အခန်း ၃၉၀
Vol. 39 Ch. 390
အခန်း (၃၉၀) မြောက်ပိုင်းချောက်နက်မင်းဆက်နှင့် ရှီးမျိုးနွယ်စု
“ဟုတ်တယ်၊ ငါ အင်မော်တယ် ခန္ဓာကို နိုးထနိုင်ခဲ့ပြီ။ နောက်တစ်လှည့်ကတော့ မင်း ကမ္ဘာကြီးကို တုန်လှုပ်စေဖို့ပဲ ကျန်တော့တယ်”
ရှောင်ချန်းက ပြုံးရွှင်လျက် စနောက်လိုက်၏။
ချောင်ရို့ချန်ကl မျက်နှာညိုးငယ်စွာ တိုးတိုးလေး ရေရွတ်ရှာသည်။
“စီနီယာအစ်ကိုကြီးရာ ကျွန်တော့်ကို ထိုးကြိတ်ချင်တယ်ဆိုရင်လည်း တည့်တည့်ပြောပါ၊ ဘာလို့ ဒီလိုဆင်ခြေတွေ ပေးနေတာလဲ”
“လက်ရည်စမ်းတာကို ဘယ်မှာများ ထိုးကြိတ်တယ်လို့ ခေါ်လို့ရမှာလဲ”
ရှောင်ချန်း၏ အပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာတော့လေ၏။
ချောင်ရို့ချန်က မျက်စောင်းထိုးလိုက်ရင်း သူသာ အင်မော်တယ်ခန္ဓာအား အမြန်ဆုံး မနိုးထနိုင်လျှင် မြင့်မြတ်သားတော် ဟူသည့် ဘွဲ့နှင့် ထိုက်တန်တော့မည်မဟုတ်ကြောင်း စိတ်ထဲတွင် တွေးနေမိသည်။
ချင်းချင်းနှင့် အခြားသူများမှာမူ စီနီယာအစ်ကိုနှစ်ယောက်၏ အပြန်အလှန် စနောက်မှုကို နေသားကျနေပြီ ဖြစ်၏။ သူတို့နှစ်ဦး သိကျွမ်းလာခဲ့သည်မှာ ကြာပြီဖြစ်ရာ ညီအစ်ကိုအရင်းအချာများကဲ့သို့ပင်။
သို့သော်လည်း သောင်းပြောင်းပညာရပ်ဌာနမှ တပည့်သစ်များမှာ မှင်တက်နေကြ၏။
အင်မော်တယ်ခန္ဓာဟူသည် ဒဏ္ဍာရီလာအရာတစ်ခုသာ ဖြစ်သော်လည်း ယနေ့တွင် သူတို့ အလေးစားရဆုံး စီနီယာအစ်ကိုရှောင်၏ ကိုယ်ပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည်။
စကားစမြည်ပြောဆိုပြီးနောက် ဌာန၏ လုပ်ထုံးလုပ်နည်းဟောင်းများအတိုင်း ပြန်လည်လည်ပတ်သည်။
ခုနစ်ရက်ကြာပြီးနောက်တွင် ချူဖုန်း တပည့်များကို ဦးဆောင်ကာ ဝမ်တောက်ကျောင်းတော်မှ ထွက်ခွာခဲ့ပြီး မြောက်ပိုင်းချောက်နက်ဒေသရှိ ရှီးမျိုးနွယ်စုဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့၏။
မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်သည် ရွှမ်ထျန်းတိုက်ကြီး၏ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး ၎င်း၏ နယ်နိမိတ်အတွင်းရှိ ကျယ်ပြောလှသော ရေခဲပြင်ချောက်နက်ကြီးကို အစွဲပြု၍ အမည်မှည့်ခေါ်ထားခြင်းဖြစ်သည်။
၎င်း အုပ်ချုပ်မှုနယ်မြေသည် မြောက်ဘက်တစ်ခွင်လုံးကို လွှမ်းခြုံထားပြီး လက်အောက်ခံနိုင်ငံပေါင်း များစွာကို အုပ်ချုပ်ထားလေ၏။
ရှီးမျိုးနွယ်စု အုပ်ချုပ်သော မြောက်ပိုင်းချောက်နက်မင်းဆက်သည် ပေယွမ်လက်အောက်ရှိ ထိပ်တန်းမင်းဆက် ဆယ်ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
သူတော်စင်တစ်ပိုင်းတစ်ဦး ရှိနေခြင်းကြောင့် သူတို့သည် မြောက်ပိုင်းချောက်နက် ဒေသတွင်သာမက တိုက်ကြီးတစ်ခုလုံးတွင်ပါ ကြောက်မက်ဖွယ် အရှိန်အဝါရှိနေ၏။
