အခန်း (၂၁၁-၂၁၂)
Vol. 13 Ch. 211-212
အပိုင်း (၂၁၁) ခင်ဗျားက ကျုပ်ကို အထင်သေးနေတာလား။
ရက်အတော်ကြာ ဆက်တိုက်ဆိုသလိုပဲ ဖန်ကျန်းရီသည် မြို့ပြင်ရှိ ဆန်ပြုတ်တဲများထဲသို့ သဲများကြဲပက်ရန် လူလွှတ်ခဲ့သောကြောင့် မြို့ပြင်ရှိ ဒုက္ခသည်များကြားတွင် မြည်တွန်တောက်တီးသံများ ဆူညံသွားခဲ့သည်။
သို့သော်ငြား ရလဒ်ကတော့ သိသိသာသာ ထူးခြားလှသည်။ ထမင်းကို ဖြစ်သလို စားနိုင်သော်လည်း ဤနေရာသို့ဝင်၍ ရောယောင် စားသောက်နေသူများ အတော်လေး နည်းပါးသွားခဲ့၏။
ထို့အပြင် ဖန်ကျန်းရီက နေ့စဉ်နှင့်အမျှ စားသောက်ဖွယ်ရာများကို မျိုးစုံပြောင်းလဲ တောင်းဆိုနေသောကြောင့် ရုံးတော်အတွင်းရှိ လူတစ်စုမှာလည်း ဟန်ဆောင်ဖုံးကွယ်နေရန် ပျင်းရိသွားကြတော့သည်။
ယခင်က စားသောက်နေကျ အစားအစာများကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော်လိုက်ကြ၏။ ယခု ရုံးတော်အတွင်းရှိ အစားအသောက်များမှာ ဇိမ်ကျကျ နေထိုင်ခြင်းဟု မဆိုနိုင်သော်ငြား ဖန်ကျန်းရီ စတင် ရောက်ရှိလာချိန်ကထက်တော့ အများကြီး ပိုမိုကောင်းမွန်နေခဲ့၏။
ဖန်ကျန်းရီအား ကြည့်ရှုနေသော မြို့ဝန်လျိုရွှန်း၏ အကြည့်များတွင်လည်း တစ်မူထူးခြားသော အသိအမှတ်ပြုမှုမျိုး ပါဝင်နေခဲ့၏။
ဤမျှ အောက်တန်းကျလှသော လူယုတ်မာမျိုးမှာ တကယ့်ကို ရှားပါးလှသည်။
သို့သော်ငြား လူ့သဘာဝတွင် အားနည်းချက် ကြီးမားလေလေ အသုံးချရန် ပို၍ လွယ်ကူလေလေပင် ဖြစ်၏။
ယနေ့မှာတော့ ဖန်ကျန်းရီသည် ဘဏ္ဍာရေးဌာနရှိ စာရေးစာချီ အများအပြား၏ အားကျနေသော အကြည့်များ အောက်တွင် မုန့်များကို အေးအေးလူလူ စားသောက်နေခဲ့သည်။
တစ်ခါတစ်ရံတွင် တံတွေးမြိုချနေသူများလည်း ရှိနေ၏။ သာမန်နေ့ရက်များတွင် ဤသခင်လေး၏ လုပ်ရပ်များကို လူတိုင်းက မျက်စိဒေါက်ထောက် ကြည့်နေခဲ့ကြသည်။
သူက သူများထက် ပိုကောင်းအောင် စားသောက်သည်သာမက နေ့တိုင်း အရသာရှိပြီး သေသပ်လှပသော မုန့်များကိုလည်း ရရှိနေ၏။ သို့သော်ငြား ကံကောင်းသည်မှာ သူက အလွန် ဂျီးများသူ ဖြစ်ပေသည်။ နှစ်လုပ်ခန့် စားပြီးသည်နှင့် အီသွားတတ်ကာ အခြားသူများကို လက်ဆောင်အဖြစ် ပေးလေ့ရှိ၏။
ထိုအချိန်မှာတော့ လူတိုင်းက သူတို့၏ အရည်အချင်းကို ပြသရမည့် အလှည့်ပင် ဖြစ်သည်။
အလုပ်ကြိုးစားကြောင်း ပြသနိုင်သူတိုင်းသည် အချိုပွဲ တစ်ပွဲကို ရရှိလေ့ရှိ၏။
ထင်ထားသည့်အတိုင်းပင် ဖန်ကျန်းရီသည် စွန်ပလွံကိတ်မုန့်ကို နှစ်လုပ်ခန့် စားပြီးသည်နှင့် မျက်မှောင်ကြုတ်သွားခဲ့၏။ သူက ပြောလိုက်သည်။ "ကြမ်းတမ်းလိုက်တာ။ ဒီလို အစားအစာမျိုးကို စားရတာ ကျုပ် လည်ချောင်းတွေတောင် နာလာပြီ။"
သူက ဆက်ပြောလိုက်၏။ "လာ … ကျုပ် ခင်ဗျားတို့ကို စာမေးပွဲ စစ်ကြည့်မယ်။ စပါးကျီထဲက စားနပ်ရိက္ခာတွေက ဘယ်လောက်ကြာကြာ ထုတ်ပေးဖို့ လောက်ငှအုံးမလဲ။ အဖြေမှန်ရင် မုန့်စားရမယ်။"
"ဆယ့်ရှစ်ရက်။"
"ဆယ့်ရှစ်ရက်။"
"နှစ်ဆယ့်ငါးရက်။"
ဖန်ကျန်းရီသည် ဆယ့်ရှစ်ရက်ဟု ဖြေဆိုခဲ့သူကို မျက်စောင်းထိုးကြည့်လိုက်၏။ သူက မေးလိုက်သည်။ "ရှောင်လီ … မင်းလိုကောင်က ဒီလောက် အရေအတွက်လေးကိုတောင် တွက်မှားနေသေးတာလား။ နေ့စဉ် စပါးကျီကနေ ထုတ်ပေးနေတဲ့ အရေအတွက်ကို မင်း မမှတ်မိဘူးလား။"
ရှောင်လီက ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။ "သခင်လေး … သခင်လေး သိပ်သတိမထားမိလို့ပါ။ စပါးကျီထဲက စားနပ်ရိက္ခာတွေက သေချာပေါက် မလောက်ငှတော့ပါဘူး။ ကျုပ်တို့က အခွန်တွေ တိုးကောက်ထားတယ် မဟုတ်လား။ ဒီနေ့က ပြည်သူတွေဆီကနေ စားနပ်ရိက္ခာ ကောက်ခံမယ့်နေ့လေ။"
