အခန်း ၅
Vol. 1 Ch. 5
အခန်း ၅ ကံကြမ္မာသားတော်ကို ဖိနှိပ်ခြင်း၊ သူတော်စင်က ကာကွယ်ပေးခြင်း
သေဆုံးခြင်း အန္တရာယ် နီးကပ်လာချိန်၌ ရဲ့ချန်က ရှေးဟောင်းအငွေ့အသက်များ ထုတ်လွှတ်နေသော ရတနာတစ်ခုဖြစ်သည့် ကျောက်စိမ်းအဆောင်တစ်ခုကို ချက်ချင်း အသုံးပြုလိုက်ပေ၏။
ဘုန်း...
ချင်လော့၏ လက်ထဲရှိ ဓားရှည်က ကျောက်စိမ်းအဆောင်နှင့် ဝင်တိုက်မိသွားကာ ၎င်းကို ပျက်စီးသွားစေပြီး ချင်လော့၏ သေစေနိုင်သော တိုက်ခိုက်မှုကို ဟန့်တားလိုက်လေသည်။
ဘိုင်း...
ရဲ့ချန်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး လတ်ဆတ်သော သွေးအမြောက်အမြားကို အန်ထုတ်လိုက်ရ၏။
"ဖူး..."
[ရဲ့ချန်၏ စိတ်အခြေအနေ ပြိုလဲသွားပါသည်။ ဆုံးရှုံးသွားသော ကံကြမ္မာတန်ဖိုး အမှတ် ၁၀,၀၀၀၊ ရရှိလာသော ဗီလိန်မှတ် ၁၀,၀၀၀...]
"ချင်လော့... မင်း..." ရဲ့ချန်က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်ကာ ချင်လော့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ထိုက်ရွှီခေါင်းလောင်းက သူ၏ လက်ထဲတွင် ရှိနေကြောင်း ထင်ရှားနေသည်ကို ချင်လော့၏ လက်ထဲတွင် မည်သို့လုပ် ပေါ်လာရသနည်း။
"အံ့သြသွားလား..." ချင်လော့က သူ့ကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်ရာ သူ၏ နှလုံးသားကို ထိတ်လန့်သွားစေခဲ့သည်။
သေချာပေါက် သူက အံ့သြသွားခဲ့ခြင်းပင်။ သူက တစ်စုံတစ်ခု ထူးခြားနေသည်ကို ဖော်ပြမိမည်စိုးသဖြင့် သူ၏ အမူအရာကို ချက်ချင်း ထိန်းချုပ်လိုက်လေသည်။
လျိုချန်ဟယ်နှင့် ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ အကြီးအကဲများအားလုံး အံ့အားသင့်သွားကြပြီး တုရှိုယီကို ဟန့်တားထားသော ထိုက်ရွှီခေါင်းလောင်းကို ကြက်သေသေကာ ကြည့်နေမိကြသည်။ သူတို့က ဘာလုပ်ရမှန်းမသိဖြစ်ကာ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
"ထိုက်ရွှီခေါင်းလောင်းက တကယ်ကြီး ပြင်ဆင်ပြီးသွားတာလား..." လျိုချန်ဟယ်၏ လေသံတွင် နက်ရှိုင်းသော တုန်လှုပ်မှုများ ပြည့်နှက်နေပေသည်။
"ချင်လော့က ထိုက်ရွှီခေါင်းလောင်းကို ပြင်ဆင်ဖို့အတွက်ပဲ ခိုးသွားခဲ့တာလား..."
"ချင်လော့မှာ တကယ်ပဲ ဒီလို နည်းလမ်းမျိုး ရှိနေတာလား..."
