← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 13 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 13 Ch. 153-154

အခန်း(၁၅၃)

မိုက်ကယ်က အော်ကပ်စ်မြို့က ဒေသခံတွေရဲ့ နေထိုင်မှုဘဝက ဘယ်လောက်အထိ ဆိုးရွားနေသလဲဆိုတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး ကျန်ရှိနေတဲ့ တစ်နေ့တာကို သူတို့နဲ့အတူကုန်ဆုံးစေခဲ့တယ်။

အချိန်အများစုမှာတော့ ကလေးတွေရော လူကြီးတွေပါ အန္တရာယ်ရှိတဲ့တောအုပ်တွေထဲကို သွားပြီး သူတို့ စားနိုင်မယ့် အသီးအနှံတွေကို ရှာဖွေဖို့ ကြိုးစားကြရတယ်။ ဒါပေမဲ့လည်း နေ့စဉ်ဘဝမှာ ပြည့်ပြည့်စုံစုံ နေထိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ အာဟာရကိုတော့ မရရှိနိုင်ကြပါဘူး။ အသီးသီးတဲ့ သစ်ပင်အများစုကလည်း မြေပြင်ပေါ်ကို ပြိုကျသွားတာ ဒါမှမဟုတ် မြေပြင်က အက်ကြောင်းတွေထဲကို ကျသွားတာမျိုးတွေ ဖြစ်နေတာကိုး။

သူတို့မှာရှိတဲ့ တစ်ခုတည်းသော ရေအရင်းအမြစ်ကတော့ တစ်ခါတစ်လေမှ ရွာတတ်တဲ့ မိုးရေပဲ ရှိပါတယ်။

မိုက်ကယ်က အဲဒီအမျိုးသမီးနဲ့ စကားပြောကြည့်တဲ့အခါ သူမရဲ့ နာမည်က ဘက်သ် ဖြစ်ကြောင်း သိလိုက်ရတယ်။ သူမက ဒီလို ဆိုးရွားတဲ့ အခြေအနေမှာတောင် အော်ကပ်စ်မြို့မှာ ဆက်ပြီး နေထိုင်နေတဲ့ ဒေသခံအနည်းငယ်ထဲက တစ်ယောက်ပါ။

မြို့ရဲ့ အခြေအနေက ဘာလို့ ဒီလောက်အထိ ဆိုးဆိုးရွားရွား ပျက်စီးသွားရတာလဲလို့ သူက သူမကို မေးလိုက်တယ်။

"ကျွန်မတို့ ဘေးနားကမြို့တွေဆီမှာ အကူအညီတောင်းခဲ့ပါသေးတယ်၊ ဒါပေမဲ့... သူတို့ မကူညီနိုင်ကြဘူး"

တောအုပ်ထဲမှာ အက်ကြောင်းတွေနဲ့ ချောက်နက်တွေ အများကြီး ရှိနေတဲ့ အန္တရာယ်ရှိတဲ့ မြေမျက်နှာသွင်ပြင်ကြောင့် မြို့ထဲကို ရိက္ခာအမြောက်အမြား ပို့ပေးဖို့ ဘယ်သူမှ မလုပ်နိုင်ခဲ့ကြပါဘူး။

"ကျွန်မတို့ စစ်သည်တော်အဖွဲ့ဆီမှာလည်း အကူအညီ တောင်းခဲ့ပေမဲ့ ဒီကို ရောက်လာဖို့က အချိန်အများကြီး ပေးရဦးမှာ။ အဲဒီအချိန်မှာတင် လူအများစုက မျှော်လင့်ချက် ကင်းမဲ့သွားကြပြီး ပိုပြီး ကောင်းမွန်တဲ့ နေရာတွေဆီကို ပြောင်းရွှေ့ဖို့ပဲ ရွေးချယ်ခဲ့ကြတယ်" လို့ သူမက ဝမ်းနည်းစွာနဲ့ ပြောလိုက်တယ်။

"ဒါပေမဲ့ ကျွန်မတို့ကတော့ မသွားဘူး"

"ဘာလို့ မသွားတာလဲ။ ပိုပြီး ဘေးကင်းတဲ့ နယ်မြေကို ပြောင်းရွှေ့လိုက်တာက ပိုမကောင်းဘူးလား" လို့ သူက သူမကို မေးလိုက်တယ်။

