← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) အခြေအနေ မကောင်းလျှင်တောင် ချင်လော့ကို တိုက်ခိုက်ရမည်

မဟာချင်အင်ပါယာ၏ ချန်ကျန့်ရှန်းက တတိယမင်းသား ချင်မင်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသည့် အခြေအနေက အင်ပါယာတစ်ခုလုံးရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သတင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းမှာ ချင်မင်သည် ယင်းဝူစစ်သူကြီး၏ မြေးဖြစ်သူ ချန်မိုကို သတ်ဖြတ်ရန် လူများ စေလွှတ်ခဲ့ပြီးနောက် နဝမမင်းသားကို အပြစ်ပုံချခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြပေ၏။

ယခုအခါ ချန်ကျန့်ရှန်းက ဤအကြောင်းကို သိရှိသွားချိန်၌ သဘာဝကျကျ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"ကံမကောင်းစွာနဲ့ပဲ ချန်ကျန့်ရှန်း တစ်ယောက်တည်းက မဟာချင်အင်ပါယာကို မယှဉ်နိုင်ဘူး”

"မဟာချင်အင်ပါယာရဲ့ မင်းသားတွေက အရမ်းရက်စက်ကြတာပဲ... အခုမှ ပြန်ရောက်လာတဲ့ နဝမမင်းသားကိုတောင် မချမ်းသာပေးဘူးလား”

"အင်း... နဝမမင်းသားက တကယ်ကို သနားစရာကောင်းတယ်... အပြင်ဘက်မှာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ပျောက်ဆုံးနေခဲ့ပြီး ပြန်ရောက်လာချိန်မှာ သူ့ရဲ့ အနီးကပ်ဆုံး သွေးသားတော်စပ်သူတွေက သူ့ကို သတ်ဖို့ ကြိုးစားနေကြတယ်... မဟာချင် တော်ဝင်မိသားစုက လုံးဝ အေးစက်လွန်းတယ်”

"ဟား... ဒါတွေအားလုံးက မျိုးရိုးလိုက်တာပဲလေ”

"စကားကို ဆင်ခြင်ပြော... ကောင်းကင်ဘုံရဲ့ နားထဲကို မရောက်သွားစေနဲ့”

"ငါ့ဆီမှာ အတွင်းသတင်း ရှိတယ်... ကြည့်ရတာ ဒါတွေအားလုံးက ရှန်ဝူစစ်သူကြီး ဝေ့ရှောင်လင် ဆိုတဲ့ လူတစ်ယောက်ကြောင့် ဖြစ်ရတာတဲ့”

"နဝမမင်းသားရဲ့ အဘိုးဖြစ်တဲ့ သူတော်စင်စုရဲ့ စုမိသားစု တစ်ခုလုံး သတ်ဖြတ်ခံခဲ့ရတာကို မင်းတို့အားလုံး သိကြတယ် မဟုတ်လား... နဝမမင်းသားကို မွေးဖွားပြီး မကြာခင်မှာပဲ သူ့ရဲ့ မိခင်ရင်းက ပြင်းထန်တဲ့ ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်... နဝမမင်းသားရဲ့ မိခင်ရင်းက သူတော်စင်တစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ဆိုတာ မင်းတို့လည်း သိကြတာပဲ... ကလေးမွေးရုံနဲ့ သေသွားနိုင်လို့လား..."

"သူမ မကွယ်လွန်ခင်မှာ စုမိသားစု တစ်ခုလုံး ဖျက်ဆီးခံလိုက်ရတယ်လေ... မိသားစုကို ဖျက်ဆီးခဲ့တဲ့သူက ရှန်ဝူစစ်သူကြီး ဝေ့ရှောင်လင်လို့ ပြောကြတယ်”

"ရှန်ဝူစစ်သူကြီးက တော်တော် ရဲတင်းတာပဲ... အဲ့ဒါက အင်ပါယာရဲ့ ကြင်ယာတော် တစ်ပါးဆိုတာ သိဖို့လိုတယ်”

"အခု သူတော်စင်စုကိုလည်း ရှန်ဝူစစ်သူကြီးက လိုက်လံဖမ်းဆီးနေလို့ သူ့ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်နေမှန်း မသိရဘူးလို့ ငါ ကြားတယ်”

"ဘုရားရေ... အဲဒါက နဝမမင်းသား အန္တရာယ်ရှိနေတယ် ဆိုတာကို သက်သေပြနေတာ မဟုတ်ဘူးလား”

