အခန်း (၂၂၃-၂၂၄)
Vol. 13 Ch. 223-224
အပိုင်း (၂၂၃) သိုင်းကြက်သရေဆောင် ကိုယ်တိုင် ထွက်တိုက်ခြင်း။
ဖန်ကျန်းရီသည် နောက်ကွယ်မှ ကြိုးကိုင်သူအကြောင်း ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ဝေ့ရှန်းအား လှည့်မေးလိုက်၏။ "ထျဲ့ယီဂိုဏ်းထဲမှာ လျိုရွှန်း လူဘယ်နှစ်ယောက် ထည့်ထားလဲ။"
ဝေ့ရှန်းက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ "ဂိုဏ်းချုပ် ချန်တာ့ရှန်း တစ်ယောက်တည်းကိုပဲ လျိုရွှန်းက သိမ်းသွင်းထားတာ။ အစကတော့ လူငါးယောက် ခြောက်ယောက်လောက် ထည့်ထားသေးတယ်။ ဒါပေမဲ့ ချန်တာ့ရှန်းကို သိမ်းသွင်းပြီးသွားတော့ သူတို့ကို ပြန်ဆုတ်ခိုင်းလိုက်တယ်။"
"မနက်ဖြန် ဂိုဏ်းနှစ်ခု တိုက်ခိုက်တဲ့အချိန်မှာ လျိုရွှန်းက ဘာတွေ စီစဉ်ထားသေးလဲ။"
ဝေ့ရှန်းက အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်၏။ "အစကတော့ လျိုရွှန်းက ကျုပ်ကို သခင်လေး ဘေးမှာနေပြီး အခွင့်အရေးရရင် လုပ်ကြံဖို့ ခိုင်းထားတာ။ ပြီးရင် သက်သေမရှိအောင် ဖျောက်ဖျက်ပစ်ဖို့ပေါ့။ ကျန်တာတွေကတော့ ယုံချင့်စားသောက်ဆိုင်မှာ လျိုရွှန်း ပြောခဲ့တဲ့အတိုင်းပါပဲ။"
ဖန်ကျန်းရီ ကြားပြီးနောက် စုပ်သပ်လိုက်မိသည်။ ဒီခွေးအိုကြီး... စိတ်ထားက တော်တော် ရက်စက်တာပဲ။ တော်သေးလို့ လက်ဦးမှုရယူပြီး ဖမ်းလိုက်နိုင်တယ်။ မဟုတ်ရင် ပြဿနာ တက်လောက်တယ်။
"ကောင်းပြီ။ ခင်ဗျား အဖြေ တော်တော် ကောင်းပါတယ်။ ကျုပ် သဘောကျတယ်။ ဒီမှာပဲ စိတ်အေးအေးထားပြီး ဆေးကုပါ။" ပြောပြီးနောက် ဖန်ကျန်းရီသည် ရှဲ့ရှန်းနှင့်အတူ အခန်းထဲမှ ထွက်လာခဲ့၏။
ဖန်ကျန်းရီသည် သူ၏ အရာရှိဝတ်စုံကို ပြန်ဝတ်ပြီး ရှဲ့ရှန်းအား အမိန့်ပေးလိုက်သည်။ "သင်္ဘောပေါ်က လူတွေ သူတို့အိမ်မှာ ငွေဘယ်လောက် ခိုးထားလဲဆိုတာကိုလည်း တစ်ယောက်ချင်းစီ မေးထုတ်ရမယ်။ အခု တပ်မှုးက ကျုပ်တို့ဆီက သတင်းကို မသိသေးဘူး။ ကျုပ်ထင်တာတော့ မနက်ဖြန် မြို့ပြင်မှာ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှု ဖြစ်ရင် သူ ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျုပ် သူ့ကို သေချာ ရှင်းပြလိုက်မယ်။ စွန်းမိသားစုနဲ့ ဝမ်မိသားစုက အိမ်ထောင်ဦးစီးတွေကို အရင်မထိနဲ့အုံး။ နောက်ကျရင် အသုံးဝင်လိမ့်မယ်။"
ရှဲ့ရှန်းက မေးလိုက်၏။ "သခင်လေး... ဒီလိုစစ်ဆေးနေရတာ ရှုပ်ပါတယ်။ အဲဒီအစား လူခေါ်ပြီး အိမ်တွေကို သွားသိမ်းလိုက်ရင် မကောင်းဘူးလား။"
"ဟားဟား ... ကျုပ်မှာသာ အိမ်သိမ်းဖို့ အာဏာရှိရင် စောစောစီးစီး သွားသိမ်းပြီးပြီပေါ့။ လျိုရွှန်းက ဘာပဲဖြစ်ဖြစ် မြို့ဝန်လေ။ အထက်ကို တင်ပြပြီး ခွင့်ပြုချက်ရမှ လုပ်လို့ရမှာ။ မဟုတ်ရင် လူပြောစရာ ဖြစ်သွားမယ်။ ပြီးတော့ သူ့အိမ်မှာလည်း ပိုက်ဆံ သိပ်ရှိတော့မှာ မဟုတ်ဘူး။ ပိုက်ဆံတွေ အကုန်လုံး ကျုပ်အိမ်မှာ ရောက်နေပြီလေ။ တခြား သာမန်အိမ်လေးတွေကို သွားသိမ်းရတာ ဘာအရသာ ရှိမှာလဲ။ ကျုပ် စီစဉ်တာကိုသာ စောင့်ပါ။ ဒီနှစ်ရက် အလုပ်ရှုပ်ပြီးသွားရင် သတ်ရမယ့်သူ သတ်မယ်၊ လွှတ်ရမယ့်သူ လွှတ်မယ်။"
ရှဲ့ရှန်းက အလျင်အမြန် မေးလိုက်၏။ "လျိုရွှန်းအပြင် ဘယ်သူ့ကို သတ်ရအုံးမှာလဲ။"
"သင်္ဘောပေါ်က ကျုပ်ထက် ရာထူးကြီးတဲ့သူ အကုန် သေရမယ်။"
...
