အခန်း ၃၈၆
Vol. 39 Ch. 386
အခန်း (၃၈၆) နတ်ဆိုးနဂါး၏ ရတနာသိုက်
“ဘိုးဘေးလေးတို့ အမိန့်ကို နာခံပါ့မယ်”
စကားအဆုံးတွင် နတ်ဆိုးဘုရင်များသည် ယဇ်ပလ္လင်အောက်ရှိ လမ်းကြောင်းဆီသို့ လျှောက်လှမ်းသွားကြသည်။
ခဏအကြာတွင် တောင်တစ်လုံးခန့် ကြီးမားသော ရွှေရောင်သေတ္တာကြီးတစ်လုံး ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။
သမာဓိမီးမြေခွေး စိတ်လှုပ်ရှားစွာ လျှောက်တင်လိုက်သည်။
“ဘိုးဘေးလေးတို့... နတ်ဆိုးနဂါးရဲ့ ရတနာသိုက်တစ်ခုလုံး ဒီမှာရှိနေပါပြီ။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ရှုပေးပါဦး”
ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးဘုရင်များမှာလည်း မထိန်းနိုင်ဘဲ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကြရသည်။ သူတို့နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းတစ်လျှောက် များပြားလှသော စည်းစိမ်ဥစ္စာများကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။
နတ်ဆိုးနဂါး တစ်ချိန်က ရွှမ်ကျိုး ဒေသတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သည့် ဂုဏ်သတင်းနှင့်အညီ ထိုက်တန်လှပေ၏။ ဤသည်မှာ ရတနာသိုက်၏ အစိတ်အပိုင်းအနည်းငယ်သာ ဖြစ်သော်လည်း သူတို့အတွက် တစ်သက်စာ သုံးမကုန်နိုင်သည့် ပမာဏပင်။
ပိုင်ကျင်း မည်သည့် ခံစားချက်မျှ မပြဘဲ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များသာ ပေါ်လွင်နေသည်။
“အမြဲတမ်း ကြားဖူးနေကျအတိုင်းပါပဲ။ ဒီနဂါးအနွယ်ဝင်တွေက တောက်တောက်ပြောင်ပြောင် ပစ္စည်းတွေကို သိပ်မက်တာပဲ။ တကယ့်ကို အဆင့်မရှိတဲ့ သတ္တဝါတွေ”
ထောင့်တစ်နေရာရှိ နတ်ဆိုးဂါး၏ ဝိညာဉ်အကြွင်းအကျန် အပိုင်းအစလေးမှာ အမြီးကိုးချောင်း မြေခွေးမလေး၏ ဒူးကို ကိုယ်ထင်ပြ၍ ကန်ပစ်ချင်စိတ်များ တဖွဖွ ဖြစ်နေတော့သည်။
‘ဘာမှမသိတဲ့ ကောင်မလေး။ ဒါတွေက သာမန်ရွှေတွေ မဟုတ်ဘူး၊ ဆန်းကျယ်ရွှေတွေကွ။ မြင့်မြတ်လက်နက်တွေ သွန်းလုပ်လို့ရတဲ့ ရှားပါးပစ္စည်းတွေ’
ချန်ကျင်းကျင်း ဝင်ပြောလိုက်သည်။
“ညီမလေး... နင် မှားနေပြီ။ ငါ ထင်တာမမှားရင် ဒီသေတ္တာတွေကိုယ်တိုင်က လက်နက်သွန်းလုပ်ဖို့ အရမ်းကောင်းမွန်တဲ့ ကုန်ကြမ်းတွေပဲ။ အထဲက ပစ္စည်းတွေကို ထည့်မတွက်ရင်တောင် ဒီသေတ္တာတွေနဲ့တင် မြို့စားအဆင့် ကျင့်ကြံသူ အများကြီးကို မွေးထုတ်ပေးနိုင်တယ်”
နတ်ဆိုးဘုရင်တို့၏ ကိုယ်ခန္ဓာများ တုန်ယင်လာကြပြီး ထိုရွှေရောင်သေတ္တာကြီးများကို ဖွင့်ကြည့်ချင်သည့် စိတ်ဆန္ဒများကို မနည်းထိန်းချုပ်နေကြရသည်။
