အခန်း (၁၄၅-၁၄၆)
Vol. 13 Ch. 145-146
အခန်း(၁၄၅)
မိုက်ကယ်နဲ့ ယူနာတို့ ရီနေးတားနိုင်ငံတော်ရဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်နေတုန်း သူတို့နောက်ကနေ လူနှစ်ယောက်က တခိခိရယ်ရင်း တိုးတိုးတိတ်တိတ် လိုက်လာကြပါတယ်။
"ကြည့်စမ်း သခင်မကြီး။ သခင်မကြီးပြောတာ မှန်သားပဲ။ ကျွန်တော်တို့ ဘာမှလုပ်စရာမလိုဘဲ သူတို့ဘာသာသူတို့ အဖော်ဖြစ်သွားကြပြီ" လို့ ဖတ်ချ်က ပြောလိုက်ပါတယ်။
"ခစ်… ခစ်… ခစ်... ဟုတ်တယ်လေ ဖတ်ချ်လေးရဲ့။ အခုလောလောဆယ် သူငယ်ချင်းတွေပဲ ဆိုရင်တောင် နောက်ပိုင်းမှာ ဒီထက်ပိုတဲ့ ပတ်သက်မှုမျိုး ဖြစ်လာအောင် ငါတို့ လုပ်ပေးရမှာပေါ့" လို့ လိုင်လီယာက သူမရဲ့လက်ထဲမှာ ဖတ်ချ်ကို ကိုင်ထားရင်း နောက်ပြောင်ချင်တဲ့ လေယူလေသိမ်းနဲ့ ပြောလိုက်ပါတယ်။
အဲဒီအတောအတွင်းမှာတော့ ယူနာနဲ့ မိုက်ကယ်တို့ဟာ သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း ဆက်ပြီး စကားပြောနေကြပါတယ်။
အစပိုင်းမှာတော့ မိုက်ကယ်က ယူနာကင်ရဲ့ အနားမှာရပ်ဖို့တောင်မှ တအားရှိန်နေမလားလို့ တွေးခဲ့မိတာပါ။
ဒါပေမဲ့ တကယ့် ကမ္ဘာမြေသားချင်း စကားပြောရတာဖြစ်လို့ သူ အရမ်းကို စိတ်သက်သာရာရသွားပြီး သူနဲ့ သန်းပေါင်းများစွာသော လူတွေက အဆိုအကရဲ့ နတ်ဘုရားမလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့သူနဲ့ စကားပြောနေရတယ်ဆိုတဲ့ အချက်ကို တမင်တကာ မေ့ထားဖို့ ကြိုးစားလိုက်ပါတယ်။
ယူနာကလည်း သူမရဲ့ အရင်ဘဝအကြောင်းတွေကို တစ်ချက်မှ ထုတ်မပြောခဲ့တာကလည်း သူ့အတွက် အထောက်အကူ ဖြစ်သွားတာပေါ့။ သူမ ပြောသမျှက မောင့်ဂိုမာရီ မိသားစုရဲ့ အငယ်ဆုံးသမီး အဖြစ် သူမရဲ့ ဘဝအကြောင်းတွေချည်းပါပဲ။
"မင်းက အသက်ဆယ်နှစ်ပဲ ရှိသေးတာဆိုတော့ မင်းရဲ့ ပါရမီ နိုးထတာ မကြာသေးဘူးပေါ့" လို့ သူက သူမကို မေးလိုက်ပါတယ်။
"ဟုတ်တယ်။ ဒီကို မလာခင် ကင်းစ်ဘရစ်ချ်မြို့က ဘုရားကျောင်းကို သွားခဲ့တုန်းက နတ်ဘုရားမနဲ့ ပြန်တွေ့ခဲ့သေးတယ်။ သူမကပဲ ဒီကမ္ဘာမှာ နောက်ထပ် ပြန်လည်ဝင်စားလာသူတစ်ယောက် ရှိသေးတယ်လို့ ပြောခဲ့တာ၊ ဒါပေမဲ့ အဲဒါ ဘယ်သူလဲဆိုတာကိုတော့ သူမက မပြောပြခဲ့ဘူး"
မိုက်ကယ် ခေါင်းညိတ်လိုက်ပါတယ်။ နတ်ဘုရားမက တစ်ခါတလေကျရင် တော်တော်လေး နောက်ပြောင်တတ်မှန်း သူ သိနေတာကိုး။
"မင်းရဲ့ ပါရမီအကြောင်း မေးလို့ရမလား" လို့ သူက သတိထားပြီး မေးလိုက်ပါတယ်။
