← Chapters

မျိုးကွဲ

Vol. 63 Ch. 884

မျိုးကွဲ

Vol. 63 Ch. 884

လီလော့နှင့် လီဖုန်းတို့ မျက်မှောင်ကြုတ်နေကြသည်။ လီဖုန်းက အလျင်အမြန် ရှေ့သို့တိုးကာ လီလင်းကျင်း၏ ရင်ဘတ်အောက်ပိုင်းရှိ အဝတ်များကို အနည်းငယ် ဖယ်ရှားလိုက်ရာ၊ ဖြူဝင်းချောမွေ့သော ဝမ်းဗိုက်လေး ပေါ်လာသည်။

ထိုဗိုက်လေး၏ ဘေးဘက်တွင် မည်းနက်နေသော အမာရွတ်တစ်ခု ရှိနေသည်ကို သူတို့ မြင်လိုက်ရသည်။ ၎င်းမှာ အသက်ဝင်နေသည့် အနက်ရောင် မှော်အက္ခရာသင်္ကေတတစ်ခုနှင့်တူပြီး ဖြည်းညှင်းစွာ တွန့်လိမ်လှုပ်ရှားနေသည်။ ၎င်း၏ပါးစပ်မှာ အမြီးနှင့် ဆက်နေပြီး ရှည်လျားသော ပိုးကောင်တစ်ကောင်နှင့်ပင် ဆင်တူလှသည်။

ထူးဆန်းသော အငွေ့အသက်တစ်ခုလည်း ထိုအရာထံမှ ထွက်ပေါ်နေသည်။

"ဒါက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးရဲ့ အငွေ့အသက်ပဲ" ဟု လီလော့က စိတ်မကောင်းစွာဖြင့် ရှင်းပြလိုက်သည်။

ထိုအခါ လီဖုန်း၏ အိုမင်းနေသော မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"လင်းကျင်းရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်… အရိုးထဲအထိ စွဲနေတဲ့ အနာဟောင်းတခုလို ကပ်တွယ်နေတဲ့ ဒီဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ငါ ဘယ်လိုလုပ် သန့်စင်ပေးနိုင်မှာလဲ… လီလင်းကျင်းက သူ့ရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်သွင်းနိုင်ခဲ့ပေမဲ့၊ အဲဒါက သူ့ရဲ့ အသားစိုင်တွေနဲ့ ရောထွေးနေပြီ…."

လီလော့က

"ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… တခြား အစစ်အမှန်နတ်ဆိုးတွေနဲ့ ယှဉ်ရင် သူက ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ?"

ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးသည် ထူးခြားသော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားပြီး လူသားများ၏ ပါရမီကို ဝါးမြိုနိုင်စွမ်း ရှိသည်။ ဤအရာသည် အခြားသော 'ကမ္ဘာခြားသက်ရှိများ' တွင် သူ တစ်ခါမှ မတွေ့ဖူးသည့် အစွမ်းမျိုးဖြစ်သည်။

ထို့အပြင်၊ ယခင်က တိုက်ခိုက်ခဲ့သည့် အခြေအနေအရ၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးသည် တတိယအဆင့် အစစ်အမှန်နတ်ဆိုး တစ်ကောင်ဖြစ်သည်။ လီလော့အနေဖြင့် ၎င်းကို အားနည်းသည်ဟု မဆိုနိုင်သော်လည်း၊ နဂါးစွယ်ကလန်နှင့် နှိုင်းယှဉ်ပါက ၎င်းကို မြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ရန် ခဲယဉ်းလှသည်။ သို့သော်လည်း၊ ထိုနတ်ဆိုးသည် သာမန် တတိယအဆင့် အစစ်အမှန်နတ်ဆိုးများထက် သာလွန်သော ပဟေဠိဆန်သည့် စွမ်းအားတစ်ခုကို ပြသနေကြောင်း သူ ခံစားရသည်။

လီဖုန်းက ခေါင်းယမ်းလိုက်ပြီး…

"အနောက်ဘက်ဒေသ အမှောင်နယ်မြေထဲကို အကြိမ်ကြိမ် သွားခဲ့ဖူးပေမဲ့ ဒီလိုမျိုးကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ…"

"ဒါကတော့ သူကိုယ်တိုင် လျှို့ဝှက် ပုန်းအောင်းနေပြီး ထူးချွန်တဲ့ ပါရမီရှင်တွေကို ဝါးမြိုဖို့ အခွင့်အရေး ရှာနေတာနေမှာပေါ့….”

