အခန်း (၂၁၇-၂၁၈)
Vol. 13 Ch. 217-218
အပိုင်း (၂၁၇) အံ့သြဖွယ်ကောင်းသော ဆုတောင်းဘီး။
နောက်တစ်နေ့တွင် ဖန်ကျန်းရီသည် အသံဖမ်းစက်ကို ယူကာ ထွက်ခွာလာခဲ့သည်။
မထွက်ခွာမီတွင် ဟုန်ယောင်၊ လွီလျိုနှင့် ကျိုးတာဟိုင်တို့ကို ထပ်မံ မနှိပ်စက်တော့ပေ။
ယခင်က သူတို့ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် ရူးသွပ်စွာ နှိပ်စက်နေခဲ့ခြင်း ဖြစ်သော်ငြား ယခု ပိုက်ကွန်ရုပ်သိမ်းမည့် အချိန်ရောက်လာပြီ ဖြစ်သောကြောင့် ဤမျှ အားစိုက်ထုတ်နေရန် မလိုအပ်တော့ချေ။
ဟုန်ယောင်နှင့် လွီလျိုတို့ကို အခန်းထဲသို့ခေါ်ကာ တင်းကျပ်စွာ တုပ်နှောင်ပြီးနောက် ထင်းရုံထဲသို့ ပစ်ထည့် ထားလိုက်ရုံသာ လုပ်ခဲ့၏။
ကျိုးတာဟိုင်ကတော့ အိပ်ခန်းနံရံထောင့်တွင် ပစ်ထားခံရပြီး မည်သူကမှ ဂရုမစိုက်တော့ပေ။ ဖန်ကျန်းရီသည် မနေ့ညက ထိုအခန်းထဲတွင် မအိပ်ခဲ့ချေ။
ယုံချင်းစားသောက်ဆိုင်သို့ ရောက်ရှိချိန်တွင် ဝေ့ရှန်းသည် တံခါးဝတွင် အစောကြီးတည်းက စောင့်ဆိုင်းနေခဲ့သည်။
ဖန်ကျန်းရီကို မြင်သည်နှင့် လှိုက်လှဲစွာ ဆီးကြိုလိုက်၏။
ဖန်ကျန်းရီသည် တွေ့ဆုံသည်နှင့် ချက်ချင်းပင် တိုးတိုးလေး မေးလိုက်လသည်။ "ဒီနေရာက လုံခြုံရဲ့လား။"
ဝေ့ရှန်းက ပြန်ဖြေလိုက်၏။ "စိတ်ချပါ သခင်လေး။ ဒီနေရာမှာ ရှိတဲ့သူတွေ အားလုံးက ကျုပ်တို့ လူတွေချည်းပါပဲ။ ယုံချင်းစားသောက်ဆိုင် အပါအဝင်ပေါ့။ အရမ်းကို လုံခြုံပါတယ်။ ကျုပ်နောက်ကို လိုက်ခဲ့ပါ။"
စကားအဆုံးတွင် ဖန်ကျန်းရီအား အပေါ်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ဒုတိယထပ်ရှိ သီးသန့်အခန်းထဲတွင် လူအတော်များများ ထိုင်နေကြပြီ ဖြစ်၏။ လျိုရွှန်းကိုတော့ ပြောစရာပင် မလိုတော့ချေ။ စပါးကျီမှ စပါးကျီမှူး၊ အကျဉ်းထောင်ကို တာဝန်ယူရသော အကျဉ်းထောင်မှူး၊ စာရွက်စာတမ်းများကို စီမံခန့်ခွဲရသော စာရေးတော်ကြီးနှင့် ထောင့်တစ်နေရာတွင်တော့ ရင်းနှီးနေသော စာရေးစာချီ အချို့လည်း ထိုင်နေကြလေသည်။ ထို့အပြင် သူဌေးအသွင်အပြင် ဝတ်ဆင်ထားသော လူနှစ်ဦးလည်း ပါဝင်သေး၏။
ဖန်ကျန်းရီမှာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဌာနအတော်များများမှာ စိမ့်ဝင်ခံထားရပြီ ဖြစ်သဖြင့် သူအနေဖြင့် အလွန်အကျွံ အင်အားမသုံးသင့်ကြောင်း သိလိုက်ရ၏။ အကယ်၍ အားလုံးကို သတ်ပစ်လိုက်ပါက အစိုးရရုံးတော်မှာ ပုံမှန်လည်ပတ်နိုင်တော့မည် မဟုတ်ချေ။
မိမိအနေဖြင့် အရာရှိအချို့ကို ခန့်အပ်ပေး၍လည်း မရနိုင်ပေ။
ထိုသို့ဆိုလျှင် ပုန်ကန်သည်နှင့် ဘာမှမကွာတော့ချေ။ ဧကရာဇ်က သိသွားပါက အထက်အရာရှိများကို ခေါင်းဖြတ်ရုံတင်မက အောက်ခြေအရာရှိများကိုပါ ခေါင်းဖြတ်ပစ်မည်မှာ သေချာလှသည်။
လျိုရွှန်းသည် ဖန်ကျန်းရီ ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် မတ်တပ်ရပ်ကာ လူတိုင်းကို ပြောလိုက်၏။ "လာကြ .. ဒီပုဂ္ဂိုလ်ကတော့ ကျန်းကျန်မြို့ရဲ့ အသစ်ရောက်လာတဲ့ ဒုမြို့ဝန်ဖန်ပဲ။ ခင်ဗျားတို့ထဲမှာ သူ့ကို မသိသေးတဲ့သူတွေ အများကြီး ရှိအုံးမှာပဲ။"
သူက ဆက်ပြောလိုက်သည်။ "မြို့ဝန်ဖန်က မြို့တော်ကနေ အဝေးကြီး လာခဲ့ရတာ။ အိမ်ရှေ့စံရဲ့ အနားက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ အားလုံးပဲ မြို့ဝန်ဖန်ကို နှုတ်ဆက်လိုက်ကြပါအုံး။"
လူတစ်စုမှာ မတ်တပ်ရပ်လိုက်ကြပြီး ဖန်ကျန်းရီကို တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြ၏။
ဖန်ကျန်းရီသည် ပြုံးကာ လက်အုပ်ချီ၍ ပြန်လည် နှုတ်ဆက်လိုက်သည်။
စိတ်ထဲတွင်တော့ သတိထားနေမိပြီ ဖြစ်၏။ ဤလူများထဲမှတစ်ချို့၏ မိမိကို ကြည့်နေသော အကြည့်များမှာ ပုံမှန်မဟုတ်ချေ။
သူ သာမန်အားဖြင့် တောက်ယွမ်ခရိုင်တွင် အစည်းအဝေးလုပ်ကာ အခြားသူများကို အကွက်ဆင်သောအခါတွင် ဤသို့သော အကြည့်မျိုးဖြင့်သာ ကြည့်လေ့ရှိသည်။ ကြည့်ရသည်မှာ ဤခွေးအိုကြီးက သူ့ကို ထောင်ချောက်ဆင်ချင်နေပုံရ၏။
သို့ပေမည့် ကိစ္စမရှိပေ။ နောက်ထပ် တစ်နာရီတောင် မကြာခင် ဤနေရာမှာ ရှိနေသောသူ အကုန်လုံး၏ အသက်က သူတို့လက်ထဲမှာ ရှိတော့မည် မဟုတ်ချေဟု သူ တွေးလိုက်မိသည်။
နှုတ်ဆက်ပြီးသွားသည်ကို မြင်လိုက်ရချိန်တွင် လျိုရွှန်းက ဆက်ပြောလိုက်၏။ "ဒီနေ့ ဒီကို ရောက်နေတဲ့ သူတွေ အားလုံးက မိတ်ဆွေတွေချည်းပါပဲ။ အထက်အောက် အဆင့်အတန်း ခွဲခြားနေစရာ မလိုပါဘူး။ ပြောချင်တာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။"
