အခန်း (၃၈၃)
Vol. 39 Ch. 383
အပိုင်း (၃၈၃) ဘိုးဘေးလေး၊ ကျွန်တော်လည်း စီးတော်ယာဉ် လုပ်ပေးနိုင်ပါတယ်
“မြေခွေးနီလေး ဒီပစ္စည်းက နည်းနည်းတော့ မကောင်းဆိုးရွားဆန်တယ်။ ငါတို့ကို လူသူကင်းဝေးတဲ့နေရာတစ်ခုဆီ ခေါ်သွားပေး။ သားရဲရာချီမြို့တော်ကြီး ဘေးဒုက္ခ မကြုံရအောင်လို့”
ကောင်းကင်ယံမှ နတ်ဆိုးစစ်သည်များ ဆုတ်ခွာသွားသည်ကို မြင်သောအခါ ပိုင်ကျင်း သမာဓိမီးမြေခွေးကို ချက်ချင်း ပြောလိုက်သည်။
“နားလည်ပါပြီ”
သမာဓိမီးမြေခွေးသည် နောက်ထပ် ဘာမှမမေးတော့ဘဲ လက်ဝှေ့ယမ်းကာ နတ်ဆိုးတိမ်တိုက်တစ်ခုကို ဖန်တီးလိုက်ပြီး ဘိုးဘေးလေးအား တက်စီးရန် ဖိတ်ခေါ်လိုက်တော့၏။
ထိုစဉ် ဥဒေါင်းနတ်ဆိုးမလေးခုံယုမှ တောက်ပသော ငါးရောင်ခြယ်အလင်းတန်းများ ဖြာထွက်လာကာ လှပသော ဥဒေါင်းအသွင်သို့ ပြောင်းလဲသွားသည်။
သူမက မိန်းကလေးနှစ်ဦးကို အရိုအသေပေးရင်း ဆိုလိုက်သည်။
“လေးစားရပါသော ဘိုးဘေးလေးတို့ ငယ်သားဖြစ်တဲ့ ကျွန်မကို စီးတော်ယာဉ်အဖြစ် အသုံးပြုခွင့်ပေးတော်မူပါ”
‘တောက်... မြို့စားခုံယုက အရင်ဦးသွားပြီ’
‘ငါ ဘာလို့ အဲဒါကို ကြိုမတွေးမိပါလိမ့်’
မိန်းကလေးတိုင်းသည် လှပသောအရာများကို နှစ်သက်ကြသည်ဖြစ်ရာ ချန်ကျင်းကျင်း နှင့် ပိုင်ကျင်းတို့လည်းကြိုက်နှစ်သက်ကြမည်မှာ အသေအချာပင်။
“ကောင်းပြီလေ”
မိန်းကလေးနှစ်ဦးက တပြိုင်နက်တည်း ပြန်ထူးလိုက်ကြသည်။
သမာဓိမီးမြေခွေးမှာ သူ့ ကြက်သွေးရောင် နတ်ဆိုးတိမ်တိုက်ကို ငေးကြည့်ရင်း မှင်သက်စွာ တီးတိုးရေရွတ်လိုက်၏။
“ဘိုးဘေးလေး ကျွန်တော်လည်း စီးတော်ယာဉ် လုပ်ပေးနိုင်ပါတယ်”
ထိုစကားကို ကြားသောအခါ ပိုင်ကျင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“နင့် အဘိုးဖြစ်သူရဲ့ ဆန္ဒကို ဆက်ခံပြီး တတ်နိုင်သမျှ မြန်မြန် မဟာပဏ္ဍိတ ဖြစ်အောင်ပဲ အားထုတ်စမ်းပါ”
သမာဓိမီးမြေခွေး “...”
