အခန်း (၄၆)
Vol. 5 Ch. 46
အခန်း (၄၆) ဇာတ်ကောင်စရိုက်ကို ဖန်တီးပြီးပြီ၊ ဒီသူကိုတော့ လုယူရမည်
"လင်းယင် ကျရှုံးသွားပြီ... သူမရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားပြီ..."
လျှို့ဝှက်နဂါးတပ်အဖွဲ့၏ ဌာနခွဲတစ်ခုအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် အမျိုးသားတစ်ဦးက ပြောဆိုလိုက်၏။
"ချင်လော့ကို သူတော်စင်အဆင့်အထက်က အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ကာကွယ်ပေးထားပုံရတယ်..."
"အဲ့ဒီအရာက မဟာချင်အင်ပါယာရဲ့ လက်ထဲကို ရောက်သွားလောက်ပြီလို့ ငါ ထင်တယ်... စုချန်ချန်သာဆို ဖြစ်နိုင်တယ်..."
"နောက်ထပ် ဘာဆက်လုပ်ကြမလဲ..."
"လောလောဆယ် ခဏစောင့်ကြည့်ပြီး အဲ့ဒီအရာကို မျက်ခြေမပြတ် စောင့်ကြည့်နေကြတာပေါ့... နဂါးအကြေးခွံ နဲ့ ပတ်သက်ပြီးတော့ ချင်လော့လက်ထဲမှာ ရှိနေသလား၊ တခြားတစ်ယောက်ဆီမှာ ရှိနေသလား ဆိုတာကို စုံစမ်းကြည့်ကြတာပေါ့..."
"ချင်လော့ဆီ ချဉ်းကပ်ဖို့ အမျိုးသမီးတစ်ယောက်ကို လွှတ်လိုက်…သူ့ကို ဖမ်းဖို့ နည်းလမ်းရှာရမယ်..."
"မိန်းမလှထောင်ချောက်" ဆိုသည်မှာ ရှေးခေတ်ကတည်းက ထက်မြက်လှသော ဗျူဟာတစ်ခုဖြစ်ပြီး လူတို့သည် အလွယ်တကူ အသုံးပြုလေ့ရှိကြပေသည်။
"ကောင်းပြီ... ငါ သဘောတူတယ်... တစ်ချိန်တည်းမှာပဲ ငါတို့တွေ မဟာချင်အင်ပါယာရဲ့ မြို့တော်ကနေ ချက်ချင်း ထွက်သွားဖို့လည်း အကြံပြုချင်တယ်... ဒီနေရာက သိပ်ပြီး မလုံခြုံဘူး..."
"ကောင်းပြီ... ငါတို့ အရင် ထွက်သွားကြတာပေါ့..."
ချန်ကျန့်ရှန်းတွင်လည်း သူ၏ ကိုယ်ပိုင် စစ်ရေးကိစ္စများ ရှိနေပြီး ဤတစ်ကြိမ်တွင် သူသည် သူစောင့်ကြပ်နေသော မြို့မှ လျှို့ဝှက်စွာ ခိုးထွက်လာခဲ့ခြင်း ဖြစ်၏။
အခြားမည်သူကမျှ ဤအကြောင်းကို လုံးဝ မသိရှိကြချေ။
"မင်း လျှို့ဝှက်စွာ ပြန်သွားသင့်တယ်... ငါတို့ရဲ့ ဆက်ဆံရေးကို ဖွင့်မပြောပြနဲ့..."
ချင်လော့က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ချန်ကျန့်ရှန်းက ခေါင်းညိတ်လိုက်၏။
"အရှင်မင်းသား... ခရီးစဉ်မှာ ဂရုစိုက်ပါ..."
