အခန်း ၃၈၈
Vol. 39 Ch. 388
အခန်း (၃၈၈) ချူဖုန်း၏ ဆုံးမစကား
ညဉ့်အမှောင်ယံမှာ အလွန်ပင် နက်ရှိုင်းနေသည်။
ရှီးရွှမ်မှာ သူ့ခြံဝန်းအတွင်း၌ ကျင့်ကြံနေဆဲပင်။
သူ၏ သိစိတ်ပင်လယ်အတွင်း၌ တာအိုကျမ်းစာများဖြင့် ဖွဲ့စည်းထားသော “ချန်” ဟူသည့် စာလုံးတစ်လုံးမှာ ပုံပေါ်လာလုနီးနီး ဖြစ်နေသည်။
အချိန်များ ကုန်လွန်သွားပြီး အရုဏ်မတက်မီမှာပင် မြောင်တောင် ပေါ်ရှိ တပည့်များသည် နိုးထလာကြကာ နေ့စဉ်ကျင့်နေကြ ကျင့်စဉ်များကို စတင်ကြ၏။
ပြင်ဆင်မှုများ ပြီးဆုံးခါနီးအချိန်မှာပင် ကောင်းကင်ယံသို့ နတ်ဘုရားရောင်ခြည်တစ်ခု ထိုးတက်သွားပြီး ကမ္ဘာမြေကို တုန်ဟီးစေသည့် ထူးခြားဆန်းပြားသော နိမိတ်များ ပေါ်ပေါက်လာလေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ချင်ယွမ် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဆရာ... ကောင်းကင်က နိမိတ်တွေကို ကြည့်ပါဦး။ မြောင်တောင်ပေါ်က ဘယ်ဆရာဦးလေးက အဆင့်တက်နေတာလဲမသိဘူး”
ယဲ့ပေ့ရွှမ် ခေါင်းကိုမော့ကာ သူ၏ နတ်ဘုရားအာရုံဖြင့် အနည်းငယ် အကဲခတ်လိုက်ပြီးနောက် ပြုံးလိုက်၏။
“ဒါက မင်းရဲ့ ဦးလေးရှီး အဆင့်တက်နေတာပဲ။ ဒါ နတ်ဘုရားခန္ဓာ နိုးထလာတဲ့ နိမိတ်ပဲ။ သုံးနှစ်ကြာ ကျင့်ကြံပြီးတဲ့နောက်မှာတော့ လူတချို့ ကံဆိုးမိုးမှောင်ကျတော့မယ် ထင်တယ်”
သူ၏ အတိတ်ဘဝတုန်းကလည်း ရှီးရွှမ်နှင့် လက်ရည်ယှဉ်ခဲ့ဖူးလေ၏။ ထိုစဉ် ရှီးရွှမ်မှာ မြောက်ပိုင်းချောက်နက်၏ နံပါတ်တစ် ပါရမီရှင်အဖြစ် ကျော်ကြားခဲ့သူဖြစ်သည်။
သို့သော် အကြောင်းရင်းမသိရဘဲ နောက်ပိုင်းတွင် ရှီးရွှမ်သည် အမည်မသိပုဂ္ဂိုလ်များ၏ အကြိမ်ကြိမ် အနိုင်ယူခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် ရှီးမိသားစု၏ အမွှာကျောက်တုံး တိုက်ပွဲ၌ အသက်ဆုံးပါးခဲ့ရသည်။ ယင်းမှာ လူအများအား သက်ပြင်းချရစေသည့် အဖြစ်ဆိုးတစ်ခုပင်။
ယခုဘဝတွင် ရှီးရွှမ်၏ ကံကြမ္မာနှင့် ကံကြွေးပတ်သက်မှုများကို သိရှိသွားပြီးနောက် ယဲ့ပေ့ရွှမ်သည် ထိုစဉ်က သူအဘယ်ကြောင့် ထိုသို့ ပျက်စီးခဲ့ရသည်ကို နားလည်သွားခဲ့လေ၏။
ယခုတစ်ကြိမ်တွင်မူ သူ့ညီငယ်သည် ကောင်းကင်ကံကြမ္မာကို ဆန့်ကျင်ပြီး ဘဝကို ပြောင်းလဲနိုင်မည်မှာ သေချာပေသည်။
“နတ်ဘုရားခန္ဓာ”
ချင်ယွမ် မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
“ဆရာ... ဆရာ့တပည့်ကို တိတ်တိတ်လေး ပြောပြလို့ရမလားဟင်။ ဆရာဘိုးဘိုးက ဆရာတို့အားလုံးရဲ့ နတ်ဘုရားခန္ဓာတွေကို ဘယ်လိုများ နိုးထအောင် လုပ်ပေးခဲ့တာလဲ”