ဤသို့ပင် နတ်ဆိုးဘုရင်များသည် သားရဲရာချီမြို့တော်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စောင့်ကြည့်မှုအောက်တွင် ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ကို ခြံရံကာ ထွက်ခွာသွားကြတော့တော့၏။
မြို့တော်အတွင်းရှိ အရေးပါသော ပုဂ္ဂိုလ်ကြီးများအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရမှသာ သက်ပြင်းအရှည်ကြီး ချနိုင်ကြတော့သည်။
မြို့တော်ဝန်ကျားနတ်ဆိုး ပထမဆုံး စကားစလိုက်သည်။
“လက်ဆောင်တွေ ပြင်ကြ။ ဒီအဘိုးကြီးကိုယ်တိုင် မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့ဆီ သွားရောက် ဂါရဝပြုမယ်”
“ဟုတ်ကဲ့ပါ”
အကြံပေး ပျာပျာသလဲ ပြန်ထူး၏။ မြို့စားမင်းထံတွင် နှစ်ပေါင်းများစွာ ခစားလာခဲ့သော်လည်း ယခုကဲ့သို့ မြင်ကွင်းမျိုးကို သူ ပထမဆုံး မြင်ဖူးခြင်းပင်။
ကောင်းကင်ဘုံ၏ အမျက်ဒေါသကို ဆွပေးမည့် အမှားမျိုး မလုပ်သရွေ့ ယနေ့မှစ၍ မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့သည် သားရဲရာချီမြို့တော်တွင် ထိပ်တန်းစီးပွားရေးလုပ်ငန်း ဖြစ်လာတော့မည်ကို ငတုံးများပင် နားလည်နိုင်သည်။
မည်သည့် အင်အားစုကမျှ ထိုအဖွဲ့အစည်းကို ရန်ပြုရန် သတ္တိရှိတော့မည် မဟုတ်ပေ။
အခြားအင်အားစုများ၏ ခေါင်းဆောင်များလည်း ထိုဆုံးဖြတ်ချက်ကိုပင် ချက်ချင်း ချလိုက်ကြလေ၏။
ဘိုးဘေးလေးကိုယ်တိုင်ကို မျက်နှာသာရရန် ကြိုးပမ်းဖို့ အရည်အချင်း မမီကြသော်လည်း သူမနှင့် ပတ်သက်နေသည့် အင်အားစုများကိုတော့ မျက်နှာလိုမျက်နှာရ လုပ်ထားရမည် ဖြစ်သည်။ သို့မှသာ တစ်နေ့တွင် အဆက်အသွယ် တစ်ခုခု ရနိုင်ပေလိမ့်မည်။
မိနစ်သုံးဆယ်ပင် မပြည့်မီ
မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့၏ အပြင်ဘက်တွင် မြို့တော်၏ ထိပ်သီးပုဂ္ဂိုလ်များ စုရုံးရောက်ရှိလာကြသည်။ လူတိုင်း၏ မျက်နှာတွင် ပြုံးပန်းဝေဆာနေကြပြီး ကုန်သွယ်ရေးအဖွဲ့နှင့် ရင်းနှီးခဲ့သည်မှာ ကြာပြီဖြစ်သည့်အလားပင်။
ထိုမြင်ကွင်းက မြို့တော်ရှိ ကျင့်ကြံသူများကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေခဲ့၏။
အံ့ဩဆုံးသူများမှာ မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူများပင်။ အစောပိုင်း ထိတ်လန့်တုန်လှုပ်မှုမှ မသက်သာခင် ယခု မြင်ကွင်းအသစ်နှင့် ထပ်မံ ကြုံတွေ့ရပြန်သည်။
