အခန်း (၂၂၇ က+ခ)
Vol. 13 Ch. 227 -A+B
အပိုင်း (၂၂၇ - က) အလွန်ခမ်းနားထည်ဝါပြီး ခေတ်မီသော ပြည့်တန်ဆာရုံကို တည်ဆောက်ခြင်း။
အခြေအနေ တည်ငြိမ်သွားသည်ကို မြင်လိုက်ချိန်မှာတော့ ဖန်ကျန်းရီ၏ စိတ်ပူနေမှုသည် အနည်းငယ် လျော့ကျသွားခဲ့သည်။
တကယ်ပဲ လူတွေ စုဝေးနေတဲ့အချိန်ဆိုရင် လှည့်စားရတာ အရမ်းလွယ်ကူတာပဲ။ အထူးသဖြင့် ဒီလူတွေက စာတစ်လုံးမှ မဖတ်တတ်တဲ့ စာမတတ်သူတွေ ဖြစ်နေတာကြောင့်ပဲ။
အလိုအလျောက်ပင် အစိုးရအရာရှိများနှင့် စာတတ်ပေတတ်များအပေါ် ကျိုးနွံမှုနှင့် ယုံကြည်မှုမျိုး ရှိနေကြသည်။
ဖန်ကျန်းရီက အသံချဲ့စက်ကို ထပ်မံကောက်ကိုင်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "အခု သံမဏိဝတ်စုံဂိုဏ်းက ညီအစ်ကိုတွေ တန်းစီကြ၊ ကျုပ်အမိန့်ကို နားထောင်။"
"သတိ၊ ညာဘက်သို့ လှည့်၊ ညီစေ။"
ရွှပ်ခနဲ အသံနှင့်အတူ လူအုပ်ကြီးသည် သတိအနေအထားဖြင့် ရပ်လိုက်ကြပြီး တစ်ချိန်တည်းမှာပဲ ညာဘက်သို့ လှည့်ကာ တန်းစီလိုက်ကြသည်။
ဘယ်ညာ မခွဲခြားတတ်သူများ သို့မဟုတ် အမိန့်ကို နားမထောင်သူများပင်လျှင် လူအများ ထိုသို့ ပြုလုပ်နေသည်ကို မြင်လိုက်ရသောကြောင့် အတူတကွ လိုက်လုပ်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
လှုပ်ရှားမှုများမှာ ညီညာမှု မရှိသော်ငြား အားလုံးက စကားနားထောင်ကြသည်မှာ ကံကောင်းခြင်းပင်။
"အားလုံး အဆင်သင့်ပဲ၊ တန်းစီကြ။"
ဖန်ကျန်းရီသည် စစ်သင်တန်းတက်စဉ်က နည်းပြ သင်ကြားပေးခဲ့သော ပုံစံကို ပြန်လည်စဉ်းစားမိလိုက်သည်။ မူလက သက်သာ ဟု အော်ဟစ်ချင်ခဲ့သော်လည်း အောက်ဘက်မှ လူများ နားလည်မည် မဟုတ်ဟု ခန့်မှန်းမိသောကြောင့် မအော်တော့ချေ။
သံမဏိဝတ်စုံဂိုဏ်းမှ လူများသည် စနစ်တကျ ပြင်ဆင်လာကြ၏။
မူလက ဖရိုဖရဲ ဖြစ်နေသော လူအုပ်ကြီးသည် ခေါင်းဆောင် ပေါ်လာသောကြောင့် အလိုအလျောက် စည်းကမ်းတကျ ဖြစ်ပေါ်လာခဲ့သည်။
လူဦးရေ မပြည့်မီသော အတန်းများသည်လည်း အလိုအလျောက် အရှေ့သို့ တက်ကာ ဖြည့်တင်းလိုက်ကြ၏။
မိနစ်အနည်းငယ်မှ ကြာပြီးနောက် လူအုပ်ကြီးသည် အကြမ်းဖျင်းအားဖြင့် စည်းကမ်းတကျ ဖြစ်သွားခဲ့သည်။ စစ်သင်တန်းက စံနှုန်းလောက် မရောက်သေးသော်ငြား ကျောင်းအားကစားပွဲ လုပ်စဉ်က တန်းစီသည့် ပုံစံလောက်တော့ ရှိသည်။
နျဲ့ကျန်းက လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဖန်ကျန်းရီကို ထပ်ကြည့်ကာ မျက်တောင်များပင် တဖြက်ဖြက် ခတ်မိနေ၏။
ဒါက တကယ့်ကို စစ်သူကြီး တစ်ယောက်ရဲ့ အရည်အချင်းပဲ၊ ခုနက လုပ်ပြသွားတာတွေက စစ်တိုက်တဲ့ အခြေခံအသိတောင် မရှိဘူးဆိုတာ သေချာနေတာကို။
ဒါ၊ ဒါက လက်ဖက်ရည်နှစ်ခွက်စာ အချိန်လေးအတွင်းမှာပဲ လူတွေကို ဒီလိုမျိုး စီစဉ်နိုင်သွားတာလား၊ အရှင်မင်းကြီးက ဒီလောက်တောင် အလေးထားနေတာ မထူးဆန်းဘူး၊ တကယ့် မိစ္ဆာကောင်ပဲ။
"ကောင်းပြီ .. အခုကစပြီး ခင်ဗျားတို့က လွတ်လပ်ခြင်းဂိုဏ်းက လူတွေပဲ။ နောက်ဆိုရင် အားလုံးက အဝတ်အစားတွေကို အတူတူ ဝတ်မယ်၊ အိပ်ရာတစ်ခုတည်းမှာ အတူတူ အိပ်မယ်၊ ထမင်းကို အတူတူ စားကြမယ်။
ခင်ဗျားတို့ ဘဝကောင်းစားလာဖို့တင် မကဘူး၊ ကျုပ် အာမခံတယ်၊ ခင်ဗျားတို့ရဲ့ ကလေးတွေလည်း အနာဂတ်မှာ စာသင်ခွင့် ရစေရမယ်။"
အောက်ဘက်မှ အလိုအလျောက် လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။
