← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 13 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 13 Ch. 147-148

အခန်း(၁၄၇)

အဲဒီအတောအတွင်းမှာတော့ ကွင်းစ်နယ်မြေ ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ၊ စားပွဲဝိုင်းတစ်ခုမှာ ထိုင်ပြီး ဖဲကစားရင်း အယ်လ်ဖ်ယမကာတွေ သောက်ကာ အချိန်ဖြုန်းနေကြတဲ့ ငယ်ပေါင်းကြီးဖော်လူအိုကြီးတစ်စု ရှိနေပါတယ်။

သူတို့အားလုံးမှာ ဆံပင်ဖြူကျဲကျဲတွေ၊ တွန့်လိပ်နေတဲ့ အသားအရေတွေနဲ့ ကိုင်းညွတ်နေတဲ့ ခန္ဓာကိုယ်တွေ ရှိကြပါတယ်။ သူတို့တွေက အိုမင်းနေကြပါပြီ။ တကယ်ကို အိုမင်းနေကြတာပါ။

ဒါပေမဲ့လည်း သူတို့ဆီမှာ မီးလျှံတွေနဲ့ ခွန်အားတွေ ပြည့်နှက်နေဆဲ အရာတစ်ခု ရှိပါသေးတယ်၊ အဲဒါကတော့ သူတို့ရဲ့ မျက်လုံးတွေပါပဲ။

သူတို့ ငယ်ရွယ်စဉ်တုန်းက ရှိခဲ့တဲ့ မဆုတ်မနစ်တဲ့လုံ့လတွေ အောင်မြင်မှုကို ဆာလောင်တောင့်တစိတ်တွေကို အဲဒီမျက်လုံးတွေက ပြသနေတုန်းပါပဲ။ အခုတော့ သူတို့ရဲ့ အသက်အရွယ်ကြောင့် ရရှိလာတဲ့ အသိဉာဏ်နဲ့ ဗဟုသုတတွေက သူတို့ကို သတိကြီးစွာနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးနေခဲ့တာပေါ့။

စားပွဲဝိုင်းရဲ့ အစွန်ဆုံးမှာတော့ တစ်ကမ္ဘာလုံးကို ဟိုးလေးတကျော် ဖြစ်စေခဲ့တဲ့ ဒဏ္ဍာရီဆန်တဲ့ နာမည်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ယောက် ရှိနေပါတယ်။ အဲဒါကတော့ တခြားသူ မဟုတ်ပါဘူး၊ စီးပွားရေးလောကရဲ့ ရက်စက်လှတဲ့ ခြင်္သေ့ကြီး အိုင်းဇ် ဗန်ဒါဘစ် ပါပဲ။

"သူငယ်ချင်းတို့... ငါတို့ နောက်ဆုံးအကြိမ် စုံဖြစ်ခဲ့တာ ဘယ်တုန်းကလဲ။ ငါတို့ ဒီထက်ပိုပြီး ခဏခဏ စုံသင့်တယ်နော်" လို့ သူက သူ့ရဲ့ အပေါင်းအဖော်တွေကို ပြောလိုက်ပါတယ်။

အဲဒီစကားကို သူ့ဘေးမှာထိုင်နေတဲ့ မျက်လုံးတွေ ချိုင့်ဝင်ပြီး အသားမည်းမည်းနဲ့ ထိပ်ပြောင်နေတဲ့ အဘိုးကြီးက နှာခေါင်းရှုံ့လိုက်ပါတယ်။

"ငါတို့က သိကျွမ်းတဲ့သူတွေတောင် မဟုတ်ဘူး အိုင်းဇ်။ သူငယ်ချင်းဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ငါတို့က မင်းရဲ့ ပြိုင်ဘက်တွေလေ"

အဲဒီလူကတော့ တစ်ကမ္ဘာလုံးကို အရည်အသွေးမြင့် လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေ ထောက်ပံ့ပေးနေတဲ့ နာမည်ကျော် ဟက်ဖေးစတပ်စ် ကုမ္ပဏီရဲ့ တည်ထောင်သူပဲ ဖြစ်ပါတယ်။

အိုင်းဇ်က ပခုံးတွန့်လိုက်ပါတယ်။

"မင်းတို့ကို အဲဒီလို ဆက်ဆံမိတဲ့အတွက် ခွင့်လွှတ်ပါ။ ဈေးကွက်လို့ ခေါ်တဲ့ စစ်တလင်းပေါ်မှာ ငါတို့ အတူတူ တိုက်ပွဲဝင်ခဲ့ကြတော့ ငါတို့ကြားမှာ သံယောဇဉ်တွေ ရှိနေပြီလို့ ငါ ခံစားမိလို့ပါ။ ငါ့ရဲ့ ကုမ္ပဏီနဲ့ တန်းတူယှဉ်နိုင်တဲ့ လုပ်ငန်းစုတွေကို ဦးဆောင်နေတဲ့ မင်းတို့ ယောကျ်ားတွေ၊ မိန်းမတွေကလွဲလို့ တခြား ဘယ်သူ့ကို ငါက သူငယ်ချင်းလို့ ခေါ်ရမှာလဲ"