သူက ဆက်ပြောလိုက်သည်။ "လာ … မြို့ဝန်ဖန် ကျုပ်နားမှာ လာထိုင်ပါ။ ခင်ဗျားအတွက် နေရာ ချန်ထားပေးပါတယ်။"
"ဒါဆိုရင် ကျုပ် အားမနာတော့ဘူးနော်။"
ဖန်ကျန်းရီသည် အပြုံးတစ်ခုကို ဖော်ပြလိုက်၏။
အဘိုးကြီး … ကျုပ်က အသံဖမ်းတာ မကောင်းမှာ စိုးရိမ်နေခဲ့တာ။ ကိုယ်တိုင် သေလမ်းရှာနေတယ် ဆိုတော့လည်း ကောင်းတာပေါ့။
ထို့နောက် သူသည် ခြေလှမ်းကျဲကျဲဖြင့် လျိုရွှန်းထံသို့ လျှောက်သွားကာ သူ၏ ဘေးတွင် ဝင်ထိုင်လိုက်၏။
လျိုရွှန်းသည် ဖန်ကျန်းရီက သေတ္တာတစ်လုံးကို ပွေ့လာသည်ကို မြင်လိုက်ရသဖြင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဟင် .. ခင်ဗျား ဘာလို့ သေတ္တာတစ်လုံး ယူလာတာလဲ။ အဲဒီထဲမှာ ဘာတွေ ထည့်ထားတာလဲ။"
"အိုး … ဒီသေတ္တာအကြောင်း ပြောရရင်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။" ဖန်ကျန်းရီသည် သေတ္တာကို စားပွဲပေါ်တွင် ပွင့်ပွင့်လင်းလင်း တင်ထားလိုက်ပြီးဖွင့်ကာ အတွင်းမှ အသံဖမ်းစက်ကို ထုတ်ယူလိုက်၏။
သူက ဆက်ပြောလိုက်သည်။ "မြို့ထဲမှာ မကြာသေးခင်က ဟွေ့ကျွယ်ဆိုတဲ့ ဘုန်းတော်ကြီး တစ်ပါး ရောက်နေတယ်။"
သူက ဆက်ပြောလိုက်၏။ "ဒီပစ္စည်းက ဟွေ့ကျွယ် ဘုန်းတော်ကြီး ကိုယ်တိုင် မန္တန်စုပ်ထားတဲ့ မှော်ပစ္စည်းပဲ။ နာမည်က ဆုတောင်းဘီးတဲ့။"
သူက ဆက်ပြောလိုက်သည်။ "ဒီဆုတောင်းဘီးကို လှည့်လိုက်တာနဲ့ အပေါ်မှာ နိုင်ငံခြား ကျမ်းစာတွေ ပေါ်လာပြီး ပိုင်ရှင်ကို လိုရာဆန္ဒ ပြည့်ဝအောင် စောင့်ရှောက်ပေးနိုင်တယ်။"
သူက ဆက်ပြောလိုက်၏။ "ဒီနေ့ ဒီပစ္စည်းကို ယူလာတာက အားလုံးကို ကံကောင်းခြင်းတွေ ကူးစက်စေချင်လို့ပါ။"
လျိုရွှန်းသည် အသံဖမ်းစက်ကို ကြည့်ကာ အလွန် သိချင်စိတ် ပြင်းပြနေခဲ့သည်။ "မြို့ဝန်ဖန်က ဗုဒ္ဓဘာသာကိုလေ့လာထားတယ်လို့ ထင်မထားမိဘူး။ ဒီမှော်ပစ္စည်းရဲ့ ပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။"
ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်၏။ "ကျုပ်က ဗုဒ္ဓဘာသာကို အတော်လေး လေ့လာထားတာပါ။ ဒီပစ္စည်းက အဝေးကနေ ရောက်လာတာပါ။ အိန္ဒိယက တရားကျင့်တဲ့ လျှို့ဝှက်ဂိုဏ်းက ဘုန်းတော်ကြီးတွေဆီကနေ ဆင်းသက်လာတာလို့ ကောလာဟလတွေ ထွက်နေတယ်။
ဒီပစ္စည်းက အရမ်းကို အဖိုးတန်တယ်။ ကျုပ်က ငွေသုံးထောင်တောင် ပေးပြီး ဝယ်လာခဲ့ရတာ။"
လူတိုင်းသည် ဖန်ကျန်းရီအား အထင်သေးစွာဖြင့် ကြည့်လိုက်ကြ၏။
အိန္ဒိယ ဟုတ်လား၊ ဘာကြီးလဲ၊ ကြားတောင် မကြားဖူးဘူး။
ဉာဏ်ရည်အခွန်ပင်၊ သေချာပေါက် ဉာဏ်ရည်အခွန်ပေးလိုက်ရခြင်း ဖြစ်မည်၊ ဤလူငယ် ဘုန်းကြီးများ လိမ်လည်သည်ကို ခံလိုက်ရသည်မှာ သေချာလှသည်။ သူတို့ ထိုသို့ အသီးသီး တွေးတောလိုက်ကြ၏။
လျိုရွှန်းကတော့ အများကြီး မစဉ်းစားမိချေ။ သာမန်အချိန်များတွင် ဖန်ကျန်းရီက ထူးဆန်းသော နေရာအမည်များကို ပြောလေ့ရှိသည်ကို သူ ကြားဖူးသော်ငြား အတုအယောင်နှင့်တော့ မတူချေ။
အမည်မသိသော နိုင်ငံခြားတိုင်းပြည်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ အိမ်ရှေ့စံ၏ ဆော့ကစားတတ်မှုမှာ နာမည်ကြီးနေပြီ ဖြစ်ရာ သူက အိမ်ရှေ့စံ၏ အနားတွင် ရှိနေသူဖြစ်သဖြင့် ထူးဆန်းသော ပစ္စည်းများကို မြင်တွေ့ရသည်မှာ မဆန်းပေ။
"အဲဒီလိုဆိုရင်လည်း ကောင်းတာပေါ့။ မြို့ဝန်ဖန်က စေတနာကောင်းတာပဲ။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "အားလုံး စကားပြောနေတဲ့အချိန်မှာ ကျုပ်က ဒီဆုတောင်းဘီးကို လှည့်ပေးမယ်။ ဗုဒ္ဓရဲ့ ကောင်းချီးမင်္ဂလာတွေ ပါဝင်နေတော့ ကျုပ်တို့ အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေချောမွေ့မှာပေါ့။"
"အဓိပ္ပာယ်ရှိတယ်။ မြို့ဝန်ဖန်က တကယ်ကို အသေးစိတ် စဉ်းစားတတ်တာပဲ။"
လူတိုင်းမှာ မနေနိုင်ဘဲ ပြုံးကာ ထောက်ခံလိုက်ကြ၏။ အားလုံးက ပါးနပ်သူများ ဖြစ်ကြရာ ဤကဲ့သို့သော ပစ္စည်းမျိုးကို အထင်သေးသော်ငြား ဖန်ကျန်းရီက အဖွဲ့ထဲတွင် ရာထူးအမြင့်ဆုံး ဖြစ်နေသည် မဟုတ်ပါလော။
ထို့ကြောင့် ခြေသလုံးဖက်ရန် အခွင့်အရေး ရရှိပါက အားလုံးက လိုလိုလားလား ပြုလုပ်ကြပေလိမ့်မည်။
လျိုရွှန်းသည် လူတိုင်း ရောက်ရှိလာပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် စားပွဲကို ခေါက်လိုက်သည်။
"ကဲ… အားလုံးပဲ။ ကျုပ်တို့ အရင်ဆုံး အဓိကကိစ္စကို ဆွေးနွေးကြရအောင်။"
