မင်း သတ္တိရှိရင် ငါနဲ့ ပြိုင်
Vol. 13 Ch. 184
နှစ်ရက်ကြာပြီးနောက် ရဲ့လင်းချန်က ကျန်းဟဲထံမှ ဖုန်းလက်ခံ ရရှိလေသည်။ စာချုပ်ချုပ်ခြင်း လုပ်ငန်းစဉ် ပြီးလုနီးပါး ဖြစ်နေပြီဟု ဆိုသည်။ လုပ်စရာ ကျန်တာဟူ၍ ရဲ့လင်းချန် ပေါ်လာပြီး ဓာတ်ပုံအရိုက်ခံကာ သူ၏ ဘတ်စကတ်ဘောသမား အိုင်ဒီကို ရယူရန်သာ ရှိတော့သည်။
ရဲ့လင်းချန် သဘောတူလိုက်သည်။ သူ့အတန်းချိန်အပြီးတွင် အချိန်ရသေးသဖြင့် ဘတ်စ်ကားစီးကာ အားကစားရုံသို့ သွားလေသည်။
သူ အားကစားရုံသို့ ရောက်သောအခါ ကျန်းဟဲက သူ့ကို တံခါးဝ၌ စောင့်ကြိုနေပြီး ဘတ်စကတ်ဘော အဖွဲ့အစည်း၏ ဒုတိယထပ် ရုံးခန်းသို့ တန်းခေါ်သွားသည်။
“ရဲ့လင်းချန် ကင်မရာကို ကြည့်ပေးပါ၊ ငါတို့ မင်းရဲ့ ကိုယ်ရေးအကျဉ်းကို အချက်အလက်အားလုံး သိမ်းဆည်း ထားဖို့အတွက် ကွန်ပျူတာထဲ သွင်းထားဖို့ လိုတယ်”
ကျန်းဟဲက ပြုံး၍ ပြောလိုက်သည်။ ဘတ်စကတ်ဘော ကြယ်ပွင့်တစ်ယောက်ကို အောင်မြင်စွာ ခန့်လိုက် နိုင်သဖြင့် သူ့ကိုယ်သူ အလွန် ပျော်ရွှင်နေလေသည်။
တရုတ်နိုင်ငံ၏ ဘတ်စကတ်ဘောသည် အဝေးတော့သည့် အနာဂတ်၌ မြင့်မားလာမည့် မျှော်လင့်ချက် ရှိလာလေပြီ။
“ချလပ်”
ကင်မရာမီး ဖျပ်ခနဲ လတ်သွားခြင်းနှင့်အတူ ဓာတ်ပုံရိုက်ခြင်း အခန်းကဏ္ဍ ပြီးသွားလေသည်။
ဝန်ထမ်းက ကွန်ပျူတာကို တဂျောက်ဂျောက် ရိုက်၍ ရဲ့လင်းချန်၏ အချက်အလက်များကို တစ်ခုပြီးတစ်ခု သွင်းကာ သူတို့၏ မှတ်တမ်းထဲ စာရင်းသွင်းနေသည်။
ထို့နောက်တွင်မူ ကျန်းဟဲက စာချုပ်ကို ထုတ်လိုက်သည်။ ရဲ့လင်းချန် လက်မှတ်ထိုးထားသော စာချုပ်ကို ဓာတ်ပုံ ရိုက်ပြီးသည်နှင့် အားလုံး အသက်ဝင်သွားပေလိမ့်မည်။ ထိုသို့ဆိုလျင် လုပ်ရိုးလုပ်စဉ်များအားလုံး တရားဝင် ပြီးဆုံးပေလိမ့်မည်။
သို့သော် ထိုသို့သောအချိန်၌ သူတို့ထံသို့ အလျင်အမြန် လှမ်းလာနေသော ခြေသံများကို ကြားလိုက်ရသည်။
တစ်ခဏကြာသော် တစ်စုံတစ်ယောက်က ရုံးခန်းတံခါးကို တွန်းဖွင့်လာသည်။ ဝင်လာသူကိုမြင်သောအခါ လူတိုင်း အံ့ဩသွားကြသည်။ ဖမ်ဟမ်က နီမြန်းသောမျက်နှာနှင့် ဒေါသထွက်သော အကြည့်တို့ဖြင့် ဝင်လာသည်။