မှန်ပါတယ်။ ဒီအခန်းထဲမှာ စုဝေးနေကြတဲ့သူတွေကတော့ ဒီကမ္ဘာပေါ်က ထိပ်တန်း စီးပွားရေး လုပ်ငန်းစုကြီးတွေရဲ့ အကြီးအကဲတွေနဲ့ တည်ထောင်သူတွေပဲ ဖြစ်ပါတယ်။

ဒီလူနည်းစု အဖွဲ့အစည်းကတော့ ကမ္ဘာကြီးကို သူတို့ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားကြတာပါ။ တကယ်လို့သာ ဒီအခန်းထဲကလူတွေကို တစ်ခုခု ဖြစ်သွားမယ်ဆိုရင် တစ်ကမ္ဘာလုံးက ဈေးကွက်ကြီးတစ်ခုလုံး ပြိုလဲသွားလိမ့်မယ်လို့ ပြောရင် ဒါက အပိုပြောတာ မဟုတ်ပါဘူး။

သေချာတာပေါ့၊ အဲဒီလို အခြေအနေမျိုး မဖြစ်အောင် သူတို့မှာ သင့်တော်တဲ့ ကာကွယ်ရေးစနစ်တွေ ရှိပြီးသားပါ။ ဒါပေမဲ့ ဒီလူတွေ ပျောက်ကွယ်သွားနိုင်ခြေက ကမ္ဘာပေါ်မှာ ဘယ်လောက်အထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေနိုင်သလဲဆိုတဲ့ အချက်ကတင် သူတို့ရဲ့ အရေးပါမှုကို ဖော်ပြနေဖို့အတွက် လုံလောက်နေပါပြီ။

"အားလုံးပဲ စိတ်လျှော့ကြစမ်းပါဦး။ ဒါက နောက်ပြောင်လိုက်တာပါပဲ။ ငါ မင်းတို့ကို သူငယ်ချင်းလို့ ခေါ်လိုက်လို့ ဒီလောက်အထိ စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုပါဘူး" လို့ အိုင်းဇ်က သူ့ဘာသာ ရယ်မောရင်း ပြောလိုက်ပါတယ်။

ရွှေဒင်္ဂါးပေါင်း ထရီလီယံချီပြီး ကြွယ်ဝကြတဲ့ လူတွေနဲ့ ပြည့်နှက်နေတဲ့ အခန်းထဲမှာ အိုင်းဇ် တစ်ယောက်တည်းသာ ဘာကိုမှ ဂရုမစိုက်ဘဲ ပြက်လုံးထုတ်နိုင်တဲ့ စိတ်ဓာတ်မျိုး ရှိနေတာပါ။

ဘာပဲဖြစ်ဖြစ် ဒီမှာရှိတဲ့လူတိုင်းက အိုင်းဇ်ကို သူတို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်လို့ သတ်မှတ်ထားကြတာကိုး။ 'လက်ရှိ အသက်ရှင်နေတဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်' ဆိုတဲ့ ဘွဲ့ထူးကို ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာ ခြင်္သေ့ကြီး ဗန်ဒါဘစ် ကို တစ်နေ့မှာ ရာထူးကနေ ဖြုတ်ချဖို့က သူတို့ဘဝရဲ့ ရည်မှန်းချက်ပဲလေ။ အဲဒါကြောင့်လည်း သူတို့တွေက သူ့အရှေ့မှာ ဘယ်တော့မှ သတိမလွတ်ကြပါဘူး။

ဒါပေမဲ့ ဘယ်လိုကြောင့်မှန်းမသိဘဲ အိုင်းဇ်ကတော့ အဲဒီလို ဖိအားမျိုးကို တစ်ခါမှ မခံစားရပါဘူး။ သူက သူတို့ကို သူ့ရဲ့ သူငယ်ချင်းတွေလို့ သတ်မှတ်ထားပြီး သူတို့ရဲ့ ပြိုင်ဆိုင်လိုစိတ်တွေကိုလည်း စနောက်နေတာထက် မပိုတဲ့ အရာတွေလို့ပဲ သဘောထားခဲ့တာပါ။ ဗန်ဒါဘစ် နာမည်ကို ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ကုမ္ပဏီအဖြစ်ကနေ ဘယ်သူမှ မဖယ်ရှားနိုင်ဘူးဆိုတာကို သူ သိနေသလိုပါပဲ။

ဒါက သူတို့ တော်တော်များများကို တကယ်ပဲ စိတ်တိုစေခဲ့တာဖြစ်ပြီး အိုင်းဇ်ကတော့ ဒါကို လုပ်ရတာကို တကယ်ပဲ သဘောကျနေပုံရပါတယ်။