"ငါ သိသလောက်တော့ နဝမမင်းသားကို တိုင်ကြားဖို့ လူအတော်များများက မြို့တော်ကို ရောက်လာကြတယ်... သူက မိသားစုတွေနဲ့ ဂိုဏ်းတွေရဲ့ ရတနာတွေကို လုယူခဲ့တယ်၊ စွပ်စွဲချက်တွေ ဖန်တီးခဲ့တယ်၊ မိသားစု တစ်ခုလုံးကို သတ်ဖြတ်ခဲ့တယ်၊ ယုတ်မာတဲ့ လုပ်ရပ်တိုင်းကို ကျူးလွန်ခဲ့တယ်လို့ သူတို့က အခိုင်အမာ ပြောဆိုနေကြတယ်”

"သူတော်စင်စုက ကျောထောက်နောက်ခံ အဖြစ် ရှိနေပေမဲ့ ဒါက နဝမမင်းသားအတွက် ကပ်ဘေးတစ်ခု ဖြစ်လာမှာ မဟုတ်ဘူးလား”

"ဘယ်သူက မဟုတ်ဘူးလို့ ပြောနေလို့လဲ... အစကတည်းက သူ့မှာ ပါရမီ မရှိခဲ့ဘူး... အခု ကျောထောက်နောက်ခံလည်း မရှိတော့ဘူး... အဓိကကတော့ သူက အရမ်း မာနကြီးပြီး နေရာတိုင်းမှာ ရန်သူတွေ ဖန်တီးနေတာပဲ... ငါ ရှင်းရှင်းလင်းလင်း ပြောမယ်... သူသာ ထောင်ထဲမရောက်သွားဘူးဆိုရင် ငါ့ခေါင်းကို ဖြတ်နင်းလိုက်”

ရွှမ်ထျန်းတာအိုဂိုဏ်းတွင် ရှောင်ယာသည် ထိုနေ့က ရဲ့ချန်နှင့် မိသားစု အကြီးအကဲတို့ သူမ၏ မျက်စိရှေ့တွင် သေဆုံးသွားခဲ့သော မြင်ကွင်းကို အမြဲတမ်း ပြန်လည်အမှတ်ရနေခဲ့၏။

သူမသည် ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။

မကြာသေးမီက တစ်စုံတစ်ခု မှားယွင်းနေသည့်အလား သူမက မှင်သက်နေသလို ခံစားနေရသည်။

ရက်ပေါင်းများစွာ ကျင့်ကြံပြီးနောက်တွင်လည်း သူမ၏ ကျင့်ကြံမှုက တစ်လက်မမျှပင် တိုးတက်လာခဲ့ခြင်း မရှိချေ။

ထွက်လာပြီးနောက် မုရုန်းရွှဲ့က သူမအား စကားပြောရန် တွန့်ဆုတ်နေသည်ကို မြင်ချိန်၌ နောက်ဆုံးတွင် ပြောဆိုလိုက်သည်။

"ရှောင်ယာ... အရင်က နင့်ရဲ့ ရှောင်မိသားစုဆီကို ပို့လိုက်တဲ့ အကြီးအကဲချီက ပြန်မလာသေးဘူး”

"အကြီးအကဲချီ ထွက်သွားတာ အတော်လေး ကြာနေပြီဆိုတာကို ကျွန်မ မှတ်မိတယ်... ဘာလို့ ပြန်မလာသေးတာလဲ... မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခု ဖြစ်သွားတာလား”

ရှောင်ယာက မေးမြန်းလိုက်၏။

"ဟူး..."

မုရုန်းရွှဲ့က သက်ပြင်းချလိုက်သည်။

"အကြီးအကဲချီ... သေသွားပြီ”

"နင့်ရဲ့ ရှောင်မိသားစုလည်း ဖျက်ဆီးခံလိုက်ရပြီ”

‘ဝုန်း!’

ရှောင်ယာသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းယိုင်သွားခဲ့ပေသည်။

[ရှောင်ယာသည် ကြီးမားသော ထိုးနှက်ချက်ကို ခံစားလိုက်ရပြီး ဝိညာဉ် ပိုမိုကျူးကျော်ခံရကာ ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ မှတ် ဆုံးရှုံးသွားသည်။ ပိုင်ရှင်သည် ဗီလိန်အမှတ် ၅၀,၀၀၀ မှတ်ကို ရရှိသည်။]

"ဘယ်သူလဲ”

ရှောင်ယာက အံကြိတ်ကာ မေးမြန်းလိုက်၏။

"ချင်လော့”

"သူပဲ ဖြစ်နေပြန်ပြီလား…ချင်လော့… ငါ ရှောင်ယာက မင်းနဲ့ ဘယ်တော့မှ အတူတူ ရှင်သန်နေမှာ မဟုတ်ဘူး! ငါ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်… အာ!"