ဖန်ကျန်းရီသည် လက်ကို လက်ကိုင်တံပေါ်တွင် တင်ကာ မျက်နှာသေဖြင့် စတင် လှည့်နေခဲ့၏။
"ဒီနေ့ အားလုံးကို ခေါ်လိုက်တာက အကြမ်းဖျင်း အခြေအနေတွေကို သိပြီးသား ဖြစ်မှာပါ။
စားနပ်ရိက္ခာ ရှားပါးမှုက အခုဆိုရင် ပိုပြီး ဆိုးရွားလာနေပြီ။ အကယ်၍ ဆက်ဖြစ်နေအုံးမယ်ဆိုရင် ပြည်သူတွေ ပုန်ကန်ကြလိမ့်မယ်။ အဲဒီအခါကျရင် နန်းတော်ကို ရှင်းပြလို့ရမှာ မဟုတ်ဘူး။
ဒါပေမဲ့ အခု မြို့ပြင်မှာ လွတ်လပ်ခြင်းဂိုဏ်းနဲ့ သံအင်္ကျီဂိုဏ်း ဆိုပြီး ကြီးမားတဲ့ ဂိုဏ်းနှစ်ခု ပေါ်လာတယ်။ ဒီဂိုဏ်းနှစ်ခုက စားနပ်ရိက္ခာ ရှားပါးနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ဒုက္ခသည်တွေကို တပည့်အဖြစ် စုဆောင်းတယ်။ ကောလာဟလတွေ ဖြန့်ပြီး ပြဿနာတွေ ဖန်တီးနေကြတယ်။"
ကံကောင်းတာက ကျုပ်က စုံစမ်းသိရှိထားပြီး သံအင်္ကျီဂိုဏ်းထဲကို သူလျှိုတစ်ယောက် ကြိုတင် ထည့်သွင်းထားတယ်။ သံအင်္ကျီဂိုဏ်းချုပ် ချန်တာ့ရှန်းကိုလည်း ကျုပ်က ငွေနဲ့ ဝယ်ထားပြီးပြီ။
မနက်ဖြန်ကျရင် ချန်တာ့ရှန်းကို လွတ်လပ်ခြင်းဂိုဏ်းကို အရင်စပြီး တိုက်ခိုက်ဖို့ ကျုပ် အမိန့်ပေးမယ်။ ကျားနှစ်ကောင် သတ်ပုတ်နေတဲ့အချိန်မှာ ကျုပ်တို့က အခွင့်ကောင်းယူပြီး ကျန်ရစ်နေတဲ့ သူပုန်တွေကို နှိမ်နှင်းကြမယ်။"
ခဏမျှ လှည့်ပြီးနောက် ဖန်ကျန်းရီသည် မတတ်သာသည့်ဟန်ဖြင့် ရပ်တန့်လိုက်ရသည်။
အစိုးရအဖွဲ့ရှိ ဤခွေးကောင်များနှင့် ဆက်ဆံရသည်မှာ အလွန် ခက်ခဲလှပေသည်။ သူတို့က စကားကို ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မပြောဘဲ စကားဝှက်များနှင့်သာ ပြောဆိုလေ့ရှိကြ၏။
ငွေပို့သည်ကို ငွေပို့သည်ဟု မပြောဘဲ ထမင်းစားသည်ဟုသာ သွယ်ဝိုက်၍ ပြောဆိုကြသည်။
ယခုလည်း လျိုရွှန်း၏ စကားများမှာ အပြစ်ရှာ၍မရအောင် တိကျသေချာလွန်းလှရာ ဤအသံဖမ်းစက်၏ ငွေပြားအရှည်မှာ အကန့်အသတ်ရှိသဖြင့် ဤမျှလောက် အသံဖမ်းလိုက်ရသည်မှာ အလဟဿ ဖြစ်သွားပေသည်။
ခဏမျှ စဉ်းစားပြီးနောက် ဖန်ကျန်းရီသည် ကိုယ်တိုင် စတင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီး လက်ကိုင်တံကို လှည့်ကာ ကြားဖြတ် ပြောလိုက်၏။ "ဒါဆို မြို့ဝန်လျို။ ခင်ဗျားက စပါးကျီကို မီးရှို့ဖို့ လူစီစဉ်ထားတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီ စပါးကျီကို ဘယ်အချိန်မှာ မီးရှို့မှာလဲ။"
လူတိုင်း၏ အကြည့်များမှာ ဖန်ကျန်းရီထံသို့ ချက်ချင်း ကျရောက်လာခဲ့၏။
အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ဖြစ်နေသည်။
ခင်ဗျား စည်းကမ်း နားမလည်ဘူးလား။ ဒီလိုတိုက်ရိုက်ကြီးမေးလိုက်တော့ ကျုပ်တို့က မဟုတ်တာ လုပ်သလိုဖြစ်နေပြီ။
လျိုရွှန်းက အရှက်ပြေ ချောင်းနှစ်ချက် ဟန့်လိုက်သည်။ "မြို့ဝန်ဖန် ပြောတာ အရမ်း ပွင့်လင်းလွန်းတယ်။"
"ခင်ဗျား စိတ်ချပါ။ မလောပါနဲ့။ စပါးကျီကို မီးရှို့မယ့်သူကို ကျုပ် ကြိုတင် စီစဉ်ထားပြီးပါပြီ။ မနက်ဖြန် တိုက်ပွဲစတာနဲ့ ချက်ချင်း စပါးကျီကို မီးရှို့ဖို့ အမိန့်ပေးလိုက်မယ်။
အဲဒီအချိန်ကျရင် စပါးကျီထဲက မှိုတက်နေတဲ့ ဆန်တွေ အကုန်လုံး မီးလောင်ပြာကျသွားပြီး သက်သေပြစရာ ဘာမှ ကျန်မှာ မဟုတ်တော့ဘူး။"
ဖန်ကျန်းရီက ပြုံးလိုက်ပြီး ဆက်လက် မေးလိုက်၏။ "ဒါဆို အထဲမှာ ဆန်ကောင်းတွေ ရှိနေသေးတယ်လေ။ ဘယ်လိုလုပ်မလဲ။"
လူတိုင်းက ဖန်ကျန်းရီအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ထပ်မံ ကြည့်လိုက်ကြပြန်သည်။
ဘယ်လိုလုပ်ရမည်နည်း၊ သေချာပေါက် ကြိုတင် သယ်ထုတ်ထားရပေမည်၊ ပြီးလျှင် အပြင်ထုတ်ရောင်းမည်ဖြစ်ရာ ထိုအရာများ အားလုံးက ငွေများပင် ဖြစ်၏။
လျိုရွှန်းသည် မတတ်သာဘဲ ခေါင်းခါလိုက်သည်။
ဤခွေးကောင် ဖန်ကျန်းရီ ဘာဖြစ်နေသနည်း၊ ယနေ့ စကားပြောသည်မှာ ဦးနှောက်မပါသကဲ့သို့ ရှိချေ၏။
"ဒါက ဆန်ကောင်းတွေကိုတော့ သေချာပေါက် ဆီဖန်း၊ ထုံတ၊ ကွမ်လိုင် ဆိုတဲ့ ဆန်ဆိုင် သုံးဆိုင်ဆီကို ပို့ထားရမှာပေါ့။ ကျုပ် ခင်ဗျားကို မိတ်ဆက်ပေးမယ်။"
စကားအဆုံးတွင် လျိုရွှန်းသည် သူဌေးအသွင်အပြင် ဝတ်ဆင်ထားသော လူနှစ်ဦးဆီသို့ လက်ညှိုးထိုးပြ လိုက်သည်။ "ဒီပုဂ္ဂိုလ်ကတော့ မြို့ထဲမှာ နာမည်ကြီးတဲ့ ဝမ်မိသားစုရဲ့ အိမ်ထောင်ဦးစီး ဝမ်ချီရွှန်းပဲ။ ဆီဖန်း ဆန်ဆိုင်က ဝမ်မိသားစုပိုင်တာပါ။"
"ဒီပုဂ္ဂိုလ်ကတော့ စွန်းမိသားစုရဲ့ အိမ်ထောင်ဦးစီး စွန်းကျားချန်ပါ။ ထုံတ၊ ကွမ်လိုင် ဆိုတဲ့ ဆန်ဆိုင် နှစ်ဆိုင်က စွန်းမိသားစုပိုင်တဲ့ လုပ်ငန်းတွေပါ။"
