အခန်း (၃၈၂)
Vol. 39 Ch. 382
အခန်း (၃၈၂) ဘိုးဘေးလေး
သားရဲရာချီမြို့တော်အတွင်း၌
ကျင့်ကြံသူအားလုံး ကောင်းကင်ယံသို့ အလိုလို မော့ကြည့်လိုက်ကြသည်။
နတ်ဆိုးတိမ်တိုက်များထဲမှ ကြီးမားလှသော လက်သည်းတစ်စုံ ရုတ်ချည်းထွက်ပေါ်လာ၏။ ၎င်းမှာ မီးခိုးရောင်ဝံပုလွေတစ်ကောင်၏ လက်သည်းကြီးပင်။
ထိုလက်သည်းကြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည်နှင့် အောက်သို့ပင် မကျဆင်းလာသေးခင် မြို့အတွင်းရှိ သတ္တဝါများ၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။
မည်သူကများ ဤအချိန်တွင် နတ်ဆိုးဘုရင်များကို သွားရောက်ပုတ်ခတ်မိသနည်း။ သူတို့အားလုံး၏ အသက်ကို သတ်ရန် ကြံစည်နေသလော။
အင်အားကြီးအုပ်စုများ၏ ခေါင်းဆောင်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ နှုတ်ခမ်းများမှာ မဲ့ပြုံး ပြုံးလိုက်ကြမိသည်။
နောက်ဆုံးတော့ မျက်စိတစ်ဖက်ကန်း ဝံပုလွေနတ်ဆိုးဘုရင်က စတင်လှုပ်ရှားပြီဖြစ်ရာ ထိုရဲတင်းလှသော ကောင်မလေးနှစ်ယောက်ကို အပြစ်ပေးရန် အသင့်ဖြစ်နေပြီဟု သူတို့က ထင်မှတ်နေလေကြ၏။
မြို့တော်ဝန်အိမ်တော်အတွင်း၌ မြို့တော်ဝန်ကျားနတ်ဆိုးမှာ မိုးပေါ်မှ ပြုတ်ကျလာတော့မည့် လက်သည်းကြီးကို မြင်လိုက်ရသောအခါ အလိုအလျောက်ပင် ခြံဝင်းအတွင်းမှ ထွက်ပြေးသွားပြီး ထိုမိန်းကလေးနှစ်ဦးကို အဝေးမှ လှမ်းကြည့်နေခဲ့သည်။
လက်သည်းကြီး အိမ်တော်အပေါ်သို့ ကျဆင်းလာလုနီးဆဲဆဲမှာပင် အိမ်တော်အတွင်းမှ နတ်ဘုရားအလင်းတန်းတစ်ခုက ဝင်းခနဲ ထွက်ပေါ်လာလေ၏။
၎င်းနှင့်အတူ အစွမ်းထက်လှသော နတ်ဆိုးအရှိန်အဝါတစ်ခုလည်း ပါဝင်နေသည်။
ဧရာမ ဝံပုလွေလက်သည်းကြီးမှာ တစ်စုံတစ်ခုသော အင်အားကြောင့် ဆွဲထားခံလိုက်ရသကဲ့သို့ အိမ်တော်အထက် ကောင်းကင်ယံတွင် ရုတ်တရက် တန့်သွားတော့သည်။
ဤမြင်ကွင်းက ရောက်ရှိနေသူအားလုံးကို တုန်လှုပ်သွားစေခဲ့၏။ သားရဲရာချီမြို့တော်၏ ကျင့်ကြံသူများမှာ သူတို့၏ စိတ်အာရုံခံစားမှုများကို အိမ်တော်အတွင်းသို့ ချက်ချင်းပင် လွှတ်တင်၍ စုံစမ်းကြည့်လိုက်ကြသည်။
ထိုနေရာ၌ သူတို့ မြင်လိုက်ရသည်မှာ နတ်ဘုရားအလင်းတန်းများ ဝန်းရံထားသော မိန်းကလေးတစ်ဦး ဖြစ်ပြီး သူမ၏နောက်တွင် ရှည်လျားသော မြေခွေးအမြီးဖြူဖြူ ကိုးခုမှာ ဝဲလွင့်နေလေ၏။
ကောင်းကင်ပေါ်ရှိ နတ်ဆိုးဘုရင်များမှာ ဤမြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။ သူတို့၏ အကြည့်များမှာ သူတို့အုပ်စု၏ အလယ်ဗဟို၌ရှိသော ခန့်ညားထည်ဝါသည့် ရုပ်ရည်ရှိပြီး နောက်ကျောတွင် မြေခွေးအမြီးသုံးခု ရှိသော နတ်ဆိုးဘုရင်တစ်ဦးထံသို့ ရောက်သွားကြလေ၏။
