← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃) မင်းသားနန်ကုန်းအတွက် ကောင်းကင်ကြီး ပြိုကျသွားခြင်း

နံနက်ညီလာခံကျင်းပမည့်အချိန် နီးကပ်လာသည်နှင့်အမျှ နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများသည် နန်းတော်တံခါးဝသို့ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြလေသည်။

“ရှောင်ယွမ်ယွမ်...”

ယွင်ဟွားသည် မျက်လုံးများအတွင်း ကောက်ကျစ်သော အကြည့်များဖြင့် နန်ကုန်းယွမ်ဆီသို့ ပြေးသွားလေသည်။ ယွင်ရှောင်ထျန်းသည် သူမကို မတားဆီးနိုင်ခဲ့ပေ။ သူ၏ သမီးလေးက မင်းသားစု၏သားအပေါ် စိတ်ဝင်စားမှုမရှိကြောင်းကိုသာ သူ မသိထားခဲ့လျှင် ထိုကောင်လေးကို သတ်ပစ်ပြီးလောက်ပြီ ဖြစ်၏။

“ချန်နင်းကောင်တီမင်းသမီး...”

နန်ကုန်းယွမ်က ပြုံးလိုက်ရာ မင်းသားစုသည် သူ၏သားဖြစ်သူထံမှ အသုံးမကျသော အပြုံးကို မြင်လိုက်ရချိန်တွင် သွားကို တင်းတင်းကြိတ်ထားလိုက်လေသည်။

*ဟွန့်... သူက တကယ့်ကို ငွေဖြုန်းတဲ့ကောင်ပဲ…*

ရလဒ်အနေဖြင့် ယမန်နေ့က သူ၏ဇနီးသည် သူစုဆောင်းထားသမျှကို ယူဆောင်သွားခဲ့လေသည်။ ထိုအရာသည် သမီးငယ်လေးအတွက် မုန့်ဖိုးဖြစ်သလို သူနှင့်သူ၏ဇနီးတို့ အသက်ဆက်ရန် အသုံးပြုရမည့်ငွေများလည်း ဖြစ်၏။

“အဘိုးကြီးယွင်... ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို ခံရလိမ့်မယ်... ခင်ဗျားရဲ့ သမီးလေးကို သေချာစောင့်ကြည့်ထား...”

“ကျုပ်ရဲ့သားက အင်မတန် ကောက်ကျစ်စဉ်းလဲတယ်... ခင်ဗျားရော ကျုပ်ပါ သူနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး... သူက အမြဲပြုံးနေတတ်ပေမယ့် အကြံအစည်တွေ အပြည့်နဲ့ပဲ... ပြီးတော့ သူ နောက်ထပ် ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး...”

“ဒါမှ ခင်ဗျားရဲ့ သဘောကောင်းပြီး တက်ကြွချစ်စရာကောင်းတဲ့ သမီးလေးက ကျုပ်သားလိုမျိုး ကောက်ကျစ်စဉ်းလဲတဲ့သူ ဖြစ်မလာမှာ...”

“သူက ရက်စက်တဲ့ နတ်ဆိုးတစ်ကောင်ဆိုတဲ့ ကောလာဟလတွေကို မကြားဖူးဘူးလား... ခင်ဗျားသမီးလေးရဲ့ ခေါင်းခွဲတဲ့ကိစ္စကလည်း အရင်တုန်းက သူနဲ့ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့လို့ ပြဿနာတွေ ဖြစ်လာတာ ဖြစ်နိုင်တယ်...”

ယွင်ရှောင်ထျန်း...

*သူမရဲ့ တိုက်ခိုက်နိုင်စွမ်းကို မေ့နေတာလား... ငါ့သမီးက မင်းရဲ့ အထီးကျန်ဆန်တဲ့ သခင်လေးကို လမ်းမှားရောက်အောင် ဆွဲခေါ်သွားတာရော မဖြစ်နိုင်ဘူးလား…*

ယွင်ဟွားက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ရှောင်ယွမ်ယွမ်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေသော်လည်း သူမ၏ အကြည့်များက နန်ကုန်းယွမ်၏ အနောက်ဘက်သို့ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲဖြစ်စေ လှမ်းကြည့်နေမိလေသည်။

ရှောင်ရှင်းဟွာသည် ထိုအကြည့်များကို လျစ်လျူရှုထားလိုသဖြင့် ရိုသေလေးစားစွာဖြင့် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်၏။

“မင်းသမီး... ကျွန်တော့်မျက်နှာပေါ်မှာ တစ်ခုခု ရှိနေလို့လား...”

