အခန်း (၃၈၁)
Vol. 39 Ch. 381
အခန်း (၃၈၁) သားရဲရာချီမြို့တော်သို့ ရောက်ရှိလာခဲ့သော နတ်ဆိုးဘုရင်
“ပစ္စည်းကို ယူလာခဲ့”
ခြံဝင်းအတွင်းရှိ လူအုပ်ကြီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းကို ချန်ကျင်းကျင်း လုံးဝဥပေက္ခာပြုကာ လေသံအေးအေးဖြင့် ပြောလိုက်လေ၏။
“ဟုတ်ကဲ့ပါ”
ယုုအားလန်သည် ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများ၏ အကြည့်များကို ခံစားမိသည်။ အစပိုင်းတွင် သူ အနည်းငယ် ထိတ်လန့်သွားသော်လည်း အစ်မကြီး၏ အသံကို ကြားလိုက်ရချိန်တွင် စိတ်ထဲမှ ကြောက်ရွံ့မှုများမှာ ချက်ချင်းပင် အရိပ်အယောင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့၏။
သူက ခေါင်းကို မော့ ရင်ကို ကော့ကာ ဂုဏ်ယူဝင့်ကြွားစွာ သူမထံသို့ လျှောက်လှမ်းသွားသည်။
လမ်းတစ်လျှောက်တွင် ကျင့်ကြံသူအားလုံး၏ အကြည့်များသည် ယုအားလန်ထံတွင်သာ စူးစိုက်နေကြသည်။ ပုံမှန်နေ့များတွင် သူတို့သည် သူ့ကို ဖမ်းဆီးရန် စိတ်အားထက်သန်နေကြမည် ဖြစ်သော်လည်း ယခုမူ မိုင်ထောင်ချီ ကုန်သွယ်ရေးအဖွဲ့က မည်သို့သော ရတနာမျိုးကို ရရှိထားသနည်းဆိုသည်ကို သိလိုသည့် စပ်စုစိတ်များဖြင့်သာ ပြည့်နှက်နေကြသည်။
ယုအားလန် ချန်ကျင်းကျင်း၏ ရှေ့သို့ ရောက်သွားပြီး သူ၏ သိုလှောင်အိတ်ထဲမှ မှော်စာလုံးများ ရေးထွင်းထားသော ရွှေရောင်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
သူ ထိုသေတ္တာကို လက်ဖက်ရည်စားပွဲပေါ်သို့ တင်ကာမေးလိုက်၏။
“အစ်မကြီး... ပစ္စည်းက ဒီထဲမှာပါ၊ ဖွင့်ကြည့်မှာလား”
ချန်ကျင်းကျင်း ပြုံးလိုက်သည်။
“ဖွင့်ကြည့်ရမှာပေါ့။ ဒါမှလည်း ဒီလူကြီးမင်းတွေက သူတို့ရဲ့ ဂိုဏ်းတွေကို ပြန်ပြီး သတင်းပို့လို့ ရမှာလေ”
ကျင့်ကြံသူများသည် သူတို့ကို ပေါ်တင်ကြီး ပြောလိုက်သလိုခံစားလိုက်ရသော်လည်း မည်သူမျှ ကန့်ကွက်စကား မပြောရဲကြချေ။
“ဒါပေမဲ့ ဒီထဲမှာရှိတဲ့ အရာက အရမ်းကို ယုတ်မာညစ်ထေးလွန်းတယ်”
ယုအားလန် ကြောက်စိတ်မပြေသေးသည့် လေသံဖြင့် ပြောသည်။
“ဒါဆိုရင်လည်း ကံကောင်းတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ကို ရွေးပြီး ဒီသေတ္တာကို ဖွင့်ခိုင်းရအောင်”
ချန်ကျင်းကျင်း၏ အကြည့်များက စုဝေးနေသော ကျင့်ကြံသူများအပေါ်သို့ ဝဲကျသွားသည်။
သူမနှင့် အကြည့်ချင်းဆုံသူတိုင်းက ခေါင်းကို အလိုအလျောက် ငုံ့သွားကြလေ၏။ သူတို့စိတ်ထဲတွင် ချမ်းသာပေးရန် ဆုတောင်းနေကြသည်။
“ဟိဟိ”
ကျင့်ကြံသူများ၏ ကြောက်ရွံ့နေသော အမူအရာများကို ကြည့်ရင်း ပိုင်ကျင်း ရယ်မောလိုက်သည်။
