အခန်း ၁
Vol. 1 Ch. 1
အခန်း ၁ ဗီလိန်စနစ် ချိတ်ဆက်ခြင်း၊ မင်းတို့ပြောတာ အကုန်မှန်တယ်
"ချင်လော့... မင်းအပြစ် မင်းဝန်ခံလား..."
မြင့်မားသောစင်မြင့်ထက်တွင် အေးစက်သော မျက်နှာထားဖြင့် အကြီးအကဲတစ်ဦးက ဟိန်းဟောက်လိုက်ရာ ချင်လော့ လန့်နိုးသွားပေ၏။
ပတ်ဝန်းကျင်ရှိ မြင်ကွင်းနှင့် မရင်းနှီးသော်လည်း ရင်းနှီးနေသယောင်ရှိသော မျက်နှာများကို ကြည့်ရင်း သူ ကူးပြောင်းလာခဲ့ပြီဟူသော အမှန်တရားကို လက်ခံလိုက်ရသည်။
သူက ဆေးရုံသို့ အရေပြားဖြတ်ရန် သွားခဲ့ရုံသာဖြစ်ပြီး ထို့နောက် သေဆုံးသွားခဲ့ရသည်လား။
ရိုးရိုးသားသားပြောရလျှင် သူ လက်မခံနိုင်သော်လည်း လက်မခံ၍လည်း သူ တတ်နိုင်သည့်အရာ ဘာတစ်ခုမျှ မရှိချေ။
သူသည် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းလာခဲ့ပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာခဲ့ပေသည်။
"ငါက အရမ်းအားနည်းနေလို့များ ထိုက်ရွှီမြင့်မြတ်နယ်မြေကို ရောက်လာတာလား..."
"ချင်လော့... မင်း ဘာတွေ ရေရွတ်နေတာလဲ... ဒီအကြီးအကဲက မင်းကို အပြစ်ဝန်ခံလား၊ မခံဘူးလားလို့ မေးနေတယ်လေ..."
စင်မြင့်ထက်ရှိ တရားဥပဒေစိုးမိုးရေးခန်းမ၏ အကြီးအကဲက ချင်လော့အား ထပ်မံအော်ဟစ်လိုက်ပြီး အားကောင်းသော အငွေ့အသက်တစ်ခုက ချင်လော့ဆီသို့ ရိုက်ခတ်လာကာ သူ့ကို ယိမ်းယိုင်သွားစေပြီး မြပြင်ပေါ်သို့ ဒူးထောက်ကျမတတ် ဖြစ်သွားစေခဲ့သည်။
စင်မြင့်ထက်ရှိ အကြီးအကဲအချို့က မျက်မှောင်ကြုတ်သွားပြီး စကားပြောလိုသော်လည်း မျက်လုံးမှိတ်ကာ စကားတစ်ခွန်းမျှ မဟဘဲ အနားယူနေသော မြင့်မြတ်သောသခင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် နှုတ်ဆိတ်သွားကြပေ၏။
ခန္ဓာကိုယ်၏ စွမ်းအားနှင့် မရင်းနှီးသေးသော ချင်လော့က ဟန်ချက်ကို ခဲယဉ်းစွာ ထိန်းထားရင်း အကြီးအကဲကို ကြည့်ကာ လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။ "ကျွန်တော်က မမှားဘူး"
"ဟားဟားး" တရားဥပဒေစိုးမိုးရေးခန်းမ၏ အကြီးအကဲက လှောင်ပြောင်လိုက်၏။
"မင်းမှာ အပြစ်ရှိ၊ မရှိဆိုတာ မင်းဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး... အခု သက်သေနဲ့ သက်သေခံပစ္စည်းတွေ ရှိနေပြီဆိုတော့ မင်းမှာ အပြစ်ကို ဝန်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး..."
