အခန်း ၃၈၇
Vol. 39 Ch. 387
အခန်း (၃၈၇) မေ့လျော့ခံ ရှီးရွှမ်
“လျို့ဝှက်ကိုးပါးကျမ်းမှာ သူ့အားသာချက်သူ ရှိတယ်။ ဘယ်ဟာကို အရင်ကျင့်ကြံရမလဲဆိုတာ မသိတာ သာမန်ပါပဲ”
ချူဖုန်း ပြုံးကာ ပြောသည်။
“ငါ အကြံပေးချင်တာကတော့ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာ မင်းနှလုံးသားကို ဆုံးဖြတ်ခိုင်း”
ထိုစကားများ ထွက်လာသည်နှင့် ရှီးရွှမ် မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွားသည်။ သူ တီးတိုး ရေရွတ်သည်။
“နှလုံးသားကို ဆုံးဖြတ်ခိုင်းရမယ်။ ငါ့နှလုံးသားက ဘာကို တွေးနေလဲ”
ထိုသည်ကို မြင်သော် ချူဖုန်း လက်ဖက်ရည်တစ်ခွက်ကို ပေါ့ပေါ့ပါးပါး ဖျော်ကာ ရှီးရွှမ်ကို ပေးလိုက်သည်။
“အရင်ဆုံး နှလုံးသားကြည်လင် လက်ဖက်ရည်တစ်ခွက် အရင်သောက်လိုက်။ မင်းနှလုံးသားထဲက ဆန္ဒကို မြင်နိုင်ပြီဆိုရင် အဖြေကို သိလာလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ရှီးရွှမ် မဆိုင်းမတွ လက်ဖက်ရည်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ သူ့စိတ်ကို ငြိမ်သက်စေသည်။
သိပ်မကြာခင် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။
‘ငါ ရှီးရွှမ်က နတ်ဘုရားဧကရာဇ်တစ်ပါးဖြစ်လာစေရမယ်။ တစ်ပါးသူရဲ့ ခြေနင်းကျောက်တုံး ဘယ်တော့မှ မဖြစ်စေရဘူး။ ငါ့ကို တားတဲ့ ဘယ်သူမဆို ငါ့ခြေထောက်အောက်မှာ ချနင်းခံရမယ်’
သူ့စိတ်ထဲတွင် ထိုအတွေးပေါ်လာသည်နှင့် ရှီးရွှမ် သူ့စိတ် ပြတ်သားသွားသလို ခံစားရ၏။
သူ ဖြည်းညှင်းစွာ မျက်လုံးဖွင့်ပြီး ရေရွတ်သည်။
“နတ်ဘုရားဧကရာဇ်ဖြစ်လာဖို့ဆိုတာက ကျွန်တော့်ဘဝ ရည်မှန်းချက်ပဲ”
ချူဖုန်း ရယ်မောသည်။
“မင်း အိပ်မက်ကလည်း သေးလိုက်တာ။ ငါ့တပည့်ဖြစ်လာပြီဆိုတည်းက အနည်းဆုံးတော့ အင်မော်တယ်ဧကရာဇ်အဆင့်ကို မှန်းသင့်တယ်။ အခု မင်း မင်းရွေးချယ်ပြီးပြီလား”
ရှီးရွှမ် ခေါင်းမော့ပြီး လေးစားစွာ ဖြေသည်။
“ဆရာ ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ အရင်ဆုံး လျှို့ဝှက်ချက်ကိုးပါးထဲက ချန်ကို အရင်လေ့ကျင့်မယ်။ ကောင်းကင်က ကျွန်တော့်ကို ပါရမီရှင်အတွက် ခြေနင်းကျောက်တုံး ဖြစ်စေမှတော့ ကျွန်တော် ချန်ကို လေ့ကျင့်ပြီး သူတို့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မယ်။ သူတို့ ကံကြမ္မာကို ဖြတ်တောက်မယ်”
“ကောင်းတယ်”
ချူဖုန်း သူ့လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်း၏။
“မင်း ရွေးချယ်တာ ကောင်းတယ်။ ဒါပေမဲ့ မှတ်ထားပါ။ မင်းလျှို့ဝှက်ချက်တစ်ခုကို အပြည့်အဝ နားမလည်သေးသရွေ့ စစ်မှန်ကံကြမ္မာအဆင့်ကို မတက်ရဘူး”
“ဘာလို့လဲ ဆရာ”