သူတို ထိုသတင်းကို ဒုတိယသခင်ထံ ချက်ချင်း သတင်းပို့လိုက်ကြသည်။
ယုအားလန် မအံ့ဩတော့ပေ။ သူသည် ရှောင်ကျို့နှင့် ယန်မိန်ရှတို့ကို ခေါ်ဆောင်ကာ မြို့တော်၏ ထိပ်သီးများကို ကြိုဆိုလိုက်ပြီး အမုန်းတရားများ အရည်ပျော်စေရန် စားသောက်ပွဲ တည်ခင်းဖို့ အမိန့်ပေးလိုက်၏။
သူတို့အစ်မကြီးမှာ စွမ်းအားကြီးသော်လည်း သူမက သူတို့ကို ထာဝရ ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ သံဆိုသည်မှာ ပူတုန်းထုရပေမည်။
မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့ တစ်ခုလုံး အလုပ်ရှုပ်နေချိန်တွင်
ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ ကျင့်ကြံသူအချို့နှင့်အတူ မြို့ပြင် မိုင်ရာဂဏန်းအကွာရှိ လူသူကင်းမဲ့သော ဒေသတစ်ခုသို့ ရောက်ရှိလာသည်။
သမာဓိမီးမြေခွေးက မိတ်ဆက်ပေးသည်။
“ဘိုးဘေးလေး... ဒါက တစ်ချိန်တုန်းက နတ်ဆိုးတွေရဲ့ စစ်တလင်းဟောင်းပါ။ ဒီနေရာမှာ ယုတ်ညံ့တဲ့ အငွေ့အသက်တွေက အရမ်းပြင်းထန်လွန်းလို့ မြက်တစ်ပင်တောင် မပေါက်ပါဘူး။ အသက်စွမ်းအင် လုံးဝကင်းမဲ့နေသလိုပါပဲ။ ဘယ်လိုသဘောရပါလဲ”
ပိုင်ကျင်း သူမ၏ နတ်ဘုရားအာရုံ ဖြင့် ထိုဒေသကို စစ်ဆေးကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။
“မဆိုးပါဘူး၊ ဒီမှာပဲ လုပ်ကြတာပေါ့”
ချန်ကျင်းကျင်းကလည်း သူမ သိုလှောင်လက်စွပ်ထဲမှ ရွှေရောင်သေတ္တာကို ထုတ်ယူလိုက်သည်။
ပိုင်ကျင်း သတိပေးလိုက်သည်။
“အားလုံး နောက်ဆုတ်ကြ။ အထဲက အရာက နတ်ဆိုးစွမ်းအင်တွေကို စုပ်ယူလိမ့်မယ်”
ထိုစကားကို ကြားသောအခါ နတ်ဆိုးဘုရင်များသည် ဗီဇအရ နောက်သို့ ဆုတ်လိုက်ကြ၏။ သူတို့လက်ရှိအဆင့်သို့ ရောက်ရန် ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရသဖြင့် နတ်ဆိုးစွမ်းအားကို အလဟဿ အဆုံးရှုံးမခံလိုကြပေ။
“ကလစ်”
ချန်ကျင်းကျင်းက ရွှေရောင်သေတ္တာကို ပေါ့ပေါ့ပါးပါးပင် ဖွင့်လိုက်ပြီး ပိုင်ကျင်းနှင့်အတူ အထဲမှ သိုးသားရေစာလိပ်ကို ထုတ်ယူလိုက်သည်။
မြို့တော်ရှိ ကျင့်ကြံသူများနှင့် မတူဘဲ နတ်ဆိုးဘုရင်များ၏ နတ်ဘုရားအာရုံက ပို၍ ထက်မြက်လေ၏။ အနည်းငယ်မျှ စမ်းသပ်စစ်ဆေးကြည့်ရုံဖြင့် သူတို့၏ မျက်နှာများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