သူ၏ဘေးတွင်ရှိသော ဒေါင်းမွှေးဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
“အစ်ကိုကြီး... ကျွန်မ မျက်စိများ မှားနေတာလား အဲဒီမှာ အမြီးကိုးချောင်း မြေခွေးတစ်ကောင် ရှိနေတာမလား ဒီလိုမျိုး သတ္တဝါက ဒဏ္ဍာရီလာ ချင်းကျိုးနယ်မြေမှာပဲ ရှိရမှာ မဟုတ်ဘူးလား။”
မြေခွေးနတ်ဆိုးဘုရင်မှာ ထိုစကားကို ကြားမှ သတိပြန်ဝင်လာခဲ့သည်။ သူက နဖူးမှ ချွေးများကို အလိုအလျောက် သုတ်လိုက်ရင်း ဆိုလေ၏။
“မင်း မျက်စိမမှားပါဘူး။ အဲဒီ ဘိုးဘေးလေးက တကယ်ပဲ အမြီးကိုးချောင်းမြေခွေးပဲ။”
“ပြီးတော့ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီမှာ ပေါ်လာတယ်ဆိုတော့... ချင်းကျိုးနယ်မြေ တစ်ခုလုံးမှာတောင် ဒီလိုလူမျိုးက တစ်ယောက်ပဲ ရှိတာ။ ဒီတစ်ခါတော့ ငါတို့ ဒုက္ခအကြီးအကျယ် တွေ့ပြီထင်တယ်။”
စကားအဆုံးတွင် သူက လက်ကို မြှောက်လိုက်ကာ သတိမဝင်သေးသော ဝံပုလွေနတ်ဆိုးဘုရင်ကို လှမ်း၍ ဖြတ်ရိုက်လိုက်သည်။
‘ဖြန်း’
ဝံပုလွေနတ်ဆိုးဘုရင်မှာ လီပေါင်းများစွာ ဝေးသည့်နေရာသို့ လွင့်ထွက်သွားပြီး သူ၏ ဒေါသတကြီး ဟိန်းဟောက်သံမှာ ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေ၏။
“ဝံပုလွေ... မင်း ငါတို့အားလုံးကို အသေခံခိုင်းနေတာလား မင်းရဲ့ လက်သည်းကို အခုချက်ချင်း ပြန်ရုပ်သိမ်းလိုက်စမ်း”
ဤဟိန်းဟောက်သံက အခြားသော နတ်ဆိုးဘုရင်များကိုပါ သတိဝင်လာစေလဲ့သည်။ အခုနက လက်ဦးပြီး တိုက်ခိုက်မိသူမှာ သူတို့မဟုတ်သည့်အတွက် အလွန်ပင် ကံကောင်းသည်ဟု သူတို့မှာ တွေးလိုက်မိလေ၏။
ဝံပုလွေနတ်ဆိုးဘုရင်သည် သူ၏ ပါးကို အောင့်သက်သက်ဖြင့် ကိုင်ကာ မြေခွေးနတ်ဆိုးဘုရင်၏ နံဘေးသို့ ပြေးလာပြီး ရိုသေစွာ ပြောလိုက်သည်။
“အရှင်စန်းမိန်... ဒီအရူးက လူမှားရိုက်မိသွားပါတယ်။ ကျွန်တော် ချင်းကျိုးနယ်မြေက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ပြစ်မှားမိသွားပါတယ်ထင်တယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး”
အရှင်စန်းမိန်က ခေါင်းကို မတတ်သာသလို ခါရမ်းလိုက်၏။
“ဒီတစ်ခါတော့ ငါ မင်းကို မကာကွယ်နိုင်တော့ဘူး။ ငါ ထင်တာမမှားရင် အဲဒီတစ်ယောက်က ချင်းကျိုးနယ်မြေက သူတော်စင်ရဲ့ တစ်ဦးတည်းသော မြေးမလေးပဲ ဖြစ်ရမယ်။ အဲဒါအပြင် ဒီဘိုးဘေးလေးမှာ နောက်ထပ် ဂုဏ်ပုဒ်တစ်ခု ရှိသေးတယ် ကောင်းကင်ဘံုရဲ့ ထိပ်တန်းပညာရှိ မဟာပဏ္ဍိတမိုးမြေရဲ့ တိုက်ရိုက်တပည့်ပဲ။”
ရှူး...