ရှောင်ယာက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူမက အရူးမတစ်ယောက်ကဲ့သို့ ဖြစ်နေပေသည်။

သူမ မုန်းတီးသည်။ နက်နက်ရှိုင်းရှိုင်းကို မုန်းတီးပေသည်။ သူမက ချင်လော့ကို မုန်းတီးရုံသာမက သူမကိုယ်သူမလည်း မုန်းတီးနေခဲ့သည်။

အကယ်၍ သူမသာ အပြင်းအထန် တောင်းဆိုခြင်း မရှိခဲ့လျှင် မိသားစု အကြီးအကဲများသည် နတ်လက်နက်တောင်ကြားသို့ သွားရောက်မည် မဟုတ်သကဲ့သို့ နတ်လက်နက်တောင်ကြားတွင် သေဆုံးသွားမည်လည်း မဟုတ်ချေ။

ထို့ပြင် ယခုကဲ့သို့ မိသားစုတစ်ခုလုံး သတ်ဖြတ်ခံရခြင်းလည်း ဖြစ်ပေါ်လာမည် မဟုတ်ပေ။

"စိတ်ကို တည်ငြိမ်အောင်ထားစမ်း!”

မုရုန်းရွှဲ့က ရှောင်ယာ၏ အခြေအနေ တစ်စုံတစ်ခု မှားယွင်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် လေးနက်သော အသံဖြင့် အော်ဟစ်လိုက်ပြီး ရှောင်ယာအား ပြိုလဲလုနီးပါး အခြေအနေမှ ပြန်လည်ဆွဲထုတ်လိုက်၏။

သတိပြန်ဝင်လာချိန်၌ ရှောင်ယာက ချက်ချင်း မေးမြန်းလိုက်သည်။

"ချင်လော့က ကျွန်မတို့ ရွှမ်ထျန်းတာအိုဂိုဏ်းရဲ့ အကြီးအကဲကို သတ်သွားတာလေ... ဂိုဏ်းချုပ်က ဘယ်လိုလုပ်မှာလဲ”

ဂိုဏ်းက သူမအတွက် မားမားမတ်မတ် ရပ်တည်ပေးကာ ချင်လော့ကို အင်အားသုံး၍ ဖိနှိပ်ပေးမည်ဟု သူမ မျှော်လင့်နေခဲ့သည်။

သို့သော် မုရုန်းရွှဲ့၏ စကားများက သူမကို စိတ်ပျက်သွားစေခဲ့၏။

"ချင်လော့က မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါး ဖြစ်ပြီး သူက ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းရဲ့ အကြီးအကဲကို သတ်ဖြတ်ခဲ့တာ တမင်တကာ လုပ်ခဲ့တာ ဖြစ်နိုင်တယ်”

"အခု အခြေအနေတွေက ရှုပ်ထွေးနေတယ်... ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းက ပထမဆုံး ခေါင်းထွက်လို့ မရဘူး... သတိမထားဘဲ လှုပ်ရှားလိုက်ရင် ငါတို့ တာအိုဂိုဏ်းက ဖျက်ဆီးခံရနိုင်တယ်... ဒါကြောင့် တာအိုဂိုဏ်းက မဟာချင်အင်ပါယာကို တရားဝင် ကန့်ကွက်ပြီး ငါတို့ရဲ့ မကျေနပ်မှုကို ဖော်ပြထားတယ်”

"ဒီလောက်ပဲလား!”

ရှောင်ယာက ဒေါသတကြီး ရယ်မောလိုက်ပြီး အလွန်အမင်း စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

ဂုဏ်သိက္ခာကြီးမားသော ရွှမ်ထျန်းတာအိုဂိုဏ်းက အရှက်ခွဲခံရပြီးနောက်တွင်ပင် ပြန်လည်တိုက်ခိုက်ရန် မရဲတော့ဘူးလား။

မုရုန်းရွှဲ့သည် ရှောင်ယာ၏ ဤအမူအရာကို မြင်ချိန်၌ သူမက ဆက်လက် နားမထောင်နိုင်တော့ကြောင်း သိသာထင်ရှားပေသည်။

