အခန်း (၂၂၈-၂၂၉)
Vol. 13 Ch. 228-229
အပိုင်း (၂၂၈) ကျန်းကျန်မြို့ အရှင်သခင် ပြောင်းလဲခြင်းနှင့် အမိန့်တော် ရောက်ရှိလာခြင်း။
စွန်းမိသားစုနှင့် ဝမ်မိသားစုတို့၏ အိမ်တော်သခင် နှစ်ယောက်ကို ဖမ်းဆီးထားသော အခန်းထဲသို့ ရောက်ရှိလာခဲ့၏။
အခန်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် စွန်းကျားချန်နှင့် ဝမ်ချီရွှင်းတို့သည် ဖန်ကျန်းရီအား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
ဖန်ကျန်းရီက ရှေ့သို့တိုးကာ သူတို့နှစ်ယောက်၏ ပါးစပ်ထဲ၌ ဆို့ထားသော အဝတ်စများကို ဆွဲထုတ်လိုက်ပြီး ကြိုးများကို ဖြေပေးလိုက်၏။
ထို့နောက် မတ်တပ်ရပ်ကာ ဖော်ရွေသော အပြုံးဖြင့် ပြောလိုက်သည်။ "အိမ်တော်သခင် နှစ်ယောက် ထကြပါအုံး။"
စွန်းကျားချန်က အသက်ပြင်းပြင်း နှစ်ချက်ရှူလိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် မြို့ဝန်ဖန်။"
ဖန်ကျန်းရီက စားပွဲဆီသို့ လျှောက်သွားကာ သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးလိုက်ပြီး သူတို့ရှေ့သို့ ကမ်းပေးလိုက်ရာ သူတို့နှစ်ယောက်က လက်ဖက်ရည်ခွက်ကို လှမ်းယူကာ အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
"ခင်ဗျားတို့နှစ်ယောက် အခု လွတ်လပ်သွားပြီ။"
သူတို့နှစ်ယောက်၏ မျက်လုံးများထဲတွင် အံ့အားသင့် ဝမ်းသာမှုများ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ "တကယ်လား။"
"ဒါပေါ့ …တကယ်တာပေါ့၊ ကျုပ်က အလုပ်လုပ်ရင် ဘယ်တော့မဆို ဖြောင့်ဖြောင့်မတ်မတ် လုပ်လေ့ရှိတယ်၊ အာဏာပိုင်က မှောင်ခိုစကား မပြောဘူး။"
ဖန်ကျန်းရီက စကားလမ်းကြောင်း လွှဲလိုက်၏။ "ဒါပေမဲ့ ထွက်သွားချင်ရင်တော့ စည်းကမ်းချက် ရှိတယ်။"
သူတို့နှစ်ယောက် ထိုစကားကို ကြားချိန်မှာတော့ ထပ်မံ၍ စိုးရိမ်ထိတ်လန့်သွားကြပြန်သည်။
"ဘာစည်းကမ်းချက်လဲ။"
ဖန်ကျန်းရီက အေးစက်စက် ပြုံးလိုက်၏။ "ဟားဟား…. သိပ်တော့ ခက်ခဲတဲ့အရာ မဟုတ်ပါဘူး၊ ကျုပ် စုံစမ်းပြီးသွားပြီ၊ ခင်ဗျားတို့က လျိုရွှန်းအတွက် ပစ္စည်းတွေကို ဖျောက်ဖျက်ပေးရုံသတ်သတ်ပဲ၊ ရိုးရှင်းတဲ့ စီးပွားရေး အဆက်အသွယ်လောက်ပဲ ရှိတာ။
ဒီကိစ္စအတွက် ကျုပ်က အရင်က အပြစ်တွေကို ခွင့်လွှတ်ပေးနိုင်တယ်၊ ခင်ဗျားတို့ ရထားတဲ့ ငွေတွေကိုလည်း ခင်ဗျားတို့ပဲ ဆက်သိမ်းထားနိုင်တယ်၊ စပါးကျီထဲကနေ ခင်ဗျားတို့ လဲလှယ်ယူထားတဲ့ ဆန်တွေကို ပြန်ပေးရင် ရပြီ။
ဒါပေမဲ့ ဒီကနေ့ကစပြီး ခင်ဗျားတို့က ခေါ်တဲ့အချိန်တိုင်း ရောက်လာရမယ်၊ ကျုပ် ခိုင်းသမျှ ကိစ္စတိုင်းကို အကြောင်းပြချက်မရှိဘဲ ပူးပေါင်းဆောင်ရွက်ပေးရမယ်၊ မဟုတ်ရင်တော့ ကျုပ်ကို မညှာတာဘူးလို့ အပြစ်မတင်နဲ့တော့။"
ခင်ဗျားက ကျုပ်တို့ကို သေခိုင်းရင် ကျုပ်တို့က သွားသေရမှာလား။ ကျုပ်တို့ရဲ့ ပိုင်ဆိုင်မှု အကုန်လုံးကို တောင်းရင်ရော ကျုပ်တို့ကို သတ်တာနဲ့ ဘာကွာတော့မှာလဲ။
စွန်းကျားချန်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ "မြို့ဝန်မင်း ဒါက။"
"ဘာလဲ၊ ခင်ဗျားတို့က လျိုရွှန်းနဲ့ကျတော့ စီးပွားရေး လုပ်လို့ရပြီး ကျုပ် ဖန်ကျန်းရီနဲ့ကျတော့ စီးပွားရေး လုပ်လို့ မရဘူးလား။"
ပြောရင်းနှင့် ဖန်ကျန်းရီသည် သူတို့နှစ်ယောက်အနီးသို့ လျှောက်သွားကာ သူတို့၏ ပခုံးများကို ပုတ်လိုက်သည်။
"ခင်ဗျားတို့ စိတ်ချပါ၊ ကျုပ်က ဘယ်တော့မှ သူများတွေကို အတင်းအကျပ် မလုပ်ခိုင်းပါဘူး၊ ခင်ဗျားတို့သာ ကျုပ်နဲ့ ရိုးရိုးသားသား ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုတွေ တစ်ပြားတစ်ချပ်မှ လျော့မသွားမယ့်အပြင် အမြတ်ကြီးကြီးတောင် ရနိုင်သေးတယ်၊ ဘယ်လိုလဲ။"
