အခန်း (၃၈၄)
Vol. 39 Ch. 384
အခန်း (၃၈၄) နတ်ဆိုးနဂါးရဲ့ ရတနာဟာ ငါတို့ရဲ့ ရတနာပဲ
ကောင်းကင်ထက်တွင် အလင်းတန်းတစ်ခု စုစည်းသွားပြီး သိုးသားရေစာလိပ်ပေါ်ရှိ တံခါးနှင့် တစ်ပုံစံတည်းတူသော ကြီးမားလှသည့် တံခါးကြီးတစ်ခု ဖြစ်ပေါ်လာ၏။
တံခါးကြီး ပေါ်လာသည်နှင့် မိန်းကလေးနှစ်ဦး၏ လက်ထဲရှိ သိုးသားရေစာလိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ထိုခဏ၌ နတ်ဆိုးဘုရင်များ၏ စိတ်ထဲတွင် ရှိနေသော ကြောက်ရွံ့မှုများမှာ အစအနပင် မကျန်တော့ဘဲ တောင့်တမှုနှင့် ကြည်ညိုမှုများဖြင့် အစားထိုးဝင်ရောက်လာခဲ့၏။
“ဒီတံခါးထဲကို ဝင်တဲ့သူဟာ အထွတ်အထိပ်နတ်ဘုရားစွမ်းအင်တွေကို ရရှိလိမ့်မယ်။ မင်းတို့ အထဲကို ဝင်ဖို့ အလိုရှိကြသလား”
ဆွဲဆောင်မှုရှိသော အသံတစ်ခုက အလင်းတံခါးထဲမှ ထွက်ပေါ်လာသည်။
နတ်ဆိုးဘုရင်များ တညီတညွတ်တည်း ပြန်ထူးလိုက်သည်။
“ကျွန်တော်တို့ ဒီတံခါးထဲကို ဝင်ဖို့ အလိုရှိပါတယ်”
ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ ထိုအသံကို ကြားရသော်လည်း သူတို့မျက်လုံးများဟာ ကြည်လင်နေဆဲပင်။ ထူးဆန်းသည်မှာ ထိုအသံသည် သူတို့အပေါ်တွင် မည်သို့မျှ သက်ရောက်မှု မရှိပေ။
သို့သော်လည်း ဒဏ္ဍာရီလာ နတ်ဆိုးနဂါးသည် အမှန်တကယ် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုရန် သူတို့ ဆုံးဖြတ်လိုက်ကြ၏။ နောက်ဆုံးတွင် ဤကိစ္စမှာ သူတို့ကြောင့် ဖြစ်လာရခြင်းဖြစ်ရာ နတ်ဆိုးဘုရင်များကို သူတို့ကိုယ်စား အသေမခံနိုင်ပေ။
“ကျွန်မတို့ အလိုရှိပါတယ်”
မိန်းကလေးနှစ်ဦး ပြောလိုက်သည်နှင့် တံခါးထဲမှ ထိုအသံ ထပ်မံထွက်ပေါ်လာပြန်၏။
“ဒါဆိုရင် မင်းတို့ရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်”
ခရမ်းရောင်သန်းနေသော အလင်းတန်းတစ်ခုမှာ ကျင့်ကြံသူများအပေါ်သို့ ကျရောက်လာသည်။
မျက်တောင်တစ်ခတ်အတွင်း၌ ထိုနေရာတွင် ဘာမျှမရှိခဲ့သည့်အလား သူတို့အားလုံး ပျောက်ကွယ်သွားကြတော့၏။
ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့သည် မျက်စိရှေ့တွင် အမှောင်အတိကျသွားသည်ဟု ခံစားလိုက်ရပြီး မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် ကတ္တရာစေးကဲ့သို့ မှောင်မည်းနေသော နေရာတစ်ခုတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
သူတို့က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သောအခါ မြင်လိုက်ရသည်မှာ ပျက်စီးယိုယွင်းနေသော အဆောက်အအုံဟောင်းကြီးများသာ။
နတ်ဆိုးဘုရင်များသည် လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ ထိုအပျက်အစီးများ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တဖြည်းဖြည်း လျှောက်လှမ်းသွားကြလေ၏။