နောက်တစ်နေ့ မနက်စောစောတွင် ဖန်ကျန်းရီသည် မြင်းစီးကာ မြို့ပြင်သို့ ထွက်လာခဲ့၏။ မြို့ပြင်တွင် သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြည်နေသည်။ သူ၏ဘေးတွင် ကျန်းပြောင်၊ ကျိုးထျဲ့၊ ရှန်ကျောက်ရွှမ်တို့ ရှိနေပြီး နောက်တွင်မူ ဒုက္ခသည်များ အုပ်စုကြီး တစ်အုပ်က တန်းစီလိုက်ပါလာကြ၏။
ဒုက္ခသည်များသည် တုတ်များ၊ ကျောက်ခဲများနှင့် အခြား လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကြပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေကြသည်။ ဖန်ကျန်းရီသည် နောက်သို့ တစ်ချက်လှည့်ကြည့်ပြီး ရှန်ကျောက်ရွှမ် အား ပြုံးကာ ပြောလိုက်၏။ "ချန်တာ့ရှန်းဆိုတဲ့ကောင်က ခိုးမတိုက်ဘဲ စိန်ခေါ်စာ ပို့လာလိမ့်မယ်လို့ ထင်မထားဘူး။ နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။"
ရှန်ကျောက်ရွှမ်ကလည်း ပြုံး၍ ပြောလိုက်သည်။ "အဲဒီကောင်က သိုင်းသမား သတ်သတ်ပါ။ အာဏာ နည်းနည်းရလာတော့ လေလုံးထွားလာတာ။ ပညာတတ်ဟန် ဆောင်ချင်နေတာ။ အရင်တုန်းက သူက ကျုပ်လောက် အင်အားမကြီးပါဘူး။ ဒါပေမဲ့ လျိုရွှန်းက သူ့နောက်ကွယ်ကနေ အကြီးအကျယ် ထောက်ပံ့ပေးနေတာလို့ မထင်မှတ်ထားခဲ့ဘူး... ကံကောင်းလို့ သခင်လေး စောစောရောက်လာလို့ပေါ့။ မဟုတ်ရင် တကယ့် ပြဿနာကြီး ဖြစ်တော့မှာ။"
ဖန်ကျန်းရီက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ "ခင်ဗျားတို့ ခွေးကောင်တွေ... ကျုပ် မြို့တော်ကို ရောက်တာနဲ့ ခင်ဗျားတို့က အပြင်မှာ ကမောက်ကမတွေ လျှောက်လုပ်တော့တာပဲ။ အဲဒီ ချန်တာ့ရှန်းရဲ့ သိုင်းပညာက ဘယ်လိုနေလဲ။"
ရှန်ကျောက်ရွှမ်သည် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာထားဖြင့် ကျန်းပြောင်အား တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "အဲဒီလူက ဓားခုတ်လှံထိုး မဝင်ဘူး။ ကျန်းပြောင်ထက် မနိမ့်ဘူးလို့ ထင်တယ်။"
သူ့ဘေးရှိ ကျိုးထျဲ့သည် နားစွင့်ထားရာမှ ချက်ချင်း အော်ပြောလိုက်သည်။ "ဘာ …. သိုင်းပညာက ဒီလောက် ညံ့တာလား။ ကျုပ်ကြည့်ရတာ အဲဒီလူက ကျုပ်ရဲ့ လက်တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး။"
ဖန်ကျန်းရီသည် ကျိုးထျဲ့အား အထက်အောက် ကြည့်လိုက်ပြီး သူ၏ အနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်၏။ "ကျိုးထျဲ့... ခင်ဗျား ကျုပ်ကို ပြောစမ်း။ ချီယန်တိုင်းပြည်မှာ သိုင်းကြက်သရေဆောင် အမှတ်အသားကို ဝယ်ဖို့ ပိုက်ဆံဘယ်လောက် ပေးရလဲ။ ကျုပ်တို့ နှစ်ယောက်တည်း သိတာပါ။ တခြားလူကို မပြောပါဘူး။"
"သခင်လေး... ခင်ဗျား။" ကျိုးထျဲ့သည် မျက်နှာနီရဲသွားပြီး ဖန်ကျန်းရီအား ကြည့်ကာ စကား ပြောမထွက်တော့ချေ။
"ကျုပ်က အစစ်အမှန်ကြီးပါ။ ခဏနေရင် ကျုပ် အရင်ထွက်တိုက်မယ်။" ကျိုးထျဲ့က ဒေါသတကြီး အော်ပြောလိုက်သည်။
ဘေးနားရှိ လူတိုင်းက ရယ်မောလိုက်ကြ၏။
"ကောင်းပြီ။ ခဏနေရင် ခင်ဗျား အရင်ထွက်တိုက်။"
...