ရှီးရွှမ် သူ့မျက်နှာပေါ်တွင် သံသယကို ထုတ်ပြလိုက်သည်။
“ပြောပြလို့မရဘူး”
ချူဖုန်း သူ့ယပ်တောင်ကို ခါယမ်းလိုက်ရင်း လျှို့ဝှက်ဆန်းကြယ်သယောင် ပြုလုပ်လိုက်သည်။
ရှီးရွှမ် ထပ်မံ မေးလိုက်သည်။
“ဒါဆို ကျွန်တော် အဆင့်တက်ချင်တာကို မထိန်းနိုင် ဖြစ်လာရင်ရော”
ချူဖုန်း ပြုံးသည်။
“အဲ့လိုချိန်ကျရင် ငါ့ဆီလာခဲ့။ ငါ့မှာ ပိုလျှံနေတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို နာကျင်မှုမရှိဘဲ ဖယ်ထုတ်နိုင်တဲ့ နည်းလမ်းရှိတယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ထိုသို့ပြောရင်း ရှီးရွှမ် လှည့်ထွက်သွားတော့သည်။
သူ့တပည့် ကျောပြင်ကို ကြည့်ရင်း ချူဖုန်း ရေရွတ်သည်။
“ရွှမ်ထျန်းတိုက်ကြီးရဲ့ လူငယ်မျိုးဆက်တွေကြားက ကံကြမ္မာသားတော်တွေရေ မင်းတို့ အနာဂတ်ရဲ့ ဗီလိန်ဘုရင် ရှီးရွှမ်ကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ချင်နေပြီ”
သိပ်မဝေးသည့်နေရာ၌ ပင်းယန် ထိုစကားကို ကြားပြီး မေးသည်။
“ယောက်ကျ်ား ရှင်ဘယ်လို ကောင်းကင်ကို ဆန့်ကျင်မဲ့ အရာတွေ လုပ်နေရတာလဲ။ ကောင်းကင်က တန်ပြန်တိုက်ခိုက်မှာ မကြောက်ဘူးလား”
ချူဖုန်း ရယ်မောသည်။
“ယောကျ်ားတွေဆိုတာ ကောင်းကင်ကို အနိုင်ယူနိုင်ရမယ်လေ။ ရှီးရွှမ်က ကိုယ့်တပည့်ဖြစ်ပြီဆိုတော့ ကိုယ်က သူ့တစ်ဘဝလုံး စိုးရိမ်မနေရအောင် ကောင်းကင်ကို ဆန့်ကျင်ပေးရမှာပေါ့။ ပြီးတော့ ကိုယ် ကံကြမ္မာကို ဆန့်ကျင်ရတယ်ဆိုတာ ဘယ်လိုလဲ သိချင်သေးတယ်။ ဘဝကြီးက ပျင်းဖို့ကောင်းလောက်အောင်ထိ သက်တမ်းရှည်တယ်။ မင်းလည်း မပျော်ချင်ဘူးလား”
ပင်းယန် မျက်လုံးလှန်လိုက်၏။ သူမ ယောကျ်ားသည် အမြဲတစေ အရှုံးမပေးတတ်သည့် ကလေးဆိုးလေးနှင့် တူသည်။
ချူဖုန်းသာ သူမ အတွေးများကို ကြားလျှင် သူသေချာပေါက် အတည်ပေါက်ကြီး ပြန်ဖြေမိပေမည်။
‘ယောကျ်ားဆိုတာ မသေခင်ထိ လူငယ်လေးပဲကွ’
သူ့ခြံဝင်းသို့ ပြန်ရောက်သော် ရှီးရွှမ် ချန်လျှို့ဝှက်ချက်ကို စတင်ဆင်ခြင်တော့သည်။
တိုးတက်မှုက ငြီးငွေ့ဖွယ်ဖြစ်သော်လည်း ရှီးရွှေ့ မပျင်းရိချေ။
သူ့လက်ရှိ အဆင့်အတန်းသည် ရှီးမိသားစု၏ ထောက်ပံ့ပေးမှုအပြင် သူ့ကိုယ်ပိုင် ထူးခြားသည့် ပါရမီကြောင့်ပေ။ အရေးကြီးဆုံးမှာ သူသည် အထီးကျန်မှုကို ခံနိုင်ရည်ရှိရန်နှင့် သူကိုယ်တိုင် ကျင့်ကြံခြင်းထဲ နစ်မြှုပ်သွားရန်ပင်။
အချိန်များ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။
သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ခွင့်ရခဲ့သော တပည့်များသည် ဝမ်တောက်ကျောင်းတော်၌ အဓိက အာရုံစိုက်စရာများ ဖြစ်လာသည်။
