← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 13 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 13 Ch. 149-150

အခန်း(၁၄၉)

လူတိုင်းက အိုင်းဇ်ကို တိတ်တဆိတ် စိုက်ကြည့်နေကြပြီး သူ့ရဲ့ စိတ်ဓာတ်တွေ ရုတ်တရက် ဘာကြောင့် ပြောင်းလဲသွားရတာလဲဆိုတဲ့ အကြောင်းရင်းကို သူတို့ရဲ့ ဦးနှောက်ထဲမှာ အဆက်မပြတ် စဉ်းစားနေကြပါတယ်။

ဗန်ဒါဘစ် ခြင်္သေ့ကြီးကတော့ ပြိုင်ပွဲတစ်ခုကနေ၊ အထူးသဖြင့် သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပြိုင်ရမယ့် ပွဲမျိုးကနေ ကိုယ့်သဘောနဲ့ကိုယ် ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီအခန်းထဲက လူတစ်ယောက်ချင်းစီက ကမ္ဘာ့ဈေးကွက်ကို သူ စိုးမိုးထားနိုင်မှုအပေါ် တကယ့် ခြိမ်းခြောက်မှုတွေပဲလေ။

ရွှေရောင်လမ်းမကြီးဆိုတာ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းကို နောက်ဆုံးမှာ ကျော်တက်ဖို့ သူတို့ လိုအပ်နေတဲ့ အခွင့်အရေးပါပဲ။ အိုင်းဇ်က သူ့ကိုယ်တိုင်ထက်စာရင် သူ့ရဲ့ သိပ်ပြီး မထူးချွန်လှတဲ့ မျိုးဆက်တွေကို ရွှေရောင်လမ်းမကြီး ရဲ့ စီးပွားရေးကို ကိုင်တွယ်ခိုင်းဖို့ ဆိုတာကတော့ လူမိုက်တစ်ယောက်လို လုပ်ရပ်မျိုး ဖြစ်နေမှာပါ။ သူက အဲဒီလို လုပ်ဖို့အတွက် အရမ်းကို အတ္တကြီးလွန်းတဲ့သူလေ။

"မင်းက ကလေးတွေအတွက် ကစားကွင်းတစ်ခု ဖန်တီးပေးချင်တာလား" လို့ ထိပ်ပြောင်နဲ့ အဘိုးကြီးက မေးလိုက်ပါတယ်။

"ဟုတ်တယ်" လို့ အိုင်းဇ်က သူ့မျက်နှာပေါ်မှာ ပရိယာယ်ပါတဲ့ အပြုံးတစ်ခုနဲ့ ပြန်ဖြေပါတယ်။

သူတို့အားလုံးဟာ အိုင်းဇ်ရဲ့ အစီအစဉ်တွေထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပါတယ်။

ဗန်ဒါဘစ် ခြင်္သေ့ကြီးရဲ့ အနိုင်ယူတာကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီးတဲ့နောက်မှာတော့ သူတို့က အိုင်းဇ်အကြောင်းကို ကောင်းကောင်း သိနေကြပါပြီ။ သူ နိုင်မှာ မဟုတ်ဘူးလို့ သိထားတဲ့ အလောင်းအစားမျိုးကို သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာပေါ့။

ဒါပေမဲ့လည်း သူတို့ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား ဒီကမ်းလှမ်းချက်က သူတို့ အားလုံးအတွက် အကျိုးရှိနေတာပါ။

ဒီကိစ္စရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးကတော့ အဓိက လူသားဖြစ်တဲ့ အိုင်းဇ် ကိုယ်တိုင်က ရွှေရောင်လမ်းမကြီး စီးပွားရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။

သူတို့တွေ အပြင်ပန်းမှာ ထုတ်မပြောကြပေမဲ့လည်း အကယ်၍သာ သူတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက် တိုက်ခိုက်ကြမယ်ဆိုရင် အိုင်းဇ် ဗန်ဒါဘစ် က ရွှေရောင်လမ်းမကြီး ရဲ့ ဈေးကွက်ကို စိုးမိုးသွားဖို့ အလားအလာ အများကြီး ရှိတယ်ဆိုတာ သူတို့ သိနေကြတာကိုး။ သူတို့ထဲက တချို့ဆိုရင် အစကတည်းက ဒုတိယနေရာအတွက်ပဲ တိုက်ပွဲဝင်ဖို့ စဉ်းစားနေကြတာပါ။ သူက အဲဒီလောက်အထိ ခြိမ်းခြောက်မှု ရှိတဲ့သူလေ။

ဒါပေမဲ့ အခုတော့ သူတို့တွေ မပါဝင်သရွေ့ အိုင်းဇ်ကလည်း ပါဝင်မှာ မဟုတ်ဘူးလို့ ကတိပေးလိုက်ပြီဆိုတော့ ဒါက ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်း လို့ ခေါ်တဲ့ တောင်ကြီးကို နောက်ဆုံးမှာ ကျော်လွှားနိုင်ဖို့အတွက် သူတို့မှာ ပိုပြီး ကြီးမားတဲ့ အခွင့်အရေး ရသွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