သူက ဆက်ပြောလိုက်သည်။ "တိကျတဲ့ အရေအတွက်ကိုတော့ အစီရင်ခံမလာသေးပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ထင်မြင်ချက်အရတော့ နောက်ထပ် ခုနစ်ရက်လောက်တော့ တောင့်ခံထားနိုင်ပါသေးတယ်။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "အင်း။ ယုတ္တိရှိတယ်။ ဒီမုန့်ပန်းကန်က မင်းအတွက်ပဲ။ ကျုပ်တို့ ဘယ်နေရာမှာ စားနပ်ရိက္ခာတွေ ကောက်ခံနေတာလဲ။ ကျုပ် အားနေတာဆိုတော့ အပြင်ထွက်ပြီး သွားကြည့်ရတာပေါ့။"
ရှောင်လီသည် မတ်တပ်ရပ်လိုက်ပြီး ဖန်ကျန်းရီ ကမ်းပေးလာသော စွန်ပလွံကိတ်မုန့် ပန်းကန်ကို ဝမ်းသာအားရ လှမ်းယူလိုက်၏။ သူက ပြန်ဖြေလိုက်သည်။ "မြို့စွန်နားလေးမှာပဲလေ။ ဒီနေ့ တစ်ခေါက် ကောက်ခံစရာ ရှိသေးတယ်။ သခင်လေး မြို့ပြင်ထွက်ပြီး နှစ်မိုင် သုံးမိုင်လောက် တည့်တည့်သွားလိုက်ရင် တွေ့ရပါလိမ့်မယ်။"
ဖန်ကျန်းရီက ပြုံးလိုက်၏။ "ပြီးခဲ့တဲ့ တစ်ခေါက်က လွန်ခဲ့တဲ့ တစ်လလောက်ကပဲ။"
သူသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးနောက် အစိုးရရုံးတော်မှ စားနပ်ရိက္ခာများ ကောက်ခံမည့်အချိန်ကို နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီပဲ ဖြစ်သည်။ ထိုအထဲတွင် မည်မျှလောက်သော လျှို့ဝှက်ချက်များ ပါဝင်နေမည်ကို မသိရသော်ငြား ဤတစ်ကြိမ်တွင်တော့ သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း မြင်တွေ့ရပေလိမ့်မည်။
သူက ပြောလိုက်၏။ "မဆိုးဘူးပဲ။ အတော်လေး ပြည့်စုံအောင် သိထားတာပဲ။ ဒါဆို မင်း ခဏနေရင် ကျုပ်နဲ့အတူ လိုက်ခဲ့။"
ရှောင်လီသည် ပါးစပ်နှင့်အပြည့် မုန့်များကို ဝါးနေရင်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
စားသောက်ပြီးစီးချိန်မှာတော့ သူတို့နှစ်ဦးသည် မြင်းများကို စီးနင်းကာ မြို့ပြင်ရှိ စားနပ်ရိက္ခာ ကောက်ခံသည့် နေရာသို့ ထွက်ခွာလာခဲ့ကြ၏။
ထိုအချိန်တွင် စားနပ်ရိက္ခာ ချိန်တွယ်ရန် ရောက်ရှိနေသော ပြည်သူများက တန်းစီနေကြပြီ ဖြစ်သည်။ လူတိုင်း၏ မျက်နှာများသည် မြေကြီးရောင် ပေါက်နေပြီး အရိုးပေါ် အရေတင် ပိန်ချုံးနေကြ၏။ သူတို့၏ လက်ထဲတွင် စားနပ်ရိက္ခာအိတ်များကို ဆွဲကိုင်ထားကြပြီး အစိုးရရုံးတော်မှ ချိန်တွယ်ကာ သိမ်းဆည်းသွားမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် ကြာပွတ်ကို ဝှေ့ယမ်းကာ လူတန်းကြီး၏ ရှေ့ဆုံးတွင် အဆက်မပြတ် အော်ဟစ် ဆဲရေးနေ၏။
ပြည်သူများသည် အိတ်ထဲရှိ စားနပ်ရိက္ခာများကို ရုံးတော်သုံး ချိန်တောင်းထဲသို့ လောင်းထည့်ကာ စတင် ချိန်တွယ်ကြသည်။ ဤရုံးတော်သုံး ချိန်တောင်းတွင် အမှတ်အသားများ ပါရှိပြီး ဆန်များ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို ကြည့်ကာ မည်မျှ အလေးချိန်ရှိကြောင်း သိနိုင်သည်။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် ဖန်ကျန်းရီ ရောက်ရှိလာသည်ကို မြင်လိုက်ရချိန်တွင် ချက်ချင်း ဖားယားသော မျက်နှာပေးဖြင့် မေးလိုက်၏။ "မြို့ဝန်ဖန် .. သခင်လေး ဒီကို ဘာကိစ္စများ ရှိလို့ပါလဲ။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "အင်း။ ကြည့်ရုံသတ်သတ်ပါ။ မင်း အလုပ် မင်း ဆက်လုပ်လေ။"
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် ခေါင်းညိတ်ကာ နောက်ဆုတ်သွားပြီးနောက် စားနပ်ရိက္ခာများကို ဆက်လက် ကောက်ခံနေခဲ့၏။
ဖန်ကျန်းရီနှင့် ရှောင်လီတို့သည် ဘေးဘက်တွင် မတ်တပ်ရပ်နေကြသည်။
ထိုအချိန်တွင် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ကလေးငယ်ကို ပွေ့ချီထားရင်း ပြင်းပြသော ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် စားနပ်ရိက္ခာအိတ်ကို ယူဆောင်လာခဲ့၏။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် ရုံးတော်သုံး ချိန်တောင်းထဲသို့ လောင်းထည့်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ "မှတ်ထား … လေးဆယ့်ငါးပေါင်။ ငါးပေါင် လိုနေသေးတယ်။"
