← Chapters

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း (၃၈၉) ဆရာ၊ တပည့် အကြီးအကျယ် တစ်ခုခု လုပ်ချင်ပါတယ်

“ဆရာ့အမိန့်အတိုင်း နာခံပါ့မယ်”

အားလုံး တညီတညွတ်တည်း ပြန်လည်ဖြေကြားပြီးနောက် သူတို့၏ အကြည့်များမှာ စာပို့သိမ်းငှက်ထံသို့ ရောက်ရှိသွားကြ၏။

ရှီးရွှမ် ရှေ့သို့တက်ကာ သိမ်းငှက်ကို ဖမ်းဆွဲလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါက ရှီးမျိုးနွယ်စုရဲ့ စာပို့သိမ်းငှက်ပဲ။ အိမ်မှာ တစ်ခုခု ဖြစ်လို့များလား မသိဘူး”

သူသည် လေသံတိုးတိုးဖြင့် ပြောဆိုရင်း သိမ်းငှက်ခြေထောက်တွင် ချည်နှောင်ထားသော စာကို ဖြုတ်ယူကာ ဖွင့်ဖတ်လိုက်သည်။

“ငါ ဒီကိစ္စကို မေ့တော့မလို့ပဲ”

သူ့အနားရှိ ရွှီချိုက်ချန်က မေးလိုက်သည်။

“ဂျူနီယာညီလေးရှီး၊ မင်း မိသားစုမှာ တစ်ခုခု ဖြစ်လို့လား”

ရှီးရွှမ် အေးအေးဆေးဆေးပင် ဆိုသည်။

“အမှန်အတိုင်း ပြောရရင် ဆရာနဲ့ စီနီယာ အစ်ကို၊ အစ်မတို့ ကျွန်တော် ဝမ်တောက်ကျောင်းတော်ကို မလာခင်က သုံးနှစ်အတွင်း ဘာမှမယ်မယ်ရရ မအောင်မြင်ခဲ့ရင် အိမ်ပြန်ပြီး ကျင့်ကြံတော့မယ်လို့ မျိုးနွယ်စုကို ကတိပေးခဲ့မိတယ်”

ဤစကားကြောင့် အားလုံး၏ မျက်နှာတွင် နားလည်မှုရှိသော အပြုံးများ ပေါ်လာကြသည်။

ချူဖုန်းပင် နောက်ပြောင်လိုက်လေ၏။

“ရှောင်ရွှမ်း... မင်းက ကျင့်ကြံခြင်းကို စွန့်လွှတ်၊ အိမ်ကိုပြန်ပြီး မိသားစုအမွေကို ဆက်ခံတော့မလို့လား”

“အားကျလိုက်တာ”

တစ်စုံတစ်ယောက်က ဟာသလုပ်လိုက်သဖြင့် ခန်းမတစ်ခုလုံး ရယ်သံများ ပျံ့လွင့်သွားခဲ့သည်။

ရှီးရွှမ် ရိုရိုသေသေပင် ပြန်လည်ဖြေကြားသည်။

“ဆရာ အဲဒီအချိန်တုန်းက ကျွန်တော်က ဆရာ့တပည့်အဖြစ် ဝင်ခွင့်ရပါ့မလားဆိုတာ မသေချာသေးလို့ မိသားစုနဲ့ သဘောတူညီချက် ထားခဲ့တာပါ။ ပြီးတော့ နောက်ထပ်ခြောက်လဆိုရင် ကျွန်တော့် စေ့စပ်ထားသူတွေထဲက တစ်ယောက်ရဲ့ စေ့စပ်ပွဲ အခမ်းအနား ရှိပါတယ်။ ဒါကြောင့် ကျွန်တော် ပြန်ရပါလိမ့်မယ်”

ချူဖုန်း တဟားဟား ရယ်မောလိုက်သည်။

“ကံကြမ္မာစက်ဝန်းက စပြီးလည်ပတ်နေပြီထင်တယ်။ မင်းက ငါ့တပည့်ဖြစ်နေမှတော့ မင်း စေ့စပ်ပွဲကို ဆရာတစ်ယောက်အနေနဲ့ သေချာပေါက် တက်ရောက်ရမှာပေါ့”

