အခန်း (၂၁၉-၂၂၀)
Vol. 13 Ch. 219-220
အပိုင်း (၂၁၉) ကျိုးတာဟိုင်၏ နောက်ဆုံးနေ့ရက်။
ဟုန်ယောင်နှင့် လွီလျိုတို့သည် ကျေးဇူးတင်စကား ပြောဆိုပြီးနောက် ချက်ချင်း ထွက်ခွာသွားကြသည်။
မြို့ဝန်က ဘယ်အချိန် သေသွားသနည်း၊ ဘာကြောင့် သေသွားသနည်း ဆိုသည်ကို မည်သူက ဂရုစိုက်မည်နည်း။ သူ သေသွားလျှင် ရပြီ။ ဤကိစ္စကို မည်သူကမှ အလဟဿ လျှောက်ပြောနေလိမ့်မည် မဟုတ်ပေ။
"ခဏနေအုံး။ ပိုက်ဆံ ယူမသွားသေးဘူးလေ။ ပြီးတော့ လူတစ်ယောက် အိပ်ခန်းတစ်ခန်းထဲမှာ ပိတ်လှောင် ခံထားရသေးတယ်။"
မိန်းကလေးနှစ်ဦးသည် စိတ်ထဲရှိ လှုပ်ရှားမှုများကို အတင်းဖိနှိပ်ထားကာ ငွေစက္ကူများကို ကောက်ယူလိုက်ကြပြီးနောက် အိပ်ခန်းဘက်သို့ လက်ညှိုးထိုးပြကာ ဝမ်းနည်းဒေါသထွက်စွာဖြင့် ပြောလိုက်ကြ၏။ "ဟိုမှာ … အရင်က သခင်လေး နေတဲ့ အိပ်ခန်းလေ။ အဲဒီထဲမှာ ပိတ်လှောင်ခံထားရတဲ့သူက ကျိုးတာဟိုင်တဲ့။ သူက မြို့ဝန်နဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပဲ။ ကျွန်မတို့ကို အမြဲတမ်း အနိုင်ကျင့်တယ်။ မြို့ဝန်အတွက် ညစ်ပတ်တဲ့ အလုပ်တွေကိုလည်း ကူညီလုပ်ပေးတယ်။"
လျန်ကွေ့က လက်ဝှေ့ယမ်းလိုက်သည်။ "အင်း။ သိပြီ … သိပြီ။ သွားကြတော့။"
မိန်းကလေးနှစ်ဦးသည် ထပ်မံ၍ ဒူးထောက် အရိုအသေပေးလိုက်ကြပြီးနောက် တံခါးအပြင်သို့ ထွက်ခွာ သွားကြတော့၏။
လူများ ထွက်သွားပြီးနောက် လျန်ကွေ့၏ ဘေးရှိ လူတစ်ယောက်က မေးလိုက်သည်။ "အစ်ကိုကွေ့ … သူတို့ကို ဒီကိစ္စတွေ ပြောပြလိုက်တာ ပြဿနာ တစ်ခုခု ဖြစ်လာနိုင်မလား။"
လျန်ကွေ့က အလေးမထားသကဲ့သို့ ပြောလိုက်၏။ "ဘာပြဿနာ ဖြစ်နိုင်မှာလဲ။ အခု တစ်မြို့လုံးက သခင်လေးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။ ခင်ဗျား မတွေ့ဘူးလား။ အဲဒီမိန်းမနှစ်ယောက်က မြို့ဝန် သေသွားပြီဆိုတာကို ကြားတော့ သူတို့ရဲ့ အဖေအရင်း သင်္ချိုင်းထဲက ပြန်ထလာသလိုကို ဝမ်းသာနေကြတာ။
ရုပ်ရည်ကလည်း အရမ်း လှတာပဲ။ သာမန်အချိန်တွေဆိုရင် အစော်ကားခံရတာ နည်းမှာ မဟုတ်ဘူး။ သနားစရာကောင်းတဲ့ သူတွေချည်းပါပဲ။ သခင်လေး ဒီမှာရှိရင်လည်း ဒီလိုပဲ ပြောမှာ သေချာတယ်။
သွားမယ်။ ကျိုးတာဟိုင်ဆိုတဲ့ကောင်ကိုလည်း သွားလွှတ်ပေးလိုက်မယ်။ ပြီးရင် လှေပေါ် ပြန်သွားပြီး ဇာတ်လမ်း သွားကြည့်ရအောင်။"
စကားအဆုံးတွင် လျန်ကွေ့က ဦးဆောင်၍ ထင်းရုံထဲမှ ထွက်လာခဲ့သည်။
ယခုအချိန်တွင် ကျိုးတာဟိုင်၏ မျက်လုံးများမှာ နီရဲနေပြီး မြေပြင်ပေါ်တွင် အဆက်မပြတ် တွားသွားနေခဲ့၏။
ဖန်ကျန်းရီက သူ့ကို နှိပ်စက်ချင်၍ မဟုတ်ဘဲ တကယ့်ကို မေ့သွားခြင်းသာ ဖြစ်သည်။
နှစ်ရက်တိုင်တိုင် ရေမသောက်၊ ထမင်းမစားရသည့်အပြင် အူလမ်းကြောင်း ပြဿနာပါ ရှိနေသဖြင့် ကျိုးတာဟိုင်၏ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လုံးဝ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
တစ်ကိုယ်လုံး အတွင်းရော အပြင်ပါ နာကျင်ကိုက်ခဲနေသည်သာမက နားများလည်း အူနေခဲ့သည်။
ယခင်က သူ ဖင်ပေးသင့်သလား၊ မပေးသင့်ဘူးလားဟု တွေဝေနေခဲ့သေး၏။
ယခုတော့ သူ၏ စိတ်ထဲတွင် နောင်တတစ်ခုသာ ရှိတော့သည်။ ဘာကြောင့် စောစောစီးစီး ဖင် မပေးခဲ့ရသနည်း ဟူ၍ပင်။
