← Chapters

လူတစ်ချို့

Vol. 13 Ch. 182

လူတစ်ချို့

Vol. 13 Ch. 182

ဝေ့ပေါ်မှ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းက ဆက်လက်၍ ဖြစ်ပွားနေသည်။ ပွဲ၏ ထုတ်လုပ်ရေးသတင်းက လူထုဆန္ဒကို စဉ်းစားပေးပြီး ချန်ရှောင်ယန်ကို အခွင့်အရေး ထပ်ပေးလိမ့်မည်ဟု လူတိုင်း ထင်ထားခဲ့ကြသည်။ သို့သော် ထိုအခွင့်အရေးက တစ်ခါမှ ဖြစ်မလာခဲ့ပေ။

ချန်ရှောင်ယန် တကယ် ပြုတ်သွားလေသည်။

ရဲ့လင်းချန်က တေးရေးဆရာဝိုင်၏ ဝေ့ပေါ်အကောင့်ထဲ တင်လိုက်သည်။ ထင်ထားသလိုပင် စာတိုများစွာ ဝင်နေပြီး တော်တော်များများက သူ့အတွက် မကျေနပ်ကြောင်း ပြနေခြင်း ဖြစ်လေသည်။

သူ ရေးထားသော သီချင်းက ပြုတ်သွားသည် မဟုတ်ပါလော။

ရဲ့လင်းချန် နှုတ်ခမ်းစူသွားသည်။ ဘာအကြောင်းရင်းကြောင့်ပင် ဖြစ်ပါစေ သူ့ကဲ့သို့ ပါရမီရှင်တစ်ယောက် အတွက်တောင်မှ ဤသည်က မျက်နှာပူကြောင်း ခံစားရစေသည်။ ရှက်ဖို့ပင် ကောင်းသေးသည်။

တေးရေးဆရာဝိုင်က လူတစ်ချို့၏ မျက်လုံးထဲတွင် အထင်သေးစရာ ဖြစ်နေသေးသည့်ပုံပင်။

သူ မသိမသာ မျက်မှောင်ကြုတ်သွားသည်။

သူသည် QQ Music ၏ ကိုယ်တိုင်ရေးသီချင်းများ စာမျက်နှာကို နှိပ်လိုက်ပြီး အဆိုတော်တစ်ယောက် ဖြစ်ရန် လျှောက်ထားလိုက်ကာ သူ၏ ကိုယ်ပိုင်သီချင်းများကို အသံသွင်းလိုက်သည်။

အဆိုတော်အဖြစ် သူ စာရင်းသွင်းလိုက်သော နာမည်မှာ ဝိုင်ဖြစ်လေသည်။

တေးဂီတကို ကောင်းကောင်း သွင်းပြီးနောက် သူ အသင့်ပြင်လိုက်သည်။

ရဲ့လင်းချန် စ၍ သီချင်းဆိုရန် အသင့်ပြင်လိုက်သည်။

ယခင်ကတည်းက အစီအစဉ် ရှိပြီးသား ဖြစ်သော်လည်း ရည်ရွယ်ထားသည်ထက် စော၍ လုပ်လိုက်ရသည်။ လက်ရှိ ရေစီးကြောင်းအရ သူ၏ ရေပန်းစားမှုအပေါ် ကောင်းသော သက်ရောက်မှု ရှိလာနိုင်လောက်သည်။

ရဲ့လင်းချန်သည် ပင်ကိုအားဖြင့် သီချင်းဆိုရာ၌ ထူးချွန်ပြီး စွမ်းရည်သည်လည်း ရာခိုင်နှုန်းအပြည့် ဖြစ်နေပြီ ဖြစ်သည်။

သူသည် ဖိရွတ်ခြင်း၊ ရပ်နားခြင်း၊ အသံဩဇာနှင့် အသံနေ အသံထားကို ကောင်းကောင်း ထိန်းနိုင်သည်။ သူသည် မွေးကတည်းက သည်အသံဖြစ်ပြီး ယင်းကို မပြောင်းလဲနိုင်သော်လည်း နားဝင်မချိုသည့်အသံတော့ မဟုတ်ချေ။ ဂီတ သင်္ကေတငါးခုကို သူ ကျွမ်းကျင်စွာ ပြည့်မီသည်ဟု သတ်မတ်နိုင်ပြီး သူ့စွမ်းရည်နှင့် ပတ်သက်၍လည်း ပြဿနာ မရှိပေ။

ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်ပြီးနောက် သူ့ကိုယ်သူ ဖြည်းဖြည်းချင်း တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ တည်ငြိမ်အေးချမ်း၍ လှိုင်းထသကဲ့သို့ အနိမ့်အမြင့် အတက်အကျမှန်သော အသံက သူ့ပါးစပ်မှနေ၍ ပျံ့လွင့်လာ၏။

“လူတစ်ချို့က ကမ္ဘာပတ်ပြီး ခရီးထွက်ကြတယ်၊ လူတစ်ချို့က တစ်ဘဝလုံး အလုပ် ကြိုးကြိုးစားစား လုပ်ရတယ်

လူတစ်ချို့က အပြောချိုပြီး တစ်ချို့သောလူတွေက ထုံအကြတယ်

လူတစ်ချို့က ဆင်းရဲသားတွေကို မနှစ်မြို့ဘဲ လူချမ်းသာတွေကိုသာ ခင်မင်ကြတယ်၊ လူတစ်ချို့က ပိုက်ဆံ အကြောင်းပဲ တွေးကြတယ်

လူတစ်ချို့က သတိနဲ့နေပင်မယ့် တစ်ချို့တွေကတော့ အရေးမစိုက်တတ်ကြဘူး

…

လူတစ်ချို့က သူတို့ကိုယ်သူတို့ ပြောင်းလဲဖို့ ကြိုးစားပြီး အောင်မြင်အောင် ကြိုးစားကြတယ်

လူတစ်ချို့က သားကောင်လို ချောင်းနေတဲ့ အကြည့်တွေကနေ ပုန်းကွယ်နေရတယ်

လူတစ်ချို့က နတ်ဆိုးတွေဖြစ်ပင်မယ့် သူတော်စင်တွေလို ဟန်ဆောင်နေကြတယ်

လူတစ်ချို့က ဘာကိုမှ မမြင်နိုင်အောင် ချစ်တတ်ကြပင်မယ့် အချို့ကတော့ ဘာကိုမှ မမြင်တွေ့နိုင်ဘူး

လူတစ်ချို့က သူတို့မှာ ရှိသမျှအရာအားလုံးကို ပေးစွမ်းပင်မယ့် တစ်ချို့တွေကတော့ တစ်ခွန်းတောင် မပြောဘူး

…”

ရဲ့လင်းချန်၏ အသံက ညှို့ဓာတ်ပါလှသည်။ သူ့စိတ်အနေအထားက သီချင်းနှင့်အတူ လိုက်ပါစီးမျောနေပြီး တစ်ခါတရံ တည်ငြိမ်နေကာ တစ်ခါတလေ၌ ဒေါသအရိပ်အယောင်တို့ ပါဝင်နေ၏။ ထိုခံစားချက်အားလုံးက တေးဂီတနှင့် စာသားတို့နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်။ သူသည် သီချင်းကို ရေးသားသူ ဖြစ်သောကြောင့် ဘာမှ လွှမ်းမိုးထားခြင်း မခံရပေ။ သူ့ဘာသာသူ စိတ်ပါလက်ပါ စီးမျောသီဆိုနိုင်သည်။

လေးမိနစ်နှင့် နှစ်ဆယ့်တစ်စက္ကန့်အကြာ၌ တေးသံသွင်းခြင်း ပြီးဆုံးသွားသည်။ ယင်းအား “လူတစ်ချို့” ဟု နာမည်ပေးလိုက်သည်။

ရဲ့လင်းချန် နားမထောင်တော့ဘဲ တန်း၍ တင်လိုက်သည်။

တင်သွင်းခြင်းက တိတ်တိတ်ဆိတ်ဆိတ် ပြီးသွားသည်။ မည်သူမှ မသိသလို ရဲ့လင်းချန်က တက်တက်ကြွကြွ ကြော်ငြာခြင်း မရှိပေ။ ပင်လယ်ပြင်ကြီးထဲသို့ ကျောက်ခဲတစ်ခဲ ပစ်ချလိုက်သကဲ့သို့ မည်သို့သော လှိုင်းထခြင်း မျိုးမှ မရှိချေ။

၎င်းက မရေတွက်နိုင်သော သီချင်းများစွာကြား၌ စောင့်ဆိုင်းနေပြီး ထုတ်လွှင့်ခံရမည့် အချိန်အထိ စောင့်ရပေ လိမ့်မည်။

ရဲ့လင်းချန်က ထိုအချက်ကို အနည်းငယ်သာ အာရုံစိုက်ပြီး အသံသွင်းသည့် ပလက်ဖောင်းမှ ထွက်လိုက်သည်။