“ဒါက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ”
ချန်ကျင်းကျင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အမြဲတမ်း ပျော်ပျော်နေတတ်ပြီး စွန့်စားရသည်ကို ဝါသနာပါသော ပိုင်ကျင်းကလည်း ရယ်မောရင်း ပြန်ပြောသည်။
“အစ်မကြီး... ဒီမာနကြီးတဲ့ နတ်ဆိုးနဂါးနဲ့ သွားတွေ့ကြရအောင်”
နတ်ဆိုးနဂါးမှာ သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူတို့က လုံးဝ မကြောက်ကြပေ။ အကယ်၍ သူသာ အမှန်တကယ် သူတော်စင် ဖြစ်နေပါက အဘယ်ကြောင့် ဤကဲ့သို့ နေရာတွင် ပုန်းအောင်းနေပြီး ကျင့်ကြံသူများကို ညံ့ဖျင်းသော နည်းလမ်းများဖြင့် ဖြားယောင်းနေပါမည်နည်း။
သူသာ အမှန်တကယ် စွမ်းအားရှိပါက မည်သူမည်ဝါဖြစ်ကြောင်းပြကာ ကမ္ဘာအနှံ့ လှည့်လည်ရင်း တပည့်များ စုဆောင်းနေခဲ့သင့်သည်။
မိန်းကလေးနှစ်ဦးသည် စီတန်းလျှောက်လှမ်းနေသော အုပ်စု၏ နောက်ဆုံးမှ လိုက်ပါရင်း အပျက်အစီးများထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ပြိုပျက်နေသော နံရံများနှင့် အုတ်အကျိုးအပဲ့များကိုသာ မြင်တွေ့ရပြီး လေထုထဲတွင် နတ်ဆိုးအငွေ့အသက်များဖြင့်ပြည့်နှက်နေ၏။
ထိုအငွေ့အသက်များ၏ မြစ်ဖျားခံရာသည် အပျက်အစီးများ၏ အနက်ရှိုင်းဆုံးတွင်ဖြစ်ပုံရသည်။
သူတို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာလေ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ ပိုမို ပြည့်စုံလာလေပင်။
မည်မျှကြာအောင် လျှောက်လှမ်းလာခဲ့သည်မသိသော်လည်း နောက်ဆုံးတွင် အသစ်စက်စက် နန်းတော်ကြီးတစ်ခု သူတို့ရှေ့တွင် ပေါ်လာတော့သည်။
နန်းတော်ကြီးမှာ ပြင်းထန်သော နတ်ဆိုးအငွေ့အသက်များဖြင့် ဖုံးလွှမ်းနေ၏။
မိန်းကလေးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး သူတို့ဆရာ ပေးထားသော ဓားကျောက်စိမ်းများကို ထုတ်ယူကာ လက်စွပ်ထဲတွင် ဝှက်လိုက်ပြီး ခန်းမထဲသို့ လှမ်းဝင်လိုက်ကြသည်။
ခန်းမအတွင်း၌ မှောင်မှိုင်းနေသည်။ နံရံပေါ်တွင် စိမ်းဖန့်ဖန့် ဝိညာဉ်မီးလျှံနှစ်ခု နဂါးအစစ်နှင့် တူသော ရုပ်ထုတစ်ခုကို ထွန်းလင်းပေးထား၏။
ခန်းမတစ်ခုလုံးတွင် ပျံ့နှံ့နေသော အငွေ့အသက်များမှာ ထိုရုပ်ထုမှ ထွက်ပေါ်လာခြင်းပင်။
‘ဒါက နတ်ဆိုးနဂါးလား’
ထိုအတွေးမှာ သူတို့နှစ်ဦးစလုံး၏ စိတ်ထဲတွင် တပြိုင်နက်တည်း ပေါ်လာတော့သည်။
“နဂါးအရှင်ကို ဂါရဝပြုပါတယ်”
နတ်ဆိုးဘုရင်များသည် တုံ့ဆိုင်းမနေဘဲ ဒူးထောက်လိုက်ကြပြီး ရုပ်ထုရှေ့တွင် ဦးညွှတ်လိုက်ကြ၏။
“ဟမ်”
