← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 13 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 13 Ch. 225-226

အပိုင်း (၂၂၅) အစ်ကိုကြီးပြောင် ထွက်လာပြီ။

နျဲ့ကျန်းသည် သူ့အား မျက်စောင်းထိုးကြည့်လိုက်၏။ "ဒီလူတွေက ခင်ဗျားနဲ့ ဘယ်လို ပတ်သက်နေတာလဲ။ တကယ်လို့ မပတ်သက်ဘူးဆိုရင်တော့ ကျုပ်က သက်ညှာပေးမှာ မဟုတ်ဘူး။"

ဖန်ကျန်းရီက အကူအညီမဲ့စွာ ပြောလိုက်သည်။ "မလုပ်ပါနဲ့။ ဒီကလူတွေ အကုန်လုံးက ကျုပ်တို့လူတွေချည်းပါပဲ။ အောက်ခြေအရာရှိက အချိန်တစ်ခုကြာရင် သူတို့ကို လူစုခွဲပေးပါ့မယ်။ ဒီလူတွေက ခဏတာ လှည့်စားခံထားရတာ သတ်သတ်ပါ။ ဒါပေမဲ့ စစ်သေနာပတိ... ခင်ဗျား လူနှစ်ထောင်တောင် အပြည့် မပါလာပါလား။ လောက်ပါ့မလား။"

နျဲ့ကျန်းက မာနထောင်လွှားစွာ ပြောလိုက်၏။ "ခင်ဗျားက စစ်ရေးစစ်ရာကို နားမလည်ဘူးပဲ။ ဒီနေ့ လာတာ လူတစ်ထောင့်ငါးရာပဲ ရှိတယ်။ ဒါတောင် သေချာအောင်လို့ ခေါ်လာတာ။ အိုမင်းမစွမ်း သာမန်လူ တစ်သောင်းကို နှိမ်နင်းဖို့ စစ်သည်တော် ငါးရာဆိုရင် လုံလောက်တယ်။"

ဟုတ်သားပဲ။ ဒီလူတွေကို စစ်မြေပြင်ဆီ ခေါ်သွားရင် အမြောက်စာ သတ်သတ်ပဲ ဖြစ်မှာ။

ဖန်ကျန်းရီက အနေရခက်စွာ ပြုံးလိုက်သည်။ "သေနာပတိ ရောက်လာမှတော့ ပွဲကောင်းတစ်ပွဲ ကြည့်သွားပါ။ အခု ကွင်းထဲမှာ သိုင်းပြိုင်နေတာ။ သုံးပွဲ နှစ်ပွဲနိုင် သတ်မှတ်ချက်။ ဓားကိုင်ထားတဲ့သူက ကျုပ်တို့လူပဲ။"

နျဲ့ကျန်းသည် ကွင်းထဲသို့ လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။ "ခင်ဗျားက အခုမှ ရောက်တာကို ဒီလို အရည်အချင်းရှိတဲ့သူ ရှိနေပြီလား။"

"ဒီစကားက ဘာသဘောလဲ။"

"ဒီလူရဲ့ ရပ်တည်ပုံက သာမန်လူ မဟုတ်ဘူး။ ကြည့်ရတာ စစ်တပ်ထဲ ဝင်ဖူးတဲ့ အတွေ့အကြုံ ရှိပုံရတယ်။"

ဖန်ကျန်းရီ ပြုံးလိုက်ပြီး မရှင်းပြတော့ချေ။ သို့သော်လည်း ရင်ထဲတွင်တော့ အေးစက်သွားမိသည်။ ဒီလူ မျက်စိ အရမ်းရှင်တာပဲ။ ငါကိုယ်တိုင်တောင် ဘာမှ မမြင်ရဘူး။ တကယ်ပဲ ပညာရှင်က ပညာရှင်ပဲ။ ဒီလူကိုတော့ သတိထားပြီး ဆက်ဆံရမယ်။

ဖန်ကျန်းရီသည် နျဲ့ကျန်းအား ခိုးကြည့်လိုက်ပြီးနောက် လူအုပ်ထဲသို့ မြင်းစီးကာ ပြန်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။ "စလိုက်တော့။ အချိန်မဆွဲနဲ့တော့။"

ချန်တာ့ရှန်းမှာတော့ ထိတ်လန့်နေခဲ့ပြီ။ ဖန်ကျန်းရီက ထိုတပ်မှုးနားသို့ သွားကာ တီးတိုး စကားပြောပြီးနောက် ပြန်ရောက်လာသည်ကို သူ မြင်လိုက်ရသည်။

ငါ့ကို ပူးပေါင်းပြီး လုပ်ကြံမလို့လား။ လျိုရွှန်းဆိုတဲ့ ခွေးအရာရှိက ငါ့ကို လိမ်သွားတာပဲ။

သို့သော်လည်း အခြေအနေက ဤနေရာထိ ရောက်နေပြီဖြစ်ရာ နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။ မျက်စိစုံမှိတ်ပြီး အရင်ဆုံး တိုက်ပွဲကို အဆုံးသတ်လိုက်ရမည်။

ချန်တာ့ရှန်းသည် အံကြိတ်ကာ ပြေးဝင်သွားတော့၏။

ကျိုးထျဲ့သည်လည်း ထိုအခြေအနေကို မြင်သောအခါ ဓားကို ဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန် ပြေးဝင် သွားတော့သည်။

လှိုင်းလုံးကြီးများကဲ့သို့ ဓားကွက်များက လေဟာနယ်မရှိအောင် ဝှေ့ယမ်းလာ၏။ လူနှစ်ယောက် ရင်ဆိုင်မိသည့် အချိန်တွင် ချန်တာ့ရှန်း၏ အားနည်းသည့်နေရာများသို့ ဓားဖြင့် ဆယ်ချက်ခန့် ခုတ်ချလိုက်၏။

လက်သီးပုန်းထိုးရန် ပြင်နေသော ချန်တာ့ရှန်းသည် ရုတ်တရက် နောက်ဆုတ်သွားပြီး မတ်တတ်ရပ်ကာ ခံစစ်အနေအထား ယူလိုက်ရ၏။ ထိုအခြေအနေကို မြင်သောအခါ ကျိုးထျဲ့သည် ချန်တာ့ရှန်း၏ ခန္ဓာကိုယ်ပေါ်သို့ နောက်ထပ် ဓားဖြင့် ဆယ်ချက်ခန့် ဆက်တိုက် ခုတ်ချလိုက်ရာ ဓားသွားများ ရုတ်တရက် ကျိုးပဲ့သွားသည်။