တပည့်များလည်း ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့က ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ မြင့်မြတ်သောရတနာဖြစ်သည့် ထိုက်ရွှီခေါင်းလောင်းကို သဘာဝကျကျ မြင်ဖူးကြပေ၏။ တင်းကျပ်စွာ ပြောရလျှင် ထိုက်ရွှီခေါင်းလောင်း၏ သင်္ကေတ အခန်းကဏ္ဍက ၎င်း၏ တိုက်ခိုက်ရေး အခန်းကဏ္ဍထက် ပိုမိုကြီးမားလေသည်။
တပည့်များက ထိုက်ရွှီခေါင်းလောင်းကို လေးစားကြည်ညိုခွင့် ရရှိကြပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေတွင်လည်း ဤအစဉ်အလာ ရှိပေသည်။
"စီနီယာအစ်ကိုချင်... အစ်ကိုက ထိုက်ရွှီခေါင်းလောင်းကို တကယ် ခိုးခဲ့တာပဲ... အစ်ကိုက ကျွန်မကို အရမ်း စိတ်ပျက်အောင် လုပ်တာပဲ..." လျိုရူယန်က တုန်လှုပ်နေသော မျက်နှာဖြင့် ချင်လော့အား ကြည့်လိုက်သည်။
သက်သေနှင့် သက်သေခံပစ္စည်း နှစ်ခုစလုံး ရှိနေပြီဖြစ်ရာ ချင်လော့တွင် ငြင်းဆိုစရာ နေရာမရှိတော့ချေ။
ချင်လော့က လျိုရူယန်ကို တစ်ချက်ကြည့်ကာ လှောင်ပြောင်လိုက်၏။ "မင်း စိတ်ပျက်ပျက်၊ မပျက်ပျက် ငါနဲ့ ဘာဆိုင်လို့လဲ... ငါတို့က အရမ်း ရင်းနှီးနေလို့လား..."
လျိုရူယန်က ချင်လော့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ချင်လော့က ဤမျှ ရိုင်းစိုင်းသော စကားလုံးများကို အသုံးပြုပြီး သူ၏ လေသံက အလွန် စိမ်းသက်နေလိမ့်မည်ဟု သူမ မယုံကြည်နိုင်ခဲ့ချေ။ သူတို့က အရမ်း ရင်းနှီးနေကြတာ မဟုတ်ဘူးလား။
သူတို့က ငယ်ချစ်များ ဖြစ်ကြသည်။ အကယ်၍ ရဲ့ချန်သာ ရုတ်တရက် ပေါ်မလာခဲ့လျှင် သူတို့က အနာဂတ်တွင် လင်မယားပင် ဖြစ်လာနိုင်ပေသည်။
ဤသည်က အလွန် နှလုံးကွဲကြေစရာ ကောင်းလှပေ၏။ သူမ၏ နှလုံးသားက နာကျင်လာသည်ကို သူမ ခံစားလိုက်ရပြီး အလွန်အမင်း နာကျင်နေလေသည်။
[လျိုရူယန်၏ စိတ်အခြေအနေ ပြိုလဲသွားပါသည်။ ဆုံးရှုံးသွားသော ကံကြမ္မာတန်ဖိုး အမှတ် ၅,၀၀၀၊ ပိုင်ရှင် ရရှိလာသော ဗီလိန်မှတ် ၅,၀၀၀...]
ချင်လော့၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူက စကားအနည်းငယ်ဖြင့်ပင် ဤမျှလောက် များပြားသော ကံကြမ္မာတန်ဖိုးမှတ်များကို ရိတ်သိမ်းနိုင်ပေသည်။ ဆက်လုပ်ရမည်ပင်။
"လျိုရူယန်... မင်းက ပျက်မလည်း လုပ်ချင်တယ်၊ သူတော်စင်မလည်း လုပ်ချင်တယ်လား... မင်းက ငါ့ရဲ့ စေ့စပ်ထားသူ ဖြစ်ပေမဲ့ ငါ့ကို ချောက်ချပြီး ဒုက္ခပေးဖို့ ရဲ့ချန်နဲ့ ပူးပေါင်းရဲတယ်... မင်းလို ခွေးမက ဘယ်လို မျက်နှာပြောင်တိုက်ပြီး ဒီနေရာမှာ ရပ်ကာ ငါ့ကို လာဆုံးမပိုင်ခွင့်ရှိနေရတာလဲ"
"မင်းမှာ အရှက်ရှိသေးရင် ပါးစပ်ကို ပိတ်ထားလိုက်စမ်း..."