သူ့အနောက်မှ လူလတ်ပိုင်းအရွယ် မျက်မှန်နှင့် အမျိုးသားတစ်ယောက် လိုက်ပါလာသည်။ ထိုလူ၏ လေးထောင့်ကျကျ မျက်နှာတွင် တင်းမာမှုတို့ လွှမ်းမိုးနေပြီး အခြားသူများအား သူ၏ တည်ငြိမ်သော်လည်း လေးနက်သော အသွင်အပြင်ကြောင့် အလွန်ကြောက်လန့်လာသလို ခံစားလာရသည်။
“ဆရာ၊ ဥက္ကဋ္ဌချင်၊ ခင်ဗျားတို့ ဘာလို့ ဒီကို ရောက်လာတာလဲ”
ကျန်းဟဲ၏ မျက်လုံးတွင် အံ့ဩရိပ်တို့ ပေါ်လာပြီး အံ့ဩတုန်လှုပ်စွာ ပြောလေသည်။
ချင်ယွမ်သည် တရုတ်နိုင်ငံ ဘတ်စကတ်ဘော အသင်း၏ ဥက္ကဋ္ဌ ဖြစ်ပြီး အထွေထွေ အားကစား အုပ်ချုပ်ရေး ဌာနမှ ဘတ်စကတ်ဘောဌာန၏ ခေါင်းဆောင်လည်း ဖြစ်ကာ ဘတ်စကတ်ဘော နယ်ပယ်၌ ခေါင်းဆောင် တစ်ဦးပင်။ တရုတ်နိုင်ငံ၏ ဘတ်စကတ်ဘော တိုးတက်မှုက သူ၏ ထောက်ပံ့မှုနှင့် ကြီးကြပ်မှုတို့နှင့် ချိတ်ဆက်နေ၏။
“ငါတို့ မလာရင် ဒီအဖွဲ့အစည်းက မင်းလက်ထဲမှာ ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို ဘယ်သူ သိတော့မလဲ”
ဖမ်ဟမ်က အော်ငေါက်တော့သည်။ သူသည် ကျန်းဟဲကို စူးစိုက်ကြည့်၍ ပြောသည်။
“ငါ ဥက္ကဋ္ဌချင်ကို ဖိတ်ထားတာ၊ ငါ့မှာ မင်းလို့ တပည့်မျိုး မရှိဘူး၊ တရားမျှတမှုအတွက် လိုအပ်လာရင် ငါ့တပည့် တစ်ယောက်ကို အပြစ်ပေးဖို့ အဆင့်သင့်ပဲ”
“ဆရာ၊ ဆရာ နားလည်မှုလွဲနေတာပါ …”
“ငါ့ခြေထောက်ကိုပဲ နားလည်မှုလွဲနေလိုက်”
ဖမ်ဟမ်၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူက ဘာတစ်ခွန်းမှမပြောဘဲ ကျန်းဟဲထံမှ စာချုပ်ကို လုယူ လိုက်သည်။
“မင်း ဘာလို့ ဒီလူနဲ့ စာချုပ်ချုပ်တာလဲ၊ ဘတ်စကတ်ဘောအသင်းက ဘာဖြစ်သွားပြီလဲ၊ ဒီကိစ္စမှာ မဟုတ်တရုတ် မပါနိုင်ဘူးလို့ ဘယ်သူက ယုံမှာလဲ”
သူက ပြော၍ပြီးသည်နှင့် စာချုပ်ကို ချင်ယွမ်ထံ ပေးလိုက်သည်။
ဥက္ကဋ္ဌချင်က မျက်မှန်ကို ပင့်တင်လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေပြီး တစ်ရွက်ပြီး တစ်ရွက်ကို ဖတ်ရှုနေသည်။ သူ၏ နဂိုကတည်းက လေးနက်နေသော မျက်နှာက ပို၍ သုန်မှုန်လာပြီး မျက်မှောင်ကြုတ် လာလေသည်။
“ဥက္ကဋ္ဌကျန်း၊ ခင်ဗျားကိုယ်တိုင် ရှင်းပါဦးလား”
ချင်ယွမ်၏ မျက်လုံးများက ကျန်းဟဲထံ တိုက်ရိုက် ကျရောက်လာပြီး အသံက အနည်းငယ် အေးစက်လာသည်။