စွန်းကျားချန်နှင့် ဝမ်ချီရွှန်းတို့ နှစ်ဦးသည် မတ်တပ်ရပ်ကာ ဖန်ကျန်းရီအား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြ၏။
ဖန်ကျန်းရီကလည်း မတ်တပ်ရပ်ကာ လက်သီးဆုပ်၍ ပြန်လည် နှုတ်ဆက်လိုက်ပြီးနောက် ပြန်ထိုင်ကာ အသံဖမ်းစက်ကို ကြည့်ရင်း မေးလိုက်သည်။ "အိမ်ထောင်ဦးစီး နှစ်ယောက်ရဲ့ ဆန်ဆိုင်တွေက စုစုပေါင်း ဘယ်လောက် ခိုး၊ အိုး …. မဟုတ်ဘူး၊ စုစုပေါင်း ဆန်ဘယ်နှစ်တင်း လဲလှယ်ထားလဲဆိုတာ သိခွင့်ရှိမလား။"
သူတို့နှစ်ဦး၏ မျက်နှာများမှာ အနည်းငယ် ပျက်ယွင်းသွားကြ၏။ ခင်ဗျား တမင်သက်သက် လုပ်နေတာ မဟုတ်လား။
ထို့နောက် သူတို့က လျိုရွှန်းကို တွေဝေစွာဖြင့် ကြည့်လိုက်ကြ၏။ လျှို့ဝှက်ချက်ကို ပြောပြရမည်လား ဟု မကြည်သလို ကြည့်လိုက်ခြင်းပင်။
လျိုရွှန်းသည် လက်ဝှေ့ယမ်းကာ သူတို့နှစ်ဦးကို ထိုင်ရန် အချက်ပြလိုက်ပြီးနောက် ပြုံး၍ ပြောလိုက်၏။ "အားလုံးပဲ တင်းမာမနေကြပါနဲ့။ မြို့ဝန်ဖန်က ဒီနေ့ကစပြီး ကျုပ်တို့လူ ဖြစ်သွားပြီ။ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။
မြို့တော်က ပို့လိုက်တဲ့ ဆန်တွေကို မတွက်ဘဲ စုစုပေါင်း ဆန်သုံးသောင်းတင်း ရှိတယ်လို့ ကျုပ် ပြောပြနိုင်ပါတယ်။"
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လာခဲ့သည်။ လျိုရွှန်း၏ အကြည့်များက သူ၏လက်ထဲရှိ အသံဖမ်းစက်ဆီသို့ အဆက်မပြတ် ရောက်ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူသည် လက်လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။
ထို့နောက် သူက အသံဖမ်းစက်ကို လျိုရွှန်းဘက်သို့ တွန်းပို့လိုက်သည်။ "လာ မြို့ဝန်လျို…ဒါလေး စမ်းကြည့်ပါအုံး။"
လျိုရွှန်းသည် အသံဖမ်းစက်ကို သဘာဝကျကျ ယူလိုက်ပြီး လက်ကိုင်တံကို ဆုပ်ကိုင်ကာ စတင် လှည့်နေခဲ့၏။
လောင်ချီ၏ လက်ရာမှာ တကယ်ကို အံ့မခန်းပင် ဖြစ်သည်။ မည်သို့ ပြုလုပ်ထားသည်ကို မသိရသော်လည်း ဤအရာကို လှည့်ရသည်မှာ အနည်းငယ် တင်းကျပ်ကျပ် ရှိသော်လည်း ဖိစီးမှုများကို လျော့ကျစေနိုင်သည်။
လျိုရွှန်းသည် လှည့်နေရင်းဖြင့် စကားပြောနေခဲ့သည်။ "မနက်ဖြန် ဂိုဏ်းနှစ်ခု တိုက်ပွဲဖြစ်တဲ့အချိန်ကျရင် အကျဉ်းထောင်မှူး ချန်ဟယ်က လူတွေကို ခေါ်သွားပြီး စပါးကျီကို စောင့်ကြပ်မယ်။ အခြေအနေ ရှုပ်ထွေးနေတုန်းမှာ ဒုက္ခသည်တွေ စပါးကျီထဲ ဝင်ပြီး ဆန်ခိုးမှာကို ကာကွယ်ဖို့အတွက်ပါ။
သူစိမ်းမျက်နှာကို တွေ့တာနဲ့ အကျဉ်းထောင်ထဲကို တိုက်ရိုက် ဖမ်းထည့်လိုက်။ အကယ်၍ တစ်ခုခု ရိပ်မိသွားတယ်ဆိုရင် ချက်ချင်း သတ်ပစ်လိုက်။
ဒုမြို့ဝန်စွန်းက အစီရင်ခံစာကို ကြိုတင် ရေးဆွဲထားပါ။ သူပုန်တွေကို နှိမ်နှင်းပြီးတာနဲ့ ချက်ချင်း မြို့တော်ကို လူလွှတ်ပြီး ပို့လိုက်ပါ။ ကျန်တဲ့ ကောင်းဟွေ့၊ ထန်ရှီ၊ အကုန်လုံးက ကျုပ် အစီအစဉ်ချထားတဲ့အတိုင်း ကိုယ့်တာဝန် ကိုယ်ယူကြ။"
ထိုနေရာတွင် ရှိနေသူ အားလုံးကို တာဝန်များ ခွဲဝေပေးပြီးနောက် လျိုရွှန်းသည် သူ၏ လက်လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ဖန်ကျန်းရီအား ကြည့်လိုက်၏။
"မြို့ဝန်ဖန်အတွက်ကတော့။"
ဖန်ကျန်းရီသည် အခြေအနေကို ကြည့်ကာ အသံဖမ်းစက်ကို မိမိဘက်သို့ အလျင်အမြန် ဆွဲယူလိုက်ပြီး ဆက်လက် လှည့်နေခဲ့သည်။
လျိုရွှန်းသည် သူ့အား စိတ်မရှည်စွာဖြင့် တစ်ချက် ကြည့်လိုက်၏။
ဘာပစ္စည်းကြီးနည်း၊ ရူးနေသည်လား၊ မျက်နှာသာ ပေးထားသည်ကို တကယ်ကြီး အဆုံးမရှိ လှည့်လို့နေလေသည်။ မရပ်မနားပင်။
"မြို့ဝန်လျို ပြောပါအုံး။"
လျိုရွှန်းသည် သူ၏ စိတ်ထဲရှိ မကျေနပ်မှုများကို ဖိနှိပ်ထားလိုက်ပြီး မနက်ဖြန်ကျလျှင် သေတော့မည့်သူဟု သဘောထားလိုက်သည်။
သူက ပြုံး၍ ပြောလိုက်၏။ "မြို့ဝန်ဖန်အတွက်ကတော့ မြို့ပြင်ထွက်ပြီး သူပုန်တွေကို နှိမ်နှင်းဖို့ ကျုပ်က ဝေ့ရှန်းနဲ့ တခြားသက်တော်စောင့်တွေကို အတူတူ လိုက်သွားဖို့ စီစဉ်ပေးပါ့မယ်။"
ဝေ့ရှန်းသည် ချက်ချင်းပင် ရှေ့သို့ တစ်လှမ်း တိုးလာပြီး ဖန်ကျန်းရီ၏ အနီးသို့ လျှောက်သွားကာ သွားဖြီး၍ ရယ်ပြလိုက်သည်။
"ဝေ့ရှန်းက ကျုပ်နဲ့အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့တာ။ သူ့ရဲ့ သိုင်းပညာက အတော်လေး နက်နဲတယ်။"
ဒေါက်၊ ဒေါက်၊ ဒေါက်။