စောစောပေးလိုက်လျှင် အနည်းဆုံးတော့ ဖန်ကျန်းရီက သူ့ကို ဤကဲ့သို့ နှိပ်စက်မည်မဟုတ်ဘဲ ဖန်ကျန်းရီ နောက်သို့ လိုက်ကာ ဇိမ်ခံနိုင်မည်။
နောက်ကျမှ ပေးမည်ဆိုလျှင် ထိုအကောင်၏ ရူးသွပ်သော အကျင့်စရိုက်အရ သူ့ကို အတင်းအဓမ္မ ပြုကျင့်မည် ဆိုလျှင်ပင် အံ့သြစရာ မရှိတော့ပေ။
ကျိုးတာဟိုင်၏ စိတ်ထဲတွင် တိတ်တဆိတ် ကတိပြုလိုက်သည်။ ဖန်ကျန်းရီ ရောက်လာသည်နှင့် ချက်ချင်း ပေးမည်၊ ချက်ချင်း ဖင် ပေးမည်ဟု တွေးတောလိုက်၏။
ယခု သူ၏ စိတ်မှာ ပုံမှန်မဟုတ်တော့ပေ။ ချက်ချင်း လွတ်မြောက်ခွင့်ရရန်သာ ဆုတောင်းနေတော့သည်။
ရုတ်တရက် ကျိုးတာဟိုင်သည် ခြေသံများကို သဲ့သဲ့လေး ကြားလိုက်ရ၏။ လူတစ်ယောက်တည်း မဟုတ်ဘဲ လူအများအပြား၏ ခြေသံများ ဖြစ်သည်။
သူက ခါးသီးစွာ ရယ်မောလိုက်၏။
ကြည့်ရသည်မှာ သူ အကြားအာရုံ ချို့ယွင်းနေပြီ ဖြစ်မည်၊ အိမ်တော်ထဲတွင် ဤမျှ လူများစွာ တစ်ခါမှ မပေါ်လာဖူးပေ။ ဟုန်ယောင်နှင့် လွီလျိုတို့ အခန်းထဲသို့ ဝင်လာလျှင်ပင် ဖန်ကျန်းရီ၏ နောက်မှသာ ဝင်လာလေ့ ရှိကြသည်။
အကယ်၍ ခြေသံ ကြားရသည်ဆိုလျှင် ထိုသူမှာ သေချာပေါက် ဖန်ကျန်းရီသာ ဖြစ်ပေလိမ့်မည်။
ရောက်လာပြီ၊ ရောက်လာပြီ၊ ငါ လွတ်မြောက်တော့မယ်ဟု သူ စိတ်ထဲမှ အော်ဟစ်လိုက်၏။
ကျိုးတာဟိုင်၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာပြီး ခါးကို အားပြုကာ အတင်းကုန်းထနေခဲ့သည်။
အားအများကြီး သုံးပြီးနောက်မှသာ သူ မတ်တပ်ရပ်နိုင်ခဲ့၏။
ထို့နောက် ဒူးထောက်လျက်ဖြင့် တံခါးဝသို့ တရွေ့ရွေ့ သွားနေခဲ့သည်။
တံခါးဝနှင့် မဝေးတော့သည်ကို မြင်လိုက်ရချိန်တွင် ကျိုးတာဟိုင်သည် ဦးတည်ရာကို ဖြည်းညင်းစွာ ပြောင်းလဲလိုက်ပြီး တံခါးကို ကျောခိုင်းလိုက်၏။
ထို့နောက် လက်ချောင်းများဖြင့် ဘောင်းဘီအစွန်းကို အနည်းငယ်ချင်းစီ ဆွဲချနေခဲ့သည်။
ခြေသံများမှာ တဖြည်းဖြည်း နီးကပ်လာပြီး ကျိုးတာဟိုင်၏ နှလုံးခုန်သံများလည်း ပိုမို မြန်ဆန်လာကာ စိတ်ထဲတွင် အသံတိတ် အော်ဟစ်နေခဲ့၏။
ကျုပ် အရှုံးပေးပြီ၊ ကျုပ် အရှုံးပေးပြီ၊ ခင်ဗျား ကြိုက်သလို လုပ်တော့။
ပြီးရင် ကျုပ်ကို ချမ်းသာကြွယ်ဝမှုတွေ ခံစားခွင့်ပေးပါ၊ ကျုပ် ဒီလို ဘဝမျိုးကို ထပ်မနေချင်တော့ဘူး၊ တစ်ရက်တောင် မနေချင်တော့ဘူး၊ တောက် …..။
ဝုန်း ဆိုသော အသံနှင့်အတူ တံခါး ပွင့်သွားခဲ့သည်။
တံခါးဖွင့်သံကို ကြားလိုက်ရချိန်တွင် ကျိုးတာဟိုင်သည် မျက်လုံးများကို မှိတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်၏။ "စဖွင့်လိုက်တော့။ ကျုပ် စဉ်းစားလို့ ပြီးသွားပြီ။"
တံခါးဝတွင် ရုတ်တရက် ပေါ်လာသော ပွင့်အာနေသည့် အရာကြီးကို ကြည့်ကာ လူသန်ကြီး ခြောက်ယောက်မှာ ချက်ချင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။
ဘာအခြေအနေကြီးလဲဟု အသီးသီး တွေးတောလိုက်ကြ၏။
လူအနည်းငယ်မှာ ချက်ချင်း အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ အမြင်အာရုံများ ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
လျန်ကွေ့မှာ ကြည့်ရင်းဖြင့် တံတွေးမြိုချလိုက်မိ၏။
"ချီး … ။ ဒါက ဘာအခြေအနေကြီးလဲ။"
