းစားနိုင်သော မီးရေကန်ထဲမှ ရေကို သူ ထုတ်ယူလိုက်သည်နှင့်တပြိုင်နက်၊ ရေနွေးငွေ့အဖြစ် ပြောင်းလဲသွားပြီး လေထဲသို့ အငွေ့ပျံသွားသည်။

ဘေးဘက်တွင် ရှိနေသော လီလင်းကျင်းက သူ ဘာလုပ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ သူ့ကို ချက်ချင်း သတိပေးလိုက်သည်။

"မီးရေစွမ်းအင်က ကောင်းကင်ဘုံက ရတနာတစ်ခုပဲ….ရေကို ဒီလိုမျိုး သိမ်းဆည်းနိုင်မှာ မဟုတ်ဘူး… မင်းရဲ့ အဖော်တွေအတွက် ပြန်သယ်သွားဖို့ စီစဉ်နေတယ်ဆိုရင် သန္ဓေသား သစ်သီးပင်က သစ်ကိုင်းကို သွားရှာသင့်တယ်… အဲဒါနဲ့ဆိုရင် မင်း ရေကို သယ်သွားနိုင်လိမ့်မယ်…"

ထိုအကြံပြုချက်ကို ကြားသောအခါ လီလော့၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။ သူ တဖက်လှည့်ကာ တောင်ကြားအက်ကြောင်းထဲမှ လျှောက်ထွက်သွားသည်။ မီးတောင်၏ နှုတ်ခမ်းပေါက်သို့ ပြန်လည်ရောက်ရှိသွားသောအခါ၊ သန္ဓေသား သစ်သီးပင်မှ သစ်ကိုင်းအချို့ကို ခုတ်ယူပြီး ပြန်လာခဲ့သည်။

သူသည် သစ်ကိုင်းကို အခေါင်းပေါက်လုပ်ကာ ၎င်းဖြင့် ပဟေဠိဆန်သော ရေကန်ထဲမှရေကို စတင် သိမ်းဆည်းလေသည်။ အစောပိုင်းက ရေကန်ထဲသို့ သန္ဓေသား သစ်သီးတစ်လုံးကို ညှစ်ထည့်ထားခဲ့သဖြင့်၊ ယခုအခါ ရေထဲတွင် ရွှေရောင်အလင်းတန်းများ ကူးခတ်နေသည်။ ၎င်းမှာ သန္ဓေသား သစ်သီးထံမှ စွမ်းအင် အနှစ်သာရဖြစ်သည်။ ၎င်းသည် တကယ်ကို တန်ဖိုးကြီးသော ရတနာတစ်ခုဖြစ်သဖြင့် သဘာဝကျကျ တတ်နိုင်သလောက် များများ သိမ်းဆည်းမည်ဖြစ်သည်။ သစ်ကိုင်းများကို ရေဖြင့် အပြည့်အဝ ဖြည့်ပြီးနောက်တွင် မီးရေကန်ထဲတွင် ကျန်ရစ်သော စွမ်းအင်မှာ တကယ်ကို နည်းပါးသွားပြီဖြစ်သည်။ ယခင်က ပိုင်ဆိုင်ခဲ့သော စွမ်းအင်အဆင့်သို့ ပြန်လည်ရောက်ရှိရန် မီးဝိညာဉ် မျောက်ဝံများ၏ မျိုးဆက်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်မှု လိုအပ်မည့်ပုံ ပေါ်သည်။

"မင်းက တတ်နိုင်သမျှ အကုန် သိမ်းယူသွားတာပဲ…. အဲဒီ မီးဝိညာဉ် မျောက်ဝံတွေ ဒါကို မြင်ရင် ငိုကြတော့မှာပဲ" ဟု လီလင်းကျင်းက မီးရေကန်ထဲတွင် ကျန်ရစ်သော ပါးလွှာသည့် စွမ်းအင်ကို မြင်သောအခါ မှတ်ချက်ချလိုက်သည်။

အကျိုးကျေးဇူးအားလုံးကို ခံစားပြီးနောက်၊ လီလော့သည် ကျန်ရှိနေသော စွမ်းအင်များကိုပါ သူနှင့်အတူ ယူဆောင်သွားမည်ဖြစ်သည်။ သူသည် ရေကန်ကို အမှန်တကယ် အပြည့်အဝ အမြတ်ထုတ်နေခြင်းဖြစ်သည်။