အကယ်၍ သူသာ ယူနာကင်နဲ့ စကားပြောနေရတာဆိုရင် ဒီလောက်အထိ အတွင်းကျတဲ့ မေးခွန်းမျိုးကို မေးရဲမှာ မဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် သူမနဲ့ စကားတောင် ပြောနိုင်မှာ မဟုတ်ဘူးလေ။
ကံကောင်းတာက ယူနာ မောင့်ဂိုမာရီကတော့ ဒါကို စိတ်မရှိပါဘူး။
"ကျွန်မရဲ့ ပါရမီကိုတော့ ကောင်းကင်ဘုံ ဓားကေသရီ လို့ ခေါ်တယ်"
ယူနာက ရုတ်တရက် သူမရဲ့ လက်တွေကို မြှောက်လိုက်ပြီး သူမရဲ့ လှုပ်ရှားမှုတွေကို စတင်ပြသလိုက်ပါတယ်။ သူမရဲ့ လက်ထဲမှာ ဓားရှည်တစ်လက် ရှိနေသလိုမျိုး ဟန်ဆောင်ပြီးပေါ့။ သူမဟာ လျင်မြန်စွာပဲ လေထဲကို လွှဲယမ်း၊ ထိုးစိုက်ပြီး ပိုင်းဖြတ်ပြလိုက်တာက မိုက်ကယ်ရဲ့ အမြင်မှာတော့ ကခုန်နေတာနဲ့ တော်တော်လေး ဆင်တူနေပါတယ်။
ပြီးတော့ သူသာ အကြည့်မမှားဘူးဆိုရင် သူမရဲ့ ဟန်ချက်တွေထဲမှာ သူမရဲ့ နာမည်ကျော် ကကွက်အချို့ကိုတောင် ထည့်သွင်းထားတဲ့ပုံပါပဲ။
ရုတ်တရက် မိုက်ကယ်ရဲ့ ခေါင်းထဲမှာ အချက်ပေးသံတစ်ခု မြည်လာပါတယ်။
[ဒြပ်စင် ကျွမ်းကျင်မှု- ရေ၊ လေ]
[မှော်စွမ်းအင် ပမာဏ- ၃၄,၅၉၂ မာနာ]
[ပါရမီ- SSS အဆင့် ကောင်းကင်ဘုံ ဓားကေသရီ]
[အဆင့်- ကြယ်လေးပွင့် ဓားသမား]
-- အသုံးပြုသူရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်မှုဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေ ဘယ်လောက်အထိ ချောမွေ့ညင်သာတယ်၊ ကျော့ရှင်းတယ်၊ အချိန်ကိုက်တယ်နဲ့ ဖော်ပြနိုင်စွမ်းရှိတယ် ဆိုတဲ့အပေါ်မှာ တိုက်ရိုက် ဆက်နွှယ်နေပါတယ်။
"မင်းရဲ့ ကိုယ်ခံပညာရပ်တွေကို ဘယ်မှာလေ့ကျင့်ခဲ့တာလဲ" လို့ မိုက်ကယ်က သူမကို မေးလိုက်ပါတယ်။
အဲဒီနောက် ယူနာက ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ အကြောင်းကို ရှင်းပြပါတယ်။ အဲဒီအဖွဲ့က ကိုယ်ခံပညာရပ် အသုံးပြုသူတွေအတွက်ဆိုရင် မှော်ပညာရှင်အစည်းအရုံး နဲ့ အဆင့်အတန်း တူညီတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ဆိုပါတယ်။
မှော်အတတ်ကို အပြင်ဘက်ကို ထုတ်လွှတ်တာထက် ကိုယ့်ရဲ့ အတွင်းပိုင်းကိုပဲ အာရုံစိုက်ပြီး အသုံးပြုရတဲ့ မန္တန်တွေနဲ့ ပတ်သက်ရင် သူတို့ကထိပ်တန်း ကျွမ်းကျင်သူတွ ဖြစ်တယ်လို့လည်း သူမက ပြောပြပါတယ်။
"အသုံးဝင်မယ့် အချက်အလက်ပဲ။ ဒါဆိုရင်တော့ ကွင်းစ်နယ်မြေကိုရောက်ရင် သူတို့ဆီကို သွားလေ့လာရဦးမယ်"
