အခန်း (၂၂၁-၂၂၂)
Vol. 13 Ch. 221-222
အပိုင်း (၂၂၁) ရက်စက်ကြမ်းကြုတ်သော လျိုရွှန်း။
ဓာတ်ပြားစက်ထဲမှ အသံဖမ်းထားသော အသံများသည် တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့၏။
လျိုရွှန်းမှာတော့ ထိုနေရာ၌ပင် ကြက်သေသေလျက် ရှိနေတော့သည်။
သူ မည်သို့ပင် တွက်ချက်ထားစေကာမူ သူ၏ရာဇဝတ်မှု အထောက်အထားများအားလုံးကို သူကိုယ်တိုင် အသံသွင်းမိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
လျိုရွှန်းသည် ဖန်ကျန်းရီအား ထိတ်လန့်တကြား ကြည့်လာပြီး သူ၏ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်ယင် နေခဲ့၏။ "ဒါ... ဒါ မိစ္ဆာပညာရပ်ပဲ။"
ဖန်ကျန်းရီက မထီမဲ့မြင် ပြုံးလိုက်သည်။ "မိစ္ဆာပညာရပ် ဟုတ်လား။ ခေတ်ပြောင်းသွားပြီ မြို့ဝန်လျို … ဒါက သိပ္ပံပညာရဲ့ အောင်ပွဲပဲ။"
"ဖန်ကျန်းရီ... မင်း ယုတ်မာလှချည်လား။ မင်း ငါ့ကို ထောင်ချောက်ဆင်တယ်။" လျိုရွှန်း၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားခဲ့၏။ အားနည်းနေသော သူသည် နောက်ဆုံးထွက်သက်ကဲ့သို့ သူ၏ အပေါ်ပိုင်းကို အတင်းရုန်းကန်ထကာ ဖန်ကျန်းရီထံသို့ အစွမ်းကုန် ခုန်အုပ်လိုက်၏။
သို့ပေမည့် ခွန်အားမရှိတော့မှုကြောင့် ခုတင်ပေါ်မှ တစ်ဝက်ခန့်သာ ထွက်နိုင်ပြီး အောက်သို့ ပြုတ်ကျသွားခဲ့၏။ ပါးစပ်မှလည်း အားမလိုအားမရဖြင့် အော်ဟစ်ဆဲဆိုနေတော့သည်။
ဖန်ကျန်းရီသည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် သူ့အား တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ "ဒီလိုအပြစ်မျိုးက ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သတ်ရင်တောင် နည်းသေးတယ်။ ဒါပေမဲ့ ပြစ်မှုက မိသားစုနဲ့ မသက်ဆိုင်ဘူးလို့ ကျုပ် ယုံကြည်တယ်။ ခင်ဗျားသာ ကျုပ်မေးတာကို သေချာဖြေရင် ခင်ဗျားမိသားစုကို အသက်ရှင်ခွင့်ပေးမယ်။"
လျိုရွှန်းသည် ချွေးသီးချွေးပေါက်များ ကျလာပြီး ခုတင်ပေါ်သို့ ပြန်လည်မှောက်ကျသွားခဲ့၏။ သူ၏ မျက်နှာမှာ ဖြူရော်နေပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။
ဖန်ကျန်းရီက သူ၏စကားကို ဆက်ပြောလိုက်၏။ "ခင်ဗျားကို အရင်သတ်တာက ခင်ဗျားမိသားစုကို အသက်ရှင်ဖို့ အခွင့်အရေးပေးတာပဲ။ မင်းကြီးက ပြစ်ဒဏ်ကို လျှော့ပေါ့ပေးကောင်း ပေးလိမ့်မယ်။ အကယ်၍ ဒီသက်သေတွေကို မင်းကြီးဆီ တင်ပြလိုက်ရင်တော့ အဲဒီအချိန်ကျရင် ဘယ်သူမှ လွတ်နိုင်မှာ မဟုတ်တော့ဘူး။ ခင်ဗျား ဘယ်လို စဉ်းစားထားလဲ။"
လျိုရွှန်းသည် အသက်ပြင်းပြင်းရှူရင်း ပြောလိုက်၏။ "ဖန်ကျန်းရီ... မင်း အရမ်း ရက်စက်တာပဲ။ ကောင်းပြီလေ... မင်းက လက်စောင်းထက်ပါတယ်။ ဘာမေးချင်တာလဲ။ မေးတော့။"
အရှုံးပေးသွားသည်ကို မြင်သောကြောင့် ဖန်ကျန်းရီသည် ကိုယ်ဟန်ကို မတ်မတ်ထိုင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ကောင်းပြီ။ ဒါဆို ကျုပ် မေးမယ်။ ယုံချင့်စားသောက်ဆိုင်မှာ ခင်ဗျားပြောခဲ့တဲ့အတိုင်းဆိုရင် ခင်ဗျားက ကုန်သည်တွေနဲ့ ပူးပေါင်းပြီး စပါးတင်း သုံးသောင်းလောက် ရောင်းခဲ့တယ်။ လက်ရှိ ပေါက်ဈေး အရဆိုရင် ငွေတစ်သိန်းဝန်းကျင်လောက် ရှိမယ်။