လီဖုန်း၏ အကြည့်များ လေးနက်သွားသည်။ ဤကောက်ကျစ်သော အစစ်အမှန်နတ်ဆိုးမှာ အနည်းငယ် ထူးဆန်းသည်။ ၎င်းသည် ပုံမှန် အစစ်အမှန်နတ်ဆိုးများနှင့် လုံးဝ ကွာခြားနေပြီး ၎င်း၏ လုပ်ရပ်များနောက်ကွယ်မှ အကြောင်းရင်းကို သူ လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။

"'ကမ္ဘာခြားသက်ရှိ' တွေဆိုတာ ထူးထူးဆန်းဆန်း ပုံစံမျိုးစုံနဲ့ လာတတ်ကြပြီး ဖမ်းဆီးဖို့ ခက်ခဲပါတယ်…စိတ်ကူးမယဉ်နိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ အစစ်အမှန်နတ်ဆိုး အနည်းငယ်ကို တွေ့ရတာက မမျှော်လင့်ထားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး.. ဒါက ခြွင်းချက်တစ်ခုလည်း ဖြစ်နိုင်တာပဲ…"

"ဖြစ်နိုင်ပါတယ်"

လီလော့တွင်လည်း အခြားအဖြေမရှိပေ။ သူသည် လီလင်းကျင်း၏ ဝမ်းဗိုက်အောက်ပိုင်းရှိ မှေးမှိန်စွာ တွန့်လိမ်နေသော ပိုးကောင်ပုံစံ အမှတ်အသားကို စိုက်ကြည့်လိုက်သည်။

"ဝမ်းကွဲအစ်မ လင်းကျင်းအနေနဲ့ နဂါးစွယ်တောင်မှာ အချိန်ယူပြီး ပြန်လည်ကျန်းမာအောင် လုပ်ဖို့ လိုအပ်လိမ့်မယ် ထင်တယ်…"

ထိုအမှတ်အသားကို မဖြေရှင်းနိုင်ပါက၊ သူမ မည်သည့်အချိန်တွင် ပျက်သုန်းခြင်းစွမ်းအားများ အပြည့်အဝလွှမ်းမိုး ခံရမည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့် သူမကို နဂါးစွယ်တောင်သို့ ခေါ်ဆောင်သွားပြီ အကြီးအကဲ၏ စစ်ဆေးမှုကို ခံယူကာ ဖြေရှင်းရန် နည်းလမ်းရှာရမည်ဖြစ်သည်။

"ကလန်ခေါင်းဆောင်သာ ကိုယ်တိုင် ပါဝင်ကူညီပေးမယ်ဆိုရင် လင်းကျင်းအတွက် အကျိုးရှိမှာပါ….ဒီအတွက် ကျေးဇူးတင်ပါတယ် တံခွန်ကိုင် လီလော့…"

လီဖုန်းက ကျေးဇူးတင်စွာဖြင့် သက်ပြင်းချလိုက်ပြီး ရိုးသားစွာ ဦးညွှတ်လိုက်သည်။

အနောက်ဘက်ဒေသ လီမိသားစုသည် ကျောက်ကောင်းကင်ဧကရာဇ် လီကလန်၏ မျိုးနွယ်ခွဲတစ်ခု ဖြစ်သော်လည်း၊ သူတို့၏ သွေးသားမှာ ပင်မမျိုးနွယ်နှင့် အတော်လေး ဝေးကွာနေပြီဖြစ်သည်။ လီရုန်ယွင့်သာ အစိမ်းရောင်နယ်သာတံခွန်၏ ခန်းမသခင် ဖြစ်လာရန် ကြိုးစားအားထုတ်မှုများ မရှိခဲ့ပါက၊ သူတို့၏ မိသားစုမှာ ဆက်လက် ယိုယွင်းနေပေလိမ့်မည်။