လူတိုင်း၏ မျက်နှာပေါ်တွင် အနာဂတ်အတွက် လှပသော မျှော်လင့်ချက်များ ပြည့်နှက်နေကြသည်။ မိမိတို့ ဘဝကတော့ ဤသို့ပင် ပြီးသွားခဲ့သည်။ ကလေးတွေသာ စာသင်ခွင့် ရမည်ဆိုလျှင် အနာဂတ်မှာ လူတကာထက် သာလွန်သောလူ ဖြစ်လာပေမည်။
"အားလုံး နေရာမှာပဲ ရပ်နေကြ၊ အစီအစဉ်ကို စောင့်နေကြ။ ခဏနေရင် ခင်ဗျားတို့ကို အနာဂတ်မှာ အလုပ် နေရာချထားပေးဖို့ လူတစ်ယောက် လာလိမ့်မယ်၊ ခင်ဗျားတို့ရဲ့ ကျွမ်းကျင်မှုတွေကို သူ့ကို ပြောပြလိုက်ပါ။"
"လက်သမား လုပ်တတ်တာဖြစ်ဖြစ်၊ ပန်းပဲခတ်တတ်တာဖြစ်ဖြစ်၊ ဝါးခြင်း ရက်တတ်တာဖြစ်ဖြစ်၊ ဘာပဲ လုပ်တတ်လုပ်တတ် အားလုံး သူ့ကို ပြောပြလိုက်ပါ။"
ပြောပြီးနောက် ဖန်ကျန်းရီသည် လှေကားပေါ်မှ ဆင်းကာ မြင်းစီး၍ ရှန်ကျောက်ရွှမ်ထံသို့ သွားလိုက်သည်။
"သွားတော့ …. အခု လူတွေကို ခေါ်သွားပြီး သူတို့ကို အဖွဲ့ခွဲ မှတ်တမ်းတင်လိုက်၊ နောက်မှ ဖြည်းဖြည်းချင်း စီစဉ်ပေးမယ်။"
ရှန်ကျောက်ရွှမ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ သခင်လေးက ဒီအလုပ်ကို မလုပ်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမဲ့ အရည်အချင်းတွေက အရင်ကထက် လျော့မသွားဘူးပဲ။
"ဟုတ်ကဲ့။"
ရှန်ကျောက်ရွှမ်က ပြန်ဖြေလိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော လူတစ်စုကို ခေါ်ဆောင်ကာ စက္ကူနှင့် စုတ်တံများကို ကိုင်ဆောင်၍ သံမဏိဝတ်စုံဂိုဏ်းမှ လူများကို မှတ်တမ်းတင်ရန် သွားလိုက်သည်။
ထို့နောက် ဖန်ကျန်းရီသည် မြင်းကိုစီးကာ နျဲ့ကျန်းထံသို့ သွားလိုက်ရာ ထိုသူက သတိထားနေသော အမူအရာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ပြုံးကာ မေးလိုက်၏။ "ဘာဖြစ်လို့လဲ တပ်မှုးနျဲ့။"
ထိုသို့ မေးလိုက်သည်ကို ကြားချိန်မှာတော့ နျဲ့ကျန်းသည် ခေတ္တမှ စကားဆွံ့အသွားသည်။
အချိန်အတန်ကြာမှသာ စကားတစ်ခွန်း ထွက်လာခဲ့၏။ "တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျုပ် အရင်သွားနှင့်တော့မယ်။"
"တပ်မှုး ခဏနေပါအုံး၊ မြို့ဝန်ရာထူး လစ်လပ်နေချိန်မှာတော့ ကျုပ်က ယာယီ တာဝန်ယူထားလိုက်မယ်၊ ပြီးတော့ လျိုရွှန်းရဲ့ ကိစ္စကိုလည်း အရှင်မင်းကြီးဆီကို ကျုပ် ကိုယ်တိုင် တင်ပြလိုက်ပါ့မယ်။
ဒါ့အပြင် နောက်ရက်အနည်းငယ် ကြာရင် လျိုရွှန်းအပါအဝင် အဂတိလိုက်စားတဲ့ အရာရှိတွေကို လူပုံလယ်မှာ ခေါင်းဖြတ်သတ်ဖို့ ပြင်ဆင်ထားတယ်။ အဲဒီအချိန်ကျရင် ခင်ဗျားအနေနဲ့ သံသယမဝင်ဖို့ မျှော်လင့်ပါတယ်။"
နျဲ့ကျန်းသည် ဖန်ကျန်းရီ၏ မျက်လုံးများကို ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် အနည်းငယ်မျှ ကြောက်ရွံ့နေသည့် အရိပ်အယောင် မတွေ့ရသောကြောင့် စိတ်ထဲတွင် အလုံးစုံ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း မတတ်နိုင်စွာဖြင့် ပြောလိုက်၏။ "ကောင်းပြီ … အရှင်မင်းကြီးက ခင်ဗျားကို အာဏာကုန် လွှဲအပ်ထားတဲ့ ဓား ပေးသနားထားတာဆိုတော့ ကျုပ်လူတွေ စပါးကျီရဲ့ အခြေအနေကို စုံစမ်းသိရှိပြီးသွားရင် ခင်ဗျားအနေနဲ့ လျိုရွှန်းကို သတ်ပိုင်ခွင့် ရှိပါတယ်။ …ခင်ဗျား။"
နျဲ့ကျန်းသည် စကားပြောရန် ဟန်ပြင်လိုက်သော်ငြား ရပ်တန့်သွားကာ အောက်ဘက်ရှိ သံမဏိဝတ်စုံဂိုဏ်းမှ လူများကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမှ တွန့်ဆုတ်သွားသည်။ ပြီးနောက် ပြောလိုက်သည်။ "ဒီကိစ္စကို အရှင်မင်းကြီးဆီ တင်ပြရမယ်၊ ခင်ဗျား အခု အလုပ်များနေတယ်ဆိုတာ နားလည်ပါတယ်၊ ခင်ဗျားကို တစ်လ အချိန်ပေးမယ်၊ တစ်လအတွင်း ကျန်းကျန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်အားလုံးကို အရှင်မင်းကြီးဆီ တင်ပြရမယ်၊ ခင်ဗျား ပုန်ကန်တာမျိုး မလုပ်သရွေ့ ကျန်တာ လုပ်ချင်တာ လုပ်တော့။"