[လျိုရူယန်၏ စိတ်အခြေအနေ ဆက်လက် ပြိုလဲနေပါသည်။ ဆုံးရှုံးသွားသော ကံကြမ္မာတန်ဖိုး အမှတ် ၃,၀၀၀၊ ပိုင်ရှင် ရရှိလာသော ဗီလိန်မှတ် ၃,၀၀၀...]
[လျိုရူယန်ထံမှ ဆုံးရှုံးသွားသော ကံကြမ္မာတန်ဖိုး အမှတ် ၁,၀၀၀၊ ပိုင်ရှင် ရရှိလာသော ဗီလိန်မှတ် ၁,၀၀၀...]
ချင်လော့၏ မျက်လုံးများက ပို၍ပင် တောက်ပလာခဲ့သည်။ ဖြူလျော့နေသော လျိုရူယန်၏ မျက်နှာကို လုံးဝ လျစ်လျူရှုကာ သူက စကားဆက်ပြောရန် ပြင်လိုက်ချိန်မှာပင် အပြစ်တင်သံတစ်ခု၏ ဖြတ်ပြောခြင်းကို ခံလိုက်ရ၏။
"တော်လောက်ပြီ..."
သူ၏ သမီးဖြစ်သူက ချင်လော့၏ အပြစ်တင်ခြင်းကို ခံနေရရာ လျိုချန်ဟယ် မည်သို့လုပ် ဒေါသထွက်မနေဘဲ ရှိမည်နည်း။ တစ်ချိန်တည်းမှာပင် အားကောင်းသော သူတော်စင်အငွေ့အသက်တစ်ခုက ချင်လော့ဆီသို့ ရိုက်ခတ်လာခဲ့သည်။
ဘုန်း...
ဤအငွေ့အသက်က ချင်လော့အပေါ်သို့ ကျရောက်သွားပြီး သူ့ကို လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေခဲ့ပြီးနောက် လတ်ဆတ်သော သွေးအမြောက်အမြားကို အန်ထုတ်လိုက်ရပေ၏။
တုရှိုယီကလည်း ဤအခွင့်အရေးကို အသုံးပြု၍ ထိုက်ရွှီခေါင်းလောင်း၏ ထိန်းချုပ်မှုမှ ချက်ချင်း ရုန်းထွက်လိုက်သည်။ သူက ခုန်တက်ကာ ပျံသန်းသွားပြီး ချင်လော့အား သေစေနိုင်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ရည်ရွယ်လိုက်လေသည်။
"ငါ တော်လောက်ပြီလို့ ပြောနေတယ်လေ..." လျိုချန်ဟယ်၏ အပြစ်တင်သံက တုရှိုယီ၏ နားထဲတွင် ပေါက်ကွဲသွားပြီး သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားကာ သူ့ကို တုန်လှုပ်သွားစေပြီး ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။
"ချီ... သူတော်စင်တွေက တကယ်ပဲ အံ့မခန်းဖြစ်တာပဲ..." ချင်လော့က မြေပြင်ပေါ်မှ အတင်းရုန်းကန်ထလာခဲ့သည်။ သူက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူ၏ အရှုံးမပေးသော အကြည့်များက မြင့်မားပြီး တန်ခိုးကြီးသော လျိုချန်ဟယ်အပေါ်သို့ ကျရောက်သွားပေ၏။
"ချင်လော့... ငါ မင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်... မင်း အပြစ်ကို ဝန်ခံလား..." လျိုချန်ဟယ်၏ အသံက ချင်လော့၏ နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့သည်။
ချင်လော့က လှောင်ပြောင်လိုက်သည်။ "လူတစ်ယောက်ကို ပြစ်မှုတစ်ခုနဲ့ စွပ်စွဲချင်ရင်တော့ အကြောင်းပြချက်ဆိုတာ အမြဲတမ်း ရှာတွေ့နိုင်တာပဲလေ..."
