အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) ကွဲသွားခြင်းနှင့် တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ မဟာကျင့်စဉ်
"ဒါက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ... ပထမဆုံး ဓားနဲ့ တပည့်အကြီးဆုံးကို အရင်ခုတ်ပိုင်းလိုက်တာလား..."
ချင်လော့မှာ ဆက်ပြီး မအောင့်အည်းနိုင်တော့ချေ။
သူ့ကြောင့် မိသားစု အားလုံးသေဆုံးသွားပြီး သူ၏ စေ့စပ်ထားသူ အမျိုးသမီးမှာလည်း သူ့ကြောင့် ဓားဖြင့် အထိုးခံရကာ သေဆုံးသွားခဲ့ရသည်။
သူ၏ စီနီယာအစ်မများမှာလည်း သူ့ကြောင့် ကျွန်များ ဖြစ်သွားကြရ၏။
ဆရာဖြစ်သူမှာလည်း သူ့ကြောင့် သေသလား ရှင်သလား မသိရတော့သကဲ့သို့ စီနီယာအစ်မဖြစ်သူက သူ့ကို အပြင်သို့ ထွက်ပြေးနိုင်ရန် အသက်စွန့်၍ ကူညီပေးခဲ့သော်လည်း နောက်ဆုံးတွင် သူမက သူ့လက်ချက်ဖြင့် ဓားဖြင့် အထိုးခံရကာ သေဆုံးသွားခဲ့ရပေသည်။
ဤကဲ့သို့သော လူမျိုးသည် လုံးဝကို လူမဟုတ်ချေ။
ဤကဲ့သို့သော လူမျိုးနှင့် မိတ်ဆွေဖွဲ့သူ မည်သူမဆို ဘဝဆက်တိုင်း ကံဆိုးမှုများ ကျရောက်မည်မှာ သေချာပေသည်။
"စီနီယာအစ်မကြီး..."
"မလုပ်နဲ့.. ဂျူနီယာမောင်လေး... မင်း ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ..."
"အား"
လျိုကျင်းကျင်းတို့မှာ ရူးသွပ်တော့မတတ် ဖြစ်နေကြ၏။
သူတို့ နှလုံးသားထဲက ချစ်ခင်ရသော ဂျူနီယာမောင်လေးက သူတို့၏ စီနီယာအစ်မကြီးကို အမှန်တကယ်ပင် သတ်ဖြတ်လိုက်သည်လား။
[ချူဖုန်းသည် နတ်ဆိုးအသွင်ပြောင်းခြင်း အောင်မြင်သွားပြီး ကံကြမ္မာတန်ဖိုး ၁၀၀,၀၀၀ မှတ် ဆုံးရှုံးသွားကာ ပိုင်ရှင်မှ ဗီလိန်မှတ် ၁၀၀,၀၀၀ မှတ် ရရှိပါသည်။]
ချူဖုန်း၏ ကျင့်ကြံမှုမှာ စတင် မြင့်တက်လာပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ဆက်လက်၍ လိုဏ်ဂူကောင်းကင်အဆင့်သို့ပင် တက်လှမ်းသွားခဲ့ပေသည်။
"အား…မင်း ဘယ်လိုလုပ် ရဲရတာလဲ…မင်း ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ!"