ပြောပြီးနောက် မြင်းကိုစီးကာ စစ်သားများကို ခေါ်ဆောင်၍ ထွက်ခွာသွား၏။
ဖန်ကျန်းရီက ထိုစကားကို ကြားချိန်မှာတော့ ခေါင်းကိုသာ ကုတ်နေမိသည်။
ကျုပ်က ဘာကိစ္စ ပုန်ကန်ရမှာလဲ။ အသက်ရှည်နေတာကို ကြမ္မာငင်ချင်နေလို့လား။
ထိုညတွင် လှေပေါ်၌ …..။
ဖန်ကျန်းရီနှင့် အခြားသူများသည် စားပွဲကြီးတွင် ဝိုင်းထိုင်နေကြပြီး စားပွဲပေါ်တွင် တောင်ပေါ်ပင်လယ်စာ မျိုးစုံဖြင့် ပြည့်နှက်နေ၏။
လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေကြသည်။
ဖန်ကျန်းရီက မတ်တပ်ရပ်ကာ ပြောလိုက်၏။ "ညီအစ်ကိုတို့ …. အခု ကိုယ့်လူတွေပဲ ကျန်တော့တယ်။ ဒီကိစ္စက လောလောဆယ်တော့ ပြီးဆုံးသွားပြီ။ ဒီရက်ပိုင်း ခင်ဗျားတို့ ပင်ပန်းသွားကြပြီ၊ ဒီည အဝစားကြမယ်၊ ကိစ္စရှိရင် စားရင်းသောက်ရင်း ပြောကြတာပေါ့။"
လူအားလုံးသည် ခွက်များကို မြှောက်ကာ အောင်ပွဲခံလိုက်ကြပြီး စတင်စားသောက်ကြတော့သည်။
ဖန်ကျန်းရီက ထိုနေရာတွင် ထိုင်ကာ သူတို့ကို ပြုံးရွှင်စွာ ကြည့်နေ၏။ ဤကဲ့သို့သော တွေ့ဆုံပွဲမျိုး မရှိခဲ့သည်မှာ ကြာပြီဖြစ်၏။
ရှန်ကျောက်ရွှမ်က အရက်တစ်ခွက် သောက်လိုက်ပြီး မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ကာ လျှောက်လာခဲ့သည်။
"သခင်လေး … ဒီနေ့ သံမဏိဝတ်စုံဂိုဏ်းနဲ့ ကျုပ်တို့လူတွေရဲ့ စာရင်းကို တွက်ချက်လို့ ပြီးသွားပြီ။ ဒီလက်သမားတွေ၊ ပန်းပဲဆရာတွေ၊ ဝါးခြင်းရက်တဲ့သူတွေကတော့ တော်တော်များတယ်၊ ဒါပေမဲ့ ဒီငါးဖမ်းတတ်တဲ့သူတွေကိုကျ ဘယ်လိုလုပ်ရမလဲ၊ နောက်ဆိုရင် နေရာချထားပေးဖို့ ခက်လိမ့်မယ်။"
ဖန်ကျန်းရီက မျက်ခုံးတစ်ချက် ပင့်လိုက်၏။ "ငါးဖမ်းတာ ကောင်းတာပေါ့၊ ငါးဖမ်းတာကလည်း အရည်အချင်း တစ်ခုပဲ။"
စာရွက်များကို လှန်လှောကြည့်ရင်း ဖန်ကျန်းရီက မျက်မှောင်ကြုတ်လိုက်ကာ မှတ်စုစာအုပ်ပေါ်ရှိ စာလုံးများကို လက်ညှိုးထိုးပြပြီး မေးလိုက်၏။ "ဒီ အလုပ်အကိုင်မရှိဆိုတာက ဘာလဲ၊ ငါးဖမ်းတဲ့သူတွေတောင် စာရင်းထဲ ပါသေးတာ၊ ဘာလို့ ဘာမှမတတ်တဲ့ လူရာချီပြီး ရှိနေရတာလဲ။"
"ဒါက …"
ရှန်ကျောက်ရွှမ်၏ မျက်နှာပေါ်တွင် အနေရခက်မှုများ ပြည့်နှက်သွားခဲ့သည်။ "သူတို့က တကယ်ကို ဘာမှ မတတ်ကြတာလေ၊ ကျုပ်တို့ ဘယ်လိုပဲ မေးမေး ဘာမှ ထွက်မလာဘူး၊ အပြင်မှာဆိုရင် ရွာထဲက အလုပ်မရှိ အကိုင်မရှိတဲ့ လူတွေ ဖြစ်လိမ့်မယ်၊ စကားပြောတာတောင် ဖြောင့်ဖြောင့်မပြောတတ်ကြဘူး။ ဘာမှ လုပ်မရဘူးဆိုတော့ အလုပ်အကိုင်မရှိလို့ပဲ ရေးရတော့တာပေါ့။"
"ဟူး။"
ဖန်ကျန်းရီက မတတ်နိုင်စွာဖြင့် ခေါင်းခါလိုက်၏။ "ဒီအရာတွေက အနာဂတ်မှာ အရှင်မင်းကြီးဆီကို တင်ပြရမယ့် အရာတွေလေ၊ ကျုပ် အုပ်ချုပ်နေတဲ့အောက်မှာ လူရာချီပြီး အလုပ်မရှိဖြစ်နေတယ်ဆိုရင် ကျုပ်က အရည်အချင်းမရှိတဲ့ လူတစ်ယောက် ဖြစ်မသွားဘူးလား၊ အရှင်မင်းကြီးက နောင်ကျရင် ကျုပ်ကို ဘယ်လို မြင်တော့မလဲ။
ဒီလူတွေကို နောက်ကျရင် ဘယ်လို စီစဉ်ရမလဲဆိုတာ နောက်မှ ပြောကြတာပေါ့၊ အခု ပြင်လိုက်၊ အထွေထွေ ကျပန်းအလုပ်သမား လို့ ပြင်ရေးလိုက်။"
"အာ၊ ဒါက… သခင်လေး အထွေထွေ ကျပန်းအလုပ်သမား ဆိုတာ ဘာကို ခေါ်တာလဲ။" ရှန်ကျောက်ရွှမ်က နဖူးမှ ချွေးစေးများကို သုတ်ကာ မေးလိုက်သည်။
"အလုပ်မရှိတာကို ပြောတာလေ။"
"...."