သေချာတာပေါ့။ အခု ဆန်ဈေးက အမြင့်ဆုံးကို ရောက်နေပြီ။ အဲဒီတင်း သုံးသောင်းကို ခင်ဗျား စောစောစီးစီး ရောင်းခဲ့တာတောင်မှ အမြတ်ငွေ ရှစ်သောင်းလောက် ရခဲ့မှာပဲ။ ခင်ဗျား ကျုပ်ကို ငွေငါးသောင်း ပေးခဲ့တယ်။ ကျန်တဲ့ ငွေတွေက အရင်းအနှီးနဲ့ အထက်အောက် ပေးကမ်းရတဲ့ နေရာမှာ မကုန်ဘူးလား။ မြို့ဝန်လျို ခင်ဗျား လက်အောက်ငယ်သားတွေအတွက် သီးသန့် အကျိုးဆောင်ပေးနေတာလား။
ဒါကြောင့် ခင်ဗျား ပြည်သူတွေဆီကနေ ဘယ်လောက်တောင် ခေါင်းပုံဖြတ်ခဲ့လဲဆိုတာ ကျုပ် သိချင်တယ်။ ပြီးတော့ ခင်ဗျား နောက်ကွယ်မှာ တခြားသူ ရှိနေသေးလား။"
လျိုရွှန်းသည် ဤစကားကို ကြားချိန်မှာတော့ အနည်းငယ် ကြက်သေ,သေသွားခဲ့၏။ ထို့နောက် ရုတ်တရက် ခေါင်းမော့လာပြီး ဖန်ကျန်းရီအား ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည်။ "ဟက်... မင်း တော်ပါတယ်။ ငါ မင်းကို မယှဉ်နိုင်ပါဘူး။ ငါ ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ မင်း ဟိုဘက်လှည့်နေပေးပါ။ ငါ မင်းမျက်နှာကို မမြင်ချင်ဘူး။"
ဖန်ကျန်းရီက သက်ပြင်းချကာ ခေါင်းခါလိုက်၏။ လျိုရွှန်း ရုတ်တရက် တိုက်ခိုက်လာမည်ကို ကာကွယ်ရန် တံခါးဝသို့ ထသွားကာ ကျောပေးရပ်လိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျား ပြောတော့။"
"..."
"အ့... ဖူး..."
ဆယ်စက္ကန့်ခန့် စောင့်ပြီးနောက် ဖန်ကျန်းရီ၏ အနောက်ဘက်မှ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာသောကြောင့် ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူ့ရှေ့မှ မြင်ကွင်းကြောင့် သူ အံ့အားသင့်သွားမိ၏။
လျိုရွှန်းသည် သူ၏ လျှာတစ်ဝက်ကို ကိုက်ဖြတ်လိုက်ပြီး ပါးစပ်ထဲမှ သွေးများ ပန်းထွက်နေခဲ့၏။ သွေးများပေကျံနေသော လျှာတစ်ဝက်သည် စောင်ပေါ်သို့ ကျလာခဲ့သည်။
လျိုရွှန်းသည် အံကြိတ်ထားပြီး အသံတစ်သံမှ ထွက်မလာခဲ့ချေ။ ဖန်ကျန်းရီအား ကြည့်နေသော သူ၏ မျက်လုံးများတွင် အငြိုးအတေးများ အပြည့်ရှိနေပြီး ပါးစပ်အပြည့် သွေးများနှင့်အတူ ပြုံးနေခဲ့၏။
ဤမြင်ကွင်းကြောင့် ဖန်ကျန်းရီ၏ ရင်ထဲတွင် ဒေါသထွက်သွားခဲ့ပြီး တံခါးကို ချက်ချင်း ကန်ဖွင့်ကာ အလျင်စလို အော်ဟစ်လိုက်သည်။ "သမားတော်... သမားတော်... မြန်မြန် ဝင်လာခဲ့စမ်း။"
သင်္ဘောပေါ်ရှိ လူအများအပြားသည် ဖန်ကျန်းရီ၏ အော်သံကို ကြားသောအခါ သမားတော်နှင့်အတူ အမြန်ပြေးဝင်လာကြ၏။ အခန်းထဲသို့ ဝင်လာချိန်မှာတော့ မြင်ကွင်းကို မြင်ပြီး အားလုံး အံ့အားသင့်သွားကြသည်။ ဖန်ကျန်းရီသည် သမားတော်မတိုင်မီ လျိုရွှန်း၏ ခုတင်ရှေ့သို့ ချက်ချင်း ရောက်သွားခဲ့၏။
လက်နှစ်ဖက်ကို ဖမ်းချုပ်ကာ ခုတင်ပေါ်သို့ ဖိချထားလိုက်သည်။ လျှာသည် ကြီးမားသော နေရာဖြစ်သောကြောင့် ရေတိုအတွင်း သွေးထွက်လွန်သေဆုံးခြင်း မဖြစ်နိုင်သော်လည်း သွေးများ အသက်ရှူလမ်းကြောင်းအတွင်း ဝင်သွားကာ အသက်ရှူကြပ်၍ သေဆုံးနိုင်ခြေ အများဆုံးဖြစ်သည်။
