ချင်လော့သည် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းလာခဲ့ပြီး တရားစီရင်ခံနေရသော ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်လာခဲ့လေသည်။ သူသည် သူ၏ ငယ်ချစ်ဦး စေ့စပ်ထားသူနှင့် ကံကြမ္မာသားတော် ဇာတ်လိုက်တို့၏ လုပ်ကြံစွပ်စွဲမှုကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သူလျှိုတစ်ဦးအဖြစ် စွပ်စွဲခံခဲ့ရပေသည်။ မြင့်မြတ်နယ်မြေ၏ တပည့်များအားလုံးက သူ့ကို ပြစ်တင်ဝေဖန်နေကြတော့သည်။ "ချင်လော့က ဒဏ္ဍာရီလာ နတ်ဆိုးပညာဖြစ်တဲ့ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံဖို့အတွက်နဲ့ ဂိုဏ်းတူညီအစ်ကိုတွေကို သတ်ဖြတ်ခဲ့တာပဲဖြစ်ရမယ်" "ချင်လော့က မိဘမဲ့ တစ်ယောက် မဟုတ်ဘူး... သူက ငါတို့ရဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေကို ဖြိုခွင်းဖို့ တာဝန်တစ်ခုနဲ့ မြင့်မြတ်နယ်မြေကို ဝင်ရောက်လာတဲ့ သူလျှိုတစ်ယောက်ဆိုတာ သေချာတယ်..." "ငါ့မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာ... ချင်လော့က တားမြစ်နယ်မြေထဲကို ဝင်သွားပြီး ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်ရတနာဖြစ်တဲ့ ထိုက်ရွှီခေါင်းလောင်းကို ခိုးယူသွားခဲ့တာ..." "ချင်လော့က လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကျမ်းစာတိုက်ထဲကို ခိုးဝင်ပြီး နိမိတ်လေးပါးဓားသိုင်းကို ခိုးယူသွားခဲ့တာ..." "ဂိုဏ်းတူအစ်ကို... အပြစ်ကိုသာ ဝန်ခံလိုက်ပါ... ရှင်အတွက် ကျွန်မ တောင်းပန်ပေးပါ့မယ်... ရှင်ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး အသက်ကိုတော့ ချမ်းသာပေးဖို့တောင်းဆိုပေးပါ့မယ်... အမှားတွေကို ထပ်ခါတလဲလဲ မလုပ်ပါနဲ့တော့..." သူ့အတွက် ကောင်းစေချင်သည်ဟူသော အမူအရာဖြင့် ကြည့်နေသည့် စေ့စပ်ထားသူကို ကြည့်ရင်း ချင်လော့မှာ ကြက်သေသေသွားခဲ့ရ၏။ အကယ်၍ မှတ်ဉာဏ်များသာ မမှားယွင်းခဲ့လျှင် သူသည် အချစ်ရူး သူတော်စင်သားတော်တစ်ဦးသာ ဖြစ်လေသည်။ သူက ဘယ်လိုလုပ်ပြီး နတ်ဆိုးသူလျှိုတစ်ယောက် ဖြစ်လာနိုင်မည်နည်း။ မှတ်ဉာဏ်တွေများ မှားယွင်းနေတာလား... ကံကောင်းထောက်မစွာဖြင့် အဓိပတိဗီလိန်စနစ်က အချိန်မီ ချိတ်ဆက်မိသွားခဲ့ပေသည်။ [ပိုင်ရှင်က နတ်ဆိုးကျင့်စဥ်ကျင့်ကြံထားကြောင်း ဝန်ခံလိုက်သည့်အတွက် နတ်ဘုရားအဆင့် ကျင့်စဉ်ဖြစ်သော ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်ကို ရရှိပါသည်] [ကိုယ်ပိုင်အမှတ်အသားကို သံသယရှိခြင်းကြောင့် သွေးသားဆွေမျိုး ရှာဖွေရာ ပိုင်ရှင်သည် မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အင်ပါယာက သင့်ကိုရှာဖို့ လူများကို စေလွှတ်လိုက်ပါပြီ] [ခိုးယူမှုကို ဝန်ခံလိုက်သည့်အတွက် ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ သူတော်စင်ရတနာ ထိုက်ရွှီခေါင်းလောင်းကို ရရှိပြီး သူတော်စင်အဆင့် သိုင်းပညာဖြစ်သော နိမိတ်လေးပါးဓားသိုင်းကို ရရှိပါသည်] ချင်လော့၏ မျက်လုံးများက တောက်ပသွားခဲ့၏။ သူက သူ့ကို လုပ်ကြံစွပ်စွဲနေကြသော ဂိုဏ်းတူညီအစ်ကိုများကို ကြည့်ကာ ပြောဆိုလိုက်လေသည်။ "ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... မင်းတို့ ပြောတာ အမှန်တွေပဲ" "နားထောင်လို့ အရမ်းကောင်းတယ်... ဆက်ပြောကြပါဦး"