ရှီးရွှမ်၏ နှလုံးသားထဲတွင် ဝမ်းသာပီတိများ လှိုင်းထသွားသည်။ သူ့ဆရာကသာ စေ့စပ်ပွဲကို တက်ရောက်ပေးမည်ဆိုပါက ထိုထက် ကျေနပ်စရာ ဘာရှိပါဦးမည်နည်း။

သို့သော်လည်း သူ ယခင်က စုံစမ်းသိရှိထားသည်များကို ပြန်လည်အမှတ်ရမိလေသည်။ သူ့စေ့စပ်ထားသူက သူ့အပေါ် သစ္စာဖောက်နှင့်ပြီးသား ဖြစ်နေခဲ့၏။ ကြည့်ရသည်မှာ ဤလက်ထပ်ပွဲကို ဖျက်သိမ်းလိုက်သည်က ပို၍ကောင်းပေလိမ့်မည်။

“ဆရာ၊ ကျွန်တော် မပြန်တော့ရင် ကောင်းမလားလို့ပါ။ ပွဲကို ဖျက်သိမ်းဖို့ စာပြန်ပို့လိုက်ပါ့မယ်”

ချူဖုန်း ပြုံးလိုက်သည်။

“ဘာလို့ ဖျက်မှာလဲ ဒါက ကံကြမ္မာ သားတော်တွေကို အမဲလိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ မဟုတ်လား။ မင်း စီနီယာအစ်ကိုလည်း ပြန်လာနေပြီ။ သူရောက်တာနဲ့ ငါတို့ မြောက်ပိုင်းချောက်နက်ကို တစ်ခေါက်သွားလည်ကြမယ်”

တပည့်များအားလုံး စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများ တောက်ပသွားကြ၏။

ယဲ့ပေ့ရွှမ် ရှီးရွှမ်၏ ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။

“ညီလေး ဒီတစ်ခါတော့ ငါတို့အားလုံး နာမည်ကျော် ကံကြမ္မာသားတော်တွေနဲ့ တွေ့ရတော့မှာပဲ”

ရွှီချိုက်ချန် စနောက်လိုက်သည်။

“စီနီယာအစ်ကိုယဲ့ အစ်ကို့စကားက အစ်ကိုကိုယ်တိုင် အဲဒီထဲက တစ်ယောက် မဟုတ်တဲ့အတိုင်းပဲနော်”

ယဲ့ပေ့ရွှမ်က ပြုံးလိုက်၏။

“ငါလည်း ကံကြမ္မာသားတော် တစ်ယောက်ပါပဲ။ ဒါပေမဲ့ တခြားသူတွေနဲ့တော့ လက်ရည်မစမ်းဖူးသေးဘူး။ သူတို့ ကံကြမ္မာက ဘယ်လောက်တောင် သန်မာသလဲဆိုတာ ကြည့်ချင်ပါသေးတယ်။ ဒါမှ ငါတို့အားလုံးတူတူ ပျော်ပျော်ပါးပါး ကစားလို့ရမှာ”

သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ရှီးရွှမ် စိတ်လှုပ်ရှားမှုမျိုးစုံ ခံစားလိုက်ရသည်။ သူ ချူဖုန်းကို ဦးညွှတ်ကာ ဂါရဝပြုလိုက်၏။

“ဆရာ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်”

ချူဖုန်း ပြောလိုက်သည်။

“ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ဒါ ငါ့တာဝန်ပဲ။ အခုလောလောဆယ်တော့ ဒီညအတွက် စားပွဲသောက်ပွဲ ပြင်ဆင်လိုက်ကြဦး။ ထုံးစံအတိုင်း မင်းရဲ့ စစ်မှန်ကံကြမ္မာအဆင့် တက်လှမ်းနိုင်တာကို ဂုဏ်ပြုကြတာပေါ့”

“ဟုတ်ကဲ့ပါ”