ဖန်ကျန်းရီသည် သွေးများ နောက်သို့ ပြန်မဝင်စေရန် ဤအနေအထားအတိုင်း အတတ်နိုင်ဆုံး ထိန်းထားလိုက်၏။
သမားတော် ရောက်လာသည်ကို မြင်သောအခါ ဖန်ကျန်းရီက အလျင်စလို အော်ပြောလိုက်သည်။ "မြန်မြန်လုပ် …. ဒီလူ လျှာကိုက်ပြီး သတ်သေသွားပြီ။ သွေးတိတ်အောင် မြန်မြန် လုပ်စမ်း။"
လျိုရွှန်းသည် ခြေထောက်နှစ်ဖက်စလုံး ကျိုးနေပြီး လှေကားပေါ်တွင်လည်း အကြိမ်ကြိမ် ဆောင့်မိထားခဲ့၏။ အသက်ရှူကြပ်၍ မသေလျှင်တောင်မှ သူ၏အိုမင်းနေသော ခန္ဓာကိုယ်သည် အချိန်ကြာလာသည်နှင့်အမျှ သွေးထွက်လွန်ပြီး သေဆုံးသွားပေလိမ့်မည်။
သမားတော်သည် တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ တစ်သက်လုံး ဤမျှ ရက်စက်စွာ လျှာကိုက်သေသူမျိုးကို မမြင်ဖူးခဲ့ပေ။
သမားတော် ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ဖန်ကျန်းရီက ဒေါသတကြီး အော်လိုက်သည်။ "ခင်ဗျား ဘာရပ်လုပ်နေတာလဲ။ မြန်မြန် ကယ်စမ်း။"
သမားတော်သည် ဒူးထောက်ကျသွားပြီး ငိုယိုကာ ပြောလိုက်၏။ "သခင်လေး... သွေးတိတ်အောင် မလုပ်နိုင်တော့ဘူး။ သေချာပေါက် သွေးတိတ်မှာ မဟုတ်ဘူး။ လျှာပါ ပြတ်သွားပြီဆိုတော့ ကုသလို့ မရတော့ဘူး။ သူ သေချာပေါက် သေတော့မှာ။"
တောက်... အသုံးမကျတဲ့ ကောင်။
ဖန်ကျန်းရီသည် စိုးရိမ်တကြီးဖြင့် ချွေးသီးချွေးပေါက်များ ကျလာခဲ့သည်။
လျိုရွှန်းလို ခွေးကောင်က ဘာတွေများ တွေးနေတာလဲ။ သူ့နောက်ကွယ်မှာ ဘယ်သူရှိနေလို့ ဒီလောက် ဖုံးကွယ်ထားရတာလဲ။ သူ ရိုးရိုးလေး မေးလိုက်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရတာလား။
ဖန်ကျန်းရီသည် လျိုရွှန်းအား ဆက်လက် ဖိထားဆဲဖြစ်၏။
ရှဲ့ရှန်းနှင့် အခြားသူများသည် ကမန်းကတန်း ဝင်ကူကြပြီး တပြိုင်နက်တည်း ဖျောင်းဖျလိုက်ကြသည်။ "သခင်လေး... ဒီလူ မရတော့ဘူး ထင်တယ်။ ဒီအတိုင်း ထားလိုက်ပါတော့။"
ဖန်ကျန်းရီ၏ နဖူးတွင် ချွေးများ စတင်ထွက်ပေါ်လာပြီး ဖြေရှင်းရန် နည်းလမ်းကို အဆက်မပြတ် စဉ်းစားနေခဲ့၏။ ပါးစပ်မှလည်း အော်ဟစ်နေဆဲဖြစ်၏။ "လျိုရွှန်း... ဘဝမှာ မဖြတ်ကျော်နိုင်တဲ့ အခက်အခဲဆိုတာ မရှိဘူး။ ကျဆုံးမှုတွေ လာလိမ့်မယ်။ ပြီးရင် ဖြတ်ကျော်သွားလိမ့်မယ်။ လဲကျသွားရင် ပြန်ထပါ။ အသက်ရှင်ဖို့ မျှော်လင့်ချက်ကို လက်မလွှတ်လိုက်နဲ့။ တောင့်ခံထားစမ်း။"
ဖန်ကျန်းရီ၏ စကားကို ကြားသောအခါ လျိုရွှန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပို၍ ပြင်းထန်စွာ ရုန်းကန်လာခဲ့သည်။
"ကျန်းပြောင်... မီးခဲတစ်ခဲ မြန်မြန်ယူလာခဲ့။ သူ့လျှာကို ကျက်သွားအောင် ထိုးကပ်လိုက်။"
ကျန်းပြောင်သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း လှည့်ထွက်သွားခဲ့၏။
ဖန်ကျန်းရီက သူ၏လျှာကို မီးခဲဖြင့် ထိုးကပ်မည်ဟု ကြားသောအခါ လျိုရွှန်းသည် ပြင်းထန်သော နာကျင်မှုကြားမှ အလွန်အမင်း ထိတ်လန့်သွားခဲ့၏။ ကျိန်ဆဲချင်နေသော်လည်း အသံမထွက်နိုင်ဘဲ လည်ချောင်းထဲမှ အသံများသာ ထွက်ပေါ်နေတော့သည်။