ဘက်သ်က တစ်ချိန်က ကြီးကျယ်ခဲ့တဲ့ အော်ကပ်စ်မြို့ရဲ့ အပျက်အစီးတွေကို လှည့်ကြည့်လိုက်တယ်။ သူမ ကလေးဘဝတုန်းက မြို့ထဲမှာ လူတွေနဲ့ လူတစ်ပိုင်းသတ္တဝါတွေ အမျိုးမျိုး သွားလာနေကြပြီး ကုန်ပစ္စည်းတွေနဲ့ ကုန်သွယ်မှုတွေ ပြည့်နှက်နေခဲ့တဲ့ အချိန်လေးတွေကို သူမ မျက်လုံးထဲမှာ ပြန်မြင်ယောင်လာတယ်။

"ကျွန်မတို့ ပြောင်းလို့ မရဘူး" လို့ သူမက ဆိုတယ်။

"ဒါဆိုရင် ကျွန်မတို့ရဲ့ ဘိုးဘွားတွေ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့တာတွေကို စွန့်ပစ်လိုက်သလို ဖြစ်သွားမှာပေါ့။ မင်းတော့ သိမှာ မဟုတ်ပေမဲ့ ငါတို့မြို့က တစ်ချိန်တုန်းက ရွှေရောင်လမ်းမကြီး ရဲ့ ဗဟိုချက် ဖြစ်ခဲ့တာ"

မိုက်ကယ်က အသစ်အဆန်း တစ်ခုခု ကြားလိုက်ရတဲ့အခါ စိတ်ဝင်တစားနဲ့ နားစွင့်လိုက်တယ်။

"ရွှေရောင်လမ်းမကြီး ဟုတ်လား" လို့ သူက စူးစမ်းချင်စိတ်နဲ့ မေးလိုက်တယ်။ ဒီနာမည်ကို ကြားလိုက်တာနဲ့တင် သူ့ရဲ့ စီးပွားရေးဆိုင်ရာ အာရုံခံစားမှုက နိုးကြားလာခဲ့ပါပြီ။

ဘက်သ်က ခေါင်းညိတ်ပြတယ်။

"ဟုတ်တယ်၊ ရွှေရောင်လမ်းမကြီး တဲ့၊ ဈေးထဲမှာ နေ့တိုင်း ရွှေဒင်္ဂါးတွေ အမြောက်အမြားအရောင်းအဝယ် ဖြစ်နေလို့ အဲဒီလို နာမည်ပေးထားတာပေါ့။ ကွင်းစ်နယ်မြေ ရဲ့ အနက်ရှိုင်းဆုံး နေရာတွေဆီကို ဦးတည်နေတဲ့ ဟိုးအပြင်ဘက်က လမ်းကို မြင်လား"

မိုက်ကယ်က မြို့ရဲ့ အစွန်ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ မြင်းရထား ရှစ်စင်းစာလောက်အထိ ဖြတ်သန်းနိုင်တဲ့ ကျယ်ဝန်းတဲ့ လမ်းမကြီးကို တွေ့လိုက်ရတယ်။

မိုးကုပ်စက်ဝိုင်းအထိ ဦးတည်နေတဲ့ စနစ်တကျတည်ဆောက်ထားတဲ့ ကျောက်လမ်းမကြီးရဲ့ အကြွင်းအကျန်တွေကို သူ မြင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကလည်း ဒီမြို့မှာ ကျရောက်ခဲ့တဲ့ ငလျင်တွေနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ သားကောင် ဖြစ်ခဲ့ရပုံပါပဲ။

ရွှေရောင်လမ်းမကြီးဟာ မြေပြင်ပေါ်က ချောက်နက်ကြီးတစ်ခုထက် မပိုတော့ပါဘူး။

"အရင်တုန်းကဆိုရင် ဒီမြို့ထဲကို နေ့တိုင်း မြင်းရထား ထောင်ပေါင်းများစွာ ဝင်ထွက်သွားလာနေကြတာ၊ တစ်စင်းချင်းစီက ကမ္ဘာတစ်ဝှမ်းလုံးက ထွက်တဲ့ ကုန်ပစ္စည်းတွေကို တင်လာပြီး ကွင်းစ်နယ်မြေ တစ်ခုလုံးဆီ ဖြန့်ဖြူးပေးဖို့ အသင့်ဖြစ်နေတာပေါ့။