သူက ဆက်ပြောလိုက်၏။ "သွား …. ရှေ့မှာ သန်းခေါင်စာရင်း သွားပြလိုက်။ သုံးရက်အတွင်း ပြည့်အောင် လာပေးရမယ်။"
မူလက ခံစားချက် ကင်းမဲ့နေသော အမျိုးသမီး၏ မျက်နှာမှာ ချက်ချင်းပင် လှုပ်ရှားလာခဲ့သည်။ ဝမ်းနည်းပူဆွေးမှု၊ နာကျင်မှုနှင့် မကျေနပ်မှုများက တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ သူမက ငိုယိုကာ အသနားခံလိုက်သည်။ "အရှင် … ဒါ မဖြစ်နိုင်ဘူး။ ကျွန်မ အိမ်မှာ သေသေချာချာ အကြိမ်ကြိမ် ချိန်တွယ်ခဲ့တာပါ။ သေချာပေါက် အမှားအယွင်း မရှိနိုင်ပါဘူး။ ပေါင်ငါးဆယ် အတိအကျပါ။ အရှင် ထပ်ပြီး ကြည့်ပေးပါ။ ထပ်ပြီး ကြည့်ပေးအုံး။"
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် အမျိုးသမီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "ကောင်းပြီ။ ရုံးတော်က စားနပ်ရိက္ခာ ကောက်ခံတဲ့အခါမှာ သေချာပေါက် ရှင်းရှင်းလင်းလင်း ဖြစ်ရမယ်။ သေသေချာချာ ထပ်ချိန်ကြည့်ကြတာပေါ့။"
ဖန်ကျန်းရီသည် ဘေးဘက်မှနေ၍ မျက်လုံးများကို မှေးကာ ကြည့်နေခဲ့သည်။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် စကားပြောဆိုပြီးနောက် သူ၏လက်ဖြင့် စားနပ်ရိက္ခာပုံထဲတွင် အားကုန်သုံးကာ မွှေနှောက်လိုက်ပြီးနောက် ရုံးတော်သုံး ချိန်တောင်းကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်၏။ ထို့နောက် အသံကျယ်ကျယ်ဖြင့် ထပ်မံ အော်ပြောလိုက်၏။ "မှတ်ထား။ သုံးဆယ့်ရှစ်ပေါင်။ စားနပ်ရိက္ခာ ဆယ့်နှစ်ပေါင် လိုသေးတယ်။"
အမျိုးသမီးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ မျက်ရည်များက ချက်ချင်းပင် ကျဆင်းလာခဲ့၏။
ညစ်ပတ်ပေရေနေသော မျက်နှာပေါ်တွင် မျက်ရည်စက်များက လမ်းကြောင်းနှစ်သွယ်အဖြစ် စီးကျလာခဲ့သည်။
ထို့နောက် သူမ၏ ဒူးနှစ်ဖက်က မြေပြင်ပေါ်သို့ ဒိုင်းခနဲ ကျဆင်းသွားပြီး အဆက်မပြတ် ခေါင်းဝပ်ကာ တောင်းပန်နေတော့၏။ သူမ ရင်ခွင်ထဲရှိ ကလေးငယ်မှာလည်း အော်ဟစ် ငိုယိုနေခဲ့သည်။
သူမက ပြောလိုက်၏။ "အရှင် … အရှင် …. သေချာပေါက် မှားနေတာပါ။ မှားနေတာပါ။"
သူမက ဆက်ပြောလိုက်သည်။ "ကျွန်မ အိမ်မှာ ချိန်တွယ်ခဲ့တုန်းက တကယ်ကို ပေါင်ငါးဆယ် အတိအကျပါ။ အမှားအယွင်း မရှိနိုင်ပါဘူး။"
အမျိုးသမီးသည် မြေပြင်ပေါ်တွင် ဒူးထောက်ရင်း ထိုစကားများကိုသာ ထပ်တလဲလဲ ရေရွတ်နေခဲ့၏။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးမှာ စိတ်မရှည်တော့ပေ။ သူက ပြောလိုက်သည်။ “မင့်ကို နှစ်ကြိမ်တောင် ချိန်တွယ်ပေးပြီးပြီကို ပြဿနာ လာရှာရဲသေးတယ်ပေါ့။ အခုချက်ချင်း ထွက်သွားစမ်း။ မဟုတ်ရင် ကျုပ်ကို ရက်စက်တယ်လို့ မပြောနဲ့။"
စကားအဆုံးတွင် သူ၏လက်ထဲရှိ ကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ရိုက်ခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
အမျိုးသမီးသည် မကြားလိုက်ရသကဲ့သို့ပင် ဆက်လက်၍ ခေါင်းတိုက်ကာ တောင်းပန်နေပြီး ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေခဲ့သည်။
စားနပ်ရိက္ခာ ကောက်ခံရေးမှူး၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့ပြီး လက်ထဲရှိ ကြာပွတ်ဖြင့် အမျိုးသမီး၏ ကိုယ်ပေါ်သို့ ရိုက်ချရန် ရွယ်လိုက်၏။
သို့သော်ငြား သူ၏ လက်ကို မြှောက်လိုက်ချိန်မှာပဲ တစ်စုံတစ်ယောက်က ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
ဖန်ကျန်းရီသည် စားနပ်ရိက္ခာ ကောက်ခံရေးမှူး၏ လက်ကို ဆုပ်ကိုင်ထားရင်း ဆဲရေးလိုက်၏။ "ခွေးကောင် …. မင်းက ဘာတွေ လောနေတာလဲ။ နောက်တစ်ကြိမ် ထပ်ပြီး ချိန်ပေးလိုက်စမ်း။"