သို့မဟုတ်လျှင် သူမက အဘယ်ကြောင့် သူ့အား ဤမျှ စူးစူးစိုက်စိုက် ကြည့်နေရသနည်း။

နန်ကုန်းယွမ်သည် ထိုအရာကို သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ ရှောင်လီဟွာသည် အမြဲတမ်း သူ၏ဘေးတွင် ရှိနေတတ်သဖြင့် မျက်နှာသစ်တစ်ဦး ရုတ်တရက် ပေါ်လာချိန်တွင် ကောင်မလေးက အံ့အားသင့်စွာဖြင့် သူ့အား ထပ်မံကြည့်ရှုမိမည်မှာ မလွဲဧကန်ပင်ဖြစ်၏။

ယွင်ဟွားသည် သူမ၏ မျက်နှာအမူအရာကို အစွမ်းကုန် ဖုံးကွယ်ရန် ကြိုးစားရင်း နှုတ်ခမ်းကို စုလိုက်လေသည်။

“မဟုတ်ပါဘူး... မဟုတ်ပါဘူး... အရမ်းကို မမျှော်လင့်ထားလို့ပါ... မနေ့က ရှောင်လီဟွာလေ...”

ယွင်ဟွားသည် အနေခက်စွာ ပြုံးပြလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ အလွန်တရာ စိတ်လှုပ်ရှားနေလေသည်။

“ဝါး...ဒီရှင်းဟွာက တော်တော်လေး ကြည့်ကောင်းတာပဲ... ဖြောင့်တန်းတဲ့ နှာတံ၊ ဖြူဝင်းတဲ့ အသားအရေရှိပြီး အရပ်ရှည်ရှည်၊ တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ သူ့ရဲ့ အသံကတောင်မှ ငြင်းဆန်လို့မရတဲ့ ဆွဲဆောင်မှု ရှိတယ်..”

“တကယ်ကို အံ့မခန်းပဲ..”

သူ၏ ရုပ်ရည်သွင်ပြင်ကို ကြည့်ရင်း ယွင်ဟွားမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“ရှောင်ယွမ်ယွမ်က တော်တော်လေး အစားကောင်းကြိုက်တာပဲ...”

ယွင်ဟွား၏ ချီးကျူးစကားက နန်ကုန်းယွမ်အတွက်မူ အလွန်နားဝင်ဆိုးလှလေသည်။

သူသည် ရှောင်ရှင်းဟွာကို အဓိပ္ပာယ်ပါပါဖြင့် အချိန်အတော်ကြာ လှမ်းကြည့်လိုက်၏။

သူသည် အခြားသက်တော်စောင့်များထက် အမှန်တကယ်ပင် ပို၍ ကြည့်ကောင်းနေပေသည်။ ကောင်မလေးသည် ရုပ်ရည်အသွင်အပြင်ကို စွဲလမ်းတတ်သဖြင့် သူ့ကို အခြားပန်းတစ်ပွင့်ဖြင့် အစားထိုးသင့်၊ မသင့်ကို သူ စဉ်းစားနေမိပြီ ဖြစ်သည်။

“မင်းသမီး... မင်းသမီး...”

ရှောင်ရှင်းဟွာ၏ မျက်နှာအမူအရာက ချက်ချင်းပင် အေးခဲသွားလေသည်။ သူသည် အနည်းငယ် မှုန်ကုပ်နေသော သူ၏သခင်ဖြစ်သူ မျက်နှာကို ခိုးကြည့်လိုက်မိပြီး တုန်လှုပ်သွား၏။

ယွင်ဟွားသည် ထိုသူနှစ်ဦးကြားမှ အပြန်အလှန် လှုပ်ရှားမှုများကို ကြည့်ရှုနေစဉ် သူမ၏ ဂနာမငြိမ်သော နှလုံးသားမှာ တစ်ဖန် လှုပ်ခတ်သွားလေသည်။

“အိုကွယ်...ရှောင်ယွမ်ယွမ်က တကယ် သဝန်တိုနေတာပဲ…”

“သူ့ရှင်းဟွာလေးက ငါ့ကို တစ်ချက်လှမ်းကြည့်လိုက်တာနဲ့ ရှောင်ယွမ်ယွမ်ရဲ့ ချောမောတဲ့မျက်နှာလေး ပျက်ယွင်းသွားတယ်... သူက အနည်းငယ်တောင် မပျော်မရွှင် ဖြစ်သွားသလိုပဲ..”

