← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉) ထိုစဉ်ကဖြစ်ရပ်တွင် ထူးဆန်းမှုရှိနေခြင်း

ထိုစဉ်က ဖြစ်ရပ်က မြင်ရသလောက် ရိုးရှင်းမနေခဲ့ပေ။

နှစ်ပေါင်းများစွာတိုင် သူနှင့် သူ၏သားသည် အမှန်တရားကို ရှာဖွေရန် ကြိုးစားနေခဲ့သော်လည်း သဲလွန်စများ အလွန်နည်းပါးလွန်းလှပြီး မည်သည့်တိုးတက်မှုမျှ မရှိခဲ့ချေ။ သို့သော် အမှန်တရားကို ရှာဖွေရန်အတွက် သူ ဘယ်သောအခါမျှ လက်မလျှော့ခဲ့ပေ။

ယွင်ဟွားသည် သူမ၏ မေးစေ့ကို ပွတ်သပ်ကာ စတင်ခွဲခြမ်းစိတ်ဖြာလိုက်၏။

“ရှောင်ရှူးရှူး... အဆင့်တက်ချင်နေတဲ့ အစေခံမတစ်ယောက်က အဲ့လောက်ပြင်းထန်တဲ့ အဆိပ်မျိုးကို ရနိုင်တဲ့ စွမ်းရည်ရှိမယ်လို့ နင် တကယ်ယုံကြည်လား...”

“အဲ့အစေခံမရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိမနေဘူးလို့ ငါ မယုံဘူး...”

ပန်းကလေး ပြောသည်မှာ မှန်ကန်ပြီး ဤကိစ္စက ထူးဆန်းနေလေသည်။

မုန့်ပို၏ ဇာတ်လမ်းများကို အလွန်အကျွံ ဖတ်ရှုထားဖူးသော တရားသူကြီး၏စုတ်တံက ဖြေဆိုရန် သူ၏ လက်သေးသေးလေးကို စိတ်အားထက်သန်စွာ မြှောက်လိုက်လေသည်။

“ငါ သိပြီ... မင်းသားစုကို သဘောကျနေတဲ့ သခင်မလေးတစ်ယောက်ယောက်က တော်ဝင်ကြင်ယာတော်စုကို အဆိပ်ခတ်ဖို့ အစေခံမကို လာဘ်ထိုးပြီး သူမရဲ့ နေရာကို လုယူဖို့ ကြိုးစားတာ ဖြစ်ရမယါ...”

“ဒါမှမဟုတ် အစေခံမရဲ့ မိသားစုက တော်ဝင်ကြင်ယာတော်စုရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာလည်း ဖြစ်နိုင်တယ်... သူမ အာဏာဆီ တက်လှမ်းချင်တာက ဟန်ပြသက်သက်ဖြစ်ပြီး သူမရဲ့ တကယ့်ရည်ရွယ်ချက်က လက်စားချေဖို့ ဖြစ်ရမယ်..”

“ဒါမှမဟုတ် အလွန်ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်နိုင်တယ်...”

တရားသူကြီး၏စုတ်တံက သူ၏ စိတ်ကူးယဉ်မှုများကို အတားအဆီးမဲ့ လွှင့်တင်လိုက်ကာ သူ၏ ရင်ဘတ်ကို ဖိလျက် နောင်တရဟန်ဖြင့် ပြောလိုက်လေသည်။

“အစေခံမရဲ့ အစ်ကိုနဲ့ တော်ဝင်ကြင်ယာတော်စုက ချစ်သူတွေဖြစ်ပေမယ့် လူမှုအဆင့်အတန်း ကွာဟလွန်းလို့ ပေါင်းဖက်ခွင့် မရခဲ့ကြဘူး... အစ်ကိုဖြစ်သူက သူမနဲ့ မျက်ရည်စက်လက်နဲ့ လမ်းခွဲခဲ့ရပြီး သူချစ်တဲ့ အမျိုးသမီးက အခြားယောက်ျားတစ်ယောက်ရဲ့ မင်္ဂလာဝေါယာဉ်ပေါ် တက်သွားတာကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်... မျှော်လင့်ချက်မဲ့သွားတဲ့ အခိုက်အတန့်မှာ သူက မြစ်ထဲခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်...”