ဒီအခြေအနေရောက်နေပြီဆိုတော့ မိသားစုတစ်ခုလုံး သုတ်သင်ခံရမယ့် အပြစ်ကြီးကိုတောင် တွေ့သွားပြီ၊ လက်မှတ်ထိုးပြီး ဝန်ခံချက်တွေတောင် ပေးထားရပြီ။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းက သူများလက်ထဲ ရောက်နေပြီဆိုတော့ တခြား ရွေးချယ်စရာ မရှိတော့ဘူးထင်တယ်။
စွန်းကျားချန်နှင့် ဝမ်ချီရွှင်းတို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ခေါင်းညိတ် လိုက်ကြ၏။ "မြို့ဝန်မင်းအတွက် အမှုထမ်းပေးဖို့ ဆန္ဒရှိပါတယ်။"
"ကောင်းပြီ၊ ခင်ဗျားတို့ သွားလို့ရပြီ။"
သူတို့နှစ်ယောက်သည် အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး တံခါးအပြင်ဘက်သို့ အလျင်အမြန် လျှောက်သွားကြသည်။
တံခါးဝသို့ ရောက်ချိန်မှာပဲ ဖန်ကျန်းရီ၏ အသံ ထွက်ပေါ်လာခဲ့၏။ "ထွက်ပြေးဖို့တော့ မကြိုးစားနဲ့နော်၊ ခင်ဗျားတို့ရဲ့ ပြစ်မှု အထောက်အထားတွေက ကျုပ်လက်ထဲမှာ ရှိသေးတယ်၊ အရှင်မင်းကြီးရှေ့ကိုများ ရောက်သွားရင် ဘာဆက်ဖြစ်မလဲဆိုတာ ခင်ဗျားတို့ နားလည်ပါတယ်။"
"အသက် ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့ဝန်မင်း။"
"ဟားဟား .. သွားတော့။"
နောက်တစ်နေ့ ရုံးတော်ခန်းမအတွင်း၌။
ဖန်ကျန်းရီသည် လျိုရွှန်း၏ နေရာတွင် ခြေကားယားလက်ကားယားဖြင့် ဝင်ထိုင်လိုက်ပြီး သူ၏ရှေ့တွင် အရာရှိငယ် တစ်စု ရပ်နေကြ၏။
လူတိုင်းသည် ကြောက်ရွံ့တုန်လှုပ်နေကြသည်။
ဤလူများသည် လှေပေါ်တွင် ရက်အနည်းငယ်ကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး တစ်ညသာ အနားယူရသေးသောကြောင့် သက်သာရာမရသေးချေ။
ဖန်ကျန်းရီ၏ ပြတ်သားကြမ်းတမ်းလှသော လုပ်ရပ်များသည် သူတို့၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေဆဲဖြစ်ပြီး အချို့ကမူ တည့်တည့်ပင် မကြည့်ရဲကြပေ။
ထိုအခြေအနေကို မြင်လိုက်ချိန်မှာတော့ ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်၏။ "အားလုံး စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ ဒီနေ့ အားလုံးကို ခေါ်လိုက်တာက ကိစ္စလေးနည်းနည်း အသိပေးချင်လို့ပါ။
လျိုရွှန်းနဲ့ သူ့လက်အောက်က ဒုတိယမြို့ဝန်တို့ ခေါင်းဖြတ်ခံရတော့မယ်ဆိုတာ အတည်ဖြစ်သွားပြီ။ ဒါကြောင့် အားလုံးကို ကျုပ် ပြောချင်တာက ဒီကနေ့ကစပြီး နန်းတော်က မြို့ဝန်အသစ် မစေလွှတ်ခင်အချိန်အထိ ကျန်းကျန်မြို့ရဲ့ ကြီးငယ်ကိစ္စ အားလုံးကို ကျုပ်က စီမံခန့်ခွဲမယ်။ အားလုံး နားလည်လား။"
"နားလည်ပါတယ်။" အရာရှိ ဆယ်ယောက်ခန့်သည် ခေါင်းငုံ့ပြီး တိုးညင်းစွာ ပြန်ဖြေလိုက်ကြ၏။
"အသံကျယ်ကျယ် ပြောစမ်း၊ မကြားရဘူး။ ဒီလောက် တိုးတိုးလေး ပြောနေပြီး အစိုးရအရာရှိ လုပ်ရဲသေးတယ်လား။"
"နားလည်ပါပြီ။" လူအားလုံးသည် အသံကုန် အော်ဟစ်လိုက်ကြတော့သည်။
ဖန်ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်၏။ "ကောင်းတယ်။"
ပြောရင်းနှင့် သူ၏လက်ထဲမှ စာအုပ်တစ်အုပ်ကို မြှောက်ပြလိုက်သည်။ "ဒီထဲမှာ ခင်ဗျားတို့ အားလုံး အဂတိလိုက်စားထားတဲ့ အထောက်အထားတွေ အကုန်လုံး မှတ်တမ်းတင်ထားတယ်၊ ဒီအရာကို အထက်ကို မတင်ပြရသေးသလို ကျုပ်လည်း ကြည့်ဖို့ စိတ်ကူးမရှိသေးဘူး။
ခင်ဗျားတို့ကို သုံးရက် အချိန်ပေးမယ်၊ ခင်ဗျားတို့ အဂတိလိုက်စားထားတဲ့ ငွေတွေကို အစိုးရဘဏ္ဍာတိုက်ထဲ အကုန်ပြန်သွင်းရမယ်၊ ကျုပ် လူလွှတ်ပြီး စစ်ဆေးခိုင်းမယ်။