"ငါက ပြင်ပနတ်ဘုရားတိုက်ကြီးက လာတယ်ဆိုတာ မင်း သိသင့်တယ်…. အဲဒီမှာဆိုရင်၊ ဒီလို တန်ဖိုးကြီးတဲ့ အရင်းအမြစ်တစ်ခုက အင်အားစုအမျိုးမျိုး ကြားမှာ စစ်ပွဲတစ်ရပ် ဖြစ်ပွားဖို့ လုံလောက်တယ်…အခု ငါ့မှာ အခွင့်အရေး ရနေပြီဆိုတော့..ဒါကို အလဟဿ အဖြစ်ခံမှာ မဟုတ်ဘူး။"

လီလော့၏ အဖြေကြောင့် လီလင်းကျင်းမှာ စကားမပြောနိုင်တော့ပေ။

"မင်းရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် မင်းက ပြင်ပနတ်ဘုရားတိုက်ကြီးမှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရတဲ့ လူတစ်ယောက်နဲ့ သေချာပေါက် မတူဘူးနော်…"

"ပြင်ပနတ်ဘုရားတိုက်ကြီးက အရင်းအမြစ်တွေက အတွင်းနတ်ဘုရားတိုက်ကြီးနဲ့ ယှဉ်ရင် သေးနုပ်ပေမယ့် ငါ့ထက် မညံ့တဲ့ ပါရမီရှင်တွေ အများကြီး ရှိပါသေးတယ်…"

"မင်းထက် မညံ့ဘူး..ဟုတ်လား… မင်း ချဲ့ကားပြောနေတာ ဖြစ်ရမယ်"

သူ့စကားများကို မယုံကြည်ပေ။ မည်သို့ပင်ဆိုစေ လီလော့၏ အခြေခံအုတ်မြစ်သည် ကောင်းကင်မူလ နတ်ဘုရားတိုက်ကြီးရှိ လူငယ်မျိုးဆက်များကြားတွင်ပင် အကောင်းဆုံးအဖြစ် သတ်မှတ်ခံရသည်။ အရင်းအမြစ် ရှားပါးသော ပြင်ပနတ်ဘုရားတိုက်ကြီးရှိ မည်သူကများ သူ့ထက် ပိုကောင်းနိုင်မည်နည်း?

သို့သော်လည်း လီလော့က ပြုံးရုံသာ ပြုံးလိုက်ပြီး ထပ်မံ၍ ရှင်းမပြတော့ပေ။ သူ ရည်ညွှန်းနေသည့်လူမှာ နေရပ်မှ တောက်ပသော အဖြူရောင် ငန်းဝတုတ်လေးပင်ဖြစ်သည်။

ထိုအကြောင်း ပြောရမယ်ဆိုရင်၊ သူတို့ လမ်းခွဲခဲ့ကြတာ နှစ်ဝက်နီးပါး ရှိသွားပြီဖြစ်သည်။

မြင့်မြတ်သောအလင်းတော်ရှေးဟောင်းကောလိပ်မှာ သူမ ဘယ်လိုနေမလဲလို့ သူ တွေးမိတယ်…ကောလိပ်မှာလည်း ပါရမီရှင်တွေ အများကြီး ရှိနေမှာ သေချာတယ်…ဒါပေမယ့် ကျန်းချင်းအာက ဘယ်နေရာမှာပဲဖြစ်ဖြစ် တောက်ပနိုင်မယ်လို့ သူ ယုံကြည်ထားတယ်….

ဤအခိုက်အတန့်တွင် လီလော့၏မျက်ဝန်းထဲ၌ လွမ်းဆွတ်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ၎င်းကို ဖိနှိပ်ထားလိုက်သည်။

နှစ်ဝက်ထက်နည်းသော အချိန်အတွင်းမှာပင်၊ သူသည် နတ်ဆိုးနန်းတော်အဆင့်မှ ဖန်သားနတ်ဆိုးအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။

နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်မှာလည်း ယခုအခါ မျက်စိတစ်ဆုံးတွင် ရှိနေပြီဖြစ်သည်။ သူသာ ကြယ်တာရာခရီးရှည်ကောလိပ်တွင် ဆက်နေခဲ့ပါက ဤမျှ အံ့မခန်း အရှိန်အဟုန်မျိုးကို စိတ်ကူးယဉ်၍ပင် မရနိုင်ပေ။ အဆုံးစွန်အားဖြင့် ကြယ်တာရာခရီးရှည်ကောလိပ်သည် နဂါးစွယ်ကလန်နှင့် နှိုင်းယှဉ်ပါက အရင်းအမြစ်များနှင့် အခွင့်အရေး နှစ်ခုစလုံးတွင် နည်းပါးလှသည်။