"တောက်။"

နောက်တစ်စက္ကန့်တွင် ကျိုးထျဲ့သည် ကျိုးသွားသော ဓားကို လွှင့်ပစ်လိုက်ပြီး အားကုန်သုံးကာ ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်၏။ နှစ်ယောက်သား အလှမ်းဝေးသွားပြီး တစ်ဖန် ပြန်လည် ရင်ဆိုင်မိကြပြန်၏။

နျဲ့ကျန်း ကြည့်ရင်း အလွန် ဝမ်းသာသွားသည်။

ဒီလူ … သေချာပေါက် စစ်သည်တော်ကောင်း တစ်ယောက်ပဲ။ တိုက်ခိုက်နိုင်စွမ်းက ငါ ငယ်ငယ်တုန်းက ထက်တောင် ပိုကောင်းနေသေးတယ်။ သူ့ကိုများ လက်အောက်မှာ သိမ်းထားနိုင်ရင်...

ဖန်ကျန်းရီသည် ကြည့်နေရင်း နားမလည်ဖြစ်သွားကာ ကျန်းပြောင်အား လှည့်မေးလိုက်သည်။ "ဘာတွေ တိုက်နေတာလဲ။ သူတို့ နှစ်ယောက် ဘာလို့ မလှုပ်တော့တာလဲ။"

ကျန်းပြောင်သည် မျက်မှောင်ကြုတ်သွားပြီးနောက် ပြန်လည် ပြေလျော့သွား၏။ "ဪ... ကျုပ်လည်း အခုလေးတင် တွေးနေတာ။ အဲဒီ ချန်တာ့ရှန်းက မလှုပ်တာ မဟုတ်ဘူး၊ လုံးဝ လှုပ်လို့ မရတာ။ သူ ဘယ်လိုလှုပ်လှုပ် အခုတ်ခံရမှာပဲလေ။ အဲဒီအစား ခံစစ်ကို အပြည့်အဝ လုပ်ထားတာက ပိုကောင်းတယ်။ ကျိုးထျဲ့ကတော့ အတွင်းဒဏ်ရာ ပြန်ထလာတာ။ ပြီးခဲ့တဲ့တစ်ခေါက် ကျုပ် ရိုက်ထားလို့ နံရိုးတွေ အများကြီး ကျိုးထားတာလေ။ အခုမှ ရက်အနည်းငယ်ပဲ အနားယူရသေးတယ်ဆိုတော့ ဆက်တိုက်လို့ မရတော့ဘူး။ ဒါပေမဲ့ သူ့ရဲ့ ဒီဓားသိုင်းက တကယ်ကို အစွမ်းထက်တယ်။ သူသာ အင်အားပြည့် အခြေအနေမှာဆိုရင် ကျုပ် လက်ဗလာ နဲ့ သူ့ကို အနိုင်ယူဖို့ မလွယ်ဘူး။"

ဖန်ကျန်းရီ ကြားသောအခါ ချက်ချင်း ဒေါသထွက်သွားသည်။

ခွေးကောင်... ဒီလောက် အရေးကြီးတဲ့ ကိစ္စကို စောစော မပြောဘူး။ နံရိုးကျိုးနေတာကို ဘာလို့ သွားတိုက်နေသေးလဲ။ သူ ဒီလို လျှောက်လှုပ်ရှားနေလို့ အရိုးတွေက အတွင်းကလီစာတွေကို ထိုးမိသွားရင် သေသွားနိုင်တယ်။

ထိုအခိုက်တွင် ဖန်ကျန်းရီသည် ကွင်းထဲသို့ ကျယ်လောင်စွာ အော်ပြောလိုက်၏။ "မတိုက်နဲ့တော့။ ပထမပွဲမှာ ကျုပ်တို့ အရှုံးပေးတယ်။ သွား... ကျိုးထျဲ့ကို ပြန်ခေါ်ခဲ့။"

ကျန်းပြောင်သည် ထိုစကားကြားသောအခါ ကွင်းထဲသို့ မြင်းစီးကာ ကျိုးထျဲ့ကို သွားခေါ်လိုက်သည်။

ကျိုးထျဲ့ အနားသို့ ရောက်သောအခါ ကျန်းပြောင်က ပြောလိုက်၏။ "သွားစို့။ ဒဏ်ရာရနေရင် မတိုက်နဲ့တော့။ သခင်လေးက ပြန်ခေါ်နေတယ်။"

"မပြန်ဘူး။ တိုက်ပြီးမှ ပြောမယ်။" ကျိုးထျဲ့သည် အံကြိတ်ထားပြီး နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာ၏။

ပြန်ရမလား။ အခု ပြန်ရင် ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ။

ကျိုးထျဲ့သည် စကားနားမထောင်ဘဲ ချန်တာ့ရှန်းကိုသာ စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျန်းပြောင်သည် လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်ရာ သတိလစ်သွားတော့သည်။ ထို့နောက် မြင်းပေါ်သို့ တင်ကာ မြင်းတင်ပါးကို ပုတ်လိုက်၏။ မြင်းသည် ဖန်ကျန်းရီ ရှိရာသို့ ခပ်သုတ်သုတ် ပြေးလာခဲ့သည်။

"မြန်မြန်... ရှဲ့ရှန်း၊ သူ့ကို ပြန်ပို့ပြီး ဆေးကုပေးလိုက်။ ဒဏ်ရာရနေတာကို အရူးလုပ်ဖို့ ထွက်လာသေးတယ်။"

နျဲ့ကျန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း အလွန် နားမလည်နိုင်ဖြစ်ကာ ဖန်ကျန်းရီ အနားသို့ မြင်းစီးလာပြီး မေးလိုက်၏။ "ဘာလို့ ဆက်မတိုက်တော့တာလဲ။"

"မဟုတ်ဘူး .. သူ ဒဏ်ရာဟောင်း ပြန်ထလာလို့ ဆက်မတိုက်နိုင်တော့တာ။"

