← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈) ရထားလုံးထံ၌ စုဝေးကြခြင်း

တတိယမင်းသားသည် နန်ကုန်းယွမ်ကို စူးစိုက်ကြည့်နေပြီး ယွင်ဟွား၏ ခေါင်းပေါ်ရှိ သေခြင်းရှင်ခြင်းစာအုပ်ကလည်း တတိယမင်းသားကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။

တရားသူကြီး၏စုတ်တံသည် သူ၏ ခေါင်းလေးကို ကုတ်လိုက်ရာ မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ပေါ်လွင်နေ၏။

“ရှူးရှူး... ဒီပြဿနာကောင်သုံးက အရင်တုန်းက နင့်ကို စိတ်အနှောင့်အယှက် ပေးခဲ့ဖူးလား... စိတ်မပူပါနဲ့... တရားသူကြီးစုတ်တံက နင့်အတွက် လက်စားချေပေးမယ်...”

ရှူးရှူး၏ အံကြိတ်သံကိုပင် သူ ကြားနေရသကဲ့သို့ ရှိလေသည်။

သေခြင်းရှင်ခြင်းစာအုပ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်သွား၏။

“အဲ့လူယုတ်မာက လုပ်ကြံသူရဲ့ဓားကို ကာကွယ်ဖို့ ပန်းကလေးကို ပစ်ပေါက်ခဲ့တယ်... အကာအကွယ်ရတနာသာ မရှိခဲ့ရင်...ငါတို့ပန်းကလေးက ငရဲပြည်ကို သတင်းပို့နေရလောက်ပြီ...”

“အာ... အတော်လေး နှမြောစရာကောင်းတာပဲ...”

တရားသူကြီး၏စုတ်တံမှာ နောင်တရနေဟန် ရှိလေသည်။ အကယ်၍ ဟွားဟွားသာ ငရဲပြည်သို့ ပြန်သွားခဲ့လျှင် သူသည်လည်း လူ့ပြည်သို့ လာရန် လိုအပ်မည် မဟုတ်ပေ။

တရားသူကြီး၏စုတ်တံက သူ၏ ပတ်ဝန်းကျင်၌ အေးစိမ့်သွားသည်ကို ခံစားလိုက်ရပြီး မော့ကြည့်လိုက်ရာ သေခြင်းရှင်ခြင်းစာအုပ်က သူ၏ လက်သီးသေးသေးလေးကို ဆုပ်ကာ သူ၏ဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

တရားသူကြီး၏စုတ်တံမှာ တုန်ယင်သွားပြီးနောက် ချက်ချင်းပင် လေသံပြောင်းကာ ကြမ်းတမ်းသော မျက်နှာထားဖြင့် ပြောလိုက်၏။

“အဲ့တာက လုံးဝကို အပြစ်လွန်ကျူးတာပဲ... ဒီနေ့ည သူ အိပ်ဖို့ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ ရွှေ့ပြောင်းပေးပြီး သူ့ရဲ့ လက်မောင်းနှစ်ဖက်စလုံးကို ချိုးပစ်ရမယ်..”

နန်ကုန်းယွမ်က နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်၏။ ကောင်းမွန်သော အကြံအစည်ပင် ဖြစ်သည်။

သူက ကိုယ်တိုင် ကူညီပေးနိုင်ပြီး ထိုသို့လုပ်ဆောင်ရင်း ရှောင်လီဟွာကိုပါ တစ်ပါတည်း မြှုပ်နှံပေးမည်ဟု ပြောလိုက်လေသည်။

တတိယမင်းသား…

သူ၏ မျက်လုံးရှေ့တွင် အမှောင်ထုကိုသာ ခံစားလိုက်ရလေသည်။

အပန်းဖြေစံအိမ်တွင် နေထိုင်စဉ်နှင့် အနားယူနေစဉ်အတွင်း သူသည် သူ၏ ခေါင်းဆောင်ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ သေခြင်းရှင်ခြင်းစာအုပ်က ရက်စက်ကြမ်းကြုတ်ပြီး တရားသူကြီး၏စုတ်တံကလည်း သေစေနိုင်လောက်ပေသည်။