အိုင်းဇ်ရဲ့ ဘေးမှာ ထိုင်နေတဲ့ အဘွားအိုကတော့ စိတ်မရှည်တော့တာကြောင့် သူမရဲ့ လက်ကို မြှောက်လိုက်ပါတယ်။

"ငါတို့ အဓိက ကိစ္စကိုပဲ ပြောကြရအောင်လား။ ငါတို့အားလုံးက ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆွေးနွေးဖို့အတွက် ကုမ္ပဏီကနေ အဖိုးတန်တဲ့ အချိန်တွေကို ဖဲ့ပေးပြီး လာခဲ့ကြတာလေ"

သူမကတော့ အိမ်ခြံမြေနဲ့ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေး လုပ်ငန်းမှာ ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂိုးလ်စတုန်း အုပ်စု ရဲ့ ပိုင်ရှင်ပဲ ဖြစ်ပါတယ်။

"မှန်တယ်" လို့ ပန်းရောင်ဆံပင်နဲ့ နောက်ထပ် အဘွားအိုတစ်ယောက်က ခေါင်းညိတ်လိုက်ပါတယ်။

"ဒါက ငါတို့အားလုံးအပေါ် သက်ရောက်မှု ရှိမယ့် ကိစ္စပဲ။ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြတယ်ဆိုပေမဲ့လည်း ငါတို့အားလုံးက ကမ္ဘာကြီး တစ်ခုတည်းမှာပဲ ရှင်သန်နေကြတာလေ။ ငါတို့တွေ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ကြတာက အားလုံးအတွက် အကျိုးရှိစေမှာပါ"

ဒီအဘွားအိုကတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပရဆေး ကုမ္ပဏီကို ပိုင်ဆိုင်ထားပြီး ဆေးရည်တွေ ရောင်းချတာနဲ့ ဆေးရုံတွေကို စီမံခန့်ခွဲတာတွေကနေ ပိုက်ဆံရှာနေသူ ဖြစ်ပါတယ်။

အိုင်းဇ်က လက်ပိုက်လိုက်ပြီး သူ့လည်ပင်းကို အကြောဆန့်လိုက်ပါတယ်။

"ဒါဆို... မင်းတို့အားလုံး ဘာတွေ သိထားကြလဲ"

"မင်း မသိသလိုမျိုး ဟန်ဆောင်မနေစမ်းပါနဲ့" လို့ ထိပ်ပြောင်နဲ့ အဘိုးကြီးက ပြောလိုက်ပါတယ်။

"ငါက မင်းတို့ ဘာတွေ သိလဲဆိုတာကိုပဲ သိချင်တာပါ" လို့ အိုင်းဇ်က ပြန်ချေပလိုက်ပါတယ်။

စားပွဲရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ နောက်ထပ် အဘိုးကြီးတစ်ယောက်က နောက်ဆုံးမှာတော့ ပါးစပ်ဟလိုက်တဲ့အချိန်အထိ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။

"ငါတို့ ပင်လယ်ရပ်ခြားမှာ ဖြစ်ပျက်နေတဲ့ ကိစ္စအကြောင်း ပြောဖို့ လိုမယ်။ ပင်လယ်ဘုရင် နဲ့ နဂါးအရှင်သခင် တို့ဟာ နောက်ဆုံးမှာ သဘောတူညီချက်တစ်ခု ရရှိသွားကြပြီ။ ဒါက ငါတို့ တိုက်ကြီးအပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်"

အဲဒီလူကတော့ တခြားသူ မဟုတ်ပါဘူး၊ ဗန်ဒါဘစ် မိသားစုနဲ့ ဈေးကွက်ကို စိုးမိုးဖို့အတွက် တစ်ဦးတည်းသော ပြိုင်ဆိုင်နေတဲ့ အော့စဘုန်း မိသားစုရဲ့ အကြီးအကဲပဲ ဖြစ်ပါတယ်။

သူကတော့ အပိုစကားတွေ မပြောဘဲ တခြားသူတွေကို မစောင့်တော့ဘဲ သူတို့ရဲ့ ပြဿနာ အရင်းအမြစ်ကို ကြေညာလိုက်ပါတယ်။ ဒါက တခြားသူတွေ သူ့အပေါ် ပြန်ပြီး အသုံးချနိုင်တဲ့ သတင်းအချက်အလက်တွေကို ပြောပြလိုက်သလို ဖြစ်နေတာကြောင့် သူ့အတွက်တော့ တော်တော်လေး အားနည်းချက် ရှိပေမဲ့ သူကတော့ ဒါကို ဂရုမစိုက်ပါဘူး။

"ဟင်း... မင်းတို့လည်း အတူတူပဲ သိထားကြတာကိုး။ ငါတို့အားလုံးမှာ တူညီတဲ့ သတင်းအချက်အလက်တွေ ရှိနေတာပဲ" လို့ အိုင်းဇ်က စနောက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

"ဒါက ဘာကို ဆိုလိုတာလဲဆိုတာ မင်း သိတယ်မလား အိုင်းဇ်"

"သိတာပေါ့" လို့ အိုင်းဇ်က ပြန်ဖြေပါတယ်။

"ဒါက အမြတ်အစွန်းတွေက ရယူဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့..."