ယခု ကွင်းထဲတွင် ကျိုးထျဲ့နေရာ၌ ကျန်းပြောင်က အစားထိုး ဝင်ရောက်သွားပြီ ဖြစ်သည်။ ဖန်ကျန်းရီ မြင်သောအခါ ကျယ်လောင်စွာ အော်ပြောလိုက်၏။ "အစ်ကိုကြီးပြောင်... သူ့ကို တရားမျှတစွာ ဖြုတ်ချလိုက်။"

လူအများကြီး ရှိနေတာတောင် မတရားတဲ့ နည်းလမ်းတွေ သုံးနေရင် လူတွေက လက်ခံမှာ မဟုတ်ဘူး။

ချန်တာ့ရှန်း၏ အခြေအနေမှာ ယခု ကျိုးထျဲ့ထက်ပင် ပိုဆိုးနေသည်။ သူ တစ်ကိုယ်လုံးမှာ ဓားရိပ်များ၏ လွှမ်းမိုးမှုအောက်တွင် ကြောက်ရွံ့မှုများထဲ နစ်မြုပ်နေဆဲ ဖြစ်၏။ ထိုကောင်းကင်လုံးပြည့် ဓားရိပ်များက လှိုင်းလုံးကြီးတစ်ခုလို သူ့ကို လွှမ်းခြုံထားပြီး လုံးဝ ရှောင်တိမ်းလို့ မရနိုင်ချေ။ ထို့ပြင် ဓားတစ်ချက်ချင်းစီတိုင်းက အလွန် ပြင်းထန်ပြီး အားပါလှသည်။

လက်သီးဖြင့် ပြန်လည် တိုက်ခိုက်ချင်သော်လည်း ထိုတုံးနေသော ဓားက နောက်တစ်စက္ကန့်တွင် သူ၏ အဆစ်များကို ခုတ်ချလာသောကြောင့် လက်သီးကို နောက်ဆုတ်လိုက်ရ၏။ ထပ်မံ လက်သီးထိုးရန် ကြိုးစားသောအခါ တိုက်ခိုက်ရေး လမ်းကြောင်းများ အားလုံး ပိတ်ဆို့ခံလိုက်ရပြီး ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရှိတော့ချေ။

ကံကောင်းလို့... ထိုစုတ်ပြတ်နေသော ဓားက အရည်အသွေး ညံ့လွန်းပြီး သွေးမစွန်းသေး၍သာ တော်တော့တယ်။ မဟုတ်လျှင် ဒီတစ်ကြိမ်တော့ တကယ် ဒုက္ခရောက်ပြီ။

ချန်တာ့ရှန်းသည် ခံစစ်အနေအထားအတိုင်း ရှိနေဆဲဖြစ်ပြီး ခုနက အံ့သြစရာကောင်းသော မြင်ကွင်းကို ပြန်တွေးမိတိုင်း သွားများပင် တဂတ်ဂတ် ရိုက်လာမိ၏။

ကွင်းထဲသို့ လူစားလဲသွားသည်ကို မြင်သောအခါ ချန်တာ့ရှန်းသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ့ကိုယ်သူ အတင်းအဓမ္မ တည်ငြိမ်အောင် လုပ်လိုက်သည်။

ရှေ့မှလူက အရပ်ရှည်ပြီး ကိုယ်လုံးတောင့်တင်းသော်လည်း လက်ဗလာ ဖြစ်နေ၏။ သူကိုယ်တိုင်က ဆယ်နှစ်ကျော် သိုင်းပညာကို လေ့ကျင့်ထားသူ ဖြစ်ရာ လက်ဗလာချင်း တိုက်ရမည်ဆိုလျှင် မည်သူ့ကိုမှ မကြောက်ချေ။ ထို့အပြင် ရာသီဥတု ပူပြင်းနေသည့်တိုင် ဤလူက အပေါ်ရုံအင်္ကျီကြီးကို ဝတ်ထားသေးသည်။ ကြည့်ရသည်မှာ ဦးနှောက် မကောင်းသူနှင့် တူ၏။

သူ သေချာပေါက် ငါ့ပြိုင်ဘက် မဟုတ်ဘူး။

ချန်တာ့ရှန်းသည် တံတွေး တစ်ချက်မြိုချလိုက်ပြီး တင်းမာနေသော စိတ်ကို ဖြေလျှော့လိုက်၏။ ကျန်းပြောင်အား ကြည့်ကာ ပြုံးလိုက်သည်။ "ခုနကလူက ကျုပ်ရဲ့ အတွင်းအားကြောင့် ဒဏ်ရာရသွားတာ။ မင်းက လက်နက် တစ်ခုခု မယူဘူးလား။"

ကျန်းပြောင်က သူ့ကို ကြည့်ကာ စကားမပြောဘဲ သူ၏ အပေါ်ရုံအင်္ကျီကို တိတ်ဆိတ်စွာ ဖွင့်ပြလိုက်၏။

ချန်တာ့ရှန်း၏ မျက်နှာကြီး ရုတ်တရက် ပျက်ယွင်းသွားပြီး ရင်ထဲတွင် ရူးသွပ်စွာ အော်ဟစ်နေမိသည်။

တောက်... ဒါ ဘာကြီးလဲ။

ကျန်းပြောင်၏အင်္ကျီပေါ်တွင် လက်နက်ပေါင်းစုံ အပြည့် ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ အပေါ်ဆုံးတန်း တွင် ဓားပျံများ၊ အပ်ပျံများ၊ နောက်တစ်တန်းတွင် ဆူးချွန်များ၊ ဓားမြှောင်များ၊ ကတ်ကြေးများ၊ ဝက်အူလှည့်များ၊ လွှများ ပါရှိ၏။

အောက်တစ်တန်းတွင် တုတ်သုံးပိုင်း၊ ဆူးများ၊ လက်စွပ်လက်သီးများနှင့် သံမဏိလှံသွား တစ်ခု ပါရှိသေးသည်။ ခါးတွင် ကြာပွတ်တစ်ခုကို ပတ်ထားပြီး ခါးဘေးတွင် အမှုန့်ထုတ် တစ်ထုတ် ချိတ်ထားကာ ဒူးလေး တစ်လက်ပင် ပါသေးသည်။ အောက်ဆုံးတွင် ပုလင်းများ၊ သံဘူးများ အများကြီး ရှိနေပြီး ဘာတွေမှန်း မသိရချေ။ ပုလင်းဝ ကိုသာ မြင်ရသည်။