ထိုအခြေအနေမျိုးတွင် သူတို့၏ ရပ်တည်ချက်များဖြင့် ကလန်ခေါင်းဆောင်နှင့် တွေ့ဆုံရန် တောင်းဆိုဖို့ပင် ခက်ခဲလှသည်၊ သူကိုယ်တိုင် ပါဝင်ကူညီပေးရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

"အဒေါ်ယွင့်နဲ့ ကျွန်တော်က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်၊ ဒါက သူမယ့ကို ကျေးဇူးဆပ်ဖို့အတွက် ကျွန်တော် လုပ်ရမယ့် အလုပ်တစ်ခုပါပဲ…"

သူ အကူအညီ အလိုအပ်ဆုံးအချိန်တွင်၊ လီရုန်ယွင့်က ကျန်းချင်းအယ်အတွက် ရတနာတစ်ခုကို ထုတ်ပေးခဲ့ဖူးသည်။ ထိုရတနာမှာ မူလက လီလင်းကျင်း ပြန်လည်ကျန်းမာလာစေရန် ရည်ရွယ်ထားသည့် အရာဖြစ်သည်။ ဤဖြစ်ရပ်ကြောင့်ပင် လီလော့က လီလင်းကျင်းအပေါ် စေတနာရှိနေခြင်းဖြစ်ပြီး၊ သူမ၏ လှည့်ကွက်များကိုပင် လျစ်လျူရှုပေးခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင်၊ လဲလျောင်းနေသော လီလင်းကျင်းသည် သူမ၏ ဗာဒံစေ့ပုံသဏ္ဌာန် မျက်လုံးလေးများကို ရုတ်တရက် ဖွင့်လိုက်ရာ၊ ယခုအခါ အသက်ဝင်နေပြီဖြစ်သည်။ သူမ၏ မျက်လုံးများထဲတွင် ယခင်ကလို ဇဝေဇဝါဖြစ်မှုများ မရှိတော့ပေ။

သူမက တဖြည်းဖြည်း ထထိုင်လိုက်ပြီးနောက်၊ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိရင်း သက်ပြင်းချလိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဘာမှ လွယ်လွယ်ကူကူ ဖြစ်မလာဘူး… ဒီအရာက ငါနဲ့ ရောထွေးသွားပုံရတယ်…"

"ဝမ်းကွဲအစ်မ လင်းကျင်း၊ ဒါကို ရင်ဆိုင်ဖို့ အစ်မ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပုံရတယ်နော်" ဟု လီလော့က ပြောလိုက်သည်။

လီလင်းကျင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်….

"ငါက အရင်ကတည်းက အရမ်းအားနည်းနေခဲ့တာ၊ ဒီအစစ်အမှန်နတ်ဆိုးအပေါ် လှည့်ကွက်သုံးတာက ဓားဖျားပေါ်မှာ ကခုန်နေရသလိုပဲ… ဒါပေမဲ့ ဒါက ငါ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးခဲ့တယ်၊ လိုအပ်ရင် ငါ နောက်တစ်ကြိမ် ထပ်လုပ်ဦးမှာပဲ…တစ်နေကုန် ဇဝေဇဝါနဲ့ လမ်းပျောက်နေမယ့်အစား၊ အရာအားလုံးကို တိုက်ပွဲတစ်ခုတည်းမှာ ရင်းနှီးလိုက်တာက ပိုကောင်းပါတယ်.. အနည်းဆုံးတော့ ငါ့ရဲ့ ပါရမီကို ပြန်ရပြီဆိုတော့ အနာဂတ်အတွက် ငါ့မှာ မျှော်လင့်ချက် ရှိသွားပြီ…"

"အစ်မက တကယ်ကို ပြတ်သားတဲ့ လူတစ်ယောက်ပဲ…"