QQ Music ဌာနတွင်း၌ ဝန်ထမ်းများစွာက နောက်ဆုံးပေါ် သီချင်းများအကြောင်း အတူတကွ ဆွေးနွေး နေကြသည်။

သူတို့အားလုံးသည် သီချင်းများကို ဝေဖန်ဆန်းစစ်ရေးအတွက် တာဝန်ယူထားရသည့် သီချင်း အယ်ဒီတာများ ဖြစ်သည်။ သီချင်းသစ်များကို ဆန်းစစ်ရပြီး ရိုင်းပျသော သို့မဟုတ် အရည်အသွေးနိမ့်သော သီချင်းများကို ဖယ်ရှားရသည်။ တစ်ချိန်တည်းမှာပင် အလားအလာရှိသော သီချင်းများကို ရွေးချယ်၍ ပလက်ဖောင်း၌ ကြော်ငြာ ပေးရသည်။ ထိုသို့သော သီချင်းများက ပေါက်မည့် အလားအလာ ရှိပေသည်။

ဝေဖန်ဆန်းစစ်ရသည့် အလုပ်က ပျင်းစရာကောင်းသဖြင့် သူတို့သည် မကြာခဏ အဖွဲ့လိုက် ဆွေးနွေး၍ ရံဖန်ရံခါ အတင်းစကား ပြောကြသည်။

ရှောင်ချန်သည် ဝန်ထမ်းများထဲမှ တစ်ယောက် ဖြစ်၏။ လက်ရှိအချိန်၌ သူက “အလင်းအား ဖွေရှာသူ” ၊ “ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်” နှင့် “အလင်းနှစ်များစွာ” တို့ကို တင်နေသည်။

ထိုသီချင်းသုံးပုဒ်၏ မူပိုင်ခွင့်ကို QQ Music က ဝယ်ခဲ့ပြီး ဖြစ်သည်။

ရှောင်ချန်သည်လည်း ချန်ရှောင်ယန်၏ ပရိသတ်တစ်ယောက် ဖြစ်သည်။ သူက အလုပ်လုပ်နေချိန်တွင် ထိုသီချင်းသုံးပုဒ်ကို ဖွင့်ထားလေသည်။

“ချန်ရှောင်ယန်အတွက် သနားစရာပဲ၊ သူက ဒီလောက် အဆိုကောင်းတာကို အထုတ်ခံရပြီးတော့ ထွက်သွားဖို့ အပြောခံရတယ်၊ တရုတ်နိုင်ငံရဲ့ Top Voice က တကယ့်ကို ရူးမိုက်တဲ့ ပွဲပဲ”

“အဟုတ်ပဲ၊ ဘာလို့ ဟုန်နာက ချန်ရှောင်ယန်ကို ပစ်မှတ်ထားလဲ ငါ မသိဘူး၊ သူတို့နှစ်ယောက် အရင်တုန်းက ရန်ငြိုး ရှိဖူးလို့လား”

“မနာလိုတာကလွဲပြီး ဘာရှိဦးမှာလဲ၊ ဟုန်နာက လှတယ်လို့ နာမည်ကြီးတာလေ၊ ဂျူနီယာတစ်ယောက်က သူ့ကို ကျော်တက်သွားမှာကို သေချာပေါက် ခံရခက်နေမှာပေါ့၊ ချန်ရှောင်ယန်က ကောင်းကင်ဘုံရဲ့ ဧကရီမလေးလို့ နာမည်ကျော်ပြီးတော့ သူ့အောင်မြင်မှုကို လုယူသွားတာလေ၊ ဘယ်လိုလုပ် ဟုန်နာက မမုန်းဘဲ နေမလဲ”

“ဟုန်နာလို မိန်းမမျိုးတွေက တော်တော် ရွံစရာကောင်းတယ်၊ သူ နာမည်ကြီးနေတာတောင် သူ့ဂျူနီယာတွေကို ပစ်မှတ်ထားပြီးတော့ ဒီလို ရူးမိုက်တဲ့ ကိစ္စတွေ လုပ်နေသေးတယ်”

“ဒီသီချင်းသုံးပုဒ်ကို QQ Music က ဝယ်လိုက်လို့ တော်သေးတယ်၊ ငါတို့ ဒါတွေကို ထုတ်လွှင့်လိုက်ရင် ဘယ်လောက် မြင့်တဲ့အထိ ရောက်မယ်လို့ ထင်လဲ”

“ငါ မြင်သလောက်ဆိုရင် အနည်းဆုံး ထိပ်တန်း ဆယ်ပုဒ်ထဲ ဝင်မှာပဲ”