လျိုရွှန်း စကားပြောနေဆဲမှာပဲ တံခါးဝမှ ခပ်တိုးတိုး တံခါးခေါက်သံ အချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ဘာအသံလဲ။"
ဖန်ကျန်းရီက အလျင်အမြန် စကားဖြတ်ပြောလိုက်လသည်။ "အာ …မြို့ဝန်လျို ဆက်ပြောပါအုံး။ ဝေ့ရှန်းက ဘယ်လိုလဲ။"
"အိုး .. ဝေ့ရှန်းက သိုင်းပညာ အတော်လေး နက်နဲတယ်။ ခင်ဗျားရဲ့ ဘေးနားမှာဆိုရင် ခင်ဗျားရဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်တယ်။"
ဖန်ကျန်းရီသည် ဝေ့ရှန်းအား သတိထား၍ ခိုးကြည့်လိုက်၏။
ဤလူငယ်က အရပ်ပုသော်ငြား သိုင်းပညာ တတ်မြောက်ထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ခဏနေလျှင် ခွက်ကို ခွဲချပြီး အချက်ပြမည့်အခါ မိမိက သူ့အနားတွင် ရှိနေပါက အဖမ်းခံရမည်ကို စိုးရိမ်ရသဖြင့် သတိထားမှ ဖြစ်မည်ဟု တွေးလိုက်သည်။
"မြို့ဝန်လျိုရဲ့ စေတနာကို ကျုပ် ကျေးဇူးတင်ပါတယ်။" ပြောပြောဆိုဆိုဖြင့် ဖန်ကျန်းရီသည် မတ်တပ်ရပ်ကာ ဝေ့ရှန်း၏ ရင်ဘတ်ကို စမ်းသပ်လိုက်၏။
"အိုး … ရင်ဘတ်ကြွက်သားတွေက တော်တော်လေး ဖွံ့ဖြိုးတာပဲ။"
ဝေ့ရှန်းမှာ တစ်ကိုယ်လုံး တင်းမာသွားခဲ့ပြီး မချိပြုံး ပြုံး၍ အနောက်သို့ ခြေနှစ်လှမ်းခန့် အလိုအလျောက် ဆုတ်သွားသည်။
လျိုရွှန်းမှာ ကြက်သီးထသွားပြီး ကုလားထိုင်ကို အလျင်အမြန် ရွှေ့လိုက်၏။
ထို့နောက် လျိုရွှန်းသည် မတ်တပ်ရပ်ကာ လက်ဖက်ရည်ပန်းကန်ကို မြှောက်လိုကသည်။ "ဒီကိစ္စ ပြီးသွားရင် ကျုပ်တို့ အားလုံး အောင်မြင်စွာနဲ့ နောက်ဆုတ်နိုင်ပြီ။ ဒီနေ့ကစပြီး အားလုံးပဲ အလုပ်လုပ်တဲ့အခါ နည်းနည်းလေး ဆင်ခြင်ကြပါ။ မဟုတ်ရင် နန်းတော်ကို ကျုပ် ရှင်းပြလို့ ရမှာ မဟုတ်ဘူး။"
လူတိုင်းက ခေါင်းညိတ်ကာ သဘောတူလိုက်ကြ၏။
"လာ လာ လာ။ အားလုံးပဲ လက်ဖက်ရည်ပန်းကန်ကို မြှောက်ကြပါ။ လက်ဖက်ရည်ကို အရက်အစား ထားပြီး သောက်ကြရအောင်။ မနက်ဖြန် တိုက်ပွဲ ပြီးသွားရင် မြို့ဝန်ဖန် မြို့တော်ကို ပြန်နိုင်မယ့် အချိန်က သိပ်မဝေးတော့ပါဘူး။ ကျုပ်တို့ အားလုံးက မြို့ဝန်ဖန်အတွက် ကြိုတင် ဂုဏ်ပြုပေးကြတာပေါ့။"
ဖန်ကျန်းရီသည် လက်လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ဘေးရှိ သေတ္တာကို ယူလိုက်သည်။
အသံဖမ်းစက်ကို သေတ္တာထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်ပြီးနောက် နံရံထောင့်သို့ လျှောက်သွားပြီး သေတ္တာကို ကုတင်အောက်ရှိ နံရံထောင့်တွင် သေချာစွာ ချထားလိုက်၏။
လူတိုင်းက သူ၏ ထူးဆန်းလှသော လုပ်ရပ်များကို လက်ဖက်ရည်ပန်းကန်များ ကိုင်ကာ ကြည့်နေကြပြီး မျက်နှာပေါ်တွင် အမူအရာ အမျိုးမျိုး ဖြစ်ပေါ်နေကြသည်။
လျိုရွှန်းနှင့် ဝေ့ရှန်းတို့ကလည်း သူ့အား အထင်သေးစွာဖြင့် စူးစိုက်ကြည့်နေကြ၏။
သေရတော့မည့် လူပင် ဖြစ်သည်၊ ဘာတွေ လုပ်ချင်နေသေးသနည်း၊ လုပ်ချင်သလိုသာ လုပ်ပါစေတော့။
အပိုင်း (၂၁၈) ဒါက လူငယ်သဘာဝပဲ။
အကုန်လုံး နေရာတကျ ပြင်ဆင်ပြီးသွားချိန်တွင် ဖန်ကျန်းရီသည် ဝေ့ရှန်း၏ ပေါင်ကြားကို တစ်ချက် ဝေ့ကြည့်လိုက်၏။
ထို့နောက် စားပွဲဆီသို့ လျှောက်သွားကာ လက်ဖက်ရည်ပန်းကန်ကို ယူလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ "ကောင်းပြီ … ကျုပ်က ဒီနေ့ အားလုံးနဲ့ အတူတူ သောက်မယ်။ မနက်ဖြန် အလုပ်တွေ အားလုံး အဆင်ပြေ ချောမွေ့ဖို့ ဆုတောင်းပေးပါတယ်။"
"ကောင်းပြီ။ မြို့ဝန်ဖန်ရဲ့ ဆုတောင်းစကားအတွက် ကျေးဇူးတင်ပါတယ်။"
လူတိုင်းက တစ်ပြိုင်နက်တည်း ပြန်လည် ဖြေကြားလိုက်ပြီးနောက် လက်ဖက်ရည်ပန်းကန်ကို ကိုင်ကာ တစ်ကြိုက်တည်း မော့သောက်လိုက်ကြ၏။
ဖန်ကျန်းရီလည်း တစ်ကြိုက်တည်း မော့သောက်လိုက်ပြီးနောက် လက်ဖက်ရည်ပန်းကန်ကို အားကုန် ပစ်ပေါက်လိုက်သည်။
အခန်းထဲတွင် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းက ဖန်ကျန်းရီကို ကြည့်ကာ သူတို့၏ ခေါင်းထဲတွင် စကားလုံး နှစ်လုံးသာ ပေါ်လာတော့၏။
အရူး .. ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ခွက်ကို ပစ်ပေါက်ရတာလဲ။ ပုန်ကန်ဖို့ အချက်ပြနေတာလား။
နောက်တစ်စက္ကန့်မှာ ဖန်ကျန်းရီ ရုတ်တရက် ထခုန်လိုက်သည်ကို မြင်လိုက်ရ၏။ သူသည် ခြေထောက်တစ်ဖက်ဖြင့် ဝေ့ရှန်း၏ ပေါင်ကြားဆီသို့ တွန့်ဆုတ်ခြင်းမရှိဘဲ ကန်ချလိုက်သည်။
တစ်ချိန်တည်းမှာပဲ ဝေ့ရှန်း၏ လည်ပင်းကို လက်သီးဖြင့် ထိုးချလိုက်၏။
မတုံ့ပြန်နိုင်သေးသော ဝေ့ရှန်းမှာ ချက်ချင်း အော်ဟစ်လိုက်ပြီး ပေါင်ကြားကို ဖမ်းကိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အဆက်မပြတ် ချောင်းဆိုးနေသည်။