ရုပ်ထု၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသည်။ ကောင်းကင်ဇာစ်မြစ်အဆင့်ရှိသော လူငယ်နှစ်ဦး ဒူးမထောက်ဘဲ ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူ အံ့အားသင့်သည့် အသံတစ်ခု ပြုလိုက်သည်။
သူ၏ စွမ်းအားမှာ အထွတ်အထိပ်အချိန်မှ ဆယ်ပုံတစ်ပုံပင် မရှိတော့သော်လည်း မဟာပဏ္ဍိတအဆင့် အောက်ရှိ မည်သည့်ကျင့်ကြံသူကိုမဆို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေသေး၏။
အတွေးတစ်ချက်ဖြင့်ပင် သူတို့အသွေးအသားများကို ပေးအပ်ရန်ပင် ဖိအားပေးနိုင်သည်။
သို့သော် ကောင်းကင်ဇာစ်မြစ်အဆင့် မိန်းကလေးနှစ်ဦးမှာ အဘယ်ကြောင့် မည်သို့မျှ တုံ့ပြန်မှု မရှိရပါသနည်း။
“ဘာလို့ ဒီသူတော်စင်ရှေ့မှာ ဒူးမထောက်ကြတာလဲ”
ချန်ကျင်းကျင်း နှာခေါင်းရှုံ့လိုက်သည်။
“သူတော်စင် ဟုတ်လား။ နင်က အဲဒီဘွဲ့နဲ့ ထိုက်တန်လို့လား”
ပိုင်ကျင်းကလည်း ထပ်လောင်းပြောလိုက်သည်။
“နင့်လို လမ်းဘေးခွေးလေခွေးလွင့်က ဘယ်သူ့ဆီက သတ္တိတွေရလို့ ငါတို့ကို ဒူးထောက်ဖို့ တောင်းဆိုနေတာလဲ”
သူတို့ပြောပုံမှာ ကွဲပြားသော်လည်း ဆိုလိုရင်းကတော့ အတူတူပင်။
အရှက်ခွဲခြင်း။
နတ်ဆိုးနဂါးအတွက် ဗြောင်ကျကျ အရှက်ခွဲခြင်းပင်။
တစ်ချိန်က ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော သူသည် ယခုအခါ ကောင်းကင်ဇာစ်မြစ်အဆင့် လူငယ်နှစ်ဦး၏ မထီမဲ့မြင်ပြုခြင်းကို ခံနေရ၏။ အကယ်၍ သူတို့ကို ဝါးမြိုမပစ်နိုင်ပါက အမုန်းတရားကို မည်သို့ ဖြေဖျောက်နိုင်ပါမည်နည်း။
“ကောင်းပြီလေ... လျှာရှည်တဲ့ မိန်းကလေးနှစ်ယောက်”
“မင်းတို့ထဲက တစ်ယောက်က ကောင်းကင်နတ်ဆိုးနှလုံးသားကို ပိုင်ဆိုင်ထားပြီး နောက်တစ်ယောက်က ကောင်းကင်မိစ္ဆာသားရဲသွေးမျိုးဆက် ရှိနေတာနဲ့ပဲ ဘယ်သူမှ မထိနိုင်ဘူးလို့ မထင်လိုက်နဲ့။ ဒီနေ့တော့ ဒီသူတော်စင်က မင်းတို့ကို အရင်ဆုံး စားရမယ်”
ထိုစကားအဆုံးတွင် ရုပ်ထုထဲမှ နဂါးသဏ္ဍာန် ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူ မတိုက်ခိုက်မီမှာပင် ချန်ကျင်းကျင်း၏ မျက်လုံးများ တောက်ပသွားသည်။
“နင့်ဝိညာဉ်အကြွင်းအကျန် ပေါ်လာမှာကို စောင့်နေတာ။ ဆရာ... သမီးကို ကယ်ပါအုံး”
နတ်ဆိုးနဂါး၏ ဝိညာဉ်ပုံရိပ်က သူမ စကားကို လျစ်လျူရှုကာ လှောင်ပြောင်လိုက်သည်။
“ဒီနေ့ ဒီနေရာမှာ သူတော်စင်တစ်ဦး ရှိနေရင်တောင် မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ဒီနေရာက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေအားလုံးနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာလှပြီ”
သို့သော် နောက်တစ်ခဏမှာပင် မိန်းကလေး၏ လက်ထဲတွင် ဓားကျောက်စိမ်းတစ်ခု ပေါ်လာသည်ကို သူ မြင်လိုက်ရ၏။
ကျောက်စိမ်းထဲမှ တောက်ပသော အလင်းတန်းတစ်ခု ပွင့်ထွက်လာသည်။