သမာဓိမီးမြေခွေး ပြောလိုက်သည်။
“ဘိုးဘေးလေး ဒီသိုးသားရေစာလိပ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကောင်းကင်နတ်ဆိုးနဲ့ ကောင်းကင်သားရဲ အငွေ့အသက်တွေ ရှိနေတယ်။ အဲဒီနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်နေတယ်”
ပိုင်ကျင်း ခေါင်းငြိမ့်ပြသည်။
“နင်ပြောတာ မှန်တယ်။ ဒီသိုးသားရေစာလိပ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ဆိုရင် ကောင်းကင်သားရဲရော ကောင်းကင်နတ်ဆိုး အငွေ့အသက်ပါ သွန်းလောင်းပေးဖို့ လိုတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါက ကောင်းကင်သားရဲတစ်ယောက် ဖြစ်နေတယ်”
“ဒါဆို ကောင်းကင်နတ်ဆိုးကော”
သမာဓိမီးမြေခွေး ရေရွတ်သည်။ “အခုအချိန်မှာ ကောင်းကင်နတ်ဆိုးတစ်ယောက်ကို ရှာဖို့ဆိုတာ မလွယ်ဘူး”
ချန်ကျင်းကျင်း ပြုံးလိုက်၏။
“အဲဒါက လွယ်ပါတယ်။ ခဏနေရင် ဘာပဲဖြစ်လာဖြစ်လာ အော်မနေကြနဲ့။ အပြင်က ကျင့်ကြံသူတွေ ခိုးတိုက်တာမျိုး မလုပ်နိုင်အောင်ပဲ စောင့်ကြပ်ပေးကြ”
နတ်ဆိုးဘုရင်များ အားလုံး ခေါင်းငြိမ့်ကြသည်။ နတ်ဆိုးစွမ်းအင် အနည်းငယ် ပေးဆပ်ရုံဖြင့် လျှို့ဝှက်ဆန်းပြားသော သိုးသားရေစာလိပ်၏ လျှို့ဝှက်ချက်ကို မြင်တွေ့ရမည်ဆိုပါက မည်သည့်နေရာတွင်မှ မရနိုင်သော ကံထူးမှုမျိုးပင်။
“ညီမလေး... စတော့။း”
ချန်ကျင်းကျင်း ပြောလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာသည်။ အစပိုင်းတွင် နတ်ဆိုးဘုရင်များသည် ထိုအလင်းတန်းတွင် ထူးခြားမှု ဘာမျှ မခံစားရပေ။
အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ အာရုံသည် ပိုင်ကျင်းထံမှ ဖြာထွက်နေသော နတ်ဆိုးဘုရား အလင်းတန်းထံသို့ ရောက်နေသောကြောင့်ပင်။
ဤမျှ ပြင်းထန်သော ကောင်းကင်သားရဲ အငွေ့အသက်မျိုးမှာ သူတော်စင်တစ်ဦး၏ တိုက်ရိုက်မျိုးဆက်ထံမှ ထွက်လာခြင်းပင်။ မွေးရာပါ သွေးမျိုးဆက်သည် နတ်ဆိုးဘုရင်များကို အမှန်တကယ် မနာလို ဖြစ်စေ၏။
သို့သော် မကြာမီမှာပင် နတ်ဆိုးဘုရင်များသည် ကြက်သီးမွေးညင်းများ ထလာကြသည်။ ဗီဇအရ သူတို့သည် အန္တရာယ်ရှိသည်ဟု ခံစားရသော ထိုအငွေ့အသက်၏ မြစ်ဖျားခံရာသို့ လှည့်ကြည့်လိုက်ကြသည်။