"ခင်ဗျားက ကျွန်တော် တစ်ခုခုကို လုပ်ခဲ့တယ်ဆိုရင် ကျွန်တော် လုပ်ခဲ့တာပေါ့... ဒါပေမဲ့ ကျွန်တော့်ကို အပြစ်ဝန်ခံစေချင်ရင်တော့ ဟားဟား... ခင်ဗျားက ဒူးထောက်ပြီး ကျွန်တော့်ကို တောင်းပန်မှပဲ ရမယ်..."
ဘုန်း...
ဤကဲ့သို့ ပုန်ကန်သော စကားများက ထိုက်ရွှီမြင့်မြတ်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ လူတိုင်းက ချင်လော့အား သေလူတစ်ယောက်ကဲ့သို့ ကြည့်ရှုလိုက်ကြ၏။
ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ သူတို့ မြင့်မြတ်သခင်၊ သူတော်စင်တစ်ပါးကို ဤကဲ့သို့ ပြောဆိုရဲသဖြင့် ချင်လော့မှာ သေချာပေါက် သေရတော့မည် ဖြစ်လေသည်။
"ဘယ်လောက်တောင် ရဲတင်းနေတာလဲ... မင်းက မြင့်မြတ်သခင်ကို တကယ်ကြီး စော်ကားရဲတယ်ပေါ့... မင်း သေဖို့ပဲကောင်းတယ်..." တုရှိုယီက ဟိန်းဟောက်လိုက်ပြီးနောက် လျိုချန်ဟယ်ထံသို့ လှည့်ကာ ပြောဆိုလိုက်သည်။
"မြင့်မြတ်သခင်... ဒီချင်လော့က မာနကြီးပြီး ပုန်ကန်တက်တဲ့အကျင့်ရှိနေတယ်... သူ့က အကြီးအကဲတွေကို မလေးစားဘူး... သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက သက်သေနဲ့ သက်သေခံပစ္စည်းတွေက အထောက်အကူပြုနေတယ်... ချင်လော့ရဲ့ အရွတ်တွေနဲ့ အရိုးတွေကို ဆွဲထုတ်ပြီး သူ့ရဲ့ ဝိညာဉ်ကို ထာဝရ ဖိနှိပ်ထားဖို့ ကျွန်တော် အကြံပြုပါတယ်..."
"မြင့်မြတ်သခင်... မလုပ်ပါနဲ့..." လင်းရော့ရွှမ်က ချင်လော့အတွက် ချက်ချင်း တောင်းပန်လိုက်လေသည်။
"မြင့်မြတ်သောသခင်... ချင်လော့က မာနကြီးပြီး အာခံနေပေမဲ့ သူက ရှားပါးတဲ့ ဓားကျင့်ကြံသူ ပါရမီရှင်တစ်ယောက်ပါ... လမ်းညွှန်မှု အနည်းငယ်သာ ပေးလိုက်ရင် သူက တကယ့်ကို ကြီးမြတ်တဲ့ ပါရမီရှင်တစ်ယောက်အဖြစ် ကြီးထွားလာနိုင်တယ်... တကယ်လို့ သူသာ အသတ်ခံလိုက်ရရင် ဒါက ကျွန်မတို့ရဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေအတွက် အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်လာလိမ့်မယ်..."