ထိုစဉ်က သူ၏ အမှားတစ်ခုကြောင့် ရှောင်ရှူးရှူးက သူ့အပေါ် ဤမျှကြာရှည်စွာ ရန်ငြိုးထားလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မထင်မှတ်ထားခဲ့ပေ။

သူ နောင်တရမိလေပြီ။

စိတ်ဓာတ်ကျဆင်းနေသော တတိယမင်းသားကိုကြည့်ရင်း ယွင်ဟွားက သူမ လွန်သွားပြီဟု တွေးမိကာ သူ့ကို သနားသွားပြီး နှစ်သိမ့်ပေးရန် ပြင်ဆင်လိုက်၏။

“ဟတ်ချိုး...”

“ဟတ်ချိုး...”

နန်ကုန်းယွမ်က နှစ်ခါဆက်တိုက် နှာချေလိုက်ပြီး အေးစက်သော ဆောင်းလေက သူ၏ မျက်နှာကို ဓားဖြင့် လှီးဖြတ်နေသကဲ့သို့ ခံစားရလေသည်။

ကောင်မလေးက သူ့အား ကြည့်နေသည်ကို သူ သတိထားမိလိုက်ရာ သူ၏ မျက်လုံးများက ပန်းချီကားတစ်ချပ်ထဲမှ ဖျော့တော့နေသော အလှရှင်တစ်ဦးကဲ့သို့ အနည်းငယ် ပြုံးယောင်သန်းသွား၏။

“မင်းသမီး... ကျွန်တော်က အအေးဒဏ်ကို ခံနိုင်ရည်ရှိပါတယ်... ဒါပေမယ့် ကျွန်တော့်ရဲ့ တတိယညီလေးကတော့... အနည်းငယ် နေမကောင်းဖြစ်နေပုံပဲ... သူ့ကို နှစ်သိမ့်စကား အနည်းငယ်လောက် ပြောပေးနိုင်မလား...”

ထိုသို့ပြောပြီးနောက် သူက သူ၏ ဝတ်ရုံကို ပို၍ တင်းကျပ်စွာ ခြုံလိုက်ပြီး မသိမသာ တုန်ယင်သွားလေသည်။

သူ၏ ဖြူဖျော့နေသော မျက်နှာနှင့် ယိမ်းယိုင်နေသော ခန္ဓာကိုယ်က ယွင်ဟွား၏ ကာကွယ်စောင့်ရှောက်လိုစိတ်ကို ချက်ချင်းပင် နိုးဆွပေးလိုက်သည်။

အအေးဒဏ်ကို ဂရုမစိုက်ဘဲ သူမသည် သူမ၏ ခြုံထည်ကို ချွတ်လိုက်ပြီး နန်ကုန်းယွမ်၏ အပေါ်သို့ လွှမ်းခြုံပေးရန် ရည်ရွယ်လိုက်၏။

“မင်းသမီး... မလုပ်ပါနဲ့...”

နန်ကုန်းယွမ်၏ မျက်လုံးများထဲတွင် ရုန်းကန်နေမှုတစ်ခု ရှိနေသည်။

ထိုမြင်ကွင်းက တတိယမင်းသားကို အံကြိတ်သွားစေသည်။

“ခေါင်းဆောင်... သူက ဟန်ဆောင်နေတာပါ... သူက အမြင့်ဆုံး ယန်သိုင်းကျင့်စဉ်ကို ကျင့်ကြံထားတာမလို့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မီးဖိုတစ်ခုလိုပဲ... သူက အအေးဒဏ်ကို နည်းနည်းလေးမှ မကြောက်ဘူး...”