“အဲ့ထက်တောင် ပိုဦးမယ်၊ ချန်ရှောင်ယန်က ပြုတ်သွားတယ်ဆိုပင်မယ့် ကိစ္စတွေက အခုထိ သွေးပူနေတုန်းပဲ၊ ဒီသီချင်းသုံးပုဒ်က ထိပ်တန်း သုံးနေရာကိုတောင် ယူလောက်တယ်”

လူတိုင်း ပင့်သက်ရှိုက်သွားကြသည်။ ထိုအတွေးက တကယ် ရူးချင်စရာ ကောင်းပေသည်။ သို့သော် လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။

အကယ်၍ ထိုသီချင်းများသာ ထိပ်ဆုံး သုံးနေရာကို စိုးမိုးထားတာပါ ချန်ရှောင်ယန်သည် ကောင်းကင်ဘုံ၏ ဧကရီတစ်ဦးနှင့် ခြားနားတော့မည် မဟုတ်ပါ။ တရုတ်နိုင်ငံ၏ Top Voice က သေမတတ် နောင်တရ လောက်သည်။

“ဟားဟားဟား အဲ့ဒါဆို အကောင်းဆုံးပဲ၊ ဘာပဲဖြစ်ဖြစ် ငါ ချန်ရှောင်ယန်ကို သိပ်သဘောကျတာ၊ ငါ သူ့ကို အပြည့်အဝ အားပေးမှာ”

“ချန်ရှောင်ယန်တင် မဟုတ်ဘူး၊ ဝိုင်လည်း ပါတယ်၊ အဲ့လိုပြောတော့မှ အဲ့ဝိုင်တွေအားလုံးက ထူးဆန်းတယ်၊ ဒါပေမဲ့ သူတို့အားလုံးမှာ အံ့ဩစရာကောင်းတဲ့ အရည်အချင်းတွေ ရှိကြတယ်၊ သူတို့က လူတိုင်းကို မော်ကြည့် လာအောင် လုပ်နိုင်တာပဲ”

“ဟုတ်တယ် အဲ့ဝိုင်တွေအားလုံးက ငါ့အိုင်ဒေါလ်တွေပဲ၊ တစ်ယောက်က နောက်တစ်ယောက်ထက် ပိုကြမ်းသေးတယ်”

သူတို့ စကားပြောနေချိန်တွင် ရှောင်ချန် အနည်းငယ် အံ့ဩသွားသည်။ သူက ဖန်သားပြင်ကို တစ်ချက်ကြည့်၍ သရော်လိုက်သည်။

“တစ်ယောက်ယောက်က ဝိုင်ရဲ့နာမည်ကို အသုံးချဖို့ ကြိုးစားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

“ယီးပဲ အဲ့ကောင်က ဘယ်သူလဲ၊ သူ့ကိုယ်သူ ဝိုင်လို့ ခေါ်ရဲသေးတယ်လား”

“ဒါ ငါ့စံပြုပုဂ္ဂိုလ်ကို စော်ကားလိုက်တာပဲ၊ ငါ သူ့ဖောင်ကို ငြင်းပစ်လိုက်မယ်”

“လူတစ်ချို့တဲ့လား၊ ဒါ သူ့သီချင်းရဲ့ ခေါင်းစဉ်လား၊ အမှိုက်ဖြစ်လောက်တယ်”

“စည်းမျဉ်းကို လိုက်နာပြီး နားထောင်ကြည့်ရအောင်”

အယ်ဒီတာများက သူတို့ လုပ်ရမည့်တာဝန်ဟု တွေး၍ သီချင်းကို နားထောင်လိုက်ကြသည်။ ယင်းက အကြားအာရုံကို ဒုက္ခပေးလိမ့်မည်ဟု တွေးကာ ပြင်ဆင်မှုပင် လုပ်ထားကြလေသည်။ ထိုသို့သော ကိစ္စမျိုးက တစ်ခါတရံ ဖြစ်တတ်ပေသည်။

ဂီတသံ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ပဏာမ တီးလုံး ထွက်လာပြီးနောက် သီချင်းစာသား ထွက်လာလေသည်။

“လူတစ်ချို့က ကမ္ဘာပတ်ပြီး ခရီးထွက်ကြတယ်၊ လူတစ်ချို့က တစ်ဘဝလုံး အလုပ် ကြိုးကြိုးစားစား လုပ်ရတယ် …”

အလွန်တည်ငြိမ်သော အသံက တေးသံနှင့်အတူ ထွက်ပေါ်လာသည်။ သို့သော် စာသားက လူတိုင်းကို ဘဝင်ခိုက်သွားအောင် လုပ်နိုင်လေသည်။