သေချာတာပေါ့၊ သူတို့တွေ ရွှေရောင်လမ်းမကြီး ကို သိမ်းပိုက်ဖို့အတွက် သူတို့ရဲ့ အရင်းအမြစ် အပြည့်အစုံကို သုံးနိုင်မှာ မဟုတ်ပေမဲ့ အိုင်းဇ် ကလည်း သူ့ရဲ့ ကြီးမားလှတဲ့ ဓနဥစ္စာတွေကို သုံးပြီး ဈေးကွက်ထဲမှာ အနိုင်ကျင့် ဗိုလ်ကျနိုင်မှာ မဟုတ်တော့ဘူးလေ။

အရာရာတိုင်းက သူတို့ရဲ့ မျိုးဆက်သစ်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေအပေါ်မှာပဲ မူတည်သွားပါတော့မယ်။

ဒါကတော့ ဒီ စီးပွားရေးလုပ်ငန်းစုကြီးတွေရဲ့ အနာဂတ် အမွေဆက်ခံမယ့်သူတွေကြားက တိုက်ပွဲပဲပေါ့။

သူတို့ သိထားသလောက်ဆိုရင်တော့ အိုင်းဇ် ဗန်ဒါဘစ် ရဲ့ ဘယ်မျိုးဆက်ကမှ သူ့ရဲ့ ထက်မြက်မှုနားကိုတောင် မကပ်နိုင်ကြပါဘူး။ သူ့ရဲ့ တိုက်ရိုက် သားသမီးတွေတောင်မှ ခြင်္သေ့ကြီး ဖြစ်လာမယ့် ခြင်္သေ့ပေါက်လေးတွေ ဖြစ်လာမယ့် အရိပ်အယောင်မျိုး တစ်ခုမှ မပြခဲ့ကြဘူးလေ။

တခြား စီးပွားရေးလုပ်ငန်းစုတွေမှာတော့ ကမ္ဘာ့ဈေးကွက်မှာ သူတို့ရဲ့ ပါရမီတွေကို ပြသနေကြပြီဖြစ်တဲ့ ထင်ရှားတဲ့ မျိုးဆက်အချို့ ရှိနေကြတာနဲ့ ယှဉ်ရင် ဗန်ဒါဘစ် မိသားစုကတော့ ရွှေရောင်လမ်းမကြီး ပြိုင်ပွဲအတွက် ပြိုင်ဘက်တွေ တော်တော်လေး ရှားပါးနေတာပါ။

"မင်းရဲ့ ကမ်းလှမ်းချက်ကို ငါတို့ လက်ခံတယ်"

လူတိုင်းက သူတို့ရဲ့ သဘောတူညီချက်ကို အမြန်ဆုံး အတည်ပြုဖို့အတွက် သူတို့ရဲ့ လက်တွေကို မြှောက်လိုက်ကြပါတယ်။ အိုင်းဇ် ကို နောက်ထပ် အချိန်ပေးပြီး သူ့ဘာသာ ပြန်စဉ်းစားကာ ဒီသဘောတူညီချက်ကနေ နောက်မဆုတ်သွားစေချင်ကြတော့ဘူးလေ။

ဘာပဲဖြစ်ဖြစ် ဒါက သူ့ကို နောက်ဆုံးမှာ အနိုင်ယူဖို့ သူတို့ စောင့်မျှော်နေခဲ့တဲ့ အခွင့်အရေးပဲကိုး

အိုင်းဇ် ဗန်ဒါဘစ် က ပြုံးလိုက်ပြီး သူ့လက်ထဲက ဝိုင်ခွက်ကို မြှောက်လိုက်ရာ ကျန်တဲ့သူတွေကလည်း လိုက်ပြီး လုပ်ဆောင်ကြပါတယ်။

"ဒါဆိုရင်တော့ ပြီးဆုံးသွားပြီပေါ့။ မင်းတို့အားလုံး ဒီပြိုင်ပွဲမှာ ကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်..." အိုင်းဇ်က ဝိုင်တွေကို တစ်ငုံတည်းနဲ့ ကုန်အောင် သောက်ချလိုက်ပါတယ်။

ကျန်တဲ့သူတွေလည်း အတူတူပဲ လုပ်ဆောင်ကြပြီး သူတို့တွေ အသာစီး ရသွားပြီလို့ တွေးကာ ကျေနပ်နေတဲ့ အပြုံးတွေ သူတို့ မျက်နှာပေါ်မှာ ရှိနေကြပါတယ်။ ခြင်္သေ့ကြီး ဗန်ဒါဘစ် က နောက်ဆုံးတော့ သူ့ရဲ့ အားနည်းချက်ကို ပြလိုက်ပြီဆိုတဲ့ အချက်အပေါ် သူတို့တွေ အရမ်းကို ပျော်နေကြတာပေါ့။ အခုဆိုရင် သူတို့တွေ စတင် တိုက်ခိုက်ရမယ့် အချိန် ရောက်ပါပြီ။