အတူတူပဲ မဟုတ်ဘူးလား။ ရှန်ကျောက်ရွှမ်က မှတ်စုစာအုပ်ကို သိမ်းကာ ပါးစပ်မှ ပွစိပွစိ ပြောရင်း ထွက်သွားသည်။
"တင်ပြစရာ ရှိတဲ့သူ ရှိသေးလား။"
"ရှိပါတယ်။" ဝူရှန်းက လက်ထောင်ကာ ပြန်ဖြေလိုက်၏။
"သခင်လေး …. ပြည့်တန်ဆာရုံက အကြမ်းဖျင်းတော့ ပြင်ဆင်လို့ ပြီးသလောက် ဖြစ်နေပြီ၊ အခု ဆိုင်းဘုတ်တင်ဖို့ နာမည်ပေးရတော့မယ်၊ သခင်လေး နာမည်တစ်ခုလောက် ပေးပါအုံး။"
ဖန်ကျန်းရီက ပြုံးလိုက်၏။ အခုမှပဲ ပေါ့ပေါ့ပါးပါး ကိစ္စလေး ရောက်လာတော့တယ်။
အပိုင်း (၂၂၇ -ခ) မျက်လုံးချင်းဆိုင်။
ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ "ကျုပ်တို့ရဲ့ ပြည့်တန်ဆာရုံကို ပြည့်တန်ဆာရုံလို့ခေါ်လို့ မရဘူး၊ အပန်းဖြေကလပ် လို့ ခေါ်ရမယ်၊ အပန်းဖြေကလပ် ဆိုတာ နားလည်လား။ သာမန် ပြည့်တန်ဆာရုံတွေနဲ့ ကွဲထွက်နေရမယ်၊ ကျုပ်တို့ လုပ်မယ့်ဟာက အဆင့်မြင့်တဲ့၊ စီးပွားရေးဆိုင်ရာ၊ ဖျော်ဖြေရေး၊ အရသာရှိတဲ့ အစားအသောက်တွေ အားလုံးပါဝင်တဲ့ ဘက်စုံဝန်ဆောင်မှု ပေးတဲ့ နေရာပဲ။"
လူအားလုံး၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပြည့်နှက်သွားပြီး တစ်ပြိုင်နက်တည်း မေးလိုက်ကြ၏။ "သခင်လေး အပန်းဖြေကလပ် ဆိုတာ ဘာကို ခေါ်တာလဲ။"
ဖန်ကျန်းရီက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ "ဒါတောင် နားမလည်ဘူးလား၊ နာမည်အတိုင်းပဲ တွေ့ဆုံ ဆွေးနွေးတဲ့ နေရာပေါ့။"
ထိုနေရာရှိ လူအားလုံး၏ စိတ်ထဲတွင် မထီမဲ့မြင် ဖြစ်သွားကြ၏။
အကြာကြီး ပြောနေပြီးမှ ပြည့်တန်ဆာရုံပဲ မဟုတ်ဘူးလား။ အားလုံးက အပြင်မှာ စီးပွားရေးလုပ်နေကြတာ ဘယ်သူက ပြည့်တန်ဆာရုံ၊ စားသောက်ဆိုင်တွေမှာ စကားမပြောဘဲ နေလို့လဲ။ အစိုးရရုံးမှာလိုမျိုး ရုံးခန်းထဲ ထိုင်ပြီး စကားပြောရမှာလား။ ရယ်စရာပဲ။
"နာမည်ကတော့ ကျိုယောင် အပန်းဖြေကလပ် လို့ ပေးလိုက်မယ်။"
ဘာနာမည်ကြီးလဲ၊ သခင်လေးက တကယ် ပညာမတတ်တာပဲ။
လူအားလုံး၏ စိတ်ထဲတွင် ဤအတွေးမျိုး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့၏။
"ခင်ဗျားတို့ ဘယ်လို ထင်လဲ။"
အစားအသောက်များကို ဆက်တိုက် စားနေသော ကျန်းပြောင်က စကားဆိုလိုက်၏။ "သိပ်မကောင်းဘူးလို့ ထင်တယ်၊ နှင်းလမင်းစံအိမ်လောက်တောင် မကောင်းဘူး။ ကျုပ် အမြင်ဆိုရင်တော့ နာမည်ကြီးပုဂ္ဂိုလ်များ အပန်းဖြေကလပ် လို့ ပေးရင် တော်တော် ကောင်းမယ်။"
လူအားလုံးက ချက်ချင်းပဲ တစ်ပြိုင်နက်တည်း ချီးကျူးလိုက်ကြ၏။ "ဟုတ်တယ်၊ ဟုတ်တယ်၊ အစ်ကိုပြောင်ကမှ တကယ်တော်တာ။"
ဘာကောင်းတာလဲ …တောသားတွေ။
ဖန်ကျန်းရီက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်၏။ ဘာလို့ ဒီလို ပညာမတတ်တဲ့ ကောင်တွေကိုများ မွေးထားမိပါလိမ့်။ ဆံပင်ညှပ်ဆိုင် လာဖွင့်တယ် ထင်နေလား။
"ကျုပ် ပြောတာက မကောင်းဘူးလား၊ ဒါဆိုရင် ခင်ဗျားတို့ပဲ နောက်တစ်ခု ထပ်ပေးကြတော့။"