"ဟမ့် .. သခင်လေးက ရုပ်ရည်ချောမောပေမဲ့ ဒီလို အကြိုက်မျိုး ရှိလိမ့်မယ်လို့ ထင်မထားဘူး။"
"မဟုတ်ရင် သူက ဘယ်လိုလုပ် သခင်လေး ဖြစ်လာမှာလဲ။"
လူအချို့မှာ တစ်ယောက်တစ်ပေါက် စတင် ဆွေးနွေးလာကြသည်။
ဆွေးနွေးနေသော အသံများကို ကြားလိုက်ရသဖြင့် ကျိုးတာဟိုင်၏ ခေါင်းထဲတွင် ချက်ချင်း ဝုန်းခနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားကာ ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။
လူသန်ကြီး ခြောက်ယောက်က သူ့အား လက်ညှိုးထိုးကာ ပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရသည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ။" ကျိုးတာဟိုင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ယခုအချိန်တွင် သူ၏စိတ်ထဲတွင် အလွန် ရှက်ရွံ့ဒေါသထွက်နေပြီး ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခု ကွဲအက်သွား သကဲ့သို့ ခံစားလိုက်ရသည်။
သူသည် လက်ချောင်းများဖြင့် ဘောင်းဘီကို အတင်းဆွဲတင်ရန် ကြိုးစားနေခဲ့၏။
သို့သော် ဝမ်းနည်းစရာမှာ ဆွဲချရန် လွယ်ကူသော်လည်း ပြန်ဆွဲတင်ရန်မှာ မဖြစ်နိုင်တော့ပေ။
သို့သော်ငြား သူ၏ ကြိုးစားအားထုတ်မှုမှာ အချည်းနှီး မဖြစ်ခဲ့ပေ။ တစ်ကိုယ်လုံး အားစိုက်ထုတ်လိုက်ခြင်းကြောင့် ကျိုးတာဟိုင်သည် မြေပြင်ပေါ်သို့ ဘေးတိုက် လဲကျသွားပြီး မိမိကိုယ်ကိုယ် ဘောလုံးတစ်လုံးကဲ့သို့ လုံးထွေးနေအောင် အတင်း ကြိုးစားနေခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လူအချို့မှာ ပို၍ပင် ရယ်မောလာကြ၏။
"အိုး … သောက်ကျိုးနည်း … ရှက်တောင် ရှက်နေသေးတယ်။"
လျန်ကွေ့က နှုတ်ခမ်း သပ်လိုက်သည်။ "ညီအစ်ကိုတို့ … ခင်ဗျားတို့ အပြင်ထွက်နေကြ။ ဒီနေရာကို ကျုပ် တာဝန်ထားလိုက်။"
"ဒါတော့ မကောင်းဘူး ထင်တယ်။ အစ်ကိုကွေ့။ သူက သခင်လေးလူလေ။"
"ဟုတ်တယ် အစ်ကိုကွေ့။ စားကြွင်းစားကျန် စားရတာ သိပ်မကောင်းပါဘူး။"
လျန်ကွေ့က ယုတ်မာသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ "ခင်ဗျားတို့ ဘာသိလို့လဲ။ ကျုပ် ကြည့်လိုက်တာနဲ့ သိတယ်။ သခင်လေး သူ့ကို လုံးဝ မထိရသေးဘူး။ ဒီကောင်က ဒီလောက် တက်ကြွနေတာဆိုတော့ ကျုပ်လည်း အားနာမနေတော့ဘူး။ ခင်ဗျားတို့ ထွက်သွားကြ။"
ကျန်လူငါးယောက်သည် နှုတ်ခမ်းမဲ့ကာ အခန်းအပြင်သို့ ထွက်သွားကြ၏။
ထို့နောက် လျန်ကွေ့သည် တံခါးကို ဂရုတစိုက် ပိတ်လိုက်ပြီးနောက် လှည့်ကာ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
"ညီအစ်ကို … ကျုပ် လာပြီ။"
ကျိုးတာဟိုင်၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ပေါ်လာခဲ့၏။ "ခင်ဗျား ဘာလုပ်မလို့လဲ။ ခင်ဗျား ဘာလုပ်မလို့လဲ။ ကျုပ်က မြို့ဝန်ဖန်ရဲ့ လူနော်။ ခင်ဗျား ထွက်သွားစမ်း။"
"မြို့ဝန်ဖန် ဟုတ်လား။ ဟမ့် … သူက ခင်ဗျားကို မလိုချင်တော့ဘူး။ ကျုပ် ရောက်လာပြီ။"
"ကျုပ်အနားကို မလာနဲ့နော်။"
ကျိုးတာဟိုင်၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်နေပြီး တစ်ကိုယ်လုံး ရူးသွပ်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။