လီလင်းကျင်းက လီလော့ကို ပြုံးပြလိုက်ပြီး…

"ဘာပဲဖြစ်ဖြစ်၊ ငါ မင်းအပေါ် ကြီးမားတဲ့ ကျေးဇူးတစ်ခု တင်သွားပါပြီ ဝမ်းကွဲမောင်လေး လီလော့…ဒါက ငါ ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်တဲ့ အရာပါ…"

သူမ၏ အမူအရာမှာ လှပပြီး စိတ်လှုပ်ရှားဖွယ်ကောင်းနေကာ၊ ဖရိုဖရဲဖြစ်နေသော သူမ၏ ဆံပင်များမှာလည်း အရင်က ခြောက်သွေ့အားနည်းနေသည့် အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ယခုအခါ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏ အလားအလာများကို ပြန်လည်ရရှိသွားသဖြင့် ကိုယ်ပိုင်ယုံကြည်မှုလည်း ပြန်လည်နိုးထလာခဲ့ပြီဖြစ်သည်။

လီဖုန်း၏ မျက်လုံးများမှာ တဖျပ်ဖျပ် လင်းလက်သွားပြီး …

"ဒီကျေးဇူးက တကယ်ကို ကြီးမားလွန်းပါတယ် တံခွန်ကိုင်လီလော့ စိတ်မရှိဘူးဆိုရင် လင်းကျင်းကို မင်းရဲ့ အစေခံအဖြစ် ခေါ်ထားလိုက်ပါလား..အဲဒါဆိုရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်.. ဘယ်လိုထင်လဲ..”

လီလင်းကျင်းသည် လွန်ခဲ့သော နှစ်တစ်ရာအတွင်း အနောက်ဘက်ဒေသ လီမိသားစု၏ အထူးချွန်ဆုံးသော ရတနာဖြစ်သည်။ သူမသည် လှပပြီး ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ အနောက်ဘက်ဒေသမှ ရေတွက်မရနိုင်သော ပါရမီရှင်များက သူမကို မျက်စိကျခဲ့ကြသော်လည်း မည်သူမျှ သူမ၏ မျက်နှာသာပေးမှုကို မရရှိခဲ့ကြပေ။ သို့သော်လည်း သူမသာ နဂါးစွယ်ကလန်၏ 'တတိယသခင်လေး' နှင့် တွဲဖက်လိုက်မည်ဆိုပါက ၎င်းမှာ အလွန်ကောင်းမွန်သော အရာဖြစ်ပေလိမ့်မည်!

ဤရုတ်တရက် အကြံပြုချက်ကြောင့် လီလော့မှာ မှင်သက်သွားသည်။

သူ့စကားတွေက နားထောင်လို့ ကောင်းသလိုလိုနဲ့... ဘာအစေခံလဲ? သူ ပြောနေတာက လုံးဝ တခြားကိစ္စကြီးပဲ!

"မြို့တော်ဝန်၊ ခင်ဗျား နောက်နေတာ ဖြစ်ရမယ်…ကျွန်တော်တို့က မောင်နှမတွေလေ.. သူက ဘယ်လိုလုပ် အစေခံ ဖြစ်နိုင်မှာလဲ?"

"မောင်နှမဝမ်းကွဲဆိုတဲ့ ဆက်ဆံရေးက အပေါ်ယံ သက်သက်ပါပဲ…ငါတို့ရဲ့ သွေးသားက မင်းတို့နဲ့ အများကြီး ဝေးကွာနေပြီ…ကျောက်ကောင်းကင်ဧကရာဇ် လီကလန်ရဲ့ လူငယ်တွေကြားမှာ ဒီလိုဆက်ဆံရေးမျိုးတွေက မထူးဆန်းသလို အံ့သြစရာလည်း မဟုတ်ပါဘူး…"

လီလော့မှာ မျက်လုံးပြူးသွားရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။

လီဖုန်းက တကယ်ကို ယုတ္တိတန်လွန်းတယ်…ငါက သူ့မိသားစုထဲက ပါရမီရှင်တစ်ယောက်ကို ပြန်လည်ထိန်းသိမ်းပေးခဲ့တာကို၊ ဒီအဖိုးကြီးက ငါ့ကိုပါ တစ်ခါတည်း ဝါးမြိုပစ်ဖို့ ကြိုးစားနေတာပဲ!