“ဒါက သိပ်ထူးဆန်းတဲ့ လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး”
ယဲ့ပေ့ရွှမ် ရယ်မောရင်း ဆိုလိုက်သည်။
“ပါရမီပါတဲ့အတိုင်း သင်ကြားပေးခဲ့တာသက်သက်ပါပဲ”
“…”
ချင်ယွမ်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားတော့သည်။
“ဆရာ... တကယ်ပဲ အဲဒီလောက် ရိုးရှင်းတာလား”
“ဒါထက် ဘာကို မျှော်လင့်နေသေးလို့လဲ”
ယဲ့ပေ့ရွှမ်က ဆက်ပြောသည်။
“မင်း ဆရာဘိုးဘိုး ငါ့အပေါ်မှာ ထားခဲ့တဲ့ အားထုတ်မှုက ငါ မင်းအပေါ် ထားတဲ့ အားထုတ်မှုရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး။ ဒါတောင် မင်းက သူတော်စင်ခန္ဓာလေး နိုးထဖို့တောင် မနည်းလုပ်နေရတာ။ မင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သင့်တာ မဟုတ်ဘူးလား”
ချင်ယွမ်၏မျက်နှာတွင် အကူအညီမဲ့မှုများဖြင့် ပြည့်နှက်သွားသည်။ အပြင်လူများရှေ့တွင် သူသည် အတွင်းစည်း၏ တောက်ပသော တပည့်ခေါင်းဆောင် သို့မဟုတ် ဝမ်တောက်၏ စစ်မှန်သော အမွေဆက်ခံသူတစ်ဦး ဖြစ်သည်။
သို့သော် သူ့ဆရာရှေ့တွင် ပါရမီမရှိသော ကလေးငယ်တစ်ဦးမျှသာ။ သူ၏ဆရာ တိုးတိုးလေး ရေရွတ်နေတတ်သည်ကို သူ ခဏခဏ ကြားရတတ်သည်။
“ဒီကောင်လေး၊ မင်း ဘာလို့ ဒီလောက်တုံးတာလဲ။ ငါ့တုန်းကဆိုရင်”
သူ၏တပည့် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယဲ့ပေ့ရွှမ် ဘာမှထပ်မပြောတော့ဘဲ သူ့ကို ပေါ့ပေါ့ပါးပါး ဆွဲမလိုက်ကာ ရှီးရွှမ်၏ ခြံဝန်းဆီသို့ ပျံသန်းသွားလေသည်။
တစ်ချိန်တည်းမှာပင် ချင်းချင်းနှင့် အခြားသူများသည်လည်း ရှီးရွှမ်၏ နေအိမ်ဆီသို့ အပြေးအလွှား သွားနေကြသည်။
အတွင်းစည်းနှင့် အပြင်စည်းမှ တပည့်များသာ ဝေခွဲမရဖြစ်ကာ နေရာ၌ပင် ရပ်နေကြသည်။
အဆင့်အတန်း ကွာခြားမှုများကြောင့် အကယ်၍ သူတို့သာ မဆင်မခြင် ဝင်ရောက်သွားပြီး စီနီယာ၏ အဆင့်တက်နေမှုကို နှောင့်ယှက်မိပါက အကျိုးဆက်များအား တောင့်ခံနိုင်မည်မဟုတ်ပေ။
မိနစ်များစွာ ကုန်လွန်သွားသည်။
မြောင်တောင်ထိပ်မှ ကောင်းကင်နိမိတ်များသည် တပည့်များစွာ၏ အာရုံကို ဆွဲဆောင်နေသည်။
ဂိုဏ်းထဲဝင်သည်မှာ ဆယ်နှစ်မပြည့်သေးသော တပည့်သစ်အချို့မှာ ထိုကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် အမျိုးမျိုး ထင်ကြေးပေးနေကြသည်။
“သောင်းပြောင်းပညာရပ်ဌာန က ဘယ်သူ အဆင့်တက်နေတာလဲ”
“ဌာနမှူးတစ်ယောက် ဒါမှမဟုတ် အကြီးအကဲတစ်ယောက်ယောက် ဖြစ်နေမလား”