လူတွေ ပင်လယ်ကို ဖြတ်ကျော်ပြီး တခြားတိုက်ကြီးတွေကို ခရီးသွားဖို့ ခက်ခဲစေတဲ့ အချက်တွေထဲက တစ်ခုကတော့ သူတို့ကြားမှာ ရှိနေတဲ့ ကြောက်စရာကောင်းတဲ့ ပင်လယ်ပြင်ကြီးကြောင့် ဖြစ်ပါတယ်။

ဘယ်ကမှန်းမသိဘဲ ပေါ်လာတတ်တဲ့ သဘာဝ ရေဝဲကြီးတွေ၊ ငြိမ်သက်နေတဲ့ ပင်လယ်အလယ်မှာတင် ဖြစ်ပေါ်လာတတ်တဲ့ မိုးကြိုးမုန်တိုင်းတွေနဲ့ ဖြတ်ကျော်ဖို့ မဖြစ်နိုင်တဲ့ တောင်တစ်လုံးလောက် မြင့်မားတဲ့ ဆူနာမီလှိုင်းကြီးတွေ ရှိနေတာကိုး။

ကြီးမြတ်လှတဲ့ ပင်လယ်ပြင်ကြီးကို စိုးမိုးထားပေမဲ့လည်း ပင်လယ်ဘုရင်ကတော့ သူ့နယ်မြေကို ဖြတ်ကျော်တဲ့သူ ဘယ်သူ့ကိုမှ မကူညီခဲ့ပါဘူး။ သူတို့ ဖြတ်ကျော်ချင်ရင် ဖြတ်ကျော်နိုင်ပါတယ်၊ ဒါပေမဲ့ ကိုယ့်အန္တရာယ်ကိုယ် တာဝန်ယူရမှာပါ။

တစ်ဖက်မှာလည်း နဂါးတွေအားလုံးကို အပြည့်အဝ စိုးမိုးထားတဲ့ နဂါးဘုရင်မ ကတော့ သူမရဲ့ နောက်လိုက်တွေကို သုံးပြီး တိုက်ကြီးတွေကို ဖြတ်ကျော်ရမယ့် ခရီးဝေးတွေကို ရွှေဒင်္ဂါး အမြောက်အမြားနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါက တကယ့်ကို အကျိုးအမြတ်များတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပေါ့။

ဒါပေမဲ့လည်း နဂါးတွေဟာ သဘာဝ ပင်လယ်ပြင်ကြီးရဲ့ အလိုအတိုင်း ဖြစ်နေရတုန်းပါပဲ။ သူတို့တွေဟာ ရက်စက်လှတဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့အခါ မုန်တိုင်းတွေနဲ့ လေဆင်နှာမောင်းတွေရဲ့ ဒုက္ခကို ခံစားနေရဆဲ ဖြစ်ပါတယ်။

အနည်းဆုံးတော့ အရင်က အဲဒီလို ဖြစ်ခဲ့တာပေါ့။

အခုတော့ ပင်လယ်ဘုရင် နဲ့ နဂါးဘုရင်မ တို့က သဘောတူညီချက်တစ်ခု လုပ်လိုက်ကြပါပြီ။

အသေးစိတ်ကိုတော့ မသိရသေးပေမဲ့ ရှင်းရှင်းလင်းလင်း သိသာတဲ့ အချက်တစ်ခုကတော့ နဂါးတွေဟာ ဘေးအန္တရာယ်တွေကို မကြောက်ဘဲ ပင်လယ်ကို ဖြတ်ကျော်နိုင်တော့မှာ ဖြစ်ပါတယ်။ ပင်လယ်ဘုရင်က သူတို့ကို ကြီးမြတ်လှတဲ့ ပင်လယ်ပြင်ကြီးဆီကနေ အကာအကွယ် ပေးပါလိမ့်မယ်။

ဒါက တိုက်ကြီးတွေကြား ခရီးသွားလာမှုကို အလွန်အမင်း လွယ်ကူသွားစေမှာဖြစ်သလို လူအများအပြားကိုလည်း သူတို့ရဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘဲ နိုင်ငံခြားကို ခရီးသွားလာနိုင်အောင် လုပ်ပေးပါလိမ့်မယ်။

အတိုချုပ်ပြောရရင်တော့ လာမယ့်နှစ်တွေမှာ ကမ္ဘာလှည့်ခရီးသည်တွေ ပိုများလာတော့မှာပါ။ သုံးစရာ ရွှေဒင်္ဂါးတွေ အပြည့်ပါတဲ့ ချမ်းသာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေပေါ့။

