← Chapters

ဖြစ်နိုင်ချေက တစ်ရာရာခိုင်နှုန်းပဲ

Vol. 13 Ch. 185

ဖြစ်နိုင်ချေက တစ်ရာရာခိုင်နှုန်းပဲ

Vol. 13 Ch. 185

*ပြိုင်မယ်တဲ့လား*

လူတိုင်း၏ အာရုံက တစ်နေရာတည်းတွင်သာ စူးစိုက်ကျရောက်နေပြီး ခန်းမတစ်ခုလုံး၏ အခြေအနေက လေးနက်လာသည်။

ဘတ်စကတ်ဘော အသင်း၏ ကစားသမားများသည် အလိုလို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး သူတို့၏ မျက်နှာတွင် ဝမ်းသာအားရဟန်တို့ ပေါ်လာသည်။

“ဒီတစ်ခေါက်တော့ ကပ္ပတိန် တကယ် ဒေါသထွက်နေတယ်နဲ့တူတယ်”

“ဒီတစ်ခါ အဲ့ကောင် ဆက်ငြင်းမယ်ဆိုရင် တော်တော် ရှက်စရာ ကောင်းနေပြီ”

“အဲ့ကောင် တကယ် ဘတ်စကတ်ဘော ကစားတတ်မယ်လို့ ငါ မယုံဘူး၊ ကပ္ပတိန်က သူ့ကို နင်းချေပြီး အရှက်ခွဲပြလိမ့်မယ်”

“ဥက္ကဋ္ဌက လူလိမ်ကောင်ဆီကနေ လှည့်စားခံရတာ ဖြစ်လိမ့်မယ်၊ လူလိမ်ကောင်ရဲ့ မျက်နှာအစစ်ကို ဖော်ထုတ်ဖို့ အချိန်တန်ပြီ”

…

ကစားသမားများသည် ချမ်ရှန်အပေါ်တွင် အတော်လေး ယုံကြည်မှုရှိပြီး မှတ်ချက်မပေးဘဲ မနေနိုင်ကြချေ။

ဖမ်ဟမ်၏ မျက်လုံးသည်လည်း အရောင်လက်သွားသည်။

“အဲ့အကြံ ကောင်းသားပဲ၊ ကျန်းဟဲကို သူ ဘာလုပ်နေတာလဲဆိုတာကို ကောင်းကောင်းသိအောင် ပြရတာပေါ့”

“ဟတု်တယ်၊ သူ အဆုံးသတ်ကို ရောက်ပြီးနေပြီ ထပ်ဆုတ်စရာ မရှိတော့ဘူး၊ ချမ်ရှန်က အဲ့ရဲ့လင်းချန်ကို သင်ခန်းစာ ပေးနိုင်သရွေ့ ကျန်းဟဲက အမှန်တရားကို ကောင်းကောင်းကြီး သိသွားလိမ့်မယ်”

ချင်ယွမ်ကလည်း ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။

“သူက တရုတ်နိုင်ငံရဲ့ ဘတ်စကတ်ဘော မြင့်တက်လာရေးအတွက် အရမ်း မျှော်လင့်ချက် ထားနေလို့ အသိစိတ် လွတ်သွားခဲ့တာ”

“ဟူး … ငါ သူ့ဆရာ ဖြစ်ခဲ့တုန်းက အမြဲ အလေးထားပြီး ပြောခဲ့ဖူးတဲ့ စကား ရှိတယ်၊ တစ်ကြိမ်မှာ တစ်လှမ်းပဲ လှမ်းပါလို့၊ ဘတ်စကတ်ဘောမှာ အရေးအကြီးဆုံးက အခြေခံပဲ၊ ကြိုးစားအားထုတ်မှုက အရည်အချင်းထက် ပိုတန်ဖိုးရှိတယ်၊ မြန်မြန် အောင်မြင်လာဖို့ စိတ်မကူးနဲ့ဆိုတာကို၊ သူ တကယ် နားမထောင်ခဲ့ဘူးပဲ”

သူ့မျက်နှာတွင် ခါးသီးသော အရိပ်အယောင် ပေါ်နေပြီး သူ၏ တစ်ခါက ထူးချွန်သော တပည့်က အလွန် ပြောင်းလဲသွားသည်ကို ကြည့်ရခက်နေပုံ ရသည်။