ဝူရှန်းက မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြောလိုက်၏။ "ကျုပ်အမြင်ဆိုရင်တော့ နတ်ပြည်က လူ့ပြည် လို့ ပေးလိုက်ရင် မကောင်းဘူးလား။"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါလည်း ကောင်းတယ်။"
ဖန်ကျန်းရီက စိတ်ပျက်လက်ပျက်ဖြင့် အရက်တစ်ခွက်ကို မော့သောက်လိုက်၏။ ဒီနာမည်က သိပ်တော့ အဆင်ပြေဘူး။ နိမိတ်မကောင်းဘူး။
လူအားလုံးက တစ်ယောက်တစ်ပေါက်ဖြင့် စတင်ဆွေးနွေးနေကြသည်ကို မြင်လိုက်ချိန်မှာတော့ ဖန်ကျန်းရီက စားပွဲကို အပြင်းအထန် ရိုက်ကာ ပြောလိုက်၏။ "ရပြီ ရပြီ၊ လေပန်းချီစံအိမ် လို့ပဲ ပေးလိုက်တော့မယ်။"
လူအားလုံးက ချက်ချင်းပဲ တိတ်ဆိတ်သွားကြပြီး ခေါင်းငုံ့ကာ အစားအသောက်များကို ခပ်ယူလိုက်ကြသည်။
တကယ်ကို တီထွင်ဖန်တီးမှု မရှိတာပဲ၊ ပြီးတော့ တောဆန်လိုက်တာ၊ နှင်းလမင်းစံအိမ်၊ လေပန်းချီစံအိမ်တဲ့၊ ခင်ဗျားက သခင်လေးပဲ၊ ခင်ဗျား ပြောတာ အကုန်ပဲပေါ့။
"ကောင်းပြီ၊ နာမည်ကို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။"
ဖန်ကျန်းရီက ရှဲ့ရှန်းကို ကြည့်ကာ မေးလိုက်၏။ "လောင်ရှဲ့၊ အဲဒီ အရာရှိတွေရဲ့ အချက်အလက်တွေနဲ့ တခြား အခြေအနေတွေကို မှတ်တမ်းတင်လို့ ပြီးသလောက် ဖြစ်နေပြီ မဟုတ်လား။"
ရှဲ့ရှန်းက မတ်တပ်ရပ်ကာ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်၍ ဖန်ကျန်းရီထံသို့ ကမ်းပေးလိုက်သည်။ "အဲဒီလူတွေရဲ့ အသေးစိတ် အခြေအနေ၊ အိမ်မှာ လူဘယ်နှယောက် ရှိလဲ၊ ငွေဘယ်လောက် အဂတိ လိုက်စားထားလဲ ဆိုတာတွေနဲ့ တစ်နိုင်ငံလုံးက အဆက်အသွယ် ကွန်ရက်တွေကို အားလုံး ရှင်းရှင်းလင်းလင်း ပြောပြထားပါတယ်။
အစိုးရရုံးက အရာရှိတွေအပြင် ဒေသတွင်း ခရိုင်အသီးသီးကနေ ကျန်းကျန်ကို ရောက်လာတဲ့ လမ်းတစ်လျှောက်က စပါးကျီ စောင့်ကြပ်ရေးမှူးတွေ အားလုံးကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီ ဒုတိယမြို့ဝန်က အရှင်းလင်းဆုံး ဖြောင့်ချက်ပေးထားတာပါ။ အခြေအနေကို ကြည့်ရတာ လျိုရွှန်း လက်အောက်က ညစ်ပတ်တဲ့ အလုပ်တွေကို သူပဲ အမြဲတမ်း လုပ်နေတာ ဖြစ်လိမ့်မယ်။"
ဖန်ကျန်းရီက အကြမ်းဖျင်း လှန်လှောကြည့်လိုက်၏။ "ဖြောင့်ချက်ပေးထားတာ တော်တော် ပြည့်စုံတာပဲ၊ နှိပ်စက်ညှဉ်းပန်းတာတွေတော့ မလုပ်ဘူးမလား။"
"လုပ်ပါတယ်။"
"တော်လိုက်တာ။"
"ဒုတိယမြို့ဝန် အောက်က အရာရှိတွေကို အကုန်လွှတ်ပေးလိုက်၊ သူတို့ကို မနက်ဖြန် ကိုယ့်တာဝန် ကိုယ်ပြန် ထမ်းဆောင်ခိုင်းလိုက်။ အဲဒီ သူဌေးနှစ်ယောက်ကိုတော့ ကျုပ် ကိုယ်တိုင် နောက်မှ သွားစစ်ဆေးမယ်၊ ကျန်တာတွေကတော့ လောလောဆယ် ကိစ္စမရှိသေးဘူး။
ဪ .. နောက်တစ်ကိစ္စ ရှိသေးတယ်၊ ခင်ဗျား အပြင်မှာ သူဌေးတွေ တော်တော်များများနဲ့ ပေါင်းသင်းခဲ့တယ် မဟုတ်လား။ အဲဒီ သူဌေးတွေက ဘယ်သူတွေလဲ၊ ဘာတွေ ဝါသနာပါလဲ ဆိုတာ မှတ်တမ်းတင်ထားတယ် မဟုတ်လား။"
ရှဲ့ရှန်းက ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်၏။ "စိတ်ချပါ သခင်လေး …. အပြင်မှာ သွားလာနေတဲ့အချိန် ဒီလောက် အရည်အချင်းတော့ ကျုပ်ဆီမှာ ရှိပါတယ်။"