အောက်သို့ စိုက်ကြည့်နေသော နန်ကုန်းယွမ်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ အတွင်းအားများ အနည်းငယ် ပျောက်ကွယ်သွားကာ သူ၏ ခန္ဓာကိုယ်အပူချိန်မှာ တဖြည်းဖြည်း ရေခဲတမျှ အေးစက်သွားလေသည်။

“ကျွန်တော်က အမြင့်ဆုံး ယန်ကျင့်စဉ်ကို ကျင့်ကြံထားတာ မှန်ပါတယ်... ပြီးတော့ ကျွန်တော်က အအေးဒဏ်ကို မကြောက်တာလည်း အမှန်ပါပဲ... ဒါပေမယ့် ဒီတစ်ကြိမ်တွင်မှာတော့... အား... ကျွန်တော့်ရဲ့ ဒဏ်ရာတွေက ပြင်းထန်နေဆဲဖြစ်ပြီး အပြည့်အဝ မသက်သာသေးတာကြောင့် လောလောဆယ် အတွင်းအားကို အသုံးမပြုနိုင်တာ ဖြစ်နိုင်တယ်.”

ယွင်ဟွားက သူမ၏ အရှေ့သို့ ကိုင်းညွတ်လာသော တတိယမင်းသားကို တွန်းဖယ်လိုက်၏။

သူမသည် ရှောင်ယွမ်ယွမ်၏ အပေါ်သို့ ခြုံထည်ကို လွှမ်းခြုံပေးလိုက်ပြီး သူ၏ ရေခဲတမျှ အေးစက်နေသော ခန္ဓာကိုယ်အပူချိန်ကို ခံစားမိလိုက်ရာ တတိယမင်းသားအား မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဒီကိုလာပြီး သူ့ကို စမ်းကြည့်လိုက်စမ်းပါ... နင့်ရဲ့ ဒုတိယအစ်ကိုက ဟန်ဆောင်နေတာလား...”

တတိယမင်းသား…

*ဘုရားရေ... အရှက်မရှိတဲ့ ငါ့ရဲ့ ဝမ်းကွဲညီလေး မိုးကြိုးပစ်ချပြီး သေပါစေ…*

သူက အလွန်ယုတ်မာလွန်းသည်။ အတွင်းအားများကို လူစုခွဲပစ်သည့် နည်းလမ်းကိုပင် အသုံးပြုခဲ့သေးသည်။

ဤအချိန်တွင် တတိယမင်းသားခမျာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေပြီး သူ့ကို ဖော်ထုတ်ရန် မဝံ့ရဲတော့ပေ။

ယွင်ဟွားက နှာမှုတ်လိုက်ပြီး နန်ကုန်းယွမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“စိတ်မပူပါနှင့်... နင့်ရဲ့ ခေါင်းဆောင်အနေနဲ့ နင့်ကို ကာကွယ်စောင့်ရှောက်ဖိုက ငါ့ရဲ့ တာဝန်ပဲ...”

ထိုသို့ပြောပြီးနောက် ယွင်ဟွားသည် ဘီးတပ်ကုလားထိုင်ကို ရထားလုံးဆီသို့ တွန်းသွားရင်း ပြောလိုက်၏။

“လာပါ... ငါ နင့်ကို အိမ်ပြန်ပို့ပေးမယ်...”

ယွင်ရှောင်ထျန်းသည် သူ၏ သမီးငယ်လေးက ထိုသခင်လေးအား အထူးဂရုစိုက်နေသည်ကို ကြည့်ရင်း ပါးစပ်ကို စူလိုက်လေသည်။

သမီးငယ်လေးက သူ့ကို မောင်လေးတစ်ယောက်လို ဆက်ဆံနေသော်လည်း တစ်ခုခုက မှားယွင်းနေသလို ခံစားရ၏။

ချန်ကျဲဟန်သည် အမတ်ငယ်ယွင်က လူကို ရထားလုံးပေါ်သို့ တင်ဆောင်သွားသည်ကို ကြည့်ရင်း ယွင်ရှောင်ထျန်းကို သူ၏ တံတောင်ဆစ်ဖြင့် တွတ်လိုက်လေသည်။

သူက ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်သည်။

“အကယ်၍ မင်း ရထားလုံးပေါ်ကို အမြန်မတက်ဘူးဆိုရင် အေးစက်နေတဲ့ လေထဲမှာ အိမ်ကို လမ်းလျှောက်ပြန်ရလိမ့်မယ်... ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းကို အိမ်ပြန်ပို့ပေးမှာ မဟုတ်ဘူး...”