သူမက ဓားကျင့်ကြံသူတစ်ဦးဖြစ်ရာ ဓားကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ကောင်းစွာ သိရှိထားပေသည်။ အထူးသဖြင့် ကောင်းကင်အဆင့် ဓားသိုင်းတစ်ခု (သို့) သူတော်စင်အဆင့် ဓားသိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည့် ဓားသိုင်းကို ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံနိုင်သော ချင်လော့၏ စွမ်းရည်ပင်။ ဤကဲ့သို့ ပါရမီရှင်တစ်ဦးကို အချိန်မတိုင်မီ သေဆုံးသွားသည်ကို သူမ အမှန်တကယ်ပင် မကြည့်ရက်နိုင်ချေ။
"ချင်လော့... ချက်ချင်း ဒူးထောက်ပြီး မြင့်မြတ်သခင်ကို မင်းရဲ့ အမှားအတွက် ဝန်ခံလိုက်စမ်း..." လင်းရော့ရွှမ်က ချင်လော့ထံသို့ လှည့်ကာ အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။
"အကြီးအကဲလင်းရဲ့ စကားတွေက မှားနေပြီ... ဒီချင်လော့က ကျွန်တော်တို့ ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်တဲ့ရတနာတွေကို ခိုးယူပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ တပည့်တွေကို သတ်ဖြတ်ခဲ့တယ်... သူက ကျွန်တော်တို့ ထိုက်ရွှီမြင့်မြတ်နယ်မြေနဲ့ ကင်းကွာသွားခဲ့တာ ကြာပြီ... ဒီလို ကျေးဇူးကန်းတဲ့ ဝံပုလွေတစ်ကောင်ကို မွေးမြူထားတာက နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေကိုသာ ပြန်လည်ဒုက္ခပေးလိမ့်မယ်..."
"ဒီလူယုတ်မာကို ဖိနှိပ်ပြီး သတ်ပစ်ဖို့ မြင့်မြတ်သောသခင်က အမိန့်ပေးပါလို့ ကျွန်တော် တောင်းဆိုပါတယ်..." တုရှိုယီက လျိုချန်ဟယ်အား အရိုအသေပေးကာ ပြောဆိုလိုက်သည်။
လျိုချန်ဟယ်က စကားမပြောခဲ့ချေ။ သူက စောင့်ဆိုင်းနေခဲ့သည်။ ချင်လော့က သူ၏ အမှားကို ဝန်ခံလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။ ချင်လော့အား ထွက်ပေါက်တစ်ခု ပေးရန် သူ စဉ်းစားကောင်း စဉ်းစားပေးနိုင်ပေသည်။
သို့သော် အဆုံး၌ ချင်လော့မှာ သူတို့၏ ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ လက်ထဲရှိ ဓားတစ်လက် ဖြစ်လာနိုင်ပြီး ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်လာနိုင်ပေလိမ့်မည်။
သူတော်စင်တစ်ဦးက စော်ကားမှုကို လက်ခံမည်မဟုတ်ချေ။ ယနေ့ ချင်လော့က သူ့အား စော်ကားရဲခဲ့ရာ သေလမ်းကို ရှာနေခြင်းပင် ဖြစ်လေသည်။
ချင်လော့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏ ယခင် ဂိုဏ်းတူညီအစ်ကိုများနှင့် ရဲ့ချန်၏ ကျေနပ်နေသော အမူအရာကို တစ်ချက် ကြည့်လိုက်၏။
သူ၏ အမှားကို ဝန်ခံရမည်လား။ တစ်ဖက်လူက သူ့အား ခြယ်လှယ်ခွင့် ပြုရမည်လား။ သွားသေလိုက်လေ...
သူ၏ အကြည့်များက လင်းရော့ရွှမ်အပေါ်သို့ ကျရောက်သွားပြီး သူက ပြုံးလိုက်သည်။ "တရားမျှတမှုအတွက် စကားပြောပေးလို့ ကျေးဇူးတင်ပါတယ် အကြီးအကဲလင်း..."
"ဒါပေမဲ့ ဒီထိုက်ရွှီမြင့်မြတ်နယ်မြေကို ကျွန်တော် ချင်လော့က ဂရုမစိုက်ဘူး..."