ဖန်ကျန်းရီက အလွန်ပဲ ကျေနပ်သွားခဲ့သည်။ "ကောင်းတယ် …. ဒါဆို ဆိုင်ဖွင့်တဲ့အချိန်ကျရင် အဲဒီလူတွေကို တတ်နိုင်သလောက် ဖိတ်ကြားလိုက်၊ သူတို့ကို အဝပျော်ခိုင်းလိုက်။ နောက်ဆို အလုပ်သမား ငှားရမ်းတဲ့အခါ အဲဒီလူတွေကို မသုံးလို့ မရဘူး။"
ရှဲ့ရှန်းက ထိုစကားကို ကြားချိန်မှာတော့ တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ "သခင်လေး …. ပြဿနာတစ်ခု ရှိတယ်၊ ဒီသူဌေးတွေထဲမှာ ယောကျာ်းချင်း သဘောကျတဲ့လူတွေ တော်တော်များများ ရှိတယ်၊ ဒါဆို ကျုပ်တို့က။"
ဖန်ကျန်းရီက ပွင့်လင်းစွာဖြင့် ပြောလိုက်၏။ "ဒါဆိုလည်း ယောကျာ်းလေး နောက်ထပ် အနည်းငယ် ထပ်ငှားလိုက်ပေါ့။ မိန်းမဝတ်စုံ လဲခိုင်းထားပြီး အဲဒီအချိန်ကျရင် သူတို့ကို အံ့သြသွားအောင် လုပ်ပေးလိုက်။"
စားပွဲပေါ်တွင် ရုတ်တရက် လူတစ်ယောက်၏ မျက်လုံးများ အရောင်လက်သွားကာ ပြောလိုက်၏။ "ဒါဆို လွယ်တာပေါ့၊ အစ်ကိုကွေ့က ဒီလိုမျိုးကို သဘောကျတာ၊ အစ်ကိုကွေ့ကို သွားခိုင်းလိုက်ရင် မကောင်းဘူးလား၊ သူက တကယ့်ကို တဏှာရူးပဲ။"
ဖန်ကျန်းရီက ထူးဆန်းသော မျက်နှာထားဖြင့် လျန်ကွေ့ကို ကြည့်လိုက်၏။ "ဘယ်လောက်တောင် တဏှာရူးတာလဲ။"
"လောက တဏှာရူးထက်ကို ခြေတစ်ဖျားသာတယ်။"
လျန်ကွေ့၏ မျက်နှာတစ်ပြင်လုံး နီရဲသွားကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ "မင်း .. သွားစမ်း ချီးထုပ်၊ လူလို ပြောတတ်ရဲ့လား။"
လူတစ်စုသည် ချက်ချင်းပဲ ရယ်မောလိုက်ကြပြီး လှေပေါ်တွင် ခေတ္တမျှ ပျော်ရွှင်ဖွယ် အငွေ့အသက်များ ပြည့်နှက်သွားခဲ့သည်။
လူအားလုံး ရယ်မောပြီးနောက် ဝူရှန်းက ထပ်မံ မတ်တပ်ရပ်ကာ ပြောလိုက်၏။ "သခင်လေး …. လေပန်းချီစံအိမ် နာမည်ပေးတာတော့ ပြီးသွားပြီ၊ ဒါပေမဲ့ တခြားကိစ္စတွေကို သခင်လေး မမှာကြားရသေးဘူးလေ။
ဒီ ပြည့်တန်ဆာရုံထဲမှာ ဘာတွေစားရမလဲ၊ နောက်ပြီး ဘာဝန်ဆောင်မှုတွေ ရှိမလဲ ဆိုတာကို ကြိုတင်မှာကြားပေးပါ၊ ကျုပ် လူလွှတ်ပြီး စီစဉ်ခိုင်းလိုက်မယ်။"
ဖန်ကျန်းရီက ထိုင်ခုံနောက်ကျောကို မှီကာ ခေါင်းကိုမော့၍ ယခင်ဘဝက မြင်တွေ့ခဲ့ရသည်များကို ပြန်လည် စဉ်းစားနေ၏။
အချိန်အတန်ကြာမှသာ ကိုယ်နေဟန်ထားကို တည့်မတ်ကာ ပြောလိုက်သည်။ "ဒီ လေပန်းချီစံအိမ်မှာ ကျုပ်တို့က အသင်းဝင်စနစ် လုပ်ရမယ်၊ စိန်၊ ရွှေ၊ ငွေ၊ ကြေး၊ သံ ဆိုပြီး အဆင့်တွေ ခွဲထားမယ်။ သုံးစွဲတဲ့ ငွေပမာဏအလိုက် အသင်းဝင်ကတ်တွေကို ထုတ်ပေးမယ်၊ အဆင့်တစ်ဆင့်ချင်းစီက သက်ဆိုင်ရာ ဝန်ဆောင်မှုတွေကို ခံစားခွင့်ရှိတယ်။
အထပ်တစ်ထပ်ချင်းစီ၊ အခန်းတစ်ခန်းချင်းစီကိုလည်း အဆင့်ခွဲခြားမှုတွေ လုပ်ထားရမယ်။
အထဲမှာ စာကြည့်တိုက်၊ ဧည့်ခန်း ဘာညာတွေ လုပ်ထားရမယ်၊ ရှားပါးစာအုပ်တွေကို များများ စုဆောင်းထားရမယ်၊ ပညာတတ် ပုံပေါက်လေ ပိုကောင်းလေပဲ။
ရေပူစမ်း ဘာညာတွေကတော့ ပြောနေစရာ မလိုဘူး၊ ရွှေတွေ၊ ကျောက်စိမ်းတွေ ကွပ်ထားတာကိုတော့ ခင်ဗျားတို့ဘာသာ ကြည့်လုပ်ကြတော့၊ ပြီးရင် ကျုပ်ဆီ ပြန်လာပြီး စာရင်းရှင်းပေါ့။ စားသောက်ဖို့က အရေးကြီးဆုံးပဲ၊ ဈေးကြီးရမယ်၊ ရှားပါးရမယ်၊ ထူးဆန်းရမယ်။"