“အစေခံမလေးက သူမရဲ့ အစ်ကို ငရဲပြည်မှာ အထီးကျန်နေတာကို မကြည့်ရက်နိုင်တာကြောင့် တော်ဝင်ကြင်ယာတော်စုကို သူ့ဆီ အဖော်ပြုပေးဖို့ စေလွှတ်ဖို့ စီစဉ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ အစီအစဉ်က ကျရှုံးသွားခဲ့ရတယ်...”

တရားသူကြီး၏စုတ်တံသည် သက်ပြင်းချလိုက်၏။ ဤဖြစ်နိုင်ခြေ သုံးခုအနက်မှ တစ်ခုခုဖြစ်မည်မှာ သေချာလှသည်။

လူတိုင်း...

မင်းသားစု၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ထိုစုတ်တံကို နှစ်ပိုင်းကျိုးအောင် ချိုးပစ်ချင်စိတ်များ ပေါက်သွားလေသည်။

ဘာတွေဖြစ်နေတာလဲ... သူ၏ ဇနီးက သူ့ကိုသာ နှစ်သက်သည်လေ။

သေခြင်းရှင်ခြင်းစာအုပ်သည် သူ၏ ကိုယ်ပိုင်စိတ်ကူးကမ္ဘာထဲတွင် မျောပါနေဆဲဖြစ်သော စုတ်တံအစုတ်လေးကို ဆွဲယူကာ ဆူပူလိုက်၏။

“နင်က ရုပ်ပြစာအုပ်တွေကို အလွန်အကျွံ ဖတ်ထားတာပဲ... တော်ဝင်ကြင်ယာတော်စုနဲ့ မင်းသားစုက စေ့စပ်ပြီးသားပါဆိုမှ... အချစ်စစ်က ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာနိုင်မှာလဲ...”

မင်းသားစုက ခေါင်းညိတ်လိုက်သည်။

“မှန်တယ်...”

သူနှင့် သူ၏ကြင်ယာတော်မှာ ဖူးစာဖက်များပင် ဖြစ်ကြသည်။

တရားသူကြီး၏စုတ်တံက ပြန်လည်ချေပလိုက်၏။

“စေ့စပ်ထားတာတောင် ဖျက်သိမ်းလို့ရသေးတာပဲ... ပြီးတော့ လမ်းခရီးမှာ သူ့ရဲ့ အချစ်စစ်နဲ့ တွေ့ဆုံနိုင်ပါသေးတယ်..”

သေခြင်းရှင်ခြင်းစာအုပ်သည် တရားသူကြီး၏စုတ်တံကို အံ့သြတကြီး ကြည့်ကာ ရယ်မောလိုက်လေသည်။

“အိုး.. နင်က တော်တော်လေး ပါးနပ်တာပဲ... မင်းသားစုက သူရဲ့ မင်္ဂလာပွဲကနေ ထွက်ပြေးခဲ့ပြီး လမ်းခရီးမှာ သူရဲ့ အချစ်စစ်နဲ့ တကယ်ပဲ တွေ့ဆုံခဲ့တာ...”

မင်းသားစု၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး တဖြည်းဖြည်းနှင့် မကောင်းသော ခံစားချက်တစ်ခု ရရှိလာလေသည်။

လူတိုင်းက အတင်းအဖျင်း နားထောင်ရန် နားစွင့်လိုက်ကြ၏။

တရားသူကြီး၏စုတ်တံမှာ ချက်ချင်းပင် တုန်ယင်သွားပြီး မစဉ်းစားဘဲ ဗြုန်းစားကြီး ပြောချလိုက်သည်။

“ဒါဆိုရင် ငါတို့ ဇာတ်လမ်းကို ပြောင်းသင့်တယ်... မင်းသားစုနဲ့ အစေခံမက တကယ်ချစ်ကြပေမယ့်... ကြောင့်...”