သူက ဆက်ပြောလိုက်သည်။ "တောက် … လူတိုင်းက မင်းလိုမျိုး အလုပ်လုပ်နေမယ်ဆိုရင် မြို့ဝန်လျိုရဲ့ မျက်နှာကို အိုးမဲသုတ်သလို ဖြစ်နေတော့မှာပေါ့။"
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် ရှက်ရွံ့စွာဖြင့် နောက်ဆုတ်သွားခဲ့၏။
ဖန်ကျန်းရီသည် အမျိုးသမီးအား အထက်မှနေ၍ ငုံ့ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ "ထပါ။ ဒီနေရာမှာ ပြဿနာ မရှာပါနဲ့။ ကျုပ်က မင်းကို နောက်တစ်ကြိမ် ထပ်ပြီး ချိန်တွယ်ပေးပါ့မယ်။"
စကားအဆုံးတွင် သူသည် လှည့်ကာ ရုံးတော်သုံး ချိန်တောင်းအနီးသို့ လျှောက်သွားလိုက်ပြီး စားနပ်ရိက္ခာ ကောက်ခံရေးမှူး လုပ်သကဲ့သို့ ဆန်ပုံထဲတွင် မွှေနှောက်လိုက်ကာ ရုံးတော်သုံး ချိန်တောင်းကို ခြေထောက်ဖြင့် အားကုန် ကန်ချလိုက်၏။
သူက ပြောလိုက်သည်။ "သုံးဆယ့်ခြောက်ပေါင်။"
ထို့နောက် နောက်ထပ် တစ်ချက် ထပ်ကန်လိုက်ရာ စားနပ်ရိက္ခာများသည် အနည်းငယ် ထပ်မံ နိမ့်ကျသွားခဲ့ပြန်၏။
ဆက်တိုက်ဆိုသလိုပင် ချိန်တောင်းကို သုံးချက် ဆက်တိုက် ကန်လိုက်ပြီးနောက် အဆုံးတွင်တော့ သုံးဆယ်ပေါင် အောက်သို့ ထပ်မံ မကျဆင်းတော့ပေ။
ဖန်ကျန်းရီသည် စားနပ်ရိက္ခာ ကောက်ခံရေးမှူးအား နောက်ပြောင်ချင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "တောက် … မင်းရဲ့ ချိန်တောင်းက ပြဿနာ ရှိနေတာပဲ။ ဘယ်လို အဓိပ္ပာယ်လဲ။ ကျုပ်က မင်းကိုပါ အထဲထဲပစ်ထည့်ပြီး အလေးချိန် လျှော့ချပေးရမလားလို့ စဉ်းစားနေမိတယ်။"
ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများအားလုံးမှာ ကြက်သေသေသွားကြပြီး ဤထူးဆန်းလှသော မြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့ကြသည်။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် တံတွေးမြိုချလိုက်ပြီး ဖန်ကျန်းရီ၏ နားအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ "မြို့ဝန်ဖန် … ဟိုနေရာကိုသွားပြီး စကားနည်းနည်းလောက် ပြောလို့ရမလား။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီးနောက် သူ့နောက်သို့ လိုက်ကာ လူသူကင်းမဲ့သော နေရာသို့ ထွက်သွားခဲ့သည်။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးက တိုးတိုးလေး ပြောလိုက်၏။ "မြို့ဝန်ဖန်။ သခင်လေး သိပ်သတိမထားမိလို့ပါ။ ရုံးတော်သုံး ချိန်တောင်းက ဒီလိုပါပဲ။"
ဖန်ကျန်းရီက မေးလိုက်သည်။ "ဒီလိုပါပဲ ဟုတ်လား။ စားနပ်ရိက္ခာတွေကို ချိန်တွယ်လေလေ နည်းသွားလေလေ ဖြစ်နေရတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းကို အထဲပစ်ထည့်ပြီး အလေးချိန် လျှော့ချပေးရမလားလို့ ကျုပ်က ပြောနေတာလေ။"
စားနပ်ရိက္ခာ ကောက်ခံရေးမှူးမှာ ချွေးသီးချွေးပေါက်များ ကျလာခဲ့၏။ သူက ပြန်ဖြေလိုက်၏။ "ဒီပြည်သူတွေက အရမ်း ကောက်ကျစ်ကြတယ်။ အရည်အသွေးညံ့တဲ့ ပစ္စည်းတွေကို အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေနဲ့ အမြဲတမ်း ရောနှောတတ်ကြတယ်။ ဒါကြောင့်မို့လို့ ကျုပ်တို့က နည်းနည်း ပိုပြီး ချိန်တွယ်ရတာပါ။ ကျုပ် ဆိုလိုတာကို အရှင် နားလည်တယ် မဟုတ်လား။"
ဖန်ကျန်းရီသည် သူ့အား စူးစိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ "နားမလည်ဘူး။"
ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများက လှမ်းကြည့်လာကြရာ စားနပ်ရိက္ခာ ကောက်ခံရေးမှူးမှာ ပို၍ပင် စိုးရိမ်ထိတ်လန့်သွားခဲ့သည်။ သူက အလောတကြီး ပြောလိုက်၏။ "သခင်လေး … အသံမကျယ်ပါနဲ့။ သခင်လေး …. အသံမကျယ်ပါနဲ့။ ဒီကိစ္စကို မြို့ဝန်လျိုလည်း သိပါတယ်။ ကျုပ်တို့ အမြဲတမ်း ဒီလိုပဲ လုပ်နေကျပါ။ သခင်လေးက အခုမှ ရောက်လာတာဆိုတော့ အခြေအနေကို သိပ်နားမလည်သေးလို့ ဖြစ်ပါလိမ့်မယ်။"