အပြင်စည်းတပည့်များသည်လည်း စိတ်မပျက်စေခဲ့ပေ။ သူတို့သည် ဝမ်တောက်ကျောင်းတော်၏ အတောက်ပဆုံး ပါရမီရှင်များကို မယှဉ်နိုင်သေးသော်လည်း ကျန်သည့်တပည့်များနှင့် ယဉ်ပြိုင်တိုက်ခိုက်ရာဖြစ်စေ အခြားမည်သည့်နေရာ၌ ဖြစ်စေ သူတို့သည် ပေါ်လွင်ထင်ရှားနေဆဲပင်။
သူတို့ လေ့ကျင့်ရေးတာဝန်တိုင်း၌ ပါဝင်သူများကို အံ့ဩစေခဲ့သည်။ သောင်းပြောင်းပညာရပ်ဌာန၏ အပြင်စည်းတပည့်များကြားတွင် သူတို့ ထင်ရှားပေါ်လွင်နေတော့၏။
ရှီးရွှမ်နာမည်သည် ဆွေးနွေးမှုများကြား၌ မကြာခဏ ပါလာတတ်သည်။ မည်သို့ပင်ဆိုစေ သူ ဝမ်တောက်ကျောင်းတော်သို့ ဆရာရှာရန် ပထမဆုံးလာသည့်အခါ၌ပင် အကြီးအကဲချင်း၏ တပည့်အဖြစ် လက်ခံခြင်းကို ခံခဲ့ရသည်။
အကြီးအကဲချင်းသည် သူငယ်အိမ်နှစ်ခု မျက်ဝန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမပင် စံနှုန်းကို ချိုးဖျက်၍ ရှီးရွှမ်ကို တပည့်အဖြစ်လက်ခံခဲ့သည်ကို သိသော် ထိုသူ တစ်ခုခုထူးခြားရပေမည်။ တစ်နှစ်ကြာပြီးနောက် ရှီးရွှမ် လှုပ်ရှားမှု မပြချေ။
တစ်နှစ်ထပ်ကြာသွားသည်။ ရှီးရွှမ် လူကြားထဲ၌ပင် ပေါ်မလာတော့ပေ။
ဝမ်တောက်ကျောင်းတော်၌ ကောလဟာလများ ပျံ့နှံ့လာ၏။ အချို့က ရှီးရွှမ်တွင် ပါရမီမရှိပေ။ သူ သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ရောက်နိုင်သည်မှာ မိသားစု၏ ထောက်ပံ့မှုကြောင့် ဟူ၍ပင်။
အချို့က ရှီးမိသာစုသည် အကြီးအကဲချင်းနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည့်အတွက် သူ့ကို ဌာနသို့ ခေါ်ဆောင်လာခြင်းဟု ပြောသည်။
ရှီးရွှမ်အပေါ် မည်သူမှ မျှော်လင့်ချက် မထားတော့ချေ။ ရှီးမိသားစုမှ သူ့ထံပို့ပေးသည့် စာများပေါ်တွင်တောင် ပြန်စာ မရှိတော့ပေ။
ထိုသည်က ကောလဟာလများကို အတည်ပြုပေးသလို ဖြစ်သွား၏။
ကျင့်ကြံသူများသည် သုံးနှစ်တစ်ကြိမ်ကျင်းပသည့် အပြင်စည်းတပည့် ပြိုင်ပွဲကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပြီး သုံးနှစ်အတွင်း ရှီးရွှမ် မည်မျှ ကြီးထွားလာမည်ကို သိချင်နေကြသည်။
မြောင်တောင်ပေါ်တွင်
ချူဖုန်း ရှီးရွှမ်၏ ခန္ဓာကိုယ်ထဲမှ လျှံထွက်နေသော ဝိညာဉ်စွမ်းအားများကို စုပ်ထုတ်လိုက်သည်။
ရှီးရွှမ်သည် ထိုအရာကို မအံ့ဩတော့ချေ။ တစ်နှစ်ခွဲကြာပြီးနောက် သူ့စိတ်ဝိညာဉ်စွမ်းအား လျှံထွက်လာသည့်အတွက် ဆရာ့ထံလာခြင်းဖြစ်သည်။
သူ့ဆရာ ပထမဆုံးအကြိမ် သူ့စွမ်းအားများကို စုပ်ယူသည့်အခါက သူ ထိတ်လန့်သွားသည်။ သူ့ဆရာတွင် ယခုလို ထိတ်လန့်ဖွယ်ရာကောင်းသည့် နည်းစနစ်များ ရှိနေမည်ဟု မထင်ထားပေ။
သို့သော် သိပ်မကြာခင် ချူဖုန်း ရှင်းပြလာသည်။ ရှီးရွှမ်သည် ထိုနည်းစနစ်ကို သူ့စီနီယာအစ်ကိုထံမှ သင်ယူရသည့်အခါတွင် ဆရာ့အပေါ် လေးစားမှုများသည် ပို၍ နက်ရှိုင်းလာတော့၏။