လူအားလုံးက မနေနိုင်ဘဲ ဘေးတိုက်လှမ်းကြည့်လိုက်ကြ၏။
ဝူရှန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "သခင်လေး … ပင်လယ်စာ ဟင်းလျာတွေက ဒီဟင်းပွဲလောက်နဲ့ မလုံလောက်သေးဘူးလား။ ဒီလို ဟင်းလျာတွေကို ချက်ပြုတ်နိုင်တဲ့ စားသောက်ဆိုင်တွေက ကျန်းကျန် တစ်မြို့လုံးမှာတောင် သိပ်မရှိဘူး။"
ဖန်ကျန်းရီက လက်ကာပြကာ ပြောလိုက်သည်။ "မဟုတ်ဘူး၊ ဒါက ဘာမှ မဟုတ်သေးဘူး။ မြို့ထဲမှာ အကောင်းဆုံး စားဖိုမှူးတွေကို သွားရှာပေး။ ပြီးတော့ မုဆိုးတစ်စုကို ငှားလိုက်၊ ကျား၊ ဝက်ဝံ၊ ဒေါင်း၊ သင်းခွေချပ် ဘာပဲဖြစ်ဖြစ် အကုန်လုံး ဖမ်းခိုင်းလိုက်။
ချက်တဲ့အချိန်ကျရင် ကျက်အောင် ချက်ရမယ်၊ နူးနေအောင် ချက်ရမယ်၊ တူးသွားရင်တောင် ရတယ်၊ နည်းနည်းလေး မကျက်တာ တွေ့တာနဲ့ စားဖိုမှူးကို အလုပ်ကနေ ဖြုတ်ပစ်လိုက်။"
အကယ်၍ မကျက်ဘဲ ရှေးခေတ်မှာ ကူးစက်ရောဂါတွေ ဘာတွေ ဖြစ်လာရင် ဖန်ကျန်းရီက တကယ်ကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
တိရစ္ဆာန်တွေ ရှားပါးသည်ဖြစ်စေ၊ မရှားပါးသည်ဖြစ်စေ၊ မျိုးသုဉ်းသွားသည်ဖြစ်စေ သူ လုံးဝ ဂရုမစိုက်ချေ။
လူတွေတောင် အသက်မရှင်နိုင်တော့တာကို တိရစ္ဆာန်တွေကို ဂရုစိုက်နေရအုံးမှာလား။ အားလုံး အစာအိမ်ထဲ ဝင်စမ်း။
လူအားလုံးက ထိုစကားကို ကြားပြီးနောက် မနေနိုင်ဘဲ တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။
ကောင်းကင်ဘုံ …. သခင်လေး နန်းမြို့တော်ကို ဝင်သွားတာနဲ့ အရင်နဲ့ မတူတော့ဘူးပဲ၊ တောက်ယွမ်ခရိုင်မှာ တုန်းကထက် အများကြီး ပိုပြီး ကြီးကျယ်လာတယ်၊ အခု နွားတွေတောင် သူ့ကို မကျေနပ်စေနိုင်တော့ဘူးလား။
ဝူရှန်းက မျက်နှာကြက်ကို မော့ကြည့်ကာ ပြန်လည်စဉ်းစားနေဟန်ဖြင့် ပြောလိုက်၏။ "အင်း …ဒေါင်းနဲ့ ကျားကို ကျုပ် ဒေသမှာတုန်းကတော့ မစားဖူးဘူး၊ ဒါပေမဲ့ သင်းခွေချပ်ကို စားတဲ့လူ ရှိတယ်လို့ မကြားဖူးပါဘူး၊ စားလို့ ရလို့လား။"
"ဘာလို့ စားလို့ မရရမှာလဲ၊ ခွန်အားတွေတောင် ဖြစ်စေသေးတယ်၊ နို့ထွက်ကောင်းစေတယ်။"
ရှဲ့ရှန်းသည် ရှုပ်ထွေးသွားခဲ့၏။ သူ ငယ်ရွယ်စဉ်က ဆေးပညာကို စိတ်ဝင်စားခဲ့ပြီး ဆေးကျမ်းများစွာကိုပဲ ဖတ်ရှုခဲ့ဖူးသောကြောင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "သခင်လေး … သင်းခွေချပ်က နို့ထွက်ကောင်းစေတယ် ဆိုတာကို ဘယ်ကနေ ကြားဖူးတာလဲ။ ကျုပ် ဆေးပညာတစ်ချို့ကို သင်ယူဖူးပေမဲ့ မကြားဖူးပါဘူး။
သူက အပေါက်ဖောက်နိုင်မှတော့ သေချာပေါက် နို့ထွက်ကောင်းစေမှာပေါ့၊ စဉ်းစားနေစရာ လိုသေးလို့လား။"
လူအားလုံး ချက်ချင်းပဲ ဆွံ့အသွားကြ၏။ ကြွက်ကလည်း အပေါက်ဖောက်နိုင်တာပဲလေ။ ဘာလို့ ကြွက်စားပြီး နို့ထွက်ကောင်းစေတယ်လို့ မကြားဖူးတာလဲ။
ရှဲ့ရှန်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "ဒါ ဒါက မမှန်ဘူးလေ။"