ဖန်ကျန်းရီက အော်ဟစ်လိုက်သည်။ "မင်း ပါးစပ်ပိတ်ထားစမ်း။ ကျုပ်နဲ့ မြို့ဝန်လျိုနဲ့က အရမ်း ခင်မင်ရင်းနှီးကြတယ်။ ဒီလိုကိစ္စလေးကို သူက ကျုပ်ကို မပြောဘဲ နေပါ့မလား။ ကြည့်ရတာ မင်း ကိုယ်ကျိုးရှာပြီး စားနပ်ရိက္ခာတွေကို ခိုးဝှက်နေတာပဲ ဖြစ်ရမယ်။"
သူက ဆက်ပြောလိုက်၏။ "ပြောစမ်း … ခိုးဝှက်ထားတဲ့ စားနပ်ရိက္ခာတွေ ဘယ်ရောက်သွားလဲ။ ကျုပ်က စားနပ်ရိက္ခာကိစ္စတွေကို တာဝန်ယူထားတဲ့သူပဲ။ လျော့သွားတဲ့ စားနပ်ရိက္ခာတွေက စာရင်းထဲမှာ မပါဘူးနော်။"
စားနပ်ရိက္ခာ ကောက်ခံရေးမှူးမှာ ချွေးသီးချွေးပေါက်များ ကျလာသည်အထိ စိုးရိမ်ထိတ်လန့်နေသော်ငြား မပြောရဲပေ။
ဖန်ကျန်းရီသည် သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ "မပြောလည်း ရပါတယ်။"
စကားအဆုံးတွင် သူ၏ လက်ချောင်းသုံးချောင်းကို အောက်ဘက်တွင် ထားကာ အားကုန် ပွတ်သပ်ပြလိုက်သည်။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် ချက်ချင်းပင် သဘောပေါက်သွားပြီး ရင်ဘတ်ထဲမှ ငွေတစ်တုံးကို ထုတ်ယူလိုက်၏။ ငွေနှစ်တုံး ဖြစ်၏။
နောက်တစ်စက္ကန့်မှာပဲ ဖန်ကျန်းရီ၏ လက်ဝါးက စားနပ်ရိက္ခာ ကောက်ခံရေးမှူး၏ မျက်နှာပေါ်သို့ ရိုက်ချလိုက်ရာ မျက်လုံးထဲတွင် ရွှေရောင်ကြယ်များ လည်ထွက်သွားသည်အထိ ဖြစ်သွားခဲ့သည်။
ဖန်ကျန်းရီသည် တစ်ဖက်လူ၏ အင်္ကျီစကို ဆွဲကိုင်ထားရင်း ရက်စက်စွာ ပြောလိုက်၏။ "ခွေးကောင် … မင်း ကျုပ်ကို အထင်သေးနေတာလား။"
အပိုင်း (၂၁၂) ကျုပ်က နှုတ်လုံပါတယ်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများက အလိုအလျောက် ပေါ်လာခဲ့၏။
စားနပ်ရိက္ခာ ကောက်ခံရေးမှူး၏ ပါးပြင်မှာ ချက်ချင်းပင် ဖောင်းအစ်လာခဲ့ပြီး မယုံကြည်နိုင်စွာဖြင့် သူ၏ညာဘက်ပါးပြင်ကို ဖုံးအုပ်ထားလိုက်ကာ ဖန်ကျန်းရီကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ "သခင်လေး။ ခင်ဗျား..."
"ဖြန်း"
စကားမဆုံးသေးမီ နောက်ထပ် လက်ဝါးရိုက်ချက်တစ်ချက်က သူ၏ ဘယ်ဘက်ပါးပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြန်၏။
ဤတစ်ချက်ကြောင့် နှာခေါင်းသွေးများ ပန်းထွက်လာခဲ့သည်။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးမှာ ကြောက်လန့်တကြား တုန်ယင်နေပြီး ဘာတွေ ဖြစ်သွားမှန်းကိုပင် သတိမထားမိလိုက်ပေ။
သူ၏ ရင်ဘတ်ထဲသို့ လက်တစ်ဖက် ဝင်ရောက်လာပြီး အားကုန်နှိုက်ယူနေသည်ကိုသာ ခံစားလိုက်ရ၏။
ဖန်ကျန်းရီက တတွတ်တွတ် ရေရွတ်လိုက်သည်။ "ခွေးကောင်… ပိုက်ဆံတွေ အကုန်လုံး ကျုပ်ကို ပေးစမ်း။ ဒီလောက်လေးနဲ့ သူတောင်းစားကို လာပေးနေတာလား။"
ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် ထိုနေရာတွင် ရှိနေသော အောက်ခြေအရာရှိများအားလုံးမှာ လုံးဝ ကြက်သေ,သေသွားခဲ့ကြ၏။
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် ချက်ချင်းပင် ငိုချလိုက်တော့သည်။
ဒီကောင် ဘယ်လိုလုပ် အရာရှိ ဖြစ်နေရတာလဲ။ ဓားပြတစ်ယောက်နဲ့ တူနေတာပဲ။
မိမိဘာသာ အလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်နေရင်းမှ အထက်လူကြီး၏ ဓားပြတိုက်ခြင်းကို ခံလိုက်ရသည်။ တန်ပြန် အကြောင်းပြချက် ပေးစရာပင် မရှိတော့ပေ။
သို့သော်ငြား သူသည် ရုန်းကန်ခြင်းကို လက်လျှော့လိုက်ပြီး ဖန်ကျန်းရီ၏ လက်များ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဆက်မပြတ် လှုပ်ရှားနေသည်ကိုသာ ခွင့်ပြုထားလိုက်ရ၏။
မကြာမီမှာပဲ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပိုက်ဆံအားလုံးကို ဖန်ကျန်းရီက တစ်ပြားမကျန် လုယူသွားခဲ့သည်။
