အခန်း ၁၇၅
Vol. 18 Ch. 175
အခန်း (၁၇၅) အမတ်ဝမ်က တကယ့်ကို သနားစရာကောင်းလှသည်
ဝမ်ချန်ယိုမှာ တုန်ရီသွားလေ၏။
အကယ်၍ အမှန်တရားသာ ပေါ်ပေါက်သွားမည်ဆိုလျှင် သူ၏ ဝမ်မိသားစု ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရပြီးနောက် မြင်တွေ့ရမည့် မြင်ကွင်းကို သူ ကြိုတင် တွေးတောကြည့်နိုင်နေပြီ ဖြစ်သည်။
ဝမ်ချန်ယိုသည် ယွင်ဟွားအား ကျေးဇူးတင်ဟန်ဖြင့် ပြုံးပြလိုက်ရာ ယွင်ဟွားတစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားရလေသည်။
ယွင်ဟွားသည် သူမ၏ နေရာကို အနည်းငယ် ရွှေ့လိုက်ပြီးနောက်
“ဘုရားရေ... သူ ရူးသွားပြီလား... ဘာလို့ ငါ့ကို ရုတ်တရက်ကြီး အဲ့လို လာပြုံးပြနေရတာလဲ... ဘာတွေဖြစ်နေတာလဲ..”
“ပေပေ့ ထင်တာတော့ သူက နောက်ဆက်တွဲဆိုးကျိုးတွေ ပြန်ဖြစ်နေတာထင်တယ်..”
တရားသူကြီး၏စုတ်တံက ယွင်ဟွား၏ အမြင်အာရုံကို ကွယ်ထားလိုက်ပြီး သူ၏ ပန်းကလေးကို မမြင်စေရန် တားဆီးထားလိုက်၏။
ကံမကောင်းစွာဖြင့် ၎င်းမှာ အလုပ်မဖြစ်ခဲ့ပေ။
သေခြင်းရှင်ခြင်းစာအုပ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြောလေသည်။
“ပန်းကလေး... ကံကောင်းလို့ မနေ့က ငါတို့ လီချန်ပိုင်နဲ့ သူ့ဘေးနားက အငြိုးအတေးတစ္ဆေတွေကို ရှင်းလင်းပစ်နိုင်ခဲ့တယ်... တစ်ချိန်တည်းမှာပဲ သူ့နောက်ကွယ်က မိစ္ဆာကျင့်ကြံသူကို ကောင်းကင်တာအိုဆီ ဖော်ထုတ်နိုင်ခဲ့လို့ အပြစ်ပေးမိုးကြိုးပစ်ချပြီး သူ့ကို သေစေနိုင်ခဲ့တယ်…”
အငြိုးအတေးတစ္ဆေ…
ဘုန်း…
ဘုန်း…
နန်းတွင်း အရာရှိကြီးငယ်အပေါင်းတို့သည် သူတို့၏ ကြောက်ရွံ့မှုများကို ဖိနှိပ်ထားကြလေသည်။ သခင်မလေးယွင်သည် ငရဲပြည်မှ လာသည်ကို သူတို့အားလုံး သိထားကြသော်လည်း သူမသည် ယခုအခါ ပုံမှန်လူသားတစ်ဦး ဖြစ်နေပြီဖြစ်ရာ သူတို့ သိပ်မကြောက်ကြပေ။
သို့သော်လည်း အငြိုးအတေးတစ္ဆေများနှင့် ပတ်သက်လာလျှင်မူ သူတို့၏ ကြောက်ရွံ့မှုကို လုံးဝ မလွန်ဆန်နိုင်ကြပေ။
ဤသည်မှာ မဖြစ်နိုင် အချို့သော သတ္တိနည်းသည့် အရာရှိများမှာ ခြေထောက်များ ခွေယိုင်သွားကြပြီး အတော်များများမှာ မြေပြင်ပေါ်သို့ လဲကျသွားကြလေသည်။
အဆိုးရွားဆုံးမှာ ဝမ်ချန်ယိုပင်ဖြစ်၏။ သူသည် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း အလွန်အမင်း ကြောက်လန့်သွားသဖြင့် ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လျှောကျသွားလေတော့သည်။
ယွင်ဟွားမှာမူ အံ့အားသင့်သွား၏။
“ဘာဖြစ်သွားတာလဲ... ဘာတွေ ထပ်ဖြစ်ပြန်တာလဲ..”