“ချွင်”
ဓားသံတစ်ချက်နှင့်အတူ ဓားချီတစ်ခု စီးထွက်လာသည်။
ဓားချီထဲတွင် ဓားတာအိုအနှစ်သာရသည် လူသားပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်ပုံရိပ်ကို တည့်တည့်မတ်မတ် ထိုးနှက်လိုက်တော့၏။
“မဟာပဏ္ဍိတမိုးမြေ”
နတ်ဆိုးနဂါး၏ ဝိညာဉ်ပုံရိပ်သည် ထိုရုပ်သွင်ကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
”ဘုန်း”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ဝိညာဉ်ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး နံရံပေါ်ရှိ ရုပ်ထုကြီးမှာလည်း အပိုင်းပိုင်းပြတ်ကာ ပြိုကျပျက်စီးသွားတော့သည်။
ဒူးထောက်နေသော နတ်ဆိုးဘုရင်များသည် သတိပြန်ဝင်လာကြပြီး ဝေခွဲမရစွာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြ၏။
“ဒါ... ဒါက ဘယ်နေရာလဲ”
ဥဒေါင်းနတ်ဆိုး တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။
သမာဓိမီးမြေခွေး ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် ပိုင်ကျင်း၏ ရင်းနှီးသော အသံက သူ့နားထဲတွင် ထွက်ပေါ်လာလေ၏။
“ဒါက နတ်ဆိုးနဂါးခန်းမပဲ”
“ဘာ”
နတ်ဆိုးဘုရင်များသည် ချက်ချင်းပင် ခုန်ထလိုက်ကြပြီး ထိတ်လန့်တုန်လှုပ်သော မျက်နှာများဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြတော့သည်။
သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ နတ်ဘုရားအာရုံကို ထုတ်လွှတ်ရန်ဖြစ်သော်လည်း အံ့ဩစရာကောင်းသည်မှာ အာရုံကို ခန်းမအပြင်ဘက်သို့ ထုတ်မရခြင်းပင်။
မမြင်ရသော အင်အားတစ်ခုက သူတို့ကို ဖြတ်တောက်ထားသည့်အလားဖြစ်နေ၏။
သူတို့သတိကြီးစွာထားနေသော ပုံစံကို မြင်သောအခါ ပိုင်ကျင်း စိတ်မရှည်စွာ ပြောလိုက်သည်။
“ရှာမနေကြနဲ့တော့။ အဲဒီ နတ်ဆိုးနဂါးရဲ့ ဝိညာဉ်ကို ငါ့အစ်မကြီးက နှိမ်နင်းလိုက်ပြီ။ လောလောဆယ်တော့ နင်တို့ အသက်အန္တရာယ် မရှိတော့ဘူး”
“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သမာဓိမီးမြေခွေးသည် ကောင်းကင်နတ်ဆိုးနှလုံးသား ပိုင်ဆိုင်ထားသော မိန်းကလေးကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။
ပိုင်ကျင်း စိတ်အနှောင့်အယှက်ဖြစ်စွာ ပြန်ဖြေလိုက်၏။
“ငါတို့နည်းလမ်းတွေကို နင်က နားလည်နိုင်မယ်လို့ ထင်နေတာလား။ မသေချင်ရင် ငါတို့နားမှာပဲ ကပ်နေကြ။ အဲဒါမှမဟုတ်ဘဲ နတ်ဆိုးနဂါးရဲ့ ဝိညာဉ်အကြွင်းအကျန်က နောက်မှ ဆွဲခေါ်သွားရင်တော့ ငါ သတိမပေးဘူးလို့ မပြောနဲ့”
“ကောင်းပါပြီ... ကောင်းပါပြီ”
နတ်ဆိုးဘုရင်များမှာ ဘာဖြစ်သွားသည်ကို အပြည့်အဝ နားမလည်ကြသော်လည်း ဤဘိုးဘေးလေးနှစ်ဦးသည် အတော်လေး ကြောက်စရာကောင်းကြောင်း ခံစားမိလိုက်ကြသည်။