ဒါက ကောင်းမွန်တဲ့ ရည်မှန်းချက်တစ်ခု ဖြစ်တယ်လို့ မိုက်ကယ်က တွေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကိုယ်ခံပညာရပ်ဆိုင်ရာ မန္တန် တွေ အများကြီးလိုအပ်နေလို့ပါ။ ဒါမှသာ နိုဗာရဲ့ ဆော့ဖ်ဝဲလ်က ပိုပြီး ကောင်းမွန်လာမှာဖြစ်သလို ကိုယ်ခံပညာရပ်ဆိုင်ရာ မန္တန်အသစ်တွေကို သူ့စိတ်ကြိုက် ဖော်စပ်နိုင်မှာ ဖြစ်ပါတယ်။
'သူတို့ဆီမှာလည်း မှော်စာကြည့်တိုက် တစ်ခုရှိရင် ကောင်းမှာပဲ' လို့ မိုက်ကယ်က သူ့ဘာသာ တွေးလိုက်မိပါတယ်။ နိုဗာ ကတော့ ဒီအတွေးကိုတင် သွားရည်ကျနေလောက်ပြီဆိုတာ သူ သိနေတာပေါ့။
[ကျွန်ုပ်က အဲဒီလိုမျိုး မလုပ်ပါဘူး] လို့ နိုဗာ က ပြန်ချေပလိုက်ပါတယ်။
"...မိုက်ကယ်... မိုက်ကယ်။ နားထောင်နေရဲ့လား" လို့ ယူနာက သူ သူမပြောတာကို နားမထောင်လို့ အနည်းငယ် စိတ်ကောက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
"ဆောရီး။ ကွင်းစ်နယ်မြေ မှာလုပ်မယ့် ကျွန်တော့်ရဲ့ အစီအစဉ်တွေအကြောင်း စဉ်းစားနေမိလို့ပါ" လို့ သူက အမှန်အတိုင်း ပြောလိုက်ပါတယ်။
ယူနာက သူ့ရှေ့ကိုလှမ်းလိုက်ပြီး သူ့လမ်းကို ပိတ်လိုက်ပါတယ်။
"ဘာလို့ ကျွန်မကို မပြောပြတာလဲ။ ကျွန်မ ကူညီနိုင်မှာပေါ့"
"လူပုနိုင်ငံတော်ကနေ ကွင်းစ်နယ်မြေကိုသွားမယ့် အဝေးပြေးလမ်းမကြီးဖွင့်မယ့်အစီအစဉ်ကို မင်း သိတယ်မလား။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဌာနချုပ်ကို ထားဖို့ နေရာကောင်းတစ်ခု လိုအပ်နေတယ်။ တခြားနေရာ တော်တော်များများကို ဆက်သွယ်ပေးနိုင်မယ့် နေရာမျိုးပေါ့"
ဒါက အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဥပမာအားဖြင့် ကင်းစ်ဘရစ်ချ်မြို့ မှာ ဌာနချုပ် တည်ဆောက်လိုက်တာက သူတို့ကို ကင်းစ်နယ်မြေ ရဲ့ အလယ်ဗဟိုမှာ ရှိနေစေပြီး စီးပွားရေး ချဲ့ထွင်ဖို့အတွက် အများကြီး လွယ်ကူသွားစေခဲ့ပါတယ်။
ဒါပေမဲ့ ကွင်းစ်နယ်မြေ ထဲက နယ်မြေတွေကတော့ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှု သိပ်မရှိဘဲ သီးခြားစီ ဖြစ်နေတတ်ပါတယ်။
"အင်း... ရှင်ပြောတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ နယ်မြေတစ်ခုတော့ ရှိတယ်" လို့ ယူနာက အကြာကြီး စဉ်းစားပြီးမှ ပြောလိုက်ပါတယ်။
"အဲဒါကတော့ အော်ကပ်စ်မြို့ ပဲ။ အဲဒီနေရာက ကုန်သည်တွေ အများကြီး စုဝေးရာနေရာဖြစ်တဲ့အတွက် စီးပွားရေးအရတော့ တကယ့်ကို စည်ကားတဲ့ မြို့တစ်မြို့ပေါ့"