လူတစ်စုသည် စိန်ခေါ်ထားသော နေရာသို့ ရောက်ရှိလာကြသည်။ အဝေးသို့ လှမ်းကြည့်လိုက်သောအခါ ဖန်ကျန်းရီမှာ အနည်းငယ် လန့်သွားမိ၏။ တစ်ဖက်မှ လူအင်အားမှာ သူတို့ဘက်ထက် အများကြီး ပိုများနေသည်။ ဒုက္ခသည်များလို ဝတ်ဆင်ထားသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် အုပ်စုလိုက်ကြီး ဖြစ်နေပြီး အရှိန်အဝါက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဖန်ကျန်းရီသည် စစ်ရေးစစ်ရာကို နားမလည်ချေ။ တောက်ယွမ်ခရိုင်သို့ ရောက်စက စစ်တိုက်ရမည်ဟု ကြားဖူးသည်။ ဘယ်နေရာမှာ တိုက်နေလဲ၊ ဘယ်ထိ ရောက်နေပြီလဲဆိုတာ လုံးဝ မသိခဲ့ပေ။ နာမည်တွေကိုတောင် အကုန် မသိခဲ့ချေ။
ထိတ်လန့်နေခြင်း၏ အကျိုးဆက်ကတော့ တောက်ယွမ်ခရိုင်ကို အရူးအမူး အခိုင်အမာ ပြင်ဆင်ထားခဲ့ခြင်းသာ ဖြစ်၏။
တစ်ဖက်က နိုင်သွားလျှင် အရင်ဆုံးမိမိအင်အားကို ပြသဖို့ အနည်းငယ်လောက် ခုခံပြရမည်။ ပြီးသည်နှင့် ချက်ချင်း ဒူးထောက် အညံ့ခံလိုက်ဖို့ ကြံခဲ့ဖူးသည်။
သခင်လေးဖန်က မင်းကြီးအပေါ် အလွန် သစ္စာရှိသည်ဆိုတာ မြို့ထဲက လူတိုင်း သိကြသည်။ သို့ပေမည့် ကျင်းတိုင်းပြည် မင်းကြီးလား၊ ချီယန်တိုင်းပြည် မင်းကြီးလားဆိုတာတော့ မည်သူမှ မသိကြချေ။ မင်းကြီး ဆိုသည်ကိုသာ သိကြသည်။
အချိန်အတော်ကြာမှသာ ဖန်ကျန်းရီ သဘောပေါက်သွားခဲ့၏။ စစ်မြေပြင်က မြို့တော်နှင့် အဝေးကြီးမှာ ရှိနေခဲ့သည်။ ထို့အပြင် ကျင်းတိုင်းပြည်က ဆက်တိုက် နိုင်နေသည်။ အဲဒီအချိန်ကျမှသာ ကျင်းတိုင်းပြည် မင်းကြီး၏ နာမည်က ခရိုင်ထဲမှာ စတင် ပျံ့နှံ့လာခဲ့သည်။
ယခုတော့ စစ်မြေပြင် တစ်ဝက်လောက်ကို တကယ် မြင်တွေ့လိုက်ရပြီ။ ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် ခံစားချက်များ ဖြစ်ပေါ်လာမိ၏။
မော့ကြည့်လိုက်သောအခါ ထျဲ့ယီဂိုဏ်း (သံမဏိဝတ်စုံဂိုဏ်း) ၏ ခေါင်းဆောင်သည် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသော မြင်းကြီးတစ်စီးကို စီးထားသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးနားရှိ လူအချို့ စီးထားသော မြင်းများမှာ သိသိသာသာကို ညံ့ဖျင်းပြီး ပုတီးပုကွ ဖြစ်နေသည်။
ရှန်ကျောက်ရွှမ်က ပြောလိုက်သည်။ "သခင်လေး... အရှေ့ဆုံးက လူက ချန်တာ့ရှန်းပဲ။"
"ကောင်းပြီ။ အပြင်ထွက်ပြီး အော်ခေါ်လိုက်။ သူ့ကို တစ်ယောက်ချင်း ထွက်လာခဲ့ဖို့ ပြောလိုက်။"
"ကောင်းပါပြီ။" ရှန်ကျောက်ရွှမ်က ပြန်ဖြေလိုက်ပြီး မြင်းကို စီးကာ ရှေ့ထွက်လာခဲ့၏။
တစ်ဖက်မှ ချန်တာ့ရှန်းသည် ရှန်ကျောက်ရွှမ် ထွက်လာသည်ကို မြင်သောအခါ သူလည်း မြင်းစီးကာ ရှေ့ထွက်လာခဲ့သည်။
ရှန်ကျောက်ရွှမ်က ပြောလိုက်၏။ "ချန်တာ့ရှန်း... ညီအစ်ကိုတွေ အကုန်လုံးက ဒုက္ခသည်တွေချည်းပဲ။ သူတို့ကို ဒုက္ခမပေးပါနဲ့။ ကျုပ်ဘက်က စစ်သည်တော်နဲ့ တစ်ယောက်ချင်း ယှဉ်ပြိုင်ရဲလား။ သုံးပွဲ နှစ်ပွဲနိုင် သတ်မှတ်ချက်နဲ့လေ။ ရှုံးတဲ့သူက ချက်ချင်း လက်နက်ချ အညံ့ခံရမယ်။"
ချန်တာ့ရှန်းက ကြားသောအခါ ရယ်မောလိုက်ပြီး ဘေးနားရှိ လူများကလည်း လိုက်ရယ်ကြ၏။ "ရှန်ကျောက်ရွှမ်... ခင်ဗျား ဦးနှောက်ထဲ ဝက်ဆီတွေ ဝင်နေတာလား။ ခင်ဗျားက ကိုယ့်ဘာသာ အရှုံးပေးချင်နေမှတော့ ကျုပ်က လက်ခံရမှာပေါ့။ ကျုပ်က လက်ဗလာနဲ့ တစ်ယောက်တည်းပဲ။ ခင်ဗျားတို့ဘက်က သုံးယောက်ပေါင်းပြီး ဝင်လာလည်း ရတယ်။ ဟားဟားဟား။"
ကျိုးထျဲ့သည် လူအုပ်ထဲတွင် စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေး ပြောနေ၏။ "ဒီသောက်ကောင်တွေက ဘယ်လို တိုက်ခိုက်ချင်နေတာလဲ။ ကလေး ကစားနေတာကျနေတာပဲ။"
"ကျိုးထျဲ့... သွားတော့လေ။" လူတိုင်းက ကျိုးထျဲ့အား မျက်စပစ်ပြကြသည်။
ကျိုးထျဲ့က အနည်းငယ် မသွားချင်မလာချင်ဖြစ်နေပြီး ပါးစပ်မှလည်း ပွစိပွစိ ပြောနေ၏။ "ကျုပ် ဓားမပါလာဘူး။ ကျုပ် အရိုးတွေလည်း မကောင်းသေးဘူး..."