“ဘတ်စကတ်ဘောမှာ ထူးချွန်လာမယ့် ကြယ်ပွင့်တွေကို ဘယ်တော့မှ လွယ်လွယ် ရှာမတွေ့ဘူး၊ ဒါတောင် သူက ဘယ်ကမှန်းမသိတဲ့ လူငယ်လေးတစ်ယောက်အပေါ်မှာ သူ့မျှော်လင့်ချက်တွေ ထားထားတယ်၊ သူ ထင်ယောင်ထင်မှား ဖြစ်နေပြီပဲ”

ချင်ယွမ်က ပြောသည်။

ကျန်းဟဲ တုန်နေပြီး ရဲ့လင်းချန်အား အသနားခံနေသော အကြည့်များဖြင့် ကြည့်နေသည်။ သူသည်လည်း ရဲ့လင်းချန် ကစားပြသည့် မျှော်လင့်နေပုံ ရသည်။

ရဲ့လင်းချန်က ချမ်ရှန်အား အေးအေးလူလူ ကြည့်နေသည်။ တစ်ဖက်လူ၏ တိုက်ခိုက်လိုစိတ် ပြင်းပြနေသော မျက်လုံးများကို ကြည့်ပြီး သူ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

“ဘုတ် ဘုတ် ဘုတ်”

ဘောလုံးက ကြမ်းပြင်ပေါ် ကျဆင်းသွားပြီး ပြန်ကန်သံ ထွက်ပေါ်လာသည်။ ရဲ့လင်းချန်က ဘောလုံးကို အသာပုတ်၍ ဆွဲလာပြီး ပြောလိုက်သည်။

“မင်း ပြိုင်ချင်တယ်ဆိုလည်း ပြိုင်တာပေါ့”

စကားပြောပြီးသည်နှင့် သူက ဘောလုံးကို ကွင်းလယ်သို့ ပုတ်၍ သယ်လာနေသည်။ ချမ်ရှန်က လှောင်ရယ်၍ ကွင်းထဲသို့ လျှောက်သွားလိုက်သည်။

အရပ် တစ်ဒဿမ ကိုးသုံးမီတာ ရှိသော ချမ်ရှန်သည် အတော်လေး အရပ်ရှည်၏။ ရဲ့လင်းချန်၏ ဘေး၌ ရပ်လိုက်သောအခါ သူ၏ အားသာချက်က သိသာလာသည်။ နှစ်ယောက်သားက အတော်လေး အဆင့် ကွာခြားလှသည်။

“သူတို့ရဲ့ အရပ်ကွာခြားမှုက ကြီးလွန်းတယ်၊ သူတို့ရဲ့ ဘတ်စကတ်ဘော အရည်အချင်းချင်း ယှဉ်ရင်တောင် ဒါ သေချာပေါက် တစ်ဖက်သတ် အနိုင်ရမယ့်ပွဲပဲ”

“အဲ့လူက ဘတ်စကတ်ဘော ကစားသမားဖြစ်ဖို့ မွေးလာတဲ့ပုံ မပေါ်ဘူး၊ ဒါတောင် သူက ကပ္ပတိန် စိန်ခေါ်တာကို တကယ် လက်ခံတာလား”

“ဟုတ်တယ် အခု ကပ္ပတိန်က သူ့ဒေါသကို ထိန်းနေတာ၊ သူ အဲ့ကောင်ကို နှိပ်စက်လောက်တယ်၊ ငါ အဲ့ကောင်ကို စသနားလာပြီကွာ”

…

တစ်ချိန်တည်းမှာပင် ဖမ်ဟမ်နှင့် ချင်ယွမ်တို့က ဒုတိယထပ်မှ ဆင်းလာသည်။ သူတို့က အခြေအနေက ဘယ်လိုဖြစ်မလာမလဲ ကြိုမြင်ယောင်နေဟန်ဖြင့် ရဲ့လင်းချန်ကို ခနဲ့တဲ့တဲ့ အကြည့်ဖြင့် ကြည့်နေသည်။