"လူကြီးမင်းတို့၊ ကျွန်တော်တို့ ရွှေရောင်လမ်းမကြီး ကို ပြန်ပြီး စတင်ဖို့ လိုအပ်မယ် ထင်တယ်" လို့ အိုင်းဇ်က မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ ကြေညာလိုက်ပါတယ်။

ရွှေရောင်လမ်းမကြီး ဆိုတာ ဘာလဲ။ အဲဒါကတော့ ကွင်းစ်နယ်မြေ ရဲ့ နယ်မြေအားလုံးကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖြစ်ပါတယ်။

ပြီးတော့ အဲဒီလမ်းကြောင်းက ဘယ်ကနေ စတာလဲ။

အဲဒါကတော့ တခြားနေရာ မဟုတ်ပါဘူး၊ အော်ကပ်စ်မြို့ ပါပဲ။

* * * * * * * * *

စာစဉ်(၁၃)

အခန်း(၁၄၈)

ရွှေရောင်လမ်းမကြီး ဟာ အရင်တုန်းကတော့ ကုန်သွယ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ အလွန်စည်ကားခဲ့တဲ့ နေရာတစ်ခုပါ။ တစ်တိုက်လုံးက ကုန်စည်တွေ အပြန်အလှန် ဖလှယ်ကြတဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး လိုအပ်ချက်နဲ့ ထောက်ပံ့မှုတွေကို ဖန်တီးပေးကာ နောက်ဆုံးမှာတော့ လူတိုင်းကို ရေရှည်မှာ ကြီးပွားချမ်းသာစေခဲ့တာပေါ့။

အဲဒီနေရာကတော့ အိုင်းဇ် ဗန်ဒါဘစ် နဲ့ ဒီအခန်းထဲက တခြားလူ အတော်များများ သူတို့ရဲ့ ဘဝကို စတင်ခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

အိုင်းဇ်ဟာ ရွှေရောင်လမ်းမကြီးမှာ နိမ့်ကျတဲ့ ကုန်သည်လေးတစ်ယောက်အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး တစ်တိုက်လုံးကို ခြေလျင်လျှောက်ကာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပိုးထည်တွေကို ရောင်းချရင်း သုံးစရာ ကြေးပြားအနည်းငယ် ရအောင် ကြိုးစားခဲ့ရတာပါ။ နောက်ဆုံးမှာတော့ သူဟာ သူ့ရဲ့ စီးပွားရေးကို အခုလို အခြေအနေအထိ ကြီးထွားအောင် လုပ်နိုင်ခဲ့တာပေါ့။

ဒါပေမဲ့ တိုက်ကြီးတွေကို ဖြတ်ကျော်နေတဲ့ ကုန်တင်သင်္ဘောတွေမှာ ဘေးအန္တရာယ်တွေ ကျရောက်လာတာကြောင့် ထူးခြားဆန်းပြားတဲ့ ကုန်စည်တွေနဲ့ ပစ္စည်းတွေ ကုန်သွယ်မှုက နောက်ဆုံးမှာ ရပ်တန့်သွားခဲ့ရပါတယ်။

အိုင်းဇ်နဲ့ တခြား ကုမ္ပဏီအတော်များများက ရွှေဒင်္ဂါး ဘီလီယံချီ အကုန်အခံပြီး သင်္ဘောတစ်စင်း ဝယ်တာ၊ ဝန်ထမ်းတွေ ခန့်အပ်တာနဲ့ ပင်လယ်ထဲမှာ သေဆုံးသွားဖို့အတွက်ပဲ လပေါင်းများစွာ ကြာမယ့် ခရီးစဉ်ကို စေလွှတ်တာက မတန်ဘူးလို့ တွေးခဲ့ကြတာပါ။

သူတို့တွေ ရွှေရောင်လမ်းမကြီး ကို ဆက်ပြီး ထိန်းသိမ်းဖို့ ကြိုးစားရင်း ပိုက်ဆံတွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူတို့တွေ အများကြီး ဆုံးရှုံးသွားခဲ့ရပြီး ရွှေရောင်လမ်းမကြီး မှာ ရင်းနှီးမြှုပ်နှံမှုတွေကို လုံးဝ ရပ်တန့်လိုက်ကြတာကြောင့် လမ်းမကြီးက တဖြည်းဖြည်း ပျက်စီးသွားပြီး နောက်ဆုံးမှာတော့ ကွယ်ပျောက်သွားခဲ့ရတာပေါ့။

“မင်းပြောတာ မှန်နေတာကိုတော့ ငါ ငြင်းလို့မရဘူး" လို့ ထိပ်ပြောင်နဲ့ အဘိုးကြီးက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ ဟက်ဖေးစတပ်စ် ကုမ္ပဏီက ရွှေရောင်လမ်းမကြီး မှာ ချပ်ဝတ်တန်ဆာတွေ ရောင်းရတာကနေ အများကြီး အမြတ်ရမှာလေ။