ခုနစ်ရက်အတွင်းမှာ ရဲမက်တွေကို လွှတ်ပြီး ခရိုင်အသီးသီးက စပါးကျီတွေမှာ အဂတိလိုက်စားထားတဲ့ ငွေတွေကို ကျုပ်ဆီ အကုန်ပြန်ရှာလာခဲ့။ စာရင်းထဲက ပမာဏနဲ့ မကိုက်ညီရင်ဖြစ်ဖြစ်၊ ကျုပ်က မလုံလောက်ဘူးလို့ ထင်ရင်ဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ ကံကြမ္မာက ကျုပ်လက်ထဲမှာ မရှိတော့ဘူးနော်။"
"နားလည်လား။"
"နားလည်ပါပြီ။"
ဖန်ကျန်းရီသည် ထိုင်ခုံမှ ဆင်းလာကာ လူအုပ်ကြီးကို တစ်ပတ် ပတ်လျှောက်လိုက်ပြီး လူတစ်ယောက်၏ အနီးသို့ ရောက်သွားတိုင်း ထိုလူသည် ခေါင်းကို အောက်သို့ အပြင်းအထန် ငုံ့ထားလိုက်၏။
"နောက်ဆိုရင် ကျုပ်က ခင်ဗျားတို့ကို အရှေ့သွားခိုင်းရင် ခင်ဗျားတို့က အနောက်ကို သွားလို့ မရဘူး။ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အားလုံး အေးအေးချမ်းချမ်း ရှိမယ်၊ ကောင်းကျိုးတွေ ခံစားရမယ်။
ခင်ဗျားတို့လည်း အရမ်းကြီး စိုးရိမ်မနေပါနဲ့။ ကျုပ်က တကယ်တော့ အရမ်းကို သဘောကောင်းတဲ့ လူတစ်ယောက်ပါ၊ ဒါပေမဲ့ ခင်ဗျားတို့သာ ကျုပ်ရဲ့ ထောင်ချောက်ထဲကို နင်းမိရင်တော့ ကျုပ်ကို ကိုင်တွယ်ရ အရမ်းခက်လိမ့်မယ် ဆိုတာ ပြောထားမယ်နော်။
ကျုပ်ကို သဘောကောင်းတဲ့ လူလို့ မထင်နဲ့နော်၊ ကျုပ်ကိုများ ဒေါသထွက်အောင် လုပ်မိရင်တော့။ …."
ဖန်ကျန်းရီသည် ရွှပ်ခနဲ အသံနှင့်အတူ အာဏပိုင်ဓားကို ဆွဲထုတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် ပြောလိုက်၏။ "သွေးထွက်သံယို ဖြစ်ရတော့မှာပဲ။"
လူအားလုံးသည် တုန်ယင်သွားကြပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ "နားလည်ပါပြီ။"
သူတို့ကို ခြိမ်းခြောက်နိုင်သွားပြီဖြစ်ကြောင်း မြင်လိုက်ချိန်မှာတော့ ဖန်ကျန်းရီသည် ဓားအိမ်ကို ကိုင်ကာ အကြိမ်အနည်းငယ် ယမ်းပြပြီးမှသာ ဓားကို ပြန်သွင်းလိုက်၏။
"အခု အားလုံး ကိုယ့်နေရာကိုယ် ပြန်သွားပြီး ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ကြတော့။"
"ကောင်းပါပြီ။"
လူအားလုံး ထွက်သွားရန် ပြင်လိုက်စဉ်မှာပဲ အပြင်ဘက်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သံကို အဝေးမှ ကြားလိုက်ရသည်။
"အမိန့်တော် ရောက်ပြီ၊ အမိန့်တော် ရောက်ပြီ။ ကျန်းကျန်မြို့ဝန် လျိုရွှန်း အမြန်လာပြီး အမိန့်တော် ခံယူစမ်း။"
ဖန်ကျန်းရီသည် ထိုအသံကို ကြားချိန်မှာတော့ ရုတ်တရက် လန့်ဖြတ်သွားကာ မတ်တပ်ရပ်၍ အလျင်အမြန် ပြောလိုက်၏။ "မြန်မြန် …လူကို အထဲမြန်မြန် ခေါ်လာခဲ့။"
ရဲမက်တစ်ယောက်သည် ချက်ချင်းပဲ အပြင်သို့ ပြေးထွက်သွားတော့သည်။
ထိုနေရာရှိ လူအားလုံးသည် ချက်ချင်းပဲ ကြက်သီးမွေးညင်းများ ထသွားကြပြီး ဖန်ကျန်းရီအား ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ကြ၏။
ခင်ဗျား ကျုပ်တို့ကို ဖမ်းလာတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ အမိန့်တော်ကိုတောင် ခေါ်လာနိုင်ပြီလား။ ကျုပ်တို့ကို အသက်ရှင်ခွင့် ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။
အချိန်အနည်းငယ် အကြာတွင် ပိန်ပိန်ပါးပါး အရိပ်တစ်ခု ပြေးဝင်လာသည်ကို မြင်လိုက်ရပြီး အာဟာရချို့တဲ့ကာ ဖုန်တလုံးလုံး ဖြစ်နေသည့်ပုံစံက အမိန့်တော် လာပို့သည့် လူနှင့် လုံးဝ မတူချေ။
အခန်းထဲသို့ ဝင်လာသည်နှင့် ချက်ချင်းပဲ စူးရှစွာ ထပ်မံအော်ဟစ်လိုက်၏။ "အမိန့်တော် ရောက်ပြီ၊ ကျန်းကျန်မြို့ဝန် အမိန့်တော် ခံယူစမ်း။"
ဖန်ကျန်းရီက သူ့ကို မြင်လိုက်ချိန်မှာတော့ ချက်ချင်းပဲ အံ့အားသင့် ဝမ်းသာစွာဖြင့် အော်ဟစ်လိုက်သည်။ "အို၊ ငါ့ရဲ့ ကျင်းကျင်းလေး၊ မင်း ဘယ်လိုလုပ် ရောက်လာတာလဲ။"