ဒါပေမဲ့ သေချာတာပေါ့၊ ဘယ်သူကမှ အိုင်းဇ် ထက် ပိုပြီး မပျော်နိုင်ပါဘူး။

ဘာပဲဖြစ်ဖြစ် သူက လွန်ခဲ့တဲ့ မိနစ်ပိုင်းကတင် တကယ့်ကို အံ့သြစရာကောင်းတဲ့ အရာတစ်ခုကို သိလိုက်ရတာကိုး။

သူ့ရဲ့ အငယ်ဆုံး မြေးလေးက လူပုနိုင်ငံတော်နဲ့ မဟာမိတ် ဖွဲ့လိုက်ပြီတဲ့

ဒါက သူတောင်မှ မလုပ်နိုင်ခဲ့တဲ့ စွမ်းဆောင်ချက်တစ်ခုပါ။ မိုက်ကယ်က ကလေးတစ်ယောက်သာ ရှိသေးတယ်ဆိုတာကို တွေးကြည့်ရင် တကယ့်ကို အဓိပ္ပာယ်မရှိလှပါဘူး၊ ဒါပေမဲ့ သူကတော့ ဒီ စီးပွားရေးလုပ်ငန်းစုကြီးတွေထဲက ဘယ်သူမှ မအိပ်မက်ရဲတဲ့ အရာတစ်ခုကို လုပ်နိုင်ခဲ့တာပါ။

ဒါက အရမ်းကို အဓိပ္ပာယ်မရှိလွန်းတာကြောင့် သူ ရယ်တောင် ရယ်နေမိတာပေါ့။

“ဟားဟားဟား... မိုက်ကယ်၊ မင်းဆီမှာ ငါ့ရဲ့ တိုက်ခိုက်လိုတဲ့ ဗီဇတွေ ရှိနေမှန်း ငါ သိနေခဲ့တာ။ ပြစမ်းပါ။ ဒီထက်ပိုပြီး ပြစမ်းပါဦး ဗန်ဒါဘစဆိုတဲ့ နာမည်က ဘယ်တော့မှ မသေဘူးဆိုတာကို လူတိုင်းကို ပြလိုက်စမ်းပါ”

“ငါ ရွှေရောင်လမ်းမကြီးရဲ့ အဆုံးမှာ မင်းကို စောင့်နေမယ်”

* * * * * * * * *

ရီနေးတားနိုင်ငံတော် မှာတော့...

မိုက်ကယ်က ယူနာကို လူပုဘုရင်နဲ့ မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ အဝေးပြေးလမ်းမကြီးအတွက် အစီအစဉ်က အရှိန်အဟုန်နဲ့ စတင်လိုက်ပါတော့တယ်။

ယူနာရဲ့ သံတမန်ရေးရာ ကျွမ်းကျင်မှုတွေနဲ့အတူ သူမက အော်ကပ်စ်မြို့ကို ဆက်သွယ်ပြီး သူတို့ရဲ့ ယုံကြည်မှုကို ရရှိဖို့ အစီအစဉ်တစ်ခုကို ချက်ချင်းပဲ ရေးဆွဲလိုက်ပါတယ်။ အဲဒါပြီးတာနဲ့ သူတို့တွေက ကွန်ကရစ်လမ်းတွေကို ကွင်းစ်နယ်မြေဆီကို ဆက်သွယ်နိုင်မှာဖြစ်သလို စီးပွားရေးချဲ့ထွင်ဖို့ အလားအလာတွေကိုလည်း ဖွင့်လှစ်ပေးနိုင်မှာ ဖြစ်ပါတယ်။

သေချာတာပေါ့၊ မိုက်ကယ်အနေနဲ့ မြို့ကို လူကိုယ်တိုင် အရင်ဆုံးသွားကြည့်ပြီး အခြေအနေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ သူနဲ့ ရီနေးတားပါရမီရှင်အင်ဂျင်နီယာအချို့ဟာ အဲဒီဒေသရဲ့ လက်ရှိအခြေအနေကို သွားရောက် စူးစမ်းဖို့ လိုအပ်သလို ဘေးအန္တရာယ်တွေ မဖြစ်ပေါ်နိုင်အောင် အဆောက်အအုံတစ်ခုလုံးကို ဘယ်လို ပြုပြင်မလဲဆိုတဲ့ အစီအစဉ်တွေကိုလည်း ရေးဆွဲရမှာပါ။