သူသည် ယွင်ရှောင်ထျန်းကို အကြိမ်များစွာ လိုက်ပို့ပေးခဲ့ဖူးသော်လည်း သူ့အား ခရီးစရိတ် တစ်ပြားတစ်ချပ်မျှပင် မပေးခဲ့ချေ။

ယွင်ရှောင်ထျန်းမှာ လန့်သွားပြီး ချက်ချင်းပင် သူမနောက်သို့ ပြေးလိုက်သွား၏။

“သမီးလေး... နေဦး… နင့်ရဲ့ အဖေကြီးက အပေါ်ကို မတက်ရသေးဘူးဟ...”

“ခေါင်းဆောင်... ခေါင်းဆောင်... ငါလည်း ပါသေးတယ်… မင်း မိသားစုရဲ့ ပြဿနာကောင်သုံးကလည်း ရထားလုံးပေါ် မတက်ရသေးဘူး...”

တတိယမင်းသားက သူ၏ ဘီးတပ်ကုလားထိုင်ကို လှည့်ရန် သူ၏ အစွမ်းကုန် အသုံးပြုလိုက်လေသည်။

“ကျွန်တော်လည်း ပါသေးသည်... မင်းရဲ့ ရထားလုံးကို စီးပြီး ပြန်ချင်တယ်...”

လူပိုများလေ ပို၍ စည်ကားလေပင် ဖြစ်သည်။ နောက်ပိုင်းတွင် အခြားသူများအကြောင်း အတင်းအဖျင်းများပင် ကြားရနိုင်သည် မဟုတ်ပါလား။

ချန်ကျဲဟန်...

အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။

“နေဦး... အဘိုးကြီးယွင်... ငါလည်း မင်းရဲ့ ရထားလုံးကို စီးချင်တယ်...”

ဤတစ်ကြိမ်တွင်မူ အဘိုးကြီးယွင်၏ ရထားလုံးကို အခမဲ့လိုက်စီးရန် သူ၏ အလှည့်ပင် ဖြစ်သည်။ သူကိုယ်တိုင် အခွင့်အရေး အဆုံးရှုံးခံ၍ မဖြစ်ပေ။

ထိုနေရာတွင် ကျန်ရစ်ခဲ့သော ချန်မိသားစုနှင့် စုမိသားစုမှ ရထားလုံးမောင်းသူများက တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်ဖြင့် ကြည့်နေကြလေသည်။

ရထားလုံးအတွင်း၌...

ယွင်ဟွားနှင့် ယွင်ရှောင်ထျန်းတို့က ဖိတ်ကြားမထားသော ဧည့်သည်အုပ်စုကို ကြည့်ရင်း သူတို့၏ ပါးစပ်များ ပြင်းထန်စွာ တွန့်လိမ်သွားကြ၏။

ကံကောင်းထောက်မစွာဖြင့် ယွင်မိသားစု၏ ရထားလုံးက လုံလောက်အောင် ကြီးမားနေပေသည်။

တတိယမင်းသားသည် လမ်းတစ်လျှောက်လုံး နန်ကုန်းယွမ်ကို မကောင်းဆိုးဝါးအကြည့်ဖြင့် ကြည့်နေခဲ့ပြီး ဤဒုက္ခပေးတတ်သော လူကို ဖယ်ရှားရန် နည်းလမ်းရှာချင်နေလေသည်။

ထိုနည်းတူပင် ဖြစ်သည်။ နန်ကုန်းယွမ်က ကောင်မလေးကို တွယ်ကပ်နေသော တတိယမင်းသားကို အလွန်ပင် မကျေမနပ် ဖြစ်နေ၏။

ထိုသူနှစ်ဦးသည် လျှို့ဝှက်စွာ တိုက်ခိုက်ခဲ့ကြပြီး ရှောင်ယွမ်ယွမ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ ယွင်ဟွားက တတိယမင်းသားကို ရိုက်ချလိုက်လေသည်။

“လိမ္မာအောင်နေ... မဟုတ်ရင် နင့်ကို ရထားလုံးပေါ်ကနေ ကန်ချပစ်မယ်...”