ထို့နောက် ကျန်းပြောင်သည် သူ၏ လက်ကို နောက်ကျောဘက်သို့ တိတ်ဆိတ်စွာ လှမ်းလိုက်ပြီး အင်္ကျီ နောက်ဘက်မှ ဓားပြားကြီး တစ်လက်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ကာ မြေကြီးပေါ်သို့ ချွင်ခနဲ အသံမည်အောင် စိုက်ချလိုက်၏။

ချန်တာ့ရှန်းကို ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။ "သခင်လေးက ကျုပ်ကို ခင်ဗျားနဲ့ တရားမျှတစွာ ယှဉ်ပြိုင်ဖို့ ပြောထားတယ်။ ခင်ဗျားဘာသာ ရွေးလိုက်တော့။"

"ကျုပ်... ကျုပ်... ကျုပ်..." ချန်တာ့ရှန်း၏ မျက်လုံးများ ပြူးထွက်လာပြီး ကျန်းပြောင်၏ အင်္ကျီထဲရှိ လက်နက်များကို အထက်အောက် အဆက်မပြတ် ကြည့်နေမိ၏။

အမျိုးအစားတွေကို မပြောနဲ့အုံး။ ဒီလောက်များတဲ့ ပစ္စည်းတွေကို ကိုယ်ပေါ်မှာ ချိတ်ထားတာ မလေးဘူးလားကွ။

ကျန်းပြောင်၏ နောက်ကျောဘက်တွင် ဖန်ကျန်းရီတို့ ရှိနေပြီး ကျန်းပြောင် အင်္ကျီဖွင့်ကာ ဓားဆွဲထုတ်လိုက်သည်ကိုသာ မြင်ရပြီး တခြားဘာမှ မမြင်ရချေ။ သို့သော် ချန်တာ့ရှန်းဘက်မှတော့ မတူပေ။ ရှေ့ဆုံးတန်းမှ လူများက ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး လူတိုင်း အံ့အားသင့် မှင်သက်ကာ ဘာလုပ်ရမှန်း မသိ ဖြစ်ကုန်ကြသည်။

ဒါ လူလုပ်တဲ့ အလုပ်လား။ စစ်လက်နက်တိုက်ကြီးကို ကိုယ်ပေါ် သယ်လာတာလား။

"ကဲ... အချိန်မဆွဲနဲ့။ မြန်မြန် ရွေးလိုက်စမ်းပါ။"

အပိုင်း (၂၂၆) မိစ္ဆာဂိုဏ်းချုပ် ဖန်ကျန်းရီ။

ကျုပ် ခင်ဗျားအမေကိုပဲ ရွေးမယ်။ ခင်ဗျား လူရော ဟုတ်ရဲ့လား။

ချန်တာ့ရှန်း၏ စိတ်ထဲတွင် ရူးသွပ်မတတ် အော်ဟစ်နေမိ၏။

ဒီနေ့တော့ သရဲတစ္ဆေတွေနဲ့ တွေ့နေရပြီပဲ။ ရှန်ကျောက်ရွှမ်က ဒီမိစ္ဆာကောင်နှစ်ကောင်ကို ဘယ်ကနေများ ရှာတွေ့လာတာလဲ။

ချန်တာ့ရှန်း၏ နဖူးမှ ချွေးအေးများ ပေါက်ပေါက်ကျလာခဲ့သည်။ သူသည် ခဏမှ တွန့်ဆုတ်နေပြီးနောက် မဝံ့မရဲဖြင့် မေးလိုက်၏။ "ခင်ဗျား ကျုပ်နဲ့ လက်ချည်းသတ်သတ် တိုက်ခိုက်ရဲလား။"

ကျန်းပြောင်က စကားတစ်ခွန်းမှ မဆိုဘဲ သူ၏ အပေါ်ဝတ်ရုံကြီးကို ချက်ချင်းချွတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ဖုန်တလုံးလုံး ထသွားသည်။

နျဲ့ကျန်းက ထိုမြင်ကွင်းကို မြင်လိုက်ချိန်မှာတော့ မျက်လုံးများ အရောင်လက်သွားခဲ့၏။

ဟာ ဒီအဝတ်အစားက ဘယ်လောက်တောင် လေးလံနေတာလဲ။ နောက်ထပ် စွမ်းအားကြီးမားတဲ့ စစ်သူကြီးတစ်ယောက်ပဲ။ ဒီနေ့တော့ ရတနာသိုက်ကြီးကို တကယ် ရှာတွေ့လိုက်တာပဲ။

ချန်တာ့ရှန်းက ချက်ချင်းပဲ ကိုယ်နေဟန်ထား ပြင်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "လာစမ်း။"

ကျန်းပြောင်သည် တစ်လှမ်းချင်း ရှေ့သို့ တက်လာခဲ့၏။

ချန်တာ့ရှန်းမှာမူ ထိုခြေလှမ်းတိုင်းသည် သူ၏ နှလုံးခုန်သံအပေါ်သို့ နင်းချနေသကဲ့သို့ ခံစားလိုက်ရပေသည်။ သတိထားမှုသည် အမြင့်ဆုံးအဆင့်ထိ ရောက်ရှိသွားခဲ့သည်။

ကျန်းပြောင်သည် သူ၏တိုက်ခိုက်မှု အကွာအဝေးအတွင်းသို့ ဝင်ရောက်လာချိန်မှာတော့ ချန်တာ့ရှန်းက တွန့်ဆုတ်နေခြင်း အလျဉ်းမရှိဘဲ လေထဲသို့ ခုန်တက်ကာ အတင်းဝင်ရောက် လုံးထွေး၏။

မထင်မှတ်ထားစွာပဲ ကျန်းပြောင်သည် နေရာတွင်ပဲ ကိုယ်ကိုလှည့်လိုက်ပြီး မြွေတစ်ကောင်ကဲ့သို့ ပြောင်းလွယ် ပြင်လွယ်ရှိလှသော ခြေကွက်ဖြင့် သူ၏ အနောက်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက် ချန်တာ့ရှန်းသည် သူ၏ ဘောင်းဘီ ဆွဲချွတ်ခံလိုက်ရသည်ကို ခံစားလိုက်ရ၏။