ယွင်ဟွားနှင့် အကောင်ပေါက်လေးနှစ်ကောင်တို့မှာ လုံးဝ နားမလည်နိုင်ဖြစ်သွားကြပြီး သူတို့၏ မျက်နှာများထက်တွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းက ၎င်းကို ဆက်၍ မကြည့်ရက်တော့ပေ။ သူသည် ဤမျှလောက် ကြောက်လန့်နေစရာ အကြောင်းမရှိပေ။ အမှန်တကယ်တော့ မနေ့က သူကိုယ်တိုင် တကယ့်တစ္ဆေကို မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
“လူလာကြစမ်း... ရာသီဥတုက အေးပြီး အပူချိန်ကလည်း ကျဆင်းနေတယ်... အမတ်တွေ မခံနိုင်ကြတော့ဘူး... မီးသွေးခဲတွေ ယူလာခဲ့ကြစမ်း...”
ယွင်ဟွားသည် ပူအိုက်လာသဖြင့် သူမ၏ အင်္ကျီကော်လာကို ဆွဲဟလိုက်ပြီး
“ဒီတော်ဝင်ညီလာခံခန်းမကြီးက အတော်လေး နွေးနေပါတယ်”
“ဟွားဟွား... ငါတို့က ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းကြတယ်... ဒီရက်ပိုင်း ကျန်းမာရေး သိပ်မကောင်းတဲ့ အမတ်တွေကို နားလည်ပေးလိုက်ပါ..”
တရားသူကြီး၏စုတ်တံက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဟွားဟွားမှာ အငယ်ဆုံးဖြစ်ကြောင်း တွေ့လိုက်ရ၏။
အမတ်ကြီးများမှာမူ သူတို့ ကျန်းမာရေး အလွန်ကောင်းမွန်ကြပါသည်ဟု တွေးလိုက်မိကြ၏။
ယွင်ဟွားသည် ဝမ်ချန်ယိုအား ထူပေးလိုက်ရာ သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူမက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“အမတ်ဝမ်... အဆင်ပြေရဲ့လား... ဧကရာဇ်ဆီမှာ ခွင့်မတောင်းလိုက်ဘူးလား...”
ဝမ်ချန်ယိုက လက်ကို အားနည်းစွာ ခါရမ်းလိုက်ပြီး
“အဆင်ပြေပါတယ်... ကျွန်တော် တောင့်ခံထားနိုင်ပါသေးတယ်...”
သူသည် ထိန်းချုပ်ခံထားရချိန်တွင် မည်မျှ မိုက်မဲသော အရာများကို လုပ်ဆောင်ခဲ့မိသည်ကို သိရှိရန်အတွက် နောက်ဆက်တွဲ ဘာဖြစ်မည်ကို ဆက်၍ နားထောင်ချင်နေသေးသည်။
သူက အတင်းအကြပ် ပြောနေသဖြင့် ယွင်ဟွားသည် ဆက်မပြောတော့ဘဲ သူမ၏ စိတ်ထဲရှိ အကောင်ပေါက်လေးနှစ်ကောင်အကြောင်းကိုသာ ဆက်လက် တွေးတောနေလိုက်လေသည်။
“ပန်းကလေး... လီချန်ပိုင်က ကမောက်ကမဖြစ်အောင် ဖန်တီးပြီး အမတ်ဝမ်ရဲ့ သွေးနဲ့ ဆံပင်ကို ခိုးယူခဲ့တယ်... ပြီးတော့ သူက အမတ်ဝမ်ရဲ့ လက်ကောက်ဝတ်က ပုတီးစေ့တွေကို သုံးပြီး မှတ်ဉာဏ်တွေကို ပြောင်းလဲပစ်ခဲ့တယ်... သူ့ကိုယ်သူ အဝေးဆွေမျိုးတစ်ယောက်အဖြစ် ပုံဖော်ခဲ့တာပေါ့..”