ထို့အပြင်၊ လီလော့သည် ဤကာလအတွင်း ကျင့်ကြံမှုတွင် မည်သည့်အချိန်ကိုမျှ အလဟဿ မဖြုန်းတီးခဲ့ပေ။ ကျန်ရှိနေသော သက်တမ်း သုံးနှစ်အပြင် ကျန်းချင်းအယ်အတွက် အမှတ်အသားကိုးခုပါ မြင့်မြတ်သော နှလုံးသား ကြာပန်းကိုရရှိရန် တိုက်ပွဲဝင်လိုသဖြင့် သူ လုံးဝ အနားမယူခဲ့ပေ။

လီလင်းကျင်းသည် သူမ၏ ကိုယ်ပိုင် ရှင်သန်မှုအတွက်သာ ဤမျှလောက် သည်းခံနိုင်ခဲ့သည်။

ထိုအဖြစ်သနစ်များကိုမြင်ပြီးနောက် ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အနားယူနေနိုင်မည်နည်း?

လီလော့က ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး လီလင်းကျင်းကို…"သွားကြစို့..”ဟု ဆော်သြလ်ိုက်သည်။

လီလင်းကျင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း၊ သူမ အနည်းငယ် တုံ့ဆိုင်းနေပြီး…

"သူတို့ရှေ့မှာ ငါ ဒီလိုပုံစံနဲ့ ပေါ်လာဖို့ လိုအပ်လို့လား?"

သူမက လီဖုန်းယီ၊ လီကျင်းထောင်၊ တျန့်ဖုန်းရှန် နှင့် ကျန်သူများကို ရည်ညွှန်းနေခြင်းဖြစ်သည်။ သူမ၏ လက်ရှိ ပုံပန်းသဏ္ဌာန်မှာ တကယ်ကို ထူးဆန်းနေသည်။

သူမ၏ စကားကို ကြားသောအခါ၊ သူမကို လက်ရှိပုံစံအတိုင်း တစ်စုံတစ်ယောက်က မြင်တွေ့သွားပါက မည်မျှ ပြဿနာတက်မည်ကို လီလော့ ပြန်လည်အမှတ်ရသွားသည်။ သူက ခေတ္တမျှ စဉ်းစားပြီးနောက် ….

"မင်း အဲဒါကို ဖုံးကွယ်ထားနိုင်ရင်၊ ဖုံးကွယ်ထားလိုက်လေ.."

လက်ရှိတွင် လီလင်းကျင်းသည် ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးနှင့် ပေါင်းစပ်သွားပုံရသည်။ လီလော့ကိုယ်တိုင်ပင် သူမ လက်ရှိတွင် မည်သို့ ဖြစ်နေသည်ကို မသေချာပေ။ သို့သော်လည်း၊ အစစ်အမှန်နတ်ဆိုးတကောင်နှင့် ရောနှောပတ်သက်နေခြင်းသည် သေချာပေါက် ကောင်းသောအရာ မဟုတ်သဖြင့်၊ ထို့ကြောင့် သူတို့ တတ်နိုင်သမျှ လျှို့ဝှက်ထားရန်မှာ အကောင်းဆုံးဖြစ်သည်ဟု တွေးမိသည်။

"ဒါပေမယ့် မင်းရဲ့ အခြေအနေက တကယ်ကို ထူးခြားတယ်။ ငါတို့ အမှောင်နယ်မြေကနေ ထွက်သွားတာနဲ့ မြို့တော်ဝန် လီဖုန်းကို အဲဒီအကြောင်း အသိပေးပြီး မင်းကို စောင့်ကြည့်ခိုင်းထားမယ်… တစ်ချိန်တည်းမှာပဲ ဂုဏ်ထူးဆောင် အကြီးအကဲကိုလည်း အသိပေးပြီး၊ သူ အဲဒါကို ဘယ်လို ကိုင်တွယ်ဖို့ ရည်ရွယ်ထားလဲဆိုတာ ကြည့်ရမယ်.. မင်း အဆင်ပြေရဲ့လား?"