သူ၏ လက်နှစ်ဖက်သည် အလိုအလျောက်ပဲ ဘောင်းဘီကို ပြန်ဆွဲတင်ရန် ကြိုးစားလိုက်မိချိန်မှာတော့ ခုခံကာကွယ်မှု ကင်းမဲ့သွားခဲ့ချေပြီ။

ထိုအခြေအနေကို မြင်လိုက်ချိန်မှာတော့ ကျန်းပြောင်က တွန့်ဆုတ်နေခြင်းမရှိဘဲ ချန်တာ့ရှန်း၏ ပေါင်ခြံကြားဆီသို့ သာမန်လက်သီးဆက်တိုက် ပစ်သွင်းလိုက်သည်။

ချန်တာ့ရှန်းသည် တစ်စက္ကန့်ခန့်မျှ စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် သတိလစ်မေ့မြောသွားခဲ့၏။

တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ။

တစ်ကွင်းလုံးရှိ လူအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့၏။

နျဲ့ကျန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့ပြီး ကျန်းပြောင်ကို လက်ညှိုးထိုးကာ ဖန်ကျန်းရီအား ကြည့်လိုက်သည်။ "ဒါ ဒါ ဒါက။"

ဖန်ကျန်းရီက ပြုံးကာ ရှင်းပြလိုက်၏။ "ဒီချန်တာ့ရှန်းက ဓားလှံမတိုးဘူးလို့ ကြားဖူးတာဆိုတော့ အဲဒီနေရာကိုပဲ ရိုက်ရတော့တာပေါ့။"

နျဲ့ကျန်းက ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ဒီလိုကိုး။

သာမန်ပြည်သူတွေကြားထဲမှာ ဓားလှံမတိုးသော သိုင်းပညာကို လေ့ကျင့်နိုင်သည့် ထူးဆန်းသူတွေ အများကြီးရှိသည်။ သို့ပေမည့် ထိုကဲ့သို့သော သိုင်းပညာသည် မည်မျှ အစွမ်းထက်နေပါစေ ပေါင်ခြံကြားကိုတော့ ကာကွယ်နိုင်အောင် လေ့ကျင့်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အားနည်းချက်ကို တိုက်ခိုက်ခြင်းသည် အမှန်ကန်ဆုံး သော ရွေးချယ်မှုပင် ဖြစ်သည်။

တကယ့်ကို ပါရမီရှင်ပဲ။

ရုတ်တရက် နျဲ့ကျန်း၏ မျက်နှာအမူအရာသည် အနည်းငယ် ရှက်သွေးဖြာသွားခဲ့ပြီး ဖန်ကျန်းရီ၏ နားအနီးသို့ ကပ်ကာ တိုးညင်းစွာ မေးလိုက်၏။ "မြို့ဝန်ဖန် … ဒီလူနှစ်ယောက်ကို ခင်ဗျား ကျုပ်ကို ပေးနိုင်မလား။"

"အို … ဒီနှစ်ယောက်က အရှင်မင်းကြီးက ကျုပ်ကို ကာကွယ်ဖို့ စေလွှတ်လိုက်တာလေ။"

ဟက်ဟက်။ ကျုပ်လူကိုများ လာလုချင်နေတယ်။ အိပ်မက်မက်နေလိုက်။

ထိုအချိန်တွင် တစ်ကွင်းလုံးသည် တိတ်ဆိတ်နေဆဲဖြစ်ပြီး လူတိုင်းသည် ကိုယ်ချင်းစာစိတ်ဖြင့် အောက်ပိုင်းများပင် အေးစက်သွားခဲ့ကြသည်။

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်လိုက်ချိန်မှာတော့ လက်နှစ်ဖက်ကို မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ကျန်းပြောင် အစွမ်းထက်လိုက်တာ။"

တောက်ယွမ်ခရိုင်မှ လူများသည် ထိုအသံကို ကြားသည်နှင့် ချက်ချင်းပဲ အသံကျယ်ကြီးဖြင့် လိုက်လံ အော်ဟစ်ကြတော့၏။ "အစ်ကိုပြောင် အစွမ်းထက်လိုက်တာ။"

လွတ်လပ်ခြင်းဂိုဏ်းမှ တပည့်များသည် အစ်ကိုပြောင်ဆိုသည်မှာ မည်သူမှန်း မသိကြသော်လည်း အရှေ့မှ မိမိတို့လူများ ထိုကဲ့သို့ အော်ဟစ်နေသည်ကို ကြားလိုက်ရချိန်မှာတော့ အနောက်ဘက်မှ လူများကလည်း လိုက်လံ အော်ဟစ်ကြတော့သည်။

ချက်ချင်းဆိုသလိုပဲ အစ်ကိုပြောင် အစွမ်းထက်လိုက်တာ ဟူသော အော်ဟစ်သံကြီးသည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။

တစ်ဖက်မှ သံမဏိဝတ်စုံဂိုဏ်း၏ အရှိန်အဝါသည် အနိမ့်ဆုံးအဆင့်ထိ ဖိနှိပ်ခံလိုက်ရသည်။

ဒုတိယဂိုဏ်းချုပ်သည် ထိုအခြေအနေကို မြင်လိုက်ချိန်မှာတော့ အထိတ်တလန့် ဖြစ်သွားခဲ့၏။

ဂိုဏ်းချုပ်ကြီးလည်း အလဲထိုးခံလိုက်ရပြီ။ တစ်ဖက်မှာလည်း အစိုးရစစ်တပ်က ကူညီပေးနေတယ်။ ဒီတိုက်ပွဲကို ဘယ်လိုဆက်တိုက်ရတော့မှာလဲ။

ဖန်ကျန်းရီက တစ်ဖက်လူများ အထိတ်တလန့် ဖြစ်နေသည်ကို မြင်လိုက်ချိန်မှာတော့ အနောက်ဘက်သို့ လက်ယမ်းပြလိုက်သည်။ လူအုပ်ထဲမှ လူအနည်းငယ်သည် လှေကားရှည်ကြီးတစ်စင်းကို ထမ်းကာ အလယ်ဗဟို သို့ ထွက်လာခဲ့ကြ၏။

