← Chapters

ချန်ရှောင်ယန် ပွဲစဉ်မှ ရှုံးထွက် ထွက်ရခြင်း

Vol. 13 Ch. 181

ချန်ရှောင်ယန် ပွဲစဉ်မှ ရှုံးထွက် ထွက်ရခြင်း

Vol. 13 Ch. 181

ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ဟောင်ကျန်းမှလွဲ၍ ကျန်လူများအားလုံး ကိုယ့်ဗိုက်ကိုယ် ပွတ်ကာ ကျေနပ်သော အမူအရာများဖြင့် ရှိနေကြသည်။

သူတို့ ပျော်နေကြသည်။ သူတို့ အားရကျေနပ်နေလေ၏။

မိုးကောင်းကင်က တဖြည်းဖြည်း မှောင်လာသည်။ လူတိုင်းအတွက် အတူတူ စခန်းချ ခရီးထွက်ခြင်းက ရှားပါးသော ကိစ္စဖြစ်သဖြင့် မည်သူမှ အိပ်ငိုက်သလို မခံစားရချေ။ သူတို့သည် မြက်ခင်းပြင်ပေါ် လှဲ၍ အချင်းချင်း စကားစမြည် ပြောနေကာ ကြယ်များကို ငေးကြည့်နေကြသည်။ ယင်းက မပြောပြတတ်လောက်အောင် အေးချမ်းလှသည်။

တက္ကသိုလ်ကျောင်းသားဘဝက ကောင်းမွန်လှပေ၏။

“ဟာ ယီးပဲ”

ဖုန်းပွတ်နေသော ရှောင်ကမ်းက ရုတ်တရက် အလန့်တကြား ထအော်လာသည်။ သူ ချက်ချင်း ထထိုင်၍ ပြောပြလေသည်။

“ချီးပဲ ငါ့ကောင်ရေ၊ ချန်ရှောင်ယန်က တရုတ်နိုင်ငံရဲ့ Top Voice အစီအစဉ်မှာ ရှုံးလို့ ထွက်လိုက်ရတယ်တဲ့လား”

“ဘာ”

လူတိုင်း နိုးနိုးကြားကြား ရှိနေသေးသဖြင့် အလျင်အမြန် ထရပ်ကာ ဖုန်းများကို ထုတ်၍ ရှာကြည့်ကြသည်။

“ချီးပဲ ဟုတ်တယ်ဟ၊ ချန်ရှောင်ယန်က ဒီလောက် အသံကောင်းတာ ဘာလို့ ရှုံးရတာလဲ၊ ကလိမ်ကကျစ် လုပ်ထားတာပဲ ဖြစ်ရမယ်”

“သောက်ကျိုးနည်း ဒီအမှိုက်ရှိုးက ချီးစားသင့်တယ်ကွ”

“သူတို့အားလုံးက ရူးနေတဲ့ခွေးတွေ၊ ဘယ်လိုလုပ် ချန်ရှောင်ယန်လို လူမျိုးကို ဖြုတ်နိုင်ရတာလဲ၊ သူတို့ ကိုယ့်သေတွင်း ကိုယ် တူးနေတာပဲ”

“တရုတ်နိုင်ငံရဲ့ Top Voice က ရူးများသွားတာလား”

မိန်းကလေးများသည်လည်း သူမတို့၏ ဒေါသကို မထိန်းနိုင်ကြချေ။

တရုတ်နိုင်ငံ Top Voice ၏ ဆီမီးဖိုင်နယ်က ယနေ့တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ငါးယောက်၌ နှစ်ယောက်သာ တက်သွားသည်။

သို့သော် အဖြုတ်ခံလိုက်ရသည့် သုံးယောက်အနက် ချန်ရှောင်ယန်က အကောင်းဆုံး ဖြစ်သည်။ ဖိုင်နယ်သို့ တက်သွားသည့် နှစ်ယောက်တွင် အဆိုစွမ်းရည်နှင့် ပတ်သက်၍ ဘာမှပြသစရာ မရှိချေ။

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ သူ ပွဲကို သွားမကြည့်ခဲ့သလို ချန်ရှောင်ယန် ပြုတ်သွားသည်က သူ့အား အံ့ဩသွားစေခဲ့သည်။

သတင်းက ဝေ့ပေါ်တွင် ပျံ့နေပြီဖြစ်ပြီး ဝေ့ပေါ်၏ နာမည်ကျော် ရှာဖွေမှု၌ စိုးမိုးနေ၏။

“ချန်ရှောင်ယန် ပြုတ်သွားပြီ”

