← Chapters

အခန်း (၇၇)

Vol. 8 Ch. 77

အခန်း (၇၇)

Vol. 8 Ch. 77

အခန်း (၇၇) သေမျိုးကင်းစင်ဓားခန္ဓာ၊ အချစ်ဆိုသည့် စကားလုံးက လူတွေကို အနာကျင်ရဆုံးပဲ

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ အမျိုးသား၏ ရုပ်ရည်က ချောမောပြီး ဝတ္ထုထဲမှ ဇာတ်လိုက်၏ ပုံစံနှင့် ကွက်တိကိုက်ညီနေပေသည်။

အမျိုးသမီးက လှပပြီး ဆွဲဆောင်မှုအပြည့်ရှိကာ ဇာတ်လိုက်၏ အမျိုးသမီးပုံစံနှင့်လည်း လုံးဝကိုက်ညီနေပေ၏။

ဤအခိုက်အတန့်တွင် ချင်လော့၏ မျက်စိရှေ့၌ အချက်အလက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

[ကံကြမ္မာသားတော် ချူဖုန်းအား ရှာဖွေတွေ့ရှိပါသည်]

[အမည် - ချူဖုန်း]

[အသက် - ၂၄ နှစ်]

[ကံကြမ္မာအဆင့် - အဆင့် ၅]

[ကံကြမ္မာတန်ဖိုး - ၇၈၉,၈၀၀ မှတ်]

[ခန္ဓာကိုယ် - သေမျိုးကင်းစင်ဓားခန္ဓာ…တန်တျန် ကျိုးပျက်သွားခဲ့သော်လည်း ဓားတစ်လက်ကို တန်တျန်အဖြစ် အသုံးပြုကာ သေမျိုးကင်းစင်ဓားခန္ဓာကို ဖွဲ့စည်းနိုင်ခဲ့ပြီး မွေးရာပါ ဓားတာအို ပါရမီရှင်တစ်ဦး ဖြစ်ပါသည်]

[ကျင့်ကြံမှုအဆင့် - နတ်ဘုရားအသွင်ပြောင်းအဆင့် ၇ ]

[မိတ်ဆက် - ဓားတာအိုပါရမီရှင်ဖြစ်ပြီး သူ၏ တန်တျန်တွင် နတ်ဘုရားဓားတစ်လက်ကို ပျိုးထောင်ထားပါသည်... အခြားသော ကံကြမ္မာသားတော်တစ်ဦး၏ ကံကြမ္မာဖက် ရန်သူဖြစ်သော်လည်း ထိုရန်သူမှာ ကြိုတင်သေဆုံးသွားခဲ့သဖြင့် ကောင်းကင်တာအိုက အခြားတစ်ဖက်၏ ကံကြမ္မာကို နည်းလမ်းတစ်ခုဖြင့် ရယူပေးခဲ့ပါသည်... လှပသော စီနီယာအစ်မ ခုနစ်ဦးနှင့်အတူ ဘဝ၏ အောင်နိုင်သူတစ်ဦးဟု ခေါ်ဆိုနိုင်ပြီး ဓားသိုင်းပညာတွင် အလွန်ထူးချွန်ကာ ဓားဆန္ဒကို စောစီးစွာ နားလည်သဘောပေါက်ထားပါသည်... အဆင့်ကျော်လွန်၍ တိုက်ခိုက်ခြင်းမှာ ရေသောက်ရသကဲ့သို့ လွယ်ကူလှပါသည်]

"စုန့်ဖော်ယွင်... ငါ ချူဖုန်း ရောက်လာပြီ... ဒီနေ့က မင်းသေမယ့်နေ့ပဲ..."

လူမရောက်လာမီကပင် အသံက အရင် ပျံ့လွင့်လာခဲ့သည်။

ချင်လော့၏ အားပေးနေသော အကြည့်အောက်တွင် စုန့်ဖော်ယွင်က ရှာယွီဝေးကို အတင်းဖက်ကာ ထွက်လာခဲ့ပြီး ကြောက်မက်ဖွယ် မျက်နှာဖြင့် ပြောဆိုလိုက်၏။

"ချူဖုန်း... မင်း နောက်ကျသွားပြီ... ဟားဟားဟား..."