“အမတ်ဝမ်က ဆင်းရဲတဲ့ နောက်ခံကနေ လာတာပေမယ့် သူ့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ ဒီနေရာကို ရောက်လာခဲ့တာလေ..”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝမ်မိသားစုက အဘိုးအဘွားနှစ်ယောက်စလုံး တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားခဲ့ကြပြီး သူတို့မှာ ဆွေမျိုးဆိုလို့ ဘယ်သူမှ မကျန်တော့ဘူး... သခင်မဝမ်က အတော်လေး သံသယဝင်ခဲ့ပေမယ့် အမတ်ဝမ်က လီချန်ပိုင်ဟာ သူတို့ရဲ့ ဇာတိရွာက ဆွေမျိုးတစ်ယောက်ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့တဲ့အတွက် ဝမ်အိမ်တော်မှာ သူ့ကို နေခွင့်ပြုဖို့ သဘောတူခဲ့ရတာ..”
“ဒါပေမယ့်လည်း အဲ့နေရာကို ရောက်ရောက်ချင်း ပထမဆုံးနေ့မှာတင် လီချန်ပိုင်က သခင်မလေးဝမ်ကို သဘောကျသွားပြီး အမတ်ဝမ်ကို ချက်ချင်း ကျိန်စာတိုက်ခဲ့တယ်... သူ့သမီးကို သူနဲ့ လက်ထပ်ပေးဖို့ အတင်းအကျပ် ခိုင်းစေခဲ့တယ်.. သခင်မဝမ်က အရမ်းဒေါသထွက်သွားလို့ အမတ်ဝမ်နဲ့ စကားများ ရန်ဖြစ်ခဲ့ကြသေးတယ်..”
ထိုသို့ဖြစ်လင့်ကစား အမတ်ဝမ်က ချန်ပိုင်ကို နိုင်ငံတော်၏ မဏ္ဍိုင်တစ်ခုဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် ထိပ်တန်းပညာရှိဖြစ်လာရန် ဖန်တီးခံထားရသူဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလျက် ထိုမင်္ဂလာကိစ္စကို အတည်ပြုရန် အတင်းအကျပ် တောင်းဆိုခဲ့လေသည်။ ဒေါသထွက်သွားသော သခင်မဝမ်သည် သူမ့သမီးကို ခေါ်ကာ မိဘများ၏ အိမ်တော်သို့ ပြန်သွားခဲ့၏။
ဝမ်ချန်ယိုသည် ကုလားထိုင်လက်တန်းများကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ရာ သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။
သူ... သူ တကယ်ပဲ ဤအရာတွေကို လုပ်ခဲ့မိသည်လား။
သို့သော်လည်း သူ ဘာကိုမှ မမှတ်မိတော့ပေ။
ယွင်ဟွားသည် စုပ်သပ်လိုက်ပြီး သူမ၏ အစ်ကိုကြီးကဲ့သို့ပင် ကံမကောင်းလှဟု ခံစားလိုက်ရကာ သူတို့နှစ်ဦးစလုံးမှာ ဤလီချန်ပိုင်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရလေသည်။
“ပြီးတော့ ဘာဆက်ဖြစ်လဲ..”