“တရုတ်နိုင်ငံရဲ့ Top Voice က ညစ်ပတ်တဲ့ လှည့်ကွက်တွေ သုံးတယ်”

“ဟုန်နာက ချန်ရှောင်ယန်၏ အသံကို အသိအမှတ် မပြုဘူး”

နာမည်ကျော် ရှာဖွေမှုများထဲမှ တစ်ခုကို နှိပ်ကြည့်လိုက်သောအခါ ချန်ရှောင်ယန်၏ သုန်မှုန်နေသော စိတ်အခြေအနေကို ဓာတ်ပုံထဲ၌ အတိုင်းသား မြင်နေရသည်။ စင်ပေါ်မှ ဆင်းလာချိန်တွင် သူမ စိတ်မချမ်းမသာ ဖြစ်နေသည်။

ထို့အပြင် မှတ်ချက်ပေးသော နေရာတွင်လည်း ပွက်လောရိုက်နေ၏။ ထိုနေရာတွင် တရုတ်နိုင်ငံ Top Voice ကို ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချထားသော စကားများနှင့် သပိတ်မှောက်မည့် စကားများတို့ဖြင့် ပွထနေလေသည်။

ထိုအချိန်တွင် အတန်းဖော်တစ်ယောက်က တင်ထားသော ဗွီဒီယိုများထဲမှ တစ်ခုကို ဖွင့်လေသည်။

ဟုန်နာက ဒိုင်လူကြီးခုံ၌ ထိုင်နေသည်။ သူမမျက်နှာက မနှစ်မြို့စရာ မျက်နှာထားမျိုး ဖြစ်နေပြီး ပြောဆို၏။

“နင့်အသံက မကောင်းပင်မယ့် နင့်ရဲ့ စိတ်ကြီးဝင်မှုကတော့ အံ့ဩစရာပဲ၊ အခြားသူကို လေးစားရမယ်ဆိုတဲ့ အခြေခံလေးကိုတောင် မပြနိုင်ရင် နင် ငါ့အသိအမှတ်ပြုမှုကို ရဖို့ မဖြစ်နိုင်ဘူး၊ ဒီစတိတ်စင်က မင်းအပိုင် မဟုတ်ဘူး၊ ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါ”

တိုက်ရိုက် ထုတ်လွှင့်နေသော ပွဲမှ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ထိုစကားက ရင့်သီးလွန်းပြီး အလွန် ရက်စက်လှသည်။ ၎င်းက အခြေအနေကို ချက်ချင်း သွေးပူလာစေပြီး ပွဲကြည့်ပရိသတ်များ၏ မကျေနပ်သော အသံများကို ကြားလာရသည်။ သို့သော်ငြားလည်း ထိုကိစ္စကို ဆုံးဖြတ်ပြီးသွားခဲ့သည်။

ကောင်းဝမ်က သက်ပြင်းချလေသည်။

“ဟုန်နာက ချန်ရှောင်ယန်ကို ပစ်မှတ်ထားနေတာ သိသာလွန်းတယ်၊ တရုတ်နိုင်ငံရဲ့ Top Voice မှာ စည်းကမ်း တစ်ခု ရှိတယ်၊ အဲ့ဒါက ဖိုင်နယ်ကို တက်တော့မယ်ဆိုရင် ဒိုင်လူကြီးက ဗီတိုအာဏာကို သုံးပြီး ဖယ်ရှားခွင့် ရှိတယ်၊ ဒါပေမဲ့ အဲ့လုပ်ပိုင်ခွင့်ကို မသုံးကြဘူး၊ ဒါပေမဲ့ ဟုန်နာက ချန်ရှောင်ယန် တန်းပြုတ်အောင် လုပ်လိုက်တာပဲ”

“ဗီတိုအာဏာ သုံးနိုင်တဲ့ လုပ်ပိုင်ခွင့် ဟုတ်လား၊ အဲ့လိုဟာမျိုး ရှိတာလား”

“အဲ့ဒါ ဘယ်လိုတောင် ရူးမိုက်တဲ့ စည်းကမ်းလဲ၊ တရုတ်နိုင်ငံရဲ့ Top Voiceက တကယ့် အမှိုက်ပဲ”

“ငါ အဲ့တာကို အရေးမစိုက်ဘူး၊ ချန်ရှောင်ယန် ဘာဖြစ်သွားမလဲ ဆိုတာကိုပဲ ငါ စိတ်ပူတယ်”