ချင်လော့က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ "ချီ... ဒါဆိုလည်း ငါ့ကို ဘာလို့ လာမေးနေသေးလဲ... အရူးနေတာလား"
သူ၏ မှတ်ဉာဏ်ထဲရှိ သက်ဆိုင်ရာ အချက်အလက်များကိုလည်း သူ ဖတ်ရှုပြီးဖြစ်လေသည်။ ၎င်းမှာ လျှို့ဝှက်နယ်မြေအတွင်း၌ သူ၏ ဂိုဏ်းတူညီအစ်ကိုကို သတ်ဖြတ်ကာ ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ မပြည့်စုံသော မြင့်မြတ်သည့်ရတနာဖြစ်သော ထိုက်ရွှီခေါင်းလောင်းကို ခိုးယူခဲ့သည်ဟု တစ်စုံတစ်ယောက်က သူ့အား လုပ်ကြံစွပ်စွဲခဲ့ခြင်းကြောင့်ပင်။
"စီနီယာအစ်ကို... ဒီအခြေအနေအထိ ရောက်နေပြီကို အပြစ်ဝန်မခံသေးဘူးလား..."
စကားပြောသူမှာ ပေါ့ပါးသော ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားပြီး လခြမ်းကဲ့သို့ မျက်ခုံးများနှင့် ဆောင်းဦးရေပြင်ကဲ့သို့ မျက်လုံးများရှိကာ ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်လေသည်။
ချင်လော့အား ကြည့်နေသော သူမ၏ အကြည့်တွင် သူ၏ ခေါင်းမာမှုအပေါ် ဒေါသထွက်နေသည့် အရိပ်အယောင်တစ်ခု ရှိနေပေ၏။ "စီနီယာအစ်ကို... အစ်ကိုသာ အပြစ်ကို ဝန်ခံလိုက်ရင် မြင့်မြတ်သောသခင်က အစ်ကို့အသက်ကို သေချာပေါက် ချမ်းသာပေးလိမ့်မယ်... အဆိုးဆုံးကတော့ အစ်ကို့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး မြင့်မြတ်နယ်မြေကနေ နှင်ထုတ်လိုက်ရုံပဲလေ..."
ဤအမျိုးသမီး၏အမည်မှာ လျိုရူယန်ဖြစ်ပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ သူတော်စင်မလေး၊ ထိုက်ရွှီမြင့်မြတ်နယ်မြေ မြင့်မြတ်သောသခင်၏ သမီးတော်ဖြစ်ကာ သူ ချင်လော့၏ စေ့စပ်ထားသူလည်း ဖြစ်ပေသည်။
မဟုတ်သေးချေ။ ၎င်းမှာ ယခင်ကသာဖြစ်ပြီး ယခုအခါတွင်မူ သူမက သူ၏ စေ့စပ်ထားသူ မဟုတ်တော့ပုံရသည်။
"စီနီယာအစ်ကို... အစ်ကိုက ကျွန်တော်နဲ့ သူတော်စင်မလေးအပေါ် အငြိုးထားနေတယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ အဲဒါက နတ်ဆိုးဂိုဏ်းဆီ ဘက်ပြောင်းပြီး နတ်ဆိုးဂိုဏ်းသူတော်စင်မလေးနဲ့ ပူးပေါင်းဖို့ အကြောင်းပြချက် မဟုတ်ဘူးလေ..."