ချူဖုန်းက အစွမ်းအစမဲ့စွာ ဟိန်းဟောက်လိုက်၏။
"ပါးစပ်ပိတ်ထားစမ်း… အခု မင်းရဲ့ ခန္ဓာကိုယ်ကို ငါ ယူထားလိုက်ပြီ"
တွမ့်မုလင်၏ အေးစက်သော အသံ ထွက်ပေါ်လာခဲ့သည်။
"ငါ့ကို မင်းအတွက် လက်စားချေပေးဖို့ မင်း လိုချင်တာ မဟုတ်ဘူးလား... သူတို့အားလုံးကို သတ်ဖို့က မဖြစ်နိုင်ပေမဲ့ အဲ့ဒီကောင်ကို သတ်ဖို့ကတော့ ဖြစ်နိုင်သေးတယ်"
"သာမန် လိုဏ်ဂူကောင်းကင်အဆင့်လောက်ကို လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးပစ်လို့ ရတယ်"
ချူဖုန်း၏ ခန္ဓာကိုယ်သည် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး ‘ရွှီး’ခနဲ လေခွင်းသံတစ်ခု ထွက်ပေါ်လာကာ ချူဖုန်း၏ ဓားတစ်လက်က ချင်လော့ထံသို့ ထိုးသွင်းလာခဲ့သည်။
ဤဓား၏ စွမ်းအားမှာ လိုဏ်ဂူကောင်းကင် နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အခြားသော လိုဏ်ဂူကောင်းကင် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာဆိုလျှင် သေဆုံးသွားလိမ့်မည်။
သို့သော် ချင်လော့မှာမူ…
သူက အထင်အမြင်သေးသော အမူအရာကို ပြသလိုက်ပြီး သူ၏ လက်ထဲရှိ ချင်းဖုန်းဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်၏။
ခန္ဓာကိုယ်အတွင်းရှိ မဟာလိုဏ်ဂူကောင်းကင် ဆယ်ခုက စတင် လှုပ်ရှားလာပြီး ချူဖုန်း၏ မျက်လုံးများထဲတွင် ချင်လော့၏ အငွေ့အသက်မှာ ချက်ချင်း ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီလှိုင်းလုံးကြီး တစ်ခုကို မြင်လိုက်ရသည့်အလားဖြစ်ပြီး သူကမူ သစ်သားလှေငယ်လေး တစ်စင်းကဲ့သို့ ဖြစ်နေခဲ့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါက လူရော ဟုတ်သေးရဲ့လား..."
ချူဖုန်းက စိတ်ထဲမှ အော်ဟစ်လိုက်၏။
‘ဘန်း’
သူတို့နှစ်ဦး ရင်ဆိုင်တိုက်ခိုက်လိုက်ချိန်၌ ချင်လော့ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူ အမှန်တကယ် ခံစားလိုက်ရသည်။
"ပါရမီရှင်… လုံးဝကို ပါရမီရှင်ပဲ!"
ယင်းက သူတော်စင်နယ်ပယ်နှင့် ယှဉ်နိုင်သော စွမ်းအားဖြစ်ရာ သူ မည်သို့ မတုန်လှုပ်ဘဲ နေမည်နည်း။
‘ဖူး!’
သူက သွေးအမြောက်အများကို အန်ထုတ်လိုက်ပြီး နောက်သို့ လွင့်စဉ်သွားကာ သူ၏ ဓားဖြင့် လေဟာနယ်နယ်မြေကို ခုတ်ပိုင်းပြီး ထွက်ပြေးရန် ပြင်လိုက်၏။
"ရပ်စမ်း "
ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော ချင်လော့က လူသားဧကရာဇ်အလံကို ချက်ချင်း ထုတ်ယူလိုက်သည်။
"ဟီး ဟီး..."
"မသွားပါနဲ့... ဧည့်သည်အဖြစ် နေပါဦး"
"မောင်လေး... ငါက လှရဲ့လား"
"ငါတို့နဲ့ အတူနေခဲ့ပါလား"
နားကွဲမတတ် အသံတစ်သံ ထွက်ပေါ်လာပြီး ချူဖုန်းသည် ဤနေရာရှိ အငွေ့အသက်များကို ခံစားမိလိုက်ချိန်၌ သူ၏ မျက်နှာပေါ်တွင် အလွန် ထိတ်လန့်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့၏။