သေခြင်းရှင်ခြင်းစာအုပ်က ဝမ်ချန်ယို၏ ခေါင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆက်ပြောလေသည်
“လီချန်ပိုင်က မူလကတော့ အတင်းအကျပ် လုပ်ဆောင်ဖို့ ရည်ရွယ်ထားခဲ့တာ... ဒါပေမယ့် လွယ်ကူတဲ့ ပစ်မှတ်လေးက လွတ်မြောက်သွားတဲ့အတွက် သူက အမတ်ဝမ်ရဲ့ အနောက်ဆောင်ကို မျက်စိကျသွားခဲ့တယ်…”
အားလုံးမှာမူ အံ့အားသင့်သွားကြလေသည်။
ဝိုး... ဤသည်မှာ တကယ်ကို စိတ်လှုပ်ရှားစရာပင်။
ဝမ်ချန်ယိုမှာ အံ့အားသင့်သွား၏။ သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ အကြည့်များသည် ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ သူ၏ အပေါ်သို့ ကျရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေသည်။
ယွင်ဟွားက ချက်ချင်းပင် မတ်မတ်ထိုင်လိုက်ပြီး
“သူ့ရဲ့ ကိုယ်လုပ်တော်အဆောင်မှာ ကိုယ်လုပ်တော် ဘယ်နှယောက်ရှိလဲ..”
သူ၏ ခေါင်းပေါ်တွင် အစိမ်းရောင်ဦးထုပ်များ အမြောက်အမြား ဆောင်းထားရသဖြင့် ဤအမတ်ဝမ်မှာ ငိုချင်လောက်အောင်ပင် ဒေါသထွက်နေရပေမည်။
“သူ့မှာ ကိုယ်လုပ်တော် လေးယောက်ရှိတယ်... လီချန်ပိုင်က စကားပြောကောင်းပြီး ဆွဲဆောင်မှုရှိတဲ့အပြင် သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့် သူတို့ထဲက သုံးယောက်ကို မြှူဆွယ်နိုင်ခဲ့တယ်... တတိယကိုယ်လုပ်တော်ကတော့ သူ့ကို နည်းနည်း ရက်စက်ယုတ်မာတဲ့ပုံပေါက်တယ်လို့ အမြဲခံစားရလို့ အဝေးကနေပဲ ရှောင်နေခဲ့တာ..”
“အိုး... အနည်းငယ်တော့ ဉာဏ်ပါသားပဲ... အနည်းဆုံးတော့ အမတ်ဝမ်က လုံးဝကြီး ဖောက်ပြန်မခံလိုက်ရဘူးပေါ့..”
ယွင်ဟွားသည် အမတ်ဝမ်အား နောက်ပြောင်လိုသော အမူအရာဖြင့် ကြည့်လိုက်လေသည်။
ဝမ်ချန်ယိုသည် ရင်ဘတ်ကို ဖိထားလျက် အမောတကော အသက်ရှူနေလေသည်။
သူ၏ အချစ်တော်လေးပါလား...
သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းညိတ်လိုက်ပြီး
“တကယ့်ကို ဉာဏ်ကောင်းတာပဲ... သူမက လီချန်ပိုင် တစ်ခြားကိုယ်လုပ်တော်တွေရဲ့ အခန်းထဲကို ခိုးဝင်သွားတာကိုတောင် မြင်ခဲ့သေးတယ်... နောက်နေ့ရောက်တော့ သူမက သခင်မဝမ်ရဲ့ မိဘအိမ်တော်ကို အပြေးအလွှားသွားပြီး တိုင်တန်းခဲ့တာလေ..”
“သခင်မဝမ်က သတိကြီးသူဖြစ်လို့ အဲ့အဝေးက ဆွေမျိုးဆိုသူကို လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ပြီး တစ်ယောက်တည်း ပြန်လာခဲ့တယ်... တစ်ချိန်တည်းမှာပဲ ကိုယ်လုပ်တော် သုံးယောက်ကိုလည်း လူလွှတ်ပြီး အနီးကပ် စောင့်ကြည့်ခိုင်းထားခဲ့တယ်..”
ယွင်ဟွားက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး
“အိမ်တော်က သခင်မကြီးဆိုတဲ့အတိုင်း မျှော်လင့်ထားတဲ့အတိုင်းပဲ..”