“…”
သို့သော် ဝမ်တောက်ကျောင်းတော်တွင် ကြာမြင့်စွာ ရှိနေခဲ့သော တပည့်များမှာ နိမိတ်များကို မြင်သည်နှင့် တစ်ချက်တည်းဖြင့် သိလိုက်ကြပြီး အသေအချာ ပြောကြ၏။
“ငါ့အထင်တော့ ဒါ ဂျူနီယာညီလေးရှီးရွှမ် အဆင့်တက်နေတာပဲ ဖြစ်ရမယ်”
ပတ်ဝန်းကျင်ရှိ တပည့်များက မယုံကြည်နိုင်ဘဲ စီနီယာဖြစ်သူအား ဝိုင်းအုံမေးမြန်းကြသည်။
“စီနီယာ... ဘာလို့ အဲဒီလို ပြောတာလဲ”
စီနီယာဖြစ်သူက ပြုံးလိုက်လေ၏။
“ဒါက နတ်ဘုရားခန္ဓာ နိုးထတဲ့ နိမိတ်ဆိုတာ သိသာတယ်။ သောင်းပြောင်းပညာရပ်ဌာနမှာ နတ်ဘုရားခန္ဓာကို နိုးထစေနိုင်တဲ့သူဆိုလို့ ရှီးရွှမ် တစ်ယောက်ပဲ ရှိတယ်။ ပြီးတော့ သူကလည်း သေချာပေါက် နိုးထလာမှာပဲ”
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဟုတ်တယ်။ အဲဒီ့ ရှီးရွှမ် ဆိုတဲ့လူက အပြင်စည်း ပြိုင်ပွဲမှာတောင် မပါဝင်ရဲတဲ့သူလေ။ သူ ဘယ်လိုလုပ် နတ်ဘုရားခန္ဓာကို နိုးထနိုင်မှာလဲ”
“…”
တပည့်သစ်များမှာ လုံးဝ မယုံကြည်ကြချေ။
“မင်းတို့အားလုံး မေ့နေပြီလား။ ဌာနမှူးချူက သာမန်လူတွေကို ဘယ်တော့မှ လက်မခံဘူး။ ရှီးရွှမ်က သူ့တပည့် ဖြစ်လာတည်းက ကမ္ဘာကြီးကို လှုပ်ခတ်စေမဲ့သူ ဖြစ်ဖို့ ကံပါလာပြီးသားပဲ။ ကံကောင်းလို့ မင်းတို့ထဲက ဘယ်သူမှ သူ့ကို အရင်က မစော်ကားခဲ့မိတာ”
ထိုသို့ပြောပြီးနောက် စီနီယာဖြစ်သူ လှည့်ထွက်သွားသဖြင့် တပည့်သစ်များသည် ဆွံ့အကာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ကျန်ခဲ့ကြ၏။
သူတို့ မြောင်တောင်ဘက်သို့ ငေးကြည့်ရင်း ရင်ထဲတွင် ခံစားချက်မျိုးစုံ ရှုပ်ထွေးနေကြသည်။
သောင်းပြောင်းပညာရပ်ဌာန၏ ဌာနမှူးနေအိမ်အတွင်း
ပင်းယန်မှာ ကောင်းကင်ယံမှ ရင်းနှီးနေသော နိမိတ်ကို မြင်သော်လည်း ချူဖုန်း၏ အနားယူမှုကို မနှောင့်ယှက်ဘဲ ရှီးရွှမ်၏ ခြံဝန်းဆီသို့ တစ်ယောက်တည်း ပျံသန်းသွားခဲ့သည်။
သို့သော် ချူဖုန်းမှာမူ စိတ်ထဲတွင် မြည်လာသော ရင်းနှီးသည့် အသိပေးချက်ကြောင့် နိုးနှင့်နေပြီဖြစ်၏။
“တပည့် ရှီးရွှမ်သည် လျှို့ဝှက်ချက်ကိုးပါး ထဲမှ ချန်လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်သွားကာ လျှို့ဝှက်ချက်ကိုးပါးကို စတင်ထိတွေ့နိုင်ခဲ့ပြီဖြစ်သည်။ သူသည် စစ်မှန်ကံကြမ္မာအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ကျိုးထျန်ခန္ဓာ နိုးထကာ ကံကြမ္မာ၏ အမှန်တရားကို နားလည်သွားခဲ့သည်။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် လျှို့ဝှက်ချက်ကိုးပါးကျမ်း