ချန်ကျန့်ရှန်း ထွက်သွားပြီးနောက် ချင်လော့နှင့် သူ၏အဖွဲ့သည် အရှိန်မြှင့်လိုက်ပြီး တောင်တန်းတစ်သောင်းနယ်မြေဆီသို့ ခေတ္တမျှပင် မရပ်နားဘဲ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့ကြပေသည်။
ဤအချိန်အတွင်း တောင်တန်းတစ်သောင်းနယ်မြေ၌ ကောလာဟလတစ်ခုက အရှိန်အဟုန် ရရှိနေခဲ့သည်။
ဓားတစ်သောင်းစံအိမ်တွင် အမျိုးသမီးတစ်ဦးသည် သူမ၏လက်ထဲရှိ ပုံပြင်စာအုပ်ကို ဖတ်ရှုပြီးစီးသွားခဲ့ရာ သူမ၏ အမူအရာက အနည်းငယ် မကျေမနပ်ဖြစ်နေပုံရ၏။
"သခင်မလေး... အဲ့ဒီသခင်လေးရဲ့ နှလုံးသားထဲမှာ တခြားအမျိုးသမီး တစ်ယောက် ရှိနေတာပဲ... ဟွန့်... သူက ဘယ်လိုတောင် ရဲတင်းရတာလဲ..."
အစေခံမလေးက ဘေးမှနေ၍ ဒေါသတကြီး ပြောဆိုလိုက်သည်။
အမျိုးသမီး၏ အမည်မှာ ကျောက်လင်းယင်ဖြစ်ပြီး ဓားတစ်သောင်းစံအိမ်မှ သခင်မလေးတစ်ဦးပင်။ ရဲ့ချန်၏ သူရဲကောင်းဆန်သော ကယ်တင်မှုကြောင့် မကြာသေးမီက သူမနှင့် ရဲ့ချန်တို့အကြား ခံစားချက်များ ပေါက်ဖွားလာခဲ့ပြီး မင်္ဂလာကိစ္စ ဆွေးနွေးရမည့် အခြေအနေသို့ပင် နီးပါးရောက်ရှိနေပြီ ဖြစ်သည်။
မထင်မှတ်ထားဘဲ ဤအရေးကြီးသော အချိန်ကာလတွင် ရဲ့ချန်၏ ချစ်သူပေါ်လာခဲ့သည်။ သူမက ပုံပြင်စာအုပ်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။
"ဘာပဲဖြစ်ဖြစ် အစ်ကိုချန်က အစ်မရူယန်နဲ့ အရင်တွေ့ခဲ့တာလေ... ငါက နောက်မှ တွေ့ခဲ့ရတာ..."
"အစ်မရူယန် လက်ထပ်တော့မယ်ဆိုတာကို သိသွားရင် အစ်ကိုချန် ဘယ်လောက်တောင် ဝမ်းနည်းပူဆွေးနေမလဲ မသိဘူး..."
"သူ လက်ထပ်သွားရင် ဘာဖြစ်လဲ... သူ လက်ထပ်သွားရင် သခင်လေးရဲ့ဆီမှာ သခင်မလေးပဲ ကျန်တော့မှာပေါ့..."
ကျောက်လင်းယင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"မင်းက အစ်ကိုချန်ကို အရမ်း အထင်သေးလွန်းတယ်... တကယ်လို့ အစ်မရူယန်နဲ့ အစ်ကိုချန်တို့ကြားမှာ ခံစားချက်တွေ မရှိတော့ဘဲ အစ်မရူယန် လက်ထပ်သွားတာမျိုးဆိုရင်တော့ အစ်ကိုချန်က သဘာဝကျကျ ဘာမှပြောမှာ မဟုတ်ဘူး..."
"ဒါပေမဲ့ သူတို့က ဂိုဏ်းက အကြီးအကဲတွေရဲ့ အတင်းအကျပ် ခွဲထုတ်တာကို ခံခဲ့ရတာလေ... အစ်မရူယန်က နတ်လက်နက်တောင်ကြားက သခင်လေးကို လက်ထပ်ဖို့ ဆန္ဒမရှိဘူး... သူမက ဒီငရဲကနေ လွတ်မြောက်အောင် ကူညီပေးဖို့ အစ်ကိုချန်ကို အရမ်း မျှော်လင့်စောင့်စားနေမှာ သေချာတယ်..."
"အစ်ကိုချန်က သေချာပေါက် စိတ်လိုက်မာပါ လုပ်လိမ့်မယ်... ဟူး..."