"အခု ရှာယွီဝေးက ငါ့ရဲ့ မယားငယ် ဖြစ်နေပြီကွ..."

ဤစကားကို ကြားလိုက်ရပြီး ရင်းနှီးနေသော လူကို မြင်လိုက်ရချိန်၌ ချူဖုန်း၏ စိတ်အခြေအနေက ရုတ်တရက် ထိုးကျသွားခဲ့သည်။

"အစ်ကိုဖုန်း..."

ရှာယွီဝေးက ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် စုန့်ရီထျန်းက သူမ၏ ပါးစပ်ကို ပိတ်လိုက်သဖြင့် နောက်ထပ် စကားတစ်ခွန်းမျှ မဟနိုင်တော့ဘဲ ချူဖုန်းရှိရာဘက်သို့ ကြည့်ကာ ခေါင်းကို ရူးသွပ်စွာ ခါယမ်းနေရုံသာ တတ်နိုင်တော့သည်။

"ယွီဝေး..."

ဤမြင်ကွင်းကို မြင်ချိန်၌ ချူဖုန်း၏ မျက်လုံးများက ပေါက်ထွက်မတတ် ဖြစ်သွားခဲ့၏။

သူက မိသားစု ပျက်စီးခဲ့ရခြင်းအတွက် လက်စားချေရန် လာခဲ့ခြင်းဖြစ်သော်လည်း တစ်ဖက်လူက သူ၏ ငယ်သူငယ်ချင်းကို မယားငယ်အဖြစ် သိမ်းပိုက်လိုက်သည်ကို လာကြည့်ခြင်း မဟုတ်ပေ။

ဤအခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ ဒေါသများ ပြည့်နှက်နေခဲ့သည်။

အထူးသဖြင့် စုန့်ဖော်ယွင် ပြောလိုက်သော စကားကို ကြားချိန်၌ ဖြစ်၏။

"မင်းသာ ရက်အနည်းငယ်လောက် စောပြီး ရောက်လာခဲ့ရင်... ဟုတ်တယ်... အဲ့ဒီနေ့က ငါ့ရဲ့ မင်္ဂလာဆောင်နေ့ပဲ... မင်းသာ အဲ့ဒီအချိန်က ရောက်လာခဲ့ရင် သူမက ငါ့ရဲ့ အပိုင်စီးတာကို ခံရမှာ မဟုတ်ဘူး..."

"နှမြောစရာကောင်းလိုက်တာ... နှမြောစရာပဲ... မင်း နောက်ကျသွားပြီ..."

"ဘယ်လိုလဲ... အခု မင်း ကတိမတည်ခဲ့တာကို မင်းကိုယ်မင်း မုန်းနေပြီလား..."

ဗီလိန်တစ်ယောက် ပီပီ စုန့်ဖော်ယွင်က တစ်ဖက်လူကို မည်သို့ စိတ်ဆွပေးရမည်ကို ကောင်းစွာ သိရှိနေပေ၏။

"ဖူး..."

နောက်ဆုံးတွင် ချူဖုန်းက မခံနိုင်တော့ဘဲ သွေးများ အန်ထုတ်လိုက်ရသည်။ သူ မုန်းတီးမိသည်။ သူ အလွန် မုန်းတီးမိပေ၏။

"ငါသာ မဟုတ်ခဲ့ရင်... ငါသာ အဲဒီ မသေမျိုးဝိညာဉ်သစ်သီးကို မက်မောမနေခဲ့ဘူးဆိုရင် ယွီဝေးက ဘယ်လိုလုပ် ဒီလို အရှက်ခွဲခံရတာကို ခံစားရမှာလဲ..."

"အား... ငါ မုန်းတယ်... ငါ့ကိုယ်ငါ အရမ်းမုန်းတယ်... ငါ အရမ်း လောဘကြီးခဲ့တာပဲ..."