"ဪ ဘီရူး။ ကျွန်တော် မီးရထားလမ်းကို ကင်းစ်နယ်မြေ ရဲ့ တခြားနေရာတွေနဲ့ ဆက်သွယ်ဖို့ စီစဉ်နေတာ။ မင်း ဘယ်လို ထင်လဲ" လို့ သူက လူပုဘုရင်ကို မေးလိုက်ပါတယ်။

"ရတာပေါ့၊ ရတာပေါ့ ခရီးသွားဧည့်သည်တွေ ပိုများလေ၊ ပိုကောင်းလေပဲ" လို့ ဘီရူးက ဘေ့စ်ဘောဝတ်စုံကို ဝတ်ဆင်ရင်း၊ လက်ထဲက ဘီယာကို သောက်ရင်း ပြောလိုက်ပါတယ်။

ခရီးသွားဧည့်သည်တွေဆီကနေ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို မြင်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်က လျှပ်စစ်မီးနဲ့ မီးရထားလမ်း နှစ်မျိုးစလုံးကို ကင်းစ်နယ်မြေ တစ်ခုလုံးဆီ အမြန်ဆုံး ဆက်သွယ်ဖို့ စီစဉ်လိုက်ပါတယ်။

"မင်း လိုအပ်မယ့် ကုန်ကြမ်းပစ္စည်းတွေ အားလုံးကို ငါတို့ ထောက်ပံ့ပေးမယ်" လို့ ဘီရူးက ကတိပေးပါတယ်။

"နေပါဦး။ ရှင်က ကင်းစ်နယ်မြေ တစ်ခုလုံးမှာ မီးရထားလမ်းတွေ ဖောက်ဖို့ စီစဉ်နေပြီး တစ်ချိန်တည်းမှာပဲ နောက်ထပ် ရေနွေးငွေ့တာဘိုင်တစ်ခုကိုပါ ထပ်ပြီး ဖန်တီးမလို့လား" လို့ ယူနာက မေးလိုက်ပါတယ်။

"အဲဒါက ပိုက်ဆံတွေ အများကြီး ကုန်မှာလေ။"

အဲဒီအလုပ်တွေကို အပြီးသတ်ဖို့အတွက် လိုအပ်မယ့်ကုန်ကြမ်းပစ္စည်းတွေရဲ့ တန်ဖိုးကတင် ရွှေဒင်္ဂါးသန်းပေါင်း ရာနဲ့ချီ ရှိမယ်လို့ ယူနာ ခန့်မှန်းလိုက်ပါတယ်။ အဲဒီထဲမှာ လုပ်အားခကိုတောင် ထည့်မတွက်ရသေးဘူးလေ။

"ဟားဟားဟား ကြည့်ရတာ မင်းက ငါ့သူငယ်ချင်းအကြောင်းကို အခုထိ သိပ်မသိသေးဘူးပဲ။ သူက ကြောက်စရာကောင်းအောင် ချမ်းသာတာ မင်းသိလား" လို့ ဘီရူးက မိုက်ကယ်ရဲ့ ပခုံးကို ဖက်ရင်း ပြောလိုက်ပါတယ်။

"အဲဒီ စီမံကိန်းတွေကို သီးခြားစီစတင်မယ်ဆိုရင် မင်း ပိုက်ဆံတွေအများကြီး ပိုပြီး သက်သာမှာပါ" လို့ ယူနာက ဆိုပါတယ်။

အဲဒီစကားကို တုံ့ပြန်တဲ့အနေနဲ့ မိုက်ကယ်က သူ့နိုင်ငံတော်ထဲမှာ ပြုံးပျော်နေကြတဲ့ ခရီးသွားဧည့်သည်တွေကို ညွှန်ပြလိုက်ပါတယ်။

"သူတို့ကို သူတို့ရဲ့ ကိုယ်ပိုင်အိမ်တွေမှာလည်း ငါတို့နိုင်ငံမှာလိုမျိုး သက်သောင့်သက်သာရှိမှုကို ခံစားစေချင်တာ။ အဲဒါက ငါ့ရဲ့ နောက်ဆုံးပန်းတိုင်ပဲ" လို့ သူက သူမကို အလေးအနက် ပြောလိုက်ပါတယ်။

ယူနာက မိုက်ကယ်ကို စိုက်ကြည့်နေမိတော့တယ်။

သူကတော့ လမ်းလျှောက်မထွက်ခွာခင်မှာပဲ ပခုံးတွန့်ပြလိုက်ပါတယ်။

"ဒါ့အပြင် အဲဒါက ရွှေဒင်္ဂါးသန်းအနည်းငယ်လောက်ပဲ ရှိတာပါ"

* * * * * * * * *

စာစဉ်(၁၃)

အခန်း(၁၅၀)

ပြင်ဆင်မှုအချို့ လုပ်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ လူပုနိုင်ငံတော် မှာရှိတဲ့ အဝေးပြေးလမ်းမကြီးစနစ်ကို သုံးပြီး ကွင်းစ်နယ်မြေဆီကို ခရီးစတင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