စားသောက်ပွဲ ပြင်ဆင်ရန် အားလုံး လူစုခွဲသွားကြသည်။

ထိုညတွင် ချူဖုန်းသည် ဝမ်တောက်ကျောင်းတော်မှ တခြားသူများကို မဖိတ်ကြားဘဲ သူ၏ တပည့်ရင်းများ၊ အမည်ခံတပည့်များနှင့်သာ ဝိုင်သောက်ရင်း ပျော်ပါးခဲ့သည်။

ဝိုင်အတော်အတန် သောက်ပြီးချိန်တွင် ရှီးရွှမ် ရုတ်တရက် ထရပ်ကာ ဦးညွှတ်လိုက်လေ၏။

“ဆရာ၊ တပည့်က ဒီစေ့စပ်ပွဲကို အကြီးအကျယ် ဖြစ်သွားအောင် လုပ်ချင်ပါတယ်။ တပည့်အပေါ် ရန်ငြိုးထားတဲ့ ကံကြမ္မာသားတော် အများစုကို အပြတ်ရှင်းပစ်ဖို့ ရည်ရွယ်ထားပါတယ်”

“အို... ဟုတ်လား”

ချူဖုန်းက စိတ်ဝင်စားသွားသည်။

“အသေးစိတ် ပြောပြစမ်းဦး”

ရှီးရွှမ် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

“ကျွန်တော်နဲ့ စေ့စပ်ကြောင်းလမ်းမှု ရှိထားတဲ့ အမျိုးသမီးအားလုံးနဲ့ တစ်ပြိုင်တည်း စေ့စပ်ပွဲလုပ်မယ်လို့ ကြေညာလိုက်မယ်။ အဲဒီကောင်တွေ ပေါ်လာမလားဆိုတာ ကြည့်ရတာပေါ့”

ချူဖုန်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“အစီအစဉ်ကောင်းပဲ။ သူခိုးကို တစ်သက်လုံး စောင့်ကြပ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ ရဲရဲဝံ့ဝံ့သာ ရှေ့ဆက်ပါ။ ဘာပဲဖြစ်ဖြစ် ငါ မင်းနောက်မှာ ရှိနေတယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”

ရှီးရွှမ်၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ပေါ်သွားသည်။

ချင်းချင်းနှင့် တခြားသူများမှာလည်း တောင်ပေါ်တွင် အောင်းနေရသည်မှာ ကြာပြီဖြစ်၍ လက်ရည်စမ်းချင်စိတ်ဖြင့် စိတ်လှုပ်ရှားနေကြ၏။

သို့သော်လည်း တပည့်သစ်များမှာမူ ထို ကံကြမ္မာသားတော်ဆိုသူများကို စိတ်ထဲမှ ကြိုတင်၍ သနားမိနေကြသည်။

သောင်းပြောင်းပညာရပ်ဌာနကို လာပတ်သက်ခြင်းသည် သံပြားကို သွားကန်မိခြင်းနှင့် အတူတူပင်။

ချင်ယွမ်က ထရပ်ကာ ဦးညွှတ်၏။

“ဆရာဘိုးဘိုး မြေးတပည့်တို့လို ဂျူနီယာတွေလည်း အဲဒီပွဲကို လိုက်သွားလို့ ရမလား”

“ရတာပေါ့။ ဒီမြောင်တောင်မှာ ဘယ်သူမှ မရှိတော့ရင် မင်းတို့ကို ဘယ်သူက လေ့ကျင့်ပေးမှာလဲ”

ချူဖုန်း ပြုံးရယ်လျက် ပြောသည်။

ဂျူနီယာတပည့်များ၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားကြသည်။ နောက်ဆုံးတော့ သူတို့လည်း တောင်အောက်ဆင်းပြီး ပျော်ပါးခွင့် ရကြတော့မည်။

တစ်လခန့် ကြာပြီးနောက်။

မြောင်တောင်သည် ထူးထူးခြားခြား စည်ကားနေသည်။ ပထမဆုံးအနေဖြင့် ချောင်ရို့ချန်မှာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ကျားကို စီးလျက် ကောင်းကင်မှ ဆင်းသက်လာလေ၏။ ထို့နောက် မကြာမီမှာပင် ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့မှာ ခန့်ညားထည်ဝါသော ဒေါင်းကြီးတစ်ကောင်ကို စီးလျက် တောင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လာကြသည်။

ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာခြင်းကြောင့် သောင်းပြောင်းပညာရပ်ဌာနမှ ဂျူနီယာတပည့်များမှာ စိတ်မငြိမ်မသက် ဖြစ်နေကြပြီး သူတို့စီနီယာဦးလေးများ၏ အရှိန်အဝါကို မြင်တွေ့ချင်နေကြသည်။

ထိုနေ့၏ သင်ကြားသူမှာ ချင်းချင်း ဖြစ်သည်။ တပည့်များက စိတ်မပါသည်ကို မြင်သောအခါ သူမက ဆိုလိုက်၏။

“မင်းတို့ ဒီနေ့ ကျင့်ကြံချင်စိတ် မရှိကြဘူးဆိုတော့ သင်ခန်းစာကို ဒီမှာတင် ရပ်လိုက်ရအောင်”

“ကျေးဇူးတင်ပါတယ် ဆရာမချင်း”

သူမ ခေါင်းတစ်ချက် ငြိမ့်ပြကာ ပင်မခြံဝင်းသို့ ပျံတက်သွားပြီး ဂျူနီယာတပည့်များကလည်း နောက်မှ အပြေးအလွှား လိုက်ပါသွားကြ၏။

မကြာမီတွင် ဌာနတစ်ခုလုံး လူများဖြင့် ပြည့်နှက်သွားပြီး ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့၏ အပြင်လောက အတွေ့အကြုံများကို အားလုံး နားထောင်နေကြသည်။

မိန်းကလေးနှစ်ဦးမှာ သူတော်စင်အဆင့် နတ်ဆိုးနဂါး၏ နှလုံးအဆီအနှစ်များကို စုပ်ယူနိုင်ခဲ့ကြောင်း ကြားသောအခါ ချူဖုန်း လက်မထောင်၍ ချီးကျူးလိုက်လေ၏။

“မင်းတို့ နှစ်ယောက် တော်ကြတယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းတို့ရဲ့ စီနီယာ အစ်ကို၊ အစ်မတွေတောင် မလုပ်ရဲတာကို လုပ်နိုင်ခဲ့တယ်”

ချန်ကျင်းကျင်း အသာအယာ ပြုံးလိုက်သည်။

“ဆရာ၊ အခုမှ မချီးကျူးပါနဲ့ဦး။ အားလုံးအတွက် ကျွန်မတို့ ယူလာတဲ့ လက်ဆောင်တွေကို အရင်ကြည့်ပါဦး”

ပိုင်ကျင်းကလည်း ခေါင်းငြိမ့်ကာ ထောက်ခံသည်။ သူတို့ ပြန်လာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လက်ဆောင်များ ပေးရန်ပင်။

“ကောင်းပြီ။ ငါ့ရဲ့ ကျင်းကျင်းနဲ့ ရှောင်ပိုင်တို့လည်း အရွယ်ရောက်ကုန်ကြပြီပဲ။ အိမ်ပြန်လာရင် အားလုံးအတွက် လက်ဆောင်တွေ ယူလာတတ်နေပြီ”

ချူဖုန်းမှာ ကျေနပ်ပီတိဖြစ်နေသော ဖခင်တစ်ဦးကဲ့သို့ သူတို့ခေါင်းလေးများကို အသာအယာ ပုတ်ပေးလိုက်၏။

ထို့နောက် နှစ်ဦးမှာ သူတို့၏ သိုလှောင်လက်စွပ်များထဲမှ ရတနာပုံများကို ထုတ်ယူကာ ချူဖုန်းနှင့် ပင်းယန်ကို ပထမဆုံး ပေးလိုက်ပြီး ထိုနေရာရှိ လူတိုင်းကို တစ်ခုစီ ဝေငှပေးလိုက်သည်။

ချန်ကျွင်းနှင့် တပည့်သစ်များမှာ သူတို့လက်ထဲမှ ရတနာများကို ငေးကြည့်နေကြသည်။

ဤကဲ့သို့သော ရတနာများသည် တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ထိုက်တန်ပါသလား သူတို့မသိ‌ပေ။