ဤသည်က သူ၏ ဘဝတစ်သက်တာတွင် မည်သည့်အခါမျှ ကျော်ဖြတ်၍မရနိုင်တော့မည့် အတားအဆီးတစ်ခု ဖြစ်သွားခဲ့ပေပြီ။

[ချူဖုန်းသည် မိမိကိုယ်ကို မုန်းတီးသွားပြီး ဒေါသများက နှလုံးသားကို ရိုက်ခတ်သွားသဖြင့် သွေးလေချောက်ချားမည့် အခြေအနေသို့ ရောက်ရှိသွားကာ ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ ဆုံးရှုံးသွားပါသည်... ပိုင်ရှင်သည် ဗီလိန်မှတ်များ ၅၀,၀၀၀ ကို ရရှိပါသည်]

ချင်လော့ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။

စုန့်ဖော်ယွင်က သူ ညွှန်ကြားထားသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးတွင် သူက ဗီလိန်မှတ်များကို ရရှိခဲ့သည်။

ဗီလိန်၏ လက်အောက်ငယ်သားများ လုပ်ဆောင်ခဲ့သမျှကို နောက်ဆုံးတွင် ဇာတ်လိုက်က ဗီလိန်၏ အပြစ်အဖြစ်သာ မှတ်ယူမည်ဖြစ်ရာ ကံကြမ္မာတန်ဖိုးများက သူ့အတွက် မဖြစ်လာစရာ အကြောင်းမရှိပေ။

"ဂျူနီယာမောင်လေး..."

လင်းယွဲ့က ချူဖုန်းတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်သဖြင့် သူမ၏ အော်ဟစ်သံက ချူဖုန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ဂျူနီယာမောင်လေး... မင်း အဲဒီကောင်မလေးကို မီးတွင်းထဲကနေ ကယ်ထုတ်ရဦးမယ်လေ... မင်း အားတင်းထားရမယ်..."

ချူဖုန်းက နောက်ထပ် သွေးတစ်လုတ် အန်ထုတ်လိုက်ပြန်သည်။

သူက နှုတ်ခမ်းထောင့်ကို သုတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် စုန့်ဖော်ယွင်ကို ကြည့်ကာ ပြောဆိုလိုက်၏။

"စုန့်ဖော်ယွင်... မင်းကို ငါ သတ်မယ်..."

ရွှီး…

စုန့်ဖော်ယွင်က တွန့်ဆုတ်မနေဘဲ သူ၏လက်ထဲတွင် ဓားမြှောင်တစ်လက် ပေါ်လာကာ ရှာယွီဝေး၏ လည်ပင်းပေါ်သို့ တင်ထားလိုက်သည်။

"ချူဖုန်း... မင်း ငါ့ရှေ့မှာ ဒူးထောက်လိုက်စမ်း... မဟုတ်ရင် မင်းချစ်တဲ့သူ မင်းရှေ့မှာ သေသွားတာကို ထိုင်ကြည့်နေဖို့ပဲ ရှိမယ်..."

ရင်းနှီးနေသော မြင်ကွင်းတစ်ခုပင်။

အစောပိုင်းက ချင်လော့ ဤသို့ လုပ်ဆောင်ခဲ့ဖူးရာ စုန့်ဖော်ယွင်သည် မြင်တွေ့ခဲ့ရသည်များကို လက်တွေ့ အသုံးချနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

"နှမြောစရာလေးပဲ... သူမက အရမ်း လှပနေတာဆိုတော့ ငါတောင် နည်းနည်း နှမြောမိသွားပြီ... ကျစ်... သူမရဲ့ အဝတ်အစားတွေအောက်မှာ ဘယ်လောက်တောင် လှပတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းလေးတွေ ရှိလဲဆိုတာ မင်းကို ငါ ဖော်ပြရမလား..."

"အား... အား... အား..."

ချူဖုန်းမှာ ရူးသွပ်မတတ် ဖြစ်သွားခဲ့သည်။ ချူဖုန်း၏ နှလုံးသားထဲတွင် ဖယ်ရှားပစ်၍ မရနိုင်သော ဆူးတစ်ချောင်းလို ဖြစ်နေခဲ့၏။

"ငါ မင်းကို သတ်မယ်... မင်းကို ငါ သေချာပေါက် သတ်မယ်..."