ချန်ကျင်းကျင်းကို ဝန်းရံထားသော နတ်ဘုရားအလင်းတန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်များ ရှိနေသည်ကို သူတို့ မြင်လိုက်ရ၏။
သူမသည် ဖိအားကို တမင်သက်သက် ထုတ်လွှတ်နေခြင်း မဟုတ်သော်လည်း နတ်ဆိုးအငွေ့အသက်များကို သိုးသားရေစာလိပ်က စဉ်ဆက်မပြတ် စုပ်ယူနေ၏။
သို့သော်လည်း ထိုမြင်ကွင်း နတ်ဆိုးဘုရင်များကို အလွန်အမင်း ထိတ်လန့်စေခဲ့သည်။
“အစ်ကိုကြီးက ချင်းကျိုးမှာ မွေးဖွားပြီး ဗဟုသုတလည်း ကြွယ်ဝတဲ့သူပဲ။ ဒီလို ထူးဆန်းတဲ့ နတ်ဘုရားခန္ဓာမျိုးအကြောင်း ကြားဖူးလား”
သမာဓိမီးမြေခွေး စကားပြောရင်း မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
“ဒါ... ဒါက ဒဏ္ဍာရီလာ ကောင်းကင်နတ်ဆိုးခန္ဓာပဲ။ အရှားပါးဆုံး နတ်ဘုရားခန္ဓာကိုယ်တွေထဲက တစ်ခုပေါ့။ ကောင်းကင်နတ်ဆိုး သွေးမျိုးဆက်ရှိတဲ့ ကျင့်ကြံသူတွေပဲ ဒီခန္ဓာကို နိုးထစေနိုင်တယ်လို့ ဆိုကြတယ်။ ကောင်းကင်နတ်ဆိုးခန္ဓာ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတိုင်းဟာ တစ်နေ့မှာ ရွှမ်ထျန်းတိုက်ကြီး တစ်ခုလုံးကို တုန်လှုပ်စေမဲ့သူတွေ ဖြစ်လာမှာ”
သမာဓိမီးမြေခွေး ခဏရပ်ပြီး ဆက်ပြောသည်။
“မဟာပဏ္ဍိတမိုးမြေရဲ့ တပည့်တွေဟာ တကယ့်ကို ထူးခြားတာပဲ”
သူတို့တီးတိုးစကားသံများသည် သိုးသားရေစာလိပ်ထဲသို့ နတ်ဆိုးအငွေ့အသက်နှင့် သားရဲစွမ်းအင်များ သွန်းလောင်းနေသော မိန်းကလေးနှစ်ဦးကို မနှောင့်ယှက်နိုင်ပေ။
သူတို့စွမ်းအားများ ပိုမိုနက်ရှိုင်းလာသည်နှင့် စာလိပ်သည် တဖြည်းဖြည်းနှင့် ၎င်း၏ ပုံစံအစစ်အမှန်ကို ဖော်ပြလာလေ၏။
ကြည်လင်ပြတ်သားသည့် တံခါးကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုတံခါးပေါ်တွင် ရှေးဟောင်းနတ်ဆိုးစာသားဖြင့် နားလည်ရခက်သော စာလုံးသုံးလုံး ရေးထိုးထား၏။
နတ်ဆိုးဘုရင်များ အားလုံး ဝေခွဲမရ ဖြစ်သွားကြသည်။
“နတ်ဆိုးနဂါးခန်းမ”
ပိုင်ကျင်း ထိုစကားလုံးများကို ပြောလိုက်သည့် ခဏမှာပင် နတ်ဆိုးမြို့စား သုံးဦးစလုံး မသိလိုက်ဘဲ တုန်လှုပ်သွားကြသည်။
သမာဓိမီးမြေခွေး အလန့်တကြား အော်လိုက်၏။
“ဘိုးဘေးလေး... ချက်ချင်း ရပ်လိုက်ပါတော့။ နတ်ဆိုးနဂါးခန်းမဆိုတာ ကျွန်တော်တို့လို လူငယ်တွေ သွားရမဲ့နေရာ မဟုတ်ဘူး။”
ဥဒေါင်းနတ်ဆိုးကလည်း ချက်ချင်း ထောက်ခံသည်။