ထို့နောက် ဝုန်း ဆိုသော ကျယ်လောင်သည့် အသံကြီးနှင့်အတူ တံခါးကြီးမှာ ရိုက်ချိုးခံလိုက်ရပြီး လူသန်ကြီး တစ်စုသည် ဒေါသတကြီးဖြင့် ပြေးဝင်လာကြ၏။
လူတိုင်း၏ တွေးခေါ်နိုင်စွမ်းမှာ သိသိသာသာကို နောက်ကျနေခဲ့သည်။ မူလက ဖန်ကျန်းရီကို ကြည့်နေကြရာမှ ချက်ချင်း တံခါးဝဆီသို့ အကြည့်ရောက်သွားကြရာ လည်ပင်းများပင် လိမ်ထွက်မတတ် ဖြစ်သွားကြ၏။
ထိုအချိန်မှာပင် ဖန်ကျန်းရီ၏ ကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံကို ကြားလိုက်ရသည်။ "ခွေးကောင်တွေ …. အားလုံး ငြိမ်ငြိမ်နေကြ။ ဓားစာခံက ကျုပ်လက်ထဲမှာ ရှိတယ်။"
လူတိုင်းက ချက်ချင်းပင် ထပ်မံ လှည့်ကြည့်လိုက်ကြပြန်၏။
လျိုရွှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖန်ကျန်းရီ၏ လက်ပြန်ချုပ်ကာ စားပွဲပေါ်တွင် ဖိထားခြင်းကို ခံနေရသည်ကို မြင်လိုက်ရသည်။
လူတိုင်းက ပြဿနာရှိနေပြီဟု သတိထားမိလိုက်ပြီး ထပ်မံ လှည့်ကြည့်လိုက်ချိန်တွင်တော့ နောက်ကျသွားခဲ့ပြီ ဖြစ်၏။
လူသန်ကြီး တစ်စုက သူတို့တစ်ယောက်စီတိုင်း၏ လက်ထဲတွင် တုတ်ခိုင်သော ကြိုးတစ်ချောင်းစီကို ကိုင်ဆောင်ထားလျက် ရှေ့သို့ ပြေးဝင်လာကြပြီး တက်လာသည်နှင့် သူတို့ကို ခိုင်မြဲစွာ တုပ်နှောင်လိုက်ကာ ပါးစပ်ထဲသို့လည်း အဝတ်စတစ်ခုကို ဆို့ထည့်လိုက်သည်ကိုသာ မြင်တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အခန်းထဲရှိ လူအားလုံး အဖမ်းခံလိုက်ရ၏။
အခြေအနေ တည်ငြိမ်သွားပြီး အားလုံးက အစီအစဉ်အတိုင်း ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ဖန်ကျန်းရီသည် သက်ပြင်းချလိုက်သည်။
သူ့အောက်တွင် အဖိခံထားရသော လျိုရွှန်းက ရူးသွပ်စွာ အော်ဟစ်နေခဲ့၏။ "ဖန်ကျန်းရီ … ခင်ဗျား ဘာလုပ်မလို့လဲ။ ခင်ဗျား ရူးနေတာလား။ နန်းတော်က ခန့်အပ်ထားတဲ့ အရာရှိကို လုပ်ကြံချင်နေတာလား။ ကျုပ်ကို လွှတ်။ ကျုပ်ကို မြန်မြန် လွှတ်ပေးစမ်း။ ခင်ဗျား သေလမ်း ရှာနေတာပဲ။"
ဖန်ကျန်းရီက အထင်သေးစွာဖြင့် ပြောလိုက်သည်။ "နန်းတော်က ခန့်အပ်ထားတဲ့ အရာရှိ ဟုတ်လား။ ဟက်။ ခင်ဗျားက လူ့အသက်ကို သစ်ရွက်လို သဘောထားနေတာကို ကျုပ် မြင်တယ်။ ကျုပ်က ဧကရာဇ်ရဲ့ အမိန့်နဲ့ ကျန်းကျန်မြို့ကို ကယ်ဆယ်ရေးလုပ်ဖို့ လာခဲ့တာ။ အခု ဒီလို အကျင့်ပျက်ခြစားမှု အကြီးကြီးကို တွေ့ရတာ ဆိုတော့ ခင်ဗျား ကံဆိုးတာပဲ။ ကျန်းပြောင် ….။"
ကျန်းပြောင်သည် ကြားသည်နှင့် ကြိုးတစ်ချောင်းကို ကိုင်ကာ ဖန်ကျန်းရီ၏ အနီးသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး လျိုရွှန်း၏ အပေါ်ပိုင်းကို အလျင်အမြန် တုပ်နှောင်လိုက်၏။
ထို့နောက် ဒိုင်း ဒိုင်း ဆိုသော အသံနှစ်ချက်ဖြင့် ခြေထောက်နှစ်ဖက်လုံးကို ကန်ချိုးလိုက်သည်။
လျိုရွှန်း မအော်ဟစ်နိုင်မီမှာပင် ကြီးမားသော အဝတ်စတစ်ခုကို သူ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ဆို့ထည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်အထိ ဖြစ်သွားခဲ့၏။
မြေပြင်ပေါ်ရှိ ဝေ့ရှန်းမှာတော့ ပေါင်ကြားကို ဖမ်းကိုင်ကာ အသံအက်ကွဲကြီးဖြင့် အော်ဟစ်နေဆဲ ဖြစ်သည်။
ကျန်းပြောင်က မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားခဲ့၏။ "ဒီလူက သိုင်းပညာ နည်းနည်း တတ်တယ်။"
ထို့နောက် ဒိုင်း ဒိုင်း ဆိုသော အသံနှစ်ချက် ထပ်မံ ထွက်ပေါ်လာပြီး ဝေ့ရှန်း၏ ခြေထောက်နှစ်ဖက်လုံးကို နင်းချိုးလိုက်ပြန်သည်။
ဖန်ကျန်းရီမှာ ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့၏။ ကြမ်းတမ်းလှပေသည်၊ အရမ်း ကြမ်းတမ်းလွန်းလှ၏၊ ယဉ်ကျေးမှု လုံးဝ မရှိဟု သူက တွေးလိုက်သည်။
သို့သော်ငြား ကျန်းပြောင်၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှရာ သူ တစ်ခုခု ပြောရန် ပြင်နေချိန်မှာပဲ ဝေ့ရှန်းလည်း အတုပ်ခံလိုက်ရပြီး ပါးစပ်ထဲသို့ အဝတ်စ ဆို့ခံလိုက်ရ၏။
တစ်ခဏချင်းမှာပဲ အခန်းတစ်ခုလုံး ညည်းညူသံများဖြင့် ပြည့်နှက်သွားပြီး ဒဏ်ရာမရရှိသော အခြားသူ အားလုံးမှာ ဖန်ကျန်းရီကို ကြောက်လန့်တကြား ကြည့်နေကြသည်။
ဖန်ကျန်းရီသည် အခန်းတစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ရာ တောက်ယွမ်ခရိုင်မှ ရောက်လာသော သူများ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများ လွှမ်းခြုံနေပြီး မျက်လုံးများထဲတွင်လည်း စိတ်လှုပ်ရှားမှု အရောင်အဝါများ တောက်ပနေသည်ကို မြင်လိုက်ရ၏။