တောက်ပသော မျက်လုံးများ၊ ဓားကဲ့သို့ မျက်ခုံးများနှင့် ချောမောသော မျက်နှာသွင်ပြင်ရှိသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။ ချင်လော့အား ကြည့်လိုက်ချိန်၌ သူ၏ မျက်လုံးများတွင် ကျေနပ်နေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ၎င်းကို ချင်လော့မှလွဲ၍ မည်သူကမျှ သတိမထားမိခဲ့ကြချေ။
"ချင်လော့က ကျွန်တော်တို့ မြင့်မြတ်နယ်မြေရဲ့ တပည့်တွေကို သတ်ဖြတ်ဖို့ နတ်ဆိုးဂိုဏ်းသူတော်စင်မလေးနဲ့ ပူးပေါင်းခဲ့တယ်... သူက နတ်ဆိုးဂိုဏ်းရဲ့ ကျင့်စဉ်ကို ကျင့်ကြံဖို့အတွက်ဒီလိုလုပ်ဆောင်ခဲ့တာ ဖြစ်ရမယ်... ဂိုဏ်းတူစီနီယာအစ်ကိုတွေက အရိုးနဲ့ သွေးတွေအားလုံး စုပ်ယူခံခဲ့ရတာလေ... ချင်လော့က ဒဏ္ဍာရီလာ နတ်ဆိုးဂိုဏ်းရဲ့ ကျင့်စဉ်ဖြစ်တဲ့ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးပညာကို ကျင့်ကြံခဲ့တာ သေချာတယ်... ဟုတ်တယ်... ဒီအတိုင်းပဲ ဖြစ်ရမယ်..."
"ကျွန်တော်ကတော့ ချင်လော့က စိတ်လိုက်မာန်ပါ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ထင်တယ်... သူ့မှာ ကြိုတင်စီစဉ်ထားတဲ့ အကြံအစည်တစ်ခု သေချာပေါက် ရှိနေတယ်... သူက မိဘမဲ့တစ်ယောက် လုံးဝ မဟုတ်ဘဲ ကျွန်တော်တို့ ထိုက်ရွှီမြင့်မြတ်နယ်မြေထဲကို နတ်ဆိုးဂိုဏ်းက ထည့်သွင်းထားတဲ့ သူလျှိုတစ်ယောက် ဖြစ်နိုင်တယ်..."
တပည့်များက ကိုယ်ပိုင် တွေးတောမှန်းဆမှုများဖြင့် ချင်လော့အား တစ်ယောက်ပြီးတစ်ယောက် နှုတ်ဖြင့် စတင်တိုက်ခိုက်လာကြတော့သည်။
"ချင်လော့က မြင့်မြတ်နယ်မြေရဲ့ တားမြစ်နယ်မြေထဲကို ပေါ်ပေါ်တင်တင် ခိုးဝင်ပြီး တားမြစ်နယ်မြေကို စောင့်ကြပ်နေတဲ့ တပည့်တွေကို သတ်ဖြတ်ပြီး ထိုက်ရွှီခေါင်းလောင်းကို လုယူခဲ့တယ်... ဒါက သေဒဏ်ထိုက်တဲ့ ပြစ်မှုပဲ... သူ အသက်နဲ့ ပြန်ပေးဆပ်ရမယ်..." လူတစ်ဦးက အံကြိတ်ကာ ပြောဆိုလိုက်ပြီး ချင်လော့အား ကြည့်နေသော သူ၏ မျက်လုံးများတွင် ရူးသွပ်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ရှိနေပေ၏။
သူ၏ အစ်ကိုမှာ တားမြစ်နယ်မြေကို စောင့်ကြပ်ရသော တပည့်များထဲမှ တစ်ဦးဖြစ်ပြီး သူနှင့် ချင်လော့ကြားတွင် အစ်ကိုဖြစ်သူ သေဆုံးမှုအတွက် သွေးကြွေးရှိနေလေသည်။
"လွန်ခဲ့တဲ့တစ်နှစ်က ကျမ်းစာတိုက်ကနေ အခိုးခံလိုက်ရတဲ့ နိမိတ်လေးပါးဓားသိုင်းကလည်း ချင်လော့ရဲ့ လက်ချက် ဖြစ်ရမယ်..."
"လွန်ခဲ့တဲ့ဆယ်နှစ်က ဂျူနီယာညီမလေး လင်းအာ မုဒိမ်းကျင့် သတ်ဖြတ်ခံရတာလည်း ချင်လော့ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်..."
ထိုမုန်းတီးနေသော အကြည့်များကို ကြည့်ရင်း ချင်လော့ကိုယ်တိုင်ပင် ယုံကြည်သွားမတတ် ဖြစ်သွားရ၏။
"ငါ မှတ်ဉာဏ်မှားများ မှားသွားတာလား... လျှို့ဝှက်ဇာတ်ကွက် တစ်ခုခုများ ရှိနေတာလား..."