ပြီးပြည့်စုံခြင်းအဆင့်၊ ကျင့်စဉ်သက်တမ်း (၂၀) နှစ်၊တာအိုအနှစ်သာရ(၁)၊ ကျိုးထျန်ခန္ဓာ ပြီးပြည့်စုံခြင်းတို့ ပေးအပ်လိုက်ပါသည်။ ပိုင်ရှင်၏ ကျင့်ကြံမှု သက်တမ်းကန့်သတ်ချက်မှာ နှစ်တစ်သောင်းကို ကျော်လွန်သွားသဖြင့် အမြင့်ဆုံး သက်တမ်းမှာ ဆယ်သိန်းအထိ တိုးသွားပါပြီ”
မူလက ချူဖုန်းသည် တစ်ဖက်သို့လှည့်ကာ ဆက်အိပ်ရန် ကြံရွယ်ထားသော်လည်း သူ၏ သက်တမ်းကန့်သတ်ချက်မှာ ဆယ်သိန်းအထိ ရောက်သွားသည်ကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် ရေထဲမှ ကန်တက်လာသည့် ငါးကြင်းတစ်ကောင်ကဲ့သို့ ဝုန်းခနဲ ထထိုင်လိုက်လေတော့၏။
“မမျှော်လင့်ဘဲ ဒီလောက် အကျိုးအမြတ် ရမယ်လို့ မထင်ထားဘူး။ ဒီတစ်ခါတော့ ငါ့အိပ်ချိန်ကို နှောင့်ယှက်တဲ့အတွက် မင်းကို အပြစ်မတင်တော့ဘူး”
စနစ် “…”
ချူဖုန်း တိုးတိုးလေး ရေရွတ်ရင်း သူ့အိပ်ရာခင်းကို ကြည့်လိုက်ကာ အိပ်ရာက သူ့ကို လိုအပ်နေသေးသည်ဟု ခံစားလိုက်ရသဖြင့် ပြန်လှဲ၍ ဆက်အိပ်လေတော့သည်။
မြောင်တောင်ပေါ်ရှိ နိမိတ်များမှာ ဝမ်တောက်ကျောင်းတော်၏ အဆင့်မြင့်လူကြီးပိုင်းများကို အထူးတလည် မထိတ်လန့်စေတော့ပေ။
ဌာနမှူးကိုးဦး တညီတညွတ်တည်း ရေရွတ်လိုက်လေတော့၏။
“ဌာနမှူးချူကတော့ လူကို ဘယ်တော့မှ အကဲဖြတ်မမှားဘူးပဲ”
မွန်းတည့်ချိန်ရောက်သော်
ရှီးရွှမ်သည် ကိုယ့်ကိုယ်ကိုယ် သပ်ရပ်အောင် ပြင်ဆင်ပြီး ခြံဝန်းအတွင်းမှ ဖြည်းညင်းစွာ ထွက်လာခဲ့လေ၏။
သူ ထွက်လာသည်နှင့် စောင့်ဆိုင်းနေသော စီနီယာ အစ်ကို၊ အစ်မများကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
“ရှီးရွှမ်က စီနီယာ အစ်ကို၊ အစ်မတို့အားလုံးကို ဂါရဝပြုပါတယ်”
ချင်းချင်း ဦးစွာဆိုလိုက်သည်။
“ဂုဏ်ယူပါတယ် ဂျူနီယာမောင်လေးရှီး စစ်မှန်ကံကြမ္မာအဆင့်ကိုတက်နိုင်ခဲ့ပြီပဲ”
အခြားသူများကလည်း နောက်မှလိုက်ကာ ဂုဏ်ပြုစကားများ ဆိုကြလေ၏။
နှုတ်ဆက်စကားများ အပြန်အလှန် ပြောကြားပြီးနောက် သူတို့ ချူဖုန်းအား ဂါရဝပြုရန် ဌာနမှုးနေအိမ်သို့ အတူတူ သွားကြလိုက်ကြတော့သည်။
မကြာမီမှာပင် ရှီးရွှမ်သည် သူ၏ စီနီယာများနှင့်အတူ နေအိမ်အတွင်းသို့ ဝင်လာခဲ့လေ၏။
ကျောက်စားပွဲတွင် ထိုင်နေသော ချူဖုန်းကို မြင်သောအခါ အားလုံးက ဦးညွှတ်လိုက်ကြသည်။
“ကျွန်တော်တို့ ဆရာ့ကို ဂါရဝပြုပါတယ်”
“တခမ်းတနားတွေ လုပ်မနေကြနဲ့တော့”
ချူဖုန်း၏ အကြည့်မှာ ရှီးရွှမ်အပေါ် ကျရောက်သွားပြီး ပြုံးလိုက်သည်။