ကျန်ငါးယောက်မှာ အပြင်ဘက်ရှိ နန်းဆောင်ထဲတွင် ထိုင်နေကြပြီး အခန်းထဲမှ ထွက်ပေါ်လာသော သနားစရာ ကောင်းသည့် အသံများကို ကြားနေရသဖြင့် ချွေးစေးများ ပြန်လာခဲ့၏။
"မူလက အစ်ကိုကွေ့မှာ ဒီလို ဝါသနာမျိုး ရှိနေတာပဲ၊ တကယ်ကို ထင်မထားဘူး။ နောက်ဆိုရင် သူ့နားကနေ ဝေးဝေး နေမှ ဖြစ်မယ်။"
"ဟီး …. သခင်လေးမှာလည်း ရှိတာပဲလေ။ ခင်ဗျား မပြောဘူးလား။ ကျန်းပြောင်က နေ့တိုင်း သခင့်နောက်ကို လိုက်နေတာ။"
"လျှောက်မတွေးပါနဲ့။ အဲဒီ ကျိုးတာဟိုင်ဆိုတဲ့ ကောင်က ကိုယ့်ဘာသာကိုယ် ရမ္မက်ထနေတာလည်း ဖြစ်နိုင်တာပဲ။"
လူငါးယောက် စကားပြောနေစဉ် ရုတ်တရက် အခန်းထဲမှ ကျယ်လောင်သော ဟောက်သံကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"တောက်။"
ထို့နောက် ဘုန်း ဆိုသော ကျယ်လောင်သည့် အသံကြီးနှင့်အတူ ဝတ်လစ်စားလစ် ဖြစ်နေသော လူတစ်ယောက်က သစ်သားတံခါးကို ရိုက်ချိုးကာ ပြေးထွက်လာသည်ကို ကြားလိုက်ရ၏။
ထို့နောက် မလှမ်းမကမ်းရှိ ရေကန်ငယ်ဆီသို့ ပြေးသွားပြီး ရေထဲသို့ ဒိုင်ဗင်ထိုးချလိုက်သည်။
ထို့နောက် သူ၏ ကိုယ်ပေါ်တွင် အဆက်မပြတ် ပွတ်တိုက်နေတော့၏။
လူငါးယောက်သည် ရေကန်အနီးသို့ အလျင်အမြန် ပြေးသွားကြပြီး လျန်ကွေ့ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် အားလုံးမှာ ကြက်သေသေသွားကြသည်။
"တောက်။ အစ်ကိုကွေ့ … ခင်ဗျားကို ချီးတွေ ပန်းထည့်လိုက်တာလား။"
လျန်ကွေ့သည် လူတွေ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် မျက်နှာကြီး နီရဲသွားပြီး စကားမပြောဘဲ ခေါင်းကို ရေထဲသို့ နှစ်ထားလိုက်၏။
"တောက် … ရေထဲမှာ ဘာလို့ ကြက်သွန်မြိတ်တွေ ရှိနေတာလဲ။"
"အစ်ကိုကွေ့။ ခင်ဗျား လုပ်နိုင်ရဲ့လား။ ဒီလောက်လေးနဲ့တင် ပြီးသွားပြီလား။"
ရေကန်ထဲမှ လျန်ကွေ့မှာ ခေါင်းပေါ်မလာသေးဘဲ ရေထဲမှ ရေပူဖောင်းများသာ ဖြည်းညင်းစွာ ထွက်ပေါ်နေခဲ့သည်။
လူငါးယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ခုခုကို သတိထားမိသွားကာ အိပ်ခန်းဆီသို့ လှည့်ပြေးသွားကြ၏။
အိပ်ခန်းသို့ ရောက်ရှိချိန်တွင် ချက်ချင်းပင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။
မြေပြင်ပေါ်တွင်၊ ကုတင်လိုက်ကာပေါ်တွင်၊ ဗီရိုပေါ်တွင်၊ နေရာအနှံ့ ပက်ဖြန်းထားသကဲ့သို့ ဖြစ်နေ၏။
တန်ဖိုးကြီး ရိုးရာ တရုတ်ဆေးဖက်ဝင် အပင်များက နေရာအနှံ့ ပက်ဖြန်းထားသကဲ့သို့ ရှိချေသည်။ ချီးပန်းထားသော တရားခံမှာ မြေပြင်ပေါ်တွင် ဘေးတိုက်လှဲကာ အဆက်မပြတ် ငိုကြွေးနေခဲ့သည်။
လူငါးယောက်သည် နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ကာ ကျိုးပဲ့နေသော တံခါးကြီးကို တိတ်ဆိတ်စွာ ပိတ်လိုက်ကြ၏။
ထို့နောက် နန်းဆောင်ထဲသို့ ပြန်လည် ဆုတ်ခွာလာကြပြီး အချင်းချင်း စကားမပြောဘဲ တိတ်ဆိတ် နေကြတော့သည်။
အစ်ကိုကွေ့လည်း အလုပ်ဖြစ်ခဲ့ပုံမပေါ်ချေ။
အပိုင်း (၂၂၀) မင်းက ဆုတောင်းဘီးနဲ့ ငါ့အတွက် ဆုတောင်းပေးနေတာလား။
လှေပေါ်တွင်တော့ ကြွက်ကြီးများကို ဂုန်နီအိတ်များထဲမှ တစ်ယောက်ချင်းစီ ဆွဲထုတ်လာခဲ့ကြ၏။
ထိုအထဲတွင် ခန္ဓာကိုယ် အားနည်းသော သူအချို့မှာ လှေကားပေါ်မှ ဆင်းလာစဉ်တည်းက လဲကျကာ သတိလစ် သွားခဲ့ကြသည်။