သို့သော် ထို့နောက် သူက မဟုတ်သေးဘူးဟု တွေးလိုက်မိသည်။ လွန်ခဲ့သောဆယ်နှစ်က သူသည် အသက်ရှစ်နှစ်သာ ရှိသေးသည်။ အသက်ရှစ်နှစ်ပင်။ မူလတန်း ဒုတိယနှစ်သို့သာတက်နိုင်သေးသောရွယ်တွင် ရက်စက်ယုတ်မာသော ကိစ္စမျိုးကို လုပ်ဆောင်နိုင်မည်နည်း။
ထို့ကြောင့် ဤအရာအားလုံးက လုပ်ကြံစွပ်စွဲမှုများသာ ဖြစ်လေသည်။ ဤလူများသည် လဲကျနေသူအား ထပ်မံကန်ကြောက်နေခြင်းပင်။
အကြောင်းရင်းကို သဘာဝကျကျပင် ရှင်းပြရန် လွယ်ကူလှပေ၏။
သူ ချင်လော့သည် ဆရာဖြစ်သူက အပြင်ဘက်မှ ခေါ်ယူမွေးစားခဲ့သော မိဘမဲ့တစ်ဦး ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ပါရမီကို ပြသနိုင်ခဲ့ပြီး အသက်နှစ်ဆယ်မတိုင်မီ ဆဋ္ဌမမြောက်အဆင့်ဖြစ်သော နတ်စွမ်းအင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပေသည်။
ထို့ပြင် သူက လူအများအပြားကို ကျော်ဖြတ်ကာ ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာခဲ့ပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ သူတော်စင်မလေး လျိုရူယန်နှင့် စေ့စပ်ထားခဲ့ရာ တကယ့်ကို ဘဝ၏ အောင်နိုင်သူတစ်ဦး ဖြစ်လေသည်။
သို့ရာတွင် သူက အလွန်ထူးချွန်နေခြင်းကြောင့်ပင် လူအများ၏ မနာလိုမှုကို နှိုးဆွပေးခဲ့သည်။ ဤနေ့ သူ ဂုဏ်သတင်း ကျဆင်းသွားချိန်၌ လူအများက လဲကျနေသူကို ထပ်မံကန်ကြောက်ရန် သဘာဝကျကျ ဦးတည်သွားခဲ့ခြင်းပင်။
အကုန်အကျ မရှိသည့်အလား လုပ်ကြံစွပ်စွဲမှုများက ချင်လော့အပေါ်သို့ လွှမ်းခြုံလာသော ရေလှိုင်းကြီးများကဲ့သို့ ကျဆင်းလာခဲ့ပေ၏။
"ချင်လော့... လွန်ခဲ့တဲ့သုံးရက်က ငါ့ရဲ့ အတွင်းခံ ပျောက်သွားတယ်... အဲဒါ မင်း ခိုးသွားတာလား..."
"ချင်လော့... လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်က ငါ့မိသားစုဝင် သုံးဆယ့်ခြောက်ယောက် သတ်ဖြတ်ခံခဲ့ရတယ်... အဲဒါ မင်း လုပ်ခဲ့တာလား..."