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး..ဒါက... ဒါက ဝိညာဉ်တစ်သောင်းအလံပဲ"
"မဖြစ်နိုင်ဘူး"
ချူဖုန်းက လူသားဧကရာဇ်အလံ၏ အနှစ်သာရကို မှတ်မိသွားသည်။
ဤကမ္ဘာကို ကျူးကျော်ခဲ့သော အစွန်းရောက်နတ်ဆိုးများထဲမှ တစ်ယောက်အနေဖြင့် ဝိညာဉ်တစ်သောင်းအလံ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။
"ပေါက်ကွဲစမ်း…ပေါက်ကွဲစမ်း…ပေါက်ကွဲစမ်း "
သူ၏ လက်ထဲရှိ သွေးရောင်ဓားရှည်က စူးရှသော အနီရောင်အလင်းများကို ထုတ်လွှတ်လိုက်၏။
‘ဝုန်း’
ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချူဖုန်း၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး ဧရာမ တွင်းနက်ကြီးတစ်ခုက သူ့ကို ဝါးမြိုသွားခဲ့ပေသည်။
အလွန် အေးစက်လှသော အသံတစ်သံက တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာခဲ့၏။
"ငါ ထပ်ပြီး ပြန်လာခဲ့မယ်"
[ချူဖုန်းသည် ကောင်းကင်ကိုဆန့်ကျင်ပြီး ဘဝကို ပြောင်းလဲပေးမည့် အရေးကြီးဆုံးအရာကို ဆုံးရှုံးသွားသဖြင့် ကံကြမ္မာတန်ဖိုး ၁၀၀,၀၀၀ မှတ် ဆုံးရှုံးသွားကာ ပိုင်ရှင်မှ ဗီလိန်မှတ် ၁၀၀,၀၀၀ မှတ် ရရှိပါသည်။]
ချင်လော့သည် ဆွဲသီးပုံစံသို့ ပြန်လည်ရောက်ရှိသွားသော ဓားငယ်လေးကို ဆွဲယူလိုက်ပြီး ထိုအရာကို ကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
"ကွဲသွားတာလား"
"ဒါက ဘာပစ္စည်းလဲ... ကောင်းကင်ကိုဆန့်ကျင်ပြီး ဘဝကို ပြောင်းလဲပေးမယ့် ရတနာလား"
ချင်လော့က တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်အရာမှန်း မသိနိုင်ခဲ့ချေ။
သူ၏ လိုဏ်ဂူကောင်းကင်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်ပြီး လူသားဧကရာဇ်အလံတော်ဖြင့် ဖိနှိပ်ထားလိုက်၏။
"ရှီးဟွမ်... မင်း ဒါကို သေချာ လေ့လာလိုက်"
မလုပ်ရသေးသော အလွန် အရေးကြီးသည့် နောက်ထပ် ကိစ္စတစ်ခု ရှိသေးသည်။ ချူဖုန်း သတ်ဖြတ်ခဲ့သော ဖန်ချင်းပင် ဖြစ်၏။
"သွား... အဲ့ဒီအမျိုးသမီးကို ငါ့အတွက် သွားရှာခဲ့"
ချင်လော့၏ အမိန့်ပေးမှုနှင့်အတူ လူအနည်းငယ်က ဖန်ချင်း ကျဆင်းသွားသော နေရာသို့ ချက်ချင်း ပြေးသွားကြသည်။
မြေကြီးကို သုံးပေခန့် တူးဆွရန် တစ်ရက်တိတိ အချိန်ယူခဲ့ရပြီးနောက် နောက်ဆုံးတွင် ဖန်ချင်းကို ရှာတွေ့ခဲ့ပေသည်။
"မင်းက ဖန်ချင်းလား"
ချင်လော့က သူ၏ရှေ့ရှိ မိန်းမပျိုလေးကဲ့သို့သော အမျိုးသမီးကို ကြည့်ကာ အနည်းငယ် မသေချာစွာဖြင့် မေးမြန်းလိုက်၏။
အဘယ်ကြောင့်ဆိုသော် နေရာအားလုံးကို ရှာဖွေခဲ့သော်လည်း သူ၏ရှေ့ရှိ ဤအမျိုးသမီး တစ်ဦးတည်းကိုသာ တွေ့ရှိခဲ့သည်။