“စီနီယာအစ်မက ဆရာ့နားမှာ အမြဲရှိနေတော့ ဗဟုသုတ ပိုစုံတာပဲ။ ဒါဆိုလည်း ဒီပစ္စည်းခွဲဝေတဲ့ကိစ္စကို အစ်မပဲ စီစဉ်လိုက်ပါတော့”
ပိုင်ကျင်း နတ်ဆိုးဘုရင်များကို တမင်တကာ ဝေ့ကြည့်လိုက်သည်။
နတ်ဆိုးဘုရင်များအားလုံး အလုအယက် ခေါင်းညိတ်ထောက်ခံကြလေ၏။
သူတို့သည် ခရီးစဉ်တစ်လျှောက်လုံးတွင် ဘေးနားမှ အလှပြလူအုပ်အဖြစ်သာ ပါဝင်ခဲ့ရသူများပင်။
ချန်ကျင်းကျင်း ဆိုသည်။
“ကောင်းပြီလေ။ ငါတို့ ညီအစ်မ နှစ်ယောက်က ဒီက ရတနာတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ယူမယ်။ သေတ္တာတွေကို ငါတို့ အရင် ရွေးမယ်၊ ပြီးရင် အထဲက နတ်ဆိုးကျင့်စဉ်တွေကိုလည်း ငါတို့ပဲ အရင် စစ်ဆေးမယ်။
ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုတော့ နင်တို့ ဘာပဲတွေ့တွေ့ နင်တို့ပဲ ယူကြတော့။ ဘယ်လိုသဘောရလဲ”
နတ်ဆိုးဘုရင်များ တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
“ကျွန်တော်တို့ လက်မခံရဲပါဘူး။ ဆယ်ပုံတစ်ပုံဆိုရင်တင် ကျွန်တော်တို့အတွက် လုံလောက်ပါပြီ”
“ဟင်”
ပိုင်ကျင်းက စိတ်မရှည်စွာ ပြောသည်။
“ငါ့အစ်မ ခွဲဝေပေးတာ မမျှဘူးလို့ နင်တို့ ပြောချင်တာလား”
“မဟုတ်တာ လုံးဝ မဟုတ်ရပါဘူး”
သမာဓိမီးမြေခွေး အလျင်အမြန် ဝင်ပြောလိုက်သည်။
“ကျွန်တော်တို့ ဘိုးဘေးလေးတို့ စေတနာ အရမ်းကြီးလွန်းနေလို့ အားနာလို့ပါ”
ချန်ကျင်းကျင်း ချိုသာစွာ ပြုံးလိုက်၏။
“နင်တို့ ငါတို့ကို ဘိုးဘေးလေးလို့တောင် ခေါ်နေမှတော့ အပိုဆယ်ရာခိုင်နှုန်းကို နာမည်ပေးခ အဖြစ် သတ်မှတ်လိုက်ပေါ့”
“ဘိုးဘေးလေးတို့ တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ်”
နတ်ဆိုးဘုရင်များ၏ စကားများမှ ရိုးသားဖြူစင်လှပေသည်။
ဝံပုလွေနတ်ဆိုးဘုရင် သူ့ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
“ဘိုးဘေးလေးတို့ စိတ်ချပါ။ အမိန့်ပေးတာနဲ့ ကျွန်တော်တို့ ချက်ချင်း လိုက်နာပါ့မယ်”
“ဟုတ်တယ်။ ဘိုးဘေးလေး နှစ်ပါးအတွက် အသက်ကိုတောင် စတေးဖို့ အဆင်သင့်ပါပဲ”
နတ်ဆိုးဘုရင်များမှာ ငတုံး မဟုတ်ကြချေ။ ဘိုးဘေးလေးတို့က သူတို့လက်ကြားမှ လျှောကျခွင့်ပေးလိုက်သည့် အရာလေးများပင် သူတို့အတွက် များပြားလှသော ကံကောင်းမှုများ ဖြစ်နေသည်။ ဤကဲ့သို့ အရှင်သခင်မျိုး ဆယ်ယောက် ရှိပါက သူတို့လည်း မဟာပဏ္ဍိတအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
“တော်ပြီ။ သေတ္တာတွေကို စပြီး ရွေးကြတော့”