"တောင်ပံနဂါးတွေကို စီးပြီး သမုဒ္ဒရာကို ဖြတ်ကျော်လာရတာဆိုတော့၊ ငါတို့တိုက်ကို ရောက်လာတဲ့အခါ ခရီးသွားတွေခမျာ တော်တော်လေးကို နွမ်းနယ်ပင်ပန်းလာကြမှာ သေချာတယ် " လို့ ပန်းရောင်ဆံပင်နဲ့ အဘွားအိုက ပြောပါတယ်။

တောင်ပံနဂါး ဆိုတာကတော့ လူတွေကို ပင်လယ်ဖြတ်ပြီး တခြားတိုက်ကြီးကို ပို့ဆောင်ပေးတဲ့ နဂါးတွေရဲ့ ဝန်ဆောင်မှုကို သူတို့ ခေါ်ဝေါ်တဲ့ နာမည်ပါ။

လူတွေဟာ နဂါးတွေနဲ့ ခရီးသွားပြီးတဲ့အခါ မကြာခဏဆိုသလို ပျို့အန်တာတွေကို ခံစားရတတ်တာကြောင့် အဘွားအိုကတော့ သူတို့ရဲ့ ရောဂါတွေကို ပျောက်ကင်းစေမယ့် ဆေးဝါးတွေ ရောင်းချပြီး အခွင့်ကောင်း ယူနိုင်မှာ ဖြစ်ပါတယ်။

"ခရီးသွားဧည့်သည်တွေ အများကြီး ရှိလာတာက ငါတို့အားလုံးအတွက် သေချာပေါက် အထောက်အကူ ဖြစ်မှာပါ။ သူတို့တွေ နေဖို့ နေရာ လိုအပ်လိမ့်မယ်" လို့ ကွင်းစ်နယ်မြေ မှာ တည်းခိုဆောင်တွေနဲ့ အရက်ဆိုင်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ အဘွားအိုက ဆိုပါတယ်။

"ဒါဆို ငါတို့အားလုံး သဘောတူကြပြီလား။ ငါတို့တွေ ရွှေရောင်လမ်းမကြီးကို ပြန်လည်တည်ထောင်ကြမယ်၊ ပြီးတော့ ငါတို့ရဲ့ ဘဏ္ဍာတိုက်တွေကို နဂါးတွေတောင် မနာလိုဖြစ်သွားရမယ့်အထိ ရွှေဒင်္ဂါးတွေနဲ့ ဖြည့်ကြမယ်" လို့ အိုင်းဇ်က သူ့ရဲ့ မျက်လုံးတွေထဲမှာ နောက်တစ်ကြိမ် မဆုတ်မနစ်တဲ့ စိတ်အားထက်သန်မှုတွေနဲ့အတူ ကြေညာလိုက်ပါတယ်။

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး သူတို့ရဲ့ ခေါင်းထဲမှာ အစီအစဉ်တွေ စတင်ဆွဲနေကြပါပြီ။

ရွှေရောင်လမ်းမကြီး ကို ဘယ်သူ ထိန်းချုပ်နိုင်မလဲဆိုတာက နောက်ဆုံးမှာ ကွင်းစ်နယ်မြေ ရဲ့ ဈေးကွက်တစ်ခုလုံးကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်ဆိုတာ သူတို့ သိနေတာကိုး။ သူတို့သာ သေချာ ကိုင်တွယ်နိုင်မယ်ဆိုရင် တခြားတိုက်ကြီးတွေက လာမယ့် အဲဒီ ခရီးသွားဧည့်သည်တွေဆီက ရမယ့် အမြတ်အစွန်းတွေကို သူတို့ တစ်ယောက်တည်း စိုးမိုးထားနိုင်မှာပါ။

အဲဒါကို လုပ်ဖို့အတွက် သူတို့တွေဟာ ရွှေရောင်လမ်းမကြီး အတွက် ဗဟိုချက်တစ်ခု ဖန်တီးဖို့ လိုအပ်ပါတယ်။ ဗဟိုချက် ဆိုတာကတော့ လူတွေနဲ့ ထုတ်ကုန်တွေ ဆိုက်ရောက်ရာနေရာဖြစ်ပြီး အရာရာကို ခွဲဝေဖြန့်ဖြူးပေးတဲ့ နေရာဖြစ်တာကြောင့် အဲဒီနေရာကိုသာ သူတို့ ထိန်းချုပ်နိုင်မယ်ဆိုရင် ထုတ်ကုန်တွေကို ဘယ်နေရာမှာ၊ ဘယ်လို ရောင်းချမလဲဆိုတာကို သူတို့ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီ စီးပွားရေးလုပ်ငန်းစု ခေါင်းဆောင် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ဗဟိုချက်တစ်ခု ဖန်တီးဖို့ အစီအစဉ်တွေ ရှိကြပါတယ်။

သူတို့တွေဟာ သူတို့ရဲ့ နယ်မြေတစ်ခုကို ပြောင်းလဲပစ်ကြမှာဖြစ်ပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်လောက်အောင် နာမည်ကြီးအောင် လုပ်ကြမှာပါ။