ရဲ့ချန်သည် သတင်းကို ကြားရချိန်၌ အစပိုင်းတွင် အလွန် ဝမ်းသာနေခဲ့၏။
သူ့ကို လူကြီးလူကောင်း၊ ချောမောသော လူငယ်လေးတစ်ဦးအဖြစ် ပုံဖော်ထားပြီး သစ္စာရှိကာ ဖြောင့်မတ်မှန်ကန်သူဟူ၍လည်း သတ်မှတ်ထားခြင်း ခံရသည်။
အချိန်တိုအတွင်း လူများစွာက သူ၏အမည် ရဲ့ချန်ကို သိရှိသွားခဲ့ကြပေ၏။ သို့သော် ယခုအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။
လျိုရူယန် လက်ထပ်တော့မည်။ ကောင်းပြီလေ၊ သူမ လက်ထပ်မည်ဆိုလျှင်လည်း လက်ထပ်ပါစေပေါ့။
သို့သော် သတင်းတိုင်းတွင် ရဲ့ချန်သည် သတို့သမီးကို သေချာပေါက် လုယူလိမ့်မည်ဟု အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
"ရဲ့ချန်လို သစ္စာရှိပြီး ဖြောင့်မတ်မှန်ကန်တဲ့သူက မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီးကို သေချာပေါက် လုယူလိမ့်မယ်လို့ ငါ လောင်းရဲတယ်..."
"ဟုတ်တာပေါ့... ရဲ့ချန်က သူ့ရဲ့ချစ်သူကို တခြားတစ်ယောက်ရဲ့ ဇနီးသည် ဖြစ်သွားတာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ..."
"သူက ဘယ်တော့မှ မစွန့်ပစ်ဘူး၊ ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ အချစ်မျိုး ရှိတဲ့သူပဲ..."
"ရဲ့ချန်လို ယောက်ျားမျိုးက သတို့သမီးကို သွားမလုယူရတာထက် သေတာကိုပဲ ရွေးချယ်လိမ့်မယ်... သူသာ မသွားဘူးဆိုရင် ငါ ချေး နှစ်ပေါင် စားပြမယ်..."
"ဟုတ်တယ်... ရဲ့ချန်က ငါတို့ လူငယ်တွေအတွက် စံပြပုဂ္ဂိုလ်ပဲ... သူက ဘယ်လိုလုပ် အာဏာကို ကြောက်ရွံ့မှာလဲ..."
"ထိုက်ရွှီမြင့်မြတ်နယ်မြေက သူတော်စင်သားေတာ်ချင်လော့က လျိုရူယန်ကို အတင်းအကျပ် လက်ထပ်ဖို့ ကြိုးစားတာကို ရဲ့ချန်က ဟန့်တားခဲ့တယ်လို့ ငါ ကြားတယ်... လူအင်အားနည်းပေမဲ့ သူက ချင်လော့ကို ထိုက်ရွှီမြင့်မြတ်နယ်မြေကနေ မောင်းထုတ်နိုင်ခဲ့တယ်တဲ့..."
"တကယ်လို့ ရဲ့ချန်က သတို့သမီးကို လုယူဖို့ မကြိုးစားဘူးဆိုရင် ငါ အချစ်ကို ဘယ်တော့မှ ယုံကြည်တော့မှာ မဟုတ်တော့ဘူး... ဒါပေမဲ့ ရဲ့ချန်သာ ကြိုးစားခဲ့မယ်ဆိုရင် ငါ သေချာပေါက် တတ်နိုင်သလောက် ထောက်ခံအားပေးပြီး သူ့ကို ကူညီဖို့ သွားမှာပဲ..."