ဖန်ချင်းက ချင်လော့ကို ကြည့်နေသော်လည်း စကားမပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမက ချင်လော့၏ အကြည့်မှတစ်ဆင့် တစ်ဖက်လူက သူမ၏ သရုပ်မှန်ကို အတည်ပြုပြီးဖြစ်ကြောင်း သူမ နားလည်ထားသောကြောင့်ပင်။
[ကံကြမ္မာသမီးတော်ကို တွေ့ရှိပါသည်။]
[အမည် - ဖန်ချင်း]
[အသက် - ၁၇ နှစ်]
[ဒုတိယဝိညာဉ် မွေးဖွားချိန်မှ ယခု အချိန်ထိ]
[ကံကြမ္မာအဆင့် - စတုတ္ထအဆင့်]
[ကံကြမ္မာတန်ဖိုး - ၂၈၉,၀၀၀ မှတ်]
[ခန္ဓာကိုယ် - ဓားဝိညာဉ်သူတော်စင်ခန္ဓာ]
[နတ်လက်နက်များနှင့် ထက်မြက်သော ဓားသွားများအားလုံးတွင် ဝိညာဉ်ရှိကြပြီး ဓားဝိညာဉ်သူတော်စင်ခန္ဓာသည် နတ်လက်နက်၏ ဓားဝိညာဉ် ဖြစ်လာနိုင်သကဲ့သို့ အလွန် အစွမ်းထက်သော ဓားကျင့်ကြံသူ ဖြစ်လာနိုင်ကာ လူနှင့် ဓား တစ်သားတည်း ဖြစ်တည်နိုင်ပါသည်။]
[ကျင့်ကြံမှု - နတ်ဘုရားအသွင်ပြောင်းအဆင့် ၃ ]
[မိတ်ဆက် - ကျရောက်မည့် ကပ်ဘေးက ကြိုတင် ဖြစ်ပွားခဲ့သော်လည်း သူမကို ရရှိသင့်သူက သူမကို ထာဝရ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ စစ်မှန်သော သစ္စာစောင့်သိမှုကို ရရှိပါက ဓားပညာမှာ အိပ်မက်တစ်ခု မဟုတ်တော့ပါ။]
ချူဖုန်း၏ ဇာတ်လမ်းကို ချင်လော့ ချက်ချင်း နားလည်သွားခဲ့သည်။
မူလဇာတ်လမ်းမှာ မတော်တဆမှုကြောင့် ဖန်ချင်း သေဆုံးသွားခဲ့သော်လည်း သူမ၏ ဒုတိယဝိညာဉ် နိုးထလာကာ ဓားဝိညာဉ်ဖြစ်လာပြီး ချူဖုန်း၏ ဓားဝိညာဉ်အဖြစ် သူနှင့်အတူ အရပ်မျက်နှာ အသီးသီးတွင် တိုက်ပွဲဝင်ကာ အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ချင်လော့ ပေါ်လာပြီး ဖန်ချင်းကို ကြားဖြတ်လုယူသွားခဲ့ခြင်းသာ ဖြစ်၏။
"မင်း ငါ့ကို ဘာလုပ်ချင်တာလဲ... သတ်မလို့လား"
ဖန်ချင်းက မေးမြန်းလိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ငါက လူသတ်တာကို သိပ်မကြိုက်ဘူး... အထူးသဖြင့် အမျိုးသမီးတွေကို သတ်ရတာ မကြိုက်ဘူး"
‘ဘန်း’
ယဲ့လန်ကို စုချန်ချန်က အောက်သို့ ပစ်ချလိုက်သဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။
ချင်လော့က ယဲ့လန်ကို တစ်ချက်ကြည့်လိုက်ပြီး ဓားတစ်လက်ကိုင်ကာ လျှောက်သွားပြီးနောက် ယဲ့လန်၏ လည်ပင်းပေါ်တွင် ဓားဖြင့် ထောက်ထားလိုက်၏။
"မင်းရဲ့ တပည့် မင်းရှေ့မှာ သေသွားတာကို မင်း မမြင်ချင်ဘူး မဟုတ်လား"
"မင်းကို ရွေးချယ်စရာ တစ်ခုပေးမယ်... ငါ့ဆီကို လက်နက်ချ... မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်"
သူက အမျိုးသမီးတွေကို မသတ်ဘူးဟု ယခုလေးတင် ပြောခဲ့သော ချင်လော့၏ လက်ရှိ လုပ်ရပ်က ဖန်ချင်း၏ နှုတ်ခမ်းထောင့်များကို တွန့်ကွေးသွားစေခဲ့သည်။
"ဟူး..."