ကျွန်မရဲ့ အဘွားက ဟင်းခတ်အမွှေးအကြိုင်တွေ ရောင်းခဲ့တာလေ။ သူမရဲ့ ဆိုင်က အခု ကျွန်မတို့ ခိုလှုံနေတဲ့ အဆောက်အအုံရဲ့ ဘေးနားမှာတင် ရှိခဲ့တာ။ ရွှေရောင်လမ်းမကြီးက ငါတို့ရဲ့ တိုက်ကြီးကို သာယာဝပြောစေခဲ့ပြီး ငါတို့ရဲ့ အော်ကပ်စ်မြို့ကိုလည်း တိုးတက်စေခဲ့တာလို့ သူမက ကျွန်မကို ပြောပြခဲ့ဖူးတယ်"

ရွှေရောင်လမ်းမကြီး အရှိန်အဟုန်နဲ့ တိုးတက်နေခဲ့တဲ့ အော်ကပ်စ်မြို့ရဲ့ အတိတ်ကို မိုက်ကယ် စိတ်ကူးနဲ့ ပုံဖော်ကြည့်လိုက်မိတယ်။

ကျောက်လမ်းမပေါ်မှာ မြင်းခွာသံတွေနဲ့အတူ လမ်းမတွေပေါ်မှာ လျှောက်သွားနေတဲ့ ဝယ်ယူသူတွေကို သူတို့ရဲ့ စားပွဲပေါ်က ဆားတွေ၊ ငရုတ်ကောင်းတွေကို မြည်းစမ်းကြည့်ဖို့ ဟင်းခတ်အမွှေးအကြိုင် ရောင်းသူတွေရဲ့ အော်ဟစ် ဆွဲဆောင်သံတွေကိုလည်း သူ ကြားနေရသလိုပါပဲ။

ပန်းသီးတွေရဲ့ အရည်အသွေးက စိတ်တိုင်းမကျဘူးလို့ ဆင်ခြေပေးပြီး ဈေးလျှော့ပေးဖို့ စိတ်အားထက်သန်စွာ တောင်းဆိုနေကြတဲ့ ဖောက်သည်တွေကိုလည်း သူ ကြားနေရတယ်။

ရောင်းသူက တခြားဖောက်သည်တစ်ယောက်နဲ့ အလုပ်ရှုပ်နေတုန်း ပေါင်မုန့်တစ်လုံးကို အင်္ကျီထဲ ထည့်ပြေးနေတဲ့ လူရှုပ်ကလေးအချို့ကိုတောင် သူ မြင်နေရသလိုပါပဲ။

အဲဒါက ရှုပ်ထွေးနေပေမဲ့လည်း တကယ်ကို စည်ကားသိုက်မြိုက်ခဲ့တာပါ။

ဘက်သ် ဖော်ပြပုံအရဆိုရင် ရွှေရောင်လမ်းမကြီး ဟာ သူ့ရဲ့ အရင်ဘဝက နာမည်ကြီးခဲ့တဲ့ ပိုးလမ်းမနဲ့ ဆင်တူတဲ့ အရာတစ်ခု ဖြစ်ပုံရပါတယ်။ အဲဒါက ကုန်သည်တွေနဲ့ လှည့်လည်ကုန်သည်တွေဟာ ကွင်းစ်နယ်မြေတစ်ခုလုံးကို ဖြန့်ဖြူးမယ့် ကုန်ပစ္စည်းတွေကို အပြန်အလှန်ဖလှယ်ကြတဲ့ ကျယ်ပြန့်လှတဲ့ လမ်းကြောင်းတွေရဲ့ ကွန်ရက်ကြီးတစ်ခုပါ။

အဲဒါသာ အမှန်ဆိုရင်တော့ ရွှေရောင်လမ်းမကြီးဟာ ကုန်ပစ္စည်းတွေတင်မကဘဲ ယဉ်ကျေးမှုတွေနဲ့ အတွေးအခေါ်တွေကိုပါ ပြန့်နှံ့စေခဲ့မှာ မိုက်ကယ် သေချာပေါက် သိနေတာပေါ့။

အကယ်၍ ရွှေရောင်လမ်းမကြီးသာ ရှိနေသေးရင် ရီနေးတားကုမ္ပဏီကို သူ့ရဲ့ မူလအစီအစဉ်ထက်စာရင် အများကြီး ပိုမြန်ပြီး ပိုထိရောက်တဲ့ နည်းလမ်းနဲ့ အဆင့်အတန်း မြင့်မားသွားအောင် လုပ်ပေးနိုင်မှာပါ။

"ဒါက ကျွန်မတို့ရဲ့ အိမ်ပါ" လို့ ဘက်သ်က ခိုင်မာတဲ့စိတ်နဲ့ပြောလိုက်တယ်။

"ဘယ်လို အခြေအနေမျိုးပဲ ကြုံရပါစေ ကျွန်မတို့ စွန့်ခွာသွားမှာ မဟုတ်ဘူး"