ဒဏ်ရာ အပြင်းထန်ဆုံး ရရှိထားသော ဝေ့ရှန်းနှင့် လျိုရွှန်းတို့မှာတော့ ပြောစရာပင် မလိုတော့ချေ။ လှေကားထစ်သို့ပင် မရောက်မီမှာပဲ ပြင်းထန်သော နာကျင်မှုကြောင့် သတိလစ်သွားခဲ့ကြပြီ ဖြစ်၏။
ဖန်ကျန်းရီသည် မြေပြင်ပေါ်ရှိ လူများကို လှည့်လည်ကြည့်ရှုရင်း သူ၏ မှတ်ဉာဏ်ထဲရှိ သူများနှင့် တစ်ယောက်ချင်းစီ တိုက်ဆိုင်စစ်ဆေးနေခဲ့သည်။
သူ၏ စိတ်ထဲတွင် ဤအမှိုက်များကို အကုန်လုံး သတ်ပစ်ချင်နေသော်ငြား အချို့လူများမှာ အလွန် အသုံးဝင်နေဆဲ ဖြစ်၏။
ဥပမာအားဖြင့် စပါးကုန်သည် နှစ်ဦး ဖြစ်သည်။
ထိုမိသားစုနှစ်ခုသည် ကျန်းကျန်မြို့တွင် နာမည်ကြီးသော မိသားစုကြီးများ ဖြစ်ကြပြီး လုပ်ငန်းများစွာကို ပိုင်ဆိုင်ထားကြ၏။
အကယ်၍ သူတို့ကို လူပုံအလယ်တွင် သတ်ပစ်လိုက်ပါက နောင်တွင် မည်သည့် ကုန်သည်ကမှ သူနှင့် ပူးပေါင်းလုပ်ဆောင်ချင်တော့မည် မဟုတ်သောကြောင့် လုံးဝ မသတ်သင့်ပေ။
အခြားသော အောက်ခြေအရာရှိ အချို့ဖြစ်သည့် အကျဉ်းထောင်မှူး၊ ဒုမြို့ဝန်စသည်တို့ကိုလည်း အသက် ချမ်းသာပေးရမည်။
သူ့၌ သူတို့ကို ထိန်းချုပ်ထားနိုင်သော ခိုင်လုံသည့် သက်သေအထောက်အထားများ ရှိနေပြီ ဖြစ်ရာ သူတို့ထက် ပို၍ အသုံးဝင်မည့်သူ မရှိနိုင်တော့ပေ။
အကယ်၍ သတ်ပစ်လိုက်ပါက ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်ပြီး အောက်ခြေတွင် မည်မျှလောက်အထိ အသေးစား အရာရှိများနှင့် ပတ်သက်နေမည်လည်း မသိနိုင်ချေ။
အကယ်၍ အလွန်အမင်း ရက်စက်စွာ အရေးယူလိုက်ပါက လူတိုင်း ကြောက်ရွံ့ထိတ်လန့်သွားနိုင်ပြီး နောက်ပိုင်း အလုပ်လုပ်ရာ၌ အသုံးပြုစရာ လူမရှိဘဲ ဖြစ်သွားနိုင်၏။
ထို့ကြောင့် ခြုံငုံကြည့်လျှင် တကယ်တမ်း သတ်နိုင်သူမှာ တစ်ယောက်၊ နှစ်ယောက်ခန့်သာ ရှိပေလိမ့်မည်။
သေချာပေါက် လျိုရွှန်းကတော့ သေကို သေရမည်။
ဖန်ကျန်းရီသည် လူတစ်ယောက်၏အနီးသို့ ကျပန်း လျှောက်သွားကာ သူ၏ပါးစပ်ထဲရှိ အဝတ်စကို ဆွဲထုတ်လိုက်၏။
ထိုလူက ချက်ချင်း ကြောက်လန့်တကြား ပြောလိုက်သည်။ "မြို့ဝန်ဖန် … ကျုပ်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ ကျုပ်ကို လွှတ်ပေးပါ။ ဘာသိချင်လဲ။ ကျုပ် အကုန်လုံး ပြောပြပါ့မယ်။"
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်ပြီး မှတ်စုစာအုပ်ငယ်ကို ထုတ်ကာ သူ၏ပါးကို ပုတ်လိုက်၏။ "ကောင်းတယ်။ ခင်ဗျားရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ခင်ဗျားကိုယ်ခင်ဗျား အိမ်သာထဲမှာ သွားပြီး ဆုချဖို့ ခွင့်ပြုတယ်။"
"ကောင်းပြီ။ အခု စာရင်းသွင်းမယ်။ နာမည်၊ အသက်၊ ကျား၊ မ၊ ရာထူး၊ အိမ်လိပ်စာ၊ မိသားစုဝင်တွေ၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှု အထောက်အထားတွေကို တစ်ခုချင်းစီ ဖြည်းဖြည်းချင်း ပြောပြ။ ကျုပ် မလောပါဘူး။"
ထိုလူက တံတွေးမြိုချလိုက်သည်။ "ကျုပ် နာမည်က ထန်ရှီရှင်းပါ။ စာရင်းကိုင်ဌာနက စာရေးစာချီပါ။ အိမ်လိပ်စာကို မပြောလို့ မရဘူးလား။"
"မရဘူး။ ခင်ဗျား မပြောလည်း ကျုပ် သွားစုံစမ်းမှာပဲ။ ကိုယ်တိုင် သွားစုံစမ်းရရင်တော့ ခင်ဗျား ပေးဆပ်ရမယ့် တန်ဖိုးက ပိုကြီးသွားလိမ့်မယ်။"