စုဝေးနေသော နတ်ဆိုးဘုရင်များမှာ ထိုစကားကို ကြားသောအခါ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။ ဝံပုလွေမိစ္ဆာဘုရင်မှာမူ မထိန်းနိုင်မသိမ်းနိုင် တုန်ယင်နေတော့၏။
ချင်းကျိုးနယ်မြေမှ သူတော်စင်ပဲဖြစ်ဖြစ်၊ မဟာပဏ္ဍိတမိုးမြေပဲဖြစ်ဖြစ် သူတို့လို ဖြတ်လျှောက်လေးများက သွားရောက်ပုတ်ခတ်နိုင်သော ပုဂ္ဂိုလ်များ မဟုတ်ကြပေ။
အကယ်၍ ထိုဘိုးဘေးလေးသာ အနည်းငယ်မျှ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါက တောင်တန်းပေါင်း တစ်သိန်းကျော်တွင် သွေးချောင်းစီးပြီး အလောင်းချင်း ထပ်သွားပေလိမ့်မည်။
ထို့အပြင် မကြာသေးမီကပင် သူတို့ သတင်းတစ်ခု ရရှိထားသည်။ မဟာပဏ္ဍိတမိုးမြေမှာ သူ၏တပည့်များနှင့်အတူ အနောက်ဘက်ဒေသရှိ ဗုဒ္ဓနိုင်ငံတစ်ခုကို သွေးချောင်းစီးအောင် လုပ်ခဲ့သည်ဟုပင်။ ရုတ်တရက်ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသွားနိုင်သော မဟာပဏ္ဍိတတစ်ဦးပင်လျှင် သူ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်လေ…
ယခု သူတို့ ဘာလုပ်နိုင်ပါတော့မည်နည်း
နတ်ဆိုးဘုရင်များ စိုးရိမ်တုန်လှုပ်နေကြစဉ်မှာပင် သားရဲရာချီမြို့တော်အတွင်းမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
“ငါ့ရဲ့ အမှတ်အသားကို သိပြီဆိုမှတော့... နင်တို့ ဘာလို့ အောက်ကိုဆင်းပြီး ဂါရဝမပြုကြသေးတာလဲ”
ထိုစကားကြောင့် မြို့အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ နတ်ဆိုးဘုရင်များ မည်သို့ တုံ့ပြန်မည်ကို သိလိုသဖြင့် ခေါင်းမော့ကြည့်လိုက်ကြလေ၏။
မြို့တော်ဝန်အိမ်တော်အတွင်း၌ ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့သည် အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေခဲ့ကြသည်။ ထိုမန်းကလေးနှစ်ယောက်၏ တည်ငြိမ်သော အမူအရာမှာ သူတို့၏ ဆရာ ချူဖုန်းနှင့် တစ်ပုံစံတည်းပင်။
မည်သို့သော အခြေအနေမျိုးတွင်မဆို တည်ငြိမ်မှုရှိရန် အဘယ်ကြောင့် ဆရာက အမြဲသွန်သင်နေသနည်းဆိုသည်ကို သူတို့ ယခုမှ နားလည်သွားကြတော့လေ၏။ အကြောင်းမှာ ဤတည်ငြိမ်မှုက လူကို ထူးခြားထင်ရှားစေသောကြောင့်ဖြစ်မည်။
ဒီခံစားချက်က တကယ်ကို မဆိုးလှပေ။