ရွှေရောင်လမ်းမကြီး ရဲ့ ဖြစ်နိုင်ခြေတွေကို မိုက်ကယ် စဉ်းစားနေမိတယ်၊ အထူးသဖြင့် အော်ကပ်စ်မြို့ဟာ ကွင်းစ်နယ်မြေ ရဲ့ ကုန်သွယ်မှုနဲ့ စီးပွားရေးအားလုံးရဲ့ ဗဟိုချက် ဖြစ်ခဲ့တာကြောင့်ပေါ့။

"ငါတို့တွေ ရွှေရောင်လမ်းမကြီးကို ပြန်လည် တည်ဆောက်ကြရင်ကော ဘယ်လိုလဲ" လို့ သူက ဘက်သ်ကို မေးလိုက်တယ်။

အသက်လတ်ပိုင်း အမျိုးသမီးက မိုက်ကယ်ကို သဘောကျတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်။

"ရတာပေါ့ ကလေးရယ်။ မင်း အဲဒါကို လုပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် အရင်လုပ်ရမယ်" လို့ သူမက ရယ်မောရင်း ပြောလိုက်တယ်။

မိုက်ကယ် ဘယ်ကလာသလဲဆိုတာ သူမ မသိပေမဲ့လည်း သူမကတော့ သူ့ကို အနာဂတ်အတွက် ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတဲ့ မြို့ထဲက တခြားကလေးတွေလိုပဲ ဆက်ဆံနေတာပါ။ သူမက သူတို့ရဲ့ အိမ်မက်တွေကို ငြင်းပယ်တာမျိုး မလုပ်ပေမဲ့ တကယ် ဖြစ်လာလိမ့်မယ်လို့တော့ မယုံကြည်ပါဘူး၊ အနည်းဆုံးတော့ ဒီမြို့မှာပေါ့။

"ကျွန်တော် အတည်ပြောနေတာပါ" လို့ မိုက်ကယ်က အလေးအနက် ထပ်ပြောလိုက်တယ်။

"တောင်းပန်ပါတယ်၊ ဒါပေမဲ့ မင်းက ငါတို့ဆီမှာ ဒါမျိုး လာပြောတဲ့ ပထမဆုံးလူ မဟုတ်ပါဘူး" လို့ ဘက်သ်က ဆိုတယ်။

"မြို့ကို ပြန်လည် တည်ဆောက်ပြီး ရွှေရောင်လမ်းမကြီး ကို ပြန်လည် ရှင်သန်အောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့ အစွမ်းထက်တဲ့ တော်ဝင်မျိုးနွယ်တွေ ဒါမှမဟုတ် ဘီလီယံနာ စီးပွားရေးသမားတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့အားလုံး လက်လျှော့သွားကြတာပဲ။

တောင်းပန်ပါတယ်၊ ဒါပေမဲ့ မင်းက ကလေးတစ်ယောက်ပဲ ရှိသေးတာလေ။ ငါတို့မြို့ရဲ့ ကံဆိုးမိုးမှောင်ကျနေတဲ့ အခြေအနေတွေကို ပြောင်းလဲပစ်ဖို့ မင်းမှာရော ငါ့မှာရော ဘာမှ လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါက အရှိတရားပါပဲ"

ဘက်သ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မိုက်ကယ်ကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ကလေးကတော့ အနည်းငယ်မျှတောင် စိတ်ဓာတ်ကျသွားပုံ မပေါ်ပါဘူး။

မိုက်ကယ်ရဲ့ မျက်လုံးထဲမှာ တစ်နည်းနည်းနဲ့ ဘက်သ်ကို ယုံကြည်လာအောင် လုပ်နိုင်တဲ့ ထူးဆန်းတဲ့ မီးလျှံတစ်ခု ရှိနေသလိုပါပဲ။ သူ့ရဲ့ မျက်လုံးထဲမှာ ကလေးတစ်ယောက်နဲ့ မတူတဲ့ ယုံကြည်မှုတွေ ရှိနေတာကိုး။

"မင်း ဘယ်ကလာတာလဲလို့ ထပ်မေးပါရစေဦး" လို့ သူမက မေးလိုက်တယ်။

ဒါပေမဲ့ သူမ အဲဒီစကားကို ပြောလိုက်တဲ့ အချိန်မှာတင် မြို့တံခါးဝဘက်ကို ကြည့်ရင်း ကလေးတွေဆီကနေ စိတ်လှုပ်ရှားစွာ အော်ဟစ်သံတွေ ထွက်လာတာကို သူမ ကြားလိုက်ရတယ်။