မင်းသားစုမှာ သွေးတစ်ပွက် အန်ချရလုနီးပါး ဖြစ်သွား၏။ ဤကျိန်စာသင့်နေသော စုတ်တံက အချိန်မရွေး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ရုံသာမက ကောလာဟလများကိုပါ ဖြန့်ဝေနေသေးသည်။

ယွင်ဟွားသည် မင်းသားစုနှင့်ပတ်သက်၍ သူမ ကြားဖူးခဲ့သော အတင်းအဖျင်းများကို သတိရသွားကာ စုတ်တံကို မျက်လုံးလှန်ကြည့်လိုက်လေသည်။

“မင်းသားစုက လမ်းခရီးမှာ တော်ဝင်ကြင်ယာတော်စုနဲ့ ဆုံတွေ့ခဲ့ပြီး သူမရဲ့ အဆင့်အတန်းကို မသိခဲ့ဘူး... သူက နန်းတော်ကို ပြန်သွားပြီး စေ့စပ်မှုကို ဖျက်သိမ်းဖို့ ဧကရာဇ်အမိန့်တော်ကို ဒူးထောက်တောင်းဆိုခဲ့တယ်... သူ တောင်းပန်ဖို့ သွားတဲ့အခါမှ အဲ့လူက သူမပဲဆိုတာကို သိသွားခဲ့တာ... သူက အရမ်းကြောက်လန့်သွားပြီး ထွက်ပြေးပြီး ကွယ်လွန်သူ ဧကရာဇ်ဟောင်းရဲ့ အတွင်းခံတွေကို လျှော်ဖွပ်ပေးပြီး တောင်းပန်တိုးလျှိုးခဲ့ရပြီး နောက်ဆုံးမှာမှ အမိန့်တော်ကို ပြန်လည်ရရှိခဲ့တာ...”

လှောင်ပြောင်နေသော အကြည့်များအားလုံးက မင်းသားစုထံသို့ ကျရောက်သွားကြ၏။

မင်းသားစုက ခပ်ဟဟ ရယ်မောလိုက်ပြီး သေချင်စိတ်ပင် ပေါက်သွားလေသည်။

သူက အတင်းအဖျင်း နားထောင်ချင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုအတင်းအဖျင်းက သူ၏ အကြောင်းဖြစ်နေခဲ့ပြီး သူ၏ ရှက်ရွံ့ဖွယ်ရာ အတိတ်က ရှောင်ရှူးရှူး၏ တူးဖော်ခြင်းကို ထပ်မံခံလိုက်ရလေသည်။

“ဝိုး...”

တရားသူကြီး၏စုတ်တံ၏ မျက်လုံးများက တောက်ပသွားလေသည်။

“စုတ်တံက သူတို့ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ဖြစ်စဉ်ကို ကြည့်ချင်တယ်... စာအုပ်... နင့်ရဲ့ ပင်ကိုယ်ပုံစံကို ပြသပေးပါ...”

လူတိုင်းကလည်း ၎င်းကို အမှန်တကယ် ကြည့်ချင်ကြောင်း ပြောဆိုလာကြ၏။

ယွင်ဟွားက တရားသူကြီး၏စုတ်တံကို လျစ်လျူရှုလိုက်ပြီး သေခြင်းရှင်ခြင်းစာအုပ်နှင့်အတူ ယခင်အကြောင်းအရာကို ဆက်လက်ပြောဆိုလိုက်လေသည်။

“ရှောင်ရှူးရှူး... အဲ့အစေခံမက မရိုးရှင်းဘူးလို့ ငါထင်တယ်... အသုံးဝင်မယ့် အချက်အလက်တချို့ကို နင် ရှာဖွေပေးနိုင်မလား...”

သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းခါပြလိုက်၏။

“ပန်းကလေး... တော်ဝင်ကြင်ယာတော်စုရဲ့ ကံကြမ္မာမှတ်တမ်းမှာတော့ သူမက ယာဂုသောက်ပြီးနောက် အဆိပ်မိသွားခဲ့ပြီး အစေခံမကို ဖမ်းမိခဲ့တယ်လို့ပဲ ပြသနေပြီး... အဲ့အစေခံမက မင်းသားစုကို သဘောကျပြီး သူမရဲ့နေရာကို အစားထိုးချင်တယ်လို့ပဲ ထွက်ဆိုခဲ့တယ်...”

“မင်းသားစုက အဲ့တာကို လုံးဝ မယုံကြည်ခဲ့ပေမယ့် အစေခံမဆီကနေ ဘာစကားမှထွက်လာအောင် ဘယ်လိုညှဉ်းပန်းနှိပ်စက်စေကာမူ မရခဲ့ဘူး... သူက သူမကို သေလုမျောပါးဖြစ်တဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး နောက်ဆုံးမှာတော့ သူမရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ခဲ့တယ်...”

“သူက ဒီနှစ်တွေတစ်လျှောက်လုံး အမှန်တရားကို ရှာဖွေနေခဲ့တာ...”

ယွင်ဟွားလည်း အကူအညီမဲ့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူမသည် ရှောင်ယွမ်ယွမ်၏ အဆိပ်ကို ကုသပေးချင်ရုံသာမက သူ့အတွက် လက်စားချေပေးချင်ခဲ့သည်။

သေခြင်းရှင်ခြင်းစာအုပ်က ရုတ်တရက် သူ၏ ခေါင်းကို ပုတ်လိုက်၏။

“ပန်းကလေး... အဲ့အစေခံမက သေဆုံးသွားပြီဖြစ်ပေမယ့် သူ့ရဲ့ မျက်နှာကို ငါ မြင်ဖူးသရွေ့... ပန်းချီကားတစ်ချပ်ဖြစ်နေရင်တောင်မှ သူမရဲ့ အတိတ်နဲ့ သဲလွန်စတချို့ကို ငါ ရှာဖွေနိုင်တယ်...”

မင်းသားစုနှင့် နန်ကုန်းယွမ်တို့မှာ ချက်ချင်းပင် တင်းမာသွားကြလေသည်။

ယွင်ဟွား၏ မျက်လုံးများက အရောင်လက်သွား၏။

“ရှောင်ရှူးရှူး... နင်ပြောတာ မှန်တယ်... မင်းသားစုက အဲ့အစေခံမကို သေလောက်အောင် မုန်းတီးနေမှာပဲ... သူမရဲ့ ရုပ်ရည်ကို သူ သေချာပေါက် မေ့မှာမဟုတ်ဘူး... ဒါပေမယ့်...”

ယွင်ဟွား၏ မျက်နှာတွင် ပဋိပက္ခများ ပြည့်နှက်သွားလေသည်။

“ငါက အဲ့ကိစ္စကို ရုတ်တရက်ကြီး ထုတ်ပြောပြီး ပန်းချီကားတစ်ချပ် တောင်းလိုက်ရင် မင်းသားစုက မကျေမနပ်ဖြစ်သွားမှာကို စိုးရိမ်မိတယ်...”

မင်းသားစုမှာ အလွန်စိတ်လှုပ်ရှားသွားပြီး အရှေ့သို့ပင် ပြေးထွက်သွားချင်နေလေသည်။

မဟုတ်ဘူး... သူက အရမ်းကို ဝမ်းသာနေမှာပါ။

သူတို့ လုပ်ဖို့လိုအပ်တာက သူ၏ ဤလျှို့ဝှက်ချက်ကို ဖြေရှင်းပေးရန်သာ ဖြစ်သည်။ သူသည် သူ၏ သားဖြစ်သူ၏ သိုလှောင်ရုံများအားလုံးကို ဖောက်ထွင်းကာ ဤကောင်မလေးအား ပေးအပ်ခဲ့လေသည်။

မင်းသားစုသည် ကောင်မလေးက တွန့်ဆုတ်နေဆဲဖြစ်သည်ကို မြင်လိုက်ရရာ ဝင်ပြောပစ်လိုက်ချင်စိတ်များပင် ပေါက်သွား၏။

ယွင်ရှောင်ထျန်းက တစ်ချက်လှမ်းကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချကာ စတင်ပြောဆိုလာလေသည်။

“အင်း...”