ခုတင်ဘေးရှိ သမားတော်သည် ဖန်ကျန်းရီအား ကြည့်ရင်း သူ၏ အောက်ပိုင်း တစ်ခုလုံး စိုရွှဲသွားသလို ခံစားလိုက်ရ၏။ သက်ရှိ ထင်ရှား ဘုရားသခင်ကို မြင်ဖူးသော်လည်း ယနေ့တွင်မူ အသက်ရှင်နေသော ငရဲမင်းကြီးကို သူ မြင်တွေ့လိုက်ရ၏။
အချိန်အနည်းငယ်ကြာသောအခါ ကျန်းပြောင်သည် သံညှပ်ရှည်ဖြင့် ရဲရဲတောက်နေသော မီးခဲတစ်ခဲကို ကိုင်ကာ ဝင်လာခဲ့သည်။ သင်္ဘောပေါ်ရှိ လူများသည် များသောအားဖြင့် လက်ဖက်ရည် သောက်လေ့ရှိပြီး ထိုအတွက် မီးဖိုငယ်လေးတစ်ခုကို အမြဲ တည်ထားလေ့ရှိ၏။ ယခု မီးခဲသည် ထိုမီးဖိုထဲမှ တိုက်ရိုက် ထုတ်ယူလာခြင်းဖြစ်သည်။
ကျန်းပြောင်သည် ခုတင်ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ဘယ်ဘက်လက်ဖြင့် လျိုရွှန်း၏ ပါးစပ်ကို ဖြဲကာ သူ၏ ခေါင်းကို ခုတင်ပေါ်တွင် အသေချုပ်ထားလိုက်သည်။ ညာဘက်လက်မှ မီးခဲကို လျိုရွှန်း၏ ပြတ်နေသော လျှာပေါ်သို့ လျင်မြန်တိကျစွာ ထိုးကပ်လိုက်၏။
ရှဲ... ဟူသော အသံနှင့်အတူ လျိုရွှန်း၏ ပါးစပ်ထဲမှ အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပြီး အသားကင် နံ့များ ပျံ့နှံ့လာသည်။ သွေးများ ချက်ချင်း တိတ်သွားခဲ့သည်။
အခန်းထဲရှိ လူများအားလုံး အော့အန်ချင်စိတ်များ ဖြစ်ပေါ်လာကြသည်။ လျိုရွှန်းသည် ရူးသွပ်စွာ ရုန်းကန်နေသော်လည်း သူ၏ ခြေလက်များကို အသေအချာ ဖိချုပ်ထားခြင်း ခံရ၏။
ဖန်ကျန်းရီသည် အကြည့်လွှဲလိုက်သည်။ သူ လူသတ်ဖူးသော်လည်း လူများကို နှိပ်စက်ရသည့် ဝါသနာတော့ မရှိခဲ့ချေ။ ဤမြင်ကွင်းက သူ့ကို ရင်ထဲမှ အမှန်တကယ် ရွံရှာသွားစေသည်။
ကျန်းပြောင်မှလွဲ၍ အခန်းထဲရှိ အခြားလူများအားလုံးသည် ဤရက်စက်သော မြင်ကွင်းကို မကြည့်ရက်၍ အကြည့်လွှဲထားကြ၏။
မီးခဲကို လျိုရွှန်း၏ ပါးစပ်ထဲမှ ထုတ်ယူလိုက်ချိန်မှာတော့ သွေးများ တိတ်သွားသော်လည်း သူမှာ နာကျင်လွန်း၍ သတိလစ်သွားခဲ့ချေပြီ။
လူတိုင်းသည် လျိုရွှန်းအား အလျင်အမြန် လွှတ်ပေးလိုက်ပြီး သူ့ကို ခုတင်ပေါ်တွင် သေချာစွာ နေရာချ ပေးလိုက်ကြသည်။
"သမားတော်... သူ့ကို သေချာ ကြည့်ပေးပါအုံး။ အသက်မသေစေနဲ့။" ဖန်ကျန်းရီသည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်၏။
သမားတော်သည် ငိုချင်စိတ်ကို မနည်းထိန်းထားရသည်။ ဤသို့ပြုလုပ်နေမည်ဆိုလျှင် ကျန်းမာသောသူ တစ်ယောက်ပင်လျှင် အသက်ရှင်ဖို့ ခက်ခဲလိမ့်မည်။
သို့ပေမည့် သူ၏ ဘေးတွင် ကြွက်သားအပြည့်နှင့် လူမိုက်ကြီးများ ဝန်းရံနေသောကြောင့် သူ ဘာမှ မပြောရဲဘဲ တိုးတိုးလေးသာ ပြန်ဖြေလိုက်၏။ "ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်။"
သတိလစ်နေသော လျိုရွှန်းအား ကြည့်ရင်း ဖန်ကျန်းရီ၏ မျက်မှောင်များ တွန့်ချိုးသွားခဲ့သည်။
ဤလူ ဘာကြောင့် ဤမျှလောက်ထိ ပြုလုပ်ရသနည်း။ သူ၏ နောက်ကွယ်တွင် မည်သို့သော လျှို့ဝှက်ချက်မျိုး ရှိနေသနည်း။
အပိုင်း (၂၂၂ ) နောက်ကွယ်မှ ကြိုးကိုင်သူ။
ဖန်ကျန်းရီသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး အခန်းထဲရှိ လူများကို ကြည့်လိုက်၏။