“အစ်မကြီး ကြည့်ပါဦး။ သူတို့တွေ ဘယ်လောက်တောင် သူရဲဘောကြောင်နေကြလဲဆိုတာ။ သူများရတနာကို လုဖို့ ဘယ်က သတ္တိတွေနဲ့ လာခဲ့ကြတာလဲတောင် မသိဘူး”
ချန်ကျင်းကျင်း ပြုံးကာ ပြောသည်။ “တကယ့်ကို သူရဲဘောကြောင်တာပဲ။ ဒါဆိုရင်လည်း ဒီသေတ္တာကို ငါကိုယ်တိုင်ပဲ ဖွင့်တော့မယ်”
“အစ်မကြီး ကျွန်တော်ပဲ ဖွင့်ပါရစေ။ အစ်မကြီးက ဒီထဲကထွက်လာမဲ့ အရာကို ထိန်းချုပ်ဖို့ပဲ အသင့်ပြင်ထားပေးပါ”
ယုအားလန်ကရိုးသားစွာ ပြောလိုက်၏။
“ကောင်းပြီလေ”
ချန်ကျင်းကျင်း ချက်ချင်းပင် သဘောတူလိုက်သည်။ သူမသည် သူ့စရိုက်ကို သိသည်။ သူသည် အကောင်းဘက်က ကြည့်လျှင် တည်ငြိမ်သူဖြစ်ပြီး အဆိုးဘက်က ကြည့်လျှင် အသက်ဘေးကို အလွန်ကြောက်တတ်သူ ဖြစ်သဖြင့် မိုက်မိုက်ကန်းကန်း စွန့်စားမည့်သူ မဟုတ်ပေ။
ယုအားလန် သေတ္တာ၏ လျှို့ဝှက်ခလုတ်ပေါ်သို့ လက်တင်ကာ အသာအယာ လှည့်လိုက်သည်။
“ကလစ်”
ထိုအသံနှင့်အတူ သေတ္တာမှာ ပွင့်သွားလေတော့၏။
မျက်လုံးများသည် ထိုနေရာသို့ ချက်ချင်း စုပြုံရောက်ရှိလာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအရှိန်အဝါများ အလုအယက် တိုးထွက်လာတော့သည်။
“အား… ငါ့မျက်လုံးတွေ”
“ဒီနတ်ဆိုးစွမ်းအင်က ကြောက်စရာကြီးပါလား”
ခြံဝင်းအတွင်း၌ အော်ဟစ်သံများ ဆူညံသွားသည်။
သေတ္တာထဲမှ ထွက်ပေါ်လာသော နတ်ဆိုးအရှိန်အဝါကြောင့် ချန်ကျင်းကျင်း မျက်မှောင်ကြုတ်သွားလေ၏။ သူမ သေချာစူးစိုက်ကြည့်လိုက်သောအခါ အတွင်းရှိ သိုးသားရေစာလိပ်မှာ လူသားစားသည့် ဘီလူးတစ်ကောင်အလား လာထိသမျှ လူတိုင်းကို ဝါးမြိုပစ်ရန် သွေးအလိမ်းလိမ်းနှင့် ပါးစပ်ကြီးကို ဟထားသကဲ့သို့ပင်။
သူမသည် တုံ့ဆိုင်းမနေဘဲ လက်လှမ်း၍ ထိုစာလိပ်ကို ယူလိုက်သည်။
“အစ်မကြီး... နေဦး”
ယုအားလန်၏ စကားပင် မဆုံးသေးမီမှာပင် သူသည် မေ့မရနိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့သည်။ သူမ ထိုစာလိပ်ကို ပေါ့ပေါ့ပါးပါးပင် လက်ထဲတွင် ကိုင်ထားပြီး တစ်ချက်ကြည့်ရန် ဖြန့်ပင် ဖြန့်လိုက်သေး၏။ အသက်စွမ်းအားများ ဝါးမြိုခံရသည့် မြင်ကွင်းမျိုး လုံးဝပေါ်မလာပေ။
“ဒါက ကောင်းကင်နတ်ဆိုးရဲ့ အရှိန်အဝါပဲ”
ချန်ကျင်းကျင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
“အစ်မကြီး ကောင်းကင်နတ်ဆိုးတင် မဟုတ်ဘူး၊ ကောင်းကင်သားရဲ အရှိန်အဝါကိုလည်း ညီမ ခံစားနေရတယ်”
ပိုင်ကျင်း ရုတ်တရက် ပြောလိုက်သည်။
“ဒီစာလိပ်ထဲမှာ ဘာတွေရှိနေတာလဲ”