သို့ပေမည့် သူ မတ်တတ်ရပ်လိုက်ပြီး နောက်ဘက်ရှိ လူအုပ်ကြီးကို အော်ပြောလိုက်သည်။ "ဘယ်သူ ဓားပါလာလဲ။ ကျုပ်ကို တစ်လက် ငှားပါအုံး။"
ဖန်ကျန်းရီက ဟိုဘက်ဒီဘက် ကြည့်လိုက်၏။ သူတို့ဘက်တွင် ကျန်းပြောင်မှလွဲ၍ လက်နက်ပါလာသူ တစ်ယောက်မှ မရှိချေ။ ကျန်းပြောင် ပါလာသည်ကလည်း လျှို့ဝှက်လက်နက်များသာ ဖြစ်သည်။
ထို့နောက် ဒုက္ခသည်များကြားသို့ လည်ပင်းဆန့်ကာ ကြည့်လိုက်ပြီးနောက် မျက်လုံးများ အရောင်လင်းသွားသည်။ လယ်သမားအိုကြီး တစ်ယောက်ကို လက်ညှိုးထိုးပြီး အော်ခေါ်လိုက်၏။ "ခင်ဗျား... ဓားကို ယူလာခဲ့။ ပိုက်ဆံပေးမယ်။ မြန်မြန်လာ။"
လယ်သမားအိုကြီးသည် ပြုံးဖြီးဖြီးဖြင့် ဓားကို လာပေးပြီးနောက် ငွေတစ်မူးကို ယူကာ ဝမ်းသာအားရ ပြန်ပြေးသွားသည်။
ကျိုးထျဲ့သည် ဓားကို ယူလိုက်ပြီး သေချာ ကြည့်ရှုကာ နှစ်ချက်လောက် ခေါက်ကြည့်ပြီး တွန့်ဆုတ်နေမိ၏။ "ဘယ်က ကောက်ရလာတဲ့ ဓားလဲ။ ဒီဓားက အရမ်းစုတ်လွန်းတယ်။ သုံးလို့ ရမှာ..."
ကျန်းပြောင်သည် သူ အချိန်ဆွဲနေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ "ခင်ဗျား တိုက်နိုင်လား၊ မတိုက်နိုင်ဘူးလား။ မတိုက်နိုင်ရင် ကျုပ် သွားမယ်။"
ကျိုးထျဲ့သည် ကျန်းပြောင်အား ဒေါသတကြီး တစ်ချက်ကြည့်လိုက်၏။ "တိုက်မှာပေါ့။ တောကြိုတောင်ကြားက ကောင်လောက်ကိုတော့ ကျုပ် တစ်ယောက်တည်းနဲ့ ဆယ်ယောက်လောက် တိုက်နိုင်တယ်။"
ပြောပြီးသည်နှင့် ဓားကြီးကို ကိုင်ကာ ကွင်းထဲသို့ လျှောက်သွားတော့သည်။
အပိုင်း (၂၂၄ ) ကျုပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တစ်ရာရှိတယ်။
ကျိုးထျဲ့၏ ကျောပြင်ကို ကြည့်ရင်း ဖန်ကျန်းရီ၏ ရင်ထဲတွင် ရုတ်တရက် အားကိုးမရသလို ခံစားလိုက်ရ၏။
မည်သို့ပင်ဆိုဆို ကျိုးထျဲ့က ကျန်းပြောင်၏ ဆရာတစ်ဝက်ဟုဆိုနိုင်သည်။ ဤလောကတွင် မွေးရာပါ အစွမ်းထက်သူဟူ၍ မရှိပေ။ ကျန်းပြောင်သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။ သူ့ထံတွင် ထူးကဲသော ခွန်အားများ ရှိနေသော်ငြား လောက၌ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်လာနိုင်မည်လား ဆိုသည်မှာ မသေချာလှပေ။
သူ၏ ဤခွန်အားများသည် မွေးရာပါ ထိပ်တန်း ပါရမီအပြင်၊ ဖန်ကျန်းရီ၏ အကန့်အသတ်မရှိ ပံ့ပိုးပေးထားသော အာဟာရ ဖြည့်တင်းမှုများနှင့် နေ့စဉ်ရက်ဆက် ရူးသွပ်မတတ် လေ့ကျင့်မှုများကြောင့် ရရှိလာခြင်း ဖြစ်သည်။
သို့ရာတွင် နေ့စဉ်နေ့တိုင်း သဲအိတ်များနှင့် သစ်သားတိုင်များကိုသာ ထိုးကြိတ် လေ့ကျင့်နေရုံဖြင့် တကယ့် လက်တွေ့ တိုက်ပွဲများ၌ အသုံးဝင်မည်မဟုတ်သည်မှာ အသေအချာပင်။ ယခုသည် ရှေးခေတ်ကာလဖြစ်ရာ ရုပ်မြင်သံကြားထဲမှလို အပြောသတ်သတ်ဖြင့် အနိုင်ယူပြမည့်သူဟူ၍ မရှိပေ။