ချန်ကျွင်း တုန်တုန်ရင်ရင်ဖြင့် ရှေ့သို့တက်ကာ ဆိုလိုက်သည်။

“မမလေးချန်၊ ဒီလက်ဆောင်တွေက အရမ်းတန်ဖိုးကြီးလွန်းပါတယ်။ တပည့် မယူရဲပါဘူး”

ချန်ကျင်းကျင်းက သူ၏ မရင်းနှီးသော မျက်နှာကို ကြည့်ကာ ပြုံးလိုက်သည်။

“ငါ ပေးပြီးသားကို ဘယ်လိုလုပ် ပြန်ယူလို့ ရမှာလဲ။ ဒါက ငါတို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ စည်းကမ်းပဲ။ နင်ငြင်းတယ်ဆိုရင် ငါ့ကို အထင်သေးရာ ရောက်လိမ့်မယ်”

တပည့်များမှာ မှင်တက်သွားကြသည်။

‘လက်ဆောင်ပေးတယ်ဆိုတာ ဒီလိုမျိုးလားဟ’

သူတို့၏ ဆရာများကို လှမ်းကြည့်ရာ ဆရာများက ခေါင်းငြိမ့်ပြသဖြင့် ချက်ချင်းပင် ဦးညွှတ်လိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်မတို့”

ထို့နောက် အားလုံး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ဤသည်မှာ သောင်းပြောင်းပညာရပ်ဌာနနှင့် တခြားဌာနများ၏ ကွာခြားချက်ပင်။

ဤနေရာတွင် အဘယ့်ကြောင့် အတွင်းရေး အားပြိုင်မှုများ မရှိသလဲဆိုသည်မှာ မထူးဆန်းတော့ပေ။ ကျင့်ကြံခြင်းနှင့် စည်းလုံးမှုသာ ရှိကြ၏။

တစ်နေ့နေ့တွင် သူတို့ အင်အားတောင့်တင်းလာသောအခါ သူတို့လည်း ဆရာများနှင့် အကြီးအကဲများအတွက် လက်ဆောင်များ ပြန်ယူလာနိုင်ပေလိမ့်မည်။

သူတို့မှာ ပျော်ရွှင်စွာဖြင့် အတွေ့အကြုံများ မျှဝေနေစဉ် ကောင်းကင်ယံမှ လူရိပ်အချို့ ဆင်းသက်လာကာ ခြံဝင်းပြင်ပတွင် ရပ်နားလိုက်သည်။

တပည့်များက ဝမ်းသာအားရဖြင့် တညီတညွတ်တည်း အော်ဟစ်လိုက်ကြလေ၏။

“စီနီယာအစ်ကို၊ ပြန်လာပြီလား”

ရောက်ရှိလာသူများမှာ ရှောင်ချန်း လွီယွဲ့အာနှင့် ရှီးမန်ယဲ့ တို့ ဖြစ်ကြသည်။

ရှောင်ချန်း ခေါင်းညိတ်ပြပြီးနောက် ချူဖုန်းကို ဦးညွှတ်လိုက်လေ၏။

“တပည့် ဆရာ့ကို ဂါရဝပြုပါတယ်။ ဒီတစ်ခါ လေ့ကျင့်မှုမှာ ဆရာ့ကို စိတ်မပျက်စေခဲ့ပါဘူး။ ကျွန်တော် နီဗားနားရှင်သန်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပါပြီ”

ချူဖုန်း ပြုံးလိုက်သည်။

“တော်တယ်၊ မင်း ပြန်ရောက်ပြီဆိုတော့ မင်းရဲ့ကောင်းကင်ဖြတ်ပိုင်းခြင်းဓားခန္ဓာ နိုးထလာတဲ့အကြောင်း ကျောင်းအုပ်ကြီးကို အသိပေးလို့ ရပြီ”

ထိုစကားကို ကြားသောအခါ ချောင်ရို့ချန် အလိုလိုပင် လွှတ်ခနဲ ပြောလိုက်မိလေ၏။

“စီနီယာအစ်ကိုက အင်မော်တယ်‌ခန္ဓာကို နိုးထစေခဲ့တာလား”

ထိုစကားအဆုံးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။

All Chapters