ချန်ကျင်းကျင်း ၎င်းကို ဖြန့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်နှင့် သားရဲစွမ်းအင်များ ရောနှောကာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။ သူမ လန့်သွားကာ လွှတ်ချမိလုနီးပါး ဖြစ်သွားသည်။
ကံကောင်းထောက်မစွာ ပိုင်ကျင်းက အခြားတစ်ဖက်ကို လှမ်းဖမ်းလိုက်သည်။ အမျိုးသမီးနှစ်ဦး ပေါင်းစပ်လိုက်မှသာ ထိုအရာမှ ထွက်ပေါ်နေသော ထိတ်လန့်ဖွယ် အရှိန်အဝါကို ဖိနှိပ်ထားနိုင်တော့သည်။
သို့သော် ခြံဝင်းအတွင်းရှိ ကျင့်ကြံသူများသည် ထိုသို့ မတည်ငြိမ်နိုင်ကြပေ။
ထိုအရှိန်အဝါကြောင့် သူတို့ခြေထောက်များမှာ ပြင်းထန်စွာ တုန်ယင်နေကြသည်။
သားရဲရာချီမြို့တော်၏ မြို့တော်ဝင်မှာ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။
“အင်မော်တယ်တို့ မြန်မြန်၊ အဲဒီစာလိပ်ကို ပြန်သိမ်းလိုက်ပါတော့။ ကျွန်တော်တို့ အဲဒါကို မလိုချင်တော့ပါဘူး”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကလည်း ဝိုင်း၍ ထောက်ခံကြသည်။
“ဟုတ်ပါတယ်၊ ဒီအရာက မင်္ဂလာမရှိဘူး။ ကျွန်တော်တို့လို လူတွေ ဒါကို မြင်တွေ့ဖို့ မထိုက်တန်ပါဘူး”
“ဟမ့်”
ချန်ကျင်းကျင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“နင်တို့အရည်အချင်းက ဒီလောက်ပဲ ရှိတာလား”
သူမ စာလိပ်ကို ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မှတ်တမ်းတင်ထားခြင်း မရှိသည်ကို တွေ့ရ၏။ ပိုင်ကျင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် နှစ်ဦးသား စာလိပ်ကို အတူတူ ပိတ်ကာ သေတ္တာထဲသို့ ပြန်ထည့်လိုက်ကြသည်။
ရွှေရောင်သေတ္တာ ပိတ်သွားသည်နှင့် သူတို့စိတ်ထဲတွင် ဖြစ်ပေါ်နေသော မတင်မကျ စိုးရိမ်စိတ်များလည်း ပျောက်ကွယ်သွားလေတော့၏။
ခြံဝင်းအတွင်းတွင် ပြန်လည် ငြိမ်သက်သွားသည်။
ကျင့်ကြံသူများမှာ နဖူးမှ ချွေးစေးများကို အလျင်အမြန် သုတ်လိုက်ကြပြီး ရတနာကို လုယူရန် မကြိုးစားခဲ့မိသည့်အတွက် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ကြလေတော့၏။
မဟုတ်လျှင် သူတို့ ဘယ်လို သေသွားမှန်းတောင် သိလိုက်ကြမည် မဟုတ်ပေ။
ချန်ကျင်းကျင်း ပြန်၍ ထိုင်လိုက်ပြီး လူအုပ်ကြီးကို အေးဆေးစွာ ဝေ့ကြည့်လိုက်သည်။
“ပစ္စည်းကိုတော့ မြင်ပြီးကြပြီ။ ကဲ... အခု နင်တို့နောက်ကွယ်က အင်အားစုတွေကို ထုတ်ပြောကြတော့။ ငါတို့က အားနည်းသူတွေကို နှိပ်စက်နေတယ်လို့ မစွပ်စွဲရအောင်လို့”
“ကျွန်တော်တို့ မလုပ်ရဲပါဘူး”
ကျင့်ကြံသူများမှာ ယခုအချိန်တွင် ဘိုးဘေးနှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးချင်နေကြလေ၏။