အကယ်၍ အဲဒီနေရာကသာ နာမည်ကြီးလာမယ်ဆိုရင် လူအများစုက ရွှေရောင်လမ်းမကြီး ပေါ်က တခြားနေရာတွေထက် အဲဒီနေရာမှာပဲ ဆင်းသက်ဖို့ ရွေးချယ်ကြမှာဖြစ်ပြီး အဲဒီနေရာက ကုန်သွယ်မှုနဲ့ ခရီးသွား လုပ်ငန်းအတွက် ဗဟိုချက် ဖြစ်လာမှာ ဖြစ်ပါတယ်။

အဲဒါကို လုပ်ဖို့အတွက် သူတို့တွေဟာ ကွင်းစ်နယ်မြေ ထဲက နေရာတော်တော်များများကို ဆက်သွယ်ပေးထားတဲ့ နေရာမျိုး၊ တိုက်ကြီးရဲ့ အနက်ရှိုင်းဆုံး နေရာတွေဆီအထိ တိုက်ရိုက်သွားနိုင်တဲ့ လမ်းကြောင်းရှိတဲ့ နေရာမျိုး လိုအပ်ပါတယ်။

ရွှေရောင်လမ်းမကြီးအတွက် ဗဟိုချက် အနေနဲ့ ပြီးပြည့်စုံတဲ့ နေရာတစ်ခုကတော့ ရှိနေပြီးသားပါ။

အဲဒါကတော့ တခြားနေရာ မဟုတ်ပါဘူး၊ အော်ကပ်စ်မြို့ ပါပဲ။

သူတို့တွေက ကွင်းစ်နယ်မြေ ထဲကို ဝင်လာသမျှနဲ့ ထွက်သွားသမျှ ကုန်သွယ်မှု အားလုံးရဲ့ တရားဝင် ဗဟိုချက် ဖြစ်ခဲ့ဖူးပါတယ်။ နယ်မြေအသီးသီးဆီကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေ ရှိတာကြောင့် တစ်တိုက်လုံးကို ထုတ်ကုန်တွေ ဖြန့်ဖြူးဖို့အတွက် အကောင်းဆုံးနေရာ ဖြစ်ခဲ့တာပါ။

အော်ကပ်စ်မြို့ဟာ သစ်ရွက်တစ်ရွက်ရဲ့ အောက်ခြေက အကြောမကြီးလိုပါပဲ။ ဒီအကြောမကြီးကနေ လမ်းတွေအားလုံးက အစွန်အဖျားတွေဆီကို ပြန့်ကားသွားတာကြောင့် သစ်ရွက်ထဲမှာ အာဟာရဓာတ်တွေ ညီတူညီမျှ သွားလာနိုင်အောင် လုပ်ဆောင်ပေးပါတယ်။

ဒါကြောင့်လည်း အော်ကပ်စ်မြို့ ဟာ ကုမ္ပဏီတွေကြားမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေရှိခဲ့တဲ့ နေရာတစ်ခု ဖြစ်ခဲ့တာပါ။ အဲဒီမြို့မှာ နေရာတစ်ခု ရရှိခဲ့တဲ့သူဟာ ရွှေရောင်လမ်းမကြီးရဲ့ အသည်းနှလုံးကို သူတို့ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရွှေရောင်လမ်းမကြီး ပျက်စီးသွားတာတွေကြောင့် အော်ကပ်စ်မြို့ ဟာ အခွံသက်သက်သာ ကျန်ပါတော့တယ်။ အဲဒါက တောမြို့လေးတစ်မြို့ ဖြစ်သွားခဲ့ရတာပေါ့။

အခုအချိန်မှာတောင် အိုင်းဇ် နဲ့ အခန်းထဲက ကျန်တဲ့လူတွေက အော်ကပ်စ်မြို့ကို ပြန်ပြီး ပြုပြင်လို့ မရတော့တဲ့ နေရာတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ အဲဒီနေရာက ပြန်ပြင်ဖို့ မဖြစ်နိုင်လောက်အောင် ပြိုလဲသွားခဲ့ပြီလေ။ သူတို့တွေက အဲဒီအစား သူတို့ရဲ့ နယ်မြေတွေမှာ ဗဟိုချက် ကို ပြန်လည်တည်ဆောက်ပြီး နောင်အနာဂတ်မှာ ထိန်းချုပ်နိုင်ဖို့ပဲ မျှော်လင့်နေကြတာပါ။

အိုင်းဇ် တောင်မှ နှဖူးပေါ်လက်တင်ပြီး အပြင်းအထန် စဉ်းစားနေခဲ့တာပါ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က တံခါးကို ခေါက်ပြီး အခန်းထဲကို ဝင်လာပါတယ်။ အိုင်းဇ်က သူ့ကို သူ့ရဲ့ အစေခံတွေထဲက တစ်ယောက်အဖြစ် မှတ်မိလိုက်ပါတယ်။