"ဝိုး... အဲဒါ ဘာကြီးလဲ"

"သေတ္တာပုံစံ မြင်းရထားကြီးလား... မြင်းကော ဘယ်မှာလဲ"

* * * * * * * * *

စာစဉ်(၃)

အခန်း(၁၅၄)

ကလေးတွေဆီက ထွက်လာတဲ့ ဆူညံသံတွေကြောင့် ဘက်သ်နဲ့ လူကြီးပိုင်းတွေအားလုံးဟာ မြို့ရဲ့ ပြိုပျက်နေတဲ့ အဝင်ဝနားကို တဖြည်းဖြည်း စုရုံးလာကြတယ်။

"ဘာလို့ အားလုံးက ဒီလောက် ဆူညံနေကြတာလဲ" လို့ သူမက သူတို့ကို မေးလိုက်တယ်။

ဒါပေမဲ့ ကလေးတွေကတော့ ဘက်သ်ကို ပြန်ဖြေဖို့ထက် ပိုပြီး စိတ်လှုပ်ရှားနေပုံရတယ်။ သူတို့က မိုးကုပ်စက်ဝိုင်းဆီကိုပဲ လက်ညှိုးထိုးပြနေကြပြီး အဲဒီမှာတော့ မြင်းရထားအုပ်စုတစ်စုဟာ တောအုပ်ထဲကနေ ထွက်လာနေသလိုပဲ။

"မမဘက်သ်၊ အဲဒါ မမပြောနေတဲ့ အကူအညီတွေလား"

"ဝိုး၊ အဲဒါ ငါတို့ကို လာကယ်မယ့် ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ လား"

မြင်းမပါတဲ့ ရထားပျံတွေက သူတို့ တစ်ခါမှ မမြင်ဖူးသလို စိတ်တောင်မကူးဖူးတဲ့အရာတွေ ဖြစ်နေတာကြောင့် ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေက နယ်ပယ်ကျော်နေပြီပေါ့။

ဒါပေမဲ့ ဘက်သ်ကတော့ အဲဒါတွေဟာ စစ်သည်တော်များအဖွဲ့ဆီက မဟုတ်သလို မှော်ပညာရှင်အစည်းအရုံး ဆီကလည်း မဟုတ်မှန်း သိနေတယ်။ တကယ်တော့ အဲဒါတွေက ကွင်းစ်နယ်မြေကတောင် မဟုတ်ပါဘူး။

အကယ်၍ အဲဒီကသာဆိုရင် မြောက်ဘက်ကို မျက်နှာမူပြီး ရွှေရောင်လမ်းမကြီး နဲ့ ချိတ်ဆက်ထားတဲ့ မြို့ရဲ့ တခြားတစ်ဖက်ကနေလာကြမှာပါ။ မြေငလျင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်ကို မြင်းရထားတွေ ဒါမှမဟုတ် ကုန်သည်တွေ ဖြတ်သန်းဖို့ ခက်ခဲလွန်းတာကြောင့် ဘယ်သူ့ဆီကမှ အကူအညီ မရခဲ့တာပဲလေ။

ဒါပေမဲ့ အခုတော့ အဲဒီမြင်းရထားတွေ၊ ရထားလို့ ခေါ်လို့ရရင်ပေါ့လေ၊ အဲဒါတွေက စစ်တပ်တစ်ခုစာလောက်ရှိတဲ့ အဖွဲ့အစည်းနဲ့အတူ လာနေကြတာပါ။

ဘက်သ်နဲ့ တခြားလူကြီးတွေကတော့ သေချာပေါက် သိလိုက်ပြီ၊ အဲဒါတွေက ကွင်းစ်နယ်မြေက မဟုတ်ဘူးဆိုတာပါပဲ။

ဒါတင်မကသေးဘဲ အဲဒါတွေက ဘယ်သူမှ သွားလို့မရတဲ့ ကွင်းစ်နယ်မြေရဲ့ တစ်နေရာကနေ လာနေပုံရတယ်။ ဘာလို့လဲဆိုတော့ တခြားတစ်ဖက်မှာ လူပုတွေက ဘယ်လူသား ဒါမှမဟုတ် ဘယ်မြင်းရထားမှ ကျော်ဖြတ်လို့မရတဲ့ ခိုင်ခံ့တဲ့တံတိုင်းကြီးတစ်ခုကို တည်ဆောက်ထားလို့ပါပဲ။