ပိုင်ကျင်းက သူတို့အပြုအမူများကို ကြည့်ပြီး ငြီးငွေ့လာလေ၏။ ရတနာ တစ်ခါမှ မမြင်ဖူးသလို လုပ်နေကြသည်မှာ ရှက်စရာကောင်းလှသည်။
သေတ္တာများကို ရွေးချယ်ခြင်းနှင့် ဖွင့်ကြည့်ခြင်းမှာ အတော်ပင် လက်ဝင်လှသည်။ သို့သော် နတ်ဆိုးဘုရင်များမှာ ထိုအလုပ်ကို အင်တိုက်အားတိုက် ပျော်ပျော်ပါးပါး လုပ်ဆောင်နေကြ၏။
ထိုအတောအတွင်း ထောင့်တစ်နေရာမှ နတ်ဆိုးနဂါး ဝိညာဉ်အကြွင်းအကျန်လေးမှာ ရင်ထဲကြိတ်၍ငိုနေတော့သည်။
‘ဒီစက်ဆုပ်စရာကောင်းတဲ့ နတ်ဆိုးတွေနဲ့ လူသားတွေ။ ငါသာ နောက်ထပ် နှစ်သန်းပေါင်း တစ်ထောင်လောက် အချိန်ရရင် မင်းတို့ မျိုးဆက်တွေကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်ပစ်မယ်’
သုံးရက်အကြာတွင်
ပွင့်သွားသော သေတ္တာများကို ကြည့်ပြီး ပိုင်ကျင်း၏ မျက်လုံးများ တောက်ပလာ၏။
“ဒီနဂါးနတ်ဆိုးအိုကြီးမှာ အဖိုးတန်ပစ္စည်းတွေ အများကြီး ရှိနေလိမ့်မယ်လို့ ထင်မထားဘူး။ ဒီရတနာတွေနဲ့ဆိုရင် ငါတို့ နောက်နောင် ငွေရေးကြေးရေးရော ကျင့်ကြံခြင်း အရင်းအမြစ်တွေပါ ဘယ်တော့မှ ပူစရာ မလိုတော့ဘူး”
ချန်ကျင်းကျင်း ပြုံးလျက် ဆိုလိုက်သည်။
“ဒီတစ်ခါတော့ ဆရာနဲ့ ဆရာကတော်တို့အတွက် လက်ဆောင်တွေ ယူသွားနိုင်ပြီ”
ပိုင်ကျင်း ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
“မှန်တယ်၊ အရင်က ဆရာတို့၊ စီနီယာအစ်ကိုတို့၊ အစ်မတို့ကပဲ ငါတို့ကို အမြဲ လက်ဆောင်ပေးခဲ့တာ။ အခုတော့ ငါတို့အလှည့် ရောက်ပြီ”
မိန်းကလေးငယ်နှစ်ဦး ဆရာနှင့် စီနီယာများ၏ ချီးကျူးမှုကို ခံယူနေရပုံကို စိတ်ကူးယဉ်နေကြတော့၏။
အနီးနားရှိ နတ်ဆိုးဘုရင်များမှာ မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။ သို့သော် သူတို့ကိုယ်တိုင် ရရှိထားသည်မှာလည်း မနည်းလှပေ။ မဟာပဏ္ဍိတအဆင့် ကျင့်စဉ်များနှင့် မြောက်မြားစွာသော ရတနာများကို သူတို့ ရှာဖွေတွေ့ရှိထားကြ၏။
ရွှေရောင်သေတ္တာများသည် အချိန်ကို တားဆီးထားနိုင်ပုံရသည်။ အတွင်းရှိ လက်နက်ကိရိယာများနှင့် ဆေးဖက်ဝင်အပင်များတွင် ဟောင်းနွမ်းသွားသည့် အရိပ်အယောင် လုံးဝ မရှိချေ။
“နတ်ဆိုးကျင့်စဉ်တွေ အားလုံးကို ယူလာခဲ့”
ပိုင်ကျင်း နတ်ဆိုးဘုရင်များကို အမိန့်ပေးလိုက်သည်။
“ဘိုးဘေးလေး... နတ်ဆိုးကျင့်စဉ် ဆယ့်ခုနစ်ခုစလုံး ဒီမှာပါ”
သမာဓိမီးမြေခွေး ကျောက်စိမ်းပြား ဆယ်ဂဏန်းခန့်ကို ပိုင်ကျင်းထံသို့ လှမ်းပေးသည်။
ပိုင်ကျင်းက၎င်းတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးဥပဒ်ပေးနိုင်သော ထိုကျောက်စိမ်းပြားများကို သူမ နတ်ဆိုးစွမ်းအားဖြင့် အမှုန့်ဖြစ်အောင် ချေဖျက်ပစ်လိုက်၏။