သူက တကယ်ကို လိုအပ်တဲ့ အခြေအနေမျိုး မဟုတ်ရင် အခန်းထဲကို မနှောင့်ယှက်ဖို့ သူတို့ကို အမိန့်ပေးထားတာပါ။ ဒါကြောင့် သူပြောမယ့် စကားက တစ်ခုခု အရေးကြီးတာ သေချာပါတယ်။

"ဆရာ၊ သတင်းအချို့ ရောက်လာပါတယ်" လို့ အိမ်တော်ထိန်းက အိုင်းဇ်ကို ဦးညွှတ်ရင်း ပြောလိုက်ပါတယ်။

သူ့ရဲ့ မိတ်ဆွေတွေက သူ အသံကျယ်လွန်းလို့ သူ့ကို စိုက်ကြည့်နေတာကို မြင်လိုက်ရတာကြောင့် အိုင်းဇ်က အခန်းထဲကနေ ထွက်ပြီး သူ့အစေခံရဲ့ အစီရင်ခံစာကို နားထောင်ဖို့ ရွေးချယ်လိုက်ပါတယ်။

အိုင်းဇ် အခန်းထဲက ထွက်သွားပြီး တစ်မိနစ်လောက် ကြာတဲ့အခါမှာတော့ တံခါးဆီကနေ ရုတ်တရက် ကျယ်လောင်လှတဲ့ ရယ်သံကြီးတစ်ခုကို သူတို့အားလုံး ကြားလိုက်ရပါတယ်။

လူတိုင်းက တံခါးကို စူးစမ်းတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြပါတယ်။ သူတို့တွေ အိုင်းဇ် ဒီလောက်အထိ အားရပါးရ ရယ်တာကို တစ်ခါမှ မကြားဖူးကြပါဘူး။ ဗန်ဒါဘစ်ကုမ္ပဏီက ကမ္ဘာကို စိုးမိုးနိုင်ခဲ့တုန်းကတောင် သူက ဒီလောက်အထိ မပျော်ခဲ့ပါဘူး။

အဲဒီနောက်မှာတော့ တံခါးပွင့်သွားပြီး အိုင်းဇ်က အခန်းထဲကို ပြန်ဝင်လာပါတယ်။

"ဘာလို့ ရယ်နေတာလဲ" လို့ သူတို့က မေးလိုက်ကြပါတယ်။

အိုင်းဇ်က တခိခိ ရယ်မောရင်း သူ့နေရာမှာ ပြန်ထိုင်လိုက်ပါတယ်။

"ငါ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခု ကြားလိုက်ရလို့ပါ။ ငါ ပြောပြရင်တောင် မင်းတို့ထဲက ဘယ်သူမှ ယုံကြမှာ မဟုတ်လို့ ငါ မပြောတော့ပါဘူး။ ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီ။ ငါတို့တွေ ရွှေရောင်လမ်းမကြီး အသစ်တစ်ခုကို တည်ထောင်ကြမှာပါ၊ ဒါပေမဲ့ ငါ့မှာ မင်းတို့ အားလုံးအတွက် ကမ်းလှမ်းချက်တစ်ခု ရှိတယ်"

စားပွဲမှာရှိတဲ့လူတွေက အိုင်းဇ်ရဲ့ နောက်ထပ် စကားလုံးတွေကို သေသေချာချာ နားစွင့်လိုက်ကြပါတယ်။

"မင်းတို့ အားလုံးလည်း ပါဝင်ပတ်သက်မှု မရှိသရွေ့ ငါလည်း ရွှေရောင်လမ်းမကြီး စီးပွားရေးမှာ ပါဝင်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ မျိုးဆက်သစ်တွေပဲ အချင်းချင်း တိုက်ခိုက်ခိုင်းကြရအောင်"

အခန်းထဲမှာ အံ့သြတုန်လှုပ်တဲ့ အသံတွေ ထွက်ပေါ်လာပါတယ်။ သူတို့တွေ အိုင်းဇ်ဆီကနေ ဒီလောက်အထိ ရဲရင့်တဲ့ ကမ်းလှမ်းချက်မျိုးကို တစ်ခါမှ မကြားဖူးခဲ့ကြပါဘူး။ ဒါက သူ့ရဲ့ စရိုက်နဲ့ လုံးဝ မကိုက်ညီပါဘူး။ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုခု မဖြစ်ခဲ့ရင် သူက ဒါမျိုးကို ဘယ်တော့မှ အကြံပြုမှာ မဟုတ်ဘူးလေ။

ဒါက သူ့အိမ်တော်ထိန်းဆီကနေ သူ ဘယ်လို သတင်းမျိုး ကြားခဲ့ရတာလဲဆိုတာကို သူတို့ကို သိချင်စိတ် ဖြစ်ပေါ်စေခဲ့ပါတယ်။

* * * * * * * * *

All Chapters