"ချင်လော့... ငါ့ရဲ့ ဝမ်ချိုက် အဆိပ်ခတ်ခံရပြီး သေသွားတယ်... အဲဒါ မင်း လုပ်လိုက်တာလား"
သူတို့ စကားပြောလေလေ ပို၍ အဓိပ္ပာယ်မဲ့လာလေလေ ဖြစ်ပေသည်။
စင်မြင့်ထက်တွင် ထိုက်ရွှီမြင့်မြတ်သောသခင်က နောက်ဆုံး၌ ဆက်၍ သည်းမခံနိုင်တော့ချေ။ သူက ပြင်းပြင်းထန်ထန် ဟန့်တားလိုက်သည်။
"တော်ကြတော့"
သူတော်စင်တစ်ဦး၏ စကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
ထို့နောက် သူက ချင်လော့ထံသို့ အကြည့်လွှဲလိုက်သည်။ "ချင်လော့... တရားဥပဒေစိုးမိုးရေးခန်းမရဲ့ အကြီးအကဲက မင်းကို ဂိုဏ်းတူညီအစ်ကိုတွေကို သတ်ဖြတ်မှု၊ နတ်ဆိုးဂိုဏ်းသူတော်စင်မလေးနဲ့ ပူးပေါင်းမှုနဲ့ ငါ့ရဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေက မြင့်မြတ်တဲ့ရတနာတွေကို ခိုးယူမှုတွေနဲ့ စွပ်စွဲထားတယ်...
ဒါက အမှန်ပဲလား..."
"ငါ့ကို အမှန်အတိုင်း ဖြေစမ်း"
သူ ငြင်းဆန်ရန် ပြင်လိုက်ချိန်မှာပင် ချင်လော့သည် သူ၏ နားထဲတွင် အသံတစ်သံကို ကြားလိုက်ရပြီးနောက် ရေခဲရုပ်ကဲ့သို့ အေးခဲသွားပေ၏။
[စနစ်ကို ဖွင့်လှစ်နေပါသည်...]
[စနစ် ဖွင့်လှစ်ခြင်း အောင်မြင်ပါသည်...]
[စူပါဗီလိန်စနစ်က သင့်အတွက် ဝန်ဆောင်မှုပေးနေပါပြီ...]
[လူတွေမှာ အိပ်မက်တွေ ရှိသင့်တယ်... ပြီးတော့ ဗီလိန်တစ်ယောက်အနေနဲ့ သင်က အိပ်မက်တွေကို ပိုလို့တောင် ရှိသင့်သေးတယ်... ဗီလိန်တစ်ယောက်ရဲ့ အမြင့်ဆုံး အိပ်မက်က ကောင်းကင်တာအိုကို ဖိနှိပ်ဖို့၊ ကောင်းကင်တာအိုအထက်ကို ကျော်လွန်ဖို့၊ ကောင်းကင်ဘုံအားလုံးကို ဖိနှိပ်ဖို့၊ သက်ရှိသန်းထောင်ချီကို ထိန်းချုပ်ဖို့နဲ့ တစ်ဦးတည်းသော အဓိပတိအရှင်သခင် ဖြစ်လာဖို့ပဲ... အိပ်မက်ဆိုတာ မက်ရမယ်... တကယ်လို့ တကယ်ဖြစ်လာခဲ့ရင်ကော...]
[လုပ်ကြံစွပ်စွဲတာပဲဖြစ်ဖြစ်၊ အမှန်တရားပဲဖြစ်ဖြစ်... ဒါတွေက အရေးကြီးလို့လား...]
ချင်လော့က "အရေးကြီးတယ်..." ဟု ပြောရန် ပြင်လိုက်လေသည်။
[အရေးကြီးတာက တခြားသူတွေ ဘယ်လိုတွေးလဲ ဆိုတာပဲ... အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီဆိုရင် ပြန်ပြုပြင်လိုက်ရင်တောင် အရင်အခြေအနေကို ဘယ်တော့မှ ပြန်ရောက်မှာ မဟုတ်တော့ဘူး]
[လုပ်ကြံစွပ်စွဲမှုကို ဝန်ခံလိုက်ပါ... ဒါဆိုရင် သင့်ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာလိမ့်မယ်...]
[သင်က စတင်ခြင်း လက်ဆောင်ထုတ်တစ်ခုကို ရရှိလိမ့်မယ်...]
"စနစ်... မင်း ငါ့ကို လှည့်စားမှာတော့ မဟုတ်ဘူးမလား..."