မိုက်ကယ် ဒါကို ကြားလိုက်ရတဲ့အခါ အရမ်း ဝမ်းသာသွားပါတယ်။ ဒါပေမဲ့ သူမရဲ့ လေယူလေသိမ်းကို ကြည့်ရတာ ဒါပေမဲ့ ဆိုတာ ပါလာဦးမယ်ဆိုတာ သူ သိနေတာပေါ့။
"ဒါပေမဲ့... အခုလောလောဆယ်တော့ အော်ကပ်စ်မြို့က တောမြို့လေးတစ်မြို့လို ဖြစ်နေပြီ" လို့ ယူနာက သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာတွေကို ပြန်တွေးရင်း မျက်လွှာချကာ ပြောလိုက်ပါတယ်။
"အသေးစိတ် ပြောပြပါဦး" လို့ မိုက်ကယ်က စိတ်ဝင်တစား မေးလိုက်ပါတယ်။
"အရင်တုန်းကတော့ လူသားတွေရော လူတစ်ပိုင်းသတ္တဝါတွေပါ အပြည့်နဲ့ စည်ကားခဲ့တဲ့ မြို့တစ်မြို့ပေါ့။ ဒါပေမဲ့ ကံဆိုးမိုးမှောင်ကျတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုကြောင့် အစာရေစာ ရှားပါးပြီး မိုးခေါင်ရေရှားမှုတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက်မှာတော့ ဥပဒေမဲ့တဲ့နေရာတစ်ခုလို ဖြစ်သွားခဲ့ရတယ်။
သူတို့တွေ ကောင်းကင်ဘုံ စစ်သည်တော်များအဖွဲ့ ဆီမှာ အကူအညီတောင်းခဲ့ကြပေမဲ့ ခရီးကဝေးလွန်းတာရယ်၊ လမ်းခရီးကခက်ခဲတာရယ်ကြောင့် စစ်သည်တော်တွေ ရောက်လာဖို့က အချိန်အများကြီး ပေးရဦးမှာ။
အော်ကပ်စ်မြို့က လူတွေကို စစ်သည်တော်တွေ ရောက်လာရင် အရာရာ အဆင်ပြေသွားမှာပါလို့ သွားပြီး နှစ်သိမ့်ပေးဖို့က ကျွန်မရဲ့ တာဝန်တွေထဲက တစ်ခုပေါ့။ ဒါပေမဲ့ ကျွန်မ ရောက်သွားတဲ့အချိန်မှာတော့ အရာအားလုံးက နောက်ကျသွားခဲ့ပြီ"
အနာဂတ် သံတမန်တစ်ယောက်အနေနဲ့ ယူနာရဲ့ အလုပ်က တိုက်ကြီးပေါ်က နယ်မြေတိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ဒါမှမဟုတ် ပြဿနာတွေကို ဖြေရှင်းပေးဖို့ဖြစ်ပြီး အဲဒီထဲမှာ ဘေးအန္တရာယ် ကယ်ဆယ်ရေးတွေလည်း ပါဝင်ပါတယ်။
အော်ကပ်စ်မြို့က အကူအညီတောင်းတာတွေကို သူမက သေချာပေါက် လက်ဆင့်ကမ်းပေးရမှာပါ။ ဒါပေမဲ့ သူမ အဲဒီကို ရောက်သွားတဲ့အခါ သူတို့က ဘာအကူအညီမှ မတောင်းကြတော့ပါဘူး။ သူတို့တွေ မျှော်လင့်ချက် ကင်းမဲ့ကုန်ကြပြီလေ။
"ဘာလို့ သူတို့က စစ်သည်တော်အဖွဲ့ဆီမှာ အကူအညီတောင်းတာလဲ။ မှော်ပညာရှင်အစည်းအရုံးဆီမှာ ဘာလို့ မတောင်းတာလဲ။ မှော်ဆရာတွေက ပိုပြီး အကူအညီ ဖြစ်မှာ မဟုတ်ဘူးလား"
မှော်ဆရာတွေက ကျောက်တုံးကြီးတွေကို ဖယ်ရှားနိုင်သလို ဘာမှမရှိတဲ့ နေရာကနေ ရေတွေကို ဖန်တီးပေးနိုင်တာပဲ။ တကယ်လို့ မြို့က အရင်းအမြစ်တွေ လိုအပ်နေတာဆိုရင် စစ်သည်တော်ထက်စာရင် မှော်ဆရာက ပိုပြီး အသုံးဝင်မှာပါ။