မင်းဆက်၏ အလယ်ဗဟိုတွင် မြို့တော်ဖြစ်သော ကျူးရှီမြို့တော် တည်ရှိသည်။
လတ်တလောတွင် ကျူးရှီမြို့မှာ ပုံမှန်ထက် ပိုမိုစည်ကားနေသည်။
ရှီးမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်သည် ဝမ်တောက်ကျောင်းတော်မှ ပြန်လည်ရောက်ရှိလာပြီး နောက်ထပ်လဝက်အကြာတွင် ခမ်းနားသော စေ့စပ်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်၏။ ထိုပွဲတွင် ရှီးရွှမ်ကို မင်းဆက်၏ မြေးတော်အိမ်ရှေ့စံအဖြစ် ခန့်အပ်ကြောင်းနှင့် အနာဂတ်တွင် အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာမည် ဖြစ်သည်။
ဤသတင်းက မြောက်ပိုင်းတိုက်ကြီးကို တုန်လှုပ်သွားစေ၏။
အကြောင်းမှာ ရှီးရွှမ်သည် ဝမ်တောက်ကျောင်းတော်တွင် သုံးနှစ်တိုင်တိုင် ပညာသင်ကြားခဲ့သော်လည်း ထင်ရှားကျော်ကြားမှု မရှိခဲ့ဘဲ အပြင်စည်းပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသောကြောင့်ပင်။
တစ်ချိန်က မြောက်ပိုင်းချောက်နက်ဒေသတစ်ခုလုံးကို ကျော်ကြားစေခဲ့သော ဂုဏ်သတင်းမျိုး သူ့၌ မရှိတော့ပေ။
သို့သော်လည်း ထိုအခြေအနေက ကမ္ဘာတစ်ဝှမ်းမှ လူများ ဤပွဲကို လာရောက်အားပေးကြည့်ရှုခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
မြင့်မြတ်မင်းဆက်မှ မင်းသားများနှင့် မင်းသမီးများပင် တက်ရောက်ကြမည်ဟု သတင်းများ ထွက်ပေါ်နေလေ၏။
ကျူးရှီမြို့ပြင် ဆယ်လီအကွာတွင် သာမန်ဟု ထင်ရသော ယာဉ်တန်းတစ်ခုသည် မြို့တံခါးဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်လာသည်။
နောက်ဆုံးယာဉ်ပေါ်တွင် ပခုံးကျယ်ကျယ်နှင့် လူငယ်တစ်ဦး ဇက်ကြိုးကို ကိုင်ထားရင်း အေးဆေးစွာ ပြောလိုက်သည်။
“ဆရာ... ရှေ့မှာ ကျူးရှီမြို့ပါပဲ”
လိုက်ကာစကို ဖယ်လိုက်ရာ ထူးခြားသော အရှိန်အဝါရှိပြီး ခန့်ညားထည်ဝါသော လူငယ်တစ်ဦး ထွက်ပေါ်လာကာ မြင့်မားလှသော မြို့တော်ကို လှမ်းကြည့်လိုက်၏။
ဧရာမကျောက်တုံးကြီးများဖြင့်သာ တည်ဆောက်ထားသော ကျူးရှီမြို့သည် တောင်တန်းများကြားတွင် ခံတပ်ကြီးတစ်ခုသဖွယ် ပေါ်ထွက်နေသည်။ အဝေးမှပင် မြို့တံခါးပေါ်ရှိ ကျူးရှီမြို့ဟူသော စာလုံးများကို မြင်တွေ့နိုင်လေ၏။
“ရှောင်ရွှမ်ဆီ သတင်းပို့လိုက်။ ငါတို့ရောက်ပြီလို့။ ပြီးတော့ တည်းခိုဖို့ နေရာပြင်ဆင်ထားခိုင်းလိုက်”
ထိုလူငယ်က တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ရထားလုံးမောင်းသူက ပြန်ထူးလိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ သတင်းပို့အဆောင် တစ်ခုကို ထုတ်ယူကာ မြို့ထဲသို့ ပျံသန်းစေလိုက်သည်။
ဤအဖွဲ့မှာ အခြားသူများမဟုတ်ပေ။ ချူဖုန်းနှင့် သူ့တပည့်များပင်။
သူတို့က ရှီးရွှမ်၏အဖွဲ့နှင့်အတူ မလိုက်ပါဘဲ ပေယွမ်ဒေသကို အေးအေးဆေးဆေး လည်ပတ်ကြည့်ရှုကြပြီး မင်္ဂလာပွဲရက်နီးမှသာ ရောက်ရှိလာခြင်း ဖြစ်သည်။