"ငါ့ရဲ့ ဇာတ်ညွှန်းက ဘယ်လိုကြည့်ကြည့် ဇာတ်လိုက်ရဲ့ ဇာတ်ညွှန်းနဲ့ တူနေတယ်... မင်းက ဗီလိန်စနစ်လို့ ငါ့ကို ပြောနေတာက လာနောက်နေတာလား... မင်းက ငါ့ကို ဘာတွေ ကူညီပေးနိုင်မှာလဲ..."
[ပိုင်ရှင်အနေနဲ့ လုံလောက်တဲ့ ကံကြမ္မာကို ရရှိသရွေ့ စနစ်က ပိုင်ရှင်ရဲ့ ကျင့်ကြံမှုနဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို တိုးတက်စေဖို့ ကူညီပေးနိုင်တယ်... ပြီးတော့ ပိုင်ရှင်ကို ကောင်းကင်ကိုဆန့်ကျင်တဲ့ ခန္ဓာကိုယ်တွေ၊ သွေးကြောတွေ၊ ကျင့်စဉ်တွေ၊ အမွေအနှစ်တွေနဲ့ အခြားအရာတွေကို ရရှိဖို့လည်း ကူညီပေးနိုင်ပါတယ်...]
"ငါ ဝန်ခံလိုက်ရင် အသတ်မခံရဘူးမလား..." ချင်လော့က တံတွေးမျိုချကာ မေးမြန်းလိုက်၏။
[ဘဝဆိုတာ ရွေးချယ်မှုတစ်ခုပြီးတစ်ခု ပြုလုပ်ရတာ မဟုတ်ဘူးလား...]
[ရွေးချယ်မှုက ကြိုးစားအားထုတ်မှုထက် ပိုကြီးမြတ်တယ်... ရွေးချယ်မှု ၁ - လုပ်ကြံစွပ်စွဲမှုကို ဝန်ခံပါ....စူပါဗီလိန်စနစ်ကို ချိတ်ဆက်ပြီး စတင်ခြင်း လက်ဆောင်ထုတ်ကို ရယူပါ...]
[ရွေးချယ်မှု ၂ - ပြင်းပြင်းထန်ထန် ငြင်းဆန်ပါ၊ ထို့နောက် စနစ်က သင့်ကို ထားရစ်ခဲ့လိမ့်မယ်...]
[စနစ်က သုံးအထိ ရေတွက်ပါမယ်... ပိုင်ရှင်... ကျေးဇူးပြုပြီး သင့်ရဲ့ ရွေးချယ်မှုကို အမြန်ဆုံး ပြုလုပ်ပါ...]
"ချီးး..." ချင်လော့ အနည်းငယ် စိုးရိမ်ပူပန်သွားလေသည်။
ချင်လော့ ကြက်သေသေနေသည်ကို မြင်ချိန်၌ ထိုက်ရွှီမြင့်မြတ်သောသခင်၏ အမူအရာက ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။ သူ ဒေါသထွက်နေပေ၏။
သူ၏ ဘေးရှိ တရားဥပဒေစိုးမိုးရေးခန်းမ၏ အကြီးအကဲက ချက်ချင်း ရှေ့ထွက်လာပြီး ချင်လော့အား အပြစ်တင်လိုက်သည်။ "ချင်လော့... မင်းက ဘာလို့ မြင့်မြတ်သောသခင်ရဲ့ မေးခွန်းကို မဖြေတာလဲ... မင်းမှာ အပြစ်ရှိနေလို့လား..."
ချင်လော့က မြင့်မြတ်နယ်မြေရှိ ထိုမြင့်မြတ်ပြီး တန်ခိုးကြီးသော သူများကို မော့ကြည့်ကာ ပြုံးလိုက်ပြီးနောက် လူတိုင်းကို တုန်လှုပ်သွားစေမည့် စကားတစ်ခွန်းကို ပြောဆိုလိုက်တော့သည်။
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ခင်ဗျားတို့ ပြောတာတွေ အကုန်မှန်တယ်... အဲဒါတွေ အကုန်လုံးက ငါ ချင်လော့ လုပ်ခဲ့တာတွေချည်းပဲ..."