"အဲဒါက ဒီလိုရှိတယ်" လို့ ယူနာက ဝေခွဲမရတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
"အော်ကပ်စ်မြို့က အချက်တစ်ချက်ကြောင့်လည်း နာမည်ကြီးတယ်။ အဲဒါကတော့ အော့ခ်တွေပဲ။ အစာရေစာ ငတ်မွတ်လာတဲ့အခါမှာတော့ အဲဒီမှာရှိတဲ့ အကြီးဆုံး အော့ခ်မျိုးနွယ်စုနှစ်ခုက တစ်ခုနဲ့တစ်ခု... အော်ဟစ်ပြီး ရန်ဖြစ်ကုန်ကြတော့တာပဲ"
* * * * * * * * *
စာစဉ်(၁၃)
အခန်း(၁၄၆)
အော်ကပ်စ်မြို့ဟာ အရင်တုန်းကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် တကယ့်ကို နာမည်ကြီးတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ နေ့တိုင်း လူထောင်ပေါင်းများစွာ လာရောက်တတ်တဲ့ ဈေးကွက်ထဲမှာ နေရာတစ်ခုရဖို့အတွက် ကုမ္ပဏီအတော်များများက တစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်ခဲ့ကြရတာပါ။
ဖောက်သည်တွေ တစ်ယောက်မှ ဆုံးရှုံးမသွားဘဲ ဈေးရဲ့ အလယ်ဗဟိုမှာ နေရာတစ်ခုကို ဆက်ပြီး ထိန်းထားနိုင်တယ်ဆိုရင် အဲဒီကုမ္ပဏီအတွက်တော့ တကယ့်ကို အဆင့်အတန်းတစ်ခု ရှိတယ်လို့ သတ်မှတ်ကြတာပေါ့။
ဒါပေမဲ့ အဲဒီမြို့က ကင်းစ်နယ်မြေနဲ့ ကွင်းစ်နယ်မြေ ကို ပိုင်းခြားထားတဲ့ တောင်တန်းတွေနဲ့ နီးကပ်နေတာကြောင့် မြေပြိုတာတွေနဲ့ ငလျင်လှုပ်တာတွေလိုမျိုး သဘာဝဘေးအန္တရာယ်တွေကို မကြာခဏ ခံစားခဲ့ရပါတယ်။
မြို့ထဲက ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ပြန်လည်ပြုပြင်ဖို့က ပိုက်ဆံနဲ့ အချိန် အများကြီး ပေးရတာဖြစ်လို့ လူအများစုကတော့ ဒါက မတန်ဘူးလို့ တွေးခဲ့ကြတာပါ။
အချိန်ကြာလာတာနဲ့အမျှ လူတွေဟာ မြို့ကနေ စတင်ထွက်ခွာသွားကြပြီး ဘေးအန္တရာယ် ကျရောက်တိုင်းလည်း လမ်းတွေနဲ့ အဆောက်အအုံတွေပေါ်က အက်ကြောင်းတွေကို ဘယ်သူမှ ပြန်ပြီး မပြုပြင်ကြတော့ပါဘူး။ ဒါက မြို့ကို ပိုပြီး ပျက်စီးစေခဲ့သလို လူအများအပြားကိုလည်း တခြားနေရာတွေကို ပြောင်းရွှေ့ဖို့ ဖိအားပေးလိုက်သလို ဖြစ်သွားခဲ့တာပေါ့။
မနှစ်က မြေပြိုမှုကြောင့် သူတို့ရဲ့ လယ်ကွင်းတွေ ပျက်စီးသွားခဲ့သလို သူတို့ အားကိုးနေရတဲ့ သန့်ရှင်းတဲ့ မြစ်ရေလမ်းကြောင်းလည်း ပျောက်ကွယ်သွားတဲ့အထိ ပြဿနာတွေက ကြီးထွားလာခဲ့ပါတယ်။
ဒါကြောင့်လည်း မြို့အနီးမှာ နေထိုင်တဲ့ အော့ခ် မျိုးနွယ်စုနှစ်ခုဟာ ကျန်ရှိနေတဲ့ အရင်းအမြစ် အနည်းငယ်ကို ရရှိဖို့အတွက် တစ်ခုနဲ့တစ်ခု ထိပ်တိုက်ရင်ဆိုင်ဖို့ ဖိအားပေးခံလိုက်ရပါတယ်။