ဖန်ကျန်းရီသည် ပိုက်ဆံများကို စားနပ်ရိက္ခာ ကောက်ခံရေးမှူး၏ မျက်စိရှေ့တွင် မြှောက်ပြလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် ပြောလိုက်၏။ "ဒါက ခင်ဗျား ခိုးဝှက်ထားတဲ့ ပိုက်ဆံတွေပဲ။ ခင်ဗျားတော့ သွားပြီ။ စားနပ်ရိက္ခာ ရှားပါးနေတဲ့အချိန်မှာ မြို့ဝန်လျိုရဲ့ စားနပ်ရိက္ခာတွေကိုတောင် ခိုးဝှက်ရဲတယ်ဆိုတော့ ခင်ဗျားက ထောင်ကျရုံတင် မကတော့ဘူး။ ခေါင်းဖြတ်ခံရဖို့သာ စောင့်နေတော့။"
စားနပ်ရိက္ခာ ကောက်ခံရေးမှူးမှာ ပြိုလဲလုမတတ် ခံစားလိုက်ရပြီး ငိုယိုကာ အသနားခံလိုက်သည်။ "မြို့ဝန်ဖန် … သခင်လေး … နားလည်မှု လွဲနေတာပါ။ ကျုပ်တို့အားလုံးက မြို့ဝန်လျိုအတွက် အလုပ်လုပ်ပေးနေကြတာပါ။ သူရဲ့ စားနပ်ရိက္ခာတွေကို ကျုပ် တကယ်ပဲ မခိုးဝှက်ခဲ့ပါဘူး။"
ဖန်ကျန်းရီက မေးလိုက်၏။ "ဒါဆိုရင် စားနပ်ရိက္ခာတွေ ဘယ်ရောက်သွားလဲ။ ကျုပ်က စားနပ်ရိက္ခာကိစ္စတွေကို တာဝန်ယူထားတဲ့သူပဲ။ လျော့သွားတဲ့ စားနပ်ရိက္ခာတွေက စာရင်းထဲမှာ မပါဘူးနော်။"
စားနပ်ရိက္ခာ ကောက်ခံရေးမှူးက ပြန်ဖြေလိုက်သည်။ "ပို့... ပို့လိုက်ပါပြီ။ ဆီဖန်း၊ ထုံတ၊ ကွမ်လိုင် ဆိုတဲ့ ဆန်ဆိုင် သုံးဆိုင်ဆီကို ပို့လိုက်ပါပြီ။ မြို့ဝန်လျိုက သခင်လေးကို ပြောပြထားသင့်တာပါ။"
စားနပ်ရိက္ခာ ကောက်ခံရေးမှူး၏ စကားအဆုံးမှာတော့ မျက်နှာပေါ်သို့ လက်ဝါးတစ်ချက် ကျရောက်လာခဲ့ပြန်၏။
ဖန်ကျန်းရီ ရက်စက်စွာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ခွေးကောင် …. ခင်ဗျား ဘာလို့ စောစောက မပြောတာလဲ။ အခုတော့ လူတိုင်းက ရုံးတော်သုံး ချိန်တောင်းမှာ ပြဿနာရှိနေတယ်ဆိုတာ သိသွားကြပြီ။ ဒါကို ဘယ်လိုလုပ် ဖြေရှင်းမလဲ။"
စားနပ်ရိက္ခာ ကောက်ခံရေးမှူးသည် ထိုနေရာတွင် သနားစရာကောင်းစွာ ရပ်နေခဲ့ပြီး မျက်နှာ တစ်ပြင်လုံးမှာ ရိုက်နှက်ခံထားရသော အနီရောင်အရာများဖြင့် ပြည့်နှက်နေကာ ပိုက်ဆံများလည်း အလုခံလိုက်ရ၏။
ဖန်ကျန်းရီသည် စားနပ်ရိက္ခာ ကောက်ခံရေးမှူးအား အသုံးမကျသောကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ပြီးနောက် ပြည်သူများ၏ ရှေ့သို့ လျှောက်သွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကဲ …. ရပြီ … ရပြီ။ ဒီချိန်တောင်းက ပျက်နေပြီ။ ခင်ဗျားတို့ရဲ့ စားနပ်ရိက္ခာတွေကို အရင် ပြန်ယူသွားလိုက်ကြ။ နောက်တစ်ခေါက်မှ တစ်ပြိုင်တည်း ပြည့်အောင် လာပေးကြ။"
သူက ဆက်ပြောလိုက်၏။ "အကုန်လုံး သွားကြတော့။ သွားကြတော့။"
ပြည်သူများစွာ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လွင်လာခဲ့သည်။ နောက်တစ်ကြိမ်တွင် ထပ်မံ ပေးဆောင်ရမည် ဖြစ်သော်ငြား တစ်ရက်ဆွဲဆန့်နိုင်လျှင် တစ်ရက်ဆိုသော စိတ်ဓာတ်ဖြင့် လူတိုင်းမှာ ဝမ်းသာအားရ ဖြစ်နေကြသည်။
မူလက မြေပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသမီးသည် ရုံးတော်သုံး ချိန်တောင်းအနီးသို့ တွားသွားသွားကာ ဂုန်နီအိတ်ကို ကောက်ယူပြီး စားနပ်ရိက္ခာများကို စတင် ထည့်သွင်းနေခဲ့သည်။ သို့သော်ငြား ဤစားနပ်ရိက္ခာများကို ပြန်လည် ထည့်သွင်းလိုက်ချိန်တွင် မည်သို့ပင်ဖြစ်စေ ငါးဆယ်ပေါင် မရှိတော့ပေ။ လက်ထဲတွင် ဆွဲကိုင်ထားရသည်မှာ တစ်ဝက်ခန့် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရ၏။
အမျိုးသမီးသည် ဖန်ကျန်းရီအား မျှော်လင့်ချက်မဲ့စွာဖြင့် ကြည့်နေခဲ့ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။
ဖန်ကျန်းရီသည် သူမအား ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "ဘာလို့ မသွားသေးတာလဲ။ ကျုပ်ကို ဘာလို့ ကြည့်နေတာလဲ။"
အမျိုးသမီးသည် ပါးစပ်ဟကာ တစ်စုံတစ်ရာ ပြောချင်သော်လည်း ချက်ချင်း မပြောရဲပေ။
ဖန်ကျန်းရီ သူမအား တိတ်ဆိတ်စွာ ဆက်လက် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် မဝံ့မရဲဖြင့် ပြောလိုက်၏။ "နည်း... နည်းသွားတယ်။"