“ဘတ်စကတ်ဘောအတွက် ငါ နှစ်တိုင်း စစ်သည်တော်ဌာနမှာ အထူးလေ့ကျင့်ရေးကို လျှောက်တယ်၊ ငါ့ရဲ့ သက်လုံနဲ့ အခုန်စွမ်းရည် အပြည့်အဝ တိုးတက်လာအောင်လို့ပေါ့၊ မင်းကရော … မင်းက ဘာနောက်ခံတွေရှိလို့ ငါနဲ့ လာယှဉ်နေတာလဲ”

ချမ်ရှန်၏ မျက်လုံးများက ဓားသဖွယ် စူးရှနေ၏။

“ဒီပြိုင်ပွဲကနေ ငါ ဥက္ကဋ္ဌကို သူ ဘယ်လောက် မှားသလဲ သက်သေပြမယ်”

ရဲ့လင်းချန်က တည်ငြိမ်စွာ ကြည့်၍ ပြန်ပြောလိုက်သည်။

“အရေးမပါတာတွေ ပြောမနေနဲ့၊ မြန်မြန်စ၊ ငါ အချိန်မအားဘူး”

“ဪ … မစိုးရိမ်ပါနဲ့၊ ပွဲက အရမ်းကို မြန်မြန်ဆန်ဆန် ပြီးသွားမှာပါ”

ချမ်ရှန်က အေးစက်စွာ ပြောသည်။

“ဘောလုံးကို ပုတ်ပြီး သယ်တာက ဘတ်စကတ်ဘောရဲ့ အခြေခံပဲ၊ ငါတို့ ပုတ်ပြီး သယ်တာနဲ့ စလိုက်ရင်ရော”

ရဲ့လင်းချန် အေးအေးဆေးဆေး ခေါင်းညိတ်လိုက်သည်။ သူ့အတွက် ယင်းက သိပ်အရေးမပါချေ။ သူက ဘောလုံးကို ချမ်ရှန်ထံ အသာ လှမ်းပေးလိုက်၏။

“မင်း အရင်လုပ်”

“ဟဲဟဲ ရတာပေါ့”

“ဘုတ် ဘုတ် ဘုတ်”

ကွင်းထဲတွင် ဘောလုံးနှင့် ကြမ်းပြင်ရိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ချမ်ရှန်က ကိုယ်ကိုရို့၍ ဘောလုံးကို မြန်မြန် ပုတ်လေသည်။ သူ့မျက်လုံးများက ကျားမျက်လုံးနှင့် တူနေပြီး ရဲ့လင်းချန်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။

သူ ဘောလုံးကို အားထည့်၍ ပုတ်မနေသော်လည်း သူ့ခန္ဓာကိုယ် ကြွက်သားများက တင်းရင်းလာပြီး သွေးကြောများ ထောင်လာသည်။ အဘယ်သို့သော အခြေအနေမျိုး၌ ဖြစ်စေ သူသည် လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး ဘောလုံးကို သူ့အပိုင်အဖြစ် ထိန်းထားနိုင်စွမ်း ရှိသည်။

ရဲ့လင်းချန်က သူ့ကို အရေးမစိုက်ဟန်ဖြင့် ကြည့်ရုံမျှသာ ကြည့်နေသည်။ ခုခံရမည့်အစား သူက ချမ်ရှန်ကိုသာ ကြည့်နေပုံ ရသည်။

“ဘုတ် ဘုတ် ဘုတ်”

ဘတ်စကတ်ဘော ပုတ်ခါနေသံက အားလုံး၏ ရင်ခုန်သံနှင့်ပင် တူနေ၏။ လူနှစ်ယောက်က အရိုးရှင်းဆုံး လှုပ်ရှားမှုများကိုသာ လုပ်နေသော်လည်း ၎င်းတစ်ခုတည်းကပင် အခြေအနေကို တင်းမာသည့် အနေအထားသို့ ရောက်ရှိစေသည်။

“ဘယ်လို ခုခံရမလဲဆိုတာကို သူ မသိဘူးလား၊ သူက အဲ့အတိုင်း ရပ်နေတော့မှာလား”

“ချမ်ရှန် ဘာလုပ်နေတာလဲ၊ ဒီလောက် ရိုးရှင်းတဲ့ ခံစစ်ကို ဘာလို့ မထိုးဖောက်သေးတာလဲ”