လျိုကျင်းသည် ရင်းနှီးကျွမ်းဝင်နေသော အသံကို ကြားချိန်မှာတော့ အော်ဟစ်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဖန်ကျန်းရီအား ကြည့်လိုက်၏။
သူ၏ မျက်လုံးများထဲတွင်လည်း ဝမ်းသာမှုများ ပြည့်နှက်သွားခဲ့သည်။ "မြို့ဝန်ဖန်။"
ဖန်ကျန်းရီသည် ထိုင်ခုံမှ ဆင်းလာကာ လျိုကျင်းထံသို့ လျှောက်သွားရာ လျိုကျင်းသည် ဤအချိန်တွင် အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သော်ငြား ရင်းနှီးသူကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် အလွန် ဝမ်းသာသွားကာ အလိုအလျောက်ပင် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်မိသည်။
သို့သော်လည်း သတိမထားမိလိုက်ခင်မှာပဲ သူ၏လက်ထဲမှ အမိန့်တော်ကို ဖန်ကျန်းရီက ဆွဲယူသွားခဲ့၏။
ပြီးနောက် ဖွင့်လှစ်ကာ သေချာစွာ ဖတ်ရှုလိုက်သည်။
"ဒါ ဒါက … ခင်ဗျားတို့နဲ့ မဆိုင်ဘူး၊ အားလုံး ထွက်သွားကြ။"
လူအားလုံးသည် ထိုစကားကို ကြားချိန်မှာတော့ ချက်ချင်းပဲ စိတ်အေးသွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ အခန်းထဲမှ ထွက်သွားကြတော့၏။
ရုံးတော်ခန်းမထဲတွင် လျိုကျင်းနှင့် ဖန်ကျန်းရီ နှစ်ယောက်သာ ကျန်ရှိနေတော့သည်။
ဖန်ကျန်းရီက အမိန့်တော်ကို ကိုင်ကာ မေးလိုက်၏။ "ဒီအမိန့်တော်က အရှင်မင်းကြီး ထုတ်ပြန်လိုက်တာလား။"
"ဟုတ် .. ဟုတ်ပါတယ်။"
"အမှန်အတိုင်း ပြောစမ်း။"
လျိုကျင်းသည် ဖန်ကျန်းရီ အော်ဟစ်လိုက်သဖြင့် စိတ်ထဲတွင် တုန်လှုပ်သွားကာ နာကြည်းစွာဖြင့် တိုးညင်းစွာ ပြန်ဖြေလိုက်၏။ "အိမ်ရှေ့စံမင်းသားပါ။"
ဖန်ကျန်းရီက အမိန့်တော်ကို ဆုပ်ကိုင်ထားရင်း စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
တကယ်ပဲ..အဲဒီတုန်းက သွယ်ဝိုက်ပြီး အရိပ်အမြွက် ပေးခဲ့တာ၊ အိမ်ရှေ့စံမင်းသားရဲ့ စရိုက်အရဆိုရင် တကယ်ပဲ လုပ်လိုက်တာကိုး။
လောလောဆယ်တွင် သူတို့ဘက်မှ ကိစ္စရပ်များကို အတတ်နိုင်ဆုံး ပြီးပြည့်စုံအောင် လုပ်ဆောင်ရမည်၊ မဟုတ်လျှင် ဤအမှားကြီးသည် လီယွမ်ကျောက်အတွက် ပြဿနာများစွာ ဖြစ်စေလိမ့်မည်။
လျိုကျင်းသည် ဖန်ကျန်းရီကို သနားစရာကောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ "လျိုရွှန်း …. မြို့ဝန်လျိုရော။"
"အင်း … ငါ သူ့ကို ခေါင်းဖြတ်တော့မလို့။"
လျိုကျင်းသည် ထိုစကားကို ကြားချိန်မှာတော့ ချက်ချင်းပဲ မျက်လုံးများ ပြူးကျယ်သွားကာ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး ဖန်ကျန်းရီ၏ ပေါင်ကို ဖက်ကာ ကြက်တွန်သံကဲ့သို့ အော်ဟစ်လိုက်သည်။ "ကျုပ်ရဲ့ မြို့ဝန်ဖန်ရယ်။ သတ်လို့ မရဘူး၊ သတ်လို့ မရဘူး။ ခင်ဗျား ဘယ်ကိုရောက်ရောက် ဘာလို့ အငြိမ်မနေရတာလဲ၊ ခင်ဗျား သေသွားရင် ကျုပ် ဘယ်လိုလုပ်ရမလဲ။"
လျိုကျင်းသည် ဤအချိန်တွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး စိတ်ထဲတွင်လည်း သွေးထွက်မတတ် နာကျင်နေ၏။ အိမ်ရှေ့စံမင်းသားသည် ယခင်က အိမ်ရှေ့စံမင်းသား မဟုတ်တော့ပေ။
အရင်တုန်းကတော့ ကျားတွေ၊ ဝက်ဝံတွေနဲ့ သူ့ကို ပျော်အောင် လုပ်ပေးလို့ ရသေးတယ်၊ အခု ခင်ဗျားကြောင့် သူ့ရဲ့ လိုအင်ဆန္ဒတွေက ပိုပိုကြီးလာပြီး ဘယ်လိုမှ မရောင့်ရဲနိုင်တော့ဘူး၊ ကျုပ်က သူ့ကို မကျေနပ်နိုင်တော့ဘူး။
ခင်ဗျား ထွက်သွားတာနဲ့ သူ ကျုပ်ကို ချက်ချင်းပဲ အမိန့်တော်တု သယ်သွားခိုင်းတယ်၊ ခင်ဗျား သေသွားရင် နောက်ဆို ကျုပ် အသက်ရှင်နိုင်ပါ့မလား။
"...."