[ချူဖုန်း၏ စိတ်အခြေအနေ ဆက်လက် ပြိုလဲသွားပြီး ကံကြမ္မာတန်ဖိုး ၂၀,၀၀၀ ဆုံးရှုံးသွားပါသည်... ပိုင်ရှင်သည် ဗီလိန်မှတ်များ ၂၀,၀၀၀ ကို ရရှိပါသည်]

ဤကဲ့သို့သော ကံကြမ္မာသားတော်ထံမှ ကံကြမ္မာတန်ဖိုးများကို ရယူရသည်မှာ ပိုမိုလွယ်ကူသည်ဟု ဆိုရမည်ဖြစ်သည်။

ရုတ်တရက် ၇၀,၀၀၀ ပင် ရရှိခဲ့သည်။

သို့သော် ချူဖုန်း၏ ကံကြမ္မာတန်ဖိုး စုစုပေါင်းနှင့် နှိုင်းယှဉ်ပါက ဆယ်ပုံတစ်ပုံမျှသာ ရှိသေးပေသည်။

ရှာယွီဝေးသည် ချူဖုန်း၏ နှလုံးသားထဲတွင် မည်မျှ အရေးကြီးသော နေရာမှ ပါဝင်နေသနည်း ဆိုသည်ကို ဤအချက်ကပင် သက်သေပြရန် လုံလောက်နေပေ၏။

"ဟမ့်..."

လင်းယွဲ့က အေးစက်စွာ နှာမှုတ်လိုက်ပြီး အစွမ်းထက်သော အငွေ့အသက်များက စုန့်ဖော်ယွင် ရှိရာဘက်သို့ ပြေးဝင်သွားခဲ့သည်။

စုန့်ဖော်ယွင် မည်သို့ ကြံစည်နေသည်ကို သူမ မြင်တွေ့နိုင်ပေသည်။ သူက ချူဖုန်းကို အဆက်မပြတ် စိတ်ဆွပေးနေပြီး သူ၏ စိတ်အခြေအနေကို ထိခိုက်စေကာ တွင်းနတ်ဆိုး ဖြစ်ပေါ်လာစေရန် လုပ်ဆောင်နေခြင်း ဖြစ်၏။

ဤသို့ဆိုလျှင် သူ၏ အနာဂတ် အောင်မြင်မှုများက အကန့်အသတ် ရှိသွားပေလိမ့်မည်။

ဤသူက လူသတ်နေခြင်းပင်။

‘ကျိန်စာသင့်မယ့်ကောင်’

စုန့်ရီထျန်းက ချက်ချင်း ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး စုန့်ဖော်ယွင်၏ ရှေ့တွင် ရပ်ကာ လင်းယွဲ့၏ အငွေ့အသက်များကို ပိတ်ဆို့လိုက်သည်။

ထိုသို့ဖြစ်လင့်ကစား လွင့်စင်လာသော နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကြောင့် စုန့်ဖော်ယွင်မှာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

"မင်းက ဘယ်သူလဲ... ငါတို့ နတ်လက်နက်တောင်ကြားကို ဘာလာလုပ်တာလဲ..."

စုန့်ရီထျန်းက လင်းယွဲ့ကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်၏။

သူ၏ ရင်ထဲတွင်လည်း ဒေါသများ ပြည့်နှက်နေပြီး ဒေါသဖြေစရာ နေရာမရှိဖြစ်နေသည်။

ယနေ့တွင် သူက မပြောပြနိုင်လောက်အောင် စိတ်တိုနေသဖြင့် ဤအမျိုးသမီးကို သင်ခန်းစာကောင်းကောင်း ပေးချင်နေခဲ့ပေ၏။

"နောင်တဓားချောက်ကမ်းပါးက လင်းယွဲ့ပဲ..."

လင်းယွဲ့က မာနကြီးစွာ ပြောဆိုလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ ထက်မြက်သော ဓားဆန္ဒများ မြင့်တက်လာခဲ့သည်။

ချင်လော့က မျက်လုံးများကို မှေးကျဉ်းလိုက်၏။

"ဓားဆန္ဒ မူလပုံစံလား... ကျစ်... မဆိုးဘူး... မဆိုးဘူး... အရသာက တော်တော်လေး ကောင်းမယ့်ပုံပဲ..."