မြို့တော်ဝန်ကျားနတ်ဆိုးမှာမူ ကြောင်အသွားတော့သည်။ သူ မျှော်လင့်ထားသော ကယ်တင်ရှင်ကြီးများမှာ နောက်ဆုံးအချိန်တွင် တွန့်ဆုတ်သွားကြလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
အပေါ်မှ ပြောစကားများကို ကြည့်ရသလောက် သားရဲရာချီမြို့တော်မှာ တကယ့် ဘိုးဘေးငယ်လေးတစ်ဦးကို ပြစ်မှားမိသွားပြီ ဖြစ်သည်။
‘သွားပြီ... အကုန်သွားပြီ’
ထိုအချိန်တွင် လူရိပ်တစ်ဒါဇင်ကျော်သည် အိမ်တော်သို့ ဦးတည်ကာ ဆင်းသက်လာခဲ့ကြသည်။
“ကြည့်စမ်း၊ အဲဒါ လေပြေဝါဂူက သဲကြွက်ဘုရင်ပဲ။”
“ငါတို့ ဧရာမဝက်ဝံနိုင်ငံတော်ရဲ့ အရှင်သခင် ဧရာမဝက်ဝံဘုရင်လည်း လာနေပြီ။”
“သူတို့က ဘာမှမဟုတ်ပါဘူး။ လင်းယုန်သောကနိုင်ငံတော်က တကယ့် အရှင်သခင် သုံးပါးရဲ့ရှေ့မှာတော့ သူတို့က အကောင်ပေါက်လေးတွေပါပဲ”
“…”
ထိုလူရိပ်များမှာ မြို့တော်ဝန်အိမ်တော်၏ ခြံဝင်းအတွင်းသို့ သေသပ်စွာ ဆင်းသက်လိုက်ကြသည်။
မိန်းကလေးငယ်နှစ်ဦးကို ကြည့်ရင်း သူတို့သည် ရိုသေစွာ ဦးညွှတ်လိုက်ကြ၏
“ကျုပ်တို့ ဘိုးဘေးလေးကို ဂါရဝပြုပါတယ်”
“အင်း။”
ပိုင်ကျင်းက ခပ်အေးအေးပင် ပြန်ထူးလိုက်ပြီးနောက် နီဗားနားရှင်သန်ခြင်းအဆင့် နတ်ဆိုးဘုရင်များထဲမှ အမြီးသုံးချောင်း မြေခွေးနတ်ဆိုးကို စိုက်ကြည့်လိုက်သည်။
“မင်းက ချင်းကျိုးနယ်မြေရဲ့ မြေခွေးမျိုးနွယ်စုကလား”
အရှင်စန်းမိန်က အလျင်အမြန် ခေါင်းခါလိုက်သည်။
“ဘိုးဘေးလေးကို ပြန်လည်လျှောက်တင်ရရင်... ကျွန်တော့်ကို ချင်းကျိုးနယ်မြေက မြေခွေးအစစ်လို့ မသတ်မှတ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ ဘိုးဘေးက တစ်ချိန်တုန်းက ချင်းကျိုးမြေခွေးမျိုးနွယ်ထဲကို အိမ်ထောင်ပြု ဝင်ရောက်ခဲ့တာပါ”
“ဒါပေမဲ့ ကျွန်တော်တို့ မျိုးနွယ်စုက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ချင်းကျိုးနယ်မြေကနေ ထွက်ခွာခဲ့ပြီး လင်းယုန်သောကနိုင်ငံတော်မှာ အခြေချခဲ့တာပါ”
လင်းယုန်သောကနိုင်ငံတော် ဟူသော စကားကို ကြားသောအခါ ပိုင်ကျင်း စိတ်ဝင်စားသွားသည်။
“ဒါဆိုရင် မင်းရဲ့ အဘိုးက တစ်ချိန်တုန်းက လူငယ်တွေနဲ့ ဆင်းရဲသူတွေကို အထင်မသေးနဲ့လို့ အော်ဟစ်ခဲ့တဲ့ အမြီးသုံးချောင်းမြေခွေးလား… သူ အခု ဘယ်လိုနေသေးလဲ”
သမာဓိမီးမြေခွေးက ရိုသေစွာ ပြန်ဖြေသည်။