အပိုင်း (၂၂၉) ကျန်းကျန်းမြို့ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း။
ဖန်ကျန်းရီသည် လျိုကျင်း နှာရည်ယို၊ မျက်ရည်ကျကာ သူ၏အပေါ်သို့ ပွတ်သီးပွတ်သပ် လုပ်နေသည်ကို မြင်လိုက်ရသောကြောင့် ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး ရယ်ရခက်၊ ငိုရခက် ဖြစ်နေသော မျက်နှာထားဖြင့် ပြောလိုက်၏။ "မင်း ဘာကို လောနေရတာလဲ။"
ထို့နောက် တံခါးအပြင်ဘက်သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "လူလာကြစမ်း။ ကျုပ်အတွက် အရက်နဲ့ ဟင်းတစ်ပွဲ ပြင်ဆင်လာခဲ့။"
လျိုကျင်းသည် မြေပြင်ပေါ်တွင် လဲကျနေရင်းနှင့်ပင် ဆက်လက်အော်ဟစ်နေ၏။ "သတ်လို့ မရဘူးနော်၊ သူက မြို့ဝန်ကြီးလေ။"
ဖန်ကျန်းရီသည် လျိုကျင်းကို တွဲထူလိုက်ပြီး ပြောလိုက်သည်။ "အော်မနေနဲ့တော့ .. ငါ မေးမယ်။ အိမ်ရှေ့စံမင်းသား အမိန့်တော်တု လုပ်လိုက်တာကို မင်းကလွဲပြီး တခြား ဘယ်သူတွေ သိသေးလဲ။"
"ကော်ပန်ပန်နဲ့ အိမ်ရှေ့စံမင်းသား ဘေးက သက်တော်စောင့် နှစ်ယောက် သိတယ်။"
လျိုကျင်းက ဖန်ကျန်းရီကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်၏။ "မြို့ဝန်ဖန် …. မြို့ဝန်ကို သတ်တာက အပြစ်ကြီးတယ်၊ သတ်လို့ မရဘူး။"
"ဒါကို မင်း စိုးရိမ်နေစရာ မလိုပါဘူး၊ လျိုရွှန်းက ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်ထားတယ်၊ သူ သေသင့်တယ်၊ ဒီကိစ္စကို ငါ အရှင်မင်းကြီးဆီ သေချာတင်ပြလိုက်မယ်။ ငါ မေးမယ်၊ အိမ်ရှေ့စံမင်းသားက မင်းကို တစ်ယောက်တည်း အမိန့်တော်လာပို့ဖို့ လွှတ်လိုက်တာလား။"
လျိုကျင်းက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ "သက်တော်စောင့် နှစ်ယောက်လည်း အမိန့်တော် လာပို့ဖို့ လိုက်လာတယ်၊ ခဏနေရင် ရောက်လာလိမ့်မယ်။"
"ဒါဆို အိမ်ရှေ့စံမင်းသားရော၊ သူ အခု ဘယ်လိုနေလဲ။"
လျိုကျင်းက ခေါင်းခါလိုက်သည်။ "မသိဘူး၊ ကျုပ် ထွက်လာတုန်းကတော့ အိမ်ရှေ့စံမင်းသားက နန်းတော်ထဲမှာပဲ ရှိသေးတယ်။"
ဖန်ကျန်းရီက စဉ်းစားလိုက်၏။ "ကောင်းပြီ၊ ဒါဆို တခြားကိစ္စ မရှိတော့ဘူး။ ခဏနေ ထမင်းစားပြီး … နှစ်ရက်လောက် အနားယူပြီး နန်းတော်ဆီကို ငါ့အတွက် စာတစ်စောင် ပို့ပေးပါ၊ အရှင်မင်းကြီး သိသွားမှာကို ကြောက်ရင် စာကို ကော်ပန်ပန်ဆီ ပေးလိုက်၊ သူ ကြည့်ပြီးရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိလိမ့်မယ်။ အမိန့်တော်ကိုတော့ တခြားလူကို သွားပို့ခိုင်းလိုက်မယ်။"
ပြောပြီးနောက် လက်စွပ်ထဲမှ ငွေစက္ကူငါးဆယ်ကို ထုတ်ကာ လျိုကျင်းထံသို့ ထိုးပေးလိုက်သည်။