ကံကောင်းတာက အဲဒီ အော့ခ်မျိုးနွယ်စုနှစ်ခုဟာ သူတို့ရဲ့ ပြည်တွင်းစစ်မှာ လူသားတွေ ဒါမှမဟုတ် လူတစ်ပိုင်းသတ္တဝါတွေကို အကြမ်းဖက်တာမျိုးတော့ မလုပ်ခဲ့ကြပါဘူး။
သူတို့က သူတို့ရဲ့ ရန်ပွဲကို ဖြေရှင်းဖို့အတွက် ထူးခြားတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြတာပါ။
ဂေါ်ရီလာတွေလုပ်သလိုမျိုးပဲ သူတို့ရဲ့ ရင်ဘတ်တွေကို မာန်ပါပါနဲ့ ထုရိုက်ပြီး တစ်ဖက်လူက သူတို့ထက် နိမ့်ကျတဲ့ မျိုးနွယ်စုပါလို့ ဝန်မခံမချင်း တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြီး အနိုင်ယူဖို့ ကြိုးစားကြတာပါ။
ဒါကြောင့်လည်း မြို့ထဲကလူတွေဟာ အေးအေးဆေးဆေး အိပ်လို့တောင် မရကြပါဘူး။ ဗိုက်ဆာပြီး ရေငတ်နေတဲ့အပြင် တစ်ညလုံး မရပ်မနား အော်ဟစ်နေတဲ့ အသံတွေကြောင့် သူတို့ရဲ့ နားတွေလည်း တော်တော်လေး ဒုက္ခရောက်နေကြရတာပေါ့။
ကံမကောင်းစွာနဲ့ပဲ အော့ခ်တွေရဲ့ အဲဒီလို အော်ဟစ်နေကြတာတွေက သူတို့ဆီကို စားနပ်ရိက္ခာတွေ ယူဆောင်လာပေးမယ့် ကုန်သည်တွေကိုပါ ခြောက်လှန့်ပြီး မောင်းထုတ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။
ဒီပြဿနာကို စစ်သည်တော်တွေကသာ ဖြေရှင်းနိုင်မယ့် အခြေအနေအထိ ရောက်လာခဲ့တာပါ။ သူတို့က အော့ခ် မျိုးနွယ်စုနှစ်ခုကို ပြန်လည်သင့်မြတ်အောင် လုပ်ပေးတာ ဒါမှမဟုတ် တခြားနေရာကို ပြောင်းရွှေ့သွားအောင် ဖိအားပေးတာမျိုးတွေ လုပ်ဆောင်ရမှာပါ။
အဆိုးဆုံး အခြေအနေတွေ ကြုံလာမယ်ဆိုရင်တော့ သူတို့ရဲ့ အော့ခ်အမျိုးအနွယ်ချင်းဖြစ်ပြီး ကောင်းကင်ဘုံစစ်သည်တော် တစ်ယောက်လည်း ဖြစ်တဲ့ ပုဆိန်သခင် ခရူဂါ က ရောက်လာပြီး သူက သူတို့အားလုံး ပေါင်းထားတာထက်တောင် ပိုပြီး အသံကျယ်အောင် အော်နိုင်တယ်ဆိုတာကို ပြသပါလိမ့်မယ်။
"...အဲဒါက မြို့ရဲ့ လက်ရှိ အခြေအနေပဲ" လို့ ယူနာက ရှင်းပြလိုက်ပါတယ်။
ယူနာက အော်ကပ်စ်မြို့အကြောင်းကို ဒီလောက်အထိ အသေးစိတ် သိနေတာက တကယ့်ကို အထင်ကြီးစရာပါပဲ။ စစ်သည်တော်အဖွဲ့က ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတောင် သူမ သိနေတာကိုး။
'ငါ သူမကို K-pop အိုင်ဒေါလ် တစ်ယောက်လိုပဲ မြင်နေတာကို ရပ်တန့်ရမယ်' လို့ မိုက်ကယ်က သူ့ဘာသာ တွေးလိုက်မိပါတယ်။
"အော်ကပ်စ်မြို့က ကွင်းစ်နယ်မြေမှာ ကျွန်တော့် ကုမ္ပဏီကို စတင်ဖို့အတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုပဲ..."