ချန်ကျင်းကျင်း ဘာမှဆက်မပြောဘဲ နတ်ဆိုးနဂါး၏ ဝိညာဉ်အကြွင်းအကျန်ကို ဆက်လက်ရှာဖွေနေတော့သည်။ မဟာပဏ္ဍိတ သုံးဦးပင် သူ့ကို အပြီးတိုင် မနှိမ်နင်းနိုင်ပေ။
သူမ ဆရာ၏ တိုက်ခိုက်မှု တစ်ချက်တည်းနှင့် လုံးဝ ဥဿုံ ပျောက်ကွယ်သွားမည်ဟု သူမ မယုံကြည်ပေ။ တစ်နေရာရာတွင် ဝိညာဉ်အကြွင်းအကျန် အနည်းငယ် ကျန်ရှိနေပြီး သူတို့ကို စောင့်ကြည့်နေမည်မှာ သေချာလှသည်။
သို့သော် ချန်ကျင်းကျင်း မစိုးရိမ်ပေ။ တစ်ချက်နှင့် မလုံလောက်လျှင် နောက်တစ်ချက် ထပ်တိုက်မည်သာ။ ထိုဝိညာဉ်အကြွင်းအကျန် ကြောက်ရွံ့သွားသည့်အခါ ကျိန်စာသင့်သော နေရာမှ ထွက်ပေါက်ကို သဘာဝအတိုင်း တွေ့ရပေလိမ့်မည်။
“ဘိုးဘေးလေး... ကျွန်တော်တို့ ဘယ်ကို သွားကြမလဲ”
သမာဓိမီးမြေခွေး သတိကြီးစွာ မေးလိုက်သည်။
ပိုင်ကျင်း မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ ရှေ့သို့သွားခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း ဟူသော ရွေးချယ်စရာနှစ်ခုသာ ရှိသည်ကို သူမ တွေ့ရှိလိုက်သည်။
သို့သော် သူမသည် မည်သည့်အခါမှ နောက်ဆုတ်တတ်သူ မဟုတ်ပေ။ သူမ ချန်ကျင်းကျင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အစ်မကြီး... အဲဒီ နဂါးအိုကြီးရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး ငါတို့ရဲ့ ရတနာတွေကို ဝှက်ထားသလားဆိုတာ သွားကြည့်ရအောင်”
ထိုစကားကို ကြားသောအခါ နတ်ဆိုးဘုရင်များ ဆွံ့အသွားကြ၏။
ချင်ကျိုးမှ မဆင်မခြင် လုပ်တတ်သော ဘိုးဘေးလေးတစ်ဦးအကြောင်း ကောလာဟလများ ကြားဖူးသော်လည်း ယခု ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရမှသာ လက်ရဲဇက်ရဲရှိခြင်း ဟူသည်မှာ အဘယ်နည်းကို အမှန်တကယ် နားလည်သွားကြတော့သည်။
သမာဓိမီးမြေခွေး စမ်းသပ်သည့်အနေဖြင့် ဆိုလိုက်သည်။
“ဘိုးဘေးလေး ကျွန်တော်တို့ ဒီနေရာကနေ မြန်မြန် ထွက်သွားသင့်တယ်နော်”
“ဟုတ်တယ်... ဟုတ်တယ်”
အခြားနတ်ဆိုးဘုရင်များကလည်း ဝိုင်းပြောကြ၏။
ချန်ကျင်းကျင်း သူတို့ကို အေးစက်စက် ကြည့်လိုက်သည်။
“အဲဒီအကောင်ကို အနိုင်မတိုက်ဘူးဆိုရင် ငါတို့ကို ဒီအတိုင်း လွှတ်ပေးမယ်လို့ နင်တို့ ထင်နေလား။ ငါတို့ပိုင်တာတွေလည်း ပြန်ယူရမယ်”
“ဘိုးဘေးလေးတို့ ရတနာတွေ”
မြို့စားသမင် နားမလည်နိုင်စွာ မေးလိုက်၏။
နတ်ဆိုးနဂါးက ဤဘိုးဘေးလေးနှစ်ဦး၏ ရတနာများကို မည်သို့ ခိုးယူသွားနိုင်မည်ကို သူ စဉ်းစား၍ မရပေ။ ဤသည်မှာ သူတို့ ပထမဆုံး ဆုံဖူးခြင်း မဟုတ်လော။
ပိုင်ကျင်းက ဆိုသည်။
“ငါတို့က နဂါးအိုကြီးရဲ့ ဝိညာဉ်ကို အနိုင်တိုက်လိုက်ရင် သူချန်ထားခဲ့တဲ့ ရတနာတွေက ငါတို့ပိုင်တာ ဖြစ်မသွားဘူးလား”
နတ်ဆိုးဘုရင်များ “...”