သံမဏိဝတ်စုံဂိုဏ်းမှ လူများရှေ့သို့ ရောက်ရှိလာချိန်မှာတော့ လှေကားကို ခိုင်ခံ့စွာ ထောင်လိုက်ကြသည်။

ဖန်ကျန်းရီသည် မြင်းကိုစီးကာ လှေကားအနီးသို့ ရောက်ရှိလာခဲ့ပြီး ဘေးမှ လူတစ်ယောက်က အသံချဲ့စက်တစ်ခုကို လှမ်းပေးလိုက်၏။

မြင်းပေါ်မှ ဆင်းကာ လှေကားပေါ်သို့ တက်လိုက်သည်။

အနည်းငယ်မျှသာ တက်ရသေးချိန်တွင် ဖန်ကျန်းရီသည် ခြေချော်သွားကာ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သော်ငြား အောက်ဘက်မှ ကျန်းပြောင်က လှမ်းဖမ်းပေးထားသောကြောင့် တော်သေးတော့၏။

လှေကားထိပ်သို့ ရောက်ရှိသွားချိန်မှာတော့ ဖန်ကျန်းရီက အပေါ်တွင် ထိုင်လိုက်ပြီး အသံချဲ့စက်ကို မြှောက်ကာ မိန့်ခွန်းပြောရန် ပြင်ဆင်လိုက်သည်။

အောက်ဘက်တွင်ရှိနေသော နျဲ့ကျန်းမှာမူ ဘာမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေခဲ့၏။

ဒီလူ ဘာလုပ်ချင်နေတာလဲ။ စစ်မြေပြင်မှာ တိုက်ပွဲဖြစ်တဲ့အခါ တစ်ဖက်ရန်သူရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့အတွက် တစ်ခါတလေကျရင် ဒီလိုမျိုး နည်းလမ်းတွေ သုံးလေ့ရှိတယ်။ အခု နိုင်နေပြီကို ဘာတွေ ပြောချင်နေသေးတာလဲ။

ဖန်ကျန်းရီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အသံချဲ့စက်ကို ပါးစပ်နားသို့ တေ့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ညီအစ်ကိုတို့၊ ညီအစ်ကိုတို့။ ကျုပ်က ကျန်းကျန်ရဲ့ ဒုမြို့ဝန် ဖန်ကျန်းရီပဲ။ အခု ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ် ရှုံးနိမ့်သွားပြီ။ အရင်က သဘောတူညီထားတဲ့အတိုင်း အခု ခင်ဗျားတို့အားလုံး လွတ်လပ်ခြင်းဂိုဏ်းဆီကို လက်နက်ချ အညံ့ခံရမယ်။"

အောက်ဘက်ရှိ သံမဏိဝတ်စုံဂိုဏ်းမှ လူများသည် ချက်ချင်းပဲ ဆူညံသွားကြ၏။ ရှုံးနိမ့်သွားသည်ကို လူတိုင်း သိကြသော်လည်း အစိုးရအရာရှိကြီးက မိမိတို့ကို ညီအစ်ကိုများဟု ခေါ်ဝေါ်နေခြင်းက တကယ့်ကို ထူးဆန်းနေသည်။

ထို့အပြင် ဤအစိုးရအရာရှိကြီးသည် လွတ်လပ်ခြင်းဂိုဏ်း၏ တာဝန်ခံ ဖြစ်နေသေး၏။ အစိုးရနှင့် ဘယ်လိုလုပ် သူတို့ တိုက်ခိုက်ရဲမည်နည်း။

"မိသားစုဝင်တို့ … တိတ်တိတ်နေပြီး ကျုပ်ပြောတာကို နားထောင်ကြ။ ခင်ဗျားတို့ စိုးရိမ်စရာ မလိုပါဘူး။ လွတ်လပ်ခြင်းဂိုဏ်းက ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့ မိသားစုကြီးတစ်ခုပါ။ ကျုပ်တို့အားလုံးက အဲဒီထဲက အစိတ်အပိုင်းတစ်ခုပါပဲ။ စည်းလုံးညီညွတ်ခြင်း၊ အပြန်အလှန်ကူညီခြင်း၊ ချစ်ခင်ရင်းနှီးခြင်း ဆိုတာက ကျုပ်တို့ရဲ့ ကြွေးကြော်သံပါပဲ။

ကျုပ်တို့ လိုအပ်နေတာက ခင်ဗျားတို့လို ရည်မှန်းချက်ရှိပြီး ကြိုးစားရုန်းကန်ရဲတဲ့ ဂိုဏ်းသားတွေပဲ။ လွတ်လပ်ခြင်းဂိုဏ်းထဲကို ဝင်ရောက်ပြီး တာ့ကျင်းအင်ပါယာကြီးကို တည်ဆောက်ဖို့ တာဝန်တွေကို အတူတကွ ထမ်းဆောင်ကြစို့။"

အောက်ဘက်မှ လူများသည် ဖန်ကျန်းရီ ပြောစကားများကို စတင်စဉ်းစားလာကြသည်။

နားထောင်ရတာ ခေါင်းမူးချင်စရာပဲ။ မိသားစုတွေတဲ့၊ ချစ်ခြင်းမေတ္တာတွေတဲ့၊ တာ့ကျင်းအင်ပါယာကြီးကို တည်ဆောက်မယ်တဲ့။ ဒါပေမဲ့ ဒါတွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ။

"ခင်ဗျားတို့ ဘေးနားက ညီအစ်ကိုတွေကို ကြည့်လိုက်စမ်း။ ခင်ဗျားတို့ ဝတ်ထားတာက စုတ်ပြတ်သတ်နေတဲ့ အဝတ်အစားတွေပဲ။ စားနေရတာကလည်း ဆန်ပြုတ်ကျဲကျဲနဲ့ ချဉ်ဖတ်တွေပဲ။ ဒီလိုဘဝမျိုးကို ဆက်ပြီး ဖြတ်သန်းသွားချင်သေးလားဆိုတာ ကျုပ်ကို ပြောပြစမ်း။"

"မဖြတ်သန်းချင်ဘူး။"