ထိုလူများထံမှ သူရရှိသော သတင်းအချက်အလက် အတိုအထွာများကို ကြည့်ရင်း ရဲ့ချန်သည် လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။
အကယ်၍ သူသာ မသွားခဲ့ပါက သူ ရဲ့ချန်သည် ကျေးဇူးကန်းသူဖြစ်ပြီး ဇနီးနှင့် သားသမီးများကို စွန့်ပစ်သူဖြစ်သည်ဟု ပြောဆိုနေကြသည့်အလားပင်။
အရေးကြီးသော မေးခွန်းတစ်ခုကို သူ တွေးမိလိုက်သည်။ ၎င်းကို ကျောက်လင်းယင် ကြိုတင် သိရှိနေလောက်ပြီ ဖြစ်၏။
ကျောက်လင်းယင်၏ ခြံဝင်းဆီသို့ သူ အလျင်အမြန် လျှောက်သွားလိုက်သည်။
တွေ့ဆုံချိန်၌ သူ ရှင်းပြရန်ပင် မစနိုင်မီ ကျောက်လင်းယင်က ပြောဆိုလိုက်၏။
"အစ်ကိုချန်... ဘာမှ ပြောစရာ မလိုပါဘူး... ညီမ နားလည်ပါတယ်... အကုန်လုံးကို နားလည်ပါတယ်..."
သူမက ရဲ့ချန်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားခဲ့ရာ သူမ၏ မျက်ရည်များက ရဲ့ချန်၏ အဝတ်အစားများကို စိုရွှဲသွားစေ၏။
"အစ်ကိုချန်နဲ့ အစ်မရူယန်တို့ရဲ့ ဇာတ်လမ်းကို ညီမ တွေ့ခဲ့တယ်... အစ်ကိုချန်က မင်္ဂလာဆောင်ကနေ အစ်မရူယန်ကို သွားလုယူမှာကို ညီမ ထောက်ခံတယ်... အစ်ကိုချန်ကို ကူညီဖို့ အဖေ့ကို ညီမ တောင်းဆိုပေးမယ်..."
"ညီမတို့ ဓားတစ်သောင်းစံအိမ်က အစ်ကိုချန်ရဲ့ နောက်ကွယ်မှာ ရပ်တည်ပေးမယ်..."
ရဲ့ချန် ဆွံ့အသွားခဲ့၏။
အဓိက အကြောင်းအရင်းက ဘာလဲ။ ဤကောလဟာလက အလွန် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ခြင်းကြောင့်ပင် ဖြစ်၏။
ချင်လော့၏ ပုံဖော်မှုတွင် ရဲ့ချန်နှင့် လျိုရူယန်တို့၏ အချစ်ဇာတ်လမ်းသည် အတက်အကျများဖြင့် ပြည့်နှက်နေပေသည်။
သူတို့က ချင်လော့နှင့် ထိုက်ရွှီမြင့်မြတ်နယ်မြေတို့ကို အဓိက ဗီလိန်များအဖြစ် ပုံဖော်ထားခဲ့သည်။
ချင်လော့အား စစ်ဆေးစီရင်ရမည့်နေ့ကို ချင်လော့က လျိုရူယန်အား အတင်းအကျပ် လက်ထပ်ယူသည့် ဇာတ်လမ်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ရဲ့ချန်က လျိုရူယန်အတွက် ထိုက်ရွှီမြင့်မြတ်နယ်မြေကို ရုတ်ရုတ်သောင်းသောင်းဖြစ်စေကာ ချင်လော့ကို အတင်းအကျပ် ဖိနှိပ်ခဲ့သည်ဟု ပြောင်းလဲထားခဲ့၏။
ဤလောကရှိ လူများသည် ဖျော်ဖြေရေး အရင်းအမြစ်များ အမှန်တကယ် ချို့တဲ့နေကြောင်း ပြောရပေမည်။
ရဲ့ချန်၏ ဇာတ်ကောင်စရိုက်မှာ လျင်မြန်စွာ ဖန်တီးခံလိုက်ရသည်။ သစ္စာရှိခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်းနှင့် အာဏာကို မကြောက်ရွံ့ခြင်းတို့ကြောင့် သူသည် လူငယ်သန်းပေါင်းများစွာအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် အဆင်သင့် ဖြစ်နေပေ၏။
အကယ်၍ ရဲ့ချန်သာ မသွားခဲ့ပါက သူ့၏စံပြပုံရိပ်ကြီး ပြိုကျသွားပေလိမ့်မည်။
အကယ်၍ သူ့ကို ယနေ့ အမြင့်သို့ တင်မြှောက်ထားပါက မနက်ဖြန်တွင် ရွှံ့နွံထဲသို့ ကျဆင်းသွားပေလိမ့်မည်။
"အစ်ကိုချန်... အစ်မရူယန်ကို ခေါ်လာဖို့ အတူတူ သွားကြရအောင်..."