‘အကြီးအကဲချီက တာအိုအကြီးအကဲ တစ်ဦးမျှသာ ဖြစ်ပြီး ရှောင်မိသားစုကလည်း သူတို့ ရွှမ်ထျန်းတာအိုဂိုဏ်းနှင့် မသက်ဆိုင်သော မိသားစုတစ်ခု ဖြစ်နေသောကြောင့်လား... ထို့ကြောင့် သူတို့ ရွှမ်ထျန်းတာအိုဂိုဏ်းက မလှုပ်ရှားရခြင်း ဖြစ်မည်လား’

သို့သော် သေချာစဉ်းစားပြီးနောက် မုရုန်းရွှဲ့က အခြားအကြောင်းအရာ တစ်ခုကို ပြောဆိုလိုက်သည်။

"ချင်လော့က ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် တစ်ပါးအနေနဲ့ ဝိညာဉ်နယ်မြေမှာ ကျင်းပမယ့် ဉာဏ်အလင်းပွင့်လက်ဖက်ရည်သောက်ပွဲကို ပါဝင်ဖို့ ဖိတ်ကြားခံထားရတယ်”

"နင့်ရဲ့ စီနီယာအစ်ကို ချန်ရီလည်း ပါဝင်လိမ့်မယ်”

ရှောင်ယာ၏ မျက်လုံးများ တောက်ပသွားပြီး သူမက မေးမြန်းလိုက်၏။

“ တကယ်လို့ ဝိညာဉ်နယ်မြေမှာ ချင်လော့ မတော်တဆမှုတစ်ခုခု ဖြစ်သွားရင် ကျွန်မတို့..."

မုရုန်းရွှဲ့က ခေါင်းညိတ်လိုက်သည်။

"ရွယ်တူတွေကြားထဲက ပြိုင်ဆိုင်မှုမှာ မတော်တဆမှု ဖြစ်တာက ပုံမှန်ပါပဲ... ဒီလောက်ဆိုရင်တောင် မဟာချင်အင်ပါယာက ပြောစရာ ဘာမှမရှိနိုင်တော့ဘူး”

"ဒါဆို ကျွန်မ စီနီယာအစ်ကိုချန်ကို သွားရှာလိုက်ဦးမယ်”

ရှောင်ယာက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ထွက်သွားခဲ့သည်။

မုရုန်းရွှဲ့၏ အိုမင်းနေသော နှလုံးသားမှာ နှစ်သိမ့်မှု ရရှိသွားပေ၏။

ရဲ့ချန် သေဆုံးသွားသည်က ကောင်းမွန်သောအရာပင်။

ထိုကဲ့သို့ဆိုလျှင် ရှောင်ယာသည် ချန်ရီနှင့် အတူတကွ ပေါင်းစည်းနိုင်မည်ဖြစ်ပြီး သူတို့ ရွှမ်ထျန်းတာအိုဂိုဏ်းအတွက် အကျိုးအမြတ် အများဆုံး ရရှိစေမည့် နည်းလမ်းပင် ဖြစ်သည်။

ချန်ရီသည်လည်း သူတို့ ရွှမ်ထျန်းတာအိုဂိုဏ်း၏ ကြိုတင်သတ်မှတ်ထားသော တာအိုသားတော် တစ်ဦးဖြစ်သည်။

သူက ဂိုဏ်းတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီး ယခုအခါ သူ၏ ကျင့်ကြံမှုက လိုဏ်ဂူကောင်းကင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

သိမ်မွေ့သော မျက်နှာသွင်ပြင်ရှိသည့် ချန်ရီသည် အိမ်နီးချင်း ကောင်လေးတစ်ယောက်ကဲ့သို့ပင်။

ရှောင်ယာ ရောက်လာရသည့် ရည်ရွယ်ချက်ကို သိရှိပြီးနောက် ချန်ရီ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"ဟမ့်... မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါးမျှသာ ဖြစ်တဲ့သူက တောင်တန်းတစ်သောင်းနယ်မြေမှာ ဒီလောက်တောင် မာနကြီးရဲပြီး အကြီးအကဲချီကိုတောင် သတ်ရဲတယ်ပေါ့... ဂျူနီယာညီမလေး... ဒီလူက တိရစ္ဆာန်တစ်ကောင်ထက် မပိုဘူး”

"ဂျူနီယာညီမလေး... စိတ်မပူပါနဲ့... ဝိညာဉ်နယ်မြေကို ရောက်တာနဲ့ သူ့ကို ငါ ကိုယ်တိုင် ချည့်နဲ့သွားအောင် လုပ်ပစ်မယ်”

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"

ရှောင်ယာက အနည်းငယ် ခေါင်းငုံ့အရိုအသေပေးလိုက်ရာ ချန်ရီ၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပေ၏။