"သူတို့က ငါတို့ကို လာတိုက်ခိုက်တာလား" လို့ အဘိုးကြီးတစ်ယောက်က ဘက်သ်ကို မေးလိုက်တယ်။

"ဒီမြို့ပျက်ကြီးထဲမှာ သူတို့ ဘာရမှာမို့လို့လဲ" လို့ အဘွားကြီးတစ်ယောက်က ပြန်ဖြေတယ်။

"ဒါဆို သူတို့က ဘယ်သူတွေလဲ"

အဲဒါက လူတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းပါပဲ။ မြင်းမပါတဲ့ ရထားတွေဟာ မယုံနိုင်စရာကောင်းတဲ့ အရှိန်တွေနဲ့ သူတို့မြို့ဆီကို ချဉ်းကပ်လာတာကို သူတို့တွေ ရင်တမတမနဲ့ စောင့်ကြည့်နေရုံကလွဲလို့ တခြားမတတ်နိုင်ပါဘူး။

"မြင်းထက်တောင် မြန်နေပါလား"

"ပြီးတော့ အဲဒါတွေက သတ္တုနဲ့ လုပ်ထားတာလား၊ ဒီလောက် လေးနေတာကို သာမန်မြင်းရထားထက် ဘယ်လိုလုပ်ပြီး ပိုမြန်နေရတာလဲ"

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ အဖွဲ့ရဲ့ အရှေ့ဆုံးမှာရှိတဲ့ ကမ်ပါဗန်မော်တော်ကားဟာ အော်ကပ်စ်မြို့ ရဲ့ ဂိတ်တံခါးဝဆီကို နောက်ဆုံးတော့ ဆိုက်ရောက်လာပါတော့တယ်။

ကလေးတွေက ထူးဆန်းတဲ့ အဲဒီယာဉ်ကြီးကို ကမ္ဘာ့အံ့ဖွယ်တစ်ခုလို သဘောထားပြီး စိတ်လှုပ်ရှားစွာနဲ့ အနားကို တိုးသွားကြတယ်။ သူတို့က မော်တော်ကားရဲ့ မှောင်နေတဲ့ မှန်တွေထဲကနေ အထဲမှာ ဘယ်သူတွေရှိမလဲဆိုတာကို သိချင်စိတ်နဲ့ ချောင်းကြည့်နေကြတယ်။

"ဘက်သ်၊ အဲဒီ အမှတ်တံဆိပ်ကို သိလား" လို့ လူကြီးတစ်ယောက်က မေးလိုက်တယ်။

ရွှေရောင်လမ်းမကြီး ခေတ်တုန်းက အကြောင်းအရာတွေကို သူမသိပ်မမှတ်မိတော့ပေမဲ့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ သေချာနေတဲ့ အရာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ အော်ကပ်စ်မြို့ ဆီကို ကုန်သွယ်ဖို့ လာလေ့ရှိတဲ့ မိသားစုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အမှတ်တံဆိပ်တွေပါပဲ။

သူမ မှတ်မိသလောက်ဆိုရင် ရွှေရောင်ဒီဇိုင်းတွေ ပါဝင်တဲ့ ရှုပ်ထွေးတဲ့ အမှတ်တံဆိပ်တွေရှိနေခြင်းဟာ ကမ္ဘာ့ဈေးကွက်မှာ သူတို့ရဲ့ အဆင့်အတန်း ဘယ်လောက် မြင့်မားလဲဆိုတာကို ပြသနေတာပါ။

ဗန်ဒါဘစ် စီးပွားရေးအမှတ်တံဆိပ်ကတော့ ကမ္ဘာကြီးကို မထားတဲ့ လက်နှစ်ဖက်ပုံစံဖြစ်ပြီး အဲဒါတွေကို ရွှေအစစ်တွေနဲ့ အလှဆင်ထားတာပါ။

အော့စဘုန်းအုပ်စုရဲ့ အမှတ်တံဆိပ်ကတော့ လမ်းမပေါ်မှာ သွားနေတဲ့ မြင်းရထားပုံစံဖြစ်ပြီး ကမ္ဘာအနှံ့က ဘယ်လို ကုန်ပစ္စည်းမျိုးကိုမဆို ရောင်းချနိုင်တဲ့ သူတို့ရဲ့ စွမ်းရည်ကို ကိုယ်စားပြုထားတာပါ။