သူ့နောက်ကနေ လိုက်ပါလာကြတဲ့သူတွေကတော့ မိုက်ကယ်ကို အကာအကွယ်မပါဘဲ ဘယ်နေရာမှ မသွားခိုင်းတဲ့ ဒရာဂွန်ဘွန်းမောင်နှမတွေရယ်၊ ပြီးတော့ လိုအပ်တဲ့အချိန်မှာ ကျွမ်းကျင်မှုတွေနဲ့ ပါရမီတွေ အမျိုးမျိုး ထောက်ပံ့ပေးနိုင်မယ့် အမျိုးမျိုးသော ရီနေးတားနိုင်ငံသားတို့ပဲ ဖြစ်ပါတယ်။

ယူနာနဲ့ သူမရဲ့ အစောင့်တွေလည်း သူတို့နဲ့အတူ လိုက်ပါလာခဲ့ကြပါတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့က ကွင်းစ်နယ်မြေ ဆီကို ပြန်ဖို့ စီစဉ်ထားကြပြီးသားလေ။ သူမနဲ့ ကျန်တဲ့ အစောင့်တွေက ရီနေးတားနိုင်ငံတော်မှာ ဆက်ပြီး နေချင်ကြပေမဲ့လည်း သူမရဲ့ မိဘတွေကတော့ သူမ ခရီးထွက်နေတာ လအနည်းငယ် ကြာပြီဖြစ်လို့ အိမ်ပြန်မလာရင်တော့ စိတ်ပူကြတော့မှာပါ။

သူမရဲ့ သံတမန်ရေးရာ ကျွမ်းကျင်မှုတွေကလည်း ကွင်းစ်နယ်မြေ မှာ တကယ်ကို အထောက်အကူ ဖြစ်စေမှာပါ။ သူမက မိုက်ကယ်အတွက် သူစိမ်းနယ်မြေရဲ့ နိုင်ငံရေး အခင်းအကျင်းတွေကြားမှာ လမ်းပြပေးမယ့် မရှိမဖြစ် လိုအပ်တဲ့ အကူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

သူတို့ မထွက်ခွာခင်မှာတော့ မိုက်ကယ်က နိုင်ငံတော်ကို ရီနေးတားနိုင်ငံသားတွေကို ထိန်းကျောင်းရာမှာ ကျွမ်းကျင်ကြောင်း သက်သေပြခဲ့တဲ့ လော့လိုရဲ့ လက်ထဲမှာ အပ်နှံခဲ့ပါတယ်။

ပွဲတော်ပြီးသွားတဲ့ နောက်မှာလည်း ကမ္ဘာလှည့်ခရီးသည် အရေအတွက်က များနေဆဲဖြစ်တာကြောင့် လူတိုင်းရဲ့ အလုပ်တာဝန်တွေက သိသိသာသာကို တိုးလာခဲ့ပါတယ်။

သူတို့ဆီမှာ အခုထိ လျှပ်စစ်မီး မရှိသေးပေမဲ့လည်း လူတွေဟာ နောင်အနာဂတ်မှာ သုံးဖို့အတွက် ကိုယ်ပိုင် အဲကွန်းစနစ်တွေနဲ့ ရေခဲသေတ္တာတွေကို ကြိုတင်မှာယူနေကြပါပြီ။ ဖြစ်နိုင်တာကတော့ သူတို့ရဲ့ အိမ်တွေမှာ ဒါတွေကို မြင်တွေ့နေရခြင်းအားဖြင့် ရီနေးတားနိုင်ငံတော် မှာ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ပျော်ရွှင်စရာ အချိန်တွေကို ပြန်လည်အမှတ်ရစေချင်လို့ ဖြစ်မှာပါ။

ဒါပေမဲ့ ခြုံပြီးပြောရရင်တော့ ဒါတွေကနေ သူတို့ ရရှိတဲ့ ရွှေဒင်္ဂါး ပမာဏက မိုက်ကယ် ကင်းစ်နယ်မြေ မှာ စတင်ခဲ့တဲ့ စီမံကိန်းအသစ်တွေအတွက် ကုန်ကျစရိတ်တွေကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

သူက နယ်မြေအသစ်မှာ ကုမ္ပဏီတည်ထောင်ဖို့ အလုပ်ရှုပ်နေချိန်မှာတော့ ရီနေးတားနိုင်ငံသားတွေက မီးရထားလမ်းတွေ ဖောက်ဖို့ စီစဉ်တာတွေနဲ့ အရာရာကို ခေတ်မီတိုးတက်အောင် လုပ်ဆောင်ပေးပြီး ရီနေးတားကုမ္ပဏီစံနှုန်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ပေးမယ့် လျှပ်စစ်လိုင်းတွေအတွက် အုတ်မြစ်ချတာတွေကို လုပ်ဆောင်နေကြမှာ ဖြစ်ပါတယ်။