“ဟုတ်ပါတယ် ဘိုးဘေးလေး မဟာပဏ္ဍိတတစ်ဦး မပါဘဲနဲ့ နတ်ဆိုးနဂါးခန်းမထဲကို ဝင်မယ်ဆိုရင် သေမှာ သေချာတယ်”
သမင်နတ်ဆိုး ဗီဇအရ နောက်သို့ ဆုတ်လိုက်လေ၏။
“အားလုံး ယင်ချိုးပြည်နယ်မှာ မီးလောင်နေလို့ ကျွန်တော် အခုချက်ချင်း ပြန်ရပါမယ်”
“နင် ပြန်လို့မရလောက်ဘူး”
ချန်ကျင်းကျင်း၏ အသံမှာ အေးဆေးတည်ငြိမ်သော်လည်း ထိုစကားလေးလုံးက နတ်ဆိုးမြို့စား သုံးဦးကို ကြမ်းပြင်ပေါ်သို့ ခွေကျသွားစေခဲ့သည်။
မြို့စားအဆင့် သမင်မှာ မယုံကြည်နိုင်စွာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလိုက်သည်။
“ဘုန်း”
နားကွဲမတတ် အသံကြီးနှင့်အတူ သူသည် မမြင်ရသောအရာတစ်ခုကို တိုက်မိကာ မြေပြင်ပေါ်သို့ ပြန်လည် လွင့်စဉ်ကျလာလေ၏။
နတ်ဆိုးဘုရင်များ အထက်သို့ မော့ကြည့်လိုက်သောအခါ သူတို့ကို ဝန်းရံထားသည့် နတ်ဆိုးနှင့် မိစ္ဆာအငွေ့အသက်များ ပေါင်းစပ်ထားသော စွမ်းအားအတားအဆီးတစ်ခုကို မြင်လိုက်ရသည်။
“သွားပြီ... အားလုံး သွားပြီ”
သမာဓိမီးမြေခွေး ထိုအတားအဆီးကို ကြည့်ကာ စိတ်ပျက်အားငယ်သွားသည်။
နတ်ဆိုးဘုရင် အချို့ သူ့ကို အတင်းအကျပ် မေးလိုက်ကြ၏။
“မြေခွေးဘုရင်... သွားပြီ သွားပြီလို့ပဲ အော်မနေနဲ့ဦး။ ပြောစမ်းပါဦး... နတ်ဆိုးနဂါးခန်းမက ဘာဖြစ်လို့လဲ”
“ဟူး...”
သမာဓိမီးမြေခွေး သက်ပြင်းချလိုက်သည်။
“ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သန်းက ကောင်းကင်မိစ္ဆာသားရဲတွေနဲ့ ကောင်းကင်နတ်ဆိုးတွေရဲ့ မဟာစစ်ပွဲကနေ စတာပဲ။ အဲဒီစစ်ပွဲမှာ နတ်ဆိုးမျိုးနွယ်၊ နဂါးမျိုးနွယ်နဲ့ လူသားမျိုးနွယ်က မဟာသူတော်စင် သုံးဦးဟာ မိစ္ဆာစိတ်ဝင်သွားတဲ့ နဂါးသူတော်စင်တစ်ဦးကို တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီနဂါးသူတော်စင်ဟာ နတ်ဘုရားဘုရင်ရဲ့ရာဇပလ္လင်ကို လိုချင်ဇောနဲ့ ကောင်းကင်နတ်ဆိုးနှလုံးသားကို ဝါးမြိုခဲ့တယ်။ ဒါပေမဲ့ သူ့စိတ်ဆန္ဒက မခိုင်မာတော့ မိစ္ဆာစွမ်းအားတွေရဲ့ ဖိစီးမှုကို ခံရပြီး နတ်ဘုရားဘုရင်တစ်ပိုင်းဖြစ်သွားခဲ့တယ်”
“သူက လောကပြင်ပတံခါးကို ဖွင့်ပြီး ဒီကမ္ဘာထဲကို မရေမတွက်နိုင်တဲ့ ကောင်းကင်နတ်ဆိုးတွေကို ခေါ်ဆောင်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာ ရွှမ်ကျိုးက ကျင့်ကြံသူ သိန်းနဲ့ချီပြီး ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရမှ ကောင်းကင်နတ်ဆိုးတွေကို နှိမ်နင်းနိုင်ခဲ့တာ”