ထိုစာသားများက … အံ့ဩစရာ ကောင်းလှ၏။

ရှောင်ချန်သည် သီချင်းကို ပိတ်ရန် ပြင်ဆင်ထားသော်လည်း တဖြည်းဖြည်း လက်ရုတ်လာပြီး ငြိမ်၍ နားထောင် လေသည်။

“လူတစ်ချို့က အပြောချိုပြီး တစ်ချို့သောလူတွေက ထုံအကြတယ်

လူတစ်ချို့က ဆင်းရဲသားတွေကို မနှစ်မြို့ဘဲ လူချမ်းသာတွေကိုသာ ခင်မင်ကြတယ်၊ လူတစ်ချို့က ပိုက်ဆံ အကြောင်းပဲ တွေးကြတယ်

လူတစ်ချို့က သတိနဲ့နေပင်မယ့် တစ်ချို့တွေကတော့ အရေးမစိုက်တတ်ကြဘူး”

အသံက အလွန် တည်ငြိမ်လှပြီး လူတိုင်းကို ရင်တဒိန်းဒိန်း ခုန်လာစေသည်။

တေးသွားက နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအထိ ဝင်ရောက်ကာ ဩဇာညောင်းလေသည်။

ထိုသို့သောအချိန်၌ သူတို့သည် လူတစ်ယောက်၏ ဘဝကို စောင့်ကြည့်နေရသည်ဟုပင် ထင်မှတ်ရသည်။

လူဦးရေပေါင်း ထောင်သောင်းချီ၍ ရှိသော်လည်း ကိုယ်စီကိုယ်စီ၌ မတူညီသော အကျင့်စရိုက်များ ရှိကြသည်။ ဘယ်သူက အားလုံးကို အပြည့်အဝ နားလည် ရှင်းပြနိုင်မည်နည်း။

သို့သော် ထိုသီချင်းက လူတိုင်းအတွက် သီဆိုထားသလိုပင်။

သီချင်းအား လူတစ်ချို့ဟု ပေးထားတာက အံ့ဩစရာ မဟုတ်တော့ချေ။ အလွန် ကိုက်ညီသော ခေါင်းစဉ်ပင်။

တဖြည်းဖြည်းနှင့် တည်ငြိမ်နေသော အသံတွင် အလျင်လိုဟန် ပါလာသည်။ ၎င်းက အလွန် စူးရှမြင့်မားခြင်း မရှိသော်လည်း မာန်ပါပြီး မလိုလားမှု၊ ချီးကျူးမှု၊ ဒေါသနှင့် မခံမရပ်နိုင်ဖြစ်မှုတို့နှင့် ပြည့်နှက်နေ၏။

လူတစ်ချို့က သူတို့ကိုယ်သူတို့ ပြောင်းလဲဖို့ ကြိုးစားပြီး အောင်မြင်အောင် ကြိုးစားကြတယ်

လူတစ်ချို့က သားကောင်လို ချောင်းနေတဲ့ အကြည့်တွေကနေ ပုန်းကွယ်နေရတယ်

လူတစ်ချို့က နတ်ဆိုးတွေဖြစ်ပင်မယ့် သူတော်စင်တွေလို ဟန်ဆောင်နေကြတယ် …”

ကမ္ဘာပေါ်မှ လူအမျိုးအစားတိုင်းကို ဖော်ညွှန်းထားပြီး တစ်ယောက်မှ ကျန်ရစ်ခြင်း မရှိပေ။

တဖြည်းဖြည်းနှင့် ရှောင်ချန်နှင့် အခြားသူများသည် မျက်လုံးတွင်း၌ စိုစွတ်လာသလို စတင် ခံစားလာရသည်။ မျက်ရည်များက သူတို့အမြင်ကို ဝေဝါးလာစေသည်။

သီချင်းထဲ၌ သူတို့ကိုယ်သူတို့ ပြန်မြင်ရသလို ဖြစ်နေသည်။ ဖော်ညွှန်းထားသည့် လူအမျိုးအစားများထဲ၌ သူတို့လည်း မပါဘဲ နေပါမည်လော။

လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်လာသည်နှင့် အခြားသူတိုင်းကို ဦးညွှတ်ရပြီး အောင်မြင်မှုရရှိရန် အပြင်းအထန် ကြိုးစားရသည်။ သူတို့ ယခု အဘယ်သို့သော လူစားမျိုးများ ဖြစ်လာလေသနည်း။

All Chapters