ဖန်ကျန်းရီ စကားပြောပြီးသည်နှင့် သူ၏ အနောက်မှ ကျန်းပြောင်သည် အပြင်ဝတ်ရုံထဲမှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ကာ ကမ်းပေးလိုက်၏။
ဖန်ကျန်းရီသည် နောက်သို့ပင် မလှည့်ဘဲ လက်ပြန်ဖြင့် ဓားမြှောင်ကို ယူလိုက်ပြီး ထန်ရှီရှင်း၏ လည်ပင်းကို ထောက်ထားလိုက်သည်။
ထန်ရှီရှင်း၏ ခြေထောက်နှစ်ဖက်မှာ ချက်ချင်းပင် တုန်ယင်လာခဲ့၏။
ဤအရူးက တကယ်ပဲ လူသတ်ရဲသည်ဆိုသည်ကို သူ လုံးဝ သံသယမဝင်တော့ပေ။ ထိုလူတစ်စုက အခန်းထဲသို့ ဝင်လာသည်နှင့် လျိုရွှန်း၏ ခြေထောက်နှစ်ဖက်လုံးကို ချိုးပစ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် အသေအချာ ပြင်ဆင်ပြီးမှ လာခြင်းဖြစ်ကြောင်း သိနိုင်သည်။
ထို့အပြင် ဖန်ကျန်းရီသည် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ၏ အတွင်းရေးများကို အသေအချာ သိရှိထားပြီး ဖြစ်၏။
မိမိအနေဖြင့် ယခု ဆက်လက် ရုန်းကန်နေ၍ အသုံးဝင်ဦးမည်လားဟု သူ တွေးလိုက်သည်။
ထန်ရှီရှင်း၏ ခေါင်းထဲတွင် ပြင်းထန်သော စိတ်ကူးယဉ် တိုက်ပွဲများ စတင်လာခဲ့၏။
ခဏအကြာတွင် သူသည် မျက်လုံးများကို မှိတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ကျုပ် ပြောပါ့မယ်။ အကုန်လုံး ပြောပါ့မယ်။ ကျုပ်ရဲ့ ခွေးအသက်လေးကို ချမ်းသာပေးဖို့ပဲ တောင်းဆိုချင်ပါတယ်။"
ဘေးနားရှိ လူအချို့သည် ထန်ရှီရှင်း၏ စကားကို ကြားလိုက်ရချိန်တွင် သူတို့၏ မျက်လုံးများထဲ၌ မျှော်လင့်ချက်မဲ့မှုများ ပေါ်လွင်လာခဲ့၏။
ဖန်ကျန်းရီသည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကျန်းပြောင် .. အမိန့်တော်နဲ့ အာဏာပိုင်ဓားကို ယူလာခဲ့။"
ကျန်းပြောင်သည် ချက်ချင်း မတ်တပ်ရပ်ကာ အမိန့်တော်နှင့် အာဏာပိုင်ဓားကို ယူဆောင်လာခဲ့၏။
ဖန်ကျန်းရီသည် အမိန့်တော်နှင့် ဓားကို မြှောက်ပြကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကျုပ်က ဧကရာဇ်ရဲ့ အမိန့်နဲ့ လာခဲ့တာ။ ဧကရာဇ်မင်းမြတ်က ကြိုတင် သိမြင်တော်မူပြီးသားမို့လို့ ကျန်းကျန်မြို့က အကျင့်ပျက်ခြစားမှု အမှုအခင်းကို စုံစမ်းစစ်ဆေးဖို့ ကျုပ်ကို အမိန့်ပေးခဲ့တာ။
အခု တရားခံခေါင်းဆောင်က အပြစ်ပေးခံရတော့မယ်။ ကျုပ်က အဓိက တရားခံကိုပဲ အပြစ်ပေးမယ်။ ကျန်တဲ့လူတွေက ကျုပ်ရဲ့ အစီအစဉ်တွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အသက်ကို ချမ်းသာပေးရုံသာမက မူလရာထူးမှာပါ ဆက်လက် ထားရှိပေးမယ်။
ကျုပ်က ဂုဏ်သိက္ခာကို တည်ပြီး ကတိပြုတယ်။ အကယ်၍ စကားတစ်ခွန်းမှားခဲ့ရင် ကျုပ် ဖန်ကျန်းရီက ပညာတတ် တစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး။"
ဖန်ကျန်းရီ၏ စကားအဆုံးတွင် ရှဲ့ရှန်းနှင့် တောက်ယွမ်ခရိုင်မှ အခြားသူများအားလုံးမှာ မျက်နှာသေဖြင့် လက်ခုပ်တီးလိုက်ကြ၏။
တစ်ခဏချင်းမှာပဲ လှေပေါ်တွင် လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်တွင် တုပ်နှောင်ခံထားရသော လူများမှာ ကြက်သေ,သေသွားကြပြီး သူတို့၏ စိတ်ထဲရှိ ကြောက်ရွံ့မှုများလည်း အတော်လေး လျော့ကျသွားခဲ့၏။
ဤခေတ်ကာလတွင် အရာရှိတစ်ဦးက မိမိ၏ ဂုဏ်သိက္ခာ၊ အထူးသဖြင့် ပညာတတ်တစ်ဦး၏ ဂုဏ်သိက္ခာကို တည်၍ ကတိပြုခြင်းသည် မိသားစုတစ်စုလုံး သေဆုံးပါစေဟု ကျိန်ဆိုခြင်းနှင့် အတူတူပင် ဖြစ်သည်။