ကံကောင်းတာက မှော်မျှော်စင်က မှော်ဆရာတွေနဲ့ ကဝေတွေက ဆောက်လုပ်ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ပြီးစီးအောင် သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ကမ်းလှမ်းခဲ့ကြပါတယ်။ ကြည့်ရတာ သူတို့တွေက သူတို့ရဲ့ ကိုယ်ပိုင် မီသရယ်မှော်နှင်တံလေးတွေ ဝယ်ယူနိုင်ဖို့အတွက် ပိုက်ဆံကို တကယ်ပဲ အလိုရှိနေကြပုံပါပဲ။

* * * * * * * * *

သူတို့တွေ လူပုနိုင်ငံတော်ဆီကို နောက်ဆုံးမှာရောက်ရှိဖို့အတွက် ရက်အနည်းငယ်လောက် ကြာခဲ့ပါတယ်။

အဲဒီမှာတော့ သူတို့ကို လူပုတွေက အားတက်သရော ကြိုဆိုကြပြီး မိုက်ကယ်ကို အသစ်ဆောက်လုပ်ထားတဲ့ ကွန်ကရစ် အဝေးပြေးလမ်းမကြီးကို ပြသကြပါတယ်။

အဲဒီလမ်းက နှစ်ပိုင်းခွဲထားပါတယ်၊ တစ်ဖက်က ကွင်းစ်နယ်မြေ ထဲကို ဝင်ဖို့ဖြစ်ပြီး နောက်တစ်ဖက်ကတော့ အဲဒီကနေ ပြန်ထွက်ဖို့အတွက်ပါ။

ဒီအဝေးပြေးလမ်းမကြီးရဲ့ အလယ်မှာတော့ ညဘက်မှာ တစ်နေရာလုံးကို လင်းထိန်နေစေမယ့် မြင့်မားတဲ့ လမ်းမီးတိုင်တွေ ရှိနေပါတယ်။

မိုက်ကယ်က ဒါကို အရှိန်ပြင်းပြင်း မောင်းနှင်ဖို့အတွက် ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာဖြစ်လို့ ညဘက် ခရီးသွားလာမှုတွေကို ပိုပြီး ဘေးကင်းစေသလို ခရီးကိုလည်း အများကြီး ပိုမြန်သွားစေမှာပါ။

"ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ မင်းတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်" လို့ မိုက်ကယ်က ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ကြတဲ့ လူပုတွေကို ပြောလိုက်ပါတယ်။

"ဒီတစ်ပတ်တော့ အလုပ်နားလိုက်ကြပါဦး။ မင်းတို့နဲ့ မင်းတို့ရဲ့ မိသားစုတွေအတွက် ငါတို့နိုင်ငံကို အကုန်အကျခံပြီး ခရီးထွက်ခိုင်းပါ့မယ်။ ပျော်ပျော်ပါးပါး နေခဲ့ကြပါ"

လူပုတွေဟာ ဒါကို ကြားလိုက်ရတဲ့အခါ ဝမ်းသာအားရနဲ့ အောင်ပွဲခံကြပါတော့တယ်။ သူတို့တွေဟာ ဒီစီမံကိန်းကြောင့် ဂီတပွဲတော်မှာ မပါဝင်နိုင်ခဲ့ကြတာမို့ အခုတော့ သူတို့ရဲ့ ကြိုးစားမှုတွေက အရာထင်သွားပြီဆိုတာကို သိလိုက်ရလို့ ဝမ်းသာနေကြတာပါ။

* * * * * * * * *

အဲဒီအတောအတွင်းမှာတော့ တောနက်ကြီးထဲမှာ ကုန်သည်အချို့ဟာ နိမ့်တုံမြင့်တုံ ဖြစ်နေတဲ့ မြေပြင်တွေကြားမှာ ခက်ခက်ခဲခဲ ခရီးနှင်ဖို့ ကြိုးစားနေကြပါတယ်။

"ဒီနေရာက တကယ်ပဲ အန္တရာယ် မရှိတာ သေချာရဲ့လား" လို့ သူတို့ထဲက အငယ်ဆုံးလေးက မေးလိုက်ပါတယ်။

"မရှိပါဘူး။ မနေ့ညက ဘာငလျင်မှ မလှုပ်ခဲ့တော့ မြေပြင်က ငါတို့ ခြေထောက်အောက်မှာ ရုတ်တရက် ပြိုကျသွားမှာ မဟုတ်ပါဘူး" လို့ အကြီးဆုံးလူက ပြန်ဖြေပါတယ်။

"အဲဒါကလည်း ကျွန်တော့်ကို စိတ်မအေးသွားစေပါဘူး။ ကျွန်တော်တို့ ဘာလို့ ဒီမှာ အသက်စွန့်နေရပြန်တာလဲ။ ဒီနေရာက တောမြို့လေးတစ်မြို့ ဖြစ်နေပြီလို့ ကျွန်တော် ထင်ထားတာ" လို့ အငယ်ဆုံးလေးက ထပ်မေးပါတယ်။