ကစားသမား တော်တော်များများက အလိုလို တံတွေးမျိုချမိလာပြီး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

သို့သော် သေချာကြည့်မည်ဆိုလျင် တိုတောင်းလှသော အချိန်အတွင်း၌ ချမ်ရှန်၏ နဖူးတွင် ချွေးစများ စို့နေသည်ကို တွေ့မြင်နိုင်ပေသည်။

တကယ်တမ်းတွင် သူသည် ရဲ့လင်းချန်ကို ရင်ဆိုင်နေချိန်တွင် ကြီးမားသော ဖိအားတစ်ခုအောက် ကျရောက်နေပြီး ယင်းက ဘေးလူများ မြင်နိုင်သည်ထက် ပိုလေ၏။

ရဲ့လင်းချန်က ရပ်နေရုံမျှသာ ဖြစ်သော်လည်း ချမ်ရှန်၏ မျက်လုံးထဲတွင် ရဲ့လင်းချန်၏ ပုံရိပ်က ကြီးသထက် ကြီးလာသည်။ နောက်ဆုံးတွင် တောင်တစ်လုံးက သူ့ကို ကာဆီးနေသည်ဟု ခံစားလာရသည်။

ရဲ့လင်းချန်က သူ့နီးနီး အရပ်မရှည်သော်လည်း ချမ်ရှန်က ထိုသို့ ထင်ယောင်ထင်မှား ဖြစ်နေလေသည်။

ရဲ့လင်းချန်ကို ကျော်၍ ဘောလုံးကို ပုတ်ကာ သယ်သွားနိုင်မည့် နည်းလမ်းမျိုးစုံက ချမ်ရှန်၏ အတွေးထဲ ဝေ့ဝဲနေသည်။ သို့သော် နည်းလမ်းမျိုးစုံအတွက် တူညီသော အဖြေတစ်ခုကိုသာ ထုတ်မိသည်။ ၎င်းမှာ ထိုးဖောက်မရနိုင်ခြင်းပင်။

ရဲ့လင်းချန်၏ ခံစစ်က ထိုးဖောက်မရနိုင်ပေ။

ထိုအတွေး ဝင်လာသည်နှင့် ပျောက်ကွယ်မသွားတော့ချေ။ တကယ်တမ်း၌ ၎င်းက ပို၍ ပြင်းထန်လာပြီး သူ့အား ပြိုလဲအောင် လုပ်လာသလိုပင်။

“ဘုတ် ဘုတ် ဘုတ်”

နောက်ဆုံးတွင် ချမ်ရှန်က သူ၏ ဘောလုံးကို ပုတ်ခြင်းကို အရှိန်မြှင့်လိုက်ပြီး အတွေးကို လျှော့လိုက်သည်။ သူ မယုံကြည်ပါ။ သူ ရဲ့လင်းချန်ကို ကျော်၍ ဘောလုံးကို သယ်သွားနိုင်ရပေမည်။

တစ်ခဏကြာသော် သူ့ပုံရိပ်က ဘေးဖက်သို့ ယိုင်လာပြီး ခြေထောက်များက ရဲ့လင်းချန်၏ ဘယ်ဘက်သို့ ဦးတည်လာသည်။ သို့သော် သူ၏ လှုပ်ရှားမှုနှင့် တစ်ချိန်တည်းလိုလိုမှာပ်င ဘောလုံးက ရဲ့လင်းချန်၏ ညာဘက်သို့ ပျံဝဲသွားသည်။

အယောင်ပြ၍ သယ်သွားခြင်းပင်။

အရှိန်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ခြင်းက ရဲ့လင်းချန်ကို အရူးလုပ်ရန်သာ ဖြစ်ပြီး ညာဘက်ကနေ သူ့ကို ကျော်၍ ဘောလုံးကို သယ်သွားမည် ဖြစ်သည်။

အံ့ဩစရာကောင်းစွာပင် သူ သယ်လာသော ဘောလုံးက ရဲ့လင်းချန်ကို ကျော်လိုက်သည်နှင့် ချက်ချင်း ပျောက်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်သွားပြီး နေရာမှာတင် ကြက်သေ သေသွားရသည်။