သူမတို့ သားရဲရာချီမြို့တော်တွင် နေထိုင်သမျှ နေ့ရက်တိုင်းမှာ သူတို့ခေါင်းပေါ်တွင် ထက်မြက်သော ဓားတစ်စင်း ချိတ်ဆွဲထားသည့်အလားပင်။
ချန်ကျင်းကျင်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။
“ငါက အမြဲတမ်း ကျိုးကြောင်းဆင်ခြင်တတ်တဲ့လူပါ။ ငါ နင်တို့ကို ခုနစ်ရက် အချိန်ပေးမယ်။ ခုနစ်ရက်ကြာလို့မှ နင်တို့နောက်ကွယ်က အင်အားစုတွေကို ငါ မတွေ့ရသေးဘူးဆိုရင် နင်တို့ကို စွန့်လွှတ်လိုက်ပြီလို့ သတ်မှတ်ရလိမ့်မယ်။ နောက်ကျမှ အပြစ်တင်ခံရရင် ငါ့ကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့”
သူမ လေသံမှာ သာမန်ကိစ္စတစ်ခုကို ပြောနေသည့်ပမာ အေးစက်တည်ငြိမ်နေလေ၏။
သို့သော် ကျင့်ကြံသူများ၏ နားထဲတွင် ထိုစကားမှာ မောက်မာခြင်းဟုသာ ကြားနေရတော့သည်။
ထိုမိန်းကလေးနှစ်ဦးမှာ အတိုင်းအထက်အလွန် မောက်မာနေခဲ့သည်။
‘မင်းတို့က အရိုက်ခံချင်နေမှတော့ ငါတို့က ရိုက်ပေးရမှာပေါ့။ ငါတို့နောက်ကွယ်က ကျွမ်းကျင်သူတွေ ရောက်လာရင်တော့ မင်းတို့ကို အကောင်းအတိုင်း မလွတ်မြောက်စေရဘူး’
ယုအားလန် အစ်မကြီး၏ လုပ်ရပ်မှာ အနည်းငယ် မသင့်တော်ဘူးဟု ပြောချင်သော်လည်း ချန်ကျင်းကျင်း၏ မျက်လုံးထဲမှ ယုံကြည်ချက်များကို မြင်လိုက်ရသောအခါ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
“နင်တို့ ဘာမှမပြောဘူးဆိုတော့ သဘောတူတယ်လို့ ယူဆတယ်။ မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ထပ်ပြီး ပစ်မှတ်ထားတာကို ငါတွေ့ရင်တော့ ရလဒ်က ဘာဖြစ်မလဲဆိုတာ သိကြမှာပါ”
သူမ ပြောလိုက်သည်နှင့် ပျောက်ကွယ်သွားသော မိုးမြေစစ်တုရင်ခုံမှာ သားရဲရာချီမြို့တော်၏ အထက်တွင် ပြန်လည် ပေါ်ပေါက်လာတော့သည်။
“ကျွန်တော်တို့ မလုပ်ရဲပါဘူး”
ကျင့်ကြံသူများ အလုအယက် ပြောလိုက်ကြ၏။
“တော်ပြီ၊ အားလုံး ပြန်ကြတော့”
ချန်ကျင်းကျင်း လက်ယမ်းပြလိုက်ပြီးနောက် ဘေးနားရှိ မြို့တော်ဝန်ကျားနတ်ဆိုး ထံသို့ အကြည့်လွှဲလိုက်သည်။
“ကြောင်ကလေး... ငါတို့ ဒီရက်ပိုင်း မြို့တော်ဝန်အိမ်တော်မှာပဲ တည်းခိုမယ်။ ငါတို့အတွက် အခန်းတွေ စီစဉ်ထားလိုက်”
“ဟင်”
ကျားနတ်ဆိုး တခဏ ကြောင်သွားပြီးမှ အလျင်အမြန် ပြောလိုက်၏။
“ကောင်းပါပြီ အင်မော်တယ်နှစ်ပါး စိတ်မရှိဘူးဆိုရင် ကျွန်တော့်အိမ်တော်မှာပဲ တည်းခိုကြပါ”
‘တောက် ငါ့ကို ကြောင်ကလေးလို့ ခေါ်ဝံ့တယ်ပေါ့ ဟိုပုဂ္ဂိုလ်ကြီး ရောက်လာတဲ့အခါကျရင်တော့ ဒီအရှက်ကွဲမတာကို ငါသေချာပေါက် ပြန်လက်စားချေပြမယ်’