သေခြင်းရှင်ခြင်းစာအုပ်က သူ၏ ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်လေသည်။
“ပန်းကလေး... ငါ နင့်ကို တစ်ခုလောက် ပြောပြမယ်... အဲ့သခင်မဝမ်က အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်... သူမက ကိုယ်လုပ်တော်ဟာ လီချန်ပိုင်နဲ့ ဖောက်ပြန်နေမှန်း သိလိုက်ရတော့ အမတ်ဝမ်ကို အဲ့အကြောင်း နည်းနည်း အရိပ်အမြွက် ပြောပြခဲ့သေးတယ်..”
“ဒါပေမယ့်လည်း အမတ်ဝမ်က ထိန်းချုပ်ခံထားရတာ မဟုတ်ပါလား... သူမ ဘာပြောပြော သူက ယုံမှာမဟုတ်ဘူး... ပြီးတော့ သခင်မဝမ်က လုပ်စရာမရှိလို့ ဟိုဟာသံသယဝင်၊ ဒီဟာသံသယဝင် ဖြစ်နေတာလို့တောင် သူက ပြောလိုက်သေးတယ်..”
“အဲ့တာက သခင်မဝမ်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး သူမဟာ ကိုယ်လုပ်တော်တွေ လီချန်ပိုင်ရဲ့ အချစ်ကို ရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာကို ကြည့်ဖို့အတွက် ဖရဲစေ့တွေကို ဝါးရင်း နေ့ရက်တွေကို ကုန်ဆုံးစေခဲ့တာပေါ့..”
“နောက်တော့ သူမက မီးလောင်ရာ လေပင့်ပေးခဲ့သေးတယ်... ကိုယ်လုပ်တော်တွေအတွက် အားဖြည့်စွပ်ပြုတ်တွေ ချက်ပေးတာပဲဖြစ်ဖြစ်... ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ငွေအမြောက်အမြား သုံးစွဲပေးတာပဲဖြစ်ဖြစ် လုပ်ပေးပြီး သူတို့ ဖောက်ပြန်ဖို့ အခွင့်အရေးတွေတောင် ဖန်တီးပေးခဲ့သေးတယ်…”
“ကြည့်စမ်း... ကိုယ်လုပ်တော် သုံးယောက်စလုံး လီချန်ပိုင်ရဲ့ ကလေးတွေကို ကိုယ်ဝန်ဆောင်ထားရတော့ အမတ်ဝမ်ကို ပျော်ရွှင်တဲ့ ဖခင်တစ်ယောက် ဖြစ်စေခဲ့တာပေါ့..”
အားလုံးမှာမူ...
ဤသည်မှာ အလွန် စိတ်လှုပ်ရှားစရာကောင်းလှပေသည်။ ဤသတင်းမှာ အလွန် အရည်ရွှမ်းလှပေသည်တကား။
ဝမ်ချန်ယိုမှာ ခါးညွတ်ကျလုနီးပါး ဖြစ်သွားလေသည်။
*ချစ်လှစွာသော ဇနီးလေး...မင်းရဲ့ ခင်ပွန်းက ထိန်းချုပ်ခံထားရတာပါ... ဒါပေမယ့် မင်း ငါ့ကို အဲ့လုပ်လို့ မရဘူးလေ…*
“ဝိုး…”
ယွင်ဟွားသည် သခင်မဝမ်၏ နည်းလမ်းများကို လုံးဝကို သဘောကျသွားလေတော့သည်။
“သနားစရာကောင်းတဲ့ အမတ်ဝမ်ပါပဲ... ရုတ်တရက်ကြီး ကလေးသုံးယောက် ရလာလို့ အစကတော့ အလွန်အမင်း ဝမ်းသာနေခဲ့တာ... ဒါပေမယ့်လည်း အဲ့တာက အံ့ဩတုန်လှုပ်စရာအဖြစ် ပြောင်းလဲသွားခဲ့တယ်... ငါ... ငါ သူ့အတွက် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်..”