လျိုကျင်းသည် ငွေစက္ကူကို မြင်လိုက်ချိန်မှာတော့ ပြုံးရယ်ရန် ဟန်ပြင်လိုက်သော်ငြား မသင့်တော်ဟု ယူဆကာ ပြန်ထိန်းလိုက်ပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်၏။ "မြို့ဝန်ဖန်…ဒါ…အမိန့်တော်ကို တခြားလူကို သွားပို့ခိုင်းတာ အဆင်ပြေပါ့မလား။”
“အစကနေ အဆုံးထိ အတုချည်းပဲကို အဆင်ပြေ၊ မပြေ စဉ်းစားနေစရာ လိုသေးလို့လား၊ မင်း အခန်းထဲဝင်ပြီး အရင် သွားနားတော့။ နောက်ကလူတွေ ရောက်လာရင် သူတို့ကို အဝကျွေးပြီး နားခိုင်းလိုက်၊ ပြီးရင် ဆက်ပြီး အမိန့်တော် ပို့ခိုင်းလိုက်မယ်။"
လျိုကျင်းက ခေါင်းညိတ် သဘောတူလိုက်ပြီး ဘေးခန်းထဲသို့ ဝင်သွားသည်။
လျိုကျင်း အနားယူရန် ဝင်သွားသည်ကို မြင်လိုက်ချိန်မှာတော့ ဖန်ကျန်းရီသည် လူအချို့ကို ခေါ်ကာ ထပ်မံ မှာကြားလိုက်ပြီးနောက် လျိုရွှန်းကို သွားကြည့်ရန် လှေဆီသို့ တိုက်ရိုက် ထွက်ခွာသွား၏။
ဒီလူအိုကြီး လှေပေါ်မှာ အကျဉ်းချခံထားရတာ ရက်အနည်းငယ် ရှိနေပြီ၊ သူ့ကို သွားမမေးရသေးဘူး၊ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ မသိဘူး။
အခန်းထဲသို့ ဝင်သွားချိန်မှာတော့ လုဖာလည်း ရှိနေပြီး ထိုင်ခုံပေါ်တွင် ထိုင်ကာ လျိုရွှန်းနှင့် မျက်လုံးချင်း စိုက်ကြည့်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်လုံး၏ မျက်လုံးများတွင် သွေးကြောများ နီရဲနေကြ၏။
လျိုရွှန်း ထပ်မံ၍ မိမိကိုယ်ကို သတ်သေမည်ကို စိုးရိမ်သောကြောင့် သူ၏ လက်နှစ်ဖက်ကိုလည်း ကြိုးဖြင့် တုပ်နှောင်ထားသည်။
ဖန်ကျန်းရီက နားမလည်နိုင်စွာဖြင့် လုဖာ၏ ပခုံးကို ပုတ်ကာ မေးလိုက်၏။ "ခင်ဗျား ဘာလုပ်နေတာလဲ။"
လုဖာသည် ဖန်ကျန်းရီ ရောက်လာသည်ကို ကြားချိန်မှာတော့ ချက်ချင်းပဲ မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "သခင်လေး … ကျုပ် သူ့ကို စောင့်ကြည့်ပေးနေတာလေ။"
"ခြေထောက်လည်း ကျိုးနေပြီ၊ စကားလည်း ပြောလို့ မရတော့ဘူးကို ဘာတွေ စောင့်ကြည့်နေစရာ လိုလို့လဲ၊ ဒီနှစ်ရက် သူ ထမင်းစားရဲ့လား။"
"ထမင်းတော့ မစားဘူး၊ ဒါပေမဲ့ သကြားရည်တွေတော့ အများကြီး တိုက်ထားတယ်။"
ဖန်ကျန်းရီက လျိုရွှန်းကို ကြည့်ကာ လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်၏။ "ထမင်းစားနိုင်ရင် များများစားထား၊ စားရမယ့်အကြိမ် သိပ်မကျန်တော့ဘူး။ သန်ဘက်ခါဆိုရင် ကျုပ် လက်ထဲက ကိစ္စတွေ ပြီးသွားပြီဆိုတော့ ခင်ဗျားကို လွတ်မြောက်ခွင့် ပေးလိုက်မယ်။"
လျိုရွှန်းက ဖန်ကျန်းရီကို ကြည့်ကာ ပါးစပ်ကို ဟလျက် ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးနေ၏။
"သခင်လေး .. သူ သခင်လေးကို ဆဲနေတယ်။"
"...."