ကျူးရှီမြို့အတွင်းရှိ ရေခဲဖီးနစ်လမ်းမ ပေါ်တွင် ခမ်းနားထည်ဝါသော အိမ်တော်ကြီးတစ်ခု ရှိသည်။
ရှီးရွှမ်မှာ အိမ်တော်အတွင်း၌ မြောင်တောင်မှ တပည့်များကို ကျင့်ကြံခြင်းတွင် လမ်းညွှန်ပေးနေခဲ့၏။
သူ အိမ်ပြန်ရောက်နေပြီ ဖြစ်သော်လည်း လူမြင်ကွင်းသို့ ထွက်လေ့မရှိပေ။ ပုံမှန် နှုတ်ဆက်ခြင်းများမှလွဲ၍ သူ၏ အချိန်အတော်များများကို အိမ်တော်အတွင်း၌သာ ကုန်ဆုံးစေခဲ့သည်။
ဤအချက်က ပြင်ပမှ သံသယများကို ပိုမိုကြီးထွားစေခဲ့သော်လည်း ရှီးမျိုးနွယ်စုရော ရှီးရွှမ်ပါ ဂရုမစိုက်ဘဲ လာမည့် စေ့စပ်ပွဲအတွက်သာ အာရုံစိုက် ပြင်ဆင်နေကြသည်။
အလင်းတန်းတစ်ခု ကျဆင်းလာပြီး ရှီးရွှမ်၏ ရှေ့တွင် ရပ်တန့်သွားလေ၏။
သူ အဆောင်ကို အသာအယာ ဖမ်းယူလိုက်ပြီးနောက် ချန်ကျွင်းနှင့် အခြားသူများဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
“ဆရာနဲ့ စီနီယာအစ်ကို၊ အစ်မတွေ ရောက်လာပြီ။ မင်းတို့ မြို့တံခါးကိုသွားပြီး ကြိုဆိုလိုက်ကြ။ ငါကတော့ အိမ်စေတွေကို ကြိုဆိုပွဲစားသောက်ပွဲ ပြင်ခိုင်းထားလိုက်မယ်”
သူတို့၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ ချက်ချင်း ထင်ဟပ်သွားသည်။
လတ်တလောတွင် အိမ်တော်အပြင်ဘက်သို့ ထွက်လိုက်တိုင်း ကျူးရှီမြို့အတွင်းရှိ လူများက သူတို့ဆရာ ရှီးရွှမ်ကို ရှုံ့ချပြောဆိုနေကြသည်ကိုသာ ကြားနေရသည်။
တပည့်များမှာ စိတ်မသက်မသာ ဖြစ်ကြရ၏။ အစပိုင်းတွင် ပြင်ပမှ ကြားသမျှ ကောလာဟလများကို ရှီးရွှမ်ထံ သတင်းပို့ခဲ့ကြသည်။
အံ့ဩဖို့ကောင်းသည်မှာ ရှီးရွှမ်က ရယ်မောရုံသာ ရယ်မောပြီး ပြင်ပလူများ၏ အမြင်ကို ဂရုမစိုက်ရန်နှင့် စေ့စပ်ပွဲအခမ်းအနား ရောက်လာသည့်အခါ အမှန်တရား ပေါ်ပေါက်လာလိမ့်မည်ဟု ပြောခဲ့ခြင်းပင်။
၎င်းကို ကြားပြီးနောက်တွင် သူတို့သည် ဒေါသကို မြိုသိပ်ကာ အပြင်ထွက်ခြင်းကို လျှော့ချလိုက်ကြသည်။ အကြောင်းမှာ စိတ်မထိန်းနိုင်ဘဲ ထိုကဲ့သို့ ကဲ့ရဲ့ရှုံ့ချနေသော ကျင့်ကြံသူများကို ထိုးကြိတ်မိကာ ရှီးရွှမ်၏ အစီအစဉ်များကို ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့်ပင်။
ယခုအခါတွင် ဌာနမှူးနှင့် ဆရာများ ရောက်ရှိလာပြီဖြစ်ရာ သူတို့အနေဖြင့် ပွဲကြည့်ရန်သာ ကျန်တော့သည်။ ပါရမီရှင်ဟု ဆိုကြသူ တစ်ယောက်နှစ်ယောက်လောက်ကို ပညာပေးခွင့် ရချင်ရနိုင်သေး၏။
“အမိန့်အတိုင်းပါ’
အားလုံးက တစ်ညီတစ်ညွတ်တည်း ဖြေကြားလိုက်ကြသည်။
ထို့နောက်တွင် သူတို့သည် ရှီးရွှမ်၏ အိမ်တော်မှ စိတ်လှုပ်ရှားစွာ ထွက်လာခဲ့ကြ၏။
ရှီးရွှမ်သည် ပြန်ရောက်ကတည်းက အပြင်မထွက်ဘဲ အေးဆေးစွာ နေထိုင်ခဲ့သဖြင့် သူ့ကို စောင့်ကြည့်နေကြသော သူလျှိုများမှာ သုံးလခန့်အကြာတွင် လက်လျှော့ကာ ဆုတ်ခွာသွားကြသည်။