ဟက်ဖေးစတပ်စ်ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကတော့ ရွှေပန်းပဲခုံပေါ်ကို ရွှေတူနဲ့ ထုနေတဲ့ ပုံစံပါပဲ။

ဂိုးလ်စတုန်းအုပ်စုရဲ့ အမှတ်တံဆိပ်ကတော့ မြေသြဇာကောင်းတဲ့ မြေပေါ်မှာ ဆောက်ထားတဲ့ သစ်သားအိမ်လေးဖြစ်ပြီး အိမ်ခြံမြေနဲ့ ပတ်သက်ရင် သူတို့ရဲ့ ကျွမ်းကျင်မှုကို ပြသနေတာပါ။

နာမည်ကျော် မှော်ဆေးပညာရှင် ဆင်ကလဲယား ဦးဆောင်တဲ့ ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစကတော့ ကျန်းမာရေးနဲ့ သာယာဝပြောမှုကို ကိုယ်စားပြုတဲ့ ရွှေသစ်ခက် ပုံစံကို သုံးထားတာပါ။

ဒီလို ထူးဆန်းတဲ့ ယာဉ်မျိုးကို ဖန်တီးနိုင်မယ့် ချမ်းသာကြွယ်ဝမှုနဲ့ လူအင်အား ရှိတာဆိုလို့ ဘက်သ် တွေးမိသလောက် ဒီကုမ္ပဏီကြီးတွေပဲ ရှိတာပါ။ မြင်းမပါတဲ့ ဒီရထားတွေ ဘယ်လို အလုပ်လုပ်လဲဆိုတာ သူမ မသိပေမဲ့ အသုံးပြုထားတဲ့ ပစ္စည်းတွေကို ကြည့်ရုံနဲ့တင် အကုန်အကျ အရမ်းများမယ်ဆိုတာ သိနိုင်ပါတယ်။

ဒါပေမဲ့ ဒီကားရဲ့ ဘေးဘက်က အမှတ်တံဆိပ်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူမ ဘာမှ စဉ်းစားလို့ မရတော့ပါဘူး။

တံခါးဘေးမှာ ရိုးရှင်းတဲ့ 'R' အက္ခရာလေးပဲ ရှိတာပါ။ အဲဒါက ကျော့ရှင်းပေမဲ့ ကုမ္ပဏီအများစုလို တောက်တောက်ပပနဲ့ ဖိတ်ဖိတ်တောက်တာမျိုး မဟုတ်ပါဘူး။

"ဒါတွေကို ဘယ်သူပိုင်လဲဆိုတာ ကျွန်မ မသိဘူး" လို့ ဘက်သ်က ဝန်ခံလိုက်တယ်။

"ဒါပေမဲ့ ရွှေရောင်လမ်းမကြီး ခေတ်တုန်းကတော့ သူတို့ မရှိခဲ့တာ သေချာသလို၊ သူတို့က ကွင်းစ်နယ်မြေ ကလည်း သေချာပေါက် မဟုတ်ဘူး"

သူမ ပြောတာသာ မှန်မယ်ဆိုရင် သူတို့ တွေးလို့ရတဲ့ ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိပါတော့တယ်။

"ပင်လယ်ရပ်ခြားက လာတာလား" လို့ လူကြီးတစ်ယောက်က မေးလိုက်တယ်။

ဘက်သ်အနေနဲ့ သူတို့ရဲ့ ခန့်မှန်းချက်ကို အတည်လည်း မပြုနိုင်သလို ငြင်းလည်း မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ ဂြိုဟ်သားလို ထူးဆန်းနေတဲ့ မြင်းမပါတဲ့ ရထားတွေကို ကြည့်ရင်တော့ ဒါဟာ တစ်ခုတည်းသော ဖြစ်နိုင်ခြေပါပဲ။

ကျန်တဲ့ လူကြီးပိုင်းတွေကတော့ မော်တော်ကားတွေကို စူးစမ်းချင်စိတ် ရှိပေမဲ့ သတိထားပြီး ကြည့်နေကြတယ်။ အဲဒါက ယာဉ်တွေအနားကို ပျော်ပျော်ပါးပါး ချဉ်းကပ်နေတဲ့ ကလေးတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။

"ဟေးး... ဘယ်သူရှိလဲ"

"ငါတို့ကို လာကူညီတာလား"