“သူတော်စင် သုံးဦး ပေါင်းပြီးတော့မှ နတ်ဆိုးနဂါးကို အပိုင်းပိုင်း အစစဖြစ်အောင် ဖျက်ဆီးပြီး ခါးသီးလှတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တယ်။ သူတော်စင် သုံးဦးက နတ်ဆိုးနဂါးကို သတ်ဖြတ်တဲ့အခါမှာ နတ်ဆိုးနဂါးခန်းမကိုပါ ဖြိုချဖျက်ဆီးပြီး တောင်တွေ မြစ်တွေကို ရွှေ့ပြောင်းကာ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်ခဲ့တယ်လို့ ဆိုကြတယ်။ အဲဒီအချိန်ကစပြီး ဘယ်သူမှ သူ့ရဲ့ တည်နေရာကို မသိကြတော့ဘူး”
“ဒါပေမဲ့ နှစ်တစ်ထောင်မှာ တစ်ကြိမ်လောက် ကျင့်ကြံသူတွေက မတော်တဆ တွေ့တတ်ကြတယ်။ အဲဒီရဲ့ သွေးဆောင်မှုအောက်မှာ အချို့က မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားကြပြီး အချို့ကတော့ အထဲကို ဆွဲခေါ်ခံရပြီး သွေးအစာ ဖြစ်သွားကြရတယ်”
ဥဒေါင်းနတ်ဆိုး မေးသည်။
“သူတော်စင် သုံးဦးက နတ်ဆိုးနဂါးကို မသတ်ခဲ့ဘူးလား။ ဒီအရာတွေက ဘယ်လိုလုပ် ထပ်ပေါ်လာနိုင်တာလဲ”
သမာဓိမီးမြေခွေးက ပြန်ဖြေသည်။
“သူတော်စင်တွေကို သတ်ဖို့ဆိုတာ မလွယ်ဘူး။ နတ်ဆိုးနဂါးဟာ အပိုင်းပိုင်းပြတ်ပြီး ဝိညာဉ် ပျက်စီးသွားပေမဲ့ သူ့ရဲ့ ဝိညာဉ်အပိုင်းအစတွေနဲ့ သွေးတွေက ကမ္ဘာအနှံ့မှာ အရာဝတ္ထုအမျိုးမျိုးအဖြစ် ပြောင်းလဲသွားခဲ့တယ်။သူတော်စင်တွေတောင် အပိုင်းအစတိုင်းကို ပြန်မသိမ်းနိုင်ခဲ့ဘူး။ ဒါကြောင့် သူတို့က နတ်ဆိုးနဂါးနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမဆို ချွင်းချက်မရှိ ဖျက်ဆီးပစ်ရမယ်လို့ သတိပေးခဲ့ကြတယ်”
မြို့စားသမင်က ရေရွတ်သည်။
“ဒါဆို ဒီသိုးသားရေစာလိပ်က နတ်ဆိုးနဂါးရဲ့ ဝိညာဉ် ဒါမှမဟုတ် သွေးကနေ ဖြစ်လာတာပေါ့”
သမာဓိမီးမြေခွေးက ခေါင်းငြိမ့်ပြသည်။
“မှန်တယ်။ အခုတော့ အဲဒါက ဘိုးဘေးလေး နှစ်ဦးရဲ့ ကြောက်စရာကောင်းတဲ့ ကောင်းကင်မိစ္ဆာနဲ့ ကောင်းကင်နတ်ဆိုး အငွေ့အသက်တွေကို စုပ်ယူပြီးပြီဆိုတော့ မကြာခင်မှာ နေရာရွှေ့ပြောင်းခြင်း ယဇ်ပလ္လင်ကို အသက်သွင်းပြီး ငါတို့ကို နတ်ဆိုးနဂါးခန်းမဆီ ပို့ဆောင်တော့မှာပဲ”
သူ့စကားပင် မဆုံးသေးမီ မိန်းကလေးများ လက်ထဲရှိ စာလိပ်မှ နတ်ဆိုးအလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ထိုးတက်သွားတော့၏။