“ဒီလိုလုပ်တာက ခင်ဗျား စည်းမျဉ်းကို ကြီးကြီးမားမား ဖောက်ဖျက်လိုက်တာပဲ၊ ဒါ လုပ်ပိုင်ခွင့်ကို အသုံးချတာ၊ ခင်ဗျား ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် မပေးနိုင်ရင် ကျုပ် ဒါကို သက်ဆိုင်ရာ ဌာနဆီ တိုင်တန်းရလိမ့်မယ်”
“ဥက္ကဋ္ဌချင်၊ ရဲ့လင်းချန်က တကယ့်ကို ဘတ်စကတ်ဘော ပါရမီရှင် တစ်ယောက်ပါ၊ ကျွန်တော့် မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့တာပါ၊ သူက သေချာပေါက် တရုတ်နိုင်ငံ ဘတ်စကတ်ဘောရဲ့ ရည်မှန်းချက်ကို ထမ်းဆောင်နိုင်မှာပါ”
ကျန်းဟဲ၏ မျက်လုံးတွင် ရိုးဖြောင့်မှုတို့နှင့် ပြည့်နှက်နေသည်။
“ရဲ့လင်းချန်ကို အချိန်နည်းနည်းပဲ ပေးလိုက်ပါ၊ သူ သေချာပေါက် သက်သေ ပြပါလိမ့်မယ်”
“ခေါင်းမာလိုက်တာ၊ မင်း ဒီလောက် ခေါင်းမာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ဖမ်ဟမ်သည် ဒေါသထွက်လွန်းသဖြင့် ခေါင်းမွေးပင် ထောင်လာလေသည်။
“ငါ့ဘဝရဲ့ နှစ်သုံးဆယ်ကို တရုတ်နိုင်ငံ ဘတ်စကတ်ဘောအတွက် နှစ်မြှုပ်ထားခဲ့တာကွ၊ လူတစ်ယောက်က ဘတ်စကတ်ဘောနဲ့ သင့်တော်လား၊ မကစားတတ်ဘူးလားဆိုတာကို ငါ မပြောနိုင်ဘူးလို့ မင်း ထင်နေလား၊ ဒီကောင်လေးမှာ သွေးနားထင်ရောက်နေတာကိုပဲ ငါ မြင်နေရတယ်ကွ၊ သူနဲ့ပတ်သက်ပြီး ဘာမှကောင်းတာ မရှိဘူး”
“ဒီစာချုပ်က ဟာသပဲ”
ထိုသို့ပြောပြီးသည်နှင့် သူသည် ဒေါသထွက်လွန်းသဖြင့် စာချုပ်ကို လုံးချေကာ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။
“ဆရာ”
ကျန်းဟဲ ချက်ချင်း စိုးရိမ်တုန်လှုပ်လာပြီး သူ့အသံတွင် သွေးပျက်ဟန်တို့ ပါဝင်လာသည်။
“ဥက္ကဋ္ဌကျန်း မင်းရဲ့ လုပ်ရပ်က စိတ်ပျက်ဖို့ ကောင်းလွန်းတယ်”
ချမ်ယွမ်က ခေါင်းခါလေသည်။
“အထက်အရာရှိတွေကို မင်းရဲ့ ဥက္ကဋ္ဌရာထူးကို ယာယီအစားထိုးထားပေးဖို့ ငါ စာတင်မယ်”
“ဒီလိုဆိုရင်လည်း မေ့လိုက်တာပေါ့”
တစ်ချိန်လုံး တိတ်နေခဲ့သည့် ရဲ့လင်းချန်က ရုတ်တရက် မှတ်ချက်ပြုလာသည်။ သူ့တွင် ဤကိစ္စက သူနှင့် ဘာမှမသက်ဆိုင်သကဲ့သို့ အရေးမစိုက်သော အမူအရာမျိုး ရှိနေသည်။
သူ ပြောပြီးသည်နှင့် ချက်ချင်း ခြေကိုလှမ်း၍ မည်သို့သော ခင်တွယ်သည့် အမှတ်တရများ မရှိဘဲ တံခါးအပြင်သို့ လျှောက်သွားသည်။