“မင်းသားစု... သမားတော်ဝူ အရင်ကပြောခဲ့တဲ့ ကိုးပွင့်ဆိုင်နှင်းကြာပန်းနဲ့ ပတ်သက်ပြီး တိုးတက်မှုတစ်ခုခုများ ရှိလာပြီလား...”

မင်းသားစုက အံ့သြသွားသော်လည်း ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားပြီး သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အမူအရာတစ်ခု ပေါ်လာလေသည်။

“မရှိသေးဘူး… အစ်ကိုတော်က အရှေ့ပိုင်းနယ်စပ် တစ်ခုလုံးမှာ ရှာဖွေဖို့ အမိန့်ပေးထားပြီးပါပြီ... အကယ်၍ သတင်းအစအနမှ မရှိသေးဘူးဆိုရင် ငါတို့ မြောက်ပိုင်းနယ်စပ် ဒါမှမဟုတ် တောင်ပိုင်းနယ်စပ်ကို ခိုးဝင်ရလိမ့်မယ်..”

ထိုသို့ပြောပြီးနောက် မင်းသားစုက ရထားလုံးကို ဒေါသတကြီး ရိုက်ချလိုက်လေသည်။

ထို့နောက် သူ၏ မျက်လုံးများက နီရဲလာပြီး အသံမှာ အက်ကွဲလာကာ ရှိုက်ငင်စွာဖြင့် ပြောလိုက်၏။

“အရာအားလုံးက ငါ့ရဲ့ အမှားတွေချည်းပါပဲ...”

“အကယ်၍ ငါသာ အဲ့တုန်းက ပိုပြီး သတိထားခဲ့မယ်ဆိုရင် ငါ့ရဲ့ ဇနီးက အစေခံမရဲ့ လုပ်ကြံမှုကို ခံရမှာ မဟုတ်သလို ယွမ်အာလည်း အဆိပ်မိမှာ မဟုတ်ဘူး... အခုလို သူ မသန်မစွမ်းဖြစ်သွားပြီး သုံးနှစ်ကျော်လောက်ပဲ အသက်ရှင်နိုင်တော့မယ့် အဖြစ်မျိုးလည်း ကြုံရမှာ မဟုတ်ဘူး...”

“ငါ သေတဲ့အထိ သူမရဲ့ မျက်နှာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး… ငါ ဘာမှလုပ်စရာမရှိတဲ့အခါ သူမရဲ့ ပုံတူကိုဆွဲပြီး မြှားပစ်ဖို့ ပစ်မှတ်တစ်ခုအနေနဲ့ အသုံးပြုပစ်တယ်..”

မင်းသားစုက မကျေနပ်နိုင်သေးဘဲ ရထားလုံးကို ထပ်မံရိုက်ချလိုက်ပြန်၏။

လူတိုင်း... ဤသည်မှာ အနည်းငယ် လွန်ကဲလွန်းနေပြီ။

“သူမရဲ့ အကြောင်းကို မပြောတာက ပိုကောင်းတယ်.. သူမရဲ့ အကြောင်းကို ပြောလိုက်တာနဲ့ ငါ ဒေါသထွက်လွန်းလို့ပါ...”

“အဘိုးကြီးယွင်... မင်းရဲ့ ရထားလုံးထဲမှာ စက္ကူနဲ့ မှင်များ ရှိလား… ငါ အခုချက်ချင်း သူမရဲ့ ပုံတူကို ဆွဲပြီး ဓားနဲ့ ထိုးသတ်ပစ်မယ်..”

ယွင်ဟွား...

သေခြင်းရှင်ခြင်းစာအုပ်…

“စာအုပ်လေး... ဒီမင်းသားစုက...”