“ကောင်းပြီ။ မင်းကိုယ်ထဲက ပိုနေတဲ့ စွမ်းအားတွေအကုန် စုပ်ပြီးသွားပြီ။ နောက်သုံးလလောက်အထိ စိုးရိမ်စရာ မလိုတော့ဘူး”
ရှီးရွှမ် ခေါင်းညိတ်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။ ဒါပေမဲ့ ဒီတပည့်က ဉာဏ်နည်းတယ်လို့ထင်လား။ အချိန်တွေ အတော်ကြာနေပြီ။ အခုထိ ချန်လျှို့ဝှက်ချက်ကို နားမလည်သေးဘူး”
ချူဖုန်း ရယ်မောသည်။
“မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ အရင်တုန်းက မင်းစီနီယာအစ်မချူဆို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရတာ။ ပြီးမှ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တာ။ ငါတို့ သောင်းပြောင်းပညာရပ်ဌာနက တခြားဌာနတွေလို ပုံမှန်စည်းမျဉ်းတွေကို မလိုက်နာဘူး။ မင်း လျှို့ဝှက်ချက်တစ်ခုကို နှစ်သုံးဆယ်ကြာ နားလည်ဆင်ခြင်ရင်တောင် ကိစ္စ မရှိဘူး”
ထိုစကားများ ကြားလိုက်ပြီးနောက် ရှီးရွှမ်၏ ရင်ဘက်ပေါ်မှ အလေးတုံးကြီး ပေါ့သွားတော့၏။
သူ့ဆရာက သူ့အပေါ် နားလည်မှု နှေးကွေးမည်ဟု ထင်မည်ကို စိုးရိမ်နေခဲ့ပါသည်။
ချူဖုန်း ထပ်လောင်းပြောသည်။
“မှတ်ထား။ အစစ်အမှန်စွမ်းအားဆိုတာ စိတ်ရှည်မှုကနေ လာတာ။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ကျင့်ကြံချည်”
“ဟုတ်ကဲ့ပါ ဆရာ”
ရှီးရွှမ် သူ့စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။
‘ငါ ချန်လျှို့ဝှက်ချက်ကို မြန်မြန်နားလည်အောင်လုပ်ပြီး ဆရာ စိတ်မပျက်ရအောင် ကြိုးစားမယ်’
အချိန်သည် သတိပင်မထားမိဘဲ ကုန်ဆုံးလာ၏။ နောက်ထပ် တစ်နှစ်ကုန်သွားသည်။
ဝမ်တောက်ကျောင်းတော်အတွင်း လူတိုင်းသည် ပါရမီရှင် ရှီးရွှမ်ကို မေ့လျော့သွားတော့၏။
ထိုအစား သောင်းပြောင်းပညာရပ်ဌာန၏ ကြယ်ပွင့်အသစ်နှစ်ဦးဖြစ်သည့် ချန်ကျွင်းနှင့် ချင်ယွမ်တို့ကို အာရုံစိုက်လာကြသည်။ ပထမတစ်ယောက်သည် သုံးနှစ်ကြာ ကျင့်ကြံပြီးနောက် တာအိုပေါင်းစည်းခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့ပြီး အပြင်စည်းပြိုင်ပွဲကို အနိုင်ရခဲ့သည်။
နောက်တစ်ယောက်သည် ယဲ့ပေရွှမ်နောက်လိုက်ရင်း အပြင်လောကတွင် နှစ်နှစ်ခွဲကြာ လေ့ကျင့်ခဲ့သည်။ သူ့ကျွမ်းကျင်လာခဲ့သည် နဂါးပျံအသွင်ပြောင်းချင်းကျမ်းဖြင့် အတွင်းစည်းပြိုင်ပွဲကို အနိုင်ယူခဲ့ပြီး ယဲ့ပေရွှမ်၏ အတိတ်ဂုဏ်ကျက်သရေများကို ဆက်ခံနိုင်သူအဖြစ် ချီးကျူးခံခဲ့ရ၏။
ထိုချီးကျူးဂုဏ်ပြုသံများက ရှီးရွှမ်၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်ခဲ့ချေ။