ဖန်ကျန်းရီက လုဖာဘက်သို့ လှည့်ကြည့်လိုက်သည်။ "ဒါကို ခင်ဗျားက သိနိုင်တယ်ပေါ့။ သူ ကျုပ်ကို ဘယ်လိုဆဲနေတာလဲ။"
"အဲဒါတော့ မသိဘူး၊ ဒါပေမဲ့ သေချာပေါက် သခင်လေးကို ဆဲနေတာပဲ။"
"သူ့ကို ပါးနှစ်ချက် ရိုက်လိုက်စမ်း။"
"ဖြန်း၊ ဖြန်း။"
ပါးနှစ်ချက် အရိုက်ခံလိုက်ရပြီးနောက် လျိုရွှန်းသည် မျက်လုံးများကို အလျင်အမြန် မှိတ်ထားလိုက်ပြီး ထပ်မကြည့်ရဲတော့ချေ။
"ရှဲ့ရှန်းကို သွားခေါ်ခဲ့။"
လုဖာသည် ထိုစကားကို ကြားပြီးနောက် ရှဲ့ရှန်းကို သွားခေါ်ရန် အပြင်သို့ ထွက်သွားရာ လျိုရွှန်းသည် မျက်လုံးများကို ထပ်မံဖွင့်ကာ ဖန်ကျန်းရီအား ကြည့်လိုက်၏။
ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်သည်။ "ခင်ဗျား လက်မကျိုးသေးဘူး၊ စာရေးလို့ ရသေးတယ်။
အခု ခင်ဗျား နောက်ကွယ်က လူကို အသေအလဲ ကာကွယ်ပေးနေတာက ခင်ဗျားရဲ့ သားမြေးတွေကို ကာကွယ်ဖို့ပဲ မဟုတ်လား။ ဒါပေမဲ့ ခင်ဗျား စဉ်းစားကြည့်ဖူးလား၊ ခင်ဗျား သေသွားရင် ခင်ဗျားရဲ့ မိသားစုဝင်တွေကလည်း ဘာတန်ဖိုးမှ မရှိတော့ဘူးဆိုတာကို။
ကျုပ် ခင်ဗျားကို စက္ကူနဲ့ စုတ်တံ ပေးမယ်၊ အခုပဲ ဝန်ခံလိုက်တာ ပိုမကောင်းဘူးလား၊ သက်သေအဖြစ် ပြောင်းလဲလိုက်ရင် ကျုပ်က ခင်ဗျားရဲ့ မိသားစုဝင်တွေကို ကာကွယ်ပေးဖို့ နည်းလမ်းရှာပေးမယ်။"
လျိုရွှန်းက တိတ်ဆိတ်စွာဖြင့် ခေါင်းကို လွှဲဖယ်သွားခဲ့၏။
ဖန်ကျန်းရီက ထိုအခြေအနေကို မြင်လိုက်ချိန်မှာတော့ မျက်မှောင်ကြုတ်သွားခဲ့သည်။ အကျိုးအကြောင်း ရှင်းပြလို့ မရရင် ခံစားချက်ကို သုံးရတော့မှာပေါ့။
"ကျုပ်က တကယ်တော့ ခင်ဗျား နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ပြဿနာ မရှာချင်ဘူး၊ ပြဿနာ တက်လာရင်တောင် အနည်းဆုံးတော့ ရန်သူက ဘယ်သူလဲ ဆိုတာကို သိထားရမယ်လေ။ ခင်ဗျား ကျုပ်ကို ကူညီရင် ကျုပ်က ခင်ဗျားရဲ့ ကျေးဇူးကို သိမှတ်ထားမှာပါ။
ကျုပ် ဖန်ကျန်းရီရဲ့ နာမည်နဲ့ အာမခံတယ်၊ ခင်ဗျားသာ အမှန်အတိုင်း ဝန်ခံရင် ခင်ဗျားရဲ့ မိသားစုဝင်တွေကို သေချာပေါက် ကာကွယ်ပေးမယ်၊ အနည်းဆုံးတော့ ခင်ဗျားရဲ့ သားကို ကာကွယ်ပေးမယ်။"
လျိုရွှန်းသည် မျက်လုံးများကို ဖွင့်ကာ ဖန်ကျန်းရီအား နာကြည်းစွာ ကြည့်လိုက်၏။ ထို့နောက် တံတွေးတစ်ချက် ကို ဖန်ကျန်းရီ၏ အရာရှိဝတ်စုံပေါ်သို့ ထွေးချလိုက်သည်။
ဖန်ကျန်းရီက စကားမပြောဘဲ လျိုရွှန်း၏ ခေါင်းကို တိတ်တဆိတ် ဆွဲယူကာ အင်္ကျီပေါ်မှ တံတွေးကို သုတ်ပစ်လိုက်၏။
"ခင်ဗျားက မပြောချင်ဘူးဆိုမှတော့ အေးအေးဆေးဆေး သေဖို့သာ ပြင်ထားတော့။"
ဘယ်လိုပြောပြော နားမဝင်သောကြောင့် ဖန်ကျန်းရီလည်း ဘာမှ မတတ်နိုင်တော့ချေ။ လှည့်ကာ သူ့အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ပြီး စားပွဲဘေးတွင် ထိုင်ကာ သောက်နေလိုက်သည်။
ရှဲ့ရှန်းသည် အခန်းထဲသို့ ဝင်လာပြီး ဖန်ကျန်းရီကို မြင်သည်နှင့် မေးလိုက်၏။ "သခင်လေး… ဘာခိုင်းစရာ ရှိလို့လဲ။"
"ဒီနှစ်ရက်အတွင်း ဒီအဘိုးကြီးဆီကနေ တစ်ခုခု စစ်ဆေးလို့ ရသေးလား။"
ရှဲ့ရှန်းက လျိုရွှန်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါကာ ပြန်ဖြေလိုက်သည်။ "ဘာပြောပြော အလကားပဲ၊ လူကို မြင်တာနဲ့ တံတွေး လျှောက်ထွေးနေတာပဲ။"
"ထားလိုက်တော့၊ သူ့ကို ဂရုစိုက်နေစရာ မလိုတော့ဘူး၊ ခင်ဗျားကို ခိုင်းစရာ တခြားကိစ္စ ရှိသေးတယ်။"