အကြီးဆုံး ကုန်သည်က နောက်ကို လှည့်ကြည့်လိုက်ပါတယ်။

"အော်ကပ်စ်မြို့ က ငါတို့ အကူအညီ လိုအပ်နေတယ်။ သူတို့တွေ အစာရေစာ ငတ်မွတ်ပြီး ရေငတ်နေကြရတာ။ ငါတို့ဆီက ကုန်စည်တွေကို ဝယ်ယူတာက သူတို့ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ"

ဒါပေမဲ့ သူတို့တွေ အမြစ်ကနေ ကျွတ်ထွက်နေတဲ့ သစ်ပင်ကြီးတစ်ပင်ကို ကျော်တက်တော့မယ့် အချိန်မှာပဲ တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားတဲ့ ကျယ်လောင်လှတဲ့ ထုရိုက်သံကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရပါတယ်။

အဲဒီအသံက သူတို့ရဲ့ ခန္ဓာကိုယ်တွေထဲအထိ တုန်ခါသွားစေပြီး သူတို့ရဲ့ အရိုးတွေကိုတောင် လှုပ်ခါသွားစေသလိုပါပဲ။

ထုရိုက်သံတွေနဲ့အတူ ဟိန်းဟောက်သံတွေ၊ လည်ချောင်းသံနဲ့ အော်ဟစ်သံတွေ ပါလာပြီး အဲဒီအသံတွေက ပဲ့တင်ထပ်သံတိုင်းမှာ ပိုပြီးတော့ ကျယ်လောင်လာခဲ့ပါတယ်။

အဲဒီအချိန်မှာတင် သူတို့တွေ သိလိုက်ရတာကတော့ အဲဒါတွေက ပဲ့တင်ထပ်သံတွေ မဟုတ်ပါဘူး။ အဲဒါကတော့ တခြားသော သတ္တဝါ ရာပေါင်းများစွာက သူတို့ရဲ့ အဆုတ်တွေ အက်ကွဲမတတ် အော်ဟစ်နေကြတာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အသံပိုကျယ်အောင် ပြိုင်နေကြတာပဲ ဖြစ်ပါတယ်။

ကုန်သည်တွေဟာ တောအုပ်ထဲကနေ ထွက်ပေါ်လာတဲ့ နားကွဲမတတ် ကျယ်လောင်လှတဲ့ အသံကြောင့် သူတို့ရဲ့ နှလုံးတွေ တဒိန်းဒိန်း ခုန်လာတာကို ရုတ်တရက် ခံစားလိုက်ရပါတယ်။

အကြီးဆုံး ကုန်သည်က သူ့ရဲ့ အဖွဲ့ကို နောက်ပြန်လှည့်ကြည့်လိုက်ပါတယ်။

"ငါတို့ ပြန်ကြရအောင်" လို့ သူက ပြတ်ပြတ်သားသား ပြောလိုက်ပါတော့တယ်။

အဲဒီအတောအတွင်းမှာပဲ တောအုပ်ရဲ့ အရှေ့ဘက်မှာတော့ ဝက်နဲ့တူတဲ့ နှာတံတွေ၊ ကြီးမားပြီး အဆီပြန်နေတဲ့ ကိုယ်ခန္ဓာတွေ ရှိကြတဲ့ အော့ခ်တွေ စုဝေးနေကြတာဖြစ်ပြီး သူတို့ရဲ့ အမျိုးအနွယ်ချင်းကြားမှာတောင် တကယ့်ကို ရှိန်စရာကောင်းတဲ့ ပုံစံမျိုး ရှိနေကြတာပါ။

ဘယ်ဘက်အခြမ်းမှာတော့ သူတို့ရဲ့ ဦးခေါင်းအပေါ်မှာ ဝံပုလွေနားရွက်တွေ ပါရှိပြီး သူတို့ရဲ့ ခန္ဓာကိုယ် အနှံ့အပြားမှာ မွဲပြာရောင် အမွေးအမှင်တွေ ကျဲကျဲပါးပါး ပေါက်နေတဲ့ အော့ခ်တွေ ရှိနေပါတယ်။

သူတို့ကိုယ်သူတို့တော့ ဝံပုလွေအော့ခ် မျိုးနွယ်စု လို့ ခေါ်ကြတာပေါ့။

ညာဘက်အခြမ်းမှာတော့ နားရွက် အရမ်းတိုပြီး အမြစ်တွေကနေ ဆူးတွေ ထွက်နေတဲ့ ကျောက်တုံးလို အကွက်တွေ ပါတဲ့ အသားအရေ ရှိကြတဲ့ အော့ခ်တွေ ရှိနေပါတယ်။

သူတို့ကိုတော့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စု လို့ ခေါ်ပါတယ်။