လီလော့က လီလင်းကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ပထမဆုံး အထင်အမြင်အရ၊ဝမ်းကွဲအစ်မမှာ ပြတ်သားပြီး မာနရှိသူဖြစ်သည်။ လီဖုန်း၏ စီစဉ်မှုက သူမကို သေချာပေါက် ဒေါသထွက်စေလိမ့်မည်ဟု သူထင်နေခဲ့သည်။ သို့သော်လည်း သူ မြင်လိုက်ရသည်မှာ သူမက ကုတင်ပေါ်တွင် ဒူးထောက်နေပြီး၊ သူမ၏ ကျောက်စိမ်းသဖွယ် မျက်နှာလေးမှာ ရှက်သွေးဖြာနေကာ သူ့ရဲ့အကြည့်ကို ရှောင်ဖယ်နေခြင်းပင် ဖြစ်သည်။

ဤအရာက သူ့ကို စကားမပြောနိုင်လောက်အောင် ဖြစ်သွားစေသည်။

"မြို့တော်ဝန်ရဲ့ စေတနာကိုတော့ ကျွန်တော် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်မှာ စေ့စပ်ထားတဲ့သူ ရှိပြီးသားပါ…"

လီလော့၏ လေးနက်သော မျက်နှာထားကို မြင်သောအခါ လီဖုန်း မှင်သက်သွားသည်။ အဆုံးတွင် စိတ်ပျက်စွာဖြင့်သာ သက်ပြင်းချနိုင်တော့သည်။

"တကယ်ကို နှမြောစရာပဲ.."

အစေခံကိစ္စကိုတော့ ထပ်မပြောတော့ပေ။

ဘာပဲဖြစ်ဖြစ်၊ သူကလည်း မိသားစုရဲ့ရတနာလေးကို အစေခံလုပ်ဖို့အတွက် တကယ်တမ်း ပေးဆပ်ချင်နေတာတော့ မဟုတ်ပေ။

လီလင်းကျင်းက အနည်းငယ် ပြုံးလိုက်ပြီး

"ဝမ်းကွဲမောင်လေး လီလော့၊ ဒါကို စိတ်ထဲမထားပါနဲ့… မြို့တော်ဝန်က အသက်ကြီးပြီဆိုတော့ မကြာခဏ အလွန်အကျွံတွေ မျှော်လင့်တတ်လို့ပါ… ငါတို့လို အနောက်ဘက်ဒေသ လီမိသားစု သေးသေးလေးက ဒီလိုမျိုး အဆင့်တက်ဖို့ မရဲဝံ့ပါဘူး.."

ဤစကားများက လီလော့ကို မည်သို့ပြန်ပြောရမည်ကိုပင် ဇဝေဇဝါ ဖြစ်သွားစေသည်။ အဆုံးတွင် မချိပြုံးသာ ပြုံးနိုင်တော့သည်။

"ဝမ်းကွဲအစ်မ လင်းကျင်း၊ ခေတ္တလောက် အနားယူလိုက်ပါဦး…

နဂါးစွယ်တောင်တန်းကို ရောက်ရင် အစ်မကို ဒုက္ခပေးနေတဲ့ ရောဂါကို ဖယ်ရှားနိုင်ဖို့ ကြိုးစားကြည့်ကြတာပေ့။"

ထိုသို့ပြောပြီး သူ လှည့်ထွက်လာခဲ့သည်။ သူ ထွက်သွားပြီးနောက် မကြာမီမှာပင် လီဖုန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း လီလင်းကျင်းကို ကြည့်လိုက်သည်။

"မင်းကို ဒုက္ခပေးနေတဲ့ ပြဿနာက သေးသေးလေး မဟုတ်ဘူး..ငါ စိုးရိမ်တာက မင်း နဂါးစွယ်တောင်ကို ရောက်လို့ အဲဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ရင်၊ မင်းကို 'ကမ္ဘာခြားသက်ရှိ' အဖြစ် သတ်မှတ်ပြီး ရှင်းလင်းပစ်မှာကိုပဲ… ဒါပေမဲ့ လီလော့ကိုသာ ကျောထောက်နောက်ခံအဖြစ် ရှိနေရင်တော့ အရာအားလုံးက ပိုပြီး အန္တရာယ်ကင်းလိမ့်မယ်.."