ယွင်ဟွားက ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့သည် ထိုနှစ်ဦးအပေါ်တွင် ဟိုဟိုဒီဒီ လှည့်ပတ်ပျံသန်းနေကြလေသည်။

“ပန်းကလေး… မင်းသား ရှင်းဟွာကို တကယ်ချစ်ပုံရတယ်... အစ်မကြီးဖြစ်တဲ့ နင့်ကိုတောင်မှ မကျေနပ်မှုကို စတင်ပြသနေပြီလေ…”

သေခြင်းရှင်ခြင်းစာအုပ်က ရယ်မောရင်း တုန်ခါသွားလေသည်။

“ဒီရှင်းဟွာက လီဟွာထက် အမှန်တကယ် ပိုလှပတယ်... သူက သပ်ရပ်ခန့်ညားပြီး ကြည့်လို့လည်း ကောင်းတယ်..”

“သူချောမောနေရင်တောင် ငါ့ရဲ့ ဟွားဟွားလောက်တော့ မချောပါဘူး... ဒါပေမယ့် သခင်လေးက ချောမောတဲ့ ယောက်ျားတွေကို သဘောကျတော့ ငါတို့ သူ့ကို လှောင်ရယ်လို့ မရဘူးလေ…”

တရားသူကြီး၏စုတ်တံက ပြောလိုက်၏။

သူက ချောမောသော ယောက်ျားများကို သဘောကျသည်တဲ့လား။

နန်ကုန်းယွမ်ခမျာ ဤမျှ ရုတ်တရက် မမျှော်လင့်ထားသော တုန်လှုပ်ဖွယ်ရာကိစ္စကြောင့် လုံးဝကို အံ့အားသင့် မှင်တက်သွားလေတော့သည်။

ရှောင်ရှင်းဟွာက ယွင်ဟွားကို ထိတ်လန့်တကြား စိုက်ကြည့်နေမိပြီး သူ၏ မျက်လုံးအိမ်များမှာ သိသိသာသာ ကျုံ့ဝင်သွား၏။

*မဟုတ်ဘူး... အဲ့လိုမဟုတ်ရပါဘူး..*

“ရှောင်ယွမ်ယွမ်... စိတ်မပူပါနဲ့... ဘာတွေပဲဖြစ်လာပါစေ… နင့်ရဲ့ခေါင်းဆောင်က နင့်အတွက် အမြဲတမ်း ခိုင်မာတဲ့ ကျောထောက်နောက်ခံ ဖြစ်နေမှာပါ...”

ယွင်ဟွားက သူမ၏ ပြင်းပြသော ခံစားချက်များကို ဖော်ပြရင်း သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။

နန်းတော်တံခါးဝသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြသော နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများအားလုံးမှာ ရပ်တန့်သွားကြလေသည်။ သူတို့သည် အနည်းငယ် ဝေးကွာသော နေရာတွင် ရှိနေသော်လည်း ယောက်ျားလေးအလှအပနှင့် ပတ်သက်သည့် တစ်စုံတစ်ရာကို ကြားလိုက်ရပုံပေါ်ပေသည်။

မင်းသားစုက ပတ်ဝန်းကျင်ကို ထက်မြက်စူးရှသော အကြည့်များဖြင့် ဝေ့ကြည့်လိုက်၏။

အရာရှိများသည် သေချာစွာ မကြားလိုက်ရသဖြင့် နှမြောတသဖြစ်နေသော်လည်း တိတ်ဆိတ်စွာ ထွက်ခွာသွားကြလေသည်။

“မင်းသမီး... နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေလို့လား... ကျွန်တော် ဘာမှမဖြစ်ပါဘူး...”

နန်ကုန်းယွမ်သည် ဘီးတပ်ကုလားထိုင်၏ လက်ရန်းများကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ပြောလိုက်လေသည်။

ယွင်ဟွားက နန်ကုန်းယွမ်ကို နားလည်သဘောပေါက်ကြောင်း အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။

“ငါ နားလည်ပါတယ်... တချို့ကိစ္စတွေက ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ခက်ခဲတတ်ပါတယ်... ဒါပေမယ့် ခေါင်းဆောင်က နင့်ကို နားလည်ပေးနိုင်ပါတယ်...”