မေးခွန်းမေးနေစဉ် လီလင်းကျင်းကို စူးစိုက်ကြည့်နေပြီး၊ သူမက ငြင်းဆန်သည့် လက္ခဏာ တစ်စုံတစ်ရာ ပြသလာပါက အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေနှင့် ဆက်သွယ်ရန် ပြင်ဆင်ထားခဲ့သည်။ ထိုသို့ ဖြစ်လာခဲ့ပါက၊ အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားရပေမည်။

ကံကောင်းစွာဖြင့်၊ လီလင်းကျင်းက မည်သည့် ပုန်ကန်သည့် လက္ခဏာမျှ မပြသခဲ့ပေ။ သူမက ခေတ္တမျှ စဉ်းစားပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ကလန်ခေါင်းဆောင်က ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးဆီကနေ ခွဲထွက်ဖို့ ငါ့ကို ကူညီပေးနိုင်ရင် ကံကောင်းတာပေါ့…"

သူမ၏ စကားဆုံးသည်နှင့်၊ သူမ၏ပတ်လည်ရှိ ပျက်သုန်းခြင်း အငွေ့အသက်များက စတင် သိပ်သည်းလာသည်။ နောက်တစ်ခဏတွင်၊ သူမသည် အနက်ရောင် ပုလဲလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အတွင်းတွင် သွယ်လျပြီး ဖြူဖျော့သော မျက်နှာလေးတစ်ခု စီးဆင်းနေသည်။ ၎င်းမှာ ထင်ရှားစွာပင် ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသော အရာတစ်ခုဖြစ်သည်။

လီလော့အနေဖြင့် ထိုပုလဲလုံးကို တိုက်ရိုက် မကိုင်တွယ်ရဲပေ။ထို့ကြောင့် ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူကာ အနက်ရောင်ပုလဲလေးကို သေတ္တာထဲသို့ အလိုအလျောက် ဝင်သွားစေသည်။ ထို့နောက်၊ ပဲ့တင်သံစွမ်းအင်များကိုသုံး၍ သေတ္တာပတ်လည်တွင် ကာကွယ်မှုအလွှာများ ဖန်တီးပြီးနောက် သေချာစွာ သိမ်းဆည်းလိုက်သည်။

ထို့နောက် ဘာစကားမှ ထပ်မပြောတော့ဘဲ မီးတောင်ထဲမှ အလျင်အမြန် ထွက်ခွာကာ တောင်တန်းဆီသို့ တည့်တည့် ပြန်သွားလေသည်။

……

တောင်တန်း၏ ပြင်ပဒေသတွင်….

လီဖုန်းယီ၊ လီကျင်းထောင်၊ တျန့်ဖုန်းရှန် နှင့် တံခွန်လေးခုမှ အဖွဲ့ဝင်များ အားလုံး စောင့်ဆိုင်းနေကြသည်။

လီကျင်းထောင် နှင့် တျန့်ဖုန်းရှန်တို့က တည်ငြိမ်နေဆဲဖြစ်သော်လည်း၊ ဂနာမငြိမ်ဖြစ်နေသော လီဖုန်းယီမှာ ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့သည်။ သူမ၏ မျက်နှာနှာ စိတ်မရှည်မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ မည်သို့ပင်ဆိုစေ၊ လီလော့ ထွက်သွားခဲ့သည်မှာ ရက်အနည်းငယ် ကြာခဲ့ပြီဖြစ်ပြီး သတင်း လုံးဝ မရရှိခဲ့ပေ။

လီဖုန်းယီက အံကြိတ်ကာ ရပ်တန့်လိုက်ပြီးနောက် လီကျင်းထောင်ကို ပြောလိုက်သည်၊ "နောက်ထပ် တစ်ရက် ထပ်စောင့်ကြမယ်…ဒါတောင် ပြန်မလာသေးဘူးဆိုရင်၊ လီကျင်းထောင် နင် အမှောင်နယ်မြေ အပြင်ဘက်ကို ထွက်သွားပြီး အပြင်မှာ ကင်းစောင့်နေတဲ့ အနောက်ဘက်မြို့တော် မြို့စားတွေကို ဒီထဲဝင်ပြီး ရှာဖွေဖို့ ခေါ်လာခဲ့"

ထိုစကားကို ကြားသောအခါ လီကျင်းထောင်က သူမကို စိတ်အေးအေးထားရန် ပြောချင်ခဲ့သည်။ သို့သော်၊ သူမ၏ မျက်လုံးများထဲရှိ စိတ်မရှည်မှုကို သတိပြုမိပြီး ခေါင်းညိတ်ကာ ပြန်ဖြေရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ"

တစ်ချိန်တည်းမှာပင်၊ လီဖုန်းယီက တျန့်ဖုန်းရှန်ကို ကြည့်ကာ အေးစက်သောလေသံဖြင့်….