ကလေးတွေက ကမ်ပါဗန် မော်တော်ကားကို ဝိုင်းအုံနေတုန်းမှာပဲ တံခါးကနေ ဟိန်းထွက်လာတဲ့ ကလစ် ဆိုတဲ့ အသံကြီးကြောင့် ကလေးတွေ လန့်သွားကြတယ်။

သူတို့အားလုံး တံခါးဝကနေ တဖြည်းဖြည်း နောက်ဆုတ်ပေးလိုက်ကြပြီး အထဲက လူတွေ အပြင်ကို ထွက်လာတာကို စောင့်ကြည့်နေကြတယ်။

"အာ... နောက်ဆုံးတော့ ရောက်ပြီဟေ့၊ သခင် ရော" လို့ ဂျာကူ က သူ့ခန္ဓာကိုယ်ကို အကြောဆန့်ရင်း ပြောလိုက်တယ်။

မိုက်ကယ် ပျောက်သွားကတည်းက သူ့နောက်ကို အမီလိုက်ဖို့အတွက် လမ်းမှာ တစ်ခဏလေးတောင် မနားဘဲ ဆက်တိုက် ခရီးနှင်လာခဲ့ရတာပါ။

"ငါတို့ ဘယ်ရောက်နေတာလဲ၊ ဒါ အော်ကပ်စ်မြို့ လား" လို့ ရှီနာ က ပတ်ဝန်းကျင်ကို စစ်ဆေးရင်း မေးလိုက်တယ်။ သူမက ဒီနေရာက ဒီလောက်အထိ... ပျက်စီးနေမယ်လို့ မထင်ထားခဲ့ပါဘူး။

"ဟို... ငါတို့ကို ကြည့်နေတဲ့လူတွေ ရှိတယ်" လို့ ယူမီစု က တိုးတိုးလေး ရေရွတ်ပြီး ဂျာကူ ရဲ့ နောက်မှာ ရှက်ကိုးရှက်ကန်းနဲ့ သွားပုန်းနေတယ်။

ကလေးတွေက ဒရာဂွန်ဘွန်းတွေရဲ့ ခန့်ညားတဲ့ အကြေးခွံတွေနဲ့ ဦးခေါင်းပေါ်က ကွေးညွှတ်နေတဲ့ ဦးချိုတွေကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြတယ်။ သူတို့တွေ ဒီလောက် ခန့်ညားတဲ့ လူတစ်ပိုင်းသတ္တဝါတွေကို တစ်ခါမှ မမြင်ဖူးကြဘူးလေ။

"တကယ်ကို မိုက်တာပဲ"

"ဦးလေး... ဦးလေးက ဘာကြီးလဲ"

ကလေးတစ်ယောက်က အနီရောင်အကြေးခွံတွေရှိတဲ့ ဇိုင်ယွန် အနားကို ချဉ်းကပ်သွားပြီး အားကျတဲ့ အကြည့်တွေနဲ့ မော့ကြည့်လိုက်တယ်။

"အို... ဝိုး၊ ငါလား၊ ငါက တန်ခိုးကြီးတဲ့ ဒရာဂွန်ဘွန်း တစ်ယောက်လေ" လို့ ဇိုင်ယွန် က ပြောရင်း သူ့ရဲ့ ကြွက်သားတွေကို ပြသလိုက်ပြီး ကလေးတွေအတွက် လေထဲကို လက်ဝှေ့ အချက်အချို့ ထိုးပြလိုက်တယ်။ ကောင်လေးက လက်ဝှေ့ထိုးပြလိုက်တဲ့ အချက်တိုင်းမှာ ကလေးတွေက သဘောကျလွန်းလို့ အော်ဟစ်အားပေးနေကြတာပေါ့။

တစ်ဖက်မှာတော့ ဘက်သ်နဲ့ ကျန်တဲ့ လူကြီးတွေက ဒရာဂွန်ဘွန်းတွေကို ကြည့်ပြီး နာမည်ကျော် နဂါးမျိုးနွယ်ဝင်တွေနဲ့ တူနေတာကို သတိထားမိလိုက်တယ်။ အထူးသဖြင့် အကြေးခွံတွေနဲ့ ဦးခေါင်းပေါ်က နဂါးပုံစံ အမောက်တွေကြောင့်ပေါ့။

သူတို့တွေ ကောက်ချက်ချနိုင်တာ တစ်ခုပဲ ရှိပါတော့တယ်။

သူတို့ ပင်လယ်ရပ်ခြားကနေ လာတာပဲ ဖြစ်ရမယ်။

* * * * * * * * *

All Chapters