“ယောက်ျားလေးတွေကို သဘောကျတာပဲလေ... ကြီးကျယ်တဲ့ကိစ္စမှ မဟုတ်တာ…”

“ငါလည်း ကြည့်ကောင်းတဲ့သူတွေကို သဘောကျတယ်... ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး…”

“မဖြစ်သေးဘူး... ရှောင်ယွမ်ယွမ်ရဲ့ အဆိပ်ကို ဖြေပေးနိုင်ဖို့အတွက် ငါ့ရဲ့ ကျင့်ကြံမှုကို ပိုပြီး အရှိန်မြှင့်ရမယ်... ဒါမှ သူက ရှင်းဟွာနဲ့ နောက်ဆုံးမှာ အတူတူ ရှိနေနိုင်မှာ... အဆိုးဆုံးဆိုရင်တောင်မှ လောကကြီးရဲ့ အနှောင့်အယှက်ကင်းကင်းနဲ့ တောင်တန်းတွေပေါ်မှာ အတူတူ သီးသန့်သွားနေပြီး အရှက်အကြောက်ကင်းတဲ့ ဘဝမျိုးကို ဖြတ်သန်းလို့ ရတာပဲ..”

ထိုသို့ ပြောပြီးနောက် ယွင်ဟွားက ရှောင်ရှင်းဟွာကို ထပ်မံ၍ အကဲခတ်ကြည့်လိုက်ပြန်သည်။

“ဟေး... ရှောင်လီဟွာက တကယ်ကို တစ်ခုခုပဲ... ဒီရှင်းဟွာက တော်တော်လေး ကြည့်ကောင်းတယ်... သူပြောသလိုမျိုး ကောက်ကျစ်စဉ်းလဲတဲ့ ပုံစံ လုံးဝမပေါ်ပါဘူး..”

နန်ကုန်းယွမ်၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားလေသည်။

*ရှောင်လီဟွာ... မင်း တော်တော် ကောင်းနေပါလား…*

“ရှောင်ရှင်းဟွာ... အခု ဘာလုပ်ရမယ်ဆိုတာ နင် သိတယ်မလား...”

“ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ...”

ရှောင်ရှင်းဟွာသည် ခေါင်းငုံ့ကာ လက်ယှက်လိုက်ပြီး သူ၏ မျက်လုံးများတွင် ဒေါသအမျက်များ တောက်လောင်နေ၏။ သူသည် ထိုခွေးကောင် ရှောင်လီဟွာကို သေသည်အထိ ရိုက်သတ်ချင်နေမိသည်။

သူတို့က တိတ်တဆိတ် ထွက်ပြေးရုံတင်မကဘဲ မင်းသမီးဆီသွားပြီး ကောလာဟလတွေ ဖြန့်ရဲတယ်ပေါ့လေ။

အတင်းအဖျင်းပြောတတ်သော အမတ်များကို ခြောက်လှန့်မောင်းထုတ်ပြီးနောက် မင်းသားစုမှာ ကြက်သေသေနေလေသည်။

ကောင်မလေးက မုဆိုးမ လုပ်ချင်သည်ဟု ပြောချိန်တွင် ထိုကောင်လေးက ဘာကြောင့် အပြတ်အသတ် ငြင်းဆန်ခဲ့သလဲဆိုသည်မှာ မအံ့ဩစရာပင်။ ယခုမူ အကြောင်းရင်းကို သူ သိလိုက်ရပြီ ဖြစ်သည်။

သူ၏ တစ်ဦးတည်းသောသားက ယောက်ျားလေးများကို သဘောကျနေပေသည်။

မင်းသားစုသည် သူ၏ မိသားစုအပေါ် ကျရောက်လာသော ကံကြမ္မာဆိုးကို ညည်းတွားရင်း နာကျင်စွာ ငိုကြွေးလေတော့သည်။

သူသည် နန်ကုန်းမိသားစု၏ ဘိုးဘေးများကို မျက်နှာပျက်စေခဲ့ပြီ ဖြစ်၏။

“မင်းသားစု... တကယ်တော့...”

“ကျုပ်တို့ သက်တောင့်သက်သာပဲ နေမယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားမှာပါ... ဥပမာပြောရရင် ကျုပ်ဆို အရင်က ကျုပ်ရဲ့ သမီးငယ်လေး အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ပူခဲ့ဖူးတယ်... ဒါပေမယ့် စိတ်ပူနေတာ အလကားပဲဆိုတာ အခု ကျုပ် နားလည်သွားပြီ... သမက်မရလည်း နေပါစေလို့ ကျုပ် ပြင်ဆင်ထားလိုက်ပြီ...”