"သမားတော်က ဒီမှာနေခဲ့။ နောက်ထပ် လူတစ်ယောက် သူ့ကို စောင့်ကြည့်ဖို့ နေခဲ့။ ကျန်တဲ့လူတွေ အကုန် ထွက်သွားကြ။ ရှဲ့ရှန်း... ကျုပ်နဲ့ လိုက်ခဲ့။"
ဖန်ကျန်းရီသည် လှည့်ထွက်သွားပြီး ရှဲ့ရှန်းနှင့်အတူ အခန်းငယ်တစ်ခုကို ရှာလိုက်သည်။
အခန်းထဲသို့ ရောက်သည်နှင့် ရှဲ့ရှန်းက ချက်ချင်း မေးလိုက်၏။ "သခင်လေး... ဘာဖြစ်သွားတာလဲ။ သူ အပြစ်ကိုကြောက်ပြီး သတ်သေတာလား။"
ဖန်ကျန်းရီက ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး။ ကျုပ် သူ့ကို ငွေဘယ်လောက် ခိုးထားလဲ၊ နောက်ကွယ်မှာ တခြားလူ ရှိသေးလားလို့ မေးလိုက်တာ။ အဲဒီနောက်မှာ သူ လျှာကိုက်ပြီး သတ်သေသွားတာပဲ။"
ရှဲ့ရှန်းသည် အနည်းငယ် ရှုပ်ထွေးသွားပြီး ပြောလိုက်၏။ "အကြောင်းပြချက် မရှိဘူး။ သူက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲကို ဘာလို့ ဒီလို အနှိပ်စက်ခံနေမှာလဲ။"
"ဟုတ်တယ်။ ကျုပ်လည်း စဉ်းစားလို့ မရဘူး။ ဒီအခြေအနေကို ကြည့်ရတာ နောက်ကွယ်မှာ သေချာပေါက် လူရှိရမယ်။ မြို့ဝန်တစ်ယောက်ကို အပြစ်ကြောက်ပြီး သတ်သေအောင် လုပ်နိုင်စွမ်းရှိတဲ့လူက ဘယ်လောက်တောင် အာဏာရှိလို့လဲ။ အဲဒီလူက သေချာပေါက် နန်းတွင်းထဲကပဲ ဖြစ်ရမယ်။ ကြည့်ရတာ ကျုပ်တို့တွေ ပြဿနာကြီးကြီးတစ်ခုကို သွားစမိပြီ ထင်တယ်။"
ဖန်ကျန်းရီလည်း အတော်လေး နားမလည်နိုင် ဖြစ်နေခဲ့၏။ သူ ဘယ်အာဏာရှင်ကို သွားစော်ကားမိပြန်ပြီနည်း။ "ခင်ဗျား စဉ်းစားကြည့်စမ်း... နောက်ကွယ်ကလူဆီမှာ သူ့ရဲ့ ဘယ်လို အားနည်းချက်တွေများ ရှိနေလို့လဲ။"
ရှဲ့ရှန်းသည် မျက်လွှာချကာ သေချာစွာ စဉ်းစားလိုက်၏။ ထို့နောက် ရုတ်တရက် ပြောလိုက်သည်။ "ဒီလူက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲ။ အပေါ့ဆုံး ပြစ်ဒဏ်ကတောင် ဆွေသုံးဆက် မျိုးသုံးဆက် သတ်ခံရမှာ။ သူ့ကို ဒီလို သေရဲလောက်အောင် လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားခိုင်းနိုင်တယ်ဆိုရင် နောက်ကွယ်ကလူက သူ့မိသားစုကို ကာကွယ်ပေးနိုင်စွမ်း ရှိလို့ပဲ ဖြစ်ရမယ်။ ဖြစ်နိုင်တာက နောက်ကွယ်ကလူဟာ သူ့ရဲ့ သားသမီးတွေ ဒါမှမဟုတ် ဆွေမျိုးတွေကို ဓားစာခံအဖြစ် ဖမ်းထားတာ ဖြစ်မယ်။"
ဖန်ကျန်းရီသည် ချက်ချင်း သဘောပေါက်သွားပြီး ပြောလိုက်၏။ "အိုး... အဓိပ္ပာယ်ရှိတယ်။ ကျုပ် ဘာလို့ အဲဒါကို မစဉ်းစားမိတာလဲ။"
ရှဲ့ရှန်းက ပြုံးပြီး မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ "အဲဒါက သခင်လေးမှာ ကလေးမရှိသေးလို့လေ။ သခင်လေးမှာ ကလေးရှိလာရင် သိလာပါလိမ့်မယ်။ ကျုပ်သားသာ သူများလက်ထဲ ရောက်နေမယ်ဆိုရင် သူ့အသက်ကို ကယ်ဖို့အတွက် ကျုပ်လည်း လျှာကိုက်ပြီး သတ်သေဖို့ ဝန်လေးမှာ မဟုတ်ဘူး။ မိဘမေတ္တာဆိုတာ သနားစရာကောင်းတယ်။”
“ဘာလဲ... ခင်ဗျား သားကို သတိရနေပြီလား။" ဖန်ကျန်းရီက ရှဲ့ရှန်းအား ပြုံးကာ ကြည့်လိုက်၏။
ရှဲ့ရှန်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ထွက်လာတာ လအတော်ကြာပြီဆိုတော့ သေချာပေါက် သတိရတာပေါ့။ ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး။ ခရိုင်ထဲမှာ ကောင်းကောင်းစားပြီး ကောင်းကောင်း အိပ်ရတာပဲကို။"