“ဘိုးဘေးလေးကို လျှောက်တင်ရရင်... ကျွန်တော့်အဘိုးက သေခြင်းနဲ့ရှင်ခြင်းကြားမှာ တံခါးပိတ်ကျင့်ကြံနေပါတယ်၊ သူရဲ့ကံကြမ္မာက မသေချာပါဘူး။”
“နှမြောစရာပဲ။ သူ အခက်အခဲတွေကို ကျော်ဖြတ်ပြီး မဟာပဏ္ဍိတတစ်ဦး ဖြစ်လာတာကို ငါ မြင်ချင်ခဲ့တာ။”
ပိုင်ကျင်း၏ မျက်နှာတွင် နှမြောတသဖြစ်မှုကို အထင်အရှား တွေ့ နေရသည်။ ချင်းကျိုးနယ်မြေတွင် ၎င်းမှာ လူသိများသော ပုံပြင်တစ်ပုဒ်ဖြစ်ပြီး ထိုအမြီးသုံးချောင်း မီးမြေခွေး၏ မျိုးဆက်နှင့် ဤနေရာတွင် ဆုံမည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
အကယ်၍ အခြားသူတစ်ဦးဦးကသာ မီးမြေခွေးဘုရင်၏ရှေ့တွင် ဤသို့ပြောလျှင် သူက ချက်ချင်းပင် ရန်မူပေလိမ့်မည်။ သို့သော် ရှေ့တွင်ရှိနေသူ၏ ဂုဏ်ဒြပ်ကို ထည့်တွက်ကာ သူသည် ငိုချင်သော်လည်း အတင်းပြုံးပြလိုက်ရသည်။
“ဘိုးဘေးလေးက နောက်နေတာပဲ။ ကျွန်တော့်အဘိုးက အဲဒီဖြစ်ရပ်အတွက် အမြဲတမ်း နောင်တရနေတာပါ။ ပြီးတော့ ကျွန်တော်တို့ကို ဘယ်တော့မှ မဝင့်ကြွားဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲဖို့ သူက အမြဲ သတိပေးပါတယ်။”
“ပျင်းစရာကြီး။”
ပိုင်ကျင်းမှာ ဆက်လက်စကားပြောရန်ပင် စိတ်ကုန်သွားလေ၏။
“နင်တို့ ဘာလို့လာတာလဲဆိုတာ ငါသိတယ်။ အဲဒီ သိုးသားရေစာလိပ်ကြောင့် မဟုတ်လား။”
“မဟုတ်ရပါဘူး၊ ကျွန်တော်တို့ အဲဒီလို လုံးဝ မတွေးခဲ့ပါဘူး။”
မီးမြေခွေးက အလျင်အမြန် ငြင်းလိုက်သည်။ အစပိုင်းတွင် သူတို့ ထိုသို့ တွေးခဲ့ကြသည်မှာ အမှန်ပင်။
ထိုစာလိပ်မှတစ်ဆင့် အဆင့်အတန်းမြင့်မားလာနိုင်မည်ဟုပင် စိတ်ကူးခဲ့ကြသည်။
သို့သော် ပိုင်ကျင်းကို မြင်လိုက်ပြီးနောက် နတ်ဆိုးဘုရင်အားလုံး ထိုစိတ်ကူးကို စွန့်လွှတ်လိုက်ကြပြီ ဖြစ်သည်။
ထိုဘိုးဘေးလေးနဲ့ ရတနာလုဖို့ ကြိုးစားတာဟာ သေတွင်းတူးတာနဲ့ အတူတူပင် မဟုတ်ပါလား။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးဘုရင်များကလည်း အလျင်အမြန်ပင် ထောက်ခံကြလေ၏။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့က ဗဟုသုတရအောင် လာကြည့်တာပါ။”
“ကျွန်တော်တို့ရဲ့ လက်အောက်ငယ်သားတွေက လိမ်လည်သတင်းပို့လို့ပါ။ မဟုတ်ရင် ကျွန်တော်တို့ ဘိုးဘေးလေးကို ဘယ်တော့မှ ပြစ်မှားမိမှာ မဟုတ်ပါဘူး။”