အမှောင်ထဲတွင် ပုန်းကွယ်နေသော နတ်ဆိုးနဂါး၏ ဝိညာဉ်အကြွင်းအကျန်သည် ဒေါသတကြီး ဆဲဆိုချင်စိတ် ပေါက်သွားတော့သည်။
‘မင်းတို့ရတနာ ဟုတ်လား။ အဲဒါ ငါ့ရတနာတွေကွ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သန်းက သူတော်စင်သုံးပါး ဓားပြတိုက်တာကို ခံခဲ့ရလို့ နည်းနည်းပါးပါး ကျန်တာလေးကို အနိုင်နိုင် ဝှက်ထားရတာ’
‘အခု ဒီကလေးမ နှစ်ယောက်ကပါ ယူသွားမယ်ဆိုရင်တော့ ငါက သူတော်စင်တွေကြားထဲမှာ လှောင်စရာကြီး ဖြစ်သွားတော့မှာပဲ’
‘မဖြစ်ဘူး။ မင်းတို့ကို နှိမ်နင်းရမယ်။ ဒီခန်းမကို ကျော်ပြီး ခြေလှမ်းလှမ်းရဲမယ်ဆိုရင်တော့ တကယ့် ရက်စက်မှုဆိုတာ ဘာလဲ ပြရတာပေါ့’
ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ ကြောင်အမ်းအမ်း ဖြစ်နေသော နတ်ဆိုးဘုရင်များကို ဂရုမစိုက်ဘဲ ပြိုကျနေသော နံရံဆီသို့ လျှောက်သွားလိုက်ကြသည်။
ကြောက်ရွံ့နေကြသော်လည်း နတ်ဆိုးဘုရင်များမှာ နောက်ကလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ နောက်တွင် ကျန်ရစ်နေခြင်းမှာ သေမင်းကို ဖိတ်ခေါ်ခြင်းဖြစ်ရာ နီးနီးကပ်ကပ် ကပ်နေမှသာ အသက်ရှင်ရန် မျှော်လင့်ချက် ရှိပေလိမ့်မည်။
လူအုပ်စု တဖြည်းဖြည်း ရွေ့လျားလာကြ၏။ ပြိုပျက်နေသော နံရံ၏ အပြင်ဘက်တွင် အဆုံးမရှိသော ချောက်ကမ္ဘာကြီးကဲ့သို့ မှောင်အတိကျနေသည်။
မိန်းကလေးနှစ်ဦး နံရံအနားသို့ ရောက်သောအခါ ရုတ်တရက် ရပ်လိုက်ကြသည်။
နတ်ဆိုးနဂါး၏ ဝိညာဉ်အကြွင်းအကျန်မှာလည်း အသက်ရှူရပ်မတတ် တောင့်ခဲသွားပြီး သူ့အပြုံးများ ပျောက်ကွယ်သွားတော့၏။ ဤကလေးမနှစ်ယောက် ဘာလုပ်ဖို့ ကြံစည်နေကြသနည်း။
“ဘိုးဘေးလေးတို့ ဘာလို့ ရပ်လိုက်တာလဲ”
သမာဓိမီးမြေခွေး ဝေခွဲမရစွာ မေးလိုက်သည်။
“ဖတ်”
ပိုင်ကျင်း သူ့နဖူးကို စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက် တောက်လိုက်သည်။
“နင့်အဘိုးက နင့်ကို သတိထားခြင်းရဲ့ အဓိပ္ပာယ်ကို မသင်ပေးထားဘူးလား”
“အထဲမှာ မှောင်နေတာကို။ အကယ်၍ နတ်ဆိုးနဂါးရဲ့ ဝိညာဉ်က ထောင်ချောက်ဆင်ထားရင် ဘယ်လိုလုပ်မလဲ”
“…”
သမာဓိမီးမြေခွေး ဆွံ့အသွားရသည်။ အစောပိုင်းကမှ အထဲကို ဝင်ချင်လှချည်ရဲ့ဟု ဇွတ်လုပ်နေကြပြီး ယခုမှ ဘာကြောင့် ကြောက်နေကြပြန်သနည်း။
မြို့စားသမင် မေးလိုက်သည်။
“ဘိုးဘေးလေး... ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။”
ထိုအချိန်တွင် နတ်ဆိုးနဂါး၏ ဝိညာဉ်အကြွင်းအကျန် အပါအဝင် လူတိုင်း၏ အကြည့်များမှာ ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့အပေါ်သို့ ကျရောက်နေတော့သည်။