ထို့ကြောင့် ချန်ကျွင်းတို့အဖွဲ့ အပြင်ထွက်သည့်အခါ နောက်ယောင်ခံလိုက်သူ မရှိပေ။
မကြာမီတွင် သူတို့ မြို့တံခါးသို့ ရောက်ရှိသွားပြီး တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်ကြသည်။
အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက်တွင် ချန်ကျွင်းသည် သာမန် လေပြင်းမြင်းများကို စီးနင်းကာ ကျူးရှီမြို့သို့ ချဉ်းကပ်လာသော ရင်းနှီးသည့် ပုံရိပ်အချို့ကို လှမ်းမြင်လိုက်ရ၏။
“ဆရာတို့ အရမ်းကို ခြိုးခြံချွေတာလွန်းတာပဲ”
တပည့်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
ချန်ကျွင်း ချက်ချင်းပင် ပြန်ပြောလိုက်သည်။
“ဆရာဘိုးဘိုးက အပိုအလုပ်တွေ၊ ဟိတ်ဟန်ထုတ်တာတွေကို မကြိုက်ဘူးလို့ ငါကြားဖူးတယ်။ ဒီနေ့ကြည့်ရတာတော့ အဲဒါ တကယ်ပဲနေမှာ”
အားလုံးက ခေါင်းညိတ်ထောက်ခံကြ၏။ ထို့နောက် ချန်ကျွင်း ရှေ့မှဦးဆောင်ကာ ရောက်ရှိလာသူများကို ကြိုဆိုလိုက်ကြသည်။
“တပည့်တို့ ဆရာတို့ကိုရော၊ ဆရာဘိုးဘိုးကိုပါ ဂါရဝပြုပါတယ်”
“ယဉ်ကျေးနေစရာ မလိုပါဘူး”
ရထားလုံးအတွင်းမှ ချူဖုန်း၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး”
ပြန်လည်ဖြေကြားပြီးနောက် ချန်ကျွင်း ထက်မံ ပြောဆိုလိုက်သည်။
“ဆရာဘိုးဘိုး သခင်လေးရှီးက အိမ်တော်မှာ စားသောက်ပွဲ ပြင်ဆင်ထားပြီးသားပါ၊ ကျွန်တော်တို့ကို ကြိုဆိုဖို့ လွှတ်လိုက်တာပါ”
“ကောင်းပြီ”
ချူဖုန်း အေးဆေးစွာ ဖြေကြားလိုက်ပြီး သူတို့နောက်မှ လိုက်ပါ၍ မြို့ထဲသို့ ဝင်လာခဲ့ကြသည်။
နာရီဝက်ခန့်အကြာတွင် သူတို့သည် တံခါးများ အကျယ်ကြီး ဖွင့်ထားသော ခန့်ညားသည့် အိမ်တော်ကြီးရှေ့သို့ ရောက်ရှိလာကြသည်။
ရှီးရွှမ် အိမ်တော်တစ်ခုလုံးရှိ လူများနှင့်အတူ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုရန် စောင့်နေ၏။
အဖွဲ့သားများကို မြင်လိုက်ရသည့်အခါ သူ ရိုသေစွာ ဦးညွှတ်ကာ ဆိုလိုက်သည်။
“တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်”
“ဒီလောက်ထိ အခမ်းအနားတွေ လုပ်နေဖို့ မလိုပါဘူး”
ရထားလုံးအတွင်းမှ ချူဖုန်း၏ အသံ လွင့်ပျံ့ထွက်ပေါ်လာသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
ရှီးရွှမ် ပြန်ပြောလိုက်ပြီးနောက် ရှေ့သို့ တိုးလာကာ ရထားလုံးကို ဆွဲလာသည့် မြင်းကို ကိုယ်တိုင်ဦးဆောင်၍ အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွားသည်။
တစ်ခဏအကြာတွင် သူ လူတိုင်းအတွက် တည်းခိုရန် နေရာများ စီစဉ်ပေးပြီးနောက် ဥယျာဉ်အတွင်း၌ လက်ဖက်ရည်သောက်ရင်း စကားပြောရန် ဖိတ်ကြားလိုက်၏။
စကားကောင်းနေစဉ်မှာပင် ဥယျာဉ်အပြင်ဘက်မှ စူးရှသော ဘဲအော်သံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာတော့သည်။
“သတင်းပို့ပါတယ်”