ဖန်ကျန်းရီသည် စားပွဲဆီသို့ လျှောက်သွားပြီး သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငဲ့ပေးလိုက်၏။ "အခုတော့ ဘာမှ လုပ်စရာ မရှိတော့ဘူး။ ကျန်တဲ့အချိန်တွေက ကယ်ဆယ်ရေးလုပ်ဖို့ နည်းလမ်းရှာရမှာပဲ။ ခင်ဗျား အိမ်လွမ်းရင် အချိန်မရွေး ပြန်လို့ရတယ်။"
ရှဲ့ရှန်းက တုံ့ဆိုင်းစွာ ပြောလိုက်သည်။ "ပြန်ဖို့တော့ မလိုပါဘူး။ သခင်လေး ဒီမှာ လူလိုနေတာပဲ။ အင်း... ကျုပ် သခင်လေးကို မေးစရာတစ်ခု ရှိလို့... ဟိုတုန်းက ကျုပ် မြို့တော်ကို စာမေးပွဲသွားဖြေတုန်းက သခင်လေး လူလွှတ်ပြီး ကျုပ်ကို ပြန်ပေးဆွဲခိုင်းခဲ့တာလား။"
ဖန်ကျန်းရီသည် ခဏမျှ မှင်သက်သွားပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့၏။ ရယ်မောပြီးနောက် အံ့သြစွာဖြင့် ပြောလိုက်သည်။ "ခင်ဗျား အခုမှ သိတာလား။ ခရိုင်ထဲမှာ နေတာ ဘယ်လောက်ကြာပြီလဲ။ ဘာလဲ... စိတ်ထဲမှာ နာကြည်းနေလို့လား။"
ရှဲ့ရှန်းက တိုးတိုးလေး ပြောလိုက်၏။ "အဲလိုတော့ မဟုတ်ပါဘူး။ ကျုပ် သိချင်ရုံ သတ်သတ်ပါ။ နောင်တမရဘူးဆိုရင်တော့ လိမ်ရာကျမှာပေါ့။ ပညာတတ်တိုင်း အရာရှိ မဖြစ်ချင်တဲ့သူ ဘယ်ရှိမလဲ။"
သူ စကားပြောပြီးသည်နှင့် ဖန်ကျန်းရီသည် သူ၏ အရာရှိဝတ်စုံကို ချက်ချင်း ချွတ်လိုက်သည်။
"လာ လာ လာ... ဒီဝတ်စုံ ခင်ဗျား ဝတ်လိုက်။ ဘယ်လိုလဲ။ အရာရှိရာထူးက သေးတယ်လို့ ထင်ရင် လျိုရွှန်းရဲ့ ဝတ်စုံကို ချွတ်ပေးမယ်။ မြို့ဝန်ဆိုရင်တော့ လောက်လောက်လားလား ရှိပြီမလား။"
ရှဲ့ရှန်းသည် ဖန်ကျန်းရီ ပေးသော အရာရှိဝတ်စုံကို ကြည့်ရင်း နှုတ်ခမ်းသပ်လိုက်၏။ "ဒါက မကောင်းပါဘူး သခင်လေးရယ်။"
ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ချေ။ "မကောင်းစရာ ဘာရှိလဲ။ နောက်နှစ်ရက်နေရင် ခင်ဗျား ဒီအရာရှိဝတ်စုံ ဝတ်ပြီး မြို့တံတိုင်းပေါ်တက်ပြီး အဲဒီ အကျင့်ပျက် အရာရှိတွေကို ကိုယ်တိုင် သွားခုတ်လို့ရတယ်။"
"အာ... ဒါက။ ဒါကို တခြားလူတွေ သိသွားရင်..."
"ကိစ္စမရှိဘူး။ ကျုပ် မင်းကြီးကို ရှင်းပြလိုက်မယ်။" ဖန်ကျန်းရီသည် လွန်ခဲ့သည့်ရက်ပိုင်းက ဒုက္ခသည်များ၏ ဆန်ပြုတ်ထဲသို့ သဲများ နေ့တိုင်း သွားရောခဲ့သောကြောင့် လူအတော်များများ သူ့ကို မှတ်မိနေနိုင်သည်ဟု မပြောရဲခဲ့ပေ။ ကိုယ်တိုင် မြို့တံတိုင်းပေါ်တက်ပြီး ဒုက္ခသည်များက မှတ်မိသွားလျှင် ဆန့်ကျင်ဘက် အကျိုး သက်ရောက်မှု ရှိသွားနိုင်သည်။
"ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ လာ... အရာရှိဝတ်စုံကို ဝတ်ပြီး ကျုပ်ကို ပြစမ်း။"
ရှဲ့ရှန်းသည် ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်ပြီး ဖန်ကျန်းရီထံမှ အရာရှိဝတ်စုံကို ယူကာ ဝတ်လိုက်၏။ သို့သော်ငြား ဖန်ကျန်းရီ၏ အရပ်က သူ့ထက် ပိုရှည်သောကြောင့် ဝတ်စုံမှာ အနည်းငယ် ကြီးနေပြီး သိပ်မတော်ချေ။
သို့သော်ငြား ရှဲ့ရှန်းမှာ အလွန် ကျေနပ်နေပြီး သူ့ကိုယ်သူ ဟိုဘက်ဒီဘက် ကြည့်နေတော့သည်။ ယခု အရာရှိဝတ်စုံ တစ်ကြိမ် ဝတ်ရတာ အိပ်မက် တကယ်ဖြစ်လာတာပဲ...