သူ ချန်လျှို့ဝှက်ချက်ကို နားလည်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်ဟု ခံစားနေရသည်။ သူ နားလည်တော့ပေမည်။
ထိုစဉ် ချူဖုန်းသည် ရှောင်ချန်းပြန်အလာကို စားသောက်ပွဲတစ်ခု ပြင်ဆင်ရင်း စောင့်နေသည်။
လဝက်ကြာပြီးနောက်
တစ်ခုသော အာရုဏ်တက်ချိန်တွင်
သူ ရင်းနှီးနေသည့် အသိပေးချက်တစ်ခုကို လက်ခံရလိုက်သည်။
“သင့်တပည့် ရှောင်ချန်းသည် အင်မော်တယ်ခန္ဓာ ကောင်းကင်ဖြတ်ပိုင်းဓားခန္ဓာကို ရရှိခဲ့ပါပြီ။ တာအိုအနှစ်သာရတစ်ခုကို နားလည်သွားပါသည်။ သင့်ကို ဆုလာဘ်အဖြစ် နှစ်တစ်ရာ ကျင့်ကြံခြင်း၊ ကောင်းကင်ဖြတ်ပိုင်းဓားခန္ဓာ ပြီးပြည့်စုံခြင်းအဆင့်နှင့် တာအိုအနှစ်သာရ ဆယ်ခုကို ဆုလာဘ်အဖြစ် ချီးမြှင့်ပါသည်”
သိပ်မကြာခင် ရှောင်းချန်ထံမှ အသံလွှင့်အဆောင်တစ်ခု ရောက်လာသည်။ ထိုအထဲတွင် သူ ဝမ်တောက်ကျောင်းတော်သို့ ရောက်ခါနီးနေပြီဖြစ်ကြောင်း ပြောထား၏။
ချူဖုန်း ပျော်ရွှင်သွားတော့သည်။ ရှောင်ချန်းအပြင် သူ့အခြားတပည့်များလည်း များစွာ တိုးတက်လာခဲ့သည်။
ချောင်ရို့ချန်သည် တာအိုပေါင်းစည်းခြင်း နဝမအဆင့်သို့ ရောက်သွားပြီး ချင်းချင်းသည် တာအိုပေါင်းစည်းခြင်း ပဉ္စမအဆင့်သို့ ရောက်သွားသည်။ ယဲ့ပေရွှမ်သည် တာအိုပေါင်းစည်းခြင်း ဒုတိယအဆင့်သို့ ရောက်သွားပြီး ဟုန်မန်တာအိုအနှစ်သာရကို ပြီးပြည့်စုံခြင်းအဆင့်ထိ နားလည်ထားသည်။
ထို့ပြင် ရွှီချိုက်ချန်သည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်း နဝမအဆင့်သို့ ရောက်သွားခဲ့သည်။ ဟန်ပင်းသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်း ပဉ္စမအဆင့်၊ ချူချိုက်ယီသည် ကောင်းကင်ဇာစ်မြစ် နဝမအဆင့်၊ ဖုန်းမူသည် ကောင်းကင်ဇာစ်မြစ် သတ္တမအဆင့်နှင့် နျဲ့ရှို့ယွမ်သည် နီဗားနားရှင်သန်ခြင်း ဒုတိယအဆင့်သို့ ရောက်သွားတော့၏။
ချန်ကျင်းကျင်း အပြင်ထွက်လေ့ကျင့်ပြီးနောက် ကောင်းကင်ဇာစ်မြစ် ဆဋ္ဌမအဆင့်သို့ ရောက်သွားပြီး ပိုင်ကျင်းသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်း တတိယအဆင့်သို့ ရောက်သွားပြီး ကောင်းကင်အသွင်ပြောင်းခြင်း သုံးဆယ့်ခြောက်သွယ်ကျမ်းတွင် လေနှင့်မိုးဆင့်ခေါ်ခြင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ နားလည်ထားသည်။
သူ့တပည့်များသည် ချူဖုန်း၏ ကျင့်ကြံခြင်းကို နှစ်ရာချီစွမ်းအားများ ပေးခဲ့ပြီး တာအိုအနှစ်သာရတွင်လည်း သုံးဆယ့်ခုနစ်မှတ်ပေးခဲ့သည်။ ၎င်းသည် ရူးလောက်စရာ ရိတ်သိမ်းမှုကြီးပင်။
မြောင်တောင်ပေါ်တွင် ရှောင်ချန်း ပြန်အလာ စောင့်နေစဉ် ရှီးရွှမ်သည် နောက်ဆုံးသော ခြေလှမ်းတစ်တက်ကို ဖြတ်ကျော်သွားတော့သည်။