"လွတ်လပ်ခြင်းဂိုဏ်းက လူတွေရယ်၊ မြို့ပြင်က ဒုက္ခသည်တွေရယ်က အရမ်း ညစ်ပတ်နေပြီ … အခု ရာသီဥတုကလည်း ပူတယ်။
ခင်ဗျား မြို့ထဲသွားပြီး ရေချိုးရုံ နည်းနည်း ဝယ်လိုက်၊ နောက်ဆိုရင် ဒီလူတွေကို အလုပ်မခိုင်းခင် သေချာ ရေချိုးခိုင်းလိုက်၊ လူတိုင်းကို အဝတ်အစား အသစ်တစ်စုံစီ ပေးလိုက်၊ ယောကျာ်းလေးဆိုရင် ဘောင်းဘီ တစ်ထည် ပေးလိုက်ရင် ရပြီ၊ အပေါဆုံးကို ဝယ်လိုက်။"
ရှဲ့ရှန်းက မှတ်စုစာအုပ်ငယ်ကို ထုတ်ကာ စတင်မှတ်တမ်းတင်လိုက်၏။
ထို့နောက် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ "နားလည်ပါပြီ၊ ဒါဆိုရင် ဒီပိုက်ဆံက ဘယ်သူ့စရိတ်လဲ။"
"ဒါပေါ့ အစိုးရစရိတ်ပေါ့။ ကျုပ်တို့ စရိတ်လို့များ ထင်နေတာလား၊ ဒီပိုက်ဆံကို ကျုပ်တို့က ကိုယ့်ဖာသာကိုယ် စိုက်ထုတ်ရအောင် လူမိုက်တွေများ မှတ်နေလား။ ခင်ဗျား အရင်သွားလုပ်လိုက်၊ ငွေကိုတော့ ကျုပ်တို့က အရင်စိုက်ထုတ်ပေးထားလို့ ရတယ်။
ပြီးတော့ ခဏနေရင် ကျန်းကျန်မြို့ရဲ့ မြေပုံကို ခင်ဗျားဆီ ပို့ပေးဖို့ လူလွှတ်လိုက်မယ်၊ အဲဒါကို ကြီးအောင် ပြင်ဆွဲခိုင်းလိုက်။ လေပန်းချီစံအိမ် အလယ်တည့်တည့်မှာ စင်မြင့်တစ်ခု ရှိတယ် မဟုတ်လား၊ အဲဒီ စင်မြင့်ရဲ့ နောက်ခံစံနှုန်းအတိုင်း ကြီးအောင် လုပ်လိုက်။
ပြီးရင် မြို့ထဲက အရေးကြီးတဲ့ လမ်းတွေကို အကုန်ခွဲခြားပြီး မြေပုံပေါ်မှာ မှတ်သားထားလိုက်။ နောက်ပြီး ကျန်းကျန် ရေကာတာတို့လို အခြေခံ အဆောက်အအုံတွေကိုလည်း အကုန် မှတ်သားထားလိုက်။ နောက်ရက်တွေကျရင် သုံးရလိမ့်မယ်။"
ရှဲ့ရှန်းသည် စုတ်တံဖြင့် ဆက်တိုက် မှတ်သားနေပြီး မှတ်သားပြီးနောက် မော့ကြည့်ကာ မေးလိုက်၏။ "သခင်လေး … ဒါက ဘာလုပ်ဖို့လဲ။"
ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ "စီမံကိန်းတွေ လုပ်ဖို့ပေါ့၊ လမ်းဖောက်မယ်။ လေပန်းချီစံအိမ် ဖွင့်ပြီး ပိုက်ဆံရှိတဲ့ လူတွေ စုလာတဲ့အချိန်ကျရင် တစ်ခါတည်း လေလံပစ်မယ်။"
ရှဲ့ရှန်းက မနေနိုင်ဘဲ ပြုံးလိုက်၏။
ဘာဖြစ်လို့လဲ မသိဘူး၊ သခင်လေးက တံတားဆောက်ဖို့၊ လမ်းဖောက်ဖို့ ကိစ္စတွေကို အရမ်း စွဲလမ်းနေပုံရတယ်၊ ပြီးတော့ လမ်းနဲ့ တံတားရဲ့ စံနှုန်းသတ်မှတ်ချက်တွေကိုလည်း အရမ်း တင်းကျပ်တယ်။
လမ်းဖောက်မည့် ကိစ္စနှင့် ပတ်သက်၍ ဖန်ကျန်းရီ၏ စိတ်ထဲတွင်လည်း ပြောရခက်သော အခက်အခဲများ ရှိနေသည်။
တကယ်တမ်းတော့ ထိုသူဌေးများကို လုပ်ခိုင်းနိုင်သော အရာများ သိပ်မရှိချေ။
အစိုးရက အားပေးတိုက်တွန်းလျှင်တောင် အောက်ခြေက လူများက ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေ ဆောက်ဖို့ ဆန္ဒရှိချင်မှ ရှိလိမ့်မည်။ အကျိုးအမြတ် မရှိသော ကိစ္စများကို မည်သူမှ မလုပ်ချင်ကြပေ။
လမ်းဖောက်ခြင်းကို ရေရှည်အတွက် ကြည့်မည်ဆိုလျှင် အလားအလာရှိသော အကျိုးအမြတ်က မနည်းလှချေ၊ ဤအရာကို ရွေးချယ်ခြင်းက အကောင်းဆုံးပင်။
လောလောဆယ်တွင်တော့ အစပြုမှုကောင်းတစ်ခုကို သူက အရင်ဖန်တီးပေးပြီး အများသုံး အဆောက်အအုံ အချို့ကို တည်ဆောက်ရမည်၊ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း အစီအစဉ်ချရမည်။
"ပြီးတော့ အခု မြို့ပြင်မှာ ကျောင်းတချို့ တည်ဆောက်ဖို့ ချက်ချင်း လူငှားလို့ ရပြီ။ အသက် ဆယ့်နှစ်နှစ်အောက် ကလေးတွေ အားလုံး အခမဲ့ ကျောင်းတက်နိုင်တယ်၊ တစ်နေ့ကို ထမင်းနှစ်နပ် ကျွေးမယ်၊ ဒီကိစ္စကို အခုပဲ စပြီး လုပ်လိုက်။ ပြီးတော့..."