"ကျေးဇူးတင်ပါတယ် သခင်လေး။"
ဖန်ကျန်းရီက လက်ဝှေ့ယမ်းလိုက်၏။ "ကိစ္စသေးသေးလေးပါ။ လာ... ကျုပ်နဲ့အတူ လျိုရွှန်းရဲ့ ခွေးတပည့်ကို သွားစစ်ကြစို့။"
ထို့နောက် သူတို့နှစ်ဦးသည် ဝေ့ရှန်းကို ဖမ်းချုပ်ထားသည့် အခန်းသို့ သွားခဲ့ကြသည်။ ထိုအချိန်တွင် ဝေ့ရှန်းသည် မျက်လုံးများ ကြောင်တောင်တောင်ဖြစ်နေပြီး ပေါင်ခြံကို ကိုင်ကာ ခုတင်ပေါ်တွင် ထိုင်လျက် ဘာတွေတွေးနေမှန်း မသိချေ။
ဖန်ကျန်းရီ ဝင်လာသည်ကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။
"သခင်လေး... ဖန်။"
စကားပြောပြီးသည်နှင့် အရာရှိဝတ်စုံ ဝတ်ထားသော ရှဲ့ရှန်းကို မြင်လိုက်ရသဖြင့် ရှဲ့ရှန်းအား လက်ညှိုးထိုးကာ အံ့သြတကြီး ပြောလိုက်သည်။ "ခင်ဗျား... အမှန်တော့ ခင်ဗျားကမှ လက်ထောက်မြို့ဝန် အစစ်ကိုး။"
ရှဲ့ရှန်းသည် မျက်နှာနီရဲသွားပြီး ဖန်ကျန်းရီကို ကြည့်လိုက်၏။
ဖန်ကျန်းရီက ပြုံးစိစိဖြင့် ပြောလိုက်သည်။ "အပိုစကားတွေ မပြောနဲ့။ ကျုပ် ခင်ဗျားကို စစ်ဆေးဖို့ လာတာ။"
ဝေ့ရှန်းသည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။ "မြို့ဝန်လျိုရော … ခင်ဗျားတို့ ဒါ ပုန်ကန်တာပဲ။ ကျုပ် မြို့ဝန်လျိုကို တွေ့ချင်တယ်။"
"ဟမ့် ... လျိုရွှန်း သေတော့မယ်။ အပြစ်ကြောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ။ အခု အသက်ကယ်နေရတုန်းပဲ။ ပြစ်မှု သက်သေတွေ အကုန်လုံးက ကျုပ်လက်ထဲမှာ ရှိတယ်။ ကျုပ်ကို သေချာ ပူးပေါင်းကူညီ။ ကျုပ်က ခင်ဗျားကို အသက်ရှင်ခွင့် ပေးရုံတင်မကဘူး၊ ခင်ဗျားရဲ့ ရောဂါနဲ့ ခြေထောက်ကိုပါ ကုပေးမယ့်လူ ရှာပေးမယ်။ ကျုပ် မေးမယ်… လျိုရွှန်း ငွေဘယ်လောက် ခိုးထားလဲ။ သူ့နောက်ကွယ်မှာ ခိုင်းစေတဲ့သူ ရှိသေးလား။"
"ကျုပ် မြို့ဝန်လျိုကို တွေ့ချင်တယ်။" ဝေ့ရှန်းသည် ခေါင်းငုံ့ထားပြီး ဤစကားတစ်ခွန်းကိုသာ ပြောခဲ့၏။
ဖန်ကျန်းရီ သဘောတူလိုက်သည်။ ထို့နောက် ကျန်းပြောင်ကို ခေါ်ကာ ဝေ့ရှန်းအား လျိုရွှန်း၏ အခန်းထဲသို့ ခေါ်သွားခိုင်းလိုက်၏။
ထိုအခါမှသာ ဝေ့ရှန်း အရှုံးပေးသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ခုတင်ပေါ်တွင် လှဲလျက် တိုးတိုးလေး ပြောလိုက်သည်။ "မေးတော့... ဒါပေမဲ့ ကျုပ်သိတာ အကန့်အသတ် ရှိတယ်။ သခင်လေး ကျုပ် အသက်ကို ကယ်မယ်လို့ ပြောထားတယ်နော်... ကျုပ်ကို မသတ်ဘူးလို့ ကတိပေးပါ။"
ဖန်ကျန်းရီက အေးစက်စက် ပြောလိုက်၏။ "ကျုပ်က ဘယ်တော့မှ လိမ်မပြောဘူး။ ခင်ဗျားသာ သေချာ ပူးပေါင်းရင် ခင်ဗျားကို လုံးဝ မသတ်ဘူးလို့ ကျုပ် ကတိပေးတယ်။ ခင်ဗျား အခု ပြောလို့ရပြီ။"
ဝေ့ရှန်း၏ လက်နှစ်ဖက်သည် စောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။ "မြို့ဝန်လျိုရွှန်း နောက်ကွယ်မှာ အမှီအခို ရှိတာ မှန်တယ်။ ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာတော့ ကျုပ် မသိဘူး။ အဲဒီလူက လျိုရွှန်းနဲ့ အမြဲတမ်း တိုက်ရိုက် ဆက်သွယ်တယ်။ သူ ငွေဘယ်လောက် ခိုးထားလဲဆိုတာကိုလည်း ကျုပ် သေချာ မသိဘူး။ ငွေတွေကို မြို့တော်ဆီ ပုံမှန် ပို့ရတယ်ဆိုတာလောက်ပဲ သိတယ်။"