"စိတ်မပူပါနဲ့... ညီမ သဝန်မတိုပါဘူး..."
ကျောက်လင်းယင်က ရဲ့ချန်ကို မော့ကြည့်လိုက်၏။ ဤမျှ ငယ်ရွယ်သော်လည်း ဤမျှ အသိဉာဏ်ရှိနေခြင်းက ရင်ကွဲဖွယ်ကောင်းလှပေသည်။
မီးဖိုပေါ်တွင် ကင်ခံရတော့မည့်ဆဲဆဲ ဖြစ်နေသော ရဲ့ချန်မှာ နောက်ဆုတ်ရန် လမ်းစမရှိတော့ချေ။
သူက ကျောက်လင်းယင်၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး ညင်သာစွာ ပြောဆိုလိုက်သည်။
" ဒီလို ဇနီးမျိုးရှိတာ ယောက်ျားတစ်ယောက်အနေနဲ့ ဘာများ ထပ်ပြီး တောင်းတစရာ ရှိဦးမှာလဲ..."
"ငါ့ရဲ့ အမျိုးသမီးကို ဘယ်သူ့ဆီကမှ အနည်းငယ်လေးတောင် အထိအခိုက်ခံမှာ မဟုတ်ဘူး..."
နောက်ဆုတ်လို့ မရတော့မှတော့ ရှေ့ကိုပဲ တိုးကြတာပေါ့။
အကယ်၍ ဤတစ်ကြိမ်တွင် သတို့သမီးကို လုယူရာ၌ အောင်မြင်ပါက သူသည် နာမည်ကျော်ကြားလာပေလိမ့်မည်။ ထိုအချိန်ကျလျှင် ရဲ့ချန်သည် တောင်တန်းတစ်သောင်းနယ်မြေ၏ လူငယ်မျိုးဆက်များကြား၌ သေချာပေါက် မြင့်မားသော ဂုဏ်သတင်းကို ရရှိလာမည်ဖြစ်ပြီး နောက်လိုက်မြောက်မြားစွာကို အမိန့်ပေးနိုင်ပေလိမ့်မည်။
အန္တရာယ်များနှင့် အခွင့်အရေးများသည် အတူတကွ တည်ရှိနေပေ၏။ ထိုသို့ဆိုလျှင် သူသည် ဂရုတစိုက် အစီအစဉ်အချို့ ဆွဲရန် လိုအပ်ပေသည်။
ဓားတစ်သောင်းစံအိမ်၏ အင်အားကို ငှားရမ်းရမည်ဖြစ်ပြီး အခြား ဂိုဏ်းတစ်ခု၏ အင်အားကိုလည်း ငှားရမ်းရပေမည်။
တန်ဆေးဂိုဏ်း။
တန်ဆေးဂိုဏ်း ဆုံးရှုံးသွားခဲ့သော အမွေအနှစ်ကို သူ ပိုင်ဆိုင်ထားပြီး သူသည် ပါရမီအရှိဆုံး ဆေးဆရာတစ်ဦးလည်း ဖြစ်၏။ သူသည် တန်ဆေးဂိုဏ်းကို အပိုင်သိမ်းနိုင်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေပေသည်။
နောက်တစ်ယောက်လည်း ရှိသေးသည်။ သူ့တွင် ငယ်ချစ်သူတစ်ဦး ရှိပြီး ယခု သူမကို ဆက်သွယ်နိုင်ကောင်း ဆက်သွယ်နိုင်ပေလိမ့်မည်။ ရရှိနိုင်သော အင်အားစုအားလုံးကို စုစည်းပြီး နတ်လက်နက်တောင်ကြားတွင် တိုက်ပွဲစတင်မည်။
ဤတိုက်ပွဲကို ငါတို့ မဖြစ်မနေ အနိုင်ရရမည်။