မြူခိုးမြင့်မြတ်နယ်မြေအတွင်း၌ ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားသော ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသည့် ချောမောသော အမျိုးသားတစ်ဦးသည် ရှန်ဝမ်နင် ကျင့်ကြံနေသော နေရာအပြင်ဘက်တွင် တစ်စုံတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"စီနီယာအစ်ကိုလု... သူတော်စင်မလေးက တံခါးပိတ်ကျင့်ကြံနေပြီး ဘယ်သူမှ လာမနှောင့်ယှက်ဖို့ ညွှန်ကြားထားပါတယ်”

လုယွင်ဖေးမှာ အတွင်းစိတ်ထဲ၌ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။

သူက ရှန်ဝမ်နင်၏ ပုံရိပ်ကို ဤနေရာအထိ ရှင်းလင်းစွာ လိုက်လာခဲ့ခြင်းဖြစ်သည်။

ရှန်ဝမ်နင်က အခုလေးတင်မှ ဝင်သွားခဲ့ပြီး ယခု တံခါးပိတ်ကျင့်ကြံနေပြီဟု ပြောနေခြင်းလား။

သူက နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ပြောဆိုလိုက်၏။

"ဂျူနီယာညီမလေးရှန်က တံခါးပိတ်ကျင့်ကြံနေပြီဆိုမှတော့ ငါ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး”

သူ လှည့်ထွက်သွားရန် ပြင်လိုက်စဉ် ယန်ကျစ်နှင့် ဆုံတွေ့သွားခဲ့သည်။

"အကြီးအကဲယန်ကို ဂါရဝပြုပါတယ်”

ယန်ကျစ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"သူတော်စင်မလေးက မင်းကို ဘာလို့ တွေ့ခွင့်မပေးတာလဲဆိုတာ မင်း သိလား”

"အကြီးအကဲယန်... ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါ”

လုယွင်ဖေးက မေးမြန်းလိုက်၏။

"ဘာဖြစ်လို့လဲဆိုတော့ သူတော်စင်မလေးက ထိုက်ရွှီမြင့်မြတ်နယ်မြေမှာ ကျင့်ကြံနေတုန်းက တခြားလူတစ်ယောက်ကို သဘောကျသွားလို့ပဲ”

"ဘယ်သူလဲ”

"အရင်တုန်းက ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် ဖြစ်ပြီး အခု မဟာချင်အင်ပါယာရဲ့ မင်းသား ချင်လော့ပဲ”

ဤအမည်ကို ကြားချိန်၌ လုယွင်ဖေး၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

ရှန်ဝမ်နင်ကို သူတို့ ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့သည့် အချိန်ကတည်းက သူမ၏ အလှကို သူ အံ့အားသင့်သွားခဲ့ရသည်။

ဤမိန်းကလေးက သူ့ကို ရှေ့ဆက်သွားနိုင်ရန် သေချာပေါက် ကူညီပေးနိုင်လိမ့်မည်ဟု သူ ဝေဝါးစွာ ခံစားမိခဲ့ပေသည်။

မြူခိုးမြင့်မြတ်နယ်မြေတွင် သူတော်စင်မလေးသာ ရှိပြီး သူတော်စင်သားတော် မရှိချေ။

အကယ်၍ သူသာ ရှန်ဝမ်နင်ကို ရရှိခဲ့ပါက အနာဂတ်တွင် သူတော်စင်သားတော်တစ်ပါး ဖြစ်လာရန် အခွင့်အရေးရှိသည်ဟု သူ ခံစားခဲ့ရသည်။

သို့သော် ရှန်ဝမ်နင်က သူ့အပေါ် ပွင့်လင်းစွာ ဆက်ဆံခဲ့ရာ ယခုအခါတွင် အစစ်အမှန် အကြောင်းရင်းကို သူ နားလည်သွားခဲ့ပြီဖြစ်သည်။

"သူက ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် အနေနဲ့ ဝိညာဉ်နယ်မြေ ဉာဏ်အလင်းပွင့်လက်ဖက်ရည်သောက်ပွဲကို ပါဝင်မယ်လို့ ငါ ကြားတယ်”

ယန်ကျစ်က တည်ငြိမ်စွာ ထပ်မံပြောဆိုလိုက်၏။

"အိုး... တကယ်လား”

လုယွင်ဖေး၏ မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"ဒါဆိုရင် မဟာချင်အင်ပါယာရဲ့ မင်းသားတွေက ဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲ ဆိုတာကို ကျွန်တော် သေချာ ကြည့်ချင်သေးတယ်…”

All Chapters