လူတိုင်း တင်းမာသွားကြလေသည်။

“သူက ငါနဲ့ အတူတူပဲ… ငါလည်း ယမမင်းရဲ့ အပြစ်ပေးတာကို ခံရတုန်းကလည်း သူရဲ့ ပုံတူကိုဆွဲပြီး ဆီးနဲ့ပက်တာပဲဖြစ်ဖြစ် ခြေထောက်နဲ့ နင်းတာပဲဖြစ်ဖြစ် လုပ်ရတာကို သဘောကျခဲ့တာ...”

လူတိုင်း…

သေခြင်းရှင်ခြင်းစာအုပ်က ထိုးနှက်ချက်တစ်ခု မပေးဘဲ မနေနိုင်ခဲ့ပေ။

“ပန်းကလေး... နင် ဆွဲခဲ့တာက ပုံတူမဟုတ်ပါဘူး... မီးခြစ်ဆံတုတ်ချောင်းပုံလေးပါ...”

“သေချာပြောစမ်းပါ... မဟုတ်ရင် ငါတို့ တစ်ရက်လောက် အဆက်အသွယ် ဖြတ်ထားလိုက်မယ်....”

ယွင်ဟွားက ခြိမ်းခြောက်သည့် အရိပ်အယောင်ဖြင့် ပြောလိုက်၏။

တရားသူကြီး၏စုတ်တံက ပြောလိုက်လေသည်။

“ရှူးရှူးနဲ့ ဟွားဟွားရဲ့ ပန်းချီဆွဲတဲ့ဟန်က စိတ္တဇဆန်ပြီး အခြားသူတွေကတော့ လက်တွေ့ကျတယ်... သူတို့နဲ့ သွားမရှုပ်ပါနဲ့...”

သေခြင်းရှင်ခြင်းစာအုပ်သည် ဤစုတ်တံအစုတ်လေးကို ထပ်မံ၍ ရိုက်သတ်ပစ်ချင်စိတ်များ ပေါက်သွားပြန်၏။

သူတို့ ငြင်းခုံနေကြစဉ်အတွင်း မင်းသားစုသည် အစေခံမ၏ ပုံတူကို အပြီးသတ်ရေးဆွဲလိုက်ပြီး မတော်တဆမှုများကို ရှောင်ရှားနိုင်ရန်အတွက် သူမ၏ ရုပ်ရည်ကို အကောင်းဆုံးပုံတူကူးချနိုင်ရန် ကြိုးစားခဲ့လေသည်။

ထို့နောက် သူသည် လမ်းပိတ်နေသော သူ၏ သားဖြစ်သူကို ဘေးသို့ “ဒုန်း” ခနဲ တွန်းဖယ်လိုက်၏။

“ကောင်မလေး... သူမကို ကြည့်လိုက်စမ်း... သူမက ချွန်ထက်ပြီး ရက်စက်တဲ့ မျက်နှာထားနဲ့ အရမ်းအရုပ်ဆိုးလွန်းတယ် မဟုတ်ဘူးလား... ပြီးတော့ သူမက အဆင့်အတန်းမြင့်ချင်နေသေးတယ်ပေါ့... တောက်...”

ယွင်ဟွားသည် သူမ၏ လည်ပင်းကို ဆန့်ထုတ်ကာ ကြည့်လိုက်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်က တရားသူကြီး၏စုတ်တံကို လျစ်လျူရှုကာ သူ၏ ကိုယ်လုံးဖြင့် ပျံသန်းလာခဲ့၏။

သူမတွင် နူးညံ့သိမ်မွေ့သော ရုပ်ရည်သွင်ပြင်ရှိပြီး သာမန်မိသားစုမှ မိန်းကလေးတစ်ဦးအဖြစ် သတ်မှတ်နိုင်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် သူ၏ မူလခန္ဓာကိုယ်မှ စာမျက်နှာများကို ဆက်တိုက် လှန်လှောနေခဲ့၏။

ခဏအကြာတွင်...

သူ၏ ပါးစပ်မှာ အံ့သြလွန်းသဖြင့် ဟောင်းလောင်းဖြစ်သွားသည်။

All Chapters