အံ့ဩစရာ ကောင်းစွာပင် သူတို့အားလုံးက ချန်ရှောင်ယန်၏ ပရိသတ်များ ဖြစ်နေသည်။ သူတို့ တစ်ယောက်ချင်းစီက ချန်ရှောင်ယန်ကိုယ်စား တရားမမျှတမှုကို အစွမ်းကုန် ကြိုးစား၍ ထုတ်ဖော်နေကာ မျက်နှာများက ဒေါသကြောင့် နီမြန်းနေသည်။

“ချီးပဲ သူ တကယ် ပြုတ်သွားတာပဲ၊ ငါ တရုတ်နိုင်ငံရဲ့ Top Voiceကို ထပ်မကြည့်တော့ဘူး”

“ဟုတ်တယ် ဒါ အရမ်း အတုအယောင်ဆန်လွန်းတယ်၊ ပြိုင်ပွဲတုန်းက ချန်ရှောင်ယန်ရဲ့ ဗွီဒီယိုကိုလည်း တင်ထားတယ်၊ အဲ့ဒါလည်း သီချင်းသစ်ပဲ၊ ဝိုင်က သူ့အတွက် ရေးပေးထားတာ”

“ဝိုင်ဆီက သီချင်းသစ်ဆိုရင် သေချာပေါက် နောက်ထပ် ဂန္ထဝင်သီချင်းပဲ”

“ဝိုင်က အရည်အချင်း ရှိတယ်၊ အာ … အာ … အာ … လုပ်စမ်းပါ၊ မြန်မြန်ဖွင့်လေ”

“ငါလည်း တွေ့ပြီ၊ သီချင်းနာမည်က “အလင်းနှစ်များစွာ” တဲ့၊ အားလုံး ငြိမ်လိုက်တော့”

သူတို့အားလုံး တိတ်ဆိတ်သွားပြီး ညကောင်းကင်ယံ၌ သီချင်းသံက စိုးမိုးလာသည်။

“ငါ့ဆံပင်ကို ထိတွေ့နေတဲ့ လက်ချောင်းထိပ်လေးတွေကို ခံစားရင်း

အချိန်တွေဟာ ရပ်တန့်သွားခဲ့တယ်

ငါ့ကို အဆက်မပြတ် စိုက်ကြည့်နေခဲ့တဲ့ မျက်ဝန်းတစ်စုံကို အမှတ်ရရင်း

…

ကံကြမ္မာက ငါတို့ကို ယိုယွင်းနေတဲ့ လောကအလွန်မှာ ဆုံစည်းစေခဲ့တယ်

ကံတရားက ငါတို့ကို ဘေးကျပ်နံကျပ် ကာလမှာ ချစ်ကျွမ်းဝင်သွားစေခဲ့တယ်

နောင်အနာဂတ်မှာ၊ အလင်းနှစ်များစွာအလွန်မှာ

အရာအားလုံး မသေချာပင်မယ့် ငါကတော့ မင်းကို စောင့်နေဦးမှာပါ

…”

ချန်ရှောင်ယန်၏အသံက အလွန် သိမ်မွေ့နူးညံ့ပြီး မာန်ပါသလို စာသားများကလည်း ကောင်းမွန်လှသည်။ လူတိုင်း စီးမျောနစ်ဝင်သွားရန် သိပ်မကြာလိုက်ချေ။

ဤသီချင်းက ညှို့ဓာတ်ပါလေသည်။ သီချင်းသံ ပြီးဆုံးသွားသော်လည်း လူတိုင်း၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ကြားယောင်နေဆဲပင်။ သီချင်းကို လိုက်မညည်းမိအောင် ထိန်းထား၍ မဖြစ်နိုင်ပေ။

“သီချင်းက အံ့ဩဖို့ကောင်းတယ်၊ ဒီလိုသီချင်းကောင်းကို ချီးထုတ်တွေက ဖြုတ်လိမ့်မယ်လို့ ငါ တကယ် မယုံနိုင်ဘူး”

“ယီးပဲ ငါ ငိုမိတော့မယ်၊ ဘယ်လိုလုပ် ဒီလိုသီချင်းကောင်းက အဖြုတ်ခံရတာလဲ၊ ချန်ရှောင်ယန် အခု ခံစားနေရ လောက်ပြီ”

“တော်တော် မတရားဘူး၊ ဟုန်နာက ဘယ်လို လက်ရာကောင်းမျိုး ရေးဖူးလဲ၊ သူ့အသံက ချန်ရှောင်ယန်ရဲ့ တစ်ဝက်လောက်တောင် မာန်မပါဘူး၊ ဒါပေမဲ့ သူက ဗီတိုအာဏာကိုသုံးပြီး ချန်ရှောင်ယန်ကို ဖြုတ်တယ်ပေါ့လေ”