စစ်မှန်သော သိုင်းပညာကို တတ်ကျွမ်းမထားပါက ဤလောကတွင် အသက်ရှင်သန်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ဖန်ကျန်းရီက ကျန်းပြောင်အား သင်ကြားပေးရန် သိုင်းဆရာ အမြောက်အမြားကို ရှာဖွေပေးခဲ့သော်လည်း သူ၏ ကြီးမားလှသော ခွန်အားများကြောင့် သိုင်းကွက်များကို အသုံးပြုစရာမလိုဘဲ အင်အားသက်သက်ဖြင့်ပင် အရာအားလုံးကို အကြမ်းပတမ်း ချိုးဖျက်ပစ်နိုင်ခဲ့သည်။ ထို့အပြင် ကျန်းပြောင်သည် ဖန်ကျန်းရီနှင့် အတူနေသည်မှာ ကြာလာသည်နှင့်အမျှ ဉာဏ်နီဉာဏ်နက်များလည်း တတ်လာခဲ့သည်။ ရန်ဖြစ်ပြီဆိုလျှင် သိုင်းကွက်တွေ ဘာတွေ နားလည်နေစရာမလို .... သွားသည်နှင့် တစ်ဖက်လူ၏ မျက်နှာကို သဲဖြင့် အရင်ဆုံး ပက်တော့သည်သာ။
ထို့ကြောင့်ပင် သူ့ကို လာရောက်သင်ကြားပေးသော ဆရာများအားလုံးသည် ဆက်လက် မသင်ပြနိုင်တော့ကြောင်း ငြီးတွားအော်ဟစ်ကာ ထွက်ပြေးကြရသည်ချည်း ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ဖန်ကျန်းရီမှာလည်း အတော်လေး လက်မှိုင်ချခဲ့ရသည်။
ကျန်းပြောင်၏ သိုင်းပညာ တဟုန်ထိုး တိုးတက်လာသည်မှာ ကျိုးထျဲ့နှင့် တွေ့ပြီးနောက်မှ ဖြစ်သည်။ ဟိုတုန်းက ကျိုးထျဲ့သည် တောင်ပေါ်မှ တောက်ယွမ်ခရိုင်သို့ ထွက်ပြေးလာပြီး လမ်းပေါ်တွင် စားစရာ ခိုးစားရန် ကြိုးစားစဉ် ဖန်ကျန်းရီနှင့် ကျန်းပြောင်တို့ တွေ့သွားခဲ့ကြ၏။
ထိုနေရာတွင်ပင် လူနှစ်ယောက် ရန်ဖြစ်ကြတော့သည်။ ကျိုးထျဲ့မှာ တစ်ကိုယ်လုံး ရိုက်နှက်ခံရပြီး ယောင်ယမ်းကာ သတိလစ်သွားခဲ့သော်လည်း ကျန်းပြောင်မှာလည်း အခြေအနေ သိပ်မကောင်းလှဘဲ တစ်ကိုယ်လုံး ဒဏ်ရာတွေချည်း ဖြစ်သွားခဲ့သည်။
ကျိုးထျဲ့ သတိရလာမှ ဖန်ကျန်းရီ သိလိုက်ရသည်မှာ ဤလူက ရက်အတော်ကြာ ထမင်းမစားရသေးကြောင်းပင်။ ထမင်းမစားရတာ ရက်အတန်ကြာနေတာတောင် ဤမျှ တိုက်ခိုက်နိုင်သေးလျှင် ထမင်းဝနေပါက ကောင်းကင်ပေါ်သို့ပင် တက်သွားမည်လား မသိနိုင်ပေ။
ဖန်ကျန်းရီသည် ထိုအချိန်မှစ၍ ဆုံးဖြတ်ချက် တစ်ခုချကာ ထိုလူအား ငွေအများအပြား ပေး၍ ကျန်းပြောင်း၏ သိုင်းလေ့ကျင့်ဖော်အဖြစ် ထားရှိခဲ၏။
ထိုအချိန်မှစ၍ ကျန်းပြောင်၏ သိုင်းပညာမှာ တဟုန်ထိုး တိုးတက်လာခဲ့ပြီး တစ်လအကြာတွင် ကျိုးထျဲ့သည် ကျန်းပြောင်ကို ယှဉ်ပြိုင်ရာ၌ အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိတော့ချေ။ သို့သော် ထိုလူသည် ကျန်းပြောင်၏ အနိုင်ကျင့်ခြင်းကို ခံရပြီးနောက်ပိုင်း နေ့စဉ်နှင့်အမျှ စားသောက် ပျော်ပါးနေခဲ့ရာ သိုင်းပညာများ မည်မျှ ကျဆင်းသွားသည်ကို မသိရတော့ပေ...။
ဖန်ကျန်းရီ၏ ရင်ထဲတွင် တုန်လှုပ်နေဆဲဖြစ်ပြီး ကျန်းပြောင်အား လှည့်မေးလိုက်၏။ "ဟိုကောင်ရဲ့ စွမ်းရည်က ဘယ်လိုနေလဲ။ ကျိုးထျဲ့ နိုင်နိုင်ပါ့မလား။"