ထိုက်ရွှီမြင့်မြတ်နယ်မြေတွင် လျိုရူယန်သည်လည်း ပုံပြင်စာအုပ်ကို ရရှိခဲ့၏။ အမည်အနည်းငယ်မှလွဲ၍ ကျန်ရှိသော ဇာတ်ကွက်များနှင့် သူမ လုံးဝ စိမ်းသက်နေခဲ့သည်။
ရဲ့ချန်က လျိုရူယန်အား အန္တရာယ်ရှိသော အခြေအနေမှ ကယ်တင်လိုက်ခြင်းဖြင့် ဇာတ်လမ်း စတင်ခဲ့ပြီး ထိုနှစ်ဦးအကြား ခံစားချက်များ ပေါက်ဖွားလာခဲ့သည်။
ရဲ့ချန်သည် လျိုရူယန်အတွက် ထိုက်ရွှီမြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခဲ့ပြီး အမျိုးမျိုးသော တာဝန်များနှင့် လျှို့ဝှက်နယ်မြေ စစ်ဆင်ရေးများအတွင်း သူမကို လျှို့ဝှက်စွာ ကာကွယ်ပေးကာ အန္တရာယ်မှ လွတ်မြောက်အောင် အကြိမ်ကြိမ် ကူညီပေးခဲ့၏။
ဗီလိန်ချင်လော့က ရဲ့ချန်အား အကြိမ်ကြိမ် အသရေဖျက်ခဲ့ပြီး ရဲ့ချန်က လျိုရူယန်ကို ကာကွယ်ပေးခဲ့ခြင်းအတွက် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားခဲ့သည်။
ဤအရာကို မြင်တွေ့ရချိန်၌ ချင်လော့သည် မည်သို့လုပ်၍ ဤမျှ ယုတ်မာနိုင်ရသနည်းဟု တွေးတောကာ သူမ အလွန် ဒေါသထွက်သွားခဲ့၏။
သို့သော် စဉ်းစားကြည့်ပါက ဤဇာတ်ကွက်သည် ရဲ့ချန်က ချင်လော့အား အသရေဖျက်နေပြီး သူမကို ချင်လော့နှင့် တဖြည်းဖြည်း ဝေးကွာသွားစေသည်ဟု ညွှန်ပြနေပုံနေ၏
ရဲ့ချန်က ချင်လော့၏ ဟန်ဆောင်မှုကို ဖော်ထုတ်ခဲ့ပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေက ချင်လော့ကို ကာကွယ်ပေးခဲ့ကာ ထိုနေရာရှိ လူတိုင်းသည် ဗီလိန်များဖြစ်ကြောင်း ဖော်ပြထားခဲ့၏။
ရဲ့ချန်သည် ဒေါသတကြီးဖြင့် ချင်လော့ကို တိုက်ခိုက်ဖိနှိပ်ခဲ့သော်လည်း ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ ပြင်းထန်စွာ ဒဏ်ရာရစေခြင်းကို ခံခဲ့ရသည်။
လျိုရူယန်၏ အသည်းအသန် တောင်းပန်မှုများသာ မရှိခဲ့လျှင် ရဲ့ချန်သည် ပွဲချင်းပြီး သတ်ဖြတ်ခံရပေလိမ့်မည်။
ရဲ့ချန်က စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။
"မြစ်အရှေ့ဘက်က အနှစ်သုံးဆယ်၊ မြစ်အနောက်ဘက်က အနှစ်သုံးဆယ်... လူငယ်တစ်ယောက်ရဲ့ အလားအလာကို ဘယ်တော့မှ အထင်မသေးနဲ့..."