သူ ဒုတိယထပ်မှ ဆင်းလာပြီး တံခါးပေါက်ဘက်သို့ ဦးတည်သွားလေသည်။
‘ကျောင်းသားရဲ့ နေပါဦး”
ကျန်းဟဲသည် တစ်ခဏမျှ မှင်တက်နေပြီးမှ အသည်းအသန် ပြေးလိုက်ကာ အနောက်မှ စိုးရိမ်တကြီး အော်ခေါ် လေသည်။
“ရဲ့လင်းချန် ခဏစောင့်ပါဦး”
ကျန်းဟဲက ရှေ့သို့ပြေးလာပြီး ရဲ့လင်းချန်ရှေ့၌ ရပ်ကာ တားဆီးလေသည်။ ထိုအခိုက်တွင် ကျန်းဟဲ၏အသံက အနည်းငယ် အက်နေပြီ ဖြစ်သည်။
“ကျောင်းသား ရဲ့လင်းချန်၊ ငါ့ဆရာက နည်းနည်း စိတ်ဆတ်တတ်လို့ပါ၊ ဒါပေမဲ့ သူက တကယ်ကို သူ့တစ်ဘဝလုံး တရုတ်နိုင်ငံရဲ့ ဘတ်စကတ်ဘောသမားတွေအတွက် မြှုပ်နှံထားခဲ့တာပါ၊ ငါ မင်းအစား တောင်းပန်ပါတယ်၊ မင်း နားလည်ပေးဖို့ မျှော်လင့်ပါတယ်”
ထို့နောက် သူသည် ဖမ်ဟမ်နှင့် ချင်ယွမ်တို့ကို လှမ်းကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
“ကျွန်တော့်ကို ရာထူးကနေ အစားထိုးလည်း ကိစ္စမရှိဘူး၊ ဒါပေမဲ့ ရဲ့လင်းချန်ကို ဘတ်စကတ်ဘော အသင်းမှာ ဝင်ခွင့်ပေးလိုက်ပါ၊ ကျွန်တော် ဆုံးဖြတ်ချက် မှားခဲ့တာ မဟုတ်ပါဘူး၊ ဆရာ၊ ဆရာ့ရဲ့ ဒီတပည့်ကို ယုံကြည်ပေး သင့်ပါတယ်”
*ဒါ … ဒါ …*
အားလုံး၏ မျက်နှာတွင် အံ့ဩဟန် ပေါ်လာသည်။
အထူးသဖြင့် ဖမ်ဟမ်ဆိုလျင် မျက်နှာ အမူအရာ လျင်မြန်စွာ ပြောင်းလဲနေ၏။
အဘယ်အကြောင်းကြောင့် ကျန်းဟဲထံမှ ဤသို့ အလွန် ယုံကြည်မှု ရနေသနည်း။ ဘယ်လိုလုပ် ထိုကောင်လေးက ဥက္ကဋ္ဌကျန်းထံမှ ဤသို့သော အသိအမှတ်ပြုမှု ရသွားသနည်း။
“ကျန်းဟဲ မင်း … မင်း တကယ် ရူးသွားပြီပဲ၊ နိုးထစမ်းပါ”
ဖမ်ဟမ်က စိတ်ရှုပ်ထွေးစွာ သက်ပြင်းချလေသည်။
“ဥက္ကဋ္ဌ ခင်ဗျား ဘာဖြစ်တာလဲ”
“ဥက္ကဋ္ဌ ဒီလူအတွက်နဲ့ အဲ့လောက် ဒုက္ခခံဖို့ မတန်ဘူးဗျ”
“ဥက္ကဋ္ဌ ကျုပ်တို့ထဲက ဘယ်သူကမှ ဒီကောင့်အဆင့်ကို မမီဘူးလို့ ပြောချင်တာလား”
အားကစားခန်းမထဲမှ ကစားသမားများသည်လည်း တွေဝေကုန်သည်။ တစ်ယောက်ချင်းစီက ဒေါသနှင့် မကျေနပ်ဟန်များ ဖော်ပြလာသည်။
ကျန်းဟဲသည် သူတို့၏ ဥက္ကဋ္ဌဖြစ်ပြီး အမြဲ သူတို့ကို လေ့ကျင့်ပေးသည့် တာဝန်ကို ယူထားခဲ့သည်။ သူသည် စည်းကမ်းကြီးပြီး တာဝန်ယူလိုစိတ် ရှိသည်။ သူက သူတို့၏ ဆရာဖြစ်သလို မိတ်ဆွေလည်း ဖြစ်၏။