လင်းရော့ရွှမ်က မျက်လုံးများကို မှိတ်လိုက်ပြီး ချင်လော့၏ ကျရောက်လာတော့မည့် ကံကြမ္မာကို ဆက်၍ မကြည့်ရက်နိုင်တော့ချေ။
"ခေါင်းမာလိုက်တာ..." လျိုချန်ဟယ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး တုရှိုယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ချင်လော့က သူ့ဘာသာ သေလမ်းရှာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဒါဆိုလျှင်လည်း သူ့ကို အပြစ်တင်၍ မရနိုင်တော့ပေ။
ပထမဆုံး ချင်လော့ကို သတ်မည်။ ထို့နောက် ချင်လော့၏ ဂျူနီယာညီမလေးဖြစ်သော ထိုအဘိုးကြီး၏ သမီးကို သတ်ရန် နည်းလမ်းရှာရမည်။ ဤသို့ဆိုမှသာ သူ၏ မုန်းတီးမှုများက ပြေလျော့သွားနိုင်ပေလိမ့်မည်။
တုရှိုယီက လှည့်ကာ ချင်လော့အပေါ် သူ၏ တရားစီရင်မှုနှင့် စီရင်ချက်ကို စတင်လိုက်လေသည်။
"ချင်လော့... မင်းက ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ ဂိုဏ်းတူညီအစ်ကိုတွေကို သတ်ဖြတ်ပြီး ထိုက်ရွှီခေါင်းလောင်းနဲ့ နိမိတ်လေးပါးဓားသိုင်းကို ခိုးယူခဲ့တယ်... သက်သေနဲ့ သက်သေခံပစ္စည်းတွေ ရှိနေပြီဖြစ်ရာ မင်း အပြစ်ကို ဝန်ခံလား..."
ချင်လော့က ဓားကို ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများတွင် အာခံလိုမှုများ ပြည့်နှက်နေ၏။ ဤအခိုက်အတန့်တွင် သူကမောက်မာစွာ ပြောဆိုသင့်ပေသည်။
'ငါက မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါးပဲ... တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်ကများ ငါ့ရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိခိုက်အောင် လုပ်ရဲရင် မင်းတို့ရဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ငါ သေချာပေါက် သုတ်သင်ပစ်မယ်...'
သို့သော် သူ စကားမပြောနိုင်မီမှာပင် ထိုက်ရွှီမြင့်မြတ်နယ်မြေ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဟားးဟားး.. ဘယ်လို ထိုက်ရွှီမြင့်မြတ်နယ်မြေမျိုးလဲ... လူဒီလောက်အများကြီးက ဂျူနီယာတစ်ယောက်ကို ဒီလို ဝိုင်းအနိုင်ကျင့်နေကြတာလား..."
လျိုချန်ဟယ်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။ သူက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏ အကြည့်များက အဝေးဆီသို့ ကျရောက်သွားသည်။
တိမ်မည်းများက နေမင်းကို ဖုံးကွယ်သွားသည်ကို မြင်လိုက်ရပြီး ကောင်းကင်ကြီးက ရုတ်တရက် မှိုင်းညို့သွားခဲ့သည်။ မူလက တောက်ပနေသော နေရောင်ခြည်သည် ထူထပ်သော တိမ်လွှာများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ကမ္ဘာမြေတစ်ခုလုံးက အသက်ရှူကျပ်မတတ် အမှောင်ထုအတွင်းသို့ လွှမ်းခြုံခံလိုက်ရသည့်အလားပင်။
အဘွားအိုတစ်ဦးက ထိုက်ရွှီမြင့်မြတ်နယ်မြေ အပြင်ဘက်မှနေ၍ ကောင်းကင်ကို ဖြတ်သန်းကာ ခြေလှမ်းလာခဲ့သည်။
သူမ၏ အသွင်အပြင်က လျိုချန်ဟယ်၏ အမူအရာကို အလွန် လေးနက်သွားစေခဲ့ပြီး သူက စကားလုံးအနည်းငယ်ကို ဖြည်းညင်းစွာ ရေရွတ်လိုက်၏။ "ဟန်ယွဲ့သူတော်စင်..."
အဘွားအို ပေါ်လာပြီးနောက် သူမက မာနထောင်လွှားစွာဖြင့် ပြောဆိုလိုက်သည်။ "ချင်လော့... ဒီသူတော်စင်က မင်းကို ကာကွယ်ပေးမယ်..."