တတိယမင်းသားသည် နှုတ်ခမ်းဆူလိုက်ပြီး သူ၏ ဝမ်းကွဲညီ၏ လုပ်ရပ်များကို တိတ်ဆိတ်စွာ မှတ်သားထားလိုက်၏။

ယွင်ဟွားသည် မော့ကြည့်လိုက်ရာ ရှောင်ယွမ်ယွမ်၏ ဖြူရော်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် သူ့အတွက် မသနားဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

သူမ၏ အကြည့်က ရှောင်ယွမ်ယွမ်၏ ခြေထောက်များဆီသို့ တစ်ဖန် ကျရောက်သွားပြန်သည်။ သူ၏ အတွင်းအားများက အဆိပ်၏ အာနိသင်များကို ဖိနှိပ်ထားပုံရပြီး သူ့အား အဆိပ်ဖြေပေးလိုသည့် သူမ၏ ဆန္ဒများမှာ ပို၍ ပြင်းထန်လာလေသည်။

“ငါ့ကို ယုံကြည်ပါ... နင့်ရဲ့ အဆိပ်တွေက မကြာခင် ပျောက်ကင်းသွားလိမ့်မယ်...”

နန်ကုန်းယွမ်မှာ အစပိုင်းတွင် အံ့သြသွားသော်လည်း နောက်ပိုင်းတွင် သူ၏ အပြုံးများက တဖြည်းဖြည်း နက်ရှိုင်းလာလေသည်။

“ကျွန်တော် မင်းကို ယုံကြည်ပါတယ်…ဒါပေမယ့် မင်း ထိခိုက်ဒဏ်ရာရသွားမှာကို ကျွန်တော် စိုးရိမ်မိတယ်...”

ကောင်မလေးက သူ့ကို မည်သို့ ကုသပေးမည်ကို နန်ကုန်းယွမ် မသိခဲ့ပေ။ အကယ်၍ သူမ အန္တရာယ်ရှိမည်ဆိုလျှင် သူသည် ကုသခြင်းကို ခံယူမည် မဟုတ်ပေ။

သူမ ဘယ်သောအခါမျှ ထိခိုက်မည် မဟုတ်ပေ။

ငရဲလကျောက်က ချက်ချင်း ခုန်ထွက်လာပြီး သူ၏ သခင်ဖြစ်သူ၏ ခေါင်းကို ထုချင်စိတ် ပေါက်သွားလေသည်။

*အဲ့ဒါ ငါပဲ... နင့်ကို အဆိပ်ကုပေးတာ ငါပဲ…*

သူမ၏ စုတ်ပြတ်နေသော ပန်းကလေးက အဆိပ်မည်မျှကို စုပ်ယူနိုင်မည်နည်း။

သူမသည် လူသားအဖြစ် ပြန်လည်ဝင်စားလာခဲ့သော်လည်း ယခင်ဘဝက လူနှင့် တူညီတော့မည် မဟုတ်ပေ။ သူမသည် သူမ၏ မူလခန္ဓာကိုယ်နှင့် မကြာသေးမီကမှ ပေါင်းစပ်ခဲ့ပြီး ကျင့်ကြံခြင်းကို ယခုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက မည်သို့ အကျိုးရှိမည်နည်း။

သူမက ၎င်းကို နည်းနည်းချင်းစီ စုပ်ယူနေချိန်တွင် သခင်သည် ကြာရှည်စွာ ပျောက်ကွယ်သွားလိမ့်မည်။

“ငါ ထိခိုက်မှာ မဟုတ်ပါဘူး...”