ထို့အပြင် လူအများရှေ့တွင်လည်း ဖြစ်၏။
ကြည့်ရသည်မှာ သူပြောသည်မှာ အမှန်ပင် ဖြစ်ရမည်ဟု အသီးသီး တွေးတောလိုက်ကြသည်။
တစ်ခဏချင်းမှာပဲ လူတိုင်း၏ စိတ်ထဲရှိ ကာကွယ်မှုများမှာ ထက်ဝက်ကျော်ခန့် ကျဆင်းသွားခဲ့၏။
ဖန်ကျန်းရီသည် အခြေအနေကို ကြည့်ကာ ပြောလိုက်သည်။ "ရှဲ့ရှန်း … စက္ကူ၊ စုတ်တံ၊ မင်တုံးတွေ ပြင်ဆင်ထားလိုက်။ သူတို့ကို လက်မှတ်ထိုးခိုင်းဖို့။
အခု ထန်ရှီရှင်းကစပြီး တစ်ယောက်ချင်းစီ မှတ်တမ်းတင်ထားလိုက်။ လျိုရွှန်းကို ရှင်းလင်းပြီးသွားရင် ခင်ဗျားတို့ကို အိမ်ပြန်လွှတ်ဖို့ နေ့ရက် သတ်မှတ်ပေးမယ်။"
စကားအဆုံးတွင် ဖန်ကျန်းရီသည် လှည့်ထွက်သွားခဲ့၏။
အမှန်တကယ်တော့ အသံဖမ်းစက်ဖြင့် ဤလူများ၏ ရှေ့တွင် တိုက်ရိုက် ဖွင့်ပြလိုက်ပါက အကျိုးသက်ရောက်မှု ပိုကောင်းပြီး စကားများစွာ ပြောနေရန် မလိုအပ်ပေ။
သို့သော်လည်း ဤအထဲမှ လူအများစုကို သတ်၍မရချေ။ အကယ်၍ သူ၏ အဖိုးတန် ပစ္စည်းအကြောင်း သတင်းပေါက်ကြားသွားပါက နောက်ပိုင်းတွင် အခြားသူများကို ထောင်ချောက်ဆင်ရန် မည်သို့ အသုံးပြုနိုင်တော့မည်နည်း။
ထို့ကြောင့် လက်ရှိ အကောင်းဆုံး နည်းလမ်းမှာ သူတို့ကို အရင်ဆုံး လက်မှတ်ထိုးခိုင်းရန်ပင် ဖြစ်သည်။
ဤလူတစ်စု ဤမျှ လျင်မြန်စွာ အရှုံးပေးသွားသည်ကို မြင်လိုက်ရသဖြင့် ဖန်ကျန်းရီသည် အသံဖမ်းစက်ကို ယူကာ လျိုရွှန်းကို ဖမ်းဆီးထားသော အခန်းထဲသို့ ရောက်လာခဲ့၏။
လျိုရွှန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် သူ၏ အသက်အရွယ်ကြီးရင့်နေသော ခန္ဓာကိုယ်က ခံနိုင်ရည်မရှိဘဲ သေဆုံးသွားမည်ကို စိုးရိမ်သဖြင့် သမားတော်တစ်ဦးကိုပါ ခေါ်ယူစောင့်ရှောက်ခိုင်းထားရသည်။
အခန်းထဲသို့ ဝင်ရောက်သွားချိန်တွင် လျိုရွှန်းမှာ သတိရနေပြီ ဖြစ်သော်ငြား စိတ်ပိုင်းဆိုင်ရာမှာတော့ အလွန် အားနည်းနေခဲ့၏။
ဖန်ကျန်းရီကို မြင်လိုက်ရချိန်တွင် လျိုရွှန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "သူပုန် ဖန်ကျန်းရီ။ မင်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး။
ငါ မင်းကို ဘယ်လို ဆက်ဆံခဲ့လဲ။ မင်း နန်းတော် အရာရှိကို လုပ်ကြံရဲတယ်ပေါ့။"
ဖန်ကျန်းရီသည် ခုံပေါ်တွင် ထိုင်ကာ လျိုရွှန်းအား ပြုံး၍ ကြည့်လိုက်၏။ "အပြင်က လူတွေက အကုန်လုံး ဝန်ခံသွားကြပြီ။ လက်မှတ်တောင် ထိုးပြီးသွားပြီ။ မြို့ဝန်လျိုလည်း တစ်စောင်လောက် ရေးလိုက်ပါအုံး။
နောက်မှ ခင်ဗျားကို မေးစရာ မေးခွန်းတွေ အများကြီး ရှိသေးတယ်။ ခင်ဗျား ရိုးရိုးသားသား ဝန်ခံတာ ပိုကောင်းမယ်။ ကျုပ်က စကားအများကြီး မပြောချင်ဘူး။ ခင်ဗျားအိမ်ကို ရှာဖွေပြီးတာနဲ့ ခင်ဗျားကို မြို့တံခါးဝကို ခေါ်သွားပြီး လူပုံအလယ်မှာ ခေါင်းဖြတ်သတ်မယ်။
ဒီရက်ပိုင်းအတွင်း ခင်ဗျား ကျွေးမွေးခဲ့တဲ့ ကျေးဇူးကို ထောက်ထားပြီး ခင်ဗျားကို မြန်မြန်ဆန်ဆန် သေခွင့်ပေးလိုက်မယ်။"
လျိုရွှန်းသည် တုန်ရီစွာဖြင့် ဖန်ကျန်းရီကို လက်ညှိုးထိုးကာ ဒေါသလွန်၍ ရယ်မောလိုက်သည်။ "မင်းလို၊ မင်းလို နန်းတွင်းမှာ ဖောက်ပြန်တဲ့ လူယုတ်မာကများ ငါ့ကို သတ်ရဲတယ်ပေါ့။ မင်းဆီမှာ ခိုင်လုံတဲ့ သက်သေရှိလို့လား။ တရားရေးဌာန သုံးခုရဲ့ စစ်ဆေးမှု မပါဘဲ မင်းက ငါ့ကို ဘာအကြောင်းပြချက်နဲ့ သတ်မှာလဲ။"