“သူ့ရဲ့ သမီးက အတင်းအကျပ် စေ့စပ်ခံရတယ်... သူ့ရဲ့ ဇနီးက အရမ်းဒေါသထွက်ပြီး သူ့ကို စတင် အပြစ်ပေးတော့တယ်... သူ့ရဲ့ ကိုယ်လုပ်တော် သုံးယောက်က သူ့ကို ဖောက်ပြန်ခဲ့ကြတယ်... နောက်ပိုင်းမှာ ထုံးတမ်းစဉ်လာရေးရာဌာနရဲ့ လက်ယာဒုတိယဝန်ကြီးဆိုတဲ့ ရာထူးကို အသုံးချပြီး စာမေးပွဲမေးခွန်းတွေကို သေချာပေါက် ရယူခဲ့တဲ့ လီချန်ပိုင်အကြောင်းကတော့ ပြောစရာတောင် မလိုတော့ဘူးပေါ့..”
သခင်မလေးယွင် ပြောခဲ့သည့်အတိုင်း သူသည် တကယ့်ကို ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ဖြစ်ရာ အားလုံးက အမတ်ဝမ်အား သနားကြင်နာစွာဖြင့် ကြည့်လိုက်ကြလေသည်။
“အင်း..”
ယွင်ဟွားက သက်ပြင်းချလိုက်ပြီး
“ကံကောင်းလို့ ငါ လီချန်ပိုင်ကို ရှင်းလင်းလိုက်တာ... အမတ်ဝမ်က ထိန်းချုပ်မှု လွတ်ကင်းသွားပြီးနောက်မှာ ပြောင်းလဲခံထားရတဲ့ မှတ်ဉာဏ်တွေကို သဘာဝအတိုင်းပဲ မေ့သွားခဲ့တယ်... မဟုတ်ရင် ဒီလောက်လှုံ့ဆော်မှုပြင်းထန်တဲ့ အရာမျိုးကို သူ ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား…”
“သူ့ရဲ့ ပညာဗဟုသုတကိုပဲ အခိုးခံလိုက်ရတဲ့ ငါ့ရဲ့ အစ်ကိုကြီးနဲ့ ယှဉ်လိုက်ရင် သူက တကယ့်ကို နစ်နာလွန်းလှတယ်..”
ဝမ်ချန်ယိုသည် ခါးသီးမှုများ ပြည့်နှက်နေသော မျက်ရည်တစ်ပေါက်ကို သုတ်ဖယ်လိုက်လေသည်။
*နောက်ကိုလှည့်ပြီး ကျွန်တော့်ကို ကြည့်လိုက်ပါဦး... ကျွန်တော် ဖိအားတွေကြောင့် သတိလစ်တော့မယ်…*
ပြီးတော့...
ယနေ့ သူ၏ မျက်နှာကို လုံးဝ အိုးမည်းသုတ်ခံလိုက်ရပြီ ဖြစ်၏။ ဤကဲ့သို့ သူ ဆက်၍ မနေနိုင်တော့ပေ။
“သူ့ကို ငါ ဘယ်လို ကူညီပေးရမလဲ..”
ယွင်ဟွားသည် ရုတ်တရက် သူမ၏ လက်ချောင်းများဖြင့် တွက်ချက်မှုအချို့ ပြုလုပ်လိုက်ပြီး အမတ်ဝမ်အား အံ့အားသင့်နေသော အမူအရာဖြင့် ကြည့်လိုက်လေသည်။ သူမ၏ တောက်ပနေသော မျက်လုံးများက ဝမ်ချန်ယိုအား အလိုအလျောက် တုန်ရီသွားစေတော့သည်။
“အိုး... အမတ်ဝမ်...”
“ကျွန်မ ရှင့်အတွက် ဗေဒင်တွက်ပေးလိုက်တယ်... ရှင့်ရဲ့ အိမ်တော်က မိစ္ဆာဝိညာဉ်တွေနဲ့ ပြည့်နှက်နေပြီး နတ်ဆိုးတွေ သောင်းကျန်းနေတယ်... ရှင် အဲ့ဒါကို အမြန်ဆုံး မရှင်းလင်းဘူးဆိုရင် ရှင့်ရဲ့ အသက်အန္တရာယ် ရှိလာနိုင်တယ်...”
အားလုံး….
ဝမ်ချန်ယို..…