“အရေးအကြီးဆုံးအချက်က ချန်ရှောင်ယန်ရဲ့ သီချင်းက ကိုယ်ပိုင်ဖန်တီးမှုပဲ၊ ဝိုင်က အဲ့သီချင်းကို ရေးထားတာ၊ ဘယ်ဝိုင်ပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး၊ သူတို့အားလုံးက ငါ့ရဲ့ နံပါတ်တစ် စံပြပုဂ္ဂိုလ်ပဲ”

“မဟုတ်ဘူး ငါ ချန်ရှောင်ယန်နဲ့ ဝိုင်ကို အားပေးချင်တယ်၊ ငါ့အိုင်ဒေါလ်တွေအတွက် ငါ တစ်ခုခု လုပ်ပေးချင်တယ်၊ ငါ့လုပ်ရပ်က ဘယ်လောက်ပဲ သေးငယ်နေပါစေပေါ့”

“ဟုတ်တယ် မြို့တော်ရဲ့ တီဗွီချန်နယ်ကို ငါတို့ရဲ့ စည်းလုံးတဲ့ အဖြေကို မြင်အောင် လုပ်ရမယ်”

“ရှောင်ရဲ့လည်း လိုက်လုပ်လေ၊ စကားလုံးတစ်လုံးပဲ သုတ်သင်ရမယ်”

ရှန်း၏ တိုက်ခိုက်ချင်သော စိတ်က မြင့်မားလျက် ရှိသည်။

…

တက်ကြွနေသော ညအလွန်၌ ဤကိစ္စက မအေးသွားချေ။ လူပေါင်းများစွာက ချန်ရှောင်ယန်ကိုယ်စား သူတို့၏ မကျေနပ်ချက်ကို ထုတ်ဖော်ပြောဆိုကြသည်။

သို့သော် ဆိုက်ဘာလုပ်စားသမားများစွာကလည်း ဝေ့ပေါ်တွင် ပေါ်လာပြီး ဝိုင်နှင့် ချန်ရှောင်ယန်တို့ကို တိုက်ခိုက် လေသည်။ သူတို့က ဟုန်နာကို ထောက်ခံကြပြီး သူမနာမည် သန့်စင်အောင် ကူရှင်းပေးကြသည်။

[မစ္စနာ ခင်ဗျားက အံ့ဩစရာအကောင်းဆုံး အမျိုးသမီး တေးသံရှင်ဆိုတာ အသေအချာပဲ၊ ကျုပ် ခင်ဗျားကို အားပေးတယ်]

[သူ့ဂျူနီယာကိုမှ သင်ခန်းစာမပေးနိုင်ရင် တရုတ်နိုင်ငံရဲ့ Top Voicက ဟာသ ဖြစ်သွးမှာပေါ့]

[စီနီယာတွေက ဂျူနီယာတွေ ကျော်တက်တာကို ခံရမှာပဲလို့ ဝိုင်ပြောခဲ့တာကို ငါ သတိရသွားပြီ၊ တော်တော် မောက်မာနေတယ် ဟုတ်လား၊ မစ္စနာ မရှိရင် မင်းက သူ့နေရာကို တက်နိုင်မယ် ထင်နေလား]

[မစ္စနာက သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို ထိန်းသိမ်းတာ၊ ချန်ရှောင်ယန်ရဲ့ အပြုအမူက သူကို မလေးမစား လုပ်လိုက်တာပဲ၊ အဲ့တော့ မစ္စနာမှာ သူ့ကို သင်ခန်းစာ ပေးပိုင်ခွင့် ရှိတယ် မဟုတ်လား]

…

ရဲ့လင်းချန်သည် ဝေ့ပေါ်ကို လိုက်ဖတ်နေပြီး ချန်ရှောင်ယန်က သူ့ကို ဘာစာမှ ပို့မထားသည့်အတွက် အံ့ဩသွားသည်။

တစ်ခဏမျှ တွေးတောနေပြီးနောက် သူမထံ သူ စာပို့ရန် ဆုံးဖြတ်လိုက်သည်။

[မင်း ရှိလား]

ဖန်သားပြင်က သူမဘက်က စာပြန်ရိုက်နေကြောင်း ပြနေသည်။ သို့သော် သူမက စာကို ပြန်ဖျက်သွားသည်။ ထို့နောက် သူမက စာပြန်ရိုက်နေပြီးနောက် ပြန်ဖျက်ပြန်သည်။ သူမ တွေဝေနေမှန်း သိသာလှသည်။ နောက်ဆုံးတွင် သူမဘက်က စာပြန်လာ၏။

[ကျွန်မ တောင်းပန်ပါတယ် …]