"ဟမ် …" ဖန်ကျန်းရီမှာ တွေဝေသွားခဲ့၏။
ခင်ဗျား ကျုပ်ကို လူယုတ်မာလို့ ခေါ်တာကိုတော့ ကျုပ် လက်ခံပါတယ်၊ ဒါပေမဲ့ နန်းတွင်းမှာ ဘယ်တုန်းက ကျုပ် ဖောက်ပြန်ဖူးလို့လဲ။ ဒီလိပ်အိုကြီးက ဘာတွေ တွေးနေတာလဲ။
မင်းသမီးလက်ကို ကိုင်တာများ သူ သိနေတာလား။
သို့သော်ငြား ဖန်ကျန်းရီသည် ယခုအချိန်တွင် ဤအသေးအဖွဲ ကိစ္စလေးများအတွက် အငြင်းပွားနေရန် စိတ်မဝင်စားတော့ပေ။
သူက ပြုံးကာ ပြောလိုက်သည်။ "သက်သေ ဟုတ်လား။ စပါးကျီထဲက ဆန်တွေက မလုံလောက်ဘူးလား။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေ လက်မှတ်ထိုးထားတဲ့ ထွက်ဆိုချက်က မလုံလောက်ဘူးလား။ တရားရေးဌာနက စစ်ဆေးမယ် ဟုတ်လား။ ကျုပ်က ခင်ဗျားကို သတ်ချင်ရင် သတ်မှာပဲ။ စစ်ဆေးမှု ခံယူနေစရာ မလိုဘူး။"
စကားအဆုံးတွင် ဖန်ကျန်းရီသည် ခါးမှ အာဏာပိုင်ဓားကို ဆွဲထုတ်လိုက်၏။
"ခင်ဗျား ဒီဓားကို သိလား။"
လျိုရွှန်းသည် ဓားကို ကြည့်လိုက်ရာ အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားပြီး ဓားအိမ်ကို စူးစိုက်ကြည့်ကာ တတွတ်တွတ် ရေရွတ်လိုက်သည်။ "ဒီဓားက ချီယန်တိုင်းပြည် နန်းတွင်းက ဓားပဲ၊ ဧကရာဇ်မင်းမြတ်က မင်းကို ပေးလိုက်တဲ့ ဓားလား။"
ကြည့်နေရင်းမှ သူ၏ အကြည့်များက ဓားသွားပေါ်သို့ ရောက်ရှိသွားရာ လျိုရွှန်းမှာ ချက်ချင်းပင် ရူးသွပ်စွာ ရယ်မောလိုက်တော့၏။ "ဟားဟားဟား … ဓားအတုကြီး။ ဖန်ကျန်းရီ … မင်းက ငါ့ကို ဒီဓား မမြင်ဖူးဘူးလို့ ထင်နေတာလား။ နန်းတွင်း အဖိုးတန် ပစ္စည်းကိုတောင် မင်းက အတုလုပ်ရဲတယ်ပေါ့။ မင်းက သူပုန်ပဲ။"
တောက် … ခွေးသူတောင်းစား ကျန်းပြောင်။
ဖန်ကျန်းရီသည် ဓားကို ဓားအိမ်ထဲသို့ ရှက်ရွံ့စွာ ပြန်ထည့်လိုက်သည်။ ဤအဘိုးကြီးက ဓားအစစ်ကို မြင်ဖူးလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ထို့နောက် သူက စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ "ကဲပါ …. ကဲပါ။ ကျုပ်က ခင်ဗျားနဲ့ ကစားဖို့ စိတ်မဝင်စား တော့ဘူး။ ခင်ဗျားက အသေမသေမချင်း ဇွဲမလျှော့တဲ့ လူမျိုးပဲ။"
စကားအဆုံးတွင် အသံဖမ်းစက်ကို စားပွဲပေါ်တွင် တင်လိုက်သည်။ စက်ကို ကြိုတင် ချိန်ညှိထားပြီးဖြစ်ရာ ဖန်ကျန်းရီ သည် လက်ကိုင်တံကို စတင် လှည့်နေခဲ့၏။
လျိုရွှန်းက အေးစက်စွာ ရယ်မောလိုက်သည်။ "ဘာလဲ .. မင်းက ဆုတောင်းဘီးကို ကိုင်ပြီး ငါ့အတွက် ဆုတောင်းပေးနေတာလား။"
"ရှူး။"
ဖန်ကျန်းရီသည် သူ့အား လက်ဟန်ပြလိုက်ရာ အသံဖမ်းစက်ထဲမှ ထွက်ပေါ်လာသော အသံများမှာ ဆူညံပြီး မပီမသ ဖြစ်နေသော်ငြား လျိုရွှန်း စကားပြောနေသည့် အသံဖြစ်ကြောင်းကိုတော့ ရှင်းလင်းစွာ ကြားနိုင်၏။
"ခင်ဗျား စိတ်ချပါ။ မလောပါနဲ့။ စပါးကျီကို မီးရှို့မယ့်သူကို ကျုပ် ကြိုတင် စီစဉ်ထားပြီးပါပြီ။ မနက်ဖြန် တိုက်ပွဲစတာနဲ့ ချက်ချင်း စပါးကျီကို မီးရှို့ဖို့ အမိန့်ပေးလိုက်မယ်။
အဲဒီအချိန်ကျရင် စပါးကျီထဲက မှိုတက်နေတဲ့ ဆန်တွေ အကုန်လုံး မီးလောင်ပြာကျသွားပြီး သက်သေပြစရာ ဘာမှ ကျန်မှာ မဟုတ်တော့ဘူး။"