“…”
သူတို့၏ တတွတ်တွတ် ပြောဆိုသံများကို နားထောင်ရင်း ပိုင်ကျင်းမှာ ခေါင်းနားပန်း ကြီးသွားလေ၏။ သူမက မျက်နှာထား တင်းတင်းဖြင့် ဆိုလိုက်သည်။
“ဒါဆို နင်တို့ပြောချင်တာက ငါနဲ့ ငါ့အစ်မကြီးက ပြောတဲ့စကား မတည်ဘူးလို့ ဆိုလိုတာလား”
“မဝံ့ရဲပါဘူး၊ မဝံ့ရဲပါဘူး”
နတ်ဆိုးဘုရင်များက တပြိုင်နက် ပြောလိုက်ကြသည်။
ဝံပုလွေနတ်ဆိုးဘုရင်က ရှေ့သို့ တိုးလာပြီး သူ၏ ဘယ်ဘက်လက်သည်းကို ညွှန်ပြကာ ဆိုလိုက်သည်။
“ဘိုးဘေးလေး... ခုနက ကျွန်တော် ပြစ်မှားမိပါတယ်။ အဲဒီအတွက် အပြစ်ပေးတဲ့အနေနဲ့ ကျွန်တော့်ရဲ့ လက်သည်းတစ်ဖက်ကို ဖြတ်ပစ်ဖို့ ဝန်မလေးပါဘူး”
ပြောပြီးသည်နှင့် သူသည် ညာဘက်လက်သည်းကို မြှောက်ကာ ဘယ်ဘက်ကို ခုတ်ရန် ပြင်လိုက်တော့သည်။
“နေဦး။”
ပိုင်ကျင်းက သူ့ကို တားလိုက်သည်။
“စကားပုံတစ်ခု ရှိတယ်မဟုတ်လား၊ မသိလို့လုပ်တာ အပြစ်မရှိဘူးတဲ့။ ငါက အကျိုးအကြောင်းမသိတဲ့လူ မဟုတ်ပါဘူး။ နင့်အမှားကို ဝန်ခံတယ်ဆိုတော့... နောင်ကျရင် မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့ကို ကာကွယ်ပေးရင်း အပြစ်ပေးခံရမယ်ဆိုရင် ပြဿနာမရှိဘူး မဟုတ်လား”
ဤသည်ကို ကြားသောအခါ ဝံပုလွေနတ်ဆိုးဘုရင်သည် အလွန်အမင်း ဝမ်းသာသွားကာ ဒူးထောက်ချလိုက်လေ၏။
“ကျေးဇူးတင်ပါတယ် ဘိုးဘေးလေး... ကျွန်တော့်အပေါ် သနားညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စက ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေကို ကောင်းကောင်း မဆုံးမနိုင်လို့ ဖြစ်ရတာပါ။ အဲဒီကောင်ကို အခုပဲ ဒီကို ဆွဲခေါ်လာပါ့မယ်”
ဤတစ်ကြိမ်တွင်မူ ပိုင်ကျင်းမှာ မငြင်းတော့ပေ။ သူမက သူ့ကို အေးဆေးစွာ ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများက နင့်ရဲ့ သရုပ်ဆောင်မှုကို ဆက်လုပ်ဦးလေဟု ပြောနေသကဲ့သို့ပင်။
ဝံပုလွေနတ်ဆိုးသည် ဝံပုလွေနက်တစ်ကောင်ကို ခြံဝင်းအတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ဆွဲခေါ်လာခဲ့၏။
ဤသည်ကို မြင်သောအခါ အခြားသော နတ်ဆိုးဘုရင်များလည်း သားရဲရာချီမြို့တော်ရှိ သူတို့၏ လက်အောက်ငယ်သားများကို ဆွဲခေါ်လာကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့တော်ဝန်ကျားနတ်ဆိုး အပါအဝင် မြို့အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ ကြောက်လန့်တုန်ရီစွာဖြင့် ဒူးထောက်နေကြရတော့သည်။