“ကောင်းပြီ။ ဒီက ကိစ္စတွေလည်း ပြီးပြီဆိုတော့ ငါတို့ ထွက်ခွာဖို့ အချိန်တန်ပြီ”
စကားအဆုံးတွင် ပိုင်ကျင်း ယခုတစ်ခေါက် ရရှိထားသော ရတနာအားလုံးကို သူမ သိုလှောင်လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။
နတ်ဆိုးဘုရင်ဝက်ဝံနက် ဧရာမတူကြီးကို ကိုင်ဆောင်ကာ အရှေ့မှနေ၍ လမ်းရှင်းပေး၏။
အချိန်အတန်ကြာ လမ်းဖောက်ပြီးနောက် သူတို့သည် အပြင်ဘက်သို့ ထွက်ပေါက်တစ်ခု ရှာတွေ့ကြသည်။
ပိုင်ကျင်းက လွမ်းဆွတ်နေရသော နေရောင်ခြည်ကို ကြည့်ရင်း ကျေနပ်နေပုံရသည်။ ထို့နောက် သူမ လှည့်မေးလိုက်သည်။
“ဒီနေရာက ဘယ်နေရာလဲဆိုတာ သိတဲ့လူ ရှိလား”
မြို့စားသမင် ပြန်ဖြေသည်။
“ဘိုးဘေးလေး ကျွန်တော် ထင်တာမမှားရင် ဒါက အဆိပ်တစ်သောင်းနွံအိုင် ဖြစ်ရမယ်။ အဆိပ်ရှိတဲ့ သတ္တဝါတွေ အများကြီးရှိတဲ့ နေရာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ရှိနေတာဆိုတော့ အဲဒီ အဆိပ်နဂါးအိုကြီးက မိုက်မိုက်ကန်းကန်း လုပ်ရဲမှာ မဟုတ်ပါဘူး”
“ကောင်းပြီ။ မင်းတို့အားလုံး နတ်ဆိုးဘုရင် အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်ကြ၊၊ ပြီးရင် ဒီဘိုးဘေးလေး ခရီးထွက်နေတယ်ဆိုတာကို နတ်ဆိုးမျိုးနွယ်စုတွေ သိအောင် ကြေညာလိုက်။ အကုန်လုံးကို လမ်းဖယ်ပေးဖို့ ပြောလိုက်”
ပိုင်ကျင်း အမိန့်အာဏာ အပြည့်ဖြင့် ပြောလိုက်လေ၏။
နတ်ဆိုးဘုရင်များ သူမ စကားကို အထူးအဆန်းဟု မယူဆကြချေ။
သူမကဲ့သို့ အဆင့်အတန်းမျိုးအတွက် နီဗားနားရှင်သန်ခြင်းအဆင့် နတ်ဆိုးဘုရင် ဆယ်ယောက်ကျော် လမ်းရှင်းပေးရသည်မှာ သင့်တင့်လျောက်ပတ်လှပေသည်။
ဥဒေါင်းနတ်ဆိုး မူလကိုယ်ထည်ကို ဖော်ထုတ်လိုက်ပြီး မိန်းကလေးနှစ်ဦး၏ အနီးတွင် ဝပ်စင်းပေးလိုက်သည်။
ပိုင်ကျင်း ချိုသာစွာ ပြုံးလိုက်သည်။
“နင်က တော်တော်လေး အကဲခတ်တတ်တာပဲ။ ငါ့ရဲ့ တစ်သက်တာ စီးတော်ယာဉ်အဖြစ် နေချင်လား”
“လိုလိုလားလား ရှိပါတယ်။ ကျွန်မကို လက်ခံပေးဖို့ ဘိုးဘေးလေးကို အသနားခံပါတယ်”
ဥဒေါင်းနတ်ဆိုးကိုယ်တိုင် နတ်ဆိုးနိုင်ငံတော်တစ်ခု၏ မြို့စားအဆင့်ရှိသူ ဖြစ်သည်ကို လုံးဝ မေ့လျော့နေတော့၏။
နတ်ဆိုးဘုရင်များကြားတွင် ခဏမျှ တိတ်ဆိတ်သွားပြန်သည်။
သို့သော် အစောပိုင်းက သမာဓိမီးမြေခွေးကို ဘိုးဘေးလေးတို့ မည်သို့ဆက်ဆံခဲ့သည်ကို ပြန်လည်သတိရသွားကြသဖြင့် မျက်နှာချိုသွေးချင်သည့် စိတ်ကူးများကို စွန့်လွှတ်လိုက်ကြတော့၏။
“ကောင်းပြီ။ ဒီနေ့ကစပြီး နင် ငါတို့နောက်ကို လိုက်ခဲ့တော့။ ဒါပေမဲ့ ခရီးသွားတဲ့အခါ နတ်ဆိုးအရှိန်အဝါကို ထိန်းထားဖို့ မမေ့နဲ့ဦး။ ကလေးတွေကို ထိတ်လန့်အောင် လုပ်မိရင် မကောင်းဘူး”