ကွင်းစ်နယ်မြေ မှာရှိတဲ့ လူအများစုက အော်ကပ်စ်မြို့ကို ဘာမှအကျိုးအမြတ်မရှိနိုင်တဲ့နေရာလို့ သတ်မှတ်ထားကြပေမဲ့ မိုက်ကယ်ကတော့ အဲဒီမြို့ကို အရင်ကထက် ပိုပြီး တိုးတက်လာအောင် လုပ်နိုင်မယ်ဆိုတာ သိနေပါတယ်။ လူသူကင်းမဲ့နေတဲ့ ခြောက်သွေ့လွင်ပြင်ကို လူတိုင်းအတွက် သုခဘုံတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သလိုမျိုးပေါ့။
အရင်းအမြစ် ရှားပါးတဲ့ ပြဿနာကို မိုက်ကယ်ရဲ့ မော်တော်ကားတွေနဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ ပျက်စီးနေတဲ့ အဆောက်အအုံတွေအတွက်လည်း ကွန်ကရစ်တွေ ရှိနေတာပဲ။ အော့ခ်တွေအတွက်ဆိုရင်လည်း မိုက်ကယ်မှာ အစီအစဉ် ရှိပြီးသားပါ။
မိုက်ကယ်က ယူနာဘက်ကို လှည့်လိုက်ပါတယ်။
"မင်း ကျွန်တော့်ကို ကူညီနိုင်မလား။ ကျွန်တော် ကွင်းစ်နယ်မြေအကြောင်း သိပ်မသိဘူး၊ မင်းကတော့ အကုန်သိနေတာပဲလေ"
ယူနာရဲ့ မျက်နှာပေါ်မှာ အပြုံးကြီးတစ်ခု ပေါ်လာပါတယ်။
"ရတာပေါ့၊ ကျွန်မ ကူညီမှာပေါ့"
ဂီတပွဲတော်ပြီးတဲ့ နောက်တစ်နေ့မှာလည်း ရီနေးတားနိုင်ငံတော်ရဲ့ လမ်းမတွေပေါ်မှာ သဲကန္တာရထဲက သုခဘုံကို လေ့လာချင်ကြတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ပြည့်နှက်နေတုန်းပါပဲ။
သူတို့တွေဟာ ဒီနိုင်ငံကပေးစွမ်းနိုင်တဲ့ အရာရာတိုင်းကို သဘောကျသွားပုံရပါတယ်။ အဲကွန်းဆီက အေးမြတဲ့ လေညင်းကို တစ်ခါလောက် ထိတွေ့ခံစားဖူးသွားတဲ့အခါ သစ်ရွက်အကြီးကြီးတွေနဲ့ ယပ်ခတ်နေရတဲ့ ဘဝဟောင်းဆီကို သူတို့တွေ ပြန်မသွားနိုင်ကြတော့ပါဘူး။
ရီနေးတားနိုင်ငံသားတွေဟာ သူတို့နိုင်ငံမှာ အချိန်အကြာကြီးနေချင်ကြတဲ့သူတွေအတွက် ဇရပ်တွေနဲ့ ဟိုတယ်တွေကို ပိုပြီးတောင်ဆောက်လုပ်ခဲ့ရပါသေးတယ်။
ဒါတင်မကသေးပါဘူး၊ ရီနေးတားနိုင်ငံတော်မှာ တခြားကမ္ဘာပေါ်က ဘယ်နေရာမှာမှ မရနိုင်တဲ့ အရာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ လူပုနိုင်ငံတော ဆီကို သွားရောက်ခွင့် ရရှိတာပါပဲ။
ရီနေးတားနိုင်ငံသားတွေက ရထားလို့ ခေါ်တဲ့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့ ထူးဆန်းတဲ့ သတ္တုသေတ္တာကြီးတွေက လူပုနိုင်ငံတော် ရဲ့ အတွင်းပိုင်းဆီကို တိုက်ရိုက် ရောက်သွားတယ်ဆိုတာကို လူတွေ သိဖို့ သိပ်မကြာလိုက်ပါဘူး။