"နောင်တဓားချောက်ကမ်းပါး..."

စုန့်ရီထျန်းမှာ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

မျိုးဆက်သစ်များက နောင်တဓားချောက်ကမ်းပါး အကြောင်းကို မသိနိုင်ကြသော်လည်း သူကဲ့သို့ အချိန်အတော်ကြာ နာမည်ကြီးခဲ့သော သူတော်စင်တစ်ပါး အနေဖြင့် သဘာဝကျကျ သိရှိထားပေ၏။

နောင်တဓားချောက်ကမ်းပါးသည် သေမျိုးရေးရာများကို ဝင်ရောက်မစွက်ဖက်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး နောင်တဓားချောက်ကမ်းပါးသည် အစွမ်းထက်သော ဂိုဏ်းအင်အားစု တစ်ခု မဟုတ်သကဲ့သို့ သူတို့တွင် တပည့် အရေအတွက်မှာလည်း အလွန် နည်းပါးလှပေသည်။

သို့သော် သူတို့ကို အနိုင်ကျင့်ရန် လွယ်ကူသည်ဟု မထင်သင့်ပေ။

လွန်ခဲ့သော နှစ်တစ်ရာကျော်က အစွမ်းထက်သော မြင့်မြတ်နယ်မြေ တစ်ခုသည် နောင်တဓားချောက်ကမ်းပါးမှ တပည့်တစ်ဦးကို သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့ရာ တစ်လအတွင်း ထိုအစွမ်းထက်သော ဂိုဏ်းသည် နောင်တဓားချောက်ကမ်းပါးမှ အမျိုးသမီးတစ်ဦးတည်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပေသည်။

ထိုဂိုဏ်းတွင် သူတော်စင်ဘုရင်အဆင့် အစွမ်းထက်သူများ ရှိနေသည်။

တောင်တန်းတစ်သောင်းနယ်မြေတွင် အစွမ်းထက်သော အင်အားစုတစ်ခု ဖြစ်ခဲ့သော်လည်း ထိုမျှ လွယ်ကူစွာ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်၏။

ထိုနေ့မှစ၍ တောင်တန်းတစ်သောင်းနယ်မြေတွင် ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။ နောင်တဓားချောက်ကမ်းပါးတွင် မဟာသူတော်စင်အဆင့် အစွမ်းထက်သူများ ရှိနေသည်ဟူ၍ပင်။

"ချူဖုန်းက ငါတို့ နောင်တဓားချောက်ကမ်းပါးရဲ့ ဂျူနီယာမောင်လေးပဲ... ဒီနေ့ ငါ ဒီနေရာကိုလာရတဲ့ ရည်ရွယ်ချက်ကို မင်း သိလိမ့်မယ်လို့ ထင်တယ်..."

"စုန့်ဖော်ယွင်က အရင်တုန်းက ငါ့ရဲ့ ဂျူနီယာမောင်လေး မိသားစုကို သတ်ခဲ့တယ်... ငါက လက်စားချေဖို့ လာခဲ့တာပဲ..."

"စုန့်ဖော်ယွင်ကို အပ်လိုက်... ပြီးရင် မင်းတို့ နတ်လက်နက်တောင်ကြားက သူတော်စင်တွေ အားလုံး လက်မောင်းတစ်ဖက်စီ ဖြတ်ကြ... နတ်လက်နက်တောင်ကြားက အခုကစပြီး တောင်တံခါးကို ပိတ်ထားရမယ်... နောက်ထပ် အနှစ်သုံးရာကြာတဲ့အထိ အပြင်ထွက်ခွင့် မရှိဘူး..."

လင်းယွဲ့က အမြင့်ဆုံးတွင် ရပ်တည်နေသော မိဖုရားတစ်ပါးကဲ့သို့ နတ်လက်နက်တောင်ကြားကို ပြစ်ဒဏ် ချမှတ်လိုက်သည်။

"မလုပ်ရင် ဘာဖြစ်မလဲ..."