မြို့တော်ဝန်ကျားနတ်ဆိုး၏ ဦးဆောင်မှုဖြင့် သူမတို့နှစ်ဦးသည် တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းတစ်ခုအတွင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြ၏။
မြို့တော်ဝန်၏ အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့်အရာများ မြန်မြန်ဆန်ဆန် ပျံ့နှံ့မသွားခဲ့ပေ။ အကြောင်းမှာ ထိပ်တန်းပုဂ္ဂိုလ်ကြီးများသည် သူတို့ကြောက်လန့်တုန်ရီခဲ့ကြသည်ကို သူတစ်ပါး မသိစေလိုကြသောကြောင့်ပင်။
ရလဒ်အနေဖြင့် မြို့တစ်ခွင်၌ ကောလာဟလများ ပျံ့နှံ့နေတော့သည်။
မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့မှာ ပုံမှန်အတိုင်း ပြန်လည် စည်ကားလာပြီး နောက်ကွယ်တွင် မြို့တော်ဝန်ပင် ကြောက်ရွံ့ရသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေသည်ကို လူတိုင်း သိသွားကြသည်။
ယုအားလန်နှင့် အခြားသူများသည် နှိမ့်ချစွာ နေထိုင်သည်။ သူတို့သည် ရတနာကိစ္စတွင် ဘယ်တော့မှ ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်ကြလေ၏။
ယင်းအစား ချန်ကျင်းကျင်း ပေးထားသော ကျင့်စဉ်များကိုသာ အားသွန်ခွန်စိုက် ကျင့်ကြံနေကြတော့သည်။
ဤဖြစ်ရပ်ကြောင့် သူတို့ ကောင်းကောင်း နားလည်သွားသည်။ အနှိမ်မခံချင်လျှင် မိမိကိုယ်တိုင် ခွန်အားရှိရန် လိုအပ်သည်ဟူ၍ပင်။
နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။
သုံးရက်အကြာတွင်။
သားရဲရာချီမြို့တော်၏ အထက်တွင် နတ်ဆိုးတိမ်တိုက်များက ကောင်းကင်ယံကို ရုတ်တရက် ဖုံးလွှမ်းသွားလေ၏။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သက်ရောက်လာရာ မြို့အတွင်းရှိ ကျင့်ကြံသူတိုင်း အသက်ရှူကျပ်လာကြသည်။
ထိုအခိုက်အတန့်တွင် သူတို့အားလုံး ကမ္ဘာပျက်ကိန်း ဆိုက်ရောက်လာပြီဟုပင် ခံစားလိုက်ရ၏။
မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့ အတွင်း၌ ကျင့်ကြံနေကြသော ယုအားလန်တို့လည်း ထိုကြောက်မက်ဖွယ် ဖိအားကို ခံစားမိသဖြင့် စိုးရိမ်တကြီး ဖြစ်နေကြသည်။
ယန်ပိုင်မေ့ အသံတုန်တုန်ဖြင့် မေးလိုက်သည်။
“အစ်မကြီး အန္တရာယ်ရှိနိုင်မလားဟင်”
“အစ်မကြီး သေချာပေါက် အဆင်ပြေမှာပါ”
ကျောက်ရှောင်ကျို့ ခိုင်ခိုင်မာမာ ပြောလိုက်သည်။
ယုအားလန်သည် စိတ်မချသော်လည်း ထောက်ခံလိုက်၏။
“ဟုတ်တယ်၊ အစ်မကြီးက သန်မာတယ်၊ ပြီးတော့ သူ့နောက်မှာလည်း အစွမ်းထက်တဲ့ ဆရာတစ်ယောက် ရှိနေတာပဲ။ သူ သေချာပေါက် အသက်ဘေး မရှိနိုင်ပါဘူး”
မြို့အတွင်းရှိ အင်အားကြီး အုပ်စုများ၏ ခေါင်းဆောင်များမှာ ကောင်းကင်မှ ဖိအားကို ခံစားမိချိန်တွင် ဝမ်းသာလွန်းသဖြင့် ခုန်ပေါက်လုနီးပါး ဖြစ်နေကြသည်။