ပိုင်ကျင်း တမင်တကာ သတိပေးလိုက်သည်။
“စိတ်ချပါ ဘိုးဘေးလေး။ ချိုက်ဟုန် ဘာလုပ်ရမလဲဆိုတာ သိပါတယ်”
ချိုက်ဟုန် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ပြီး နောက်ဆုံးတော့ သူလည်း မဟာပဏ္ဍိတ ဖြစ်လာဖို့ အခွင့်အရေး ရပြီဟု တွေးနေတော့သည်။
ခဏအကြာတွင် နီဗားနားရှင်သန်ခြင်းအဆင့် နတ်ဆိုးဘုရင် ဆယ်ယောက်ကျော်၏ အရှိန်အဝါများသည် အဆိပ်တစ်သောင်းနွံအိုင် တစ်ခုလုံးကို ရုတ်တရက် ဖုံးလွှမ်းသွားတော့သည်။
ဤသည်က နွံအိုင်အတွင်းရှိ နတ်ဆိုးမျိုးနွယ်စုများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။
“ဝူး…”
ကြီးမားလှသော အဆိပ်အိုင်ကြီးတစ်ခုထဲမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
“သမာဓိမီးဘုရင်၊ ချိုက်ဟုန်၊ မြို့စားသမင် မင်းတို့ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီးကို ဒီကို ခေါ်လာတာ ငါ့ကို လာစိန်ခေါ်ဖို့လား”
သမာဓိမီးမြေခွေး အထင်အမြင်သေးစွာ ပြန်ပြောလိုက်သည်။
“အဆိပ်အိုကြီး၊ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။ ဒီနေ့ ငါတို့က ချင်ကျိုးက ဘိုးဘေးလေးတို့ ခရီးစဉ်ကို လိုက်ပါပို့ဆောင်ပေးနေတာ။ မင်း အဆိပ်တစ်သောင်းနွံအိုင်ကို ဖြတ်သွားရုံသက်သက်ပဲ။ အခြေအနေကို သိပြီး ငြိမ်ငြိမ်နေစမ်း။ ဘိုးဘေးလေးတို့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိလို့ကတော့ ချင်ကျိုးနဲ့ ဝမ်တောက်ကျောင်းတော်ရဲ့ ဒေါသကို မင်း တောင့်ခံနိုင်မှာ မဟုတ်ဘူး”
အဆိပ်အိုင်ထဲမှ မျက်လုံးတစ်ဖက်လပ်နေသော မည်းနက်သည့်ရေနဂါး ကြီးသည် ချိုက်ဟုန်၏ ကျောပေါ်တွင် ထိုင်နေသော မိန်းကလေးနှစ်ဦးကို မြင်လိုက်ရချိန်တွင် သမာဓိမီးမြေခွေး နောက်နေခြင်း မဟုတ်မှန်း သိလိုက်ရ၏။
နတ်ဆိုးဘုရင် သုံးယောက်မှာ တောင်တန်းတစ်သိန်းကျော်တွင် ဝင့်ကြွားလွန်းလှသူများ ဖြစ်ကြသည်။ ယခု သူတို့သည် စီးတော်ယာဉ်အဖြစ် လိုလိုလားလား အမှုထမ်းနေကြ၏။
အထူးသဖြင့် ချိက်ဟုန်၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာပေးကို ကြည့်ခြင်းအားဖြင့် ချင်ကျိုး ဘိုးဘေးငယ်လေး၏ အရှိန်အဝါကို အမိအရ ဆုပ်ကိုင်ထားနိုင်သည်မှာ သိသာလှပေသည်။
“ချင်ကျိုးက ဘိုးဘေးလေးတို့ ကြွမြန်းလာတာကိုး။ ကျွန်တော်မျိုး မလေးမစား လုပ်မိသွားပါတယ်”
ထိုစကားကို ကြားသောအခါ အဆိပ်တစ်သောင်းနွံအိုင်အတွင်းရှိ သတ္တဝါများအားလုံး သူတို့ဂူများအတွင်းသို့ ပြန်ဝင်သွားကြပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲကြတော့ချေ။