တောက်ယွမ်ခရိုင်မှ လူများက အနောက်ဘက်မှ အလျင်အမြန်ပဲ ဝင်ရောက်ထောက်ခံလိုက်ကြ၏။

သံမဏိဝတ်စုံဂိုဏ်းမှ လူများသည် ရိုးသားအေးချမ်းသော ပြည်သူများသာ ဖြစ်ကြ၏။ အရှေ့က စကားကို နားမလည်ခဲ့ကြသော်ငြား ယခုစကားကိုတော့ တကယ်ကို နားလည်သွားခဲ့ကြသည်။

ဘယ်သူက စုတ်ပြတ်သတ်နေတဲ့ အဝတ်အစားတွေကို ဝတ်ပြီး ဆန်ပြုတ်ကျဲကျဲနဲ့ ချဉ်ဖတ်တွေကို စားချင်ပါ့မလဲ။ အောက်ဘက်မှ သဘောတူထောက်ခံသည့် အသံငယ်လေးများ ထွက်ပေါ်လာခဲ့သည်။

ဖန်ကျန်းရီက ကျယ်လောင်စွာ ဆက်ပြောလိုက်၏။ "ဒါဆိုရင် ခင်ဗျားတို့ နေ့တိုင်း အသားငါးတွေ စားပြီး လတိုင်း အဝတ်အစားသစ်တွေ ဝတ်ချင်ကြလား။"

"ဝတ်ချင်တယ်။"

တစ်ဖက်လူများ ဝင်ရောက်မထောက်ခံရသေးခင်မှာပဲ သံမဏိဝတ်စုံဂိုဏ်းမှ လူများက အရင်ဆုံး အော်ဟစ်လိုက်ကြရာ အောက်ဘက်တွင် တောင်ပြိုမိုးပျံမတတ် ဆူညံသွားခဲ့သည်။

"ခင်ဗျားတို့ စဉ်းစားကြည့်ကြစမ်း … ချန်တာ့ရှန်း နောက်ကို လိုက်လာတာ ဒီလောက်ကြာပြီ၊ ခင်ဗျားတို့ ကောင်းကောင်း စားသောက်ရရဲ့လား။ ချန်တာ့ရှန်းကို ပြန်ကြည့်လိုက်အုံး …. ဝဖြိုးပြီး သန်မာနေလိုက်တာ။

ခင်ဗျားတို့ ဖွဲနုတွေ စားနေရချိန်မှာ သူက အသားတွေ စားနေတာလေ။ ဒီလိုလူမျိုးက ခင်ဗျားတို့နဲ့အတူ ဆင်းရဲဒုက္ခတွေကို အတူတူ မျှဝေခံစားပေးနိုင်မလား။ မျှဝေခံစားပေးနိုင်လားဆိုတာ ကျယ်ကျယ် ပြောပြစမ်း။"

ဤတစ်ကြိမ်တွင်တော့ ထောက်ခံသူ သိပ်မများတော့ဘဲ မခံစားပေးနိုင်ဘူး ဟု တိုးတိုးတိတ်တိတ် အော်ဟစ်သံများသာ ထွက်ပေါ်လာခဲ့သည်။

ဖန်ကျန်းရီသည်လည်း အလျင်လိုခြင်းမရှိဘဲ ဆက်လက်အော်ဟစ်လိုက်၏။ "ကျုပ်နောက်ကို လိုက်ခဲ့ကြ … ခင်ဗျားတို့ အားလုံးအတွက် တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်။

အလုပ်အကိုင် အာမခံတယ်၊ နေရာချထားပေးဖို့ အာမခံတယ်။ နောက်ဆိုရင် ခင်ဗျားတို့အားလုံး အသားငါးတွေကို စားရလိမ့်မယ်။"

ထိုသို့ပြောရင်း ဖန်ကျန်းရီသည် ရင်ဘတ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော အဝတ်အိတ်ငယ်လေးများကို ထုတ်ယူလိုက်၏။ အဝတ်အိတ်တိုင်းသည် ဖောင်းကားလျက်ရှိနေသည်။

ဖန်ကျန်းရီက အဝတ်အိတ်ကို ဖြေကာ အောက်ဘက်သို့ ဖြန့်ကြဲချလိုက်တော့သည်။

အဝေးသို့ မရောက်နိုင်သောကြောင့် ငွေအိတ်ကို ကျန်းပြောင်ထံသို့ တိုက်ရိုက်ပစ်ပေးလိုက်ရာ ကျန်းပြောင်က အားကုန်လွှဲပစ်လိုက်သဖြင့် ငွေအိတ်များသည် အဝေးဆီသို့ လွင့်စင်သွားကာ ကောင်းကင်ယံမှနေ၍ ကျဆင်းလာခဲ့၏။

ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော ကြေးပြားများနှင့် ငွေစအချို့သည် သံမဏိဝတ်စုံဂိုဏ်းမှ လူများထံသို့ လွင့်စင်သွားခဲ့ပြီး အောက်ဘက်တွင် ချက်ချင်းပဲ လုယက်ယူငင်မှုများ ဖြစ်ပွားသွားသည်။

အနောက်ဘက်ရှိ လွတ်လပ်ခြင်းဂိုဏ်းမှ လူများသည် ထိုမြင်ကွင်းကို မြင်လိုက်ချိန်မှာတော့ မျက်လုံးများပင် ပြူးကျယ်သွားကြ၏။

"အခု ကျုပ်ကို ကျယ်ကျယ် ပြောပြကြစမ်း။ ချန်တာ့ရှန်းက ခင်ဗျားတို့ကို ဒီလိုမျိုး ငွေတွေ ဝေပေးဖူးလား။"

"မဝေပေးဖူးပါဘူး။"

တောင်ပြိုမိုးပျံမတတ် တုံ့ပြန်သံကြီးသည် ချက်ချင်းပဲ ထပ်မံထွက်ပေါ်လာခဲ့တော့သည်။

"ကောင်းပြီ၊ ကျုပ်တို့ဆီ ဝင်လာခဲ့ကြ။ ဒီကနေ့ကစပြီး ကျုပ်တို့က မိသားစုဝင်တွေပဲ။ နောက်ဆိုရင် ခင်ဗျားတို့အားလုံး စားဝတ်နေရေးအတွက် ပူပန်စရာ မလိုတော့ဘူး။ ခင်ဗျားတို့အားလုံး ငွေကြေးချမ်းသာ ကြွယ်ဝလာလိမ့်မယ်။