ကျန်းပြောင်က ပြုံးလိုက်သည်။ အထင်သေးသော အပြုံးမျိုး ဖြစ်သည်။ "အဲဒီ ချန်တာ့ရှန်းက ဓားခုတ်လှံထိုး မဝင်ရုံတင်ဆိုရင်တော့ သူ ရှုံးမှာ သေချာတယ်။ ပြီးခဲ့တဲ့အကြိမ် ကျုပ် ကျိုးထျဲ့နဲ့ ယှဉ်ပြိုင်ကြည့်တုန်းက သူ့သိုင်းပညာတွေ မကျဆင်းသေးဘူး။ ကျုပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တစ်ရာဆိုရင် ကျိုးထျဲ့က အနည်းဆုံး ခုနစ်ဆယ်လောက် ရှိတယ်။"
"ဟင်။"
ဖန်ကျန်းရီက ကျန်းပြောင်အား အံ့အားတကြီး ကြည့်လိုက်၏။ "အဲဒါ မင်း ဘယ်လို တွက်လိုက်တာလဲ။"
"ကျုပ် တစ်ချက်ကြည့်လိုက်တာနဲ့ ဦးနှောက်ထဲမှာ 'ဒင်' ဆိုပြီး တွက်ချက်ပြီးသား ဖြစ်သွားတာပဲ။"
"..."
တောက်... ဖန်ကျန်းရီ မျက်လုံးတွေ နီရဲသွားခဲ့၏။
ငါ ဦးနှောက်ထဲမှာ ဒင်ခနဲ ဖြစ်ရမှာ မဟုတ်ဘူးလား။ ဘာလို့ မင်းဆီ သွားဖြစ်နေရတာလဲ။ ငလူးမ စနစ်။
"မြန်မြန်... ကျုပ်ကို ဘယ်လို 'ဒင်' လဲ ဆိုတာ မြန်မြန် ပြောပြစမ်း။"
ကျန်းပြောင်မှာ ပြောစရာစကားမဲ့သွားပြီး ဖန်ကျန်းရီအား လှည့်ကြည့်လိုက်၏။ "သခင်လေး... ဒါက ဥပမာ ပေးတာပါ။ ကျုပ် တွက်တာ မြန်တယ်ဆိုတဲ့ သဘောပါ။"
ဖန်ကျန်းရီသည် ချက်ချင်း အသက်ရှူကြပ်သွားပြီးနောက် စပ်စုချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။ "ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဘယ်လောက်ရှိလဲ ကြည့်စမ်း။"
ကျန်းပြောင်က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်၏။ "ငါး ပဲ ရှိတယ်။"
"..."
ဖန်ကျန်းရီ စကားမပြောချင်တော့ဘဲ ကွင်းထဲသို့ လှည့်ကြည့်လိုက်သည်။
ကျန်းပြောင်သည် ရင်ဘတ်ကို လက်ပိုက်ကာ စိတ်မရှည်သော မျက်နှာထားဖြင့် ရှိနေ၏။ "တကယ် နှေးကွေးတာပဲ။ ကျုပ်သာဆိုရင် အဆိပ်မြှားနဲ့ သူ့မျက်လုံးကို ထိုးစိုက်ပြီးလောက်ပြီ။"
ကွင်းထဲတွင် ကျိုးထျဲ့နှင့် ချန်တာ့ရှန်းတို့ အချင်းချင်း ကြည့်နေကြပြီး လေထုမှာ အနည်းငယ် တင်းမာနေသည်။ ချန်တာ့ရှန်းသည် ကျိုးထျဲ့ကို ကြည့်နေသော်လည်း စိတ်ထဲတွင်တော့ အထင်သေးနေ၏။ တစ်ဖက်လူ ကိုင်ထားသော စုတ်ပြတ်နေသည့် ဓားမှာ သူ ပုံမှန်လေ့ကျင့်ရာတွင် သုံးသော ဓားထက်ပင် ညံ့ဖျင်းနေပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း သိပ်မကောင်းလှပေ။
ကြည့်လိုက်တာနဲ့ အသုံးမကျတဲ့ကောင်မှန်း သိသာတယ်။ ဒီကောင် ဘာလို့ လာတာလဲ။
ကျိုးထျဲ့မှာလည်း စိုးရိမ်နေ၏။ ပြီးခဲ့သည့်အကြိမ်က ရေထဲကျပြီး ပင်လယ်ရေတွေ အများကြီး မွန်းထားတာ အခုထိ မပျောက်သေးဘူး။ ပြီးတော့ ကျန်းပြောင် ရိုက်ထားလို့ နံရိုးတွေလည်း ကျိုးထားသေးတယ်။ နံရိုးက အခုထိ မဆက်သေးဘူး။ တစ်လှမ်းလှမ်းတိုင်း သုံးခါလောက် နာတယ်။ မျက်နှာမပျက်ချင်လို့သာ …. မဟုတ်ရင် သေဆိုရင်တောင် ထွက်လာမှာ မဟုတ်ဘူး...။
ဖန်ကျန်းရီလည်း ကြည့်ရတာ စိတ်မရှည်တော့ဘဲ အော်ဟစ် တိုက်တွန်းလိုက်၏။ "တိုက်မှာလား ၊မတိုက်ဘူးလား။ ဒီမှာ စောင့်နေတာ။ ထမင်းစားချိန် နောက်ကျနေအုံးမယ်။"