"ရွှေအလင်းတံခွန်ကို ဦးဆောင်ပြီး ငါနဲ့အတူ တောင်တန်းတွေကို ရှာဖွေဖို့ နင် ပြင်ဆင်ထားလို့ရပြီ..ငါ့မောင်လေးကို ရှာမတွေ့ဘဲ ငါတို့ထဲက ဘယ်သူမှ ဒီကနေ ထွက်မသွားရဘူး…”

တျန့်ဖုန်းရှန်ကလည်း ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ့ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး အဝေးရှိ တောအုပ်ထဲသို့ လှမ်းကြည့်လိုက်သည်။

လေကို ခွဲထွက်သွားသော အသံများ ကြားနေရပြီ…..

လီဖုန်းယီနှင့် လီကျင်းထောင်တို့လည်း ၎င်းကို ခံစားမိသဖြင့် သူတို့ အလျင်အမြန် ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ထိုစဉ် အဝေးမှ ရင်းနှီးသော လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် ထိုလူရိပ်က တောအုပ်ထဲသို့ တည့်တည့် ဝင်ရောက်လာသည်။

တံခွန်လေးခုမှ အဖွဲ့ဝင်များ အားလုံးလာ်း လှည့်ကြည့်လိုက်ကြပြီး ဝမ်းသာအားရ အံ့အားသင့်သော အမူအရာများ ပေါ်လာသည်။

"ငါတို့ ခေါင်းဆောင် ပြန်လာပြီ!"

လူအုပ်ကြီးက နှလုံးသားများထဲမှ သက်ပြင်းချရင်း အော်ဟစ်လိုက်ကြသည်။

သူတို့၏ အံ့အားသင့်နေသော အကြည့်များအောက်တွင်၊ လီလော့က မြေပြင်ပေါ် ဆင်းသက်လိုက်သည်နှင့်တပြိုင်နက် လီဖုန်းယီနှင့် ကျန်နှစ်ယောက်ကို တောင်းပန်လိုက်သည်။

"မင်းတို့ကို စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်…"

"မောင်လေး နင် ဘယ်တွေ သွားနေတာလဲ..အဆင်ပြေရဲ့လား…ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးရော ဘယ်လိုနေလဲ.."

လီဖုန်းယီက သူ့ကို မေးခွန်းများ ဆက်တိုက်မေးနေရင်း လီလော့ အန္တရာယ်ကင်းစွာ ရှိနေသည်ကို မြင်ပြီးနောက် သူမ၏ တင်းမာနေသော ခန္ဓာကိုယ်မှာ နောက်ဆုံးတွင် သက်သောင့်သက်သာ ဖြစ်သွားသည်။

"ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ဂုဏ်ထူးဆောင် အကြီးအကဲ ကျွန်တော့်ကို ပေးထားတဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု သုံးပြီး မောင်းထုတ်လိုက်ပြီ…အဲဒီနောက်… ကျွန်တော် တောင်တန်းရဲ့ အတွင်းပိုင်းကို ထပ်သွားပြီး အဖိုးတန် အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့တယ်… ဒါကြောင့် အဲဒီမှာ ကျွန်တော့် အချိန် တော်တော်များများ ကုန်သွားတာ…"

ရှင်းပြပြီးနောက်၊ သူက အိတ်ဆောင် စက်လုံးထဲမှ အခေါင်းပေါက်ပါသော သစ်ကိုင်းသုံးခုကို ထုတ်ယူကာ လီဖုန်းယီ၊ လီကျင်းထောင်နှင့် တျန့်ဖုန်းရှန် တို့ထံ ကမ်းပေးလိုက်သည်။

"မင်းတို့ကို ငါ မမေ့ပါဘူး…လူတိုင်း ဝေစုရပါလိမ့်မယ်"