အပြင်ပန်းကြည့်ရတာ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အော့ခ် အုပ်စုနှစ်ခုစလုံးက အကြမ်းဖက်တတ်တဲ့ အမျိုးအစားတွေတော့ မဟုတ်ကြပါဘူး။ သူတို့က သူတို့ရဲ့ ရန်ပွဲကို အပေါ်စီးကနေ စိုးမိုးနိုင်စွမ်း ရှိကြောင်း ပြသခြင်းအားဖြင့် ဖြေရှင်းဖို့ကိုပဲ သူတို့ရဲ့ မူဝါဒအဖြစ် သတ်မှတ်ထားကြတာပါ။

"ဘူ... တို... တို..." လို့ ဝံပုလွေအော့ခ် မျိုးနွယ်စုက ထိုင်ချလိုက်ပြီး သူတို့ရဲ့ အသားထူတဲ့ ပေါင်တွေကို ထုရိုက်ကာ အသံကြီး ထွက်ပေါ်လာအောင် အော်ဟစ်လိုက်ကြပါတယ်။

"ရာ... တာ... တာ" လို့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ဆူးတွေကို မြွေတစ်ကောင်က သူ့ရဲ့ အမြီးကို လှုပ်ခါလိုက်တဲ့ အသံမျိုးရအောင် တီးခတ်ရင်း ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

အဲဒီ မျိုးနွယ်စုနှစ်ခုစလုံးဟာ သူတို့ရဲ့ စိုးမိုးနိုင်စွမ်းကို ပြသဖို့အတွက် ဟန်ရေးပြင်နေကြပေမဲ့ ဘယ်သူကမှတော့ လျှော့ပေးမယ့် အရိပ်အယောင် မရှိကြပါဘူး။

"ထွက်သွား ငါတို့ ဒီမှာပဲ နေမယ်"

"မရဘူး၊ မင်းတို့ပဲ ထွက်သွား ငါတို့က ဒီနေရာကို ဆက်ပြီး ထိန်းထားမှာ"

ခေါင်းဆောင်နှစ်ယောက်ကတော့ အချင်းချင်း တိုက်ပွဲခေါ်သံတွေ ဖလှယ်နေကြတာပေါ့။

အဲဒီအတောအတွင်းမှာပဲ တည်ငြိမ်နေတဲ့ ပင်လယ်ပြင်ကြီးရဲ့ အလယ်မှာတော့ ရုတ်တရက် တိုက်ခတ်လာတဲ့ လေပြင်းတစ်ချက်ကြောင့် ပြာလွင်နေတဲ့ ကောင်းကင်ယံမှာ ရှိနေတဲ့ ကြီးမားလှတဲ့ တိမ်တိုက်ကြီးတွေကို လှုပ်ခါသွားစေခဲ့ပါတယ်။

တောင်ပံအကြီးကြီးတွေ ရှိတဲ့ သတ္တဝါကြီးတွေက တိမ်တိုက်တွေကို ဖောက်ထွက်လာပြီး အဲဒီတိမ်တိုက်တွေကို မြူတွေအဖြစ်ပဲ ကျန်ရစ်စေခဲ့ပါတယ်။

အဲဒါတွေကတော့ တခြားမဟုတ်ပါဘူး၊ ဂုဏ်ယူဝင့်ကြွားလှတဲ့ နဂါးမျိုးနွယ်ဝင်များ ဖြစ်ကြတဲ့ ဧရာမ တောင်ပံနံဂါးသားရဲ သတ္တဝါကြီးတွေပဲ ဖြစ်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ အဲဒီ တောင်ပံနံဂါးသားရဲတွေရဲ့ အပေါ်ကို တက်ကြည့်ဖို့ သတ္တိရှိမယ်ဆိုရင်တော့ သူတို့တွေ တကယ့်ကို မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်တွေ့ရမှာပါ။

တောင်ပံနံဂါးသားရဲရဲ့ ခန္ဓာကိုယ်ပေါ်က ကျယ်ပြန့်လှတဲ့ နံရိုးတွေရဲ့ အပေါ်မှာတော့ သစ်သားအိမ်တွေနဲ့ အဆောက်အအုံတွေ အပြည့်အစုံ ပါဝင်တဲ့ မြို့ငယ်လေးတစ်မြို့ကို တည်ဆောက်ထားတာပါ။ ဒါတင်မကသေးဘဲ အဲဒီမှာ လူသားတွေနဲ့ လူတစ်ပိုင်းသတ္တဝါ ရာပေါင်းများစွာ၊ မဟုတ်ဘူး ထောင်ပေါင်းများစွာ ရှိနေကြတာပါ

သူတို့ရဲ့ ဦးတည်ရာကတော့... အဝေးက မြင်နေရတဲ့ တိုက်ကြီးဆီကိုပါပဲ…

* * * * * * * * *

All Chapters