"ခင်ဗျားက ဘယ်လိုလုပ် မသိနိုင်မှာလဲ။ ငွေပို့တိုင်း စာရင်း မရှိဘူးလား။"
ဝေ့ရှန်းက ခေါင်းခါလိုက်၏။ "မရှိဘူး .. မြို့ဝန်လျိုရွှန်းက စိတ်ထဲမှာပဲ မှတ်ထားတာ။ ငွေပို့တိုင်း သူကိုယ်တိုင် တာဝန်ယူတယ်။ ငွေတိုက်ထဲကနေ ငွေဘယ်လောက် အဝင်အထွက် ရှိလဲဆိုတာ သူ အတိအကျ မှတ်မိတယ်။"
ဖန်ကျန်းရီသည် ဝေ့ရှန်းပြောသည်ကို မသင်္ကာမဖြစ်ချေ။ မြို့ဝန်ဖြစ်လာနိုင်သူသည် ပညာတတ်များထဲမှ ထူးချွန်သူ ဖြစ်ရမည်။ ဤသို့သောလူမျိုးတွေသည် ထောင်သောင်းချီတဲ့ စာမေးပွဲတွေကို ဖြတ်ကျော်လာနိုင်သူတွေဖြစ်လို့ ဗဟုသုတကြွယ်ဝပြီး မှတ်ဉာဏ်ကောင်းသောသူတွေ ဖြစ်မှာ သေချာသည်။
သူက ဆက်မေးလိုက်၏။ "ဒါဆို ပြီးခဲ့တဲ့အကြိမ် ငွေပို့တာ ဘယ်တုန်းကလဲ။ ဘယ်လောက် ပို့လိုက်လဲ။"
"ပြီးခဲ့တဲ့အကြိမ်က သခင်လေး မရောက်ခင် တစ်ရက် နှစ်ရက်အလိုကပဲ။ ဘယ်လောက်လဲဆိုတာတော့ ကျုပ်လည်း မသိဘူး။ အဲဒီအချိန်က အခြေအနေ အရမ်း ထူးခြားတယ်ဆိုတာပဲ သိတယ်။ အများကြီး ပို့လိုက်တယ်... ငွေတိုက်ထဲက ငွေတွေ အကုန်နီးပါး ပို့လိုက်တာ။ ပြီးတော့ လျိုရွှန်းရဲ့ သားကိုယ်တိုင် လိုက်ပို့ရမယ်လို့ သီးသန့် ညွှန်ကြားထားတယ်။ နောက်ပိုင်း သခင်လေးဖန်ကို ပေးလိုက်တဲ့ ငွေငါးသောင်းက ငွေတိုက်ထဲမှာ ကျန်တဲ့ နောက်ဆုံးငွေတွေပဲ။"
ရှဲ့ရှန်းနှင့် ဖန်ကျန်းရီတို့ အချင်းချင်း ကြည့်လိုက်ကြ၏။ ထင်သည့်အတိုင်းပင်။
သို့ပေမည့် ဖန်ကျန်းရီသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။
ဒီအချိန်ကိုက်မှုက ဘယ်လိုလုပ် ဒီလောက်တောင် ကွက်တိကျနေရတာလဲ။ သူ မရောက်ခင်လေးတင်မှ ငွေတွေအကုန်လုံးကို မြို့တော်ဆီ ပို့လိုက်ပြီး လျိုရွှန်းရဲ့ သားကိုပါ ခေါ်သွားတယ်ဆိုတာ သိပ်မသင်္ကာစရာ ကောင်းနေတယ် မဟုတ်လား။ မြို့တော်ကနေ ကျန်းကျန်ကို ပို့လိုက်တဲ့ ဆန်တင်း နှစ်သောင်းကျန်သေးတယ်။ အဲဒါဆိုရင် အမြတ်အများကြီး ရနိုင်သေးတာကို ဘာလို့ တစ်ဖက်လူက ဒီအချိန်မှာ ကွန်ရက်ကို ရုပ်သိမ်းသွားရတာလဲ။
ဒါမှမဟုတ် တစ်ဖက်လူက ဗေဒင်တွက်တတ်လို့ သူက အကျင့်ပျက်ခြစားမှုကို နှိမ်နင်းမယ်ဆိုတာ သိနေတာလား။ ငါတောင် ဒီကို မလာသေးခင်က ဒီကိစ္စကို လုပ်မယ်လို့ မစဉ်းစားထားရသေးဘူး။ တိုက်ဆိုင်မှု... သေချာပေါက် တိုက်ဆိုင်မှုပဲ ဖြစ်ရမယ်။
ဖန်ကျန်းရီသည် ဆက်မတွေးချင်တော့ဘဲ သူ့ကိုယ်သူ စိတ်သက်သာရာရအောင် အကြောင်းပြချက်တစ်ခု ပေးလိုက်ပြီး နောက်ပိုင်းကိစ္စများကို မင်းကြီးထံ လွှဲပေးလိုက်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ အရင်းအမြစ်ကို လိုက်ရှာနေရင် ဘာပြဿနာတွေ ထပ်ပေါ်လာဦးမလဲ မသိနိုင်ပေ။
ကယ်ဆယ်ရေးလုပ်ရတာတင် တော်တော် ခေါင်းကိုက်ဖို့ကောင်းနေသည် မဟုတ်လား။