ကျိုးထျဲ့သည် ထိုစကားကို ကြားသောအခါ အံကြိတ်ပြီး ဓားကို ကိုင်ကာ ချန်တာ့ရှန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ထိုအခါ ချန်တာ့ရှန်းသည် အပေါ်ဝတ်ရုံကို ချွတ်လိုက်ရာ ကြွက်သားများ အဖုအထစ် ထွက်နေသော အပေါ်ပိုင်းကို မြင်တွေ့ရပြီး ကျိုးထျဲ့ဆီသို့ ပြုံးစိစိဖြင့် လျှောက်လာတော့သည်။
သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ချဉ်းကပ်လာသည့် အရှိန်မှာ တဖြည်းဖြည်း မြန်ဆန်လာသည်။
ရုတ်တရက်... မြေကြီး တုန်ဟည်းသွားသော အသံကြီး ထွက်ပေါ်လာ၏။
လူတိုင်း ချက်ချင်း ထိတ်လန့်သွားကြပြီး ဟိုဟိုဒီဒီ လိုက်ကြည့်ကြတော့သည်။ ဖန်ကျန်းရီလည်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းမှ အစိုးရစစ်တပ် အင်အား နှစ်ထောင်ခန့်သည် မြင်းစီးကာ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။ ထိုအရှိန်အဝါက ကွင်းထဲရှိ လူတစ်သောင်းကျော်ကို အပြင်းအထန် ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်။
တပ်မှုးက သတင်းရပြီး တပ်ဖွဲ့ကို ဦးဆောင်လာတာ ဖြစ်ရမယ်။ ဒီလောက် လူအုပ်ကြီး စုဝေးနေတာ သူ သတင်းမရဘဲ မနေဘူး။ ကံကောင်းလို့ ငါ ကြိုတင် ပြင်ဆင်ထားလို့။
မြင်းတပ်သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။ ရှေ့ဆုံးမှ ခေါင်းဆောင်သည် ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး အလွန် ခန့်ညားထည်ဝါနေသည်။ ဒုက္ခသည်များကို ကျယ်လောင်စွာ အော်ပြောလိုက်၏။ "အားလုံး ရပ်လိုက်ကြစမ်း။ ပြန်လည်ခုခံတဲ့သူ မှန်သမျှ ချက်ချင်း သတ်ပစ်မယ်။"
ဖန်ကျန်းရီသည် မြင်းစီးကာ ထိုသူထံသို့ လျှောက်သွားလိုက်၏။ အနီးသို့ ရောက်သောအခါမှ မျက်နှာကို သေချာ မြင်ရသည်။ အသက်လတ်ပိုင်း အရွယ်၊ နားသယ်စပ်တွင် ဆံပင်အနည်းငယ် ဖြူနေပြီး ဓားသွားကဲ့သို့ မျက်ခုံးနှင့် ရဲရင့်ပြတ်သားသော မျက်နှာထား ရှိသည်။ ဤရုပ်ရည်နှင့် ဤဝတ်စုံကို ကြည့်ရလျှင် ကျန်းကျန် တပ်မှုး နျဲ့ကျန်း ဖြစ်ရမည်။
ဖန်ကျန်းရီ ရှေ့ထွက်လာသည်ကို မြင်သောအခါ အစိုးရစစ်တပ်၏ ရှေ့တန်းမှ လေးသမားများသည် ချက်ချင်း လေးကို တင်ကာ ဖန်ကျန်းရီအား ချိန်ရွယ်လိုက်ကြ၏။
"ရပ်လိုက်။ ဘယ်သူလဲ။"
ဖန်ကျန်းရီသည် ရင်ထဲတွင် လန့်သွားပြီး ချက်ချင်း လက်သီးဆုပ်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "အောက်ခြေအရာရှိ ဖန်ကျန်းရီပါ။ နျဲ့ကျန်း... တပ်မှုးနျဲ့ကျန်းလားခင်ဗျာ။"
"အိုး... မင်းက ဖန်ကျန်းရီလား။ သက်သေပြစရာ ရှိလား။ ဘာလို့ အရာရှိဝတ်စုံ မဝတ်ဘဲ မိစ္ဆာဂိုဏ်းက လူတွေနဲ့ ရောနှောနေတာလဲ။" နျဲ့ကျန်း၏ မျက်လုံးထဲတွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
"အောက်ခြေအရာရှိက ဒီနေ့ အဆင်မပြေလို့ အရာရှိဝတ်စုံ မဝတ်လာတာပါ။ ဒီလူတွေက မိစ္ဆာဂိုဏ်းက လူတွေ မဟုတ်ပါဘူး။ သာမန် ပြည်သူတွေ သတ်သတ်ပါ။" ပြောရင်းနှင့် ဖန်ကျန်းရီသည် ရင်ခွင်ထဲမှ အရာရှိ တံဆိပ်တုံးကို ထုတ်ကာ အမြင့်သို့ မြှောက်ပြလိုက်သည်။