ယွင်ဟွားက လက်ကာပြလိုက်ပြီး တောက်ပစွာ ပြုံးကာ ပြောလိုက်သည်။

“အဲ့တာက ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအင်ကိုပဲ စားသုံးသွားလိမ့်မှာ...”

ရှောင်ယွမ်ယွမ်၏ ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသော အဆိပ်ဆိုသည်မှာ အဆိပ်များစွာ ရောနှောနေခြင်းဖြစ်ကြောင်းကို သူမ ရေးတေးတေး မှတ်မိနေခဲ့သည်။ ထို့ကြောင့် ၎င်းကို အဆိပ်တစ်မျိုးတည်းဖြင့် ကုသ၍ မရနိုင်ဘဲ အဆိပ်အားလုံးကို တစ်ချိန်တည်းတွင် ကုသရမည် ဖြစ်သည်။

သို့သော် အမျိုးအစားများမှာ အလွန်များပြားလွန်းလှပြီး နန်းတွင်းသမားတော်များက အနည်းငယ်ကိုသာ ခွဲခြားနိုင်ကြလေသည်။

၎င်းအဆိပ်များသည် တဖြည်းဖြည်းနှင့် အဆိပ်အသစ်တစ်ခုအဖြစ် ဖြစ်တည်လာသည်ကို ဆိုဖွယ်ရာပင် မရှိတော့ပေ။ ဤအချက်က နန်းတွင်းသမားတော်များကို ပို၍ပင် အကူအညီမဲ့သွားစေသည်။

ယွင်ဟွားသည် မျက်မှောင်ကြုတ်လိုက်၏။

“ရှောင်ရှူးရှူး... ပြီးခဲ့တဲ့ နန်းတွင်းပွဲတော်တုန်းက တော်ဝင်ကြင်ယာတော်စုကို အဆင့်တက်ချင်နေတဲ့ အစေခံမတစ်ယောက်က အဆိပ်ခတ်ခဲ့တယ်လို့ ငြါရဲ့ အမေက ပြောခဲ့ဖူးသလိုပဲ... အဲ့ဒါကြောင့် ဆက်ခံသူမင်းသားက ထူးဆန်းတဲ့ အဆိပ်မိသွားခဲ့တာလား..”

ထိုအချိန်က သူမသည် ၎င်းကို ပုံပြင်တစ်ပုဒ်အနေဖြင့်သာ နားထောင်ခဲ့ပြီး သိပ်အများကြီး မတွေးခဲ့ပေ။

သို့သော် ပြီးခဲ့သည့် နှစ်များတစ်လျှောက် ငရဲပြည်ရှိ မရေမတွက်နိုင်သော ဇာတ်လမ်းများကို မျက်မြင်တွေ့ရှိခဲ့ရပြီးနောက် ယခုအခါတွင်မူ သူမသည် အရာရာကို သေချာစွာ စဉ်းစားရတော့မည် ဖြစ်သည်။

သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းညိတ်လိုက်၏။

“ပန်းကလေး…နင့်အမေက အဲ့လို‌ပြောခဲ့တယ်”

လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။

အဘယ်ကြောင့် ဤအစေခံမလေးက ဤကိစ္စကို ထုတ်ဖော်ပြောဆိုနေရသနည်း။ သူမက သခင်လေးအတွက် လက်စားချေချင်နေတာလား။ သို့သော် ထိုစဉ်က အစေခံမမှာ မြင်းငါးကောင်ဖြင့် ဆွဲဖြဲခံခဲ့ရပြီး ဖြစ်သည်။

နန်ကုန်းယွမ်နှင့် မင်းသားစုတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

သားအဖနှစ်ဦးစလုံး အသံတစ်သံမျှ မထွက်ခဲ့ကြချေ။ အထူးသဖြင့် မင်းသားစုဖြစ်ပြီး သူ၏ အင်္ကျီလက်ထဲတွင် ဖုံးကွယ်ထားသော လက်များကို လက်သီးဆုပ်ထားလေသည်။

All Chapters