သုံးရက်အကြာတွင် နတ်ဆိုးဘုရင်များသည် ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ကို သားရဲရာချီမြို့တော်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြ၏။
ယုအားလန်နှင့် အခြားသူများကို မှာကြားစရာရှိသည်များ မှာကြားပြီးနောက် စစ်တုရင်နယ်ရုပ်သုံးရုပ် ချန်ထားရစ်ကာ ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့သည် ချိုက်ဟုန်ကို စီးနင်း၍ ထွက်ခွာသွားကြတော့သည်။
သားရဲရာချီမြို့တော်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ရင်း သူတို့ရင်ထဲမှ လေးလံသော ဝန်ထုတ်ကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရလေ၏။
ထိုဘိုးဘေးလေး နှစ်ယောက် နောက်ဆုံးတော့ ထွက်သွားကြတော့၏။
ချိုက်ဟုန်၏ ကျောပေါ်တွင် ပိုင်ကျင်း ချန်ကျင်းကျင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
“စီနီယာအစ်မ နောက်ထပ် ဘယ်ကို သွားကြမလဲ”
ချန်ကျင်းကျင်း ပြန်ဖြေလိုက်သည်။
“အရင်တစ်ခါက ငါရွေးခဲ့တာဆိုတော့ ဒီတစ်ခါတော့ ညီမလေးပဲ ဆုံးဖြတ်လေ”
ပိုင်ကျင်း သူမ၏ ခေါင်းလေးကို စောင်းကာ စဉ်းစားလိုက်၏။
“ဒါဆိုရင် အနောက်မြောက်ဘက်ကို ပျံကြစို့။ ခဏလောက် ထပ်လည်ပတ်ပြီးမှ ဝမ်တောက်ကျောင်းတော်ကို ပြန်ကြတာပေါ့”
“သဘောတူတယ်”
ဝမ်တောက်ကျောင်းတော်၊ မြောင်တောင်။
ရှီးရွှမ်သည် ချူဖုန်း၏ လက်အောက်တွင် ပညာသင်ကြားခဲ့သည်မှာ သုံးလရှိခဲ့ပါ၏။
ယနေ့တွင် သူသည် ရိုးရှင်းမှုတွင်ပျော်မွေ့ခြင်း ကျမ်းစာကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။ နောက်တစ်ဆင့်အနေဖြင့် သူ လျှို့ဝှက်ချက်ကိုးပါးကျမ်းကို တရားဝင် စတင်ကျင့်ကြံနိုင်ပြီ ဖြစ်သည်။
သို့သော် သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု ရှိနေသည်။ လျှို့ဝှက်ချက်ကိုးပါးထဲမှ မည်သည့်အရာကို အရင်ဆုံး ကျင့်ကြံသင့်သနည်း။
ထို့ကြောင့် ရှီးရွှမ် ဆရာ့ထံသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်လေ၏။
အမွှေးတိုင် တစ်တိုင်စာခန့် လမ်းလျှောက်ပြီးနောက် သူသည် ဌာနမှူးခြံဝင်းသို့ ရောက်ရှိလာခဲ့သည်။
“တပည့် ရှီးရွှမ် ဆရာ့ကို ဂါရဝပြုပါတယ်”
“ထပါ”
ချူဖုန်း ရှီးရွှမ် ရောက်လာသည်ကို မြင်သောအခါ မေးလိုက်သည်။
“ကျင့်ကြံတဲ့နေရာမှာ အခက်အခဲတွေ တွေ့နေလို့လား”
“ဆရာ့အမြင်ကနေ ဘာမှ ဖုံးကွယ်လို့ မရဘူးပဲ”
ထို့နောက် ရှီးရွှမ်သည် သူ သိလိုသည်များကို စတင် မေးမြန်းလိုက်တော့၏။