ဤအရာက လူငယ်သဘာဝပင် ဖြစ်သည်။
သူလည်း အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။ ဖန်ကျန်းရီ ကိုယ်တိုင် သင်ကြားပေးခဲ့သော လူတွေဆိုတာ တကယ်ကို တန်ဖိုးရှိလှ၏။
ဤအလုပ်ကို မလုပ်ရသည်မှာ ဘယ်နှစ်နှစ် ရှိသွားပြီနည်း၊ အလုပ်လုပ်ရတာ လုံးဝ မစိမ်းသက်ပေ။
"ပစ္စည်းတွေ အကုန် ပြင်ဆင်ပြီးပြီလား။"
ကျန်းပြောင်က အသံကျယ်ကျယ်ဖြင့် ဖြေလိုက်သည်။ "ဂုန်နီအိတ်တွေ၊ ရထားလုံးတွေ အကုန် ပြင်ဆင်ပြီးပါပြီ။"
ဖန်ကျန်းရီသည် ယုံကြည်မှုကို ပြန်လည် ရရှိသွားပြီး လက်ကို ဝှေ့ယမ်းကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ "ရထားလုံးပေါ် တင်ဖို့ ပြင်ဆင်ကြ။"
လူတိုင်းက သူတို့၏ ခါးမှ ဂုန်နီအိတ်များကို တညီတညွတ်တည်း ဖြုတ်ချလိုက်ပြီး တုပ်နှောင်ခံထားရသော လူများကို အတွင်းသို့ ချောမွေ့စွာ ထည့်သွင်းလိုက်ကာ အိတ်ဝကို တင်းကျပ်စွာ စည်းနှောင်လိုက်ကြ၏။
ထို့နောက် လူတစ်ယောက်လျှင် နှစ်ယောက်စီ ဆွဲငင်ကာ အောက်ထပ်သို့ ဆင်း၍ ရထားလုံးပေါ်သို့ တင်ဆောင်ကြတော့သည်။
လှေကားထစ်သို့ ဆွဲငင်သွားရာလမ်းတစ်လျှောက်တွင် ဒုန်း ဒုန်း ဒုန်း ဒုန်း ဆိုသော အသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။
အောက်ထပ်သို့ ရောက်ရှိချိန်တွင် ပြည့်ကျပ်နေသော ရထားလုံး အချို့ကို ကြည့်ကာ ဖန်ကျန်းရီက လက်တစ်ဖက် ထပ်မံ ဝှေ့ယမ်းလိုက်သည်။
"လှေပေါ်ကို ပို့လိုက်ကြ။ ညရောက်မှ ကျုပ် သူတို့ကို သေချာ စစ်ဆေးမယ်။"
"နောက်ထပ် လူနည်းနည်းလောက်က ကျုပ်အိမ်ကို သွားကြ။ ထင်းရုံနဲ့ အိပ်ခန်းထဲမှာ လူနည်းနည်း ပိတ်လှောင်ထားတယ်။ သူတို့ကို ငွေနည်းနည်းပေးပြီး လွှတ်ပေးလိုက်ကြ။ ကျန်းပြောင်က ကျုပ်နဲ့အတူ လူတွေကို လှေဆီ ခေါ်သွားမယ်။"
လူအချို့က ပြန်လည် ဖြေကြားလိုက်ပြီးနောက် ဖန်ကျန်းရီနှင့် အခြားသူများသည် ရထားလုံးများကို မောင်းနှင်ကာ ချန်ဟူရေကန်ရှိ လှေဆီသို့ ထွက်ခွာသွားကြ၏။
အမိန့်ရရှိပြီးနောက် လျန်ကွေ့နှင့် အခြားသူများသည် ဖန်အိမ်တော်ဆီသို့ ဦးတည်၍ ပြေးသွားကြသည်။
ယခုအချိန်တွင် အစေခံမလေး ဟုန်ယောင်နှင့် လွီလျိုတို့မှာ ထင်းရုံထဲတွင် ပိတ်လှောင်ခံထားရပြီး မည်မျှ အော်ဟစ်နေပါစေ မည်သူမှ မကြားနိုင်ပေ။
မနက်စောစောတည်းက ဖန်ကျန်းရီက မည်သည့် ရူးသွပ်မှုမျိုး ဝင်ပူးနေသည်မသိဘဲ သူတို့နှစ်ဦးကို အခန်းထဲသို့ ခေါ်ဆောင်သွားပြီး ကစားပွဲလေး တစ်ခု ကစားမည်ဟု ပြောခဲ့၏။
သို့သော် ကျိုးတာဟိုင်၏ သနားစရာ မြင်ကွင်းကို မြင်တွေ့ခဲ့ရပြီးနောက် မိန်းကလေးနှစ်ဦးမှာ အခြေအနေ မကောင်းမှန်း ကြိုတင် ခံစားနေရသော်ငြား ဖန်ကျန်းရီ၏ ရမ္မက်ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် လက်ခံလိုက်ရသည်။
ထို့နောက် သူက မည်သည့်နေရာမှန်း မသိသော အနီရောင် ကြိုးတစ်ခွေကို ယူဆောင်လာပြီး ကျိုးတာဟိုင်ကို ချည်နှောင်ထားသော လိပ်ခွံကြိုးချည်နည်းအတိုင်း သူတို့နှစ်ဦးကိုပါ ဆက်တိုက် ချည်နှောင်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။
ဖန်ကျန်းရီသည် သေချာပေါက် ရိုးသားဖြူစင်သော လူငယ်လေး တစ်ဦး ဖြစ်ရာ ဤကြိုးချည်နည်းများမှာ နှစ်ပေါင်းများစွာ လူပြန်ပေးဆွဲရာမှ ရရှိလာသော အတွေ့အကြုံများသာ ဖြစ်ပြီး BDSM ဗီဒီယိုများနှင့် လုံးဝ သက်ဆိုင်မှု မရှိပေ။
ကံကောင်းသည်မှာ ဖန်ကျန်းရီက မိန်းကလေးများကို သနားညှာတာတတ်သဖြင့် ကျိုးတာဟိုင် ချည်နှောင်ထားသော ကြိုးကြမ်းမျိုးကို အသုံးမပြုဘဲ ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိသော အနီရောင် ဝါဂွမ်းကြိုးများကို ဂရုတစိုက် ပြောင်းလဲ အသုံးပြုပေးခဲ့သည်။ ကြိုးကြမ်းများထက် အများကြီး ပိုမို ကောင်းမွန်၏။
ထူးဆန်းသော ကြိုးချည်နည်းကို ကျိုးတာဟိုင်၏ ကိုယ်ပေါ်တွင် မြင်တွေ့ခဲ့ရချိန်က သူတို့အနေဖြင့် သိပ်ပြီး မထူးခြားဟု ခံစားခဲ့ရသော်ငြား ဤကြိုးက မိမိတို့၏ ကိုယ်ပေါ်သို့ ရောက်ရှိလာချိန်တွင်တော့ ထူးထူးဆန်းဆန်း အောက်တန်းကျနေသလို ခံစားလိုက်ရသည်။
ပေါ်လွင်သင့်သော နေရာများမှာ ပို၍ပင် ပေါ်လွင်လာခဲ့၏။
မိန်းကလေးနှစ်ဦး၏ စိတ်ထဲတွင် ရှက်ရွံ့မှုနှင့် ဒေါသများ ရောထွေးနေပြီး မူလက ဖန်ကျန်းရီက သူတို့ကို ကြိုးချည်ကာ ရိုက်နှက်မည်ဟု ထင်မှတ်ထားခဲ့သော်ငြား ချက်ချင်းပင် ထမ်းခေါ်သွားပြီး ထင်းရုံထဲသို့ ပစ်ထည့်လိုက်သဖြင့် စိတ်ထဲတွင် ပို၍ပင် ရှက်ရွံ့သွားကြသည်။