သူမက သက်ပြင်းချလိုက်၏။
"နည်းနည်းလေး လိုသွားတာပဲ... ကံဆိုးတာက နတ်ဆိုးဂူထဲ ဝင်သွားပြီးတာနဲ့ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး"
ယဲ့လန်က ချင်လော့ကို မော့ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
"မင်းလိုလူနဲ့ ထိုက်တန်လို့လား"
ချင်လော့က ခေါင်းယမ်းလိုက်၏။ တစ်ဖက်လူက လက်နက်ချရန် ဆန္ဒမရှိမှတော့ လူသားဧကရာဇ်အလံတော်ထဲသို့ ဝင်ရောက်ပြီး သူမ၏ တပည့်များနှင့် ညီအစ်မဖွဲ့ခိုင်းရန်သာ ရှိတော့ပေသည်။
နှမြောစရာပင်။
[ဗီလိန်မှတ် ၂၀၀,၀၀၀ မှတ်ကို အသုံးပြု၍ တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့မဟာကျင့်စဉ် (နတ်ဘုရားအဆင့် ကျင့်စဉ် - ပုံဖော်ထားသော နတ်ဆိုးမျိုးစေ့ ၂ ခု လက်ဆောင်ပေးမည် (နတ်ဆိုးမျိုးစေ့ကို တိုက်ရိုက် ဝါးမြိုနိုင်သည်)) ကို လဲလှယ်ရန် အကြံပြုပါသည်။]
[တာအိုနှလုံးသားနတ်ဆိုးများကို တစ်ဖက်လူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးတွင် နတ်ဆိုးမျိုးစေ့အဖြစ် စိုက်ပျိုးနိုင်ပြီး တစ်ဖက်လူကို သိမ်မွေ့စွာ ပြောင်းလဲစေကာ အချိန်ကြာလာသည်နှင့်အမျှ တစ်ဖက်လူသည် ကျင့်စဉ်အသုံးပြုသူထံသို့ အကြွင်းမဲ့ လက်နက်ချလာမည်ဖြစ်သည်။]
"စနစ်... မင်းက အရမ်း ဂရုစိုက်တတ်ပေမဲ့ လောဘလည်း ကြီးတယ်လို့ ငါပြောရမယ်"
ဒါက အိပ်ချင်နေတုန်း ခေါင်းအုံးပေးတယ်ဆိုတာမျိုးလား။
"လဲလှယ်မယ်"
[ဗီလိန်မှတ် ၂၀၀,၀၀၀ မှတ် အသုံးပြု၍ လဲလှယ်ခြင်း အောင်မြင်ပါသည်။]
အလွန် လျှို့ဝှက်ဆန်းကြယ်လှသော ကျင့်စဉ်တစ်ခုက ချင်လော့၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
သူက တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့မဟာကျင့်စဉ်ကို ကျင့်ကြံ၍ နတ်ဆိုးမျိုးစေ့ကို စုစည်းကာ တစ်ဖက်လူ၏ ဝိညာဉ်အတွင်းသို့ စိုက်ပျိုးနိုင်ပေသည်။
ကျင့်စဉ်အသုံးပြုခံရသူသည် ကျင့်စဉ်အသုံးပြုသူကို အန္တရာယ်မပြုနိုင်သကဲ့သို့ သိမ်မွေ့စွာ ပြောင်းလဲသွားပြီး ကျင့်စဉ်အသုံးပြုသူ၏ သစ္စာအရှိဆုံး ကျွန်တစ်ဦး ဖြစ်လာစေမည် ဖြစ်သည်။
ဤသည်က သေခြင်းရှင်ခြင်းတံဆိပ်တုံးထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေ၏။
အမည်းရောင် နတ်ဆိုးမျိုးစေ့တစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာပြီး ယဲ့လန်ကို ကြည့်ကာ ပြုံးလိုက်သည်။
"ဟားဟား... မင်းလည်း မတတ်နိုင်တော့ပါဘူး..."
"လိမ္မာပါတယ်... ဒါကို မျိုချလိုက်..."
…
‘ဘန်း’
ချူဖုန်းသည် လေဟာနယ်နယ်မြေမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နှစ်ကြိမ်ခန့် တက်သွားကာ သတိလစ်သွားခဲ့သည်။
သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် လူဆိုးနှစ်ဦးက ရူးသွပ်စွာ တိုက်ခိုက်နေကြ၏။
ဓားအကျဉ်းထောင် ဆုံးရှုံးသွားမှုက တွမ့်မုလင်ကို သူ၏ အကြွင်းမဲ့ အသာစီးရမှုကို ဆုံးရှုံးသွားစေခဲ့ပြီး ချူဖုန်းအတွက် အခြေအနေကို ပြောင်းလဲရန် အခွင့်အရေး ရရှိသွားစေခဲ့သည်။
‘ဒုန်း ဒုန်း ဒုန်း’
ထိုချိန်မြင်းခွာသံများ ထွက်ပေါ်လာခဲ့၏။ သူတို့ကအလောင်းကဲ့သို့ လဲလျောင်းနေသော ချူဖုန်းကို ရှာတွေ့သွားခဲ့သည်။
"မင်းသမီးကို သတင်းပို့ပါတယ်... အရှေ့မှာ သေလုမျောပါးဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့ထားပါတယ်…”