ဤစကားသည် ဖိနှိပ်ခံနေရသော အောက်ခြေလူတန်းစား အများစု၏ ရင်ဘတ်ထဲသို့လည်း တိုးဝင်သွားခဲ့၏။ တပည့်များသည် အလွန် တုန်လှုပ်သွားကြပြီး တစ်နေ့တွင် သူတို့၏ ခေါင်းများကို မော့ထားနိုင်ရန် အိပ်မက်မက်လာကြပေသည်။
ရဲ့ချန်၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
လျိုရူယန်သည် အချစ်နာကျနေပြီး အစားမစားနိုင်၊ ရေမသောက်နိုင် ဖြစ်နေခဲ့၏။ နောက်ဆုံးတွင် ထိုက်ရွှီမြင့်မြတ်နယ်မြေက လျိုရူယန်ကို မင်္ဂလာမဟာမိတ်ပြုရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုကာ သူတော်စင်ရတနာ တစ်ခုနှင့် လဲလှယ်ချင်နေခဲ့လေသည်။
ဤသည်က အမျိုးသမီးများစွာ၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားခဲ့ပြီး လျိုရူယန်ကို ကာကွယ်ပေးရန် စုရုံးလာကြကာ ရဲ့ချန်အား သူမကို လုယူရန် လူသိရှင်ကြားပင် တောင်းဆိုလာကြ၏။
အခြေခံအားလုံး ချမှတ်ထားပြီးဖြစ်ရာ ရဲ့ချန် ပေါ်မလာခြင်းက အမှန်တကယ်ပင် ယုတ္တိမရှိနိုင်တော့ချေ။
လျိုရူယန်၏ စိတ်ထဲတွင် ရဲ့ချန်က မင်္ဂလာဆောင်ကို နှောင့်ယှက်ပြီး သူမကို လုယူသွားသည့် ပုံရိပ်များပင် ရှိနေခဲ့၏။
"တကယ်လို့ ရဲ့ချန်က သတို့သမီးကို တကယ် လုယူဖို့ ကြိုးစားခဲ့ရင် ငါ သူနဲ့အတူ လိုက်သွားသင့်လား..."
လျိုရူယန်က သူမဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်သည်။
ရဲ့ချန်နှင့် လက်ထပ်ခြင်းက နတ်လက်နက်တောင်ကြားတွင် လက်ထပ်ခြင်းထက် များစွာ ပိုကောင်းပေလိမ့်မည်။ ရဲ့ချန်က များစွာ ပို၍ ကောင်းမွန်ပေ၏။
နတ်လက်နက်တောင်ကြား၏ သခင်လေးသည် ရဲ့ချန်ထက် မိုင်သန်းပေါင်းများစွာ နိမ့်ကျနေပေသည်။ လျိုရူယန်၏ အမြင်တွင် သူသည် ဖားယားတတ်သူ တစ်ယောက်ပင်။ သူ့ကို ကြည့်လိုက်ရုံဖြင့် သူမ ရွံရှာပြီး အော်ဂလီဆန်လာသည်ဟု ခံစားရ၏။
ချင်လော့အား အသရေဖျက်ရန် ရဲ့ချန်က ထိုအရာများကို လုပ်ဆောင်ခဲ့သော်လည်း ကံကြမ္မာသားတော်၏ ကိုယ်ပိုင် ဆွဲဆောင်မှုက ကျန်ရှိနေဆဲပင်။
အထူးသဖြင့် ယခုအခါ လူတိုင်းက ရဲ့ချန်သည် လူကောင်းဖြစ်ပြီး ချင်လော့က ဗီလိန်ဖြစ်သည်ဟု ထင်မြင်နေကြခြင်းကြောင့် ဖြစ်၏။
အမှန်တရားက အရေးမကြီးချေ။ အရေးကြီးသည်မှာ အခြားသူများ ဘာပြောကြသနည်းနှင့် သူတို့ မည်သို့ မြင်ကြသနည်းဆိုသည်ပင်။
"တကယ်လို့ ရဲ့ချန်က ပေါ်လာရဲတယ်ဆိုရင် ငါ မင်္ဂလာပွဲကို ဖျက်သိမ်းရဲတယ်..."
"ငါ မချစ်တဲ့သူ တစ်ယောက်ကို လက်ထပ်ရတာထက် သေတာက ပိုကောင်းဦးမယ်..."
လျိုရူယန်သည် ဝတ္ထုကို စွဲလမ်းသွားခဲ့ပြီး သူမသာမက ဖတ်ရှုသူတိုင်းကလည်း ပျော်ရွှင်ဖွယ် အဆုံးသတ်တစ်ခုကို စိတ်ကူးယဉ်လာခဲ့ကြပေ၏။