“အနည်းဆုံးတော့ ခင်ဗျားမှာ... ယောက်ျားလေးချွေးမတစ်ယောက် ရှိနေတာပဲလေ...”

“ကျုပ်သာဆိုရင် ကျုပ်သမီးကို သမက်အဖြစ် ရရင်တောင် စိတ်အနှောင့်အယှက် ဖြစ်မှာမဟုတ်ဘူး... ကျုပ်တို့ သေဆုံးသွားပြီးတဲ့နောက် ကျုပ်တို့ရဲ့ ကလေးတွေဘေးမှာ ရင်းနှီးတဲ့ အဖော်တစ်ယောက် ရှိနေမယ်ဆိုရင် အထီးကျန်စွာနဲ့ အိုမင်းသွားရမှာ မဟုတ်ဘူးလေ...”

ယွင်ရှောင်ထျန်း၏ နှစ်သိမ့်စကားများကို ကြားလိုက်ရချိန်တွင် ချန်ကျဲဟန်၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။

“ဒါက နှစ်သိမ့်နေတာ မဟုတ်ဘူး... မီးလောင်ရာ လေပင့်နေတာပဲ...”

မင်းသားစုသည် ယွင်ရှောင်ထျန်းကို နက်ရှိုင်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။

သူသည် သူ၏ မင်းသားအဆင့်အတန်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသံထွက်ကာ ငိုချလိုက်လေတော့သည်။

“ကျုပ်ဘဝက သိပ်ကို သနားစရာကောင်းလွန်းပါတယ်...”

“ဘုရားသခင်ရေ... ဘာလို့ ကျုပ်ကိုမှ ခုလိုလုပ်ရက်ရတာလဲ...”

ယွင်ဟွားမှာ ထိုကြေကွဲဖွယ် ငိုကြွေးသံကြောင့် လန့်ဖျပ်သွားလေသည်။

“အမတ်ချန်... ဘာတွေဖြစ်နေတာလဲ... မင်းသားစုက ဘာလို့ ငါ့အဖေကို ဖက်ပြီး ငိုနေရတာလဲ...”

ဤမျှ ပြဇာတ်ဆန်သော မြင်ကွင်းမျိုးကို သူမ အဘယ်ကြောင့် လွတ်သွားရသနည်း။

ချန်ကျဲဟန်က သခင်မလေးယွင်ကို ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။

“ဘာမှမဖြစ်ပါဘူး... ဘဝကြီးအပေါ် မျှော်လင့်ချက်တွေ အကုန်ပျောက်ဆုံးသွားလို့ ဖြစ်မှာပါ...”

အရာအားလုံးမှာ ယွင်ရှောင်ထျန်း၏ စကားများကြောင့်သာဖြစ်ပြီး မင်းသားစု၏ မျိုးဆက်မှာ ပြတ်တောက်လုနီးပါး ဖြစ်နေလေပြီဟု သူ စိတ်ထဲမှ တွေးလိုက်မိသည်။

ယွင်ဟွားမှာ နားမလည်နိုင်ဖြစ်သွား၏။

နန်ကုန်းယွမ်မှာ အလွန်အမင်း မောပန်းနွမ်းနယ်နေလေသည်။ သူ၏ဖခင် အဘယ်ကြောင့် ငိုကြွေးနေသနည်းဆိုသည်ကို သူ အသေအချာ သိထားပေသည်။ တွေဝေငေးမောနေသော ကောင်မလေးကို ကြည့်ရင်း သူ အမှန်တကယ်ပင် ပင်ပန်းသွား၏။

“ငါ...”

“ချန်နင်း ကောင်တီမင်းသမီး... မင်း ကျွန်တော့်ကို ညီလာခံဆီ အရင် တွန်းပို့ပေးပါ...”

သူ ကျိန်ဆိုလိုက်လေသည်။

ရှောင်လီဟွာ၏ ခြေထောက်များကို သူ မဖြစ်မနေ ချိုးပစ်ရမည်ဖြစ်၏။

သူ၏ အရှက်ရဖွယ် အတိတ်အကြောင်းကို စာအုပ်ရေးမည့်အစား သူတို့က ဤကောင်မလေးဆီသွားပြီး သူ့အကြောင်း ကောလာဟလတွေ ဖြန့်နေကြ၍ဖြစ်သည်။

All Chapters