လီလင်းကျင်းကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ခုခံတုန်းကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တဲ့ ရလဒ်ပါပဲ… ဝမ်းကွဲမောင်လေး လီလော့ကို ကြီးမားတဲ့ ကျေးဇူးကြွေးတခု တင်ထားတယ်.. အချိန်တန်ရင် ပြန်ဆပ်မှာပါ… မြို့တော်ဝန်အနေနဲ့ တခြားသူတွေကို ထပ်ပြီး ဒုက္ခမပေးသင့်တော့ဘူး… ဘယ်လိုပဲ အဆုံးသတ်ပါစေ၊ ကျွန်မရဲ့ ရွေးချယ်မှုတွေအတွက် နောင်တမရပါဘူး…"

ဤစကားများက လီဖုန်းကို တိတ်ဆိတ်သွားစေခဲ့သည်။

အဝေးတစ်နေရာရှိ လျှို့ဝှက်ခန်းတစ်ခုအတွင်း၌.. ..

အခန်း၏ အလယ်ဗဟိုတွင် အနက်ရောင် ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ယဇ်ပလ္လင်ပေါ်တွင် ကြေးမီးအိမ်ပေါင်းများစွာ ရှိနေပြီး၊ မီးအိမ်တစ်ခုစီ၏ အပေါ်တွင် ရုန်းကန်နေကြသော အမူအရာပေါင်းများစွာ ရှိနေသည်။ မီးအိမ်များအားလုံး လင်းထိန်နေပြီး၊ သေးငယ်သော မီးတောက်များ တဖျပ်ဖျပ် တောက်လောင်နေစဉ် ၎င်းတို့သည် မှောင်မိုက်အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။

ရုတ်တရက်၊ မီးအိမ်များထဲမှ တစ်လုံးမှာ သိသိသာသာ မှေးမှိန်သွားပြီး ငြိမ်းလုနီးပါး ဖြစ်သွားသည်။

"ဟင်?"

မှောင်မိုက်သော အခန်းအတွင်း မျက်လုံးတစ်စုံ ပွင့်လာပြီး ကြေးမီးအိမ်ကို ဇဝေဇဝါ ဖြစ်နေသော အကြည့်ဖြင့် စောင့်ကြည့်လိုက်သည်။ တိတ်ဆိတ်မှုမှာ ခဏတာမျှ ကြာမြင့်ပြီးနောက် မှောင်မိုက်ထဲမှ ဖြူဖျော့သော လက်တစ်ဖက် ထွက်ပေါ်လာသည်။ လက်ချောင်းတစ်ချောင်းတွင် မျက်လုံးတစ်လုံးပုံ ထွင်းထုထားသည့် ရှေးဟောင်းလက်စွပ်တစ်ကွင်း ရှိနေသည်။ မျက်လုံး၏ မျက်ဆံဖြူမှာ အနက်ရောင်ဖြစ်ပြီး သူငယ်အိမ်မှာ အဖြူရောင်ဖြစ်သည်။ ထိုမျက်လုံးမှာ အသက်ရှိသော အရာတစ်ခုကဲ့သို့ ရံဖန်ရံခါ ပွင့်လိုက်ပိတ်လိုက်ဖြစ်နေသဖြင့် အလွန်တရာ ထူးဆန်းလှသည်။ အဖြူနှင့် အမည်း ရောယှက်နေသည်မှာ ယင်နှင့်ယန် ပေါင်းစပ်နေသည်ကို မြင်တွေ့ရသကဲ့သို့ပင်။

ဖြူဖျော့သော လက်က မှေးမှိန်နေသော မီးအိမ်ကို ဆုပ်ကိုင်လိုက်ပြီး တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

"မျိုးကွဲ နံပါတ် ၃ ဒဏ်ရာရသွားတာလား…ဘာဖြစ်သွားတာလဲ…"

All Chapters