သူတို့ သန္ဓေသား သစ်သီးကို ရှာဖွေရန် အမှောင်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ခြင်းမှာ အများအားဖြင့် လီလော့၏ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်များကြောင့်ဖြစ်သည်။ သူတို့သုံးယောက်သည် သူ့ကြောင့် အန္တရာယ်များစွာကို ဖြတ်သန်းခဲ့ရသဖြင့် သူတို့ကို လက်ဗလာဖြင့် ပြန်မလွှတ်နိုင်ပေ။ ဤအရာဖြင့် သူတို့တစ်ဦးစီတိုင်းကို ပြန်လည်ပေးဆပ်ရန် သူ အတတ်နိုင်ဆုံး ကြိုးစားခဲ့ခြင်းဖြစ်သည်။

သူတို့သုံးယောက်စလုံး သစ်ကိုင်းများကို လက်ခံရရှိပြီး ဖွင့်ကြည့်လိုက်သောအခါ အနည်းငယ် မှင်သက်သွားကြသည်။ ၎င်းတို့ထဲတွင် စီးဆင်းနေသော ရွှေရောင်အလင်းတန်း အမျှင်များဖြင့် ပြည့်နှက်နေသည့် မီးရေစွမ်းအင်များကို မြင်လိုက်ရသောအခါ သူတို့ အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။

"တကယ်ကို သန့်စင်ပြီး ညှို့ငင်ဖမ်းစားနိုင်တဲ့ စွမ်းအင်ပဲ.." ဟု သူတို့သုံးယောက်က အံ့အားသင့်စွာ ပြောလိုက်ကြသည်။

"နင့်မှာ အသိစိတ်နည်းနည်း ရှိသေးတယ်လို့ ငါ ထင်တယ်…"

လီဖုန်းယီက ထိုသို့ပြောရင်း သစ်ကိုင်းကိုသိမ်းဆည်းလိုက်သည်။

တစ်ချိန်တည်းမှာပင် လီကျင်းထောင်ကလည်း သိမ်းဆည်းရင်း အနည်းငယ် ရယ်မောလိုက်သည်။

တျန့်ဖုန်းရှန် တစ်ယောက်သာ ၎င်းနှင့်ပတ်သက်၍ အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ သူသည် လီလော့နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးမျိုး မရှိခဲ့ဘဲ၊ ယခင်က သူတို့နှစ်ဦးကြားတွင် ပွတ်တိုက်မှုများ ရှိခဲ့သည်။ သူတို့သည် တူညီသော ကလန်သားများ ဖြစ်ပြီး လီလော့၏ လက်ဆောင်ကို လက်ခံရမည်လား၊ လက်မခံရဘူးလား ဆိုသည်ကို သူ မသိပေ။

"နင့်က ငါ့မောင်လေးကို မျက်နှာသာမပေးချင်ဘူးလား…”

တျန့်ဖုန်းရှန်၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ လီဖုန်းယီက မျက်မှောင်ကြုတ်လိုက်သည်။

"နင် ဒါကို လက်မခံဘူးဆိုရင် ငါတို့သုံးယောက် နင့်ကို အခုချက်ချင်း ဒီနေရာမှာတင် ဝိုင်းရိုက်ကြမှာကို မကြောက်ဘူးလား"

ချိန်းခြောက်သည့်စကားကိုကြားသောအခါ၊ တျန့်ဖုန်းရှန်က ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ သစ်ကိုင်းတစ်ခက်ကိုယူလိုက်သည်။

"တာဝန် ပြီးမြောက်ပြီ ဒီကနေ အမြန်ဆုံး ထွက်သွားကြစို့…."

အခြားသုံးယောက်ကလည်း လီလော့၏ဆော်သြချက်ကို သဘာဝကျကျ သဘောတူကြသည်။ ဤအမှောင်နယ်မြေ ခရီးစဉ်သည် သူတို့၏ စိတ်ကူးထက် များစွာ ကျော်လွန်သော အန္တရာယ်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့၏ တာဝန် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားခြင်းက အကောင်းဆုံးဟု သူတို့ ခံစားကြရသည်။

ထိုသို့ဖြင့်၊ သူတို့လေးယောက်စလုံး တံခွန်အဖွဲ့များကို ဦးဆောင်ကာ အမှောင်နယ်မြေထဲမှ အလျင်အမြန် ထွက်ခွာသွားကြလေသည်။

All Chapters