ဖန်ကျန်းရီက မျက်လုံးပြူးကာ ပြောလိုက်သည်။ "ဘာလို့ မမှန်ရမှာလဲ၊ ဒါတွေက ဘိုးဘေးတွေရဲ့ ဉာဏ်ပညာတွေပဲ။ ဘိုးဘေးတွေရဲ့ ကိစ္စကို လျှောက်မမေးနဲ့၊ ဘိုးဘေးတွေ မပြောခဲ့ဘူးဆိုရင်တောင် ကျုပ် သေသွားပြီး နှစ်ထောင်ချီ ကြာသွားရင်လည်း ကျုပ်က ဘိုးဘေးပဲ။"
လူအားလုံး၏ မျက်နှာပေါ်တွင် မတတ်နိုင်မှုများ ပြည့်နှက်သွားကြ၏။ သခင်လေးက ဒီလိုပါပဲ။ ကျင့်သားရနေပါပြီ။
ရှဲ့ရှန်းက မကျေမနပ်ဖြင့် ပွစိပွစိ ပြောလိုက်၏။ "ကျုပ် ဘာလို့ မသိရတာလဲ။"
ဖန်ကျန်းရီက ထိုစကားကို ကြားချိန်မှာတော့ မျက်နှာပေါ်တွင် မထီမဲ့မြင် ဖြစ်မှုများ ပြည့်နှက်သွားခဲ့သည်။
ဟမ့် ….။
လူအားလုံး စကားမပြောကြသည်ကို မြင်လိုက်ချိန်မှာတော့ ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ဆရာတော် ဟွေကျွယ်၊ အားရင် အပြင်ထွက်ပြီး လျှောက်သွားလိုက်ပါအုံး၊ တခြား ဘုန်းကြီးကျောင်းတွေမှာ နာမည်ကြီးအောင် လုပ်ပေါ့။
ခင်ဗျား နာမည်ကြီးလာရင် ဘုန်းကြီးကျောင်း ဆောက်ဖို့ အလှူငွေကောက်ရတာ လွယ်လွယ်လေး မဟုတ်ဘူးလား၊ ပိုက်ဆံရှိတဲ့ လူတော်တော်များများက အယူသီးကြတယ်လေ။"
ဟွမ်ရှန်းရုံသည် ဝက်နားရွက် တစ်ပန်းကန်ကို ကိုင်ကာ ပျော်ရွှင်စွာ စားသောက်နေစဉ် ဖန်ကျန်းရီ၏ စကားကို ကြားလိုက်ရသောကြောင့် ချက်ချင်းပဲ မှင်တက်သွားခဲ့၏။
ပန်းကန်သည် ခွမ်းခနဲ အသံနှင့်အတူ စားပွဲပေါ်သို့ ကျသွားခဲ့သည်။
"နောက်တစ်ခု ရှိသေးတယ်၊ ဒီ လေပန်းချီစံအိမ်က ဝန်ဆောင်မှုတွေက ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်နေရမယ်၊ ကျန်တဲ့အလုပ်တွေကတော့ ပြောနေစရာ မလိုပါဘူး။ ဧည့်သည်ရဲ့ အိမ်က ကြောင် ပျောက်သွားရင်တောင် ကျုပ်တို့က ကူရှာပေးနိုင်ရင် ကူရှာပေးရမယ်။
အချုပ်ပြောရရင် သူတို့ကို လေပန်းချီစံအိမ်ရဲ့ ဝန်ဆောင်မှုတွေက အကုန်ပါဝင်တယ် ဆိုတဲ့ အထင်အမြင်မျိုး ရစေရမယ်။ ဒီနေရာမှာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေကိုတောင် ဖြစ်မြောက်အောင် လုပ်ပေးနိုင်တယ်ဆိုတာ နားလည်လား။ ခင်ဗျားတို့ထဲက နောင်ကျရင် လေပန်းချီစံအိမ်ကို သွားပြီး စီမံခန့်ခွဲမယ့်သူ ရှိလာလိမ့်မယ်။
အဲဒီအချိန်ကျရင် ခင်ဗျားတို့ရဲ့ စောက်ကျင့်ဆိုးတွေကို သိမ်းထားကြ၊ ဖောက်သည်တွေကို ရိုက်နှက်ဆဲဆိုတာတွေ လုံးဝ တားမြစ်တယ်။"
လူအားလုံးက တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။ "နားလည်ပါပြီ။"
ဖန်ကျန်းရီက မတ်တပ်ရပ်ကာ အဝတ်အစားများကို ပုတ်လိုက်၏။ "ရပြီ၊ ခင်ဗျားတို့ ဆက်စားကြတော့၊ ကျုပ် အဲဒီ သူဌေးနှစ်ယောက်ကို သွားပြီး စစ်ဆေးလိုက်ဦးမယ်။"
လှည့်ထွက်သွားရန် ပြင်လိုက်စဉ် သူသည် ရုတ်တရက် တစ်စုံတစ်ခု လိုအပ်နေသည်ဟု ခံစားလိုက်ရသောကြောင့် လူအားလုံးကို တစ်ချက် ကြည့်လိုက်ပြီး သံသယဖြင့် မေးလိုက်၏။ "အမ် … လုဖာရော၊ သူ ဘယ်ရောက်သွားတာလဲ။"
"သူ လျိုရွှန်းကို စစ်ဆေးနေတယ်၊ သူတို့နှစ်ယောက်လုံး မျက်လုံးချင်း စိုက်ကြည့်နေတာ တစ်နေကုန် ရှိနေပြီ။"