ချင်လော့က စုန့်ရီထျန်း အနည်းငယ် ကြောက်လန့်နေသည်ကို သတိပြုမိသဖြင့် ဘေးမှနေ၍ ပြောဆိုလိုက်၏။

"မလုပ်ရင် ဘာဖြစ်မလဲ ဟုတ်လား..."

လင်းယွဲ့၏ အသံတွင် အေးစက်စက် အငွေ့အသက်များ ပါဝင်နေသည်။

"မင်းတို့ နတ်လက်နက်တောင်ကြားက မလုပ်ဘူး ဆိုရင်လည်း... နတ်လက်နက်တောင်ကြားက ဆက်ပြီး တည်ရှိနေစရာ မလိုတော့ဘူး..."

"မင်းတို့ ရှင်းရှင်းလင်းလင်း သိထားသင့်တာက ငါတို့ နောင်တဓားချောက်ကမ်းပါးမှာ မင်းတို့ နတ်လက်နက်တောင်ကြားကို ဒီလောကကြီးထဲကနေ ဖျောက်ဖျက်ပစ်နိုင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာပဲ..."

"မင်းရဲ့ ပြဇာတ်ကို စတင်လိုက်ပါတော့..."

ချင်လော့က မတ်တတ်ထရပ်ကာ ပြုံးရင်း သူမကို ပြောဆိုလိုက်သည်။

လင်းယွဲ့က ထိုအချိန်မှသာ ချင်လော့ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ လင်းလက်သွားခဲ့၏။

"ပုရွက်ဆိတ်လို ကောင်မျိုးက... ဒီနေရာမှာ ဝင်ပြောခွင့် ရှိလို့လား..."

"ထွက်သွားစမ်း..."

ချင်လော့က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"ဘာလို့ ပါးစပ်နဲ့ပဲ လုပ်နေတာလဲ... တကယ် လက်တွေ့လုပ်ဖို့ ကျတော့ မလုပ်နိုင်ဘူးလား..."

"မင်း ခြိမ်းခြောက်နေတဲ့ လူတွေက ငါ့လူတွေဆိုတာ မင်း မသိဘူးလား..."

"မင်း ယဉ်ကျေးမှု ရှိရဲ့လား..."

"တောင်ကြားသခင်စုန့်... ဒါက မင်းတို့ နတ်လက်နက်တောင်ကြားရဲ့ သဘောထားလား..."

လင်းယွဲ့က ချင်လော့ကို ဂရုမစိုက်ချင်သဖြင့် သူမ၏ မျက်လုံးများက စုန့်ရီထျန်းပေါ်သို့ ပြန်လည် ကျရောက်သွားသည်။

စုန့်ရီထျန်း၏ နောက်ထပ် လုပ်ရပ်က လင်းယွဲ့၏ မျှော်လင့်ချက်များထက် လုံးဝ သွေဖည်နေခဲ့ပေ၏။

"သူမကို ပြောပြလိုက်... ငါက ဆုံးဖြတ်ချက် ချနိုင်ခွင့် ရှိမရှိ..."

ချင်လော့ကလည်း မေးမြန်းလိုက်သည်။

စုန့်ရီထျန်းက ချက်ချင်းပင် နှိမ့်ချစွာဖြင့် ချင်လော့ကို ပြောဆိုလိုက်၏။

"အရာအားလုံးက မင်းသားရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်..."

"နတ်လက်နက်တောင်ကြားက မင်းသားရဲ့ အမိန့်ကိုပဲ နာခံပါ့မယ်..."

သူတော်စင်တစ်ပါးက ဤမျှ နှိမ့်ချနေသည်ကို မြင်တွေ့ရသဖြင့် လင်းယွဲ့မှာ အနည်းငယ် မှင်တက်သွားခဲ့သည်။

ချင်လော့က သူမဘက်သို့ လှည့်ကြည့်ကာ ပြောဆိုလိုက်၏။

"မင်းတို့ရဲ့ အရင်က ရန်ငြိုးတွေကို ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ ဒီနေ့ ငါ့ရဲ့ နယ်မြေပေါ်မှာ ငါ့လူတွေကို လာခြိမ်းခြောက်ရဲတယ်..."

"ဒါဆိုရင် မင်းတို့ နှစ်ယောက်လုံး ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့တော့..."

All Chapters