ကျင့်ကြံသူများပင် အော်ဟစ်နေကြ၏။
“ဘုရင်များကို ကြိုဆိုပါတယ်”
မြို့တော်ဝန် အိမ်တော်အတွင်း၌
ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ ဂရုမစိုက်သည့်အလား စစ်တုရင်ကိုသာ အေးအေးဆေးဆေး ကစားနေကြ၏။
မြို့တော်ဝန်ကျားနတ်ဆိုးမှာ သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ ယခု သူ လိုချင်သည်မှာ မိန်းကလေးနှစ်ယောက်ကို ဖမ်းဆီးပြီး ဘုရင်သုံးပါးထံသို့ ဆက်သရန်ပင် ဖြစ်၏။
သို့သော် သူ့လှုပ်ရှားမှုအသေးစားလေးများမှာ ချန်ကျင်းကျင်း၏ စူးရှသော မျက်လုံးများမှ လွတ်ကင်းခြင်း မရှိပေ။
“ကြောင်ကလေး... သားရဲရာချီမြို့တော်ရဲ့ နောက်ကွယ်က အင်အားကလည်း သိပ်မပြောပလောက်ပါလား။ ဘုရင်သုံးပါးနဲ့ နီဗာနားရှင်သန်ခြင်းအဆင့် ကိုးယောက်တဲ့လား။ ဒီကံအခွင့်အလမ်းကို သူတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူး ထင်တယ်နော်”
ချန်ကျင်းကျင်း စစ်တုရင်ရုပ်တစ်ခုကို ချရင်း ပြောလိုက်သည်။
ပိုင်ကျင်း မကျေမနပ် ညည်းတွားနေလေ၏။
“စီနီယာအစ်မက ညီမကို ဘယ်တော့မှ အလျှော့မပေးဘူး။ နောက်ခါကျရင် စီနီယာအစ်မနဲ့ မကစားတော့ဘူး”
ချန်ကျင်းကျင်း ပြုံးကာ ပြောလိုက်သည်။
“ဆရာက ပြောဖူးတယ်၊၊ ကျင့်ကြံခြင်းကို ဘယ်လိုပဲလုပ်လုပ် မပစ်ပယ်ရဘူးတဲ့။ နောက်တစ်ခါကျရင်လည်း အစွမ်းကုန်သာ ကစားပါ”
“ဒါဆို နောက်တစ်ခါကျရင်တော့ ညီမ သေချာပေါက် အရှုံးမပေးတော့ဘူး”
ပိုင်ကျင်း၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ပြန်ကောင်းသွားတော့၏။
သူမတို့၏ ကြောက်ရွံ့ခြင်းမရှိသော အမူအရာကို မြင်သဖြင့် မြို့တော်ဝန်ကျားနတ်ဆိုး တမင်တကာ အသံမြှင့်၍ ပြောလိုက်သည်။
“မိန်းကလေးတို့... ဘုရင်ကြီးတွေ ရောက်လာကြပြီ။ သူတို့ စိတ်ဆိုးမသွားအောင် အမြန်သွားပြီး ခရီးဦးကြိုပြုဖို့ ကျွန်တော် အကြံပေးပါရစေ”
ချန်ကျင်းကျင်း၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားသည်။
“ဟုတ်လား သူတို့ ဘယ်လောက်တောင် စိတ်ဆိုးမလဲဆိုတာ ငါ တကယ်ကို မြင်ချင်နေမိပြီ”
သူမ စကားအဆုံးတွင် ကောင်းကင်ယံမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာလေ၏။
“ဘယ်ကလာတဲ့ မျိုးဆက်သစ်လေးတွေမို့လို့ ငါတို့ကို ဒီလောက် မလေးမစား လုပ်ရဲတာလဲ။ ဒီနေ့တော့ မင်းတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်”
ထိုစကားသံကြောင့် တစ်မြို့လုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။