ရှင် ယောက်ျားလေးတွေကို သဘောကျတယ်ဆိုပေမဲ့ ကျွန်မတို့ နှစ်ယောက်ကလည်း ဆွဲဆောင်မှု မရှိတဲ့သူတွေမှ မဟုတ်တာကို။
မည်းမှောင်နေသော ထင်းရုံထဲတွင် အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်ငြား မိန်းကလေးနှစ်ဦး၏ စိတ်ထဲတွင် ပို၍ စိုးရိမ်ထိတ်လန့်လာပြီး ကိုယ်ပေါ်ရှိ ကြိုးများမှာလည်း ပို၍ တင်းကျပ်လာသကဲ့သို့ ခံစား လာရသည်။
ရုတ်တရက် တံခါးပွင့်သွားပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော နေရောင်ခြည်က အတွင်းသို့ ဝင်ရောက်လာခဲ့၏။
အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော အမျိုးသားတစ်ချို့သည် အလင်းရောင်ကို ကျောခိုင်းထားသဖြင့် မျက်နှာကို သေချာစွာ မမြင်ရပေ။
ထို့နောက် ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "သူတို့နှစ်ယောက် ဖြစ်မယ်။ သခင်လေးကလွဲရင် ဒီလိုကြိုးချည်နည်းကို ဘယ်သူမှ မသုံးတတ်ဘူး။"
စကားအဆုံးတွင် ခေါင်းဆောင်ဖြစ်သူက ရှေ့သို့ တိုးလာကာ ဆောင့်ကြောင့်ထိုင်ပြီး မိန်းကလေးနှစ်ဦး၏ ကိုယ်ပေါ်ရှိ ကြိုးများကို ဖြည်ပေးလိုက်၏။
ထို့နောက် ရှေ့ရှိ လူများ စကားပြောနေသည်ကို ကြားလိုက်ရသည်။
"အစ်ကိုကွေ့ … ဒီကောင်မလေး နှစ်ယောက်က မြို့ဝန် စေလွှတ်လိုက်တဲ့ သူလျှိုတွေ ဖြစ်မယ်ထင်တယ်။"
"အင်း … သေချာပေါက် ဖြစ်မှာပေါ့။ မဟုတ်ရင် သခင်လေးက သူတို့ကို ဒီလို ချည်ထားပါ့မလား။"
လျန်ကွေ့သည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသော ဟုန်ယောင်နှင့် လွီလျိုတို့ကို ကြည့်ကာ အင်္ကျီလက်ထဲမှ ငွေစက္ကူ နှစ်ရွက်ကို ထုတ်ယူ၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ "သွားကြတော့။ ဒါက သခင်လေးဖန် ခင်ဗျားတို့ကို ပေးတဲ့ နစ်နာကြေးပဲ။ ဒီငွေတွေကို ခင်ဗျားတို့ ကြိုက်သလို သုံးလို့ရတယ်။ ခင်ဗျားတို့က ဖန်မိသားစုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။"
ဟုန်ယောင်နှင့် လွီလျိုတို့သည် မြေပြင်ပေါ်သို့ ကျလာသော ငွေစက္ကူများကို ကြည့်လိုက်ပြီး အချင်းချင်း မျက်လုံးချင်း ဆုံလိုက်ကြရာ မျက်လုံးများထဲတွင် တွေဝေမှုများ ပြည့်နှက်နေခဲ့သည်။
မြို့ဝန်ရဲ့ သူလျှိုတွေ ဟုတ်လား။ သူက အကုန်လုံး သိနေတာလား။
ဟုန်ယောင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "ကျုပ်တို့ .. ကျုပ်တို့ သွားလို့ မရဘူး။ မြို့ဝန်မင်းက ကျုပ်တို့ကို သခင်လေးဖန်ဆီမှာ အစေခံဖို့ စေလွှတ်လိုက်တာပါ။ တကယ်လို့ ကျုပ်တို့က သဘောကျ ထွက်သွားရင် အိမ်ပြန်ရောက်တဲ့အခါ အရိုက်ခံရပြီး သေသွားနိုင်တယ်။"
လွီလျိုကလည်း ချက်ချင်းပင် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
လျန်ကွေ့က အေးစက်စွာ ရယ်မောလိုက်၏။ "မြို့ဝန်မင်း ဟုတ်လား။ အခု ကျန်းကျန်မြို့မှာ မြို့ဝန်မင်း ဆိုတာ မရှိတော့ဘူး။ သခင်လေးဖန် တစ်ယောက်ပဲ ရှိတော့တယ်။
ခင်ဗျားတို့ရဲ့ ကျွန်ချုပ်စာချုပ်တွေက မြို့ဝန်ဆီမှာ ရှိနေရင်တောင် စိတ်ပူစရာ မလိုဘူး။ သခင်ဖန်က ခင်ဗျားတို့ကို လွှတ်ပေးလိုက်ပြီဆိုတော့ သူကပဲ အကုန်လုံး ဖြေရှင်းပေးလိမ့်မယ်။ မေးစရာ ရှိသေးလား။"
မိန်းကလေးနှစ်ဦး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူတို့၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။
ဟုန်ယောင်က တုန်ရီသော အသံဖြင့် မေးလိုက်၏။ "ဘယ်လိုလုပ် မြို့ဝန်မင်း မရှိတော့တာလဲ။"
"သေသွားပြီလေ။"
"ဘာ။" မိန်းကလေးနှစ်ဦးသည် တစ်ပြိုင်နက်တည်း ခေါင်းမော့လာကြပြီး မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။
သေသွားပြီ ဟုတ်လား၊ ဆိုလိုတာ သူတို့ အဲဒီ ရွံ့စရာကောင်းတဲ့ အဘိုးကြီးတွေရဲ့နှိပ်စက်မှုကို ခံစရာ မလိုတော့ဘူးပေါ့။
သူတို့ ငယ်စဉ်တည်းက ထိုရွံစရာကောင်းသော အဘိုးကြီး၏ နှိပ်စက်မှုကို ခံခဲ့ရပြီးနောက် နေရာအနှံ့သို့ လက်ဆောင်အဖြစ် ပေးပို့ခံခဲ့ရကာ ယခု ထိုလူယုတ်မာကြီးက အကြောင်းရင်းမရှိဘဲ သေဆုံးသွားပြီလား။
ဟုန်ယောင်နှင့် လွီလျိုတို့၏ မျက်လုံးများမှာ မနေနိုင်ဘဲ နီရဲလာခဲ့ပြီး ကိုယ်ဟန်ကို မတ်မတ်ထားကာ မြေပြင်ပေါ်တွင် ဒူးထောက်၍ ဦးညွှတ်လိုက်ကြ၏။ "ကျုပ်တို့ သခင်လေးဖန်ကို ကျေးဇူးတင်ပါတယ်။"