သူမအတွက် အနာကျင်ရဆုံးက အဖြုတ်ခံလိုက်ရခြင်း မဟုတ်ဘဲ ဝိုင်ကို မျက်နှာချင်း မဆိုင်ရဲတော့သည့် ခံစားချက် ဖြစ်သည်။

သူမ ဝိုင်၏ သီချင်းသစ်အပေါ် တရားမျှတမှု မယူဆောင်လာပေးနိုင်သလို ခံစားနေရပြီး သူ စိတ်ပျက်သွားမှာကို စိုးရွံ့နေ၏။

[မင်း ကောင်းကောင်း လုပ်ခဲ့ပါတယ်၊ တရုတ်နိုင်ငံရဲ့ Top Voice က မင်းရဲ့ အရည်အချင်းကို ပြနိုင်တဲ့ ပလက်ဖောင်းတစ်ခု သက်သက်ပဲ၊ မင်း ငါ့သီချင်းကို ကောင်းကောင်း ဆိုခဲ့တာပဲ၊ ကျေးဇူးတင်ပါတယ်]

[တကယ်လား]

[အင်း တကယ်]

[ရှင် ကျွန်မကို လုံးဝ အပြစ်မတင်ဘူးလား]

[လုံးဝပဲ]

…

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ Top Voice ၏ နောက်ကွယ်မှလူများသည် ကြီးမားသော ဖိအားအောက် ရောက်နေ၏။

“ဒါရိုက်တာကျိုး ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့ ရှိုးပွဲက အများပြည်သူရဲ့ ဒေါသဒဏ်ကို ခံနေရတယ်”

“ဗီတိုအာဏာ သုံးပိုင်ခွင့်က ရှိုးစကတည်းက ရှိခဲ့တဲ့ စည်းမျဉ်းပဲ၊ ဒါကို ငါတို့က အခုမှ ပြန်ပြောင်းလိုက်ရင် ကိုယ့်မျက်နှာ ကိုယ်ပြန်ရိုက်သလိ ဖြစ်သွားလိမ့်မယ်၊ ငါတို့ ဟုန်နာကို ရန်စသလိုလည်း ဖြစ်သွားမယ်”

ဒါရိုက်တာကျိုးက သဘောမကျသော အမူအရာမျိုး ဖြစ်နေသည်။

“ငါတို့ ဘယ်ဘက်ကိုမှ ရန်စလို့ မဖြစ်ဘူး၊ ဒီလို အခြေအနေကို ရောက်နေပြီးမှတော့ ငါတို့ ဘာမှမလုပ်ဘဲ ဘာမှမသိသလို နေလိုက်ရအောင်”

“ဒါရိုက်တာကျိုး ကျွန်တော်တို့ ပြန်ဝင်နိုင်တဲ့ ပြိုင်ပွဲ ဒါမှမဟုတ် တစ်ခုခု လုပ်တာ ပိုကောင်းမယ် ထင်တယ်၊ ဒါမှမဟုတ် အနည်းဆုံး ချန်ရှောင်ယန်ကို တောင်းပန်သင့်တယ် …”

ဒါရိုက်တာကျိုးက တစ်ခဏမျှ ငြိမ်နေပြီးမှ ခေါင်းခါလေသည်။

“စိတ်ပူမနေနဲ့တော့၊ ဖြုတ်လိုက်တာက လုပ်ပြီးသွားပြီပဲ၊ ဒီအတိုင်း ထားလိုက်”

ဟုန်နာက ချန်ရှောင်ယန်အပေါ် သူမ၏ ဗီတိုအာဏာ သုံးလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူသာ ကြိုသိခဲ့ပါက ဗီတိုအာဏာ သုံးပိုင်ခွင့်ကို အရင် ဖယ်ရှားမိမည် ဖြစ်သည်။

ကိစ္စများက ဤသို့ ဖြစ်သွားပြီးပြီ ဖြစ်သဖြင့် တစ်ခုခု ပြောရန် နောက်ကျသွားချေပြီ။ သူ အလယ်၌ ညပ်နေပြီး မည်သည့်ဘက်ကိုမှ ရန်စ၍ မဖြစ်ချေ။ ချန်ရှောင်ယန်အတွက်နှင့် ဟုန်နာကို ရန်စရန် မထိုက်တန်ချေ။ ငှက်ကုလားအုတ်လို မြေကြီးထဲ ခေါင်းစိုက်၍ နေပြီး အားလုံး ပြီးသွားမည့်အချိန်ကို စောင့်နေလိုက်သည်က ပိုကောင်းပေသည်။

All Chapters