မြို့တော်ဝန်ကျားနတ်ဆိုးမှာ အားလုံးထဲတွင် အသနားစရာ အကောင်းဆုံး ဖြစ်နေ၏။ သူ၏ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ နတ်ဆိုးဘုရင်တွေ မလာခင်ကလည်း ငါ အနှိမ်ခံရတယ်၊ အခု သူတို့ ရောက်လာပြန်တော့လည်း ငါ အနှိမ်ခံနေရတုန်းပဲ။ ဒါဆို နတ်ဆိုးဘုရင်တွေရှိနေတာ ဘာထူးသေးလို့လဲ
နတ်ဆိုးဘုရင်များကမေးလိုက်ကြသည်။ “ဘိုးဘေးလေး... ဒီလူတွေက အပြစ်အကြီးအကျယ် ကျူးလွန်ထားကြတာပါ။ သူတို့ကို ဘယ်လို အပြစ်ပေးရမလဲ”
ပိုင်ကျင်းက အေးစက်စွာ ပြောလိုက်၏။ “မင်းတို့ဘာသာ မင်းတို့ စီစဉ်လိုက်ကြ။ ဒီလို အသေးအမွှားကိစ္စတွေကို ငါ့ကို လာမပြောနဲ့တော့။”
“ဟုတ်ကဲ့ပါ။”
နတ်ဆိုးဘုရင်များမှာ သူတို့၏ နောက်လိုက်များဘက်သို့ လှည့်ကာ အော်ဟစ်လိုက်ကြသည်။
“ဘိုးဘေးလေးက မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးတာကို မြန်မြန် ကျေးဇူးတင်ကြစမ်း”
“ကျွန်တော်တို့ အသက်ကို ချမ်းသာပေးတဲ့အတွက် ဘိုးဘေးလေးကို ကျေးဇူးတင်ပါတယ်” သားရဲရာချီမြို့တော်ရှိ ကျင့်ကြံသူများက တပြိုင်နက် အော်ဟစ်လိုက်ကြသည်။
မီးမြေခွေးက ဆိုသည်။
“အားလုံး ထွက်သွားကြ၊ ဘိုးဘေးလေးအတွက် တန်ဖိုးကြီး လက်ဆောင်တွေ ပြင်ဆင်ကြစမ်း။ သူမသာ စိတ်တိုင်းမကျဘူးဆိုရင် မင်းတို့ သားရဲရာချီမြို့တော်မှာ ဆက်နေစရာ မလိုတော့ဘူး”
“ဟုတ်ကဲ့ပါ”
နတ်ဆိုးများမှာ ထိုစကားကို ကြားသောအခါ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ခြံဝင်းအတွင်းမှ အလုအယက် ထွက်ပြေးသွားကြလေတော့သည်။
အိမ်တော်မှ ထွက်ခွာသွားပြီးမှသာ သူတို့၏ စိတ်များ ပြန်လည် တည်ငြိမ်သွားကြ၏။
အခြေအနေများ အဆင်ပြေသွားပြီ ဖြစ်သဖြင့် ပိုင်ကျင်းက ခပ်အေးအေးပင် ပြောလိုက်သည်။
“နင်တို့ရဲ့ နတ်ဆိုးတပ်တွေကို ပြန်ရုပ်သိမ်းလိုက်ကြတော့။ ငါတို့ အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ အချိန်တန်ပြီ။”
နတ်ဆိုးဘုရင်များမှာ ချက်ချင်းပင် တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
“ကျွန်တော်တို့ ဘိုးဘေးလေးရဲ့ အမိန့်ကို နာခံပါ့မယ်”