ကျုပ်နောက်ကို လိုက်ခဲ့ကြ။ ခင်ဗျားတို့ရဲ့ မိဘတွေကို နုပျိုမှုတွေ ပြန်ရစေရမယ်၊ ခင်ဗျားတို့ရဲ့ ကလေးတွေကို အိပ်မက်တွေ ပြန်ရစေရမယ်၊ ခင်ဗျားတို့ရဲ့ မိန်းမတွေကို နူးညံ့သိမ်မွေ့မှုတွေ ပွင့်လန်းလာစေရမယ်၊ ခင်ဗျားတို့ကို သွေးဆူပွက်မှုတွေ ပြန်လည်ဖြစ်ပေါ်လာစေရမယ်။"

အောက်ဘက်တွင် ငွေကြေးများကို ကောက်ယူပြီးခါစဖြစ်သော သံမဏိဝတ်စုံဂိုဏ်းမှ လူများသည် စိတ်လှုပ်ရှားမှုများ ကို မထိန်းချုပ်နိုင်တော့ဘဲ ပါးစပ်မှ အသံကုန် အော်ဟစ်နေကြတော့၏။

ဤမှများပြားလှသော လူအုပ်ကြီးသည် တစ်နေရာတည်းတွင် စုဝေးမိချိန်မှာတော့ စဉ်းစားဆင်ခြင်ဉာဏ်များ လုံး ဝပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက် လွတ်လပ်ခြင်းဂိုဏ်းမှ လူများကလည်း စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်ကို လုံးဝ သတိမထားမိကြတော့ချေ။

ဖန်ကျန်းရီသည် ပြုံးလိုက်ပြီး လွတ်လပ်ခြင်းဂိုဏ်းမှ လူများဘက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ညီအစ်ကိုတို့ .. ခင်ဗျားတို့လည်း မလောကြပါနဲ့။ သံမဏိဝတ်စုံဂိုဏ်းက အရင်တုန်းက ကျုပ်တို့ရဲ့ ရန်သူတွေပါ။ ဒါတောင်မှ ကျုပ်က သူတို့ကို ငွေတုံးရာချီပြီး ဝေပေးနိုင်သေးတယ်။ ကျုပ်အပေါ် သစ္စာရှိတဲ့လူတွေကို နောက်ဆိုရင် ငွေတုံး ထောင်ချီ၊ သောင်းချီပြီး ပေးမယ်။ နားလည်ရင် လက်ခုပ်တီးကြစမ်း။"

တကယ်တမ်း ကြဲချလိုက်သော ငွေများသည် ငွေတုံးနှစ်ဆယ်ပင် မပြည့်ချေ။ ကြေးပြားများက ကိုးဆယ်ရာခိုင်နှုန်း ခန့် ပါဝင်နေသည်။

မည်သို့ပင်ဖြစ်စေ မည်သူကမှ သွားရောက်ရေတွက်နေမည် မဟုတ်ပေ။

တောက်ယွမ်မှ လူများသည် အလိုအလျောက်ပင် လက်ခုပ်တီးလိုက်ကြ၏။

ထိုမှလောက် ငွေများများ ရနိုင်သည်ကို ကြားလိုက်ရချိန်မှာတော့ လွတ်လပ်ခြင်းဂိုဏ်းမှ လူများသည် ချက်ချင်းပဲ စိတ်အားထက်သန်သွားကြပြီး ရူးသွပ်မတတ် လက်ခုပ်တီးလိုက်ကြသည်။ အချို့သော ဂိုဏ်းသားများသည် စိတ်ကူးယဉ်မှုထဲတွင် အလွန်အမင်း နစ်မွန်းသွားကာ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ကျဆင်းလာခဲ့ကြသည်။

ခင်ဗျားအပေါ် သစ္စာရှိတဲ့လူတွေက နောက်ဆိုရင် ငွေတုံး ထောင်ချီ၊ သောင်းချီ ရမယ်ပေါ့၊ ဒါဆိုရင် နောက်ဆို ကျုပ်လည်း ခင်ဗျားအပေါ် သစ္စာရှိမှာပေါ့။

သံမဏိဝတ်စုံဂိုဏ်းမှ လူများကလည်း ရူးသွပ်သွားကြပြီး တဖြောင်းဖြောင်းနှင့် လက်ခုပ်တီးလိုက်ကြတော့သည်။ ချက်ချင်းဆိုသလိုပဲ ကွင်းပြင်တစ်ခုလုံးသည် လက်ခုပ်သံများနှင့် ပျော်ရွှင်မှု သမုဒ္ဒရာကြီးထဲသို့ နစ်မြုပ်သွားခဲ့တော့၏။

စစ်တပ်ထဲရှိ အစိုးရစစ်သား အများအပြားသည် ထိုဒုက္ခသည် ဂိုဏ်းသားများကို အားကျသော မျက်နှာထားဖြင့် ကြည့်နေကြပြီး အချို့ကမူ တိတ်တဆိတ် လက်ခုပ်တီးနေကြသည်။

ကောင်းလိုက်တာ၊ သူတို့က တကယ့်ကို ရက်ရောတာပဲ၊ တစ်ခါထုတ်ပေးတာကိုက ငွေတုံး ရာချီတယ်၊ ငါတို့ဆီကိုရော ဘယ်တော့များမှ ငွေကြဲပေးမှာလဲ။

"အို၊ ဒါ ဒါ ဒါက။" နျဲ့ကျန်းသည် ဖန်ကျန်းရီကို ကြည့်ကာ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်လို့နေ၏။

ဒါက ဘယ်လို အခြေအနေကြီးလဲ၊ ခင်ဗျားက တကယ့် မိစ္ဆာဂိုဏ်းချုပ်ကြီးပဲ။

ဒီဖန်ကျန်းရီက အရှင်မင်းကြီး ပြောသလို တထေရာတည်းပဲ၊ ပုံမှန်လူ မဟုတ်ဘူး။ အရှင်မင်းကြီးက ဘာလို့ သူ့ကို ခေါင်းမဖြတ်ပစ်ခဲ့တာလဲ၊ ဒီလိုလူမျိုးက တကယ်ပဲ ပြဿနာ မဖြစ်နိုင်ဘူးလား။

All Chapters