*ဘာလို့ သူက သာမန်လူတစ်ယောက်အတွက် ဒီလို ဖြစ်လာရတာလဲ*
သူတို့စိတ်ထဲတွင် ဤသည်က အလွန် နေရခက်စေသော အဖြစ်ပင်။ မကျေနပ်ခြင်းနှင့် အားမရခြင်းနှင့်အတူ မနာလိုစိတ်တို့ ဖြစ်ပေါ်လာသည်။
“ဥက္ကဋ္ဌကျန်း၊ ခင်ဗျားရဲ့ လေးစားစိတ်ကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က အဖွဲ့အစည်းနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဆက်ဆံရေး မကောင်းနေမှတော့ ဒီမှာပဲ လမ်းခွဲကြတာပေါ့”
ရဲ့လင်းချန်က ရိုးရိုးရှင်းရှင်း ပြောကာ ပြုံးလိုက်သည်။
“ခင်ဗျားက ဘတ်စကတ်ဘော နည်းပြဆရာကောင်းတစ်ယောက်ပါ”
သူ့စကားအဆုံး၌ သူသည် ခြေတစ်ဖက်ကိုကြွ၍ ထွက်သွားရန် ပြင်လိုက်သည်။
“ဝှီး”
ထိုစဉ် ဘတ်စကတ်ဘောလုံးက လေကိုတိုး၍ ပျံသန်းလာပြီး ရဲ့လင်းချန်ရှိရာဘက်သို့ တစ်ရှိန်ထိုး ဦးတည်လာ၏။
ဘောလုံးက အလွန် မြန်ဆန်သောနှုန်းဖြင့် ပျံသန်းလာနေပြီး တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်မှန်း သိသာပေသည်။
ရဲ့လင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဖမ်းလိုက်သည်။
“ဘုန်း”
ဘောလုံးကို ဖမ်းထိန်း၍ ကိုင်ထားရန် လက်တစ်ဖက်သာ သူ လိုအပ်ပေသည်။
*သူ တကယ် ဖမ်းလိုက်နိုင်တာလား*
လူတိုင်း အံ့အားသင့်သွားကြသည်။
ဖမ်ဟမ်နှင့် ချင်ယွမ်တို့သည် အချင်းချင်း ထိတ်လန့်နေသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီးနောက် ရဲ့လင်းချန်အပေါ် စတင်၍ အမြင်ပြောင်းလာလေသည်။
ထိုပစ်ချက်က အတော်လေး အားပြင်းသည်။ သာမန်လူသာဆိုလျင် ရှောင်ဖို့များပြီး ဖမ်းမည်ဆိုပါက အတော်လေး သတိထားရပေမည်။ သို့သော် ရဲ့လင်းချန်၏ ခြေဖဝါးက တစ်လက်မလေးမှ မလှုပ်သည့်အပြင် ဘောလုံးအား လက်တစ်ဖက်ဖြင့် အသာလေး ဖမ်းနိုင်ခဲ့သည်။
သူ၏ နည်းပညာနှင့် စိတ်အခြေအနေက တစ်မူထူးခြားလွန်းလှသည်။
“ဟေ့ အရင်တစ်ခါတုန်းက ငါက မင်းပြိုင်ဘက် ဖြစ်ဖို့ မထိုက်တန်ဘူးလို့ မင်း ပြောခဲ့တယ်မလား”
ကပ္ပတိန် ချမ်ရှန်က အေးအေးလူလူ လျှောက်လာပြီး ရဲ့လင်းချန်အား စိုက်ကြည့်လေသည်။
“ဘာတွေကများ မင်းကို ဥက္ကဋ္ဌက တန်ဖိုးထားအောင် လုပ်တာလဲဆိုတာ ငါ သိချင်တယ်၊ မင်း သတ္တိရှိရင် ငါနဲ့ပြိုင်”