အခြားသူများသည်လည်း အံ့ဩနေကြလေသည်။ ထိုအထဲ၌ ဖမ်ဟမ်နှင့် ချင်ယွမ်လည်း ပါပေသည်။

“ဘုတ် ဘုတ် ဘုတ်”

ဘောလုံးကို ပုတ်နေသံက ဆက်လက် ထွက်ပေါ်နေသော်လည်း ဘောလုံးကို ပိုင်ထားသူက ရဲ့လင်းချန်ပင်။ သာမန် ဘောလုံးကို ပုတ်နေသည့် နည်းလမ်း ဖြစ်သော်လည်း လူတိုင်းကို မျက်မှောင်ကြုတ်လာစေ၏။

*ချမ်ရှန် … ဘောလုံး အလုခံလိုက်ရတာလား*

*ရဲ့လင်းချန်က ဘောလုံးကို အဲ့လောက် လွယ်လွယ်ကူကူ ဖြတ်လုနိုင်တာလား*

*ဒါကို … သူ ဒါကို ဘယ်လို လုပ်လိုက်တာလဲ*

လူတိုင်း အတွေးထဲ ဗလာဖြစ်နေကြသည်။ သူတို့ မြင်တွေ့လိုက်ရသည့်အရာက မယုံနိုင်စရာ ကောင်းလွန်း လှသဖြင့် သူတို့ ထိုအချက်ကို လက်ခံနိုင်စွမ်းမရှိ ဖြစ်နေကြသည်။

“ငါ့အလှည့်၊ အခု မင်း ခုခံတော့”

ရဲ့လင်းချန်၏အသံက တည်ငြိမ်နေပြီး သူ့အတွက် ဘာမှမဟုတ်သလိုပင်။

ချမ်ရှန်၏နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူ တံတွေးမျိုချ၍ ရဲ့လင်းချန်၏ မျက်နှာချင်းဆိုင်၌ ရပ်လိုက်ကာ ခုခံမည့် ကိုယ်နေဟန်ထားဖြင့် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

သူ့အသံက အက်ကွဲနေပြီး လက်နှစ်ဖက်ကို ဆန့်ထားသည်။

“လာလိုက်လေ၊ တွေဝေမနေနဲ့”

သူ့ကိုယ်သူ နောက်တစ်ကြိမ် ရှုံးနိမ့်ခွင့် ပေးမည် မဟုတ်ပါ။

“ချမ်ရှန်၏ ခံစစ်က လွယ်လွယ် ချိုးဖောက်ဖို့ မဖြစ်နိုင်ဘူးမလား”

အခြားကစားသမားများ၏ ယုံကြည်ချက်က လုံးဝ ပျောက်ဆုံးနေ၏။

“တည်ငြိမ်တဲ့ ပြိုင်ဘက်ကို ကျော်ပြီး ဘောလုံးကို သယ်သွားဖို့ ခက်တယ်၊ ရဲ့လင်းချန်က ချမ်ရှန်ကို တားနိုင်ပင်မယ့် ချမ်ရှန်ရဲ့ ခံစစ်ကို ချိုးဖျက်နိုင်တယ်လို့ မဆိုလိုဘူးလေ”

ဖမ်ဟမ်သည် ဘေးဘက်၌ ရပ်နေပြီး အစောပိုင်းက လှောင်ချင်စိတ်ကို ဖယ်ရှား၍ မျက်မှောင်ကြုတ်နေသည်။

“သူတို့ရဲ့ အရပ်နဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံအရ ရဲ့လင်းချန်က ချမ်ရှန်ရဲ့ ခံစစ်ကို ထိုးဖောက်နိုင်ဖို့တဲ့ ဖြစ်နိုင်ချေက သုညပဲ”

“မဟုတ်ဘူး၊ ဖြစ်နိုင်ချေက တစ်ရာရာခိုင်နှုန်းပဲ”

ကျန်းဟဲ၏ မျက်နှာက နီရဲနေပြီး ဖမ်ဟမ်၏ စကားကို အမှန်ပြင်ပြောချိန်၌ သူ့မျက်လုံးများက တောက်ပနေ၏။

All Chapters