"အောက်ခြေအရာရှိမှာ သေနာပတိကို ပြစရာ အရာတချို့ ရှိပါသေးတယ်။"
ဖန်ကျန်းရီ၏ လေသံမှာ အောက်ကျနောက်ကျ မခံသည့်ဟန် ရှိပြီး စကားပြောပြီးနောက် နျဲ့ကျန်းဆီသို့ ဆက်လက် မြင်းစီးသွားလိုက်၏။
ဘေးနှစ်ဖက်မှ စစ်သားများက မြှားပစ်ရန် ပြင်လိုက်သော်လည်း နျဲ့ကျန်းက လက်ကာပြလိုက်ရာ အားလုံး သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။
ဖန်ကျန်းရီ သူ့ဘေးတွင် ယှဉ်ရပ်လိုက်ပြီးနောက် နျဲ့ကျန်းက ခပ်အေးအေး ပြောလိုက်၏။ "လျိုရွှန်းကော … ဒီလောက် ကြီးကျယ်တဲ့ ကိစ္စကြီးမှာ သူ ဘယ်ရောက်နေတာလဲ။"
"သူ့ကို ကျုပ် ဖမ်းထားလိုက်ပြီ။" ပြောပြီးနောက် ဖန်ကျန်းရီသည် ရင်ခွင်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။
ထိုအရာသည် လျိုရွှန်း၏ ဝန်ခံချက်ဖြစ်ပြီး သတိလစ်နေစဉ် ဖန်ကျန်းရီက သူ၏ လက်ဗွေရာကို နှိပ်ထားခဲ့ခြင်း ဖြစ်၏။
နျဲ့ကျန်းသည် ရင်ထဲတွင် ထိတ်လန့်သွားပြီး ဝန်ခံချက်ကို ယူကာ ဖတ်ကြည့်လိုက်သည်။ ထို့နောက် အံ့သြတကြီးဖြင့် အလျင်စလို မေးလိုက်၏။ "ဒါ အစစ်လား အတုလား။ ဖန်ကျန်းရီ... ဒီကိစ္စက အရမ်း အရေးကြီးတယ်။ နည်းနည်းလေးများ လိမ်ညာထားတာ ပါရင် မင်း ခေါင်းပြတ်ဖို့သာ ပြင်ထားတော့။"
"သေချာပေါက် အစစ်ပေါ့။ အောက်ခြေအရာရှိမှာ မင်းကြီးရဲ့ အမိန့်တော်ရထားတယ်။ ဧကရာဇ်ဓား (အာဏာပိုင်ဓား) နဲ့ အမိန့်တော် လက်ထဲမှာ ရှိတယ်။ သေနာပတိက မယုံဘူးဆိုရင် အခုချက်ချင်း စပါးကျီကို လူလွှတ်ပြီး စစ်ဆေးကြည့်လို့ ရတယ်။ အောက်ခြေအရာရှိက စပါးကျီကို စောင့်ဖို့ လူလွှတ်ထားပြီးသားပါ။" ဖန်ကျန်းရီသည် စကားပြောပြီးနောက် ခါးရှိ ဧကရာဇ်ဓားကို ပုတ်ပြလိုက်၏။
နျဲ့ကျန်း၏ အကြည့်များ စူးရှသွားပြီး ချက်ချင်း ဆုံးဖြတ်ချက်ချကာ စပါးကျီသို့ သွားရောက် စစ်ဆေးရန် ဘေးလူများကို စေလွှတ်လိုက်သည်။ ထို့နောက် ဖန်ကျန်းရီအား ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ထင်တဲ့အတိုင်း လူငယ်ပေမဲ့ အရည်အချင်းရှိတာပဲ။ ဒါကြောင့်လည်း မင်းလာမယ်ဆိုတာကို မင်းကြီးက ငါ့ဆီ သီးသန့် လူလွှတ်ပြီး အကြောင်းကြားတာကိုး။"
ဖန်ကျန်းရီက ပြုံးလိုက်၏။ "မင်းကြီးက ကျုပ်အကြောင်း ဘာပြောလိုက်သေးလဲ။"
"ဒီလူက ခိုးကြောင်ခိုးဝှက်လုပ်တတ်တယ်၊ လိမ်လည်လှည့်ဖြားတယ်၊ မလုပ်ရဲတဲ့ အဆိုးဝါးဆုံး အလုပ်ဆိုတာ မရှိဘူးတဲ့။ တကယ်လို့ ပြဿနာကြီးကြီး လုပ်ခဲ့ရင် မင်းကို မှားပြီး မသတ်မိအောင် သတိပေးတယ်။ ပြီးရင် မြို့တော်ကို ဖမ်းခေါ်လာခဲ့ဖို့ ပြောတယ်။"
"..."
ဖန်ကျန်းရီသည် ကောင်းကင်ကို လေးဆယ့်ငါးဒီဂရီ မော့ကြည့်လိုက်၏။ ထိုအချိန်တွင် ကောင်းကင်ကြီးမှာ မီးခိုးရောင် ဖြစ်နေသည်။
သြော်... မင်းကြီးရဲ့ ရင်ထဲမှာ ငါ့ပုံရိပ်က ဒီလိုဖြစ်နေတာကိုး...