သင့်တင့်တဲ့ ဈေးနှုန်းဖြစ်တဲ့ ရွှေဒင်္ဂါး ၁၀၀ ပေးလိုက်ရုံနဲ့တင် သူတို့ဟာ ရထားစီးပြီး လူပုနိုင်ငံတော် ရဲ့ ဂိတ်တံခါးတွေအတွင်းထဲအထိ သွားရောက်နိုင်ပြီး လူသားတွေအတွက် နှစ်ပေါင်းထောင်ချီပြီး ပိတ်ထားခဲ့တဲ့ အရာရာတိုင်းကို လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒါက တကယ့်ကို မယုံနိုင်စရာ အတွေ့အကြုံတစ်ခုပါပဲ၊ အထူးသဖြင့် လူပုနိုင်ငံတော် မှာလည်း လျှပ်စစ်မီးတွေနဲ့ ချိတ်ဆက်ထားတာကြောင့် ဖြစ်ပါတယ်။ အဲဒါက ရီနေးတားနိုင်ငံတော်ရဲ့ ပိုပြီး ထူးခြားဆန်းပြားတဲ့ အစိတ်အပိုင်းတစ်ခုလိုပါပဲ။
လူပုတွေရဲ့ဘုရင် ဘီရူးဟာ မိုက်ကယ်က ဒီအကြံဉာဏ်ကို စတင်ပေးခဲ့တုန်းက အစပိုင်းမှာတော့ အနည်းငယ် တွေဝေနေခဲ့ပါတယ်။ လူသားတွေကို သူတို့နိုင်ငံထဲ ခရီးသွားခွင့်ပြုတာက တစ်ပိုင်းပေါ့၊ ဒါပေမဲ့ သူတို့ကို အချိန်အကြာကြီး နေထိုင်ခွင့်ပြုဖို့ ဆိုတာကတော့ လုံးဝကို ကွဲပြားခြားနားတဲ့ ကိစ္စတစ်ခု ဖြစ်နေတာကိုး။
ဒါပေမဲ့လည်း ခရီးသွားဧည့်သည်တွေဆီကနေ သူတို့ ရရှိတဲ့ ရွှေဒင်္ဂါး ပမာဏက သူတို့ ရောင်းချနိုင်သမျှ ဒါမှမဟုတ် ထုတ်လုပ်နိုင်သမျှ အရာအားလုံးထက် အများကြီး ပိုများနေတာကိုတော့ သူ မငြင်းနိုင်ခဲ့ပါဘူး။
မိုက်ကယ်က ခရီးသွားဧည့်သည်တွေကို ဘာလို့ ဒီလောက်အထိ နွေးနွေးထွေးထွေး ကြိုဆိုနေရသလဲဆိုတာကို လူပုဘုရင် နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။ အဲဒါက ပိုက်ဆံကြောင့်ပဲကိုး။
လူပုတွေဟာ ခရီးသွားဧည့်သည်တွေအပေါ် အရမ်းကို ဖော်ရွေလာကြပါတယ်၊ အထူးသဖြင့် သူတို့ရရှိတဲ့ ရွှေဒင်္ဂါးတွေက သူတို့ကို ရီနေးတားနိုင်ငံတော်ကနေ ဘီယာတွေနဲ့ တခြားထုတ်ကုန်တွေကို ပိုပြီး ဝယ်ယူနိုင်အောင် လုပ်ပေးနိုင်လို့ပါပဲ။
"မိုက်ကယ်၊ ငါ့သူငယ်ချင်းကြီး"
ဒုတိယမြောက်နေ့မှာတော့ ဘီရူးဟာလည်း ရီနေးတားနိုင်ငံတော်ကို လာရောက်လည်ပတ်ခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ သူ့ရဲ့ အဓိက ရည်မှန်းချက်ကတော့ သူ့ရဲ့ ကိုယ်ပိုင်စုဆောင်းမှုအတွက် ဘီယာတွေပိုပြီး ရယူဖို့နဲ့ ရောက်တုန်းရောက်ခိုက် ဘေ့စ်ဘောနည်းနည်းလောက် ကစားဖို့ပါပဲ။
"တွေ့ရတာ ဝမ်းသာပါတယ်" လို့ မိုက်ကယ်က လူပုဘုရင်နဲ့ လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်ပါတယ်။
"ကျွန်တော်တို့ ပြောနေခဲ့တဲ့ အဝေးပြေးလမ်းမကြီးစနစ်ကို အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီလို့ ထင်တယ်"
လူပုဘုရင်က မိုက်ကယ်ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
"မင်းပဲ ကျွန်တော်တို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့တာ မဟုတ်လား"
ဒါပေမဲ့ အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ အနောက်ကနေ ထွက်လာတဲ့ မိန်းကလေးတစ်ယောက်ကို သူ ရုတ်တရက် မြင်လိုက်ရပါတယ်။
* * * * * * * * *