ဖန်ကျန်းရီက မေးလိုက်သည်။ "နည်းသွားတယ် ဟုတ်လား။"
စကားအဆုံးတွင် သူက ရှေ့သို့ တိုးသွားကာ ဂုန်နီအိတ်ကို ဖွင့်ပြီး လက်ထဲတွင် ဆုပ်ကိုင်ထားသော ငွေများကို အတွင်းသို့ အလျင်အမြန် ပစ်ထည့်လိုက်ကာ ဂုန်နီအိတ်ကို ပြန်ပိတ်လိုက်၏။
ပြီးနောက် သူက ရွံရှာဟန်ဖြင့် ပြောလိုက်သည်။ "မနည်းပါဘူး။ ထွက်သွားစမ်း … ဒီနေရာမှာ ပြဿနာ မရှာနဲ့။"
မိမိအား ကူညီပေးနိုင်မည့် တစ်ဦးတည်းသော သူမှာလည်း ဤသို့သော အကျင့်စရိုက်မျိုး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးသည် ဖန်ကျန်းရီအား ကြည့်ကာ မျက်ရည်များ ထပ်မံ ကျဆင်းလာခဲ့ပြန်၏။
သူမသည် ရင်ဘတ်ကို ဖိကာ နှစ်ချက်ခန့် အသက်ရှူလိုက်ပြီးနောက် မတတ်သာဘဲ ကလေးကို ပွေ့ချီကာ အိတ်ကို ဆွဲငင်ရင်း ထွက်ခွာသွားခဲ့သည်။
လူများအားလုံး ထွက်ခွာသွားသည်ကို မြင်လိုက်ရချိန်တွင် ဖန်ကျန်းရီသည် ရှောင်လီအား ကြည့်ကာ အလွန် နောင်တရနေသော မျက်နှာဖြင့် ပြောလိုက်၏။ "ဟူး …. အကုန်လုံးက ကျုပ် ပြဿနာ ရှာမိတာတွေချည်းပါပဲ။ စောစောတည်းက သိခဲ့ရင် ဒီတစ်ခေါက် အပြင်မထွက်လာခဲ့သင့်ဘူး။"
သူက ဆက်ပြောလိုက်သည်။ "သွားမယ် …. ပြန်ပြီးတော့ မြို့ဝန်လျိုကို တောင်းပန်ရမယ်။"
ယခုအချိန်တွင် ဖန်ကျန်းရီ၏ပုံရိပ်မှာ အသုံးမကျသော သူဌေးသားလေး ဘဝမှ လမ်းဘေး ဓားပြအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ရှောင်လီမှာ အသက်ရှူရပ်လုမတတ် ဖြစ်နေခဲ့ပြီး ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။ "ဟား... ဟားဟား။ ကောင်းပါပြီ။ သခင်လေးကို ကျုပ် ပြန်လိုက်ပို့ပေးပါ့မယ်။"
ရက်အနည်းငယ်ခန့် ကစားပြီးနောက် ဖန်ကျန်းရီသည် အချိန်ကျရောက်လာပြီဟု ခံစားလိုက်ရ၏။
လျိုရွှန်းအား ဤကဲ့သို့ ဆက်လက် လုပ်ဆောင်ခွင့်ပြုထားမည်ဆိုပါက ရိုးသားသော ပြည်သူများမှာ ဒုက္ခသည်များ ဖြစ်လာကြမည်ဖြစ်ပြီး ဖြေရှင်းရန်လည်း ပြဿနာများလာပေလိမ့်မည်။
ရုံးတော်သို့ ရောက်ရှိချိန်တွင် ဖန်ကျန်းရီသည် လျိုရွှန်းကို တိုက်ရိုက် ရှာဖွေလိုက်သည်။
သူက ပြောလိုက်၏။ "မြို့ဝန်လျို .. အဆင်ပြေရဲ့လား။ ကျုပ်မှာ ပြောစရာ အရေးကြီးကိစ္စ ရှိလို့ပါ။"
လျိုရွှန်းသည် အကြောင်းရင်းကို မသိသော်လည်း ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်ကာ ဖန်ကျန်းရီအား ခေါ်ဆောင်၍ အခန်းငယ်တစ်ခုသို့ သွားလိုက်၏။ ပြီးနောက် ဖန်ကျန်းရီအား ကြည့်ကာ သူက ပြုံး၍ ပြောလိုက်သည်။ "အိုး … မြို့ဝန်ဖန်က ကျုပ်ကို အရေးကြီးကိစ္စ လာပြောတာဆိုတော့ တော်တော်လေး ရှားပါးတာပဲ။ ပြောပါအုံး။"
ဖန်ကျန်းရီသည် လက်ဖက်ရည်တစ်ခွက် ငှဲ့ပြီး ပြောလိုက်၏။ "ကျုပ် ဒီနေ့ မြို့ပြင်ထွက်ပြီး အစိုးရရုံးတော် က စားနပ်ရိက္ခာ ကောက်ခံတာကို သွားကြည့်ရင်း ပြဿနာ နည်းနည်း ရှာမိခဲ့တယ်။ ခင်ဗျား ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"
လျိုရွှန်းသည် ချက်ချင်း သတိအပြည့် ဖြစ်သွားခဲ့သည်။ "ပြဿနာ ဟုတ်လား။ ဘာပြဿနာလဲ။"
ယခုအချိန်တွင် စားနပ်ရိက္ခာနှင့် ပတ်သက်သမျှ အရာအားလုံးသည် ကိစ္စကြီးများချည်းသာ ဖြစ်၏။
ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "စားနပ်ရိက္ခာ ကောက်ခံရေးမှူး အသုံးပြုနေတဲ့ ရုံးတော်သုံး ချိန်တောင်းမှာ ပြဿနာရှိနေတာကို တွေ့လိုက်ရလို့ ကျုပ် ရှေ့ထွက်ပြီး တားဆီးလိုက်မိတယ်။"
သူက ဆက်ပြောလိုက်၏။ "ရလဒ်အနေနဲ့ စားနပ်ရိက္ခာ ကောက်ခံရေးမှူးက ခင်ဗျား ခိုင်းထားတာလို့ ကျုပ်ကို ပြောတယ်။ ကောက်ခံရရှိတဲ့ စားနပ်ရိက္ခာတွေကို ဆီဖန်း၊ ထုံတ၊ ကွမ်လိုင် ဆိုတဲ့ ဆန်ဆိုင် သုံးဆိုင်ဆီကို ပို့လိုက်တယ်ဆိုပဲ..."