“အခု ဘယ်လို ခံစားရလဲ”
ရှီးရွှမ် ပြန်ဖြေသည်။
“ဆရာ... တပည့်အနေနဲ့ အခုဆိုရင် ဘယ်လို ကံကြမ္မာသားတော်ကိုမဆို အချိန်မရွေး အနိုင်ယူနိုင်ပြီလို့ ခံစားနေရပါတယ်”
“ရှောင်ရွှမ်... မင်း မာနကြီးလာပြီပဲ”
ချူဖုန်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး အမူအရာမှာ တည်ကြည်လေးနက်သွားလေ၏။
ပေါ့ပေါ့ပါးပါး ပြောလိုက်သည့် စကားတစ်ခွန်းက ဆရာ့ထံမှ ထိုမျှ လေးနက်သော တုံ့ပြန်မှုကို ရလိမ့်မည်ဟု ရှီးရွှမ် မထင်ထားခဲ့ပေ။ သူက အမြန်ပင် တောင်းပန်လိုက်သည်။
“တပည့် အမှားကို ဝန်ခံပါတယ်”
ချူဖုန်း တင်းမာစွာ ပြောလိုက်၏။
“ရှောင်ရွှမ် မှတ်ထားရမှာက မင်းလျှောက်နေတဲ့ လမ်းဟာ ငါ့တပည့်အားလုံးထဲမှာ အခက်ခဲဆုံး လမ်းပဲ။ ဘယ်ပြိုင်ဘက်ကိုမှ လျှော့မတွက်နဲ့”
ထိုစကားကြောင့် အနားရှိသူများမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
မြောင်တောင်ပေါ်တွင် သူတို့သည် သိသာထင်ရှားလှသည်မဟုတ်သော်လည်း အပြင်လောကတွင် သူတို့ထဲမှ မည်သူမဆို အနှိုင်းမဲ့ပါရမီရှင်များအဖြစ် သတ်မှတ်ခံရသူများပင်။
အတိတ်က ဆရာသည် သူတို့ကို တည်ငြိမ်ရန် အမြဲတိုက်တွန်းလေ့ရှိသော်လည်း ယခုကဲ့သို့ လေးလေးနက်နက် တစ်ခါမှ မရှိခဲ့ဖူးပေ။
ရွှီချိုက်ချန် ရှေ့သို့တိုးကာ မေးလိုက်သည်။
“ဆရာ ညီငယ်ရှီး ရင်ဆိုင်ရမဲ့ ကံကြမ္မာသားတော်က ကျွန်တော်တို့ထက်တောင် ကံကောင်းခြင်းတွေ ပိုရှိနေလို့လား”
“အဲဒီလိုတော့လည်း မဟုတ်ပါဘူး”
ချူဖုန်း ခဏရပ်ကာ ဆက်ပြောသည်။
“ဒါပေမဲ့ ကံကြမ္မာသားတော်တိုင်းမှာ ကံကောင်းခြင်းရဲ့ စောင့်ရှောက်မှု ပါလာတယ်။ မင်းတို့ သူတို့ကို သတ်ဖို့ တစ်ခါကျရှုံးတိုင်း သူတို့က ပိုသန်မာလာလိမ့်မယ်။ မင်းတို့ရဲ့ လိုက်လံနှိမ်နင်းမှုကြောင့် သူတို့ အခွင့်အရေးတွေတောင် ရသွားနိုင်သေးတယ်။ သူတို့ ကြီးထွားနှုန်းက မင်းတို့ထက် မနှေးဘူး။ ဒါကြောင့် ငါပေးချင်တဲ့ အကြံကတော့ ကံကြမ္မာသားတော်တစ်ယောက်ကို အမဲလိုက်တဲ့အခါ တစ်ချက်တည်းနဲ့ အသေသတ်နိုင်ဖို့ လုပ်ရမယ်။ သူတို့ဝိညာဉ်ပါ လုံးဝ ပျက်စီးသွားအောင်လုပ်ပါ။ ဒါမှသာ နောင်မှာဖြစ်လာမယ့် ဘေးဒုက္ခတွေကို တားဆီးနိုင်လိမ့်မယ်”
ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာမှာ လေးနက်သွားကြလေ၏။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ သတင်းပို့သိမ်းငှက်တစ်ကောင်မှာ ဖြည်းညင်းစွာ ဆင်းသက်လာလေတော့သည်။