ဖန်ကျန်းရီ၏ တည်ငြိမ်နေသောပုံစံကို ကြည့်ကာ လျိုရွှန်းမှာ ခဏတာမျှ မှန်းဆရ ခက်ခဲသွားသလို ခံစားလိုက်ရသည်။
တစ်ခဏမျှ အခြေအနေမှာ တိတ်ဆိတ်သွားခဲ့၏
အချိန်အတော်ကြာပြီးနောက် လျိုရွှန်းက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။ "ဒါဆို မြို့ဝန်ဖန်က ဘယ်လိုများ တွေးနေပါသလဲ။"
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်သည်။ "ကျန်းကျန်မြို့က ကျုပ်အတွက်တော့ ဒုက္ခပင်လယ်ပါပဲ။ အကယ်၍ မြို့ဝန်လျိုသာ မရှိဘူးဆိုရင် ကျုပ် ဘယ်လို ဆက်ပြီး အသက်ရှင်ရမလဲဆိုတာကို တကယ် မသိပါဘူး။"
သူက ဆက်ပြောလိုက်၏။ "ကျန်တဲ့ကိစ္စတွေကိုတော့ ကျုပ် စိတ်မဝင်စားပါဘူး။ ကျုပ် အသက်ရှင်နေတာက ဇိမ်ခံဖို့အတွက်ပါပဲ။"
ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ကျုပ်က အိမ်ရှေ့စံနဲ့ အရှင်မင်းကြီးရဲ့ ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်နေရတာမို့လို့ စားနပ်ရိက္ခာကိစ္စမှာ အမှားအယွင်း ဖြစ်လို့ မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သိုးသားကို မစားရဘဲ သိုးနံ့နံနေတာမျိုးတော့ ကျုပ် မဖြစ်ချင်ဘူးလေ။"
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ဒါကြောင့် ဒီတစ်ခေါက် ခင်ဗျားကို တမင်တကာ လာပြောပြတာပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး။ စာရင်းထဲမှာ စပါးကျီက စားနပ်ရိက္ခာတွေ ပြဿနာ မရှိသရွေ့ ကျုပ်ဘက် ကလည်း ပြဿနာ မရှိပါဘူး။"
သူက ဆက်ပြောလိုက်သည်။ "မနက်ဖြန် ကျုပ် စပါးကျီကို သွားပြီး စစ်ဆေးဖို့ ပြင်ဆင်ထားတယ်။ ဒါမှလည်း နေ့တိုင်း စိုးရိမ်ထိတ်လန့်နေရတာကနေ သက်သာရာ ရမှာပေါ့။"
လျိုရွှန်းသည် ဖန်ကျန်းရီကို စူးစိုက်ကြည့်နေပြီး သူ၏ ခေါင်းထဲတွင်တော့ ဖြေရှင်းမည့် နည်းလမ်းများကို အဆက်မပြတ် စဉ်းစားနေခဲ့ပြီ ဖြစ်၏။
ဤအချိန်ကာလအတွင်း သူနှင့် အတူနေထိုင်ပြီးနောက် လျိုရွှန်းသည် သူ့အကြောင်းကို သေချာပေါက် နားလည်သွားပြီဟု ယူဆထားခဲ့သည်။
ဤလူသည် လောဘကြီးပြီး ယောကျ်ားလေးများကို နှစ်သက်ကာ ဇိမ်ခံရခြင်းကို သဘောကျသော အပေါ်ယံလူစားမျိုးသာ ဖြစ်၏။
ထူးဆန်းလှသော အစားအသောက်များကို မဆိုထားနှင့်ဦး။ ကျိုးတာဟိုင်ပင်လျှင် ဤရက်ပိုင်းအတွင်း သူ၏ အိမ်တော်ထဲတွင် နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးကို ခံစားခဲ့ရသည်။
နေ့စဉ်နေ့တိုင်း လျှော်ကြိုးဖြင့် ပုံစံအမျိုးမျိုး တုပ်နှောင်ခံရပြီး တစ်ကိုယ်လုံးတွင်လည်း ရိုက်နှက်ခံ ထားရသော ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။
အိမ်ရှေ့စံက သူ့ဘေးနားမှာဆိုလျှင် ဘယ်လို ပုံစံမျိုး ဖြစ်နေမည်နည်း ဆိုသည်ကိုပင် မသိနိုင်တော့ပေ...
တွေးရင်းတွေးရင်းဖြင့် လျိုရွှန်းမှာ အကြောင်းအရာများ လွဲချော်သွားခဲ့သည်။
ဖန်ကျန်းရီက သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် လျိုရွှန်းက တိုးတိုးလေး ရယ်မောကာ ပြောလိုက်၏။ "အဓိပ္ပာယ်ရှိတဲ့ စကားပါပဲ။ အကယ်၍ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင်လည်း သေချာပေါက် ဒီလိုပဲ တွေးမိမှာပါ။"
သူက မေးလိုက်သည်။ "မြို့ဝန်ဖန်… သိုးသား စားချင်နေပြီလား။"
ဖန်ကျန်းရီက ပြုံးကာ ခေါင်းညိတ်လိုက်၏။
ဒီသိုးသားကို ကျုပ် စားချင်နေတာ ကြာလှပေါ့။
လျိုရွှန်းက ပြောလိုက်သည်။ "ဒါဆို ပြဿနာ မရှိဘူး။ ကျုပ် သေချာပေါက် စီစဉ်ပေးပါ့မယ်။"
သူက ဆက်ပြောလိုက်၏။ "ကျုပ်တို့နှစ်ယောက်က အခုဆိုရင် ပွင့်ပွင့်လင်းလင်း ပြောဆိုနေကြပြီ ဆိုတော့ ခင်ဗျားကို အမြဲတမ်း မေးချင်နေတဲ့ မေးခွန်းတစ်ခု ရှိတယ်။ မြို့ဝန်ဖန် .. မြို့တော်ကို ပြန်ချင်သလား။"
လျိုရွှန်း၏ မျက်နှာအမူအရာမှာ လျှို့ဝှက်ဆန်းကြယ်လာခဲ့၏။
ဖန်ကျန်းရီက မစဉ်းစားဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ "ပြန်ချင်တာပေါ့။ သေချာပေါက် ပြန်ချင်တယ်။ စောင့်တောင် မစောင့်နိုင်တော့ဘူး။"
လျိုရွှန်းက ပြောလိုက်၏။ "ကောင်းပြီလေ။ ဒါဆိုရင် မနက်ဖြန် မြို့ဝန်ဖန် စပါးကျီကို သွားစစ်ဆေးချင်တယ်ဆိုရင် ကျုပ် ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်။ အဲဒီအချိန်ကျမှ မြို့ဝန်ဖန် မြို့တော် ပြန်နိုင်အောင် ကူညီပေးမယ့် နည်းလမ်းကို စဉ်းစားကြတာပေါ့။"
လျိုရွှန်းသည် မပွင့်တပွင့် မျက်နှာပေးဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "ဒါ့အပြင် မြို့ဝန်ဖန်နဲ့ အိမ်ရှေ့စံကြားက လျှို့ဝှက်ချက်ကိုတော့ ကျုပ် အသေအချာ နှုတ်လုံပေးပါ့မယ်။"
ဟဲဟဲ။ ရှောင်ဖန် ခင်ဗျား ထင်မထားဘူးမလား။ ကျုပ် ခင်ဗျားရဲ့အကြောင်းကို အပ်ကျမတ်ကျ သိနေပြီဆိုတာကိုပေါ့။
ဖန်ကျန်